← Chapters

ဆန်းကြယ်သော တစ္ဆေတောင်ကြား

Vol. 22 Ch. 300

ဆန်းကြယ်သော တစ္ဆေတောင်ကြား

Vol. 22 Ch. 300

ပန်ကုန်းစုန် အမိန့်ပေးလိုက်သည်နှင့် မန်သီလူရိုင်းနယ်မြေ၏ သိုင်းပညာရှင်တို့က မည်သည်ကိုမျှမပြောဘဲ ဝိညာဉ်လက်နက်များကို ထုတ်လိုက်ကြသည်။ ဓားမစက်လုံးများက ရုတ်ခြည်း ဝေဟင်ထက်သို့ ပျံတက်သွားကြပြီး ဓားမရောင်များက လင်းနို့နတ်ဘုရားရုပ်တုနှစ်ရုပ်၏ နှုတ်သီးဖျားများဆီ ရေလှိုင်းအလျဉ်များပမာ ဖြာဆင်းသွားသည်။

ကောင်းကင်နတ်သိုင်းပညာရှင်များက ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့တည်နေရာယူလိုက်ကြကာ သိုင်းကွက်အာနိသင်ကို မြှင့်တင်လိုက်ကြသည်။ တစ်စည်းတစ်လုံးတည်း သိုင်းကွက်ထုတ်ဖော်နေကြသော မြင်ကွင်းကား ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။

မြက်ခင်းလွင်ပြင်တွင် ပါမောက္ခပါ့ရှန် စစ်သည်ရှစ်ရာကို တစ်ယောက်တည်း ခုခံရင်ဆိုင်ခဲ့တုန်းက သူ၏ကောင်းကင်နတ်သိုင်း ကောင်းကင်ဝိညာဉ်ကမ်းပါးက အကြိမ်ပေါင်းများစွာ ပြိုကွဲခဲ့ရသည်။ သို့သော် မြက်ခင်းလွင်ပြင်၏ စစ်သည်တချို့က ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ခဲ့၍ပင်။

ပန်ကုန်းစုန် ခေါ်လာသည့် သိုင်းပညာရှင်များက ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်သော်လည်း ကျင့်စဉ်စွမ်းရည်အမြင့်ဆုံးဆို၍ ကောင်းကင်နတ်အသွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့်အထိ ကျင့်ကြံပေါက်မြောက်ထားသော မှော်ဆရာဘုရင်‌လေးဦးသာ ရှိသည်။ ဤမှော်ဆရာဘုရင်လေးဦးက မလှုပ်ရှားသေးသည့်အတွက် သိုင်းပညာရှင်များ၏ ဝင်္ကပါစွမ်းအင်က ပြင်းထန်သည့်တိုင် ပါမောက္ခပါ့ရှန် ရင်ဆိုင်ခဲ့ရသော အင်အားနှင့် မယှဉ်နိုင်သေးပေ။

အမွှေးဖြူလင်းနို့နှစ်ကောင်က အလျင်အမြန် ရှောင်တိမ်း၍ ပါးစပ်များ ဖွင့်လိုက်ကြသည်။ စက်ဝိုင်းပုံသဏ္ဍာန် အသံလှိုင်းများက စစ်သည်များကို ရိုက်ခတ်ကာ သူတို့၏ကောင်းကင်နတ်သိုင်းကို ဖြိုခွင်းလိုက်၏။ ထူးဆန်းသည်က အသံလှိုင်းများကို မကြားရခြင်းပင်။

ကောင်းကင်ထက်ရှိ မရေမတွက်နိုင်သော ဓားမကွေးများမှာ အသံလှိုင်း၏ ဆောင့်တိုက်မှုကြောင့် မြေကြီးပေါ် တချွင်ချွင် ပြုတ်ကျလာကြ၏။ အောက်ရှိ သိုင်းပညာရှင်များလည်း ကြိမ်နှုန်းမြင့်အသံလှိုင်းများ၏ တွန်းအားကြောင့် ဖရိုဖရဲ ဖြစ်ကုန်သည်။

ရုတ်တရက် မန်သီလူရိုင်းနယ်မြေ စစ်သည်များ၏ ခေါင်းတို့က ကြီးသထက် ကြီးလာပြီး ဖောင်းခနဲ ပေါက်ကွဲသွားသည်။ ကြိမ်နှုန်းမြင့်အသံလှိုင်းက လေထဲတွင် မရပ်မနားတုန်ခါနေသည့်အတွက် စစ်သည်ခေါင်းတစ်‌ခေါင်းပြီးတစ်ခေါင်း ဖောင်းခနဲ ဖောင်းခနဲ ပေါက်ကွဲနေသည်။ သွေးများက ရဲပလောင်းခတ်စွာ တဖွားဖွား ဖြာနေရာ အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်း၏။

