← Chapters

ဆင်းရဲလိုက်တာ

Vol. 22 Ch. 301

ဆင်းရဲလိုက်တာ

Vol. 22 Ch. 301

ချင်မူ၏ ထောင်ကျယ်ထဲတွင် ထိခိုက်ဒဏ်ရာရပါက မိမိကိုယ်ကို ကုသနိုင်အောင် ဆောင်ထားသော ပရဆေးပင်မျိုးစုံ ရှိသည်။ မှန်သည်၊ နတ်ဆေးသမားတော်ဖြစ်သည့်အားလျော်စွာ အဆိပ်ပင်တချို့ကိုလည်း အမြဲထည့်ထားခဲ့၏။

အဆိပ်ပင်တစ်ပင်မှ မရှိလျှင်လည်း စွမ်းအင်ဆေးပင်များဖြင့်သာ အဆိပ်ဖော်နိုင်သေးသည်။

အမွှေးဖြူလင်းနို့နှစ်ကောင်က လူများလို မတ်မတ်ရပ်နေပြီး ချင်မူက သူတို့၏ဒဏ်ရာအတိမ်အနက်ကို သွားရောက်ကြည့်ရှုကာ မျက်မှောင်ကြုတ်လိုက်သည်။ လင်းနို့နှစ်ကောင်၏ ဓားဒဏ်ရာများက သိပ်မပြင်းထန်သော်လည်း မှော်ဆရာဘုရင်တို့၏ ဝိညာဉ်တိုက်ကွက်များကြောင့် ယန်ဝိညာဉ်များ အပြင်းအထန် ထိခိုက်ထားသည်။

လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်မှော်ဆရာများက လူသားများအပါအဝင် သက်ရှိတို့၏ဝိညာဉ်ကို သုံးကာ သိုင်းကျင့်ကြသည်။ သူတို့၏ မှော်အစီအရင်များနှင့် ကောင်းကင်နတ်သိုင်းများက မထူးခြားသော်လည်း ဝိညာဉ်ပစ်မှတ်ထား ကောင်းကင်နတ်သိုင်းများတွင်တော့ အပေါက်မြောက်ဆုံးဖြစ်ကြ၏။ သူတို့၏ သိုင်းကွက်အသားပေး ကောင်းကင်နတ်သိုင်းများကတော့ ဝိညာဉ်ပစ်မှတ်ထား ကောင်းကင်နတ်သိုင်းများနှင့်ယှဉ်လျှင် နိမ့်ကျနေသေးသည်။

ပန်ကုန်းစုန် ချင်မူနှင့် တိုက်ခိုက်ခဲ့တုန်းက သူ အကျွမ်းကျင်ဆုံးဖြစ်သော ဝိညာဉ်ပစ်မှတ်ထား ကောင်းကင်နတ်သိုင်းများကို မသုံးခဲ့ပေ။ ကျောက်စိမ်းမြို့တော်ငယ်မှ တာအိုဓားကွက်များနှင့် ကျန်အထွတ်အမြတ်မြေများ၏ သိုင်းကွက်များဖြင့်သာ ချင်မူ့ကို တိုက်ခိုက်ခဲ့သည်။ သို့အတွက်ကြောင့် အသာစီးရနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရပြီး ချင်မူ့အား မရှုမလှ ရှုံးခဲ့ရခြင်းဖြစ်သည်။

ဝိညာဉ်ပစ်မှတ်ထား ကောင်းကင်နတ်သိုင်းများကိုသာ သုံးခဲ့လျှင် မည်သူ အနိုင်ရမည်လဲ ပြောရခက်လိမ့်မည်။ ကောင်းကင်နတ်ဆိုးဖန်ဆင်းကျင့်စဉ်က တခြားတစ်ယောက်၏ ဝိညာဉ်သိုင်းကွက်များကို ခုခံနိုင်မည်လား ချင်မူ မသေချာပေ။

