← Chapters

ထူးဆန်းသော သတ္တဝါ

Vol. 22 Ch. 299

ထူးဆန်းသော သတ္တဝါ

Vol. 22 Ch. 299

“အမွှေးဖြူလင်းနို့နှစ်ကောင်ရဲ့ စကားအရ လိုလန်ရွှေနန်းတော်က အဆင့်မြင့်မှော်ဆရာအတော်များများ ရောက်နေကြပုံပဲ။ ငါ သတိနဲ့နေမှဖြစ်မယ်”

ချင်မူ့အမူအရာ လေးနက်သွားပြီး အခြေအနေမကောင်းလျှင် ဓား,အလွယ်ထုတ်နိုင်အောင် ကျောတွင် ပိုးထားသည့် ထောင်ကျယ်အိတ်ကို ခပ်ဟဟ ဖွင့်ထားလိုက်သည်။

“ဂိုဏ်းသခင်၊ စောစောက လင်းနို့ကြီးက သိပ်သန်မာတာပဲ‌နော်” နဂါးချီလင်က ကောင်းကင်တွင် ပျံဝဲနေသော ကျောက်တုံးကြီးများ တိမ်းရှောင်၍ လျှောက်နေရင်း ပြောသည်။ “သူတို့ခွန်အားက ကျွန်တော့်အောက် မလျော့ဘူး။ ပြီးတော့ ရှေးလည်းကျတယ်”

ချင်မူက ဘေးဘီဝဲယာကို ကြည့်ပြီးနောက် အသံနှိမ့်ကာ ပြောလိုက်သည်။ “သူတို့က နတ်ဘုရားမျိုးဆက် မဟုတ်ရင် မိစ္ဆာမျိုးဆက်ဖြစ်လိမ့်မယ်။ သူတို့ခွန်အားက မင်းအောက် မလျော့ဘူးဆိုတာကတော့ မင်း ကြွားလိုက်တာပဲ။ မင်းလိုကောင် ဆယ်ကောင်ဆိုရင်တောင်မှ အဲဒီလင်းနို့နှစ်ကောင်ကို မနိုင်ဘူး။ သူတို့အရှိန်အဝါက သိပ်အားကောင်းလွန်းတယ်”

နဂါးချီလင်က လက်မခံနိုင်ဘဲ မကျေမနပ် ပြောသည်။ “ကျွန်တော်က ငယ်သေးလို့ပါ။ အရွယ်ရောက်တာနဲ့ သူတို့ဆယ်ကောင်ပေါင်းတောင် ကျွန်တော့်ကို နိုင်မှာမဟုတ်ဘူး။ ကျွန်တော်က သိပ်အသုံးကျပါတယ်”

စည်ပိုင်းကြီးလို ဝပြဲနေသော်လည်း ကြွားချင်နေသေးသော နဂါးချီလင်ကို ချင်မူ လျစ်လျူရှုလိုက်သည်။ သူက တွေးကြည့်ပြီး မေးလိုက်၏။ “ထူးဆန်းတယ်၊ မဟာမြို့ပျက်ထဲမှာ အမွှေးဖြူလင်းနို့လို သတ္တဝါတွေ ဘာကြောင့်ကျန်နေသေးတာပါလိမ့်။ ကပ်ဘေးကြီးမတိုင်ခင်က လင်းနို့နတ်ဘုရားမျိုးဆက်တွေများလား။ နတ်ဘုရားမျိုးဆက်နဲ့ မိစ္ဆာမျိုးဆက်တွေက ကပ်ဘေးကို ကျော်လွှားခဲ့နိုင်ခဲ့တာလား”

မဟာမြို့ပျက်တွင် လူသားများကို ကြည့်ရှုဆောင်မပေးသော နတ်ဘုရားများအဖြစ် ပူဇော်ကိုးကွယ်ကြသည့် လင်းနို့နတ်ဘုရားကျောင်းပျက်များ ရှိ၏။

တစ်ခါတုန်းက နယ်စပ်နဂါးမြို့တော်တွင် လင်းနို့နတ်ဘုရားရုပ်တုတစ်ရုပ်ကို သူ မြင်ခဲ့ဖူးသည်။ ထိုရုပ်တုက လင်းနို့ခေါင်း၊ လူကိုယ်ရှိပြီး လက်နှစ်ဖက်အောက်မှ တောင်ပံကြီးများ ပေါက်နေသည်။ ထိုလင်းနို့နတ်ဘုရား၏ပုံစံက ဤအမွှေးဖြူလင်းနို့နှစ်ကောင်နှင့် အတန်ငယ်ဆင်သော်လည်း ဤနှစ်ကောင်က ပိုမိုရှေးကျသည်။ လင်းနို့ခေါင်းနှင့် တောင်ပံများကြောင့်သာမဟုတ်လျှင် လင်းနို့နတ်ဘုရားက လူတစ်ယောက်နှင့် တူလေသည်။

အမွှေးဖြူလင်းနို့နှစ်ကောင်သည် ကပ်ဘေးကြီးမတိုင်ခင်က လင်းနို့နတ်ဘုရား၏မျိုးဆက်များ ဖြစ်လျှင် မဟာမြို့ပျက်၏ တခြားနေရာများတွင်လည်း နတ်ဘုရားမျိုးဆက်၊ မိစ္ဆာမျိုးဆက်များ ရှိနေနိုင်သည်လော...

