← Chapters

ပန်းချီကားထဲမှ အဘိုးအို

Vol. 22 Ch. 304

ပန်းချီကားထဲမှ အဘိုးအို

Vol. 22 Ch. 304

ပန်ကုန်းစုန်နှင့် မှော်ဆရာတို့အုပ်စုသည် အသူရာချောက်၏ ပါးစပ်ဝအထိ ရောက်လာကြ၏။ မန်သီလူရိုင်းနယ်မြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်အရေအတွက်မှာ တစ်ရာပင် မပြည့်တော့ချေ။ တစ္ဆေတောင်ကြား၏ ဆန်းကြယ်တောအုပ်ထဲတွင် ကျန်လူများအားလုံး ကျဆုံးသွားခဲ့ကြသည်။

ယခင်တုန်းက ဤနေရာကို လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်မှော်ဆရာများစွာ လာရောက်လေ့လာထားပြီးဖြစ်သော်လည်း ဤတစ်ခေါက်ခရီးစဉ်တွင် အသေအပျောက် များခဲ့သေးလေသည်။

ပန်ကုန်းစုန်ကမူ မည်သူသေသေ၊ ငတေ မာလျှင်ပြီးရော ဆိုသည့် လူစားမျိုးဖြစ်သည်။ ဤစစ်သည်များ၊ အဆင့်မြင့်မှော်ဆရာများသာမက မှော်ဆရာဘုရင်များ၏အသက်ကပင် သူ့အတွက် အရေးမပါပေ။ ဤလူများကို ခေါ်လာရသည့် ရည်ရွယ်ချက်က သူ့ကို ကာကွယ်ပေးရန်၊ သူတို့၏အလောင်းများကို နင်း၍ တစ္ဆေတောင်ကြားကို ဖြတ်သွားရန်သာ ဖြစ်သည်။

နှစ်တစ်သောင်း နေထိုင်လာခဲ့သော မကောင်းဆိုးဝါးအိုကြီး ဖြစ်သည့်အားလျော်စွာ ပန်ကုန်းစုန်က မည်သူ့အသက်ကိုမှ တန်ဖိုးထားမည်မဟုတ်ပေ။ သူ့ကိုယ်သူသာ တန်ဖိုးထား၏။

“နောက်ဆုံး‌တော့ ရောက်ပြီ”

ပန်ကုန်းစုန် အသူရာချောက်ကမ်းပါးတွင် ရပ်၍ မျှော်လင့်ချက်များဖြင့် အောက်ငုံ့ကြည့်လိုက်သည်။ လွန်ခဲ့သည့် ဆယ့်ခြောက်နှစ်ကမှ တစ္ဆေတောင်ကြားကို သူ မျက်စိကျခဲ့ခြင်းဖြစ်သည်။

အပြင်အာကာသမှ သင်္ဘောပျံတစ်စင်း တစ္ဆေ‌တောင်ကြားထဲ ပြုတ်ကျလာသည့်ဖြစ်ရပ်က အင်အားစုသုံးစု၏ အာရုံကို ဆွဲဆောင်ခဲ့၏။ လိုလန်ရွှေနန်းတော်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်တို့ ဤနေရာကို စိတ်ဝင်စားခဲ့ကြသည်။ သို့သော် ထိုအချိန်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်း၌ ဂိုဏ်းသခင်မရှိသေးပေ။ မဟာမိုးခြိမ်းသံကျောင်းတော်ကလည်း လျှို့ဝှက်ချက်တချို့ သိရှိထားခဲ့၍ လာရောက်ရှာဖွေခဲ့ခြင်း မရှိခဲ့ပေ။

ထိုအချိန်တုန်းက ပန်ကုန်းစုန်မှာ အိုမင်းနေပြီဖြစ်၍ ကိုယ်တိုင်မလာခဲ့ဘဲ လိုလန်ရွှေနန်းတော်ထဲတွင် ဇာတ်မြုပ်ကာ ပြန်လည်မွေးဖွားရာ ကောင်းကင်သားတော်ကို စောင့်နေခဲ့သည်။ သို့သော် မှော်ဆရာဘုရင်တစ်ဦး တစ္ဆေတောင်ကြားမှ ယူလာသည့် ဓားကျိုးကြောင့် အပြင်အာကာသမှ သင်္ဘောသည် သာမန်မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့၏။

ပြန်လည်မွေးဖွားပြီးသည်နှင့် သူ ဤနေရာသို့ ထွက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် လွမ်သီခန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကျူး‌ကျော်တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အတွက် ရေကန်အသင့်၊ ကြာအသင့်ဖြစ်သွားပြီး လွမ်သီခန်၏ တပ်ဖွဲ့ကို ငှားကာ ဤနေရာသို့ ဝင်လာနိုင်ခဲ့လေသည်။

