ရှေးဟောင်းလောကသခင်ခန္ဓာ
Vol. 22 Ch. 303
မြေအောက်နေရာသည် ကြီးမားကျယ်ပြော၏။ ချင်မူတို့အရှေ့တွင် တောင်တစ်လုံးမြင်ရပြီး တောင်၏အသွင်အပြင်က ဧရာမရုပ်တုကြီးတစ်ရုပ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် တူနေသည်။ ရုပ်တုကြီးက နှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားပြီး တစ်ကိုယ်လုံး အမည်းရောင်ကျောက်တုံးများ ဖုံးနေသော်လည်း မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်များကို အသေးစိတ်ထုဆစ်ပုံဖော်ထား၏။
ကိုယ်အပေါ်ပိုင်းသာ မြင်ရလေရာ ကိုယ်အောက်ပိုင်းက မြေကြီးထဲ နစ်နေခြင်းဖြစ်မည်။ သို့တည်းမဟုတ် လုံးလုံးမထုဆစ်ထားခြင်းလည်း ဖြစ်တန်ရာသည်။
ရုပ်တု၏အနောက် လေလယ်တွင် ရှေးဟောင်းသင်္ဘောတစ်စင်း ပျံဝဲနေ၏။ သင်္ဘော၏ကိုယ်တစ်ပိုင်းက ဤမြေပေါ်တွင် ဖြစ်ပြီး တစ်ပိုင်းကမူ ဧရာမမုခ်ဝကြီးတစ်ခုထဲ ထိုးဝင်နေသည်။ မုခ်ဝအပေါ်တွင် ပျားအိမ်ကဲ့သို့ ဆဋ္ဌဂံအတားအဆီးအစီအရင်များ ဖွဲ့တည်နေသော်လည်း သင်္ဘောဦးက မုခ်ဝကို ထိုးဖောက်ကာ တခြားကမ္ဘာထဲ ဝင်ရောက်နေသည်။
ဤမုခ်ဝသည် အမွှေးဖြူလင်းနို့များ ပြောခဲ့သည့် ယိုတုစည်း ဖြစ်လိမ့်မည်။
ရှေးနတ်ဘုရားများက သက်ရှိကမ္ဘာမှ ယိုတုကမ္ဘာသို့ သွားရန် လမ်းတစ်လမ်း ဖောက်ခဲ့သော်လည်း ယိုတုကမ္ဘာမှ သတ္တဝါများ ကျူးကျော်ဝင်ရောက်လာကြသည့်အတွက် နတ်ဘုရားများမှာ မတတ်သာဘဲ ဤနေရာကို စည်းချခဲ့ကြရသည်။ အမွှေးဖြူလင်းနို့နတ်ဘုရားမျိုးနွယ်မှာတော့ အစောင့်အရှောက်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ဤသင်္ဘော ပြုတ်ကျလာပြီး စည်းကို မချိုးဖျက်ခင်အထိ အရာအားလုံး ဆိတ်ငြိမ်အေးချမ်းခဲ့ကြ၏။
အတားအဆီးအစီအရင်များမှာ သင်္ဘောနှင့် ထိနေသောနေရာတွင် အားနည်းနေပြီဖြစ်သည်။ အက်ကွဲကြောင်းများလည်း ထိုနေရာမှစ၍ ဖြာထွက်နေသည်။
ထို့အပြင် ယိုတုကမ္ဘာ၏သတ္တဝါများက သင်္ဘောမှတစ်ဆင့် မဟာမြို့ပျက်ထဲ ဝင်ရောက်လာကြသည်။
ထူးဆန်းသောအသွင်သဏ္ဍာန်များဖြင့် ယိုတုသတ္တဝါများသည် သင်္ဘောပေါ်မှ ဆင်းလာတတ်ကြ၏။ တချို့က တောင်ပံဖြန့်လျက် ပျံဝဲနေကြပြီး တချို့က သင်္ဘောပေါ်မှ ခုန်ဆင်းကြသည်။ သို့သော် အတားအဆီးအစီအရင်များက လင်းခနဲ လက်ကာ ထိုသတ္တဝါတို့ကို တိတ်ဆိတ်စွာ ခေါင်းဖြတ်ပစ်တတ်သည်။
ဧရာမနတ်ဘုရားရုပ်တုကြီး၊ မုခ်ဝ၊ သင်္ဘော၊ ပျားအိမ်ပုံစံ ဆဋ္ဌဂံအတားဆီးအစီအရင်များ၊ ယိုတုသတ္တဝါများ... ဤမြေအောက်ကမ္ဘာသည် ထူးခြားဆန်းပြားလှ၏။
‘ဒီမုခ်ဝကို မြင်ဖူးသလိုပဲ....’