သို့သော် မဟာမြို့ပျက်တွင် ထိုကဲ့သို့သတ္တဝါတစ်ကောင်မှ ချင်မူ မမြင်ခဲ့ဖူးပေ။ သူက တစ်ခုတွေးမိသွား၍ မေးလိုက်သည်။ “ဖက်တီးနဂါး ဂိုဏ်းချုပ်နဲ့ မတွေ့ခင်တုန်းက မင်း ဘယ်မှာနေတာလဲ”

“မဟာမြို့ပျက်” နဂါးချီလင်က အတိတ်ကို  သတိရသွားပြီး လွမ်းဆွေးစွာ ပြောသည်။ “ကျွန်တော် မွေးပြီး သိပ်မကြာခင်မှာပဲ ကျွန်တော့်အမေ ပျောက်သွားတယ်။ အဲ့ဒါနဲ့ အစာရေစာငတ်ပြတ်ပြီး သေတော့မယ့်ဆဲဆဲ ဂိုဏ်းချုပ်နဲ့ တွေ့ခဲ့တာ။ ဂိုဏ်းချုပ်က တော်‌တော်ချောချောပဲ။ ကျွန်တော့်ကို စွမ်းအင်ဆေးလုံးလေးတစ်လုံးနဲ့ မျှားခေါ်ခဲ့တယ်လေ။ အဲဒီအစားလေးတစ်လုပ် မှားခဲ့လို့ အခုလိုဝမ်းနည်းနေရတာပေါ့”

ချင်မူ ရယ်ရခက်ငိုရခက်သွားသည်။ “ဂိုဏ်းချုပ်က မင်း ငတ်ပြတ်နေတာမြင်လို့ သနားပြီး စွမ်းအင်ဆေးလုံးတစ်လုံး ကျွေးခဲ့တာ အသိသာကြီးပါဟ။ မင်းက အရှက်မရှိဘဲ ဂိုဏ်းချုပ်ကို တောက်တဲ့လို တွယ်ကပ်နေခဲ့တာလေ။ ဒါပေမဲ့ စဉ်းစားကြည့် ဖက်တီးနဂါး၊ မင်းကိုလည်း နတ်ဘုရားမျိုးဆက်လို့ ပြောလို့ရတယ်မလား။ ကပ်ဘေးကြီးမတိုင်ခင်က နတ်ဘုရားမျိုးဆက်တွေက ဒီနေ့ မဟာမြို့ပျက်ရဲ့ ဆန်းကြယ်သားရဲတွေ ဖြစ်လာခဲ့တာများလား”

ချင်မူ့အမူအရာ တစ်မျိုးတစ်မည်ဖြစ်နေသည်။ မဟာမြို့ပျက်သည် နတ်ဘုရားများနှင့် လူသားများ အတူယှဉ်တွဲနေထိုင်ပြီး တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် တိုးတက်စည်ကားခဲ့သော ခေတ်တစ်ခေတ် ဖြစ်ခဲ့လိမ့်မည်။ ထို့နောက် ကပ်ဘေးကြီး ကျရောက်လာ၍ နတ်ဘုရားများ မျိုးသုဉ်းသွားခဲ့ကာ သူတို့၏မျိုးဆက်များကလည်း လက်ရှိဆန်းကြယ်သားရဲများအဖြစ် ဖြည်းဖြည်းချင်း အသွင်ပြောင်းသွားကြခြင်းဖြစ်မည်။

ဤခန့်မှန်းချက်က အံ့အားသင့်ဖွယ်ကောင်းသော်လည်း မဖြစ်နိုင်သည့်အရာ‌တော့ မဟုတ်ပေ။

ရှေ့တူရူမှ တောင်ကြားချိုင့်ဝှမ်းထဲရှိ ‌တောင်စောင်းနံရံနှစ်ဖက်ပေါ်တွင် သစ်ပင်များ ထူထဲအုပ်စိုင်းနေသည်။ တောင်စောင်းနံရံများအပေါ်တွင် တောအုပ်များ ပေါက်ရောက်နေပြီး ကျောက်တုံးများ လေပေါ်ပျံဝဲနေသည့်ဖြစ်ရပ်က ဤနေရာတွင် မြေဆွဲအားပြောင်းလဲနေကြောင်း သက်သေထူသည်။

