← Chapters

တစ္ဆေတောင်ကြား၏ အသူရာချောက်နက်

Vol. 22 Ch. 302

တစ္ဆေတောင်ကြား၏ အသူရာချောက်နက်

Vol. 22 Ch. 302

‘သင်္ဘောတစ်စင်း... ရွှင်ပျော်ပျော်ကျေးရွာက များလား’

ချင်မူ စိတ်လှုပ်ရှားလာသည်။ ရွာလူကြီးနှင့် လူငယ်ဂိုဏ်းချုပ်တို့က တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော သင်္ဘောတစ်စင်းကို ရှာတွေ့ခဲ့သော်လည်း ရွှင်ပျော်ပျော်ကျေးရွာသို့ မသွားနိုင်ခဲ့ပေ။ ဤသင်္ဘောက ရွှင်ပျော်ပျော်ကျေးရွာမှ ဆိုလျှင် သူ၏မွေးရပ်မြေသို့ ပြန်နိုင်မည်မဟုတ်လော...။

အမွှေးဖြူလင်းနို့နှစ်ကောင် ရှေ့မှသွားနေသောပုံစံက ကိုးရို့ကားရာနိုင်သည်။ အသံမထွက်ဘဲ ပျံသန်းနေကြ၍ ချင်မူသာ ဂရုမစိုက်လျှင် သူတို့ မည်သည့်နေရာကို ပြန်သွားမှန်း သိမည်မဟုတ်ပေ။ တစ်ခါတရံ သစ်ရွက်လှုပ်သံ  ထွက်လာတတ်ပြီး လင်းနို့နှစ်ကောင်သည် သစ်ပင်ထဲမှ တွဲလောင်းကျလာတတ်၏။ ထို့နောက် တောင်စောင်းကို တွဲလွဲခိုလျက် ပေါ်လာလိမ့်မည်။ ပြီးလျှင် တောင်ပံများခတ်ကာ တိတ်တဆိတ် ပျံသန်းသွားသည်။

တစ္ဆေတောင်ကြားထဲရှိ သတ္တဝါများက အလွန်ဆန်းကြယ်ပြီး ရန်သူကို တိုက်ခိုက်ပုံများကလည်း အင်မတန် ထူးဆန်း၏။ သို့သော် အမွှေးဖြူလင်းနို့နှစ်ကောင်က ဤနေရာ၏ အစောင့်အရှောက်များဖြစ်၍ ဤနေရာအကြောင်း ခရေစေ့တွင်းကျ သိလေသည်။ သူတို့ရှေ့မှ ဦးဆောင်နေသည့်အတွက် ချင်မူ၏ခရီးမှာ မည်သည့်အန္တရာယ်မှ မကြုံတွေ့ဘဲ ပေါ့ပေါ့ပါးပါး ရှိလှသည်။

တစ်ခါတရံ လင်းနို့ညီနောင်က တစ္ဆေတောင်ကြားထဲရှိ ဆန်းကြယ်သတ္တဝါများကို ဖမ်း၍ပင် စားတတ်သေးသည်။

“ဟီး ကံကောင်းချင်ရင် ဘယ်အရာမှ မတားနိုင်ဘူးဆိုတဲ့အတိုင်း လိပ်ဖလံတစ်ကောင်ကို တွေ့ပြီ”

လင်းနို့ညီနောင် ရေကန်တစ်ကန်အပေါ် ပျံသန်းသွားပြီး ကန်ထဲ ဒိုင်ဗင်ထိုးကာ သတ္တဝါတစ်ကောင် ဆွဲထုတ်လိုက်သည်ကို ချင်မူ မြင်လိုက်ရ၏။ ဤသတ္တဝါက ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ဆဋ္ဌဂံအမှတ်အသားများဖြင့် ဆဋ္ဌဂံပုံစံပိုးကောင်တစ်ကောင် ဖြစ်သည်။ ပိုးကောင်၏အစွယ်နှစ်ချောင်းက အလွန်ကြီးမားပြီး မာကျောလေသည်။