အမွှေးဖြူလင်းနို့နှစ်ကောင်က ပါးစပ်များ ဖြဲ၍ ကြိမ်နှုန်းမြင့်အသံလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်ရင်း ကောင်းကင်ထက်မှ ထိုးဆင်းလာကြသည်။

မှော်ဆရာဘုရင်တစ်ဦးက နှာခေါင်းရှုံ့ပြီး အဖြူရောင်အလံတစ်ရွက် ထုတ်သည်။ အမွှေးဖြူလင်းနို့နှစ်ကောင်ဆီ ရွယ်လျက် အလံကို ဝှေ့ယမ်းလိုက်သောအခါ လင်းနို့တို့၏ဝိညာဉ်များ တုန်ခါသွား၏။ နှစ်ကောင်လုံး တပ်ဖွဲ့ထဲ ပြုတ်ကျလာကြသည်။

အသက်ရှင်နေသေးသော စစ်သည်များက ခေါင်းထဲရှိ ဖိအား ပျောက်ကွယ်သွားသည်နှင့် ဓားမစက်လုံးများကို ကမန်းကတန်း ထိန်းချုပ်လိုက်ကြ၏။ ဓားမပျံများက အမွှေးဖြူလင်းနို့နှစ်ကောင် ပြုတ်ကျလာသောနေရာကို စုပြုံခုတ်ပိုင်းလိုက်ကြသည်။

ချွင် ချွင် ချွင်

ဓားမကွေးများက မိုးပေါက်များကဲ့သို့ တဖွဲဖွဲ ရွာကျပြီးနောက် ကောင်းကင်ထက်တွင် တဝီဝီလည်နေသည့် ဓားမစက်လုံးများဆီ ပြန်ဝင်သွားကြသည်။

အမွှေးဖြူလင်းနို့နှစ်ကောင် ကျသွားသည့်နေရာမှာ ဓားချက်များကြောင့် တွင်းပေါက်ကြီးဖြစ်သွား၏။ ကျောက်တုံး‌ကျောက်ခဲများပင် မှုန့်မှုန့်ညက်ညက် ကြေနေသည်။

မန်သီလူရိုင်းနယ်မြေမှ ကောင်းကင်နတ်သိုင်းပညာရှင်နှစ်ယောက်က အမွှေးဖြူနှစ်ကောင် သေ၊မသေ ကြည့်ဖို့ ရှေ့တိုးသွားလိုက်သည့်အချိန်မှာပဲ တွင်းပေါက်ကြီးထဲမှ မြေမှုန်များက ဝုန်းခနဲ မြောက်တက်လာသည်။ အမွှေးဖြူလင်းနို့နှစ်ကောင်က တောင်ပံ တဖျတ်ဖျတ်လျက် မြေမှုန်များကြားမှ ပျံထွက်ကာ ကောင်းကင်နတ်သိုင်းပညာရှင်နှစ်ယောက်ဆီ အငိုက်ဖမ်းဝင်ရောက်လာ၏။ အလွန်မြန်လွန်း၍ မည်သူမှမမြင်လိုက်သည်ကို အခွင့်ကောင်းယူကာ စစ်သည်နှစ်ယောက်ကို ဆွဲ၍ ပျံပြေးသွားကြသည်။

မှော်ဆရာဘုရင်က အမွှေးဖြူလင်းနို့နှစ်ကောင်ကို မြင်သည်နှင့် ပခုံးနှစ်ဖက်အား လှုပ်လိုက်သည်။ သူ့‌နောက်ကျောတွင် ရွှေအလင်းတန်းများ ကွန့်မြူးတောက်ပလာပြီး ရွှေတောင်ပံတစ်စုံအသွင် ပြောင်းသွား၏။ သူက တောင်ပံတစ်ချက် ခတ်၍ လေပေါ် ပျံတက်ကာ အမွှေးဖြူလင်းနို့နှစ်ကောင် နောက်လိုက်သွားသည်။