ရုတ်တရက် ထောင်ကျယ်အိတ်ထဲမှ တစ်စုံတစ်ခု လှုပ်ရွလာသည်ကို ချင်မူ ခံစားလိုက်၍ ရင်ထဲလှုပ်ခတ်သွားသည်။ ထောင်ကျယ်အိတ်ကို ဖွင့်လိုက်သည့်အခါ တဝှမ်ဝှမ် မြည်လျက် အသာအယာတုန်ခါနေသော ရွှင်ပျော်ပျော်ဓားကို တွေ့လိုက်ရ၏။

ချင်မူ၏ချီစွမ်းအင်က ဓားထဲ ဝင်ရောက်သွားပြီး ဓားကို အပြင်ထုတ်လိုက်သည်။

ရွှင်ပျော်ပျော်ဓားကို အမေဓားအဖြစ် အသုံးပြု၍ ဓားစက်လုံးသွန်းလုပ်ရန် ကြံထားသည့်အတွက် ဓားအိမ်မလုပ်ရသေးပေ။ သို့သော် တစ်ချိန်လုံး ကိုင်ထားဖို့က သက်‌တောင့်သက်သာ မရှိ၍ ရွှင်ပျော်ပျော်ဓားအား ရှေးဟောင်းသစ်ပင်တစ်ပင်၏ သစ်ကိုင်းတစ်ကိုင်းက ခုတ်ဖြတ်စေလိုက်သည်။

“မာလှချည်လား”

ချင်မူက ချီစွမ်းအင်ဖြင့် သစ်ကိုင်းကို နှစ်ခြမ်းခွဲရန် ကြိုးစားကြည့်သော်လည်း မလုပ်နိုင်ရာ အံဩတကြီး စုတ်သပ်လိုက်မိသည်။ ဤသစ်သား၏ အရည်အသွေးက မဟူရာသံနက်နှင့် ယှဉ်နိုင်၏။

သူက ရွှင်ပျော်ပျော်ဓားဖြင့် သစ်ကိုင်းကို အချောသပ်၍ သစ်သားဓားအိမ်တစ်ခု လုပ်လိုက်သည်။ ဓားက တုန်ခါနေ‌သေးသော်လည်း မသိသာတော့ပေ။

‘လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က အပြင်အာကာသကနေ ကျလာတာ ဓားကျိုးနဲ့ နတ်သတ္ထုပဲ မဟုတ်ဘူးထင်တယ်။ ရွှင်ပျော်ပျော်ဓားနဲ့ ဆက်သွယ်နေတဲ့ နောက်ပစ္စည်းတစ်ခု ရှိဦးမယ်’

လိုလန်ရွှေနန်း‌တော်မှလူများက တစ္ဆေတောင်ကြားသို့ ကြိုရောက်နေသည်ဖြစ်၍ ထိုပစ္စည်းကို သူ့ထက်အလျဉ် ရှာတွေ့သွားမည်လော။

ချင်မူနှင့် နဂါးချီလင် တောင်ကြားချိုင့်ဝှမ်း၏ အဆုံးသို့ ရောက်သောအခါ အရှေ့ဧရိယာမှာ ရုတ်ခြည်း ကျယ်ပြန့်သွားသည်။ ချင်မူက ကရောသောပါး မဝင်သွားဘဲ ပတ်ဝန်းကျင်ကို သတိဖြင့် အကဲခတ်ရင်း ဝင်လိုက်သည်။ တောင်ကြားချိုင့်ဝှမ်း၏ ဘေးအဆုံးနှစ်ဖက်တွင် တောင်သားနံရံထဲ ထွင်းထားသော ကျောက်ရုပ်တုကြီးနှစ်ရုပ် ရှိသည်။ ဤကျောက်ရုပ်တုကြီးများသည် တောင်တန်းတမျှ မြင့်မား၏။

ကျောက်ရုပ်တုကြီးများ၏ အမူအရာက တည်ကြည်လေးနက်ပြီး ခံညားထည်ဝါသည်။ သူတို့၏အကြည့်များသည် စူးရှနက်ရှိုင်း၏။ ကျောက်ရုပ်တုကြီးများက ဓားကို ရှေ့စိုက်လျက် မားမားမတ်မတ် ရပ်နေခြင်းဖြစ်သည်။