လိုလန်ရွှေနန်းတော်၏ ဝိညာဉ်ပစ်မှတ်ထား ကောင်းကင်နတ်သိုင်းများအား အောက်လမ်းမှော်အစီအရင်ဟု ခေါ်ကြသည်။ ယင်းအစီအရင်များကြောင့် လိုလန်ရွှေနန်းတော်သည် မြက်ခင်းလွင်ပြင်ဒေသ၌ အထွတ်အမြတ်မြေပမာ ရပ်တည်နိုင်ခြင်း ဖြစ်၏။

အမွှေးဖြူလင်းနို့နှစ်ကောင်က မှော်ဆရာဘုရင်များ၏ အောက်လမ်းမှော်အစီအရင်များဖြင့် အကြိမ်များစွာ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည်။ မှော်ဆရာဘုရင်များအနက် ကျင့်စဉ်အနိမ့်ဆုံးသူကပင် ကောင်းကင်နတ်အသွင်အဆင့် ဖြစ်သည်။ အမွှေးဖြူလင်းနို့ဖြူနှစ်ကောင် အသက်ရှင်နေသေးခြင်းက နတ်ဘုရားမျိုးဆက်များသည် အမှန်တကယ် ထူးခြားဆန်းကြယ်ကြောင်း သက်သေထူနေသည်။

“အင်း ဒီလောက်သန်မာကြတော့ အဆများများထည့်မှရမယ်” ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အမွှေးဖြူလင်းနို့နှစ်ကောင် သတိအနေအထား ဖြစ်သွားသည်။ “မင်း ဘာပြောလိုက်တာ”

“နောင်တော်တို့ရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတော့ ဆေးဆများများ ထည့်ရမယ် ပြောတာပါ။ ဒါနဲ့ ‌နောင်တော်တို့ကို ဘယ်လိုခေါ်ရမလဲမသိဘူး”

ပန်ကုန်းစုန်နှင့် လိုလန်ရွှေနန်းတော်၏ အောက်လမ်းအစီအရင်များအား ရင်ဆိုင်နိုင်ရန်အလို့ငှာ ချင်မူ ဆေးပညာလေ့လာပြီး ယန်ဝိညာဉ်ကို အားဖြည့်ထားခဲ့သည်။ ဘိုးဘိုးဆေးဆရာ၏ သင်ကြားပို့ချမှုများတွင် ဝိညာဉ်ကို ပစ်မှတ်ထားသည့် မှော်ဆရာအဆိပ်အကြောင်း များများစားစား မပါခဲ့သည့်အပြင် အသေးစိတ်လည်း မရှင်းလင်းခဲ့ပေ။ ဆေးဆရာသည် အဆိပ်ဘုရင်ဖြစ်သော်လည်း အလယ်ကမ္ဘာမြေတစ်ကြောတွင်သာ ကျင်လည်သွားလာတတ်ပြီး မြက်ခင်းလွင်ပြင်သို့ သွားလေ့သွားထမရှိခဲ့သည့်အတွက် မှော်ဆရာအဆိပ်နှင့် ဝိညာဉ်ဒဏ်ရာများအကြောင်း အသေးစိတ်နားမလည်ပေ။

သို့သော် ချင်မူကတော့ လိုလန်ရွှေနန်းတော်နှင့် များစွာရင်ဆိုင်ခဲ့ရ၍ ဖြည်းဖြည်းချင်း နားလည်လာခဲ့၏။

မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ဖန်ဆင်းကျင့်စဉ်ခုနစ်ခန်းကို ပေါင်းစည်းလိုက်ခြင်းဖြင့် ပရဆေးပင်များနှင့် ဆေးဖော်နည်းများ ပါဝင်သည့် ကုသနည်းတစ်နည်းကို သူ ရှာတွေ့ခဲ့လေသည်။

“ငါက ဖုယွီချိုး။ ဒါက ငါ့အစ်ကိုကြီး ဖုယွီချွင်” နားရွက်ရှည်ရှည် အမွှေးဖြူလင်းနို့က ပြောသည်။