ပျံသန်းနေရင်းမှာပင် မှော်ဆရာဘုရင်၏ခေါင်းက ငှက်ခေါင်းဖြစ်လာပြီး လက်ခြောက်ဖက် ထွက်လာ၏။ သူက ဝဇိရကျိုင်းတုတ်တစ်လက်ကို ကိုင်၍ မိုးခြိမ်းသံဖြင့် အမွှေးဖြူလင်းနို့နှစ်ကောင်ဆီ ရိုက်ချလိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်နှစ်ဦးကို ဆွဲသွားသော လင်းနို့နှစ်ကောင်၏အမြန်နှုန်းမှာ သိသိသာသာ နှေးကျသွားသည်။ မှော်ဆရာဘုရင်က လိုက်မှီတော့မည်ဖြစ်၍ အမွှေးဖြူလင်းနို့နှစ်ကောင်မှာ သားကောင်များကို လွှတ်ပစ်လိုက်ရုံသာ ရှိတော့သည်။ ထို့နောက် အရှိန်တင်ကာ မှော်ဆရာဘုရင်နှင့် ဝေးကွာသွား၏။

မှော်ဆရာဘုရင်က ချီစွမ်းအင်ကို လက်ကြီးတစ်ဖက်အဖြစ် ဖွဲ့တည်ကာ ကောင်းကင်နတ်သိုင်းပညာရှင်နှစ်ယောက်အား ဖမ်းလိုက်သည်။ ထိုနှစ်ယောက်မှာ သွေးတစ်စက်မကျန် အစုပ်ခံထားရ၍ အသက်မရှိတော့ပေ။

အမွှေးဖြူလင်းနို့နှစ်ကောင်က သစ်ပင်ကြီးများအပေါ် နားပြီး ပါးစပ်ဟလိုက်သည်။ ကြိမ်နှုန်းမြင့်အသံလှိုင်းများက နောက်မှ လိုက်လာနေသော စစ်သည်များကို ဖရိုဖရဲ ဖြစ်သွားစေပြန်၏။

မှော်ဆရာဘုရင်တစ်ဦးက ကြေးမုံတစ်ချပ်ထုတ်၍ ကောင်းကင်တွင် ပျံဝဲစေလိုက်သည်။ ကြေးမုံမှ အလင်းတန်းက အမွှေးဖြူလင်းနို့တစ်ကောင်၏ကိုယ်ပေါ် ဖြာကျသွားသောအခါ နှစ်ကောင်လုံး သစ်ပင်များထက်မှ ပြုတ်ကျလာသည်။

ဝှစ်

ဓားမရောင်များက မိုးပေါက်များပမာ တဖွဲဖွဲ ရွာကျသွားပြီး အမွှေးဖြူလင်းနို့များ ပြုတ်ကျသည့်နေရာကို ခုတ်ပိုင်းကြသည်။ မှော်ဆရာဘုရင်က ခန္ဓာကိုယ်ကို လှုပ်ခါ၍ ဆင်ခေါင်းဖြင့် ရွှေဘီလူးကြီးတစ်ကောင်အသွင် ပြောင်းလိုက်သည်။ သူက တောင်ပုတစ်လုံးအရွယ် ကျောက်တုံးကြီးကို မ,ကာ အမွှေးဖြူလင်းနို့နှစ်ကောင်ကို ဖိချလိုက်၏။

မှော်ဆရာဘုရင်နောက်တစ်ဦး၏ မူလဝိညာဉ်က ကျောနောက်၌ ဖွဲ့တည်လာပြီး သူ၏ချီစွမ်းအင်က လက်ဝါးကြီးဖြစ်လာသည်။ လက်ဝါးရိုက်ချလိုက်သောအခါ ကျောက်တုံးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး မြေပြင်လည်း တဝုန်းဝုန်း တုန်ခါသွားသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များ ပြိုလဲကုန်၏။

“သေလောက်ပြီထင်တယ်”

အားလုံး သက်ပြင်းချဖို့ပင် အချိန်မရလိုက်ပေ။ စစ်သည်များ အပြေးလာနေသည့်အချိန်မှာပဲ အမွှေးဖြူလင်းနို့နှစ်ကောင်က ဝုန်းခနဲ ပျံတက်လာပြန်သည်။ သူတို့က ဒယိမ်းဒယိုင်ဖြင့် တောအုပ်ထဲ ပျံဝင်သွားသော်လည်း မသေကြသေးပေ။

မှော်ဆရာဘုရင်က အလံဖြူကို ထပ်မံ လှုပ်ခါလိုက်၍ အမွှေးဖြူလင်းနို့နှစ်ကောင်၏ ဝိညာဉ်များမှာ တိုက်ခိုက်ခံလိုက်ရပြန်သည်။ နှစ်ကောင်သား ပြုတ်ကျသွားသည်နှင့် ဓားမများက ဝိုင်းအုံရွာကျသွား၏။

ဓားမများ ငြိမ်သွားသည့်အခါ အမွှေးဖြူလင်းနို့နှစ်ကောင်က ပျံတက်လာပြန်သည်။ ယိုင်တိုင်တိုင် ဖြစ်နေကြသော်လည်း မသေကြသေးပေ။