ပိုးကောင်၏ကျောပေါ်တွင် လူတစ်ယောက်အရွယ် အဖြူရောင်ဥများ ရှိသည်။ ဥတချို့က ပွင့်နေပြီး တစ်စုံတစ်ယောက်က အပြင်မှ သေသေသပ်သပ် ဖွင့်ထားသည်နှင့် တူသည်။

လိပ်ဖလံ၏အစွမ်းအစက ပေါ့ပေါ့သေးသေး မဟုတ်ပေ။ လိပ်ဖလံသည် လင်းနို့ညီနောင်နောက်သို့ အသာတကြည် လိုက်မလာ။ အဆိပ်စွယ်နှစ်ချောင်းက ရှည်ထွက်လာပြီး တဝုန်းဝုန်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာစေသည်။ လျှပ်စီးမိုးကြိုးများ လေထဲတွင် ဖွဲ့တည်လာပြီး လိပ်ဖလံကို ဝန်းရံလျက် ဖျိုးဖျိုးဖျစ်ဖျစ် မြည်နေ၏။ ဤသည်က ကြောက်စရာကောင်းသော မြင်ကွင်းဖြစ်ပေသည်။

လိပ်ဖလံက အဆိပ်ရည်များကို ထွေးထုတ်လိုက်သည်။ အဆိပ်ရည် မြေပြင်ပေါ် ကျသွားသည့်အခါ မြေကြီးသာမက ကျောက်တုံးများပင် အရည်ပျော်ကုန်၏။

ချင်မူ ရင်ထဲတုန်လှုပ်သွားသည်။ ဤလိပ်ဖလံ၏အစွမ်းအစက နဂါးချီလင်ထက် မလျော့ပေ။ မည်သည့်အရာကိုမဆို အရည်ပျော်သွားစေသော အဆိပ်ရည်သည် အမှန်တကယ် ကြောက်စရာကောင်း၏။

နဂါးချီလင်က ခုနစ်စဉ်ကြယ်အဆင့်နှင့် ကောင်းကင်နတ်အသွင်အဆင့်ကြားဖြစ်၍ သန်မာသည်။ သို့သော် လိပ်ဖလံ၏အဆိပ်ကို ကောင်းကင်နတ်အသွင်အဆင့်ပင် ခံနိုင်မည်မဟုတ်။

သို့ရာတွင် လင်းနို့နှစ်ကောင်က ပို၍ပင်သန်မာသည်။ ဖုယွီချိုး၏ပါးစပ်မှ အသံလှိုင်း၏ တုန်ခါမှုက လိပ်ဖလံကို မူးဝေသွားစေသည်။ ထိုအခါ လင်းနို့ညီနောင်က လိပ်ဖလံ၏ကျောပေါ် ခုန်ဆင်းကာ ပိုးကောင်ဥခွံနှစ်လုံးကို တံခါးဖွင့်သကဲ့သို့ ဖွင့်လိုက်ကြသည်။

သူတို့က ဥခွံထဲ ခုန်ဝင်ပြီးနောက် ချင်မူနှင့် နဂါးချီလင်ကို လက်ပြကာ လှမ်းအော်သည်။ “လာ မြန်မြန်လာကြ”

ချင်မူလည်း တွန့်ဆုတ်နေပြီးနောက် နဂါးချီလင်ကို လိပ်ဖလံ၏ကျောပေါ် ခုန်တက်စေလိုက်သည်။

ဖုယွီချွင်က ယခုမှမွေးလာသော ကြွက်တစ်ကောင်သဖွယ် ဥခွံထဲမှ သူ၏အမွှေးဖွားဖွားခေါင်းကို ပြူထွက်လိုက်ပြီး နားရွက်များ‌ထောင်သွားသည်။ “ဥတစ်လုံး ရှာပြီး အထဲမြန်မြန် ဝင်ပုန်းကြ။ ဒီလိပ်ဖလံ အမူးပြေ‌တော့မယ်။ ဒီကောင်ကြီးက ရေကူးကျွမ်းတဲ့အပြင် ရေထဲမှာ ဘုရင်ပဲ။ သူက ငါတို့ကို ကန်ကနေ မြစ်ထဲ သယ်သွားပြီး သူ့အသိုက်ရှိတဲ့ တွင်းထဲ ကူးသွားလိမ့်မယ်”