ချင်မူက ဆေးမီးဖိုပင် မလိုဘဲ ချီစွမ်းအင်ကို သုံး၍ ဆေးပင်များမှ ဆေးစွမ်းအင်ကို ထုတ်ကာ လက်ဟန်နည်းစနစ်များဖြင့် ဆေးဖော်နေသည်ကို မြင်လျှင် အမွှေးဖြူလင်းနို့နှစ်ကောင်မှာ အံ့ဩမဆုံး ဖြစ်နေတော့သည်။ “နွားခေါင်းသမားတော်က တကယ်ထူးဆန်းပြီး အံ့ဩစရာကောင်းတာပဲ”

များစါာမကြာလိုက်ဘဲ ချင်မူ စွမ်းအင်ဆေးလုံးပထမအသုတ်ကို ဖော်စပ်ပြီးသွားသည်။

နားရွက်တို ဖုယွမ်ချွင်က ဆေးလုံးများကို ချက်ချင်း မစားဘဲ သတိအပြည့်ဖြင့် မေးသည်။ “သမားတော်နွား၊ မင်း တစ်လုံးအရင်စားပြ”

ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “နောင်တော်က တကယ် သတိရှိတာပဲ။ ကျွန်တော်က နွားမဟုတ်ပါဘူး။ မျိုးရိုးက ချင်၊ နာမည်ကတော့ မူပါ” ချင်မူက ပြောပြီးသည့်အခါ ဆေးလုံးတစ်လုံး ယူ၍ စားပြလိုက်သည်။

ထိုအခါမှ အမွှေးဖြူလင်းနို့နှစ်ကောင်က စိတ်ချသွားပြီး စွမ်းအင်ဆေးလုံးများကို စားကြ၏။ ထို့နောက် ချင်မူက တစ္ဆေဖန်ဆင်းပညာနှင့် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို သုံး၍ အမွှေးဖြူလင်းနို့နှစ်ကောင်၏ကျောကို ရိုက်ကာ ဆေးစွမ်းအင်များအား ချေဖျက်၍ သူတို့၏ယန်ဝိညာဉ်များကိုလည်း အားဖြည့်ပေးလိုက်သည်။

ချင်မူ ဆေးနောက်တစ်သုတ် ဖော်ပြီးသည့်အခါတွင်လည်း ဖုယွမ်ချွင်က သူ့ကို အရင်စားပြခိုင်းသည်။ ဤအမွှေးဖြူလင်းနို့သည် ညီဖြစ်သူ ဖုယွမ်ချိုးထက် ပို၍သတိကြီး၏။

ချင်မူလည်း မည်သည်ကိုမျှမပြောဘဲ ဆေးတစ်လုံး စားပြလိုက်သည်။ ထိုအခါမှ အမွှေးဖြူလင်းနို့နှစ်ကောင်က ကျန်ဆေးလုံးများကို စား၍ သူတို့၏ဒဏ်ရာများအား ကုသကြသည်။

ဤအခိုက်တွင် နောက်မှလိုက်လာကြသည့် အဆင့်မြင့်မှော်ဆရာတချို့ ရောက်လာပြီး သိုင်းကွက်များ ပို့လွှတ်လိုက်ကြ၏။ အမွှေးဖြူလင်းနို့နှစ်ကောင်မှာ ပြင်ပဒဏ်ရာများကိုသာ ကုသပြီးစီးသေး၍ မသက်သာသေးပေ။ ချင်မူက လက်ဆန့်ကာ လက်ညှိုးထိုးလိုက်၏။ ရွှင်ပျော်ပျော်ဓားက အဆင့်မြင့်မှော်ဆရာများဆီ လေတိုးသံများဖြင့် ပြေးဝင်သွားသည်။

အဆင့်မြင့်မှော်ဆရာများက ဓားကို မြင်လျှင် တဟားဟား လှောင်ရယ်ကြသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်မှာ အရပ်ခြောက်မျက်နှာအဆင့် ဝိညာဉ်ဓားလေးတစ်လက်ပဲ ရှိတယ်တဲ့။ တော်တော်ဆင်းရဲတာပဲ။ ဒီလိုဆိုတော့လည်း ငါတို့ညီအစ်ကိုတွေအတွက် သက်သာတာပေါ့လေ”