“အထင်ကြီးစရာပဲ”

ပန်ကုန်းစုန် အံ့အားသင့်သွားမိသည်။ ဤအမွှေးဖြူလင်းနို့နှစ်ကောင်၏ အရေပြားနှင့် အသားက အမှန်တကယ် ထူ၏။ မြက်ခင်းလွင်ပြင်၏ အကျော်ကြားဆုံး ဓားမစက်လုံးများပင် သူတို့အား ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ လိုလန်ရွှေနန်းတော်မှ မှော်ဆရာဘုရင်များသာ သူတို့ကို ထိထိမိမိ တိုက်ခိုက်နိုင်သည်။

အမွှေးဖြူလင်းနို့များ မှော်ဆရာဘုရင်တို့၏ သိုင်းကွက်များကို တောင့်ခံနိုင်ပြီး မသေသေးခြင်းက ပန်ကုန်းစုန် မျှော်လင့်ထားသောအရာ မဟုတ်ပေ။

‌တောအုပ်၏အနက်ပိုင်းထဲ ရောက်နေပြီဖြစ်သော ချင်မူက ပြုံး၍ နဂါးချီလင်ကို မေးလိုက်သည်။ “ဖက်တီးနဂါး၊ မင်း ဟိုအမွှေးဖြူလင်းနို့နှစ်ကောင်နဲ့ ယှဉ်နိုင်မယ် ထင်နေသေးလား”

နဂါးချီလင်က ထီမထင်စွာ နှာခေါင်းရှုံ့သည်။ “အဲဒီနှစ်ကောင်က သန်မာပေမယ့် လိုလန်ရွှေနန်းတော်က လူတွေ ‌ဆော်ပလော်တီးတာ ခံနေရတုန်းပဲမဟုတ်လား”

မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များက သားကောင်ကို ဖမ်းဖို့ တစ္ဆေတောင်ကြားထဲ ကျူးကျော်ဝင်ရောက်လာကြ၏။ အမွှေးဖြူလင်းနို့နှစ်ကောင်မှာ ဒဏ်ရာအပြင်းအထန် ရထား၍ တောအုပ်ထဲတွင် ပြုတ်ကျလိုက်၊ ပျံတက်လိုက် ဖြစ်နေကြသည်။ မန်သီလူရိုင်းနယ်မြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက အရပ်လေးမျက်နှာသို့ လူစုခွဲထွက်၍ သူတို့အား လိုက်ရှာနေကြသည်။

ဤအခိုက်တွင် တောအုပ်ထဲမှ တရှဲရှဲမြည်သံ ထွက်လာ၍ မန်သီလူရိုင်းနယ်မြေမှ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က သတိအနေအထားဖြင့် ဓားမစက်လုံးကို ထုတ်လိုက်သည်။ ဓားမစက်လုံးက တဝီးဝီးလည်၍ ဓားမကွေးများကို ဖြန့်ကျက်ကာ လှည့်ပတ်ပျံဝဲနေစေသည်။ ဓားမကွေးတချို့က ကြီးပြီး တချို့က သေး၏။

တရှဲရှဲမြည်သံက တိခနဲ တိတ်သွားသော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်မှာ သတိလက်လွတ်မနေရဲသေးပေ။ သူက သတိကြီးကြီးဖြင့် လျှောက်နေပြီး ဓားမကွေးများက လင်းလိုက်၊ မှိန်လိုက် တောက်ပနေသည်။

ကောင်းကင်နတ်သိုင်းပညာရှင်က သစ်သီးများ အလျှံအပယ်သီးနေသော သစ်ပင်တောထဲ ဝင်သွား၏။ သစ်သီးအများစုက လက်သီးဆုပ်အရွယ် ပန်းသီးများ ဖြစ်သည်။

ကောင်းကင်နတ်သိုင်းပညာရှင်သည် အတွင်းထဲ ဂရုတစိုက် လျှောက်နေဉ် အနောက်မှ တရှဲရှဲမြည်သံ ကြားလိုက်ရသည်။ ချာခနဲ လှည့်လိုက်သည့်အခါ မည်သည်ကိုမျှ မြင်ရပေ။ ထို့နောက် တရှဲရှဲမြည်သံက သူ့အရှေ့မှ ထွက်လာသည်။

ခန္ဓာကိုယ်ကို မလှည့်ခင် ခေါင်းလှည့်ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မမြင်ရပြန်ပေ။ တရှဲရှဲမြည်သံက သူ့ကျောနောက်မှ ထွက်လာပြန်၏။