ချင်မူ ချီတုံချတုံ ဖြစ်နေသည်။ “ကျောပေါ်မှာပဲ ရပ်လို့မရဘူးလား”

“ဒီကောင်ကြီးက သိပ်သတိရှိပေမယ့် သူ့ကလေးတွေကိုတော့ တော်တော်ချစ်ချစ်။ ငါတို့ ဒီဥတွေထဲမှာ ပုန်းနေရင် ငါတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး။ ပြီးတော့ ငါတို့ကို တိုက်ခိုက်တဲ့အကောင်တွေကိုလည်း သတ်ပစ်လိမ့်မယ်” ဖုယွီချွင်က ရှင်းပြသည်။

ချင်မူ နဂါးချီလင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။ “မင်း ကိုယ်ချုံ့နိုင်လား”

နဂါးချီလင်၏ကိုယ်လုံးကြီးက လိပ်ဖလံ၏အရွယ်ထက် ခြောက်ကိုက်သာ သေးငယ်ရာ ဥထဲ၌ ပုန်းနေနိုင်မည်မဟုတ်ပေ။

နဂါးချီလင်က နှာခေါင်းရှုံ့၍ ကိုယ်လုံးကြီးကို လှုပ်ကာ ဖြည်းဖြည်းချင်း ချုံ့လိုက်သည်။ “ဂိုဏ်းသခင်က ကျွန်တော့်ကို အထင်သေးနေတာပဲ။ ဂိုဏ်းချုပ်က ကျွန်တော့်ကို စိတ်တိုင်းကျ ကိုယ်ချုံ့နိုင်အောင် သင်ပေးထားပါတယ်ဗျ”

သူက ခွေးကြီးတစ်ကောင်အရွယ်အထိ ချုံ့လိုက်သည်။ သည့်ထက်ပို၍ ချုံ့မရတော့ပေ။ ဗိုက်လုံးလုံးကြီးကို အတင်းအကြပ်ချပ်ရင်း ဖြစ်ညစ်ချုံ့သော်လည်း အကြောင်းမထူးပေ။ တခဏကြာသော် သူက ခပ်တိုးတိုး လှမ်းမေးသည်။ “ဂိုဏ်းသခင် ဒီလောက်ဆို အဆင်ပြေမယ်ထင်လားဟင်”

ချင်မူမှာ လုံးဝန်းနေသော နဂါးချီလင်ကို ကြည့်၍ အကြီးဆုံးဥကို ရှာလိုက်သည်။ အဖုံးဖွင့်ပြီး နဂါးချီလင်ကို မ,ချီကာ ဥထဲဝင်အောင် ထိုးထည့်လိုက်သည်။

“အခုလို အချီမခံရတာတောင် ကြာလှပေါ့” နဂါးချီလင်က အတိတ်ကို လွမ်းမောတမ်းတကာ ပြောသည်။

ချင်မူ နဂါးချီလင်၏ ဗိုက်ကြီးကို အားထည့်ဖိချသော်လည်း နဂါးချီလင်မှာ ဥထဲ၌ ပြည့်ကြပ်နေ၍ ထပ်ထည့်မရတော့ပေ။

ချင်မူက ဒေါပွသွားပြီး ဥအဖုံးကို နဂါးချီလင်၏ခေါင်းပေါ် တင်လိုက်သည်။ “ဒီအတိုင်းနေ မလှုပ်နဲ့”

နဂါးချီလင်မှာ ခေါင်း‌ပေါ်တင်ထားသော ဥအဖုံးပြုတ်ကျမည်စိုး၍ နည်းနည်းမှမလှုပ်ရဲပေ။ သူက သနားစဖွယ်မျက်နှာပေးဖြင့် ပြောသည်။ “ဂိုဏ်းသခင်၊ ကျွန်တော့်ကို အစာတော့ လျှော့မကျွေးဘူးမလားဟင်။ ကျွန်တော်က ဖွံ့ဖြိုးဆဲပဲ ရှိသေးတာ...”