သူတို့စကားပြောမဆုံးခင်မှာပဲ ချင်မူ၏ကျောနောက်မှ လင်းခနဲ လက်သွားသည်။ ထောင်ကျယ်အိတ်ထဲမှ ဓားအလက်ရှစ်‌ထောင်က တစ်ပြိုင်တည်း ပျံထွက်လာကြပြီး မှော်ဆရာများကို ချိန်ရွယ်၍ တဝှစ်ဝှစ် ပြေးဝင်သွားကြ၏။

ချင်မူ လက်ခယ်ကို တောက်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက ဓားအိမ်ထဲ ပြန်ဝင်သွားသည်။ ဓားပေါင်း ၇၉၉၉ စင်းလည်း ထောင်ကျယ်အိတ်ထဲ ပြန်ဝင်လာကြသည်။

ဓားမိုးရွာကျသွားသည့် နေရာတွင်တော့ အလောင်းတစ်လောင်းပင် မမြင်ရပေ။

အမွှေးဖြူလင်းနို့နှစ်ကောင်မှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး ပြောစရာစကား ရှာမရတော့ပေ။

မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များ ဓားမစက်လုံးများကို ထုတ်၍ ဓားမကွေးများဖြင့် ရန်သူကို ခုတ်ပိုင်းပစ်သည့် မြင်ကွင်းက ကြီးကျယ်ခမ်းနားသော်လည်း ဤနွားခေါင်းသမားတော်တစ်ယောက်တည်းက ဓားပျံထောင်ချီကို စေစားနိုင်သော လူတစ်ရာအင်အားနှင့် ညီမျှနေသည်။ အဆင့်မြင့်မှော်ဆရာများမှာ သူ၏ဓားချက်များအောက်တွင် မရှုမလှ သေပွဲဝင်သွားကြ၏။

“မှော်ဆရာတွေ ဒီနေရာအထိ ရောက်လာမှတော့ မှော်ဆရာဘုရင်တွေလည်း ရောက်လာတော့မယ်။ ဒီမှာ ဆက်မနေသင့်တော့ဘူး” ချင်မူ့မျက်လုံးများ လင်းလက်သွားပြီး သူက အမွှေးဖြူလင်းနို့နှစ်ကောင်ကို ပြောလိုက်သည်။ “နောင်တော်တို့၊ မြန်မြန်ရှေ့ဆက်ကြစို့”

အမွှေးဖြူလင်းနို့နှစ်ကောင်က တစ်ယောက်နှင့်တစ်ကောင် ကြည့်ရင်း သူ့နောက်မှ လိုက်လာသည်။ ဖုယွမ်ချိုးက ပြုံး၍ မေးသည်။ “စောစောက မှော်ဆရာတွေ မင်းကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်လို့ ခေါ်လိုက်တာလားလို့”

ချင်မူ နဂါးချီလင်ကျောပေါ် တက်ထိုင်လိုက်ပြီး ဆေးလုံးများကို အပူအပင်မရှိ ဆက်လက်ဖော်စပ်နေသည်။ “ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလို့‌ ခေါ်ကြတယ်”

“ဒီတောထဲမှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကဆိုတဲ့ လူတွေနဲ့ ငါတို့ တစ်ခါ တွေ့ခဲ့ဖူးတယ်။ သူတို့နဲ့ တိုက်ခိုက်ခဲ့ကြတဲ့ ရွှေခန္ဓာလူအုပ်စုကလည်း သူတို့ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းလို့ ခေါ်ခဲ့ကြတာ။ မင်းက လူသားတွေရဲ့ ဂိုဏ်းသခင်ဆိုတော့ အင်္ဂါဂြိုဟ်မိသားစုဝင်မဟုတ်ဘူးပေါ့”

ချင်မူ အင်္ဂါဂြိုဟ်အရှင်အသွင်ကို ဖယ်ရှား၍ ရုပ်သွင်အစစ်ဖြင့် ပြုံးပြလိုက်သည်။ “ဟုတ်တယ်။ ကျွန်တော်က လူသားတစ်ယောက်ပါ။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နတ်ဘုရားအသွင်ကျင့်စဉ်နဲ့ အင်္ဂါဂြိုဟ်အရှင်အသွင် ပြောင်းထားတာ”

အမွှေးဖြူလင်းနို့နှစ်ကောင်မှာ သွားရည်တမြားမြား ကျလာပြီး ပြိုင်တူတွေးလိုက်ကြသည်။ ‘ငါတို့ ဒဏ်ရာတွေ ကုပြီးရင် ဒီကောင်လေးကို စားမယ်’

‘အစိမ်းစားပစ်မယ်’

.......