သို့သော် သူသည် အကင်းပါးသောလူတစ်ယောက် ဖြစ်၏။ ကိုယ်ဟန်အနေအထားကို မပြောင်းဘဲ ဓားမကွေးတစ်လက်ကို မျက်နှာရှေ့တွင် ထားလိုက်သည်။ ဓားသွားက မှန်သားပြင်ပမာ ကြည်လင်နေသည့်အတွက် ကျော‌နောက်ရှိ ပုံရိပ်ကို ထင်ဟပ်ပြသနေသည်။

လက်ရှိအချိန်တွင် သစ်ပင်များအပေါ်ရှိ ပန်းသီးများက သူ့ကို ခေါင်းလှည့်ကြည့်နေကြ၏။ လှည့်ကြည့်နေသော ဘက်ခြမ်းက လူ့မျက်နှာရှိနေသည်။ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်များရှိပြီး သူ့ကို ထူးဆန်းစွာ ပြုံးပြနေကြသည်။

ကောင်းကင်နတ်သိုင်းပညာရှင်မှာ ထိတ်လန့်သွားပြီး ဓားမကွေးအားလုံး ဓားမစက်လုံးမှ ပျံထွက်ကာ သူ၏ပတ်ပတ်လည်ရှိ ပန်းသီးများအား ပိုင်းချလိုက်ကြသည်။

ရွှပ်

ပန်းသီနီနီများ တဘုတ်ဘုတ် ကြွေကျလာပြီး သစ်ရွက်များ လွင့်မျောသွားသည်။ ပန်းသီးများသည် ကောင်းကင်နတ်သိုင်းပညာရှင်ဆီ ပျံဝင်လာကြသော်လည်း ဓားမရောင်များက ပြိုးပြိုးပြက်ပြက် လက်သွားပြီး ပန်းသီးများ ထက်ခြမ်းကွဲကုန်၏။ တခဏအတွင်း မြေကြီးပေါ်တွင် ပန်းသီးနှစ်ခြမ်းကွဲများ ဖွေးဖွေးလှုပ်သွားကာ ပန်းသီးနံ့လည်း မွှေးနေတော့သည်။

ထိုအချိန်တွင် ပန်းသီးတစ်လုံးက လိမ့်လာပြီး ဓားရောင်ကို ရှောင်၍ ကောင်းကင်နတ်သိုင်းပညာရှင်၏ ခြေထောက်ကို ခုန်ကိုက်လိုက်သည်။

ကောင်းကင်နတ်သိုင်းပညာရှင်မှာ ခြေထောက်တစ်ချောင်းလုံး ထုံသွားပြီး ခြေထောက်ကို မခံစားရတော့ပေ။ ထို့နောက် သူ့ခါးအောက်ပိုင်းတစ်ပိုင်းလုံး ထုံလာသည်။ ခြေထောက်အပေါ်ရှိ ပန်းသီးကို ခုတ်ပိုင်းဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ဦးနှောက်လည်း အလုပ်မလုပ်နိုင်တော့၍ ဓားမကွေးအားလုံး မြေကြီးပေါ် တချွင်ချွင် ပြုတ်ကျသွား၏။

ကျန်ပန်းသီးများက လေပေါ် မြောက်တက်သွားပြီး သစ်ပင်များဆီ ပြန်သွားကြသည်။ ပန်းသီးများသည် ခေါင်းလှည့်လာကြပြီး ထူးဆန်းစွာ ပြုံးလျက် လဲကျသွားသော ကောင်းကင်နတ်သိုင်းပညာရှင်ကို ကြည့်နေကြ၏။

ကောင်းကင်နတ်သိုင်းပညာရှင်မှာ တစ်လက်မလေးပင် လှုပ်မရတော့၍ ရင်တဒိန်းဒိန်း ခုန်လာသည်။ လည်ပင်းက အလွန်ယားလာသည်ကို ခံစားလိုက်ရပြီး ထိုနေရာမှ ထိုးထွက်လာနေသော မျက်နှာတစ်ဖက်ကို သူ မြင်လိုက်ရသည်။။

မျက်နှာအသစ်တွင် နှာခေါင်းတစ်ခုနှင့် ပါးစပ်တစ်ခုရှိပြီး ပါးစပ်ကြီးဖြဲလျက် အသက်အဝရှူကာ ပြုံးလိုက်သည်။ “မင်းကို မိသွားပြီ၊ မင်းကို မိသွားပြီ”

မျက်နှာက လူးလွန့်၍ အပေါ်ရွေ့လျားလာသည်။ မကြာမီ ကောင်းကင်နတ်သိုင်းပညာရှင်တွင် ‌လည်နှစ်တိုင်၊ ခေါင်းနှစ်လုံး ရှိသွားသည်။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုက ခေါင်းအသစ်မှ ထွက်လာသည်။