ချင်မူ ဥခွံတစ်လုံး ဖွင့်ပြီး ခုန်ဝင်လိုက်သည်။ အထဲတွင် ဥအကာရည်တချို့ ရှိနေ‌သေးပုံရသော်လည်း အလွန်သက်တောင့်သက်သာရှိ၏။ စွမ်းအင်ဆေးလုံးများ စားနေရသကဲ့သို့၊ ဆေးရည်များ သောက်နေရသကဲ့သို့ ခံစားချက်ကို ရသည်။

စွမ်းအင်တချို့က သူ၏မွှေးညှင်းပေါက်များမှတစ်ဆင့် ကြွက်သားများ၊ သွေးကြောများ၊ ချီစီးဆင်းရာလမ်းကြောင်းများနှင့် ကိုယ်တွင်းအင်္ဂါများအထဲ ဝင်ရောက်၍ သူ၏ခန္ဓာကိုယ်၊ ဆံပင်များနှင့် အရေပြားအား သန်မာလာစေသည်ကို သူ ခံစားလိုက်ရသည်။

စွမ်းအင်များသည် သူ၏ဝိညာဉ်အထဲသို့ပင် ဝင်ရောက်၍ အားအင်ဖြည့်တင်းပေးနေ၏။

ချင်မူ တအံ့တဩ တရပ်၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်လိုက်ရာ ဥအကာရည်မှ စွမ်းအင်များ ပိုမိုဝင်ရောက်လာ၍  သူ၏မူလဝိညာဉ် သန်မာလာသည်ကို ခံစားလိုက်ရသည်။

‘ဥအကာရည်က စွမ်းအင်ဆေးလုံး‌တွေ၊ အံ့ဖွယ်ဆေးရည်တွေထက် ပိုအာနိသင်ရှိတာပဲ။ ငါ ဒီထဲမှ အကြာကြီး နေနိုင်ရင် ငါရဲ့မူလဝိညာဉ်က အတော်လေး သန်မာလာလိမ့်မယ်’

ချင်မူ တခြားဥများကို ကြည့်လိုက်ရာ အများစုက ဗလာကျင်းဖြစ်နေပြီဖြစ်သည်။ လိပ်ဖလံများက အရွယ်ရောက်လာ၍ ဥခွံထဲမှ ထွက်သွားကြခြင်းဖြစ်လိမ့်မည်။ မကွဲသေးသော ဥက နှစ်လုံး၊ သုံးလုံးသာ ရှိတော့သည်။

‘ငါတို့သွားမယ့် နေရာရောက်ရင် ဒီဥတွေကို ခိုးသွားရမယ်’

သူ ဤသို့တွေးလိုက်သည့်အချိန်မှပဲ လိပ်ဖလံကြီးက အမူးပြေသွားပြီး ခေါင်းတယမ်းယမ်းဖြင့် ကန်ထဲ ခုန်ဆင်းလိုက်သည်။

ဤကန်က မြစ်မှ ခွဲထွက်လာသော မြစ်လက်တက်တစ်ခုဖြစ်၍ လိပ်ဖလံကြီးက ရေကန်ထဲ ခုန်ဆင်းပြီးသည့်အခါ ပင်မစီးကြောင်းဆီ ကူးခတ်သွားသည်။ ထို့နောက် မြစ်ရေစီးကြောင်းနှင့်အတူ မျှောလိုက်ရင်း မြစ်နှစ်ဆင်းဆုံသည့် နေရာသို့ သွားနေ၏။

ဤမြစ်ရေသည် အလွန်ထူးဆန်း၏။ ရေထဲတွင် ယိုတုသတ္တဝါမျိုးစုံ နေထိုင်ကျက်စားနေကြသည်။ တစ်ကိုယ်လုံးအပြည့် မျက်စိများဖုံးနေသော ရှည်မျောမျောပိုးကောင်တစ်ကောင်၊ အကြေးခွံမရှိဘဲ ကြွက်သားစိုင်များဖောင်းကြွနေသော ငါးကြီးတစ်ကောင်၊ ချိတ်ကောက်သဖွယ် လက်တံပါးစပ်များဖြင့် ဆန်းကြယ်ပိုးကောင်တစ်ကောင်အပြင် ဝိညာဉ်များသဖွယ် လွင့်မျောနေသောအရာများလည်း ရှိကြသည်။