ချင်မူ မုခ်ဝကို ကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးကြောင်း ခံစားနေရသော်လည်း မည်သည့်နေရာမှန်း မမှတ်မိတော့ပေ။
“ဒီရဟန်းနှစ်ပါးက ဘယ်လိုကံကုန်သွားတာပါလိမ့်”
ချင်မူ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ရဟန်းနှစ်ပါး၏ သိုင်းစွမ်းရည်က အမွှေးဖြူလင်းနို့နှစ်ကောင်ထက် များစွာမြင့်မားသည့်အပြင် တထာဂတမိန့်ကြားတော်မူ၍ သူတို့ လာရောက်စောင့်ရှောက်ခဲ့ကတည်းက အေးချမ်းသာယာခဲ့၏။ မည်သည့်အတွက်ကြောင့် ကောင်ကာငင်ကာ ပျံလွန်တော်မူသွားကြသနည်း။
အမွှေးဖြူလင်းနို့နှစ်ကောင်က အားအင်ကုန်ခမ်း၍ ပျံလွန်တော်မူသွားကြသည်ဟု ပြောသော်လည်း အခြေအနေကိုကြည့်ရခြင်းအားဖြင့် ထိုမျှမရိုးရှင်းပေ။ ပျံလွန်တော်မူပြီးနောက်တွင်ပင် ရဟန်းအိုနှစ်ပါး၏ ရုပ်ကာလပ်များက ဗုဒ္ဓစွမ်းအင်ဖြင့် ယိုတို၏မိစ္ဆာချီထုကို ခုခံနိုင်သေးလေရာ ဤကိုယ်တော်နှစ်ပါး၏ သိုင်းအဆင့်က အတိုင်းထက်အလွန် မြင့်မားလိမ့်မည်။ ကောင်းကင်နတ်တံတားအဆင့် မဟုတ်သော်လည်း ထိုအဆင့်နှင့် သိပ်မဝေးလောက်ပေ။
သိုင်းအစွမ်းမြင့်မားသူများအနေဖြင့် မိစ္ဆာချီထု၏ တိုက်ခိုက်မှုကြောင့် အားအင်ကုန်ခမ်း၍ လွယ်လွယ်ကူကူ မသေဆုံးနိုင်ပေ။
သင်္ဘောမှတစ်ဆင့် ဤကမ္ဘာသို့ ဝင်ရောက်လာသည့် ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်ကောင်က ရဟန်းအိုနှစ်ပါးကို သတ်ခဲ့သည်လော။ တစ်စုံတစ်ခုက အတားအဆီးအစီအရင်များကို ဒေါသတကြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဟန်းနှစ်ပါးမှာ အားကုန်ထုတ်ခုခံရင်း မောပန်းကာ သေဆုံးသွားကြသည်လော။
မည်သို့ဖြစ်စေ ကောင်းသောကိစ္စမဟုတ်ပေ။ သင်္ဘောအနား သွားလိုလျှင် ကမ္ဘာအခြားတစ်ဖက်၌ ပုန်းအောင်းနေသော အန္တရာယ်များကို ချင်မူ ရင်ဆိုင်ရလိမ့်မည်။
‘မြေအောက်ဘုံအရှင်သခင် အုပ်စိုးတဲ့ ဝိညာဉ်ကမ္ဘာ ယိုတု။ မြေအောက်ဘုံရဲ့ မရဏတမန်တော်တွေက ဒီကမ္ဘာမှာ သေဆုံးသွားတဲ့ လူတွေရဲ့ ဝိညာဉ်ကို ယိုတုကမ္ဘာဆီ လမ်းပြပေးတယ်။ မရဏတမန်တော်တွေကို ငါ မြင်ခဲ့ဖူးတယ်။ သူတို့က မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲမှာ စက္ကူလှေတွေ ခေါက်နေကြတဲ့ ထူးထူးဆန်းဆန်းအဘိုးကြီးတွေပဲ။ ထူးဆန်းပေမယ့် အေးအေးဆေးဆေးနေကြတယ်လို့ ပြောလို့ရတယ်။ သူတို့အလုပ်ကို သွားမနှောင့်ယှက်သရွေ့ သက်ရှိတွေကို အန္တရာယ်မပြုဘူး’