အပေါ်မှ ရေသံများ ကြားရသည်။ ကျောက်ရုပ်တုကြီးနှစ်ရုပ်၏ ပခုံးထက်မှ တဝုန်းဝုန်း စီးကျနေသော ရေတံခွန်တို့၏ အော်မြည်သံ ဖြစ်၏။ ရေတံခွန်များက ကိုက်ပေါင်းသုံးထောင်အမြင့်မှ ရုပ်တုကြီးများ၏ လက်ပေါ်သို့ အရှိန်အဟုန်ပြင်းပြင်း ကျဆင်းသွားပြီးနောက် ဓားကောက်ကြောင်းတစ်လျှောက် ဆက်လက်စီးဆင်းကာ အောက်တွင် မြစ်တစ်စင်းစီဖြစ်လာသည်။

မြစ်နှစ်စင်းသည် ရုပ်တုကြီးများ၏ ခြေထောက်အောက်မှ မြစ်ဖျားခံ၍ နဂါးနှစ်ကောင်ပမာ တောအုပ်ထဲ  စီးဆင်းသွားပြီး တောင်ကြား၏အလယ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

ရုပ်တုနှစ်ရုပ်တွင် လင်းနို့ခေါင်းနှင့် လူကိုယ် ရှိသည်။ သူတို့ကား လင်းနို့နတ်ဘုရားများ ဖြစ်ကြ၏။

‘တစ္ဆေတောင်ကြားကို စောင့်ရှောက်နေတဲ့ လင်းနို့နတ်ဘုရားနှစ်ပါး။ ဒီလင်းနို့နတ်ဘုရားရုပ်တုတွေနဲ့ စောစောက အမွှေးဖြူလင်းနို့တွေက ဘယ်လိုပတ်သက်နေတာပါလိမ့်’

ချင်မူက အ‌‌ဝေးသို့ လှမ်းကြည့်လိုက်သည်။ ‘ဒီမြစ်နှစ်စင်းက မြေကြီးထဲ စီးဝင်သွားတာလား။ စိမ်းပြာရောင်ကောင်းကင်မျက်လုံး နိုးထ’

ချင်မူ၏သူငယ်အိမ်တွင် အလွှာနောက်တစ်ထပ်ပေါ်လာပြီး မြစ်နှစ်စင်း ပျောက်ကွယ်သွားသည့် နေရာအား လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ခုက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသဖြင့် ချင်မူ မျက်မှောင်ကြုတ်သွား၏။ အဝေးကို သူ ရှင်းလင်းစွာ မမြင်ရပေ။

“အနီရောင်ကောင်းကင်မျက်လုံး နိုးထ”

ချင်မူ ချီစွမ်းအင်ကို စုစည်းပြီး အနီရောင်‌ကောင်းကင်မျက်လုံး၏ သင်္ကေတအမှတ်အသားများအား တည်ဆောက်လိုက်၍ သူ၏သူငယ်အိမ်ထဲတွင် ခပ်ဝိုင်းဝိုင်း အနီရောင်အမှတ်အသားတစ်ခု ဖွဲ့တည်လာ၏။ သူငယ်အိမ်၏ တတိယအလွှာက အစိမ်းရောင်‌ကောင်းကင်မျက်လုံး၏ အစိမ်းရောင် ဖြစ်ပြီး ဒုတိယအလွှာက စိမ်းပြာရောင်ကောင်းကင်မျက်လုံး၏ စိမ်းပြာရောင် ဖြစ်နေသည်။ ပထမအလွှာကတော့ အဖြူရောင်အလင်းဖြင့် ဖွဲ့တည်နေသော ကောင်းကင်မျက်လုံးဖြစ်သည်။ အလွှာသုံးထပ်၏ အလယ်တွင်မူ သူငယ်အိမ် ရှိသည်။

ဘိုးဘိုးမျက်ကန်းက ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို သင်ကြားပေးခဲ့၍ တတ်မြောက်ထားသော်လည်း သူ၏ကျင့်စဉ်စွမ်းအင်ဖြင့် အနီရောင်ကောင်းကင်မျက်လုံးအထိသာ နိုးထစေနိုင်သည်။ ကောင်းကင်မျက်လုံးများက သူ့ကို အလွန်အားကုန်စေသည့်အတွက် ဤကျင့်စဉ်ကို သူ နေ့တိုင်းမသုံးပေ။

သာမန်အခြေအနေဆိုလျှင် အစိမ်းရောင်ကောင်းကင်မျက်လုံးနှင့်တင် လုံလောက်၍ စိမ်းပြာရောင်ကောင်းကင်မျက်လုံးနှင့် အနီရောင်ကောင်းကင်မျက်လုံးကို နှိုးရန် မလိုပေ။

သို့သော် အနီရောင်ကောင်းကင်မျက်လုံးဖြင့်ပင် မြစ်နှစ်စင်း ပျောက်ကွယ်သွားသောနေရာအား သူ မမြင်ရသေးပေ။

“အမလေး..”