မြစ်ရေပြင်ထက်တွင် ကြာပန်းတချို့ကိုလည်း ချင်မူ တွေ့ရသည်။ ကြာပွင့်တချို့က နွမ်းခြောက်နေကြပြီး အလယ်၌ ကြာခွက်တစ်ခွက်စီ ရှိနေကြသည်။ ထိုကြာခွက်၏အပေါက်များမှ ဖြူဖြူတုတ်တုတ် မွေးကင်းစကလေးများ ထွက်လာကြ၏။ ကလေးများက ကိုယ်လုံးတီးကလေးများဖြင့် ဟိုလှုပ်သည်လှုပ် ကစားရင်း တခစ်ခစ် ရယ်မောနေကာ အပြစ်ကင်းရိုးသားပုံပေါက်နေသည်။

ရုတ်တရက် ကလေးတစ်ယောက်က ပါးစပ်ဖြဲလိုက်သည့်အခါ ကိုက်နှစ်ဆယ်ရှည်သော လျှာကြီး ထွက်လာပြီး ရေထဲရှိ ဆန်းကြယ်ငါးတစ်ကောင်အား ရစ်ပတ်လိုက်သည်။ ထို့နောက် လျှာက ပြန်၍ လိပ်ဝင်သွားပြီး ကလေးက ငါးတစ်ကောင်လုံးကို တစ်လုပ်တည်း စားပစ်လိုက်၏။ ငါးရိုးများသာ မြစ်ရေထဲ နစ်မြုပ်သွားကြသည်။

ထိုကလေးက မည်သည်ကိုမျှ မသိသည့်အလား ဆက်လက်ကစားနေပြီး တခစ်ခစ် ရယ်နေသည်။ သို့သော် များစွာမကြာခင်မှာပဲ ငှက်ကြီးတစ်ကောင်က ထိုးဆင်းလာပြီး ကလေးငယ်ကို သုတ်ချီကာ မြိုချလိုက်သည်။

‘ဒီယိုတုကမ္ဘာက မကောင်းဆိုးဝါးတွေက ဘာကြီးတွေတုန်း’ ချင်မူ တုန်လှုပ်သွားသည်။

နောက်ဆုံးတော့ လိပ်ဖလံသည် လင်းနို့ဖြူနှစ်ကောင်ပြောသည့် တွင်းနက်ကြီးဆီ ရောက်လာ၏။ တွင်းဟုခေါ်မည့်အစား ချောက်ဆိုလျှင် ပိုမှန်လိမ့်မည်။ မြစ်နှစ်စင်းက ထိုနေရာတွင် စုဆုံပြီး ရေများက ချောက်ထဲ တဝေါဝေါ ကျနေသည်။

အသူရာချောက်ထဲ ဆင်းတော့မည့်ဆဲဆဲတွင် လိပ်ဖလံက ရေထဲမှ လေပေါ် ခုန်ထွက်လိုက်ကာ တောင်ပံဖြန့်လိုက်သည်။ တောင်ပံအမာက နှစ်ဖက်ဖြစ်ပြီး တောင်ပံမာနှစ်ဖက်အောက်တွင် တောင်ပံပျော့နှစ်ဖက် ထပ်ရှိနေ၏။

တောင်ပံပျော့နှစ်ဖက်သည် ဓားသွားများပမာ ထက်မြနေ၏။ လိပ်ဖလံ ချောက်ထဲ ငိုက်စိုက်ပျံဆင်းလိုက်သည့်အခါ တောင်ပံပျော့နှစ်ဖက်က တုန်ခါပြီး တရွှီးရွှီး မြည်နေသည်။

ချင်မူတို့မှာ အရှိန်ကြောင့် ဥနံရံများကို ဝုန်းခနဲ ဝင်တိုက်သွားကြသည်။ ဥများက တောင်ပံမာနှစ်ဖက်အပေါ်၌ ကပ်ငြိနေပြီး လိပ်ဖလံ ပျံနေစဉ် တောင်ပံမာများက မလှုပ်ပေ။ တောင်ပံပျော့နှစ်ဖက်ကသာ မရပ်မနား ခတ်နေ၏။