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ မြေအောက်ဘုံအရှင်သခင်၏ ယိုတုကမ္ဘာတွင် ထူးခြားသည့် စည်းကမ်းသတ်မှတ်ချက်များ ရှိပုံရသည်။ မရဏတမန်တော်များက စည်းမျဉ်းများအတိုင်း တာဝန်ထမ်းဆောင်ပြီး မြေအောက်ဘုံအရှင်သခင်သည် သက်ရှိလောက၏ ကိစ္စများအား ဝင်မပါပေ။
သို့ဆိုလျှင် တစ္ဆေတောင်ကြားထဲရှိ ယိုတုသတ္တဝါများက မည်သည့်အရာများဖြစ်သည်နည်း။
ဤသတ္တဝါများသည် စွမ်းရည်မြင့်မားသည်၊ ထူးဆန်းသည်၊ မိစ္ဆာဆန်သည်၊ ရက်စက်သည်။ ချင်မူ တွေ့ခဲ့ဖူးသော ကောင်းကင်နတ်ဆိုးအုပ်ထက်ပင် ပို၍မကောင်းဆိုးဝါးဆန်သေးသည်။
ယိုတုသတ္တဝါများနှင့် ယှဉ်လိုက်လျှင် ကောင်းကင်နတ်ဆိုးအုပ်အား ကြင်နာတတ်သည်ဟု သတ်မှတ်နိုင်သေးလေသည်။
ချင်မူ ကောင်းကင်တွင်လည်းမဟုတ်၊ မြေပေါ်တွင်လည်းမဟုတ်သော သင်္ဘောကို မော့ကြည့်လိုက်သည်။ ပျားအိမ်သဖွယ် ဆဋ္ဌဂံအစီအရင်များက ဤသင်္ဘောကို ချုပ်ထားပြီး ဆဋ္ဌဂံတိုင်လုံးများက တစ်လုံးပေါ်တစ်လုံးထပ်လျက် လဲနေကြသည်။ တိုင်လုံးများသည် ဖန်သားဖြင့် တည်ဆောက်ထားသကဲ့သို့ ထိုးဖောက်မြင်နေရပြီး ရှေးနတ်ဘုရားများ စီရင်ခဲ့သော စည်းတံဆိပ်ကို ဖွဲ့တည်နေကြ၏။
သို့သော် မိစ္ဆာချီနှင့် ထူးဆန်းသောအငွေ့အသက်များက သင်္ဘောမှ စိမ့်ထွက်နေဆဲဖြစ်ပြီး သင်္ဘောအတွင်းထဲမှ တစ္ဆေခြောက်သံလိုအသံအား ကြားနေရသည်။ ယိုတုကမ္ဘာ၌ ငရဲခံနေရသော သရဲဝိညာဉ်များ အော်ဟစ်နေသည့်အလား ထင်ရသည်။
ချင်မူ စိတ်အားတင်းပြီး ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါ၍ လူခေါင်းမြွေကိုယ် စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်သည်။ သူ့လက်ထဲတွင် စာလိပ်တစ်လိပ်ကိုင်ထားပြီး ကောင်းကင်အလိုတော်မုခ်ဝက သူ့ကျောနောက်၌ ဖွဲ့တည်လာ၏။ သူ၏မြွေကိုယ်က ရှေ့သို့လျှောဆင်းသွားပြီး အရှေ့ရှိ နတ်ဘုရားရုပ်တုကို ရှောင်ကွင်း၍ သင်္ဘောထဲဝင်ရန် လေပေါ်ကြွတက်သွားသည်။
အမွှေးဖြူလင်းနို့နှစ်ကောင်မှာ အလန့်တကြား ထခုန်ပြီး တောင်ပံတဖတ်ဖတ်ခတ်လျက် ချင်မူ့ကို စပ်စပ်စုစု ကြည့်နေကြသည်။ “အသွင်ပြောင်းသွားပြန်ပြီ။ နွားကနေ လူ၊ လူကနေ မြွေဖြစ်ပြန်သဟ”
“ဒီမုခ်တံခါးက အဆန်းသား။ အထဲဝင်ကြည့်လိုက်ဦးမယ်” ဖုယွမ်ချွင်က ကောင်းကင်အလိုတော်မုခ်ဝကို တွန်းဖွင့်ပြီး တစ်ချက်ကြည့်ရန် ပြင်လိုက်သည်။