ချင်မူက ဆေးဖော်ပြီးသွားသော်လည်း အမွှေးဖြူလင်းနို့နှစ်ကောင်ကို မကျွေးဘဲ တစ်လုံးစားလိုက်သည်။ ဖုယွမ်ချွင် စိတ်ရှုပ်ထွေးသွား၏။ “ဂိုဏ်းသခင်ချင် ငါတို့ကို ဆေးမတိုက်တော့ဘူးလား”

ချင်မူ ပြုံးလိုက်သည်။ “ဒီဆေးလုံးတွေက ကျွန်တော့်ကိုယ်ထဲက အဆိပ်ကို ဖြေဖို့ပါ။ နောင်တော်တို့နှစ်ယောက်အတွက် မလိုပါဘူး”

“အဆိပ်ဖြေမယ်” ဖုယွမ်ချွင် တုန်လှုပ်သွားပြီး အထစ်ထစ်အငေါ့ငေ့ါ မေးသည်။ “ဘာ..ဘာ အဆိပ်လဲ”

“ကျွန်တော် နောင်တော်တို့ကို ပေးခဲ့တဲ့ ဆေးလုံးတွေထဲက အဆိပ်ပေါ့” ချင်မူက ထွေထွေထူးထူးမဟုတ်သည့်အလား ရှင်းပြလိုက်သည်။

အမွှေးဖြူလင်းနို့နှစ်ကောင်၏ မျက်နှာ ရုတ်ခြည်း မည်းမှောင်သွားသော်လည်း ချင်မူ့ကို ခုန်အုပ်ရန် ပြင်လိုက်သည့်အခါ ယန်ဝိညာဉ်များ ထုံကျင်လာသည်ကို ခံစားလိုက်ရ၍ နာကျင်မှုကြောင့် တုန်ရီလာကြသည်။ နှစ်ကောင်လုံး မြေကြီးပေါ် လဲကျသွားပြီး လူးလိမ့်နေကြ၏။

နဂါးချီလင်က သရော်တော်တော် ပြောသည်။ “ဦးနှောက်မရှိတဲ့ ငှက်တွေ။ ဂိုဏ်းသခင်ရဲ့ ဆေးလုံးတွေကို မင်းတို့မလို့ စားရဲတယ်။ တော်တော်အဆင်အခြင်မဲ့တာပဲ”

လင်းနို့နှစ်ကောင်က ဒေါပွသွားပြီး လူးလိမ့်နေရာမှ ပြိုင်တူအော်ကြသည်။ “ဖက်တီးစုတ်၊ မင်းကမှ ဦးနှောက်မရှိတဲ့ငှက်”

“ဖက်တီးနဂါး၊ တောင်ပံပါတိုင်း ငှက်လို့ခေါ်မရဘူး။ သူတို့က ငှက်မှမဟုတ်တာ” ချင်မူ အမွှေးဖြူလင်းနို့နှစ်ကောင်ကို ဆွဲကာ နဂါးချီလင်၏ကျောပေါ် တင်လိုက်သည်။ “နောင်တော်တို့..”