ချင်မူ ဥထဲမှ ချောင်းကြည့်လိုက်ရာ ချောက်ကမ်းပါးနံရံထက်၌ ပေါက်နေသော မှိုပွင့်ကြီးများကို မြင်လိုက်ရသည်။ မှိုပွင့်ကြီးများက မျိုးမှုန်များကို မှုတ်ထုတ်ပေးနေပြီး မျိုးမှုန်များက ဒုဓလီပန်းများသဖွယ် တလက်လက် တောက်ပလျက် လေထဲတွင် လွင့်မျောနေကြသည်။

အရှိန်အဟုန်ပြင်းပြင်း ကျဆင်းနေသည့် ရေတံခွန်ထဲမှ ငါးကြီးများက မှိုမျိုးမှုန်များကို စားရန် ရံဖန်ရံခါ ခုန်ထွက်လာတတ်ကြသည်။ မျိုးမှုန်ကို စားလိုက်သည်နှင့် ငါးကြီးများ၏ ခန္ဓာကိုယ်များက ဖောင်းလာပြီး ပေါက်ကွဲသွားတတ်၏။ ထို့နောက် ငါး၏ကိုယ်ထဲမှ ဧရာမမှိုပွင့်ကြီးများ ထွက်လာလိမ့်မည်။

ဤမှိုများသည် လွန်စွာဆန်းကြယ်၏။ မျိုးမှုန်ကို စားလိုက်သည့် ငါး သို့မဟုတ် ပိုးကောင်၏အောက်ပိုင်းသာ ‌ပေါက်ကွဲသွားခြင်းဖြစ်ပြီး ကိုယ်အပေါ်ပိုင်းက အ‌ကောင်းတိုင်းကျန်သည်။ ထို့ကြောင့် အသက်မသေသေးပေ။ အောက်ပိုင်းက မှိုများဖြစ်လာ၍ ကြည့်ရဆိုးသွားခြင်းသာ ဖြစ်သည်။

မှိုများမှ အမြစ်ရှည်ရှည်များ ထွက်လာပြီး လေတွင် လှုပ်ယမ်းနေကြ၏။ တချို့က ကမ်းပါးနံရံအပေါ် ကျသွားကာ အမြစ်တွယ်လိုက်ကြသည်။ ထို့နောက် မှိုများမှ ပေါက်ဖွားလာသည့် ပိုးကောင်များနှင့် ငါးများက ထူးဆန်းသော ဗီဇပြောင်းသတ္တဝါများ ဖြစ်လာပြီး အမဲလိုက်ထွက်သွားကြသည်။

လိပ်ဖလံက ဆန်းကြယ်မှိုတို့၏ အလင်းရောင်ကို အားပြုကာ အောက်သို့ ပျံဆင်းနေသည်။ ဆန်းကြယ်မှိုမျိုးမှုန်များ၏ အလင်းရောင်ကြောင့်သာ အသူရာချောက်တစ်ချောက်လုံး ပိတ်ပိန်းမည်းမှောင်မနေခြင်း ဖြစ်၏။

မိုင်ပေါင်းများစွာ ဆင်းလာပြီးနောက် အသူရာချောက်၏ ကြမ်းပြင်ကို သူတို့ ရောက်သွားကြသည်။ ချောက်ကြမ်းပြင်က စိုထိုင်းထိုင်းရှိပြီး ပတ်ဝန်းကျင်တွင် သလင်းကျောက်တိုင်များ ပြည့်နေ၏။ သလင်းကျောက်တိုင်များသည် ထိုးဖောက်မြင်ရပြီး တလက်လက် တောက်ပနေရာ ချောက်ကြမ်းပြင်တစ်ခုလုံးအား ထွန်းလင်းနေ‌စေသည်။