“ဒီတံခါးရဲ့အလွန်မှာ ယိုတုကမ္ဘာရှိတယ်။ ယိုတုကမ္ဘာထဲ ဝိညာဉ်ရောက်သွားပြီး သေချင်ရင်တော့ ဖွင့်ကြည့်လိုက်ပေါ့” ချင်မူ လေးနက်စွာ ပြောလိုက်သည်။
ဤသို့ပြောပြီးသောအခါ သူ့နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး လေလယ်တွင် ရပ်၍ သူ့အရှေ့ရှိ မုခ်ဝကြီးအား ငေးကြည့်မိလိုက်သည်။
ကောင်းကင်အလိုတော်မုခ်ဝ
မှော်အစီအရင်များဖြင့် စည်းတားခံထားရသော ဤမုခ်ဝက ကောင်းကင်အလိုတော်မုခ်ဝ ဖြစ်နေသည်။
သို့ဆိုလျှင် ရုပ်တုက မည်သည့်ရုပ်တုနည်း။
ချင်မူ ခေါင်းကို ခဲရာခဲဆစ် လှည့်၍ နတ်ဘုရားရုပ်တုအား လှမ်းကြည့်လိုက်သည်။
ရုပ်တုနှင့် ကောင်းကင်အလိုတော်မုခ်ဝက ချင်မူ၏ လက်ရှိအသွင်နှင့် တူနေသည်မဟုတ်ပါလား...
“ဒါ ရုပ်တုမဟုတ်ဘူး။ ငါ့လို စနေဂြိုဟ်အသွင်ကို ပေါက်မြောက်အောင် ကျင့်ကြံထားတဲ့ လူတစ်ယောက်ပဲ”
ချင်မူ အကြီးအကျယ် တုန်လှုပ်သွားသည်။ စနေဂြိုဟ်အရှင်သခင်အသွင်က လူခေါင်းနှင့်မြွေကိုယ် ရှိသော်လည်း ကောင်းကင်အလိုတော်မုခ်ဝနှင့် စာလိပ်ပေါ်လာအောင် လူတိုင်း မကျင့်ကြံနိုင်ပေ။ နှစ်ငါးရာမှ တစ်ယောက်ပေါ်ထွန်းသည့် ပါရမီရှင်ဟု ကျော်ကြားသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပင် ဤအသွင်ကို မကျင့်ကြံနိုင်ခဲ့ပေ။
ဤအသွင်သည် အပြီးပြည့်စုံဆုံး အသွင်ဖြစ်၏။
စနေဂြိုဟ်အရှင်သခင်အသွင်က လောကသခင်ခန္ဓာ၏ အမှတ်သညာတစ်ခုဖြစ်သည်ဟု ချင်မူ တွေးခဲ့ဖူးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသခင် မည်သည့်နည်းနှင့်မျှ သူ့လောက် သန်မာမလာနိုင်ဟု ယုံကြည်ရသည့် အကြောင်းရင်းလည်းဖြစ်သည်။
ယခုတွင် ကောင်းကင်အလိုတော်မုခ်ဝကို အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့သော နောက်တစ်ယောက်အား မြင်တွေ့ရလေပြီ။
“ဒါက ရှေးဟောင်းလောကသခင်ခန္ဓာလား။ ဘာကြောင့် အခုလို ကျောက်ရုပ်ဖြစ်သွားတာလဲ”
ချင်မူ လေထဲတွင် တိတ်ဆိတ်စွာ ရပ်၍ နတ်ဘုရားရုပ်တုကို ကြည့်နေသည်။ ဤသည်က နတ်ဘုရားရုပ်တုမဟုတ်ပေ။ ကျောက်ရုပ်ဖြစ်သွားသည့် စနေဂြိုဟ်အရှင်သခင်အသွင် နတ်ဘုရားတစ်ပါးဖြစ်၏။ သူ၏ကိုယ်အောက်ပိုင်းက မြေထဲ နစ်နေလိမ့်မည်။
သူ၏ကောင်းကင်အလိုတော်မုခ်ဝက ယိုတုနှင့် သက်ရှိကမ္ဘာကို ဆက်သွယ်နေသော မုခ်ဝဖြစ်လာခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ယခုလိုထိန်းချုပ်မရ ဖြစ်သွားခဲ့သည်ကို ပြောနိုင်ဖို့ ခက်ခဲသည်။ ဤဖြစ်ရပ်ကြောင့် ယိုတု၏သတ္တဝါများက မုခ်ဝအပြင်ထွက်လာပြီး သက်ရှိကမ္ဘာတွင် သောင်းကျန်းကြသဖြင့် ဤမုခ်ဝကို ရှေးနတ်ဘုရားများ ပိတ်ခဲ့ခြင်းဖြစ်မည်။