“လီးကို နောင်တော်” အမွှေးဖြူလင်းနို့နှစ်ကောင်ကား ခေါင်းမာလွန်း၏။

“ကျွန်တော့်အဆိပ်က နောင်တော်တို့ရဲ့ ယန်ဝိညာဉ်ထဲကိုပဲ စိမ့်ဝင်သွားတာပါ။ ဒါက ကျွန်တော် လေ့လာတွေ့ရှိထားတဲ့ ဝိညာဉ်အဆိပ်အသစ်တစ်မျိုးပဲ။ နောင်တော်တို့နှစ်ယောက်လုံး အဆိပ် ပထမဆုံးထတာကို ခံစားနေရတာ။ အဆိပ်ဆယ်ကြိမ်ထပြီးရင်တော့ မခံမရပ်နိုင်တဲ့ နာကျင်မှုကြောင့် နောင်တော်တို့ဝိညာဉ်တွေ ကွဲထွက်သွားလိမ့်မယ်”

ချင်မူ သူတို့ကို ကြည့်လိုက်သည်။ “ဝိညာဉ်အဆိပ်က ယန်ဝိညာဉ်ထဲမှာ အလိုအလျောက် ထကြွနိုင်လို့ ပုံမှန်အဆိပ်တွေနဲ့ မတူဘူး။ အဆိပ်တစ်ကြိမ်ထတိုင်း အဆိပ်ပြင်းအားက ဆယ်ရာခိုင်နှုန်းတိုးလာမယ်။ အဲဒီအဆိပ်ဆယ်ရာခိုင်နှုန်းကို အတိအကျ လျှော့ချပေးနိုင်တဲ့ ဖြေဆေးက ဟော့ဒီမှာ ရှိပါတယ်”

သူက စွမ်းအင်ဆေးလုံးနှစ်လုံးကို ထုတ်၍ တစ်လုံးစီမှ နည်းနည်းစီဖဲ့ကာ လင်းနို့နှစ်ကောင်၏ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ထို့နောက် ဆေးလုံးနှစ်လုံးကို မှုန့်မှုန့်ညက်ညက် ကြေသွားအောင် ရိုက်ချလိုက်၏။

အမွှေးဖြူလင်းနို့နှစ်ကောင် သူ့ကို အလစ်တိုက်ခိုက်ပြီး ဖြေဆေးလုမှာစိုးသည့်အတွက် ဖြေဆေးကို သူ့ကိုယ်ပေါ်တွင် မထားပေ။ အမွှေးဖြူလင်းနို့နှစ်ကောင်၏ ကိုယ်ထဲ၌ ဝိညာဉ်အဆိပ်ထခါနီးအချိန်မှ ဖြေဆေးဖော်လျှင် သူတို့ကို သူ ထိန်းချုပ်နိုင်မည်။

ဖြေဆေးက ဝိညာဉ်အဆိပ်ကို ဖိနှိပ်လိုက်၍ လင်းနို့နှစ်ကောင် ခံစားနေရသည့် နာကျင်မှုမှာ သိသိသာသာ လျော့ကျသွားသည်။ နှစ်ကောင်လုံး သုန်မှုန်စွာဖြင့် ထလာကြသည်။

တခဏကြာသောအခါ ဖုယွမ်ချွင်က ပြောလာသည်။ “ငါတို့ အလျှော့ပေးတယ်။ ဒါပေမဲ့ တစ္ဆေတောင်ကြားမှာပဲ မင်းကို ကာကွယ်ပေးနိုင်တယ်။ မင်း အပြင်ရောက်တာနဲ့ ငါတို့နဲ့မဆိုင်တော့ဘူး”

“သဘောတူတယ်” ချင်မူက တွန့်ဆုတ်ခြင်းအလျဉ်းမရှိ သဘောတူ၍ ဆေးလုံးနောက်တစ်သုတ်ဖော်ကာ အမွှေးဖြူလင်းနို့နှစ်ကောင်ဆီ ပစ်ပေးလိုက်သည်။ ထို့နောက် ဓားရာများကို သုတ်လိမ်းဖို့ နဂါးချီလင်၏ သွားရည်တစ်ပုလင်းလည်း ပစ်ပေးကာ ပြောလိုက်သည်။ “နဂါးသွားရည်ကို ဒဏ်ရာပေါ် လိမ်းပြီး စွမ်းအင်ဆေးလုံးတွေကို စားလိုက်။ ဒါဆို သက်သာသွားလိမ့်မယ်”