အရှေ့တောအုပ်ထဲတွင် အလောင်းများကို မြင်လိုက်ရ၍ ချင်မူ ထိတ်လန့်သွားသည်။ အလောင်းများက လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာများ ဖြစ်ကြ၏။ တစ်လောင်းနှင့် တစ်လောင်း သိပ်မလှမ်းသော်လည်း တချို့အလောင်းများက မကြာသေးမီကမှ သေဆုံးသွားသည့်အလား လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ ကျန်အလောင်းများကမူ အဝတ်အစားများ အကောင်းအတိုင်း ရှိသေးသော်လည်း  အရိုးများမှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံး ပုပ်သိုးအရည်ပျော်သွားပြီ ဖြစ်သည်။

ချင်မူ့အကြည့်က တောအုပ်အတွင်းထဲ ထိုးဖောက်သွားပြီး အလောင်းများကို ထပ်မြင်လိုက်ရသည်။ ထိုအလောင်းများက ကံဆိုးမိုးမှောင်ကျ၍ ထူးဆန်းစွာ သေဆုံးခဲ့ရကြောင်း ထင်ရှားသည်။

အလောင်းတစ်လောင်းဘေးတွင် တစ်စုံတစ်ခု ရွေ့လျားနေပြီး ဖျတ်ခနဲ ပျောက်သွားသည်ကို သူ၏ အနီရောင်ကောင်းကင်မျက်လုံးဖြင့် လျှပ်တပြက် မြင်လိုက်ရ၏။ ကောင်းကင်မျက်လုံးမှာ အားပြင်းတစ်ရပ်၏ ဝင်တိုက်မှုကြောင့် တစ်လွှာပြီးတစ်လွှာ ပြန်ပိတ်သွားသည်။

ချင်မူ မူးဝေသွား၏။ သူ့ခေါင်းထဲတွင် စူးစူးဝါးဝါးအော်သံများ မြည်နေပြီး သူ့ဝိညာဉ်ကို စုတ်ဖြဲနေသကဲ့သို့ ခံစားလိုက်ရသည်။

ကံကောင်းထောက်မ၍ မူလဝိညာဉ်ကို အစပျိုးဖွဲ့တည်ထားခဲ့၍ ဤတိုက်ခိုက်မှုကို တောင့်ခံနိုင်သွား၏။

သို့ရာတွင် သူ့ကို တိုက်ခိုက်ခဲ့သောအရာအား မမြင်ခဲ့ရပေ။

“ဉုံ အမိဒေဝ ဇေ”

ခေါင်းထဲရှိ စူးစူးဝါးဝါး အော်ဟစ်သံများက ကျယ်သထက် ကျယ်လာ၍ ချင်မူ တထာဂတ၏ မဟာယနသုတ္တန်ကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။ ဗုဒ္ဓရောင်ခြည်တော်များက သူ၏ပတ်ပတ်လည်တွင် ကွန့်မြူးတောက်ပလာပြီး ကောင်းကင်ဘုံခြောက်ဆင့်၏ နတ်ဘုရားများနှင့် ဗုဒ္ဓများက ဘုရားစာများ ပြိုင်တူရွတ်ဖတ်သရဇ္ဇာယ်လျက် သူ့အနောက်၌ ထွက်ပေါ်လာကြသည်။ ‌ဗုဒ္ဓတရားသံက သူ့ဝိညာဉ်ကို တိုက်ခိုက်နေသော မကောင်းဆိုးဝါးအော်သံများအား ချက်ချင်း ဖယ်ရှားနှိမ်နင်းလိုက်၏။

သူ့ခြေထောက်အောက်ရှိ မြေကြီးမှ ညှီဟောက်ဟောက် အစိမ်းရောင်အငွေ့များ မြောက်တက်လာသည်။ ချင်မူ လက်နှစ်ဖက်လုံးဖြင့် အရှေ့ရှိ ဟင်းလင်းပြင်ကို သိုင်းဖက်လိုက်သည်။ သူ၏ချီစွမ်းအင်က အစိမ်းရောင်ဗောဓိပင်တစ်ပင်အသွင်ဖြင့် မိုးပေါ်မှ သက်ဆင်းလာပြီး သူ့အရှေ့ရှိ မြေကြီးပေါ် ဝုန်းခနဲ ကျလာ၏။ သစ်ကိုင်းခက်များ၊ သစ်မြစ်များက မြေကြီးထဲ ထိုးဖောက်ဝင်ရောက်သွားကြသည်။