ကောင်းကင်နတ်သိုင်းပညာရှင်မှာ မခံမရပ်နိုင်အောင် နာလွန်း၍ အော်ရန် ပါးစပ်ဟလိုက်သော်လည်း အသံမထွက်နိုင်ပေ။ ထိုအချိန်တွင် ပန်းသီးမှ မွေးဖွားလာသော လူက လက်နှစ်ဖက်ဖြင့် တွားသွားပြီး သူ့ကိုယ်သူ ဆွဲထုတ်နေသည်။ မကြာခင် ကိုယ်အောက်ပိုင်းတစ်ခုလုံး ထွက်လာသည်။

နောက်ဆုံးတော့ လူနှစ်ယောက် ကွဲထွက်သွားချေပြီ။ အသစ်မွေးလာသော လူက အဝတ်အစားကင်းမဲ့နေသည်မှအပ ကောင်းကင်နတ်သိုင်းပညာရှင်နှင့် ခွဲမရအောင် တူသည်။ ပန်းသီးလူက မြေပေါ်မှ ဓားမကွေးတစ်လက်ကောက်ကာ ကောင်းကင်နတ်သိုင်းပညာရှင်၏ နှလုံးသားကို ထိုးစိုက်၍ အဝတ်အစားများ ချွတ်လိုက်သည်။

“ဟီးဟီး လွတ်လပ်သွားပြီ”

ကျန်ပန်းသီးများက ပန်းသီးလူ ဓားမစက်လုံးအား ‌ကောက်ယူ၍ ပန်းသီးပင်တောထဲမှ ခုန်ထွက်သွားသည်ကို မနာလိုစွာ ကြည့်နေကြသည်။

တောအုပ်အတွင်း၌ ကြောက်လန့်တကြား အော်သံများ ဆူညံနေသည်။ တစ္ဆေတောင်ကြားတောအုပ်ထဲ ကျူးကျော်လာကြသည့် မန်သီလူရိုင်းနယ်မြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အန္တရာယ်ပေါင်းစုံ ကြုံတွေ့ခဲ့ကြရ၏။

အန္တရာယ်တချို့က ထွင်းပေါက်မြင်နေရသော ကျောက်စိမ်းတုံးများအသွင် ရှိသည့် ဆန်းကြယ်ပိုးကောင်များ ဖြစ်ကြသည်။ ပိုးကောင်တို့က လျင်မြန်စွာ ပျံသန်းနိုင်ပြီး လူ့နှာခေါင်းပေါက်ထဲမှတစ်ဆင့် ဦးနှောက်ထဲ ထိုးဖောက်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ကြ၏။ ထိုသို့ထိန်းချုပ်ခံလိုက်သောလူများအတွက် သေခြင်းကသာ စောင့်နေလိမ့်မည်။

သစ်ပင်များကို တွယ်ကပ်လျက် သစ်ရွက်များထဲ ပုန်းအောင်းနေသည့် မယုံနိုင်လောက်အောင် သေးငယ်သော မျှော့များလည်း ရှိသည်။ ရေပေါက်တစ်ပေါက်က ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ကျလာမည်။ စစချင်း ထိုသူအနေဖြင့် ထူးထူးခြားခြား ခံစားရမည်မဟုတ်။ ဖြည်းဖြည်းချင်း လှုပ်ရရှားရ လေးပင်လာပြီး မူးဝေလာလိမ်မ့ည်။

သူ၏ကျောပေါ်၌ သွေးစုပ်နေသော မျှော့ကြီးတစ်ကောင် ရှိနေမည်။ တခဏကြာလျှင် ထိုမျှော့က မျက်နှာပေါ်လာပြီး လက်လေးချောင်းထွက်လာသည့်တိုင် ကျောမှ မခွာသေးပေ။ မျှော့၏မျက်နှာက အတွယ်ခံရသောလူနှင့် ချွတ်စွပ်တူ၍ လူသားတစ်ယောက်က နောက်တစ်ယောက်ကို ကုန်းပိုးထားသကဲ့သို့ မြင်ရလိမ့်မည်။

ကောင်းကင်နတ်သိုင်းပညာရှင်မှာ သွေးအဆီအနှစ်များ တစ်စက်မကျန် အစုပ်ခံရပြီးသည်နှင့် လဲကျသေဆုံးသွားမည်။ မျှော့လူကတော့ ပျော်ရွှင်မြူးထူးစွာ ပြေးထွက်သွားလိမ့်မည်။