အမွှေးဖြူလင်းနို့နှစ်ကောင်က စွမ်းအင်ဆေးလုံးများကို စား၍ နဂါးသွားရည်ကို ဒဏ်ရာအပေါ် သုတ်လိမ်းလိုက်သည်။ များစွာမကြာလိုက်ဘဲ သူတို့၏ဒဏ်ရာများက အမှန်တကယ် အရှင်းပျောက်ကင်းလုနီးပါးဖြစ်သွား၏။

ဖုယွမ်ချွင်၏ နားရွက်များ ထောင်သွားပြီး ကပျာကယာ သတိလှမ်းပေးသည်။ “သတိထား မြေကြီးအောက်မှာ ဝိညာဉ်ပိုးကောင်တွေ ရှိနေတယ်။ ဖက်တီးစုတ် မြေပေါ် မနင်းနဲ့”

မီးတိမ်တိုက်များ နဂါးချီလင်၏ခြေထောက်အောက်တွင် ဖွဲ့တည်လာပြီး သူ့အား အပေါ်ပင့်မြှောက်ပေးလိုက်သည်။ ချင်မူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ နွယ်လက်တံဖြူဖြူများက မြေကြီးကို ဖောက်ထွက်လာပြီး ညင်ညင်သာသာ ယိမ်းနွဲ့နေသည်ကို မြင်လိုက်ရ၏။

ဤသတ္တဝါဆန်းအမျိုးအစားက လွန်စွာထူးဆန်း၏။ တစ်ခါတရံ နွယ်လက်တံဖြူဖြူများအပေါ်တွင် တွန့်တွန့်လိမ်လိမ်မျက်နှာများ ပေါ်လာတတ်ပြီး စူးစူးဝါးဝါးအော်ကာ ဝိညာဉ်ကို တိုက်ခိုက်တတ်ကြသည်။

အမွှေးဖြူလင်းနို့နှစ်ကောင်က ပါးစပ်ဟ၍ ကြိမ်နှုန်းမြင့်အသံလှိုင်းများအား မြေကြီးကို ဝင်တိုက်သွားစေသည်။ မြေကြီးအောက်မှ တဝုန်းဝုန်း တုန်ခါသံများ ထွက်လာပြီး လက်တံများဖြင့် ပိုးကောင်ကြီးတစ်ကောင် ပေါ်လာ၏။ ပိုးကောင်ကြီး၏ခန္ဓာကိုယ်အပေါ်ပိုင်းက အပေါ်တွင် ဖြစ်ပြီး အောက်ပိုင်းက မြေကြီးထဲ နစ်နေသည်။ လင်းနို့နှစ်ကောင်၏ အသံလှိုင်းများက ပိုးကောင်၏အသက်ကို နှုတ်ယူခဲ့ပြီးချေပြီ။

ပိုးကောင်ကြီးက အရည်ပျော်သွားပြီး အရည်များက မြေကြီးထဲ စိမ့်ဝင်သွားသည်။ ထိုအခါ ပိုးကောင်း၏အလောင်းထဲမှ လူသေးသေးလေးများ ထိုးထွက်လာပြီး မျက်နှာများက အစိမ်းရောင်ငွေ့များ ဖြစ်သွားကြသည်။

ချင်မူ မှင်သက်သွားမိ၏။ ဤထူးဆန်းသောသတ္တဝါက မည်သည့်အရာကြီးနည်း။

“တစ္ဆေတောင်ကြားရဲ့ မူလဇစ်မြစ်က သိပ်ရှေးကျတယ်။ ငါ့ဘိုးဘေးတွေကတော့ ဒီနေရာက ယိုတုနဲ့ ဆက်သွယ်နေတဲ့ နေရာလို့ ပြောတာပဲ။ ရှေးနတ်ဘုရားတွေက ယိုတုကမ္ဘာနဲ့ ဆက်သွယ်ပေးတဲ့ လမ်းတစ်လမ်းကို ဖွင့်ခဲ့တယ်တဲ့” ဖုယွမ်ချွင်က ရှင်းပြသည်။