မြေကြီးအောက်မှ စူးစူးဝါးဝါးအော်သံများ ထွက်လာပြီး အကောင်တစ်ကောင် ထွက်ပြေးနေသည့်အလား ချင်မူ့အရှေ့ရှိ မြေကြီးမှာ လှိုင်းလုံးပမာ မို့တက်လိမ့်ဆင်းသွားသည်။ သစ်ပင်ကြီးအောက်မှ ထိုသတ္တဝါ ဖြတ်သွားသောအခါ သစ်ပင်တစ်ပင်လုံး တရှဲရှဲ လှုပ်ခတ်ယိမ်းထိုးသွား၏။

“ငါ့ရဲ့ ဗောဓိသဟကောင်းကင်နတ်သိုင်းကတောင် ဒီသတ္တဝါကို မသတ်နိုင်ဘူးလား”

ချင်မူက မာန်သွင်းလိုက်ရာ သူ၏ခန္ဓာကိုယ်က ကျောက်စိမ်းသဖွယ် ကြည်လဲ့လာသည်။ သူ့နောက်ကျောတွင် ဗောဓိညောင်ပင်တစ်ပင် ပေါ်လာပြီး သူ၏အသွင်က ဗောဓိပင်အောက်၌ တရားအားထုတ်နေသော နွားခေါင်းဗုဒ္ဓတစ်ပါးနှင့် တူနေသည်။

မဟာမိုးခြိမ်းသံကျောင်းတော်မှာတုန်းက တထာဂတ၏ မဟာယနသုတ္တန်မှ ကျင့်စဉ်ကိုသာ သူ သင်ယူခဲ့ရသည်။ ကောင်းကင်နတ်သိုင်းများအား မလေ့လာခဲ့ရပေ။ သို့သော် သူ့အတွက် ကျင့်စဉ်ကို သင်ယူခွင့်ရခြင်းက ကောင်းကင်နတ်သိုင်းဖန်တီးရန် လုံလောက်၏။

မဟာယနသုတ္တန်၏ ကောင်းကင်နတ်သိုင်းများက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်တွင် ပါဝင်၏။ မိုးကြိုးရှစ်ချက်လက်သီးသိုင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိုးကြိုးရှစ်ချက်လက်သီးသိုင်းက ဆယ့်ကိုးဘုံမြောက် သိကြားဘုံမှ ကောင်းကင်နတ်သိုင်းတစ်ကွက် ဖြစ်၍ ဘုံနှစ်ဆယ်မြောက် ဗြဟ္မာဘုံအဆင့် ကောင်းကင်နတ်သိုင်းများအောက်သာ နိမ့်ကျသော ထိပ်တန်းကောင်းကင်နတ်သိုင်းတစ်ကွက်အဖြစ် သတ်မှတ်နိုင်သည်။

ဗောဓိသဟကောင်းကင်နတ်သိုင်းက ဗောဓိဝန္ဒကဒေဝတာဘုံမှ ဆင်းသက်လာသည်။ ဗောဓိဝန္ဒကဒေဝတာဘုံက အပေါ်မှ ရေတွက်လျှင် ဆယ့်လေးထပ်မြောက်ဖြစ်ပြီး အောက်မှ ရေတွက်လျှင် ခုနစ်ထပ်မြောက်ဘုံ ဖြစ်၏။

တထာဂတ၏ မဟာယနသုတ္တန်က ချင်မူ အသားပေးကျင့်သော ကျင့်စဉ်မဟုတ်သော်လည်း မလေ့ကျင်ဘဲ မနေခဲ့ပေ။

ယခု သူ ထုတ်သုံးနေသည်က ‌ဗောဓိသဟဗုဒ္ဓ၏ အစစ်အမှန် ရုပ်ခန္ဓာတော်ဖြစ်သည်။ သူက ဗုဒ္ဓသဘာဝဖြင့် မြေကြီးအောက်ရှိ ထူးဆန်းသော သတ္တဝါကို ဖိနှိပ်ကာ အနားကပ်မလာအောင် ဟန့်တားနေသည်။

ထူးဆန်းသောသတ္တဝါက အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ဟိုနေရာတွင် ပေါ်လာလိုက်၊ သည်နေရာတွင် ပေါ်လာလိုက် ဖြစ်နေသည်။ ထို့အပြင် ထူးဆန်းသည်က ထိုသတ္တဝါသည် ကွဲထွက်သွားလိုက်၊ ပြန်စုသွားလိုက် ဖြစ်နေကြောင်း ချင်မူ ခံစားရ၏။ တစ်ခါတရံ သစ်ပင်အတွင်း ထိုးဖောက်သွားတတ်ပြီး အလောင်းများ၏အထဲလည်း ဝင်သွားတတ်သည်။

“ဘာကောင်ကြီးတုန်းဟ”