လိပ်ဖလံက ဧရာမသလင်းကျောက်တိုင်ကြီးတစ်တိုင်၏ အပိုင်းအစတစ်ခုအပေါ်၌ အသိုက်ဖွဲ့ထား၍ အသိုက်နေရာဆီ ဆင်းသက်လိုက်သည်။ ထိုသို့ဆင်းလိုက်သည့်အချိန်မှာပဲ ဖုယွီချိုး၏ အသံလှိုင်းများကြောင့် မူးဝေသွားရပြန်၏။

လိပ်ဖလံဥအတွင်းရှိ စွမ်းအင်အလုံးစုံကို စုပ်ယူထားပြီးသည့် ချင်မူက လန်းဆန်းတက်ကြွစွာဖြင့် ဥထဲမှ ခုန်ထွက်လိုက်သည်။ သူက မကွဲသေးသော ဥသုံးလုံးဆီ ခပ်သွက်သွက် ပြေးကာ‌ ထောင်ကျယ်အိတ်ထဲ ထိုးထည့်လိုက်၏။

“ဂိုဏ်းသခင်၊ ကျွန်တော် ထွက်လို့မရဘူး” နဂါးချီလင်က သနားစဖွယ် လှမ်းခေါ်သည်။

ချင်မူ လျှောက်သွားပြီး နဂါးချီလင်၏ နားရွက်နှစ်ဖက်ကို ဆွဲ၍ အသားကုန်ဆွဲထုတ်လိုက်ရင်း စိတ်တိုတိုဖြင့် ပြောလိုက်သည်။ “မင်း ဒီလောက်ဝနေဦးမယ်ဆိုရင် မြေကြီးပဲ ကျွေးတော့မယ်”

“ကျွန်တော်က ပြည့်ရုံပဲပြည့်တာပါ။ မဝပါဘူး” နဂါးချီလင်က ခပ်တိုးတိုး ပြောသည်။

လင်းနို့နှစ်ကောင်က တိတ်ဆိတ်စွာ ပျံတက်ကာ ပြောသည်။ “အပြင်အာကာသကနေ ပြုတ်ကျလာတဲ့ သင်္ဘောကြောင့် ဒီတွင်းကြီး ဖြစ်လာတာ။ မြေကြီးအောက်ထဲအထိ ဝင်သွားတာတောင်မှ သင်္ဘောက ယိုတုကမ္ဘာစည်းကို အက်သွားစေသေးတယ်

“အဲဒီသင်္ဘောက အရှေ့နားလောက်မှာ။ ဒီကနေဆို သိပ်မဝေးဘူး။ ဒါပေမဲ့ ယိုတုရဲ့သတ္တဝါအများစုက အဲဒီမှာ နေ,နေကြတာ။ မြေအောက်ရေကြောအတိုင်း လိုက်သွားရင် ငါတို့ အဲဒီကိုရောက်လိမ့်မယ်”

ချင်မူ အမွှေးဖြူလင်းနို့နှစ်ကောင်နောက် လိုက်သွားပြီး သိပ်ဝေးဝေးမလျှောက်ရသေးခင် ချောက်ကြမ်းပြင်ထက်၌ အလောင်းများပြန့်ကြဲနေသည်ကို မြင်လိုက်ရသည်။ သူတို့က လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ပြီး အလောင်းများ၏ ပုပ်သိုးနေသောအခြေအနေအရ သေဆုံးခဲ့ကြသည်မှာ မကြာလောက်သေးပေ။

လင်းနို့ညီနောင်၏ ဦးဆောင်လမ်းပြမှုကြောင့် အန္တရာယ်တစ်စုံတရာမတွေ့ခဲ့သော်လည်း သူတစ်ယောက်တည်း တစ္ဆေတောင်ကြားကို ဖြတ်၍ ဤနေရာသို့ လာခဲ့လျှင် အသက်ကို ဖက်နှင့်ထုတ်ထားရလိမ့်မည်။

ဤနေရာသို့ ရောက်လာခဲ့ကြသူများက အဆင့်မြင့်သိုင်းသမားများဖြစ်ကြပြီး သိုင်းအဆင့်အနိမ့်ဆုံးကပင် ခုနစ်စဉ်ကြယ်အဆင့်ဖြစ်သည်။ မသေခင် သင်္ဘောကို မမြင်လိုက်ရခြင်းမှာ နှမြောဖွယ်ကောင်း၏။