‘အဲ့ဒီလိုဆိုရင် သူ ဘယ်လိုကျောက်ရုပ်ဖြစ်သွားတာလဲ၊ သူ့ကို ကျောက်ရုပ်ဖြစ်အောင် လုပ်ခဲ့တာက ဘယ်သူလဲ’
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ ဤရှေးဟောင်းလောကသခင်ခန္ဓာက မည်သည့်အရာကို ကြုံတွေ့ကာ ယခုအခြေအနေသို့ ရောက်ခဲ့ရသနည်း။ သူ သေဆုံးသည့်အခါ ကောင်းကင်အလိုတော်မုခ်ဝက မည်သည့်အတွက်အကြောင့် မပိတ်ဘဲ၊ မပျောက်ကွယ်ဘဲ ရှိရသနည်း။ အဘယ်သို့ပြု၍ ဤမုခ်ဝက ယိုတုနှင့် သက်ရှိလောကအကြားက တံခါးပမာ ဖြစ်လာခဲ့သနည်း။
ရှေးနတ်ဘုရားများက ယိုတုနှင့် သက်ရှိကမ္ဘာအကြားတွင် မုခ်ဝတစ်ခု ဖွင့်ခဲ့သည်ဟု လင်းနို့နှစ်ကောင်က ဆိုခဲ့သည်။ ထိုအရာက မည်သည်ကို ဆိုလိုသနည်း။
ထိုစဉ်တုန်းက ဖြစ်ပျက်ခဲ့သော မတော်တဆမှုနှင့်ပတ်သက်၍ ဤလင်းနို့ညီနောင် သိထားသည်လား။
ချင်မူ စိတ်ပြန်ထိန်းပြီး ရှုပ်ထွေးနေသော အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူက ခေါင်းပြန်လှည့်၍ သင်္ဘောဆီ လျှောဆင်းသွား၏။ မဟာမြို့ပျက်ကပ်မဆိုက်ခင် နှစ်များအတွင်း ထူးဆန်းသောအရာများစွာ ဖြစ်ပျက်ခဲ့ကြသည်။ ထိုဖြစ်ရပ်များက အနာဂတ်မျိုးဆက်သစ်များ အမှန်တရားကို ဖော်ထုတ်ဖို့ လာရောက်ဖွင့်ကြည့်မည်ကို စောင့်စားရင်း ဖုန်တက်နေသော သမိုင်းစာအုပ်များသဖွယ် ဖြစ်လာခဲ့သည်။
သို့သော် ချင်မူမှာ သိုင်းစွမ်းရည်နိမ့်ကျနေသေး၍ ဖြစ်ရပ်အားလုံး၏ နောက်ကွယ်က လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သည့် အစွမ်းအစမရှိပေ။
သူက အပြင်အာကာသမှ သင်္ဘောဆီ ပျံသန်းသွားပြီး ဂရုတစိုက် အနားကပ်လိုက်သည်။ နီးကပ်သွားလေလေ၊ သင်္ဘော၏ ကြီးမားလှသော အရွယ်အစားကို ခံစားလာရလေလေ ဖြစ်၏။
မှန်သည်၊ နေသင်္ဘော၊ လသင်္ဘောနှင့် ယှဉ်လျှင် ဤသင်္ဘော၏အရွယ်အစားက မပြောပသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောပျံများနှင့် ယှဉ်လိုက်လျှင် များစွာကြီးမားပေသည်။
သင်္ဘောက သေမျိုးလူ့ပြည်မှ သင်္ဘောနှင့်မတူ။ ကိုယ်ထည်ပေါ်တွင် ဆန်းပြားသောမှော်သင်္ကေတများကို ရေးထိုးခတ်နှိပ်ထား၏။ မှော်သင်္ကေတအများစုမှာ ပျက်နေပြီဖြစ်သော်လည်း တချို့ကတော့ လက်ခနဲ လက်ခနဲ တောက်ပသွားတတ်သေးသည်။ တောက်ပပြီး ပြန်မှိန်သွားသည့်အချိန်အတွင်း မှော်သင်္ကေတများ၏ ပုံသဏ္ဍာန်က ပြောင်းလဲသွားတတ်သည်။ ချင်မူသာ အသေးစိတ်ကြည့်လိုက်လျှင် မှော်သင်္ကေတများ၏ အသွင်အပြင်ကြောင့် အံ့အားသင့်သွားလိမ့်မည်။