တိတ်ဆိတ်ငြိမ်သက်နေသော ‌တောအုပ်တွင် အန္တရာယ်များ စိုးမိုးနေ၏။ မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များ ရောက်လာခြင်းက အန္တရာယ်ကောင်များအတွက် စိတ်လှုပ်ရှားစရာဖြစ်ပြီး ဝင်ရောက်လာသည့် လူအတော်များများ အသက်ဆုံးရှုံးကြရသည်။

မန်သီလူရိုင်းနယ်မြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက သိုင်းစွမ်းရည်မြင့်မားသော်လည်း ဤနေရာကို မည်သို့မျှမယှဉ်နိုင်ပေ။

ချင်မူလည်း သတိအနေအထားဖြင့် တောအုပ်ကို ဖြတ်သွားနေသည်။ ‌ဗောဓိသဟ (ဗောဓိ‌ညောင်) ၏ အစစ်အမှန်ကိုယ်ဖြင့် သူနှင့် နဂါးချီလင်ကို ကာကွယ်ထား၍ ဤအထိတော့ အန္တရာယ်ကင်းလာခဲ့၏။

ဤအချိန်တွင် သစ်ပင်တစ်ပင်အောက်၌ တရားထိုင်နေသော ရဟန်းတစ်ပါးအား မြင်လိုက်ရသည်။ မည်သည့်အချိန်က ကံတော်ကုန်သွားခဲ့မှန်း မသိသော်လည်း ရုပ်ကလာပ်က မပုပ်သိုးခဲ့ပေ။ သူ၏အနောက်တွင် ထွန်းလင်း‌တောက်ပနေသော ဗောဓိပင်တစ်ပင် ရှိသည်။ ဗောဓိပင်သည် ထူးဆန်းသောရတနာတစ်ပါးကြောင့် ပြောင်းလဲသွားခဲ့ကြောင်း သိသာ၏။

‘ဒီသိက္ခာတော်ရဟန်းအရှင်ရဲ့ ဗောဓိသဟအစစ်အမှန်ကိုယ်က ငါ့ကိုယ်ထက်တောင် သန်မာပေမယ့် ကံတော်ကုန်သွားသေးတယ်။ တထာဂတရဲ့ မဟာယနသုတ္တန်က ဒီကအန္တရာယ်ကို မကာကွယ်ပေးနိုင်ဘူးပဲ’

ချင်မူ ထိတ်လန့်သွားပြီး ‌ဗောဓိသဟအစစ်အမှန်ကိုယ်ကို အလျင်အမြန် ရုပ်သိမ်းလိုက်၏။ ထို့နောက် လက်နှစ်ဖက်လုံးဆန့်ထုတ်ပြီး လက်ချောင်းထိပ်များကို ပူးလျက် လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ညွှန်၍ နောက်တစ်ဖက်က မြေပြင်ကို မျက်နှာမူလိုက်သည်။

တာအိုဓား၏ ပထမဓားကွက်၊ အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်…။

ရှုပ်ထွေးနက်ရှိုင်းသော တွက်ချက်မှုပြီးသောအခါ သူ့လက်ထဲရှိ ချီစွမ်းအင်က ဓားအသွင် ဖွဲ့တည်သွားသည်။ ဓားရောင်များက ထိုက်ကျိအင်းကွက်၏ မျက်နှာပြင်နှစ်ဖက်အသွင် ပြောင်းသွား၏။ အင်းကွက်၏ မျက်နှာပြင်တစ်ဖက်က အပေါ်တွင်ဖြစ်၍ တစ်ဖက်က အောက်တွင် ရှိကာ သူနှင့် နဂါးချီလင်ကို ကြားညှပ်ကာကွယ်ပေးထား၏။

ဓားရောင်များ အဆက်မပြတ် လက်နေပြီး ထိုက်ကျိအင်းကွက်က ယင်တစ်လှည့်၊ ယန်တစ်လှည့် ထပ်တလဲလဲ ပြောင်းလျက် လည်နေသည်။ ဓားရောင်များက ထိုက်ကျိအင်းကွက်၏ အနားသတ်များမှ ဖြာကျနေသည်။

“နွားငတုံးကတော့ အရူးတော့မဟုတ်ဘူးပဲ”