များမကြာခင် ချင်မူ အရိုးစုတချို့ကို မြင်လိုက်ရပြီး အကြွင်းအကျန်များအရ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသားဖြစ်သည်။

ချင်မူက သက်ပြင်းချလိုက်ပြီး သူတို့ကို မြှုပ်ပေးရန် ကျောက်တုံးများကောက်တော့မည့်ဆဲဆဲတွင် ကျောက်တုံးများက ရုတ်တရက် ထပြေးပြီး မြစ်‌ရေထဲသို့ ဝှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။

သူတို့ ရှေ့ဆက်လျှောက်သွားသောအခါ ဗုဒ္ဓတရားသံများကို ကြားလိုက်ရသည်။

များစွာမကြာလိုက်ဘဲ ဗုဒ္ဓတရားသံများ လာနေရာသို့ သူတို့ ရောက်သွားပြီး ကျောက်ပလ္လင်များထက်၌ တင်ပျဉ်ဖွဲ့ထိုင်လျက် အဝါရောင်သင်္ကန်းခြုံထားသော ရဟန်းအိုနှစ်ပါးအား မြင်လိုက်ရ၏။ ပလ္လင်နှစ်ဆူအား ကျောက်ကမ်းပါးနံရံထဲတွင် ထွင်းထားခြင်းဖြစ်သည်။ ရဟန်းနှစ်ပါး၏ မျက်ခုံးမွှေးရှည်ရှည်များက ပလ္လင်အောက်အထိပင် ကျနေကြသည်။ သူတို့၏ရုပ်ကာလပ်မှ ဗုဒ္ဓတရားသံများက မရပ်မနား ထွက်နေပြီး ဗုဒ္ဓရောင်ခြည်တော်က မိစ္ဆာချီထုကို ခုခံရင်း လင်းလိုက်၊ မှိန်လိုက် ဖြစ်နေ၏။

“မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ရဟန်းတွေ” ချင်မူ တအံ့တဩ ရေရွတ်လိုက်မိသည်။ “ကံတော်ကုန်သွားကြပြီလား”

အမွှေးဖြူလင်းနို့နှစ်ကောင်လည်း အံ့အားသင့်နေကြသည်။ ဖုယွီချိုးက ပြောသည်။ “ဒီမြည်းခေါင်းတုံးနှစ်ယောက်က ဒီနေရာကို သူတို့အစွမ်းအစနဲ့သူတို့ ရောက်လာကြတာ။ ယိုတုကမ္ဘာကအကောင်တွေ သက်ရှိသတ္တဝါတွေကို အန္တရာယ်မပြုအောင် တားဖို့ တထာဂတက သူတို့ကို လွှတ်လိုက်တာလို့ ပြောကြတယ်။ ငါတို့လည်း ဘဝင်မကျပေမယ့် သူတို့ကို မနိုင်တော့ ဒီမှာ နေခွင့်ပြုလိုက်ရတယ်။ သူတို့က ဒီမှာ ဆယ်နှစ်ကျော်လောက် တရားထိုင်ပြီး ငါတို့ကိုလည်း အတော်လေးကူညီပေးခဲ့ကြတာ။ ‌လောကစည်းကျိုးပျက်တော့မလို ဖြစ်တဲ့အချိန်တိုင်း ကူပြီး ဖိနှိပ်ပေးခဲ့တယ်။ အားအင်ကုန်ခမ်းပြီး အခုလို သေသွားကြမယ်လို့ မထင်ထားခဲ့ဘူး...”

ဖုယွီချွင်က သက်ပြင်းချသည်။ “အရင်တုန်းက ဘုန်းကြီးအသားက အရသာရှိမှာပဲလို့ တွေးခဲ့ပေမယ့် အခုတော့ မစားချင်တော့ဘူး... အပြင်အာကာသက ပြုတ်ကျလာတဲ့ သင်္ဘောက အရှေ့မှာပဲ”

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မဆိုစလောက် တုန်လှုပ်သွား၏။

All Chapters