သို့ရာတွင် ချင်မူ့တွင် မှော်သင်္ကေတများကို ကြည့်ရန် အချိန်မရှိ။ သူက သင်္ဘော၏အမြီးပိုင်းသို့ တိတ်တဆိတ် ချဉ်းကပ်လိုက်ကာ သင်္ဘော၏အစိတ်အပိုင်းအများစုမှာ ပျက်စီးနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ပင်မကိုယ်ထည်ကတော့ အကောင်းတိုင်း ရှိသေး၏။
ရှေးနတ်ဘုရားများ၏ အတားအဆီးအစီအရင်များက သူ့ကိုသော်လည်းကောင်း၊ လင်းနို့များကိုသော်လည်း ပစ်မှတ်မထားပေ။ ယိုတုသတ္တဝါများအတွက်သာ စီရင်ထားခြင်းဖြစ်၍ သက်ရှိကမ္ဘာသားများအား အန္တရာယ်မပြုပေ။
ချင်မူ သင်္ဘောပေါ် ဆင်းလိုက်သည်။ သူ့အနောက်မှ နဂါးချီလင်နှင့် အမွှေးဖြူလင်းနို့နှစ်ကောင်လည်း ကုန်းပတ်ပေါ် သက်ဆင်းလိုက်ကြ၏။ ကုန်းပတ်ပေါ်တွင် အစိမ်းရောင်အရည်ချွဲချွဲများ ဖုံးနေပြီး မှိန်ပျပျတောက်ပနေသည်။ ချင်မူ ရေကွက်တစ်ကွက်အပေါ်မှ မတော်တဆ လျှောသွားမိ၍ ရုတ်ခြည်း ဘေးခုန်လိုက်ရာ ချွဲကျိကျိအရည်များမှ အမျှင်များ ကပ်ပါလာသည်။
ဖုယွီချိုးက ချွဲကျိကျိအရည်များကို လက်ဖြင့် ကိုင်ကာ အနံ့ရှူကြည့်သည်။ “အသတ်ခံလိုက်ရတဲ့ ပိုးကောင်တွေရဲ့ အကြွင်းအကျန်တွေပဲ ဖြစ်မယ်”
နဂါးချီလင်က ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၍ မီးလုံးများ ပျံထွက်လာပြီး ကုန်းပတ်အပေါ်ရှိ ချွဲကျိကျိအရည်များကို မီးလောင်တိုက်သွင်းလိုက်၏။
ရုတ်တရက် သင်္ဘော၏ပဲ့ပိုင်းမှ မိစ္ဆာချီစွမ်းအင်လုံးတစ်လုံး ပျံထွက်လာပြီး နဂါးချီလင်၏ မီးလုံးမှာ ရုတ်ခြည်း အငြှိမ်းခံလိုက်ရသည်။ ဖုယွီချိုးနှင့် ဖုယွီချွင်က ချင်မူ့အရှေ့သို့ ဖျတ်ခနဲ ရောက်လာပြီး ပါးစပ်များဖွင့်လျက် ကြိမ်နှုန်းမြှင့်အသံလှိုင်းများ ထုတ်လွှတ်လိုက်သည်။ အသံလှိုင်းများက မိစ္ဆာချီထုကို ဝင်တိုက်သွား၏။
အုန်း
မမှန်းဆနိုင်လောက်အောင် ကြီးမားသော အားလှိုင်းတစ်လှိုင်းက အမွှေးဖြူလင်းနို့နှစ်ကောင်ကို တွန်းထုတ်လိုက်သည်။ သူတို့အနောက်ရှိ ချင်မူနှင့် နဂါးချီလင်ပင် လေပေါ် မြောက်တက်သွား၏။
အကုန်လုံး ပြန်ပြုတ်ကျလာကြပြီး စိုးရိမ်စိတ်များဖြင့် အရှေ့ကို ကြည့်လိုက်ကြသည်။