ဤအခိုက်အတန့်တွင် အသက်ငွေ့နှစ်ငွေ့က အနောက်မှ ချဉ်းကပ်လာ၍ ချင်မူ့ကျောနောက်ရှိ ရွှင်ပျော်ပျော်ဓားက ဓားအိမ်မှ ထွက်သွားပြီး ဝှေ့ယမ်းဓားချက်ကို ထုတ်ဖော်လိုက်သည်။

အသက်ငွေ့နှစ်ငွေ့က ကွေ့ဝိုက်ကာဖြင့် ဘေးနှစ်ဖက်မှ သူ့ဆီ ပျံဝင်လာသည်။ အမွှေးဖြူလင်းနို့နှစ်ကောင် ဖြစ်နေ၏။

လင်းနို့နှစ်ကောင်က လူခွဲ၍ ကျောက်ရုပ်တုကြီးနှစ်ရုပ်အပေါ် နားလိုက်ကြသည်။ နှစ်ကောင်သား ကျောက်ရုပ်တုကြီးများ၏ နှုတ်သီးဖျားတွင် တွဲလွဲခိုနေပြီး အမွှေးဖြူလင်းနို့တစ်ကောင်က ညစ်ကျယ်ကျယ် ရယ်လိုက်သည်။ “ငတုံးနွားကတော့ အနောက်က‌နေ စစ်တပ်ကြီးချီတက်လာနေတာ မသိရှာဘူး။ အဆင့်မြင့်သိုင်းပညာရှင်တွေ ဝင်လာနေပြီ...”

“တိုးတိုးပြောဟ” အမွှေးဖြူလင်းနို့နောက်တစ်ကောင်က လှမ်းအော်သည်။ “သူ့ကို သတိပေးသလို ဖြစ်နေပြီ”

‘စစ်တပ်ကြီးတဲ့လော။ အဆင့်မြင့်သိုင်းပညာရှင်တွေတဲ့လော’

ချင်မူ အံ့အားသင့်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သည်များ ဝင်ရောက်လာခြင်းတော့ မဟုတ်နိုင်။ ချင်းမန်တံခါးတွင် စစ်အင်အားတောင့်တင်းသော်လည်း တစ္ဆေ‌တောင်ကြားသို့ ပို့လွှတ်ဖို့ စစ်သည်အပိုမရှိပေ။

‘မန်သီလူရိုင်းနယ်မြေက စစ်သည်တွေပဲ ဖြစ်ရမယ်’

ချင်မူ တွန့်ဆုတ်မနေတော့ဘဲ တစ္ဆေတောင်ကြားကို ဦးတည်၍ တောအုပ်ထဲ ပြေးဝင်လိုက်သည်။

မန်သီလူရိုင်းနယ်မြေနှင့် ထိပ်တိုက်တွေ့ခြင်းသည် သေခြင်းကို ဖိတ်ခေါ်ခြင်းပင် ဖြစ်၏။ လူရိုင်းမျိုးနွယ်စစ်သည်များက ရိုင်းစိုင်းကြမ်းတမ်းပြီး ခွန်အားဗလကြီးသည်။ စစ်သည်အချင်းချင်း ပူးပေါင်းတိုက်ခိုက်မှုက အလွန်စည်းလုံးသည်သာမက တိုက်ကွက်ဝင်္ကပါအခင်းအကျင်းကိုလည်း ပိုင်နိုင်ကြသည်။ ချင်မူ ပါမောက္ခပါ့ရှန်နှင့် လိုလန်ရွှေနန်းတော်သို့ လိုက်သွားတုန်းက မြက်ခင်းလွင်ပြင်၏ စစ်သည်များကို ဆုံတွေ့ခဲ့ပြီး သူတို့၏ အားကောင်းပြင်းထန်သော သိုင်းကွက်စွမ်းရည်များကို မြင်တွေ့ခဲ့ရသည်။ စစ်သည်အင်အားရှစ်ရာက ပါမောက္ခပါ့ရှန်ကဲ့သို့ ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်တစ်ဦးကို ယှဉ်တိုက်နိုင်၏။

လင်းနို့များ၏စကားကို ကြားသည်နှင့် ချင်မူမှာ မန်သီလူရိုင်းနယ်မြေမှ အဆင့်မြင့်သိုင်းပညာရှင်များကို ရှောင်ပြေးရတော့သည်။

“နွားငတုံးတော့ သေတော့မယ်” ရုပ်တု၏နှုတ်သီးဖျား၌ တွဲလွဲခိုနေသော လင်းနို့နှစ်ကောင်က တစ်ပြိုင်တည်း ရယ်ကြသည်။ “လဲလိုက်စမ်း လဲလိုက်စမ်း”