“အဲဒီလမ်းကြောင့်ပဲ ယိုတုကဟာတွေ ဒီကို ပြေးလာကြရော။ နတ်ဘုရားတွေက ဒီနေရာကို ချိတ်ပိတ်ဖို့ သွေးမြေကျအားထုတ်ခဲ့ကြပြီး ယိုတုသတ္တဝါတွေ လောကစည်းကို ဖောက်မဝင်လာအောင် ဒီနေရာကို စောင့်ရှောက်ဖို့ ငါတို့အမွှေးဖြူလင်းနို့နတ်ဘုရားမျိုးနွယ်ကို တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ ငါတို့မျိုးဆက်မှာတော့ ငါတို့ညီအစ်ကိုနှစ်‌ယောက်ပဲ ကျန်တော့တယ်”

အမွှေးဖြူလင်းနို့နှစ်ကောင်မှာ စိတ်ညစ်နေသော အမူအရာများဖြင့် တစ်ကောင်ကိုတစ်ကောင် ကြည့်လိုက်ကြသည်။ နှစ်ကောင်လုံး၏မျက်နှာများမှာ ခြောက်ကပ်ရှုံ့တွနေသော လိမ္မော်သီးများပမာ ရှုံ့မဲ့နေကြ၏။

နှစ်ကောင်လုံးက အထီးများ ဖြစ်နေသည့်အတွက် မျိုးဆက်ပွားဖို့က ပြဿနာကြီးဖြစ်နေသည်။

ချင်မူ တခဏမျှ ဆွံ့အသွားပြီးနောက် ပြောလိုက်သည်။ “နောင်တော်တို့ကို ဒီနေရာရဲ့ အစောင့်အရှောက်ဖြစ်မယ် ထင်မထားခဲ့ဘူး။ ဒါပေမဲ့ နှစ်ယောက်လုံးက ညီအစ်ကိုလည်းဖြစ်၊ အထီးလည်း ဖြစ်နေတော့ နောင်တော်တို့ ဆုံးပါးသွားရင် ဘယ်သူက တစ္ဆေတောင်ကြားကို စောင့်ရှောက်မှာလဲ...”

“မပြောစမ်းနဲ့ကွာ” နှစ်ကောင်လုံးက ပြိုင်တူအော်ကြသည်။

“ဟုတ်ပါပြီ” ချင်မူ ဤအကြောင်းထပ်မပြောတော့ဘဲ မေးလိုက်၏။ “လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်တုန်းက ဖြစ်ရပ်ကို နောင်တော်တို့ မှတ်မိသေးလား။ အပြင်အာကာသက အလင်းတန်းတစ်တန်း ဒီနေရာကို ဝင်လာတာမျိုး ရှိခဲ့ဖူးလား”

“ဘာမှန်းမသိတဲ့ဟာကြီး ငါတို့အမွှေးဖြူလင်းနို့နတ်ဘုရားမျိုးနွယ်ရဲ့ ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ စည်းကို ဖောက်ဝင်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုတော့ ရှိခဲ့ဖူးတယ်” ဖုယွမ်ချိုးက ပြောသည်။

“အရင်တုန်းက သွားကြည့်ခဲ့သေးပေမယ့် အဲဒီနေရာက သိပ်အန္တရာယ်များတယ်ကွ။ အဲဒီနောက်ပိုင်း လူသားတွေ ရောက်လာကြလို့ ငါတို့တောင် နည်းနည်းပါးပါး စားလိုက်ကြသေးတယ်။ ဒါပေမဲ့ အတွင်းထဲ ဝင်သွားတဲ့လူတွေထဲက ပြန်ထွက်လာတဲ့လူ မရှိဘူး”

ချင်မူ ရုတ်ခြည်း စိတ်အားတက်ကြွသွားပြီး ကမန်းကတန်း မေးလိုက်သည်။ “ကောင်းကင်ကနေ ဘာပြုတ်ကျလာတာလဲ”

“သင်္ဘောတစ်စင်းပဲ။ အခု ကိုယ်တစ်ပိုင်းက ယိုတုစည်းထဲမှာ ၊ တစ်ပိုင်းက‌တော့ ဒီမြေစည်းထဲမှာ”

All Chapters