သူတို့၏အရှေ့တွင် အမှောင်ထုက အသိစိတ်ရှိနေသကဲ့သို့ သူတို့ဆီ လာနေ၏။ နဂါးချီလင်က မာန်သွင်းဟိန်းဟောက်၍ ကိုယ်ကို လှုပ်ခါလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်လာပြီး အရွယ်အစားကြီးမားလာသည်။ နဂါးကြေးခွံများ အချင်းချင်း ပွတ်တိုက်သွားသဖြင့် ခပ်စူးစူးအသံများ ထွက်လာ၏။ တခဏအတွင်း နဂါးချီလင်က ရုပ်သွင်အစစ်ကို ဖော်ပြပြီး နဂါးတစ်ပိုင်း ချီလင်တစ်ပိုင်းသားရဲအသွင် ပြောင်းသွား၏။ မီးလျှံလျှပ်စီးများက သူ၏ခန္ဓာကိုယ်မှ တဖွားဖွား ဖြာထွက်ပြီး သင်္ဘော၏အတွင်းပိုင်းထဲ ပြေးဝင်သွားကြသည်။
နဂါးချီလင်က ပါးစပ်ဟကာ မီးလျှံလျှပ်စီးများ မှုတ်ထုတ်လိုက်၏။
သူ၏စွမ်းရည်သည် အံ့ဖွယ်ထူးကဲ၍ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်များပင် ဤသိုင်းကွက်အား ပွတ်သီလေးသာ ရှောင်နိုင်လိမ့်မည်။ သို့သော် တလိပ်လိပ်လာနေသော အမှောင်ထုထဲ ဝင်သွားသည့်အခါ လှိုင်းဂယက်လေးပင် ထမသွားပေ။
အမွှေးဖြူလင်းနို့နှစ်ကောင်က တောင်ပံတဖတ်ဖတ် ခတ်ပြီး လေလယ်တွင် ဝဲပျံလိုက်ကြသည်။ သူတို့၏ကိုယ်ပေါ်မှ အမွှေးဖြူဖြူများက မိုးပေါက်များသဖွယ် ပျံထွက်သွားပြီး အဖြူရောင်အပ်ချွန်များပမာ အမှောင်ထုအတွင်း တိုးဝင်သွားကြ၏။
ထို့နောက် လင်းနို့ညီနောင်မှာ အမွှေးများကို ပြန်ခေါ်လိုက်သော်လည်း မည်မျှခေါ်ခေါ် အမွှေးများက ပြန်ထွက်မလာတော့ပေ။ သူတို့မှာ အမွှေးကျွတ်သွားသော ကြွက်ကြီးများသဖွယ် တခိုက်ခိုက် တုန်နေကြတော့သည်။
အမှောင်ထုက မနှေးလွန်း၊ မမြန်လွန်းသောအရှိန်ဖြင့် ဆက်လက်လာနေသည်။ ညင်ညင်သာသာ ရယ်လိုက်သံတစ်သံ ထွက်လာပြီး နားမလည်သော ဘာသာစကားဖြင့် စကားတစ်ခွန်းပြောလိုက်၏။
အသံက နတ်ဘုရားသံလည်းမဟုတ်၊ မိစ္ဆာသံလည်း မဟုတ်။ ဗုဒ္ဓတရားသံမဟုတ်သည်က ပို၍ပင်သေချာသေးသည်။
ရုတ်တရက် ချင်မူ၏အမူအရာ မဆိုစလောက် ပြောင်းလဲသွားပြီး သူ သိထားသည့် ယိုတုစကားများသာ ပြောလိုက်သည်။
အမှောင်ထုက ရုတ်ခြည်း ရပ်သွားပြီး သူတို့ဆီ မလာတော့ဘဲ နောက်ပြန်ဆုတ်သွား၏။ အမွှေးဖြူဖြူများ ပြန်လည်ပျံထွက်လာကာ အမွေးဖြူလင်းနို့နှစ်ကောင်၏ကိုယ်ပေါ် ပြန်ရောက်လာ၍ သူတို့အား အမွှေးစုတ်ဖွားခွေးများနှင့် တူသွားစေသည်။
အမွှေးဖြူလင်းနို့နှစ်ကောင်မှာ စိတ်ရှုပ်ထွေးသွားသော်လည်း ခန္ဓာကိုယ်ကို လှုပ်ခါ၍ သူတို့၏အမွှေးဖြူဖြူများအား မွှေးညှင်းပေါက်များအတွင်း ပြန်စိုက်သွားစေလိုက်၏။