ဗုဒ္ဓရောင်ခြည်တော်များက ချင်မူနှင့် နဂါးချီလင်ကို ရစ်ပတ်လွှမ်းခြုံကာ ကာကွယ်ပေးထား၍ ချင်မူ ချော်မလဲပေ။

လင်းနို့နှစ်ကောင်မှာ အားမလိုအားမရဖြစ်လာပြီး တစ်ကောင်က နှုတ်သီးဖျားမှ ပျံဆင်းလာသည်။ သူက သစ်ကိုင်းတစ်ကိုင်းကို ခို၍ ချင်မူအရှေ့တွင် တွဲလောင်းချလာကာ စိတ်ရှုပ်ထွေးစွာ မေးသည်။ “ဒီဟာတွေက မင်းကို ဘာလို့မတိုက်ခိုက်တာလဲ”

ချင်မူ ခေါင်းမော့ကြည့်လိုက်သည်။ “နောင်တော်၊ မြေကြီးအောက်မှာ ဘာရှိတာလဲ”

အမွှေးဖြူလင်းနို့က ဖြေတော့မည့်ဆဲဆဲမှာပင် မည်သည်ကိုမှ မပြောတော့ဘဲ လင်းနို့နတ်ဘုရားရုပ်တု၏ နှုတ်သီးဖျားဆီ ပျံသန်းသွားသည်။ မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များနှင့် အဆင့်မြင့်မှော်ဆရာများ တစ္ဆေတောင်ကြား၏အဝင်သို့ ဝင်လာကြသည်။

“မင်းသားပန်ကုန်းစုန် ကြွတော်မူပါ”

မှော်ဆရာဘုရင်တစ်ဦး ဦးညွှတ်အရိုအသေပေးလိုက်သည့်အခါ ပန်ကုန်းစုန်က အနောက်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ လျှပ်စီးသဖွယ် စူးရှသော သူ၏အကြည့်က တစ္ဆေတောင်‌ကြားကို အကဲခတ်လိုက်ပြီး နဂါးချီလင်၏ကျောပေါ် ထိုင်နေသော ချင်မူကို တွေ့မြင်သွား၏။ ပန်ကုန်းစုန်က အတန်ငယ်မှင်သက်သွားပြီး ပြုံးပြသည်။

“အရင်တစ်ခေါက် တွေ့ပြီးနောက်ပိုင်း ကျန်းကျန်းမာမာ ရှိတယ်မလား ဂိုဏ်းသခင်ချင်”

သူ့အသံက နူးညံ့ပြီး လူကြီးသံမပေါက်သော်လည်း ကျယ်လောင်ပြတ်သားပြီး သူ၏သိပ်သည်းသော ချီစွမ်းအင်ကို ထုတ်ဖော်ပြသနေသည်။

ချင်မူ သူ့အသံကြားလျှင် အတန်ငယ် ထိတ်လန့်သွား၏။ ‘သူ့ကျင့်ကြံနှုန်းက ငါ့ထက်တောင် မြန်တယ်ဟ။ နန်းစိုက်မြို့တော်အပြင်မှာ တစ်ပွဲတစ်လမ်း နွှဲခဲ့တုန်းက ငါနဲ့ အဆင့်တူဆိုပေမယ့် ကျင့်စဉ်စွမ်းအင်က ငါ့လောက် မသိပ်သည်းခဲ့ဘူး။ အခုတော့ မှီလာပြီ”

“ကျန်းကျန်းမာမာ ရှိပါတယ်” ချင်မူ တဟားဟား ရယ်မောကာဖြင့် ပြောလိုက်သည်။ “သိပ်ကို ကျန်းကျန်းမာမာ ရှိပါတယ်။ မင်းသားလေးလည်း ကျန်းကျန်းမာမာရှိပုံပဲ။ အဲဒီတုန်းက ဓားချက်တွေကြောင့် မင်းသား အပိုင်းပိုင်းပြတ်သေသွားမှာ စိုးနေတာ။ အခုလို အရှင်လတ်လတ်ကြီး တွေ့ရမှပဲ စိတ်အေးမိပါတယ်”

ပန်ကုန်းစုန်က ပြုံးသည်။ “ဂိုဏ်းသခင်ချင် စောစောကတော့ ကျန်းကျန်းမာမာ ရှိခဲ့လောက်ပေမယ့် အခုကစပြီး မကျန်းမာစေရတော့ဘူး”

မှော်ဆရာဘုရင်က ခေါင်းမော့၍ လင်းနို့နတ်ဘုရားရုပ်တုများကို လေ့လာပြီးနောက် ပြော၏။ “မင်းသား၊ အပေါ်မှာ လင်းနို့နှစ်ကောင် ရှိနေတယ်”

ပန်ကုန်းစုန်က အေးစက်စက် ပြောသည်။ “သတ်ပစ်လိုက်”

All Chapters