ဗောဓိပင် လှုပ်သွားပြီး ဒဏ်ရာဗလပွနှင့် အမွှေးဖြူလင်းနို့နှစ်ကောင် တွဲလျားကျလာသည်။ အမွှေးဖြူလင်းနို့တစ်ကောင်က သွေးအန်ပြီး အသက်မနည်းရှူလျက် ပြောသည်။ “ဒီကတုံးက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဒီတောထဲ ကျူးကျော်လာတာ။ ဗုဒ္ဓကျင့်စဉ်ကို အားကိုးပြီး ဒီနေရာအထိ ဘေးမသီရန်မခ လာနိုင်ခဲ့ပေမယ့် သစ်ပိုး‌ကောင်တွေကြောင့် အသက်ထွက်သွားရတာပဲ”

“သစ်ပိုးကောင်” ချင်မူ အနည်းငယ် မှင်သက်မိသွားသည်။

“သစ်ပိုးကောင်တွေဆိုတာ သစ်စေ့တစ်မျိုးပါပဲ။ ပိုးကောင်လို ခုန်ကူးလျှောက်သွားနိုင်တယ်။ အဲဒီကောင်တွေက မြေကြီးအောက်မှာ ပုန်းနေပြီး တွေ့တဲ့လူရဲ့ စအိုဝထဲ ဝင်ပြီး အသားထဲ အမြစ်တွေချလိုက်တယ်။ ဒီကတုံးရဲ့ ကြွက်သားတွေက အစားခံထားရတာ ကြာပြီ။ အရေပြားပဲ ကျန်တော့တာ။ သစ်ပိုးကောင်တွေက သူ့ခန္ဓာကိုယ်ကို ပူးကပ်ခဲ့ပြီးသား”

အမွှေးဖြူလင်းနို့နောက်တစ်ကောင်က ရဟန်း၏ခေါင်းကို လက်သည်းဖြင့် ပိုင်းဖြတ်လိုက်ရာ သစ်ရွက်များ ဝုန်းခနဲ ထွက်လာပြီး သစ်ပင်လေးတစ်ပင် ဖြစ်သွား၏။

“ဒါက သစ်ပိုးကောင်ပဲ။ သစ်ပင်တစ်ပင်တောင် ဖြစ်နေပြီ” ထိုအမွှေးဖြူလင်းနို့က ဉာဏ်ရည်မြင့်၍ ချင်မူ့ကို ကြည့်သည်။ “နွားငတုံး၊ ငါတို့ ဒဏ်ရာရထားတယ်။ မင်း ငါတို့ကို ကာကွယ်ပေးနိုင်ရင် အန္တရာယ်မရှိတဲ့လမ်းကို ပြပေးနိုင်တယ်”

ချင်မူ ပြုံးလိုက်သည်။ “နောင်တော်တို့၊ ကျွန်တော်က တကယ်တော့ ဒဏ်ရာတွေ ကုသရာမှာ ကျွမ်းကျင်တဲ့ ဆေးဆရာတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ နောင်တော်တို့ သက်သာလာရင် နှစ်ယောက်လုံး ကျွန်တော်ကို ကာကွယ်ပေးလေ၊ ကျွန်တော် ဆေးကုပေးပါ့မယ်”

လင်းနို့နှစ်ကောင်က တစ်ကောင်ကိုတစ်ကောင် ကြည့်ပြီး ဗောဓိပင်ပေါ်မှ ဆင်းလာကြသည်။ သူတို့က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မေးသည်။ “နွားခေါင်းသမားတော်လား။ မင်းတို့ အင်္ဂါဂြိုဟ်မိသားစုမှာ သမားတော်တွေ ရှိတယ်လား။ မင်းတို့ကောင်တွေက မိုးကောင်းကင်ကို နှာခေါင်းနဲ့ထိုးပြီး အမြဲမီးမှုတ်နေတာ မဟုတ်ဘူးလား”

ချင်မူက သူ၏နွားနှာခေါင်းကို မော့ကာ မီးမှုတ်ရင်း ပြောသည်။ “ဘယ်လိုလဲ သဘောတူလား”

“တူတယ်” အမွှေးဖြူလင်းနို့နှစ်ကောင်က မဆိုင်းမတွ သဘောတူကာ တွေးလိုက်ကြသည်။ ‘နွားခေါင်းသမားတော် ငါတို့ကို ကုပေးပြီးမှ သဘောမတူလဲ နောက်မကျပါဘူး’

ချင်မူ အကြည့်များတောက်ပလာပြီး တွေးလိုက်သည်။ ‘လူတစ်ယောက်ကို အဆိပ်ခတ်ဖို့ အသင့်တော်ဆုံးအချိန်က ဆေးကုပေးနေတဲ့အချိန်ပဲ။ ဒီလင်းနို့နှစ်ကောင် ငါ့စကားနားထောင်ပြီး ငါ့ကို ကာကွယ်ပေးဖို့အပြင် ရွေးချယ်စရာမရှိစေရဘူး’

All Chapters