“ကောင်းမူ၊ မင်းတို့တွေ ခံစားရလား” ပန်ကုန်းစုန်က တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။ “ဒီနေရာမှာ ဝိညာဉ်တွေကို ဖြိုခွဲပြီး ဒီဆန်းကြယ်သတ္တဝါတွေကို မွေးဖွားလာစေတဲ့ ဝိညာဉ်စွမ်းအင်တွေ ပြည့်နေတယ်။ ဒီနေရာက ငါတို့လိုမှော်ဆရာတွေ ကျင့်ကြံအားထုတ်ဖို့ အကောင်းဆုံး အထွတ်အမြတ်မြေပဲ”

သူ့ဘေးရှိ အဆင့်မြင့်မှော်ဆရာများနှင့် မှော်ဆရာဘုရင်များသည် သူတို့၏ဝိညာဉ်များ တဆတ်ဆတ် တုန်ခါ‌နေသည်ကို ခံစားနေကြရ၏။ ဤနေရာ၏ လေအငွေ့အသက်က သူတို့၏ယင်ဝိညာဉ်များ ၊ ယန်ဝိညာဉ်များ နှင့် မူလဝိညာဉ်များအား ပျော်ရွှင်မြူးထူးစွာ ကခုန်စေနေစေသည်။

ဤနေရာတွင် ယင်ဝိညာဉ်၊ ယန်ဝိညာဉ်စွမ်းအင်များ ပြည့်သျှံကိန်းဝပ်နေ၏။ ယန်စွမ်းအင်နှင့် ယင်စွမ်းအင်၏ ‌ပေါများကြွယ်ဝမှုက လိုလန်ရွှေနန်းတော်ထက် များစွာသိပ်သည်းနေသည်။

လမ်းတစ်လျှောက်တွင် ကြုံတွေ့ရင်ဆိုင်ခဲ့ကြရသော တစ္ဆေတောင်ကြား၏ ဆန်းကြယ်သတ္တဝါများက မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များအတွက် အိပ်မက်ဆိုးကြီးပမာ ဖြစ်သည်။ သို့သော် ဤအဆင့်မြင့်‌မှော်ဆရာများအတွက်မူ သက်ရှိစွမ်းအင်အားဖြည့်ဆေးလုံးများနှင့် တူသည်။ မှန်၏၊ ယခုလိုဆေးလုံးမျိုးက အတန်ငယ် အန္တရာယ်များလေသည်။

သက်ရှိတို့၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များကို အသုံးပြုခြင်းက မူလအဆင့်မြင့်မှော်ဆရာအောက်လမ်းကျင့်စဉ် ဖြစ်ပေသည်။

မှော်ဆရာဘုရင်ကောင်းမူက အသူရာချောက်နက်အတွင်းမှ မြောက်တက်လာနေသော လေကို လောဘတကြီး ရှိုက်သွင်းလိုက်သည်။ လေထဲရှိ ဝိညာဉ်စွမ်းအင်က ပို၍ပင်သိပ်သည်း၍ သူက တအံ့တဩ စုပ်သပ်လိုက်မိ၏။ “ကျွန်တော်တို့ရဲ့ လိုလန်ရွှေနန်းတော်သာ ဒီနေရာမှာ အခြေချနိုင်ရင် မှော်ဆရာစွမ်းရည်ကို နှစ်ဆမြန်မြန် မြှင့်တင်နိုင်လိမ့်မယ်။ ဒီနေရာက ယန်ဝိညာဉ်စွမ်းအင်နဲ့ ယင်ဝိညာဉ်စွမ်းအင်က မူလဝိညာဉ်ကိုတောင် တိုးတက်လာစေနိုင်ပါတယ် မင်းသား”

ယင်ဝိညာဉ်များနှင့် ယန်ဝိညာဉ်များတွင် သန်မာအားကောင်းသော လိုလန်ရွှေနန်း‌တော်က မူလဝိညာဉ်များတွင်လည်း သန်မာမည်မှာ ယုံမှားဖွယ်မရှိပေ။ ယင်ဝိညာဉ်၊ ယန်ဝိညာဉ်၊ မူလဝိညာဉ်များနှင့်ပတ်သက်၍ သူတို့၏ကျင့်စဉ်အသိက လွန်စွာနက်ရှိုင်း၏။ ကျန်အထွတ်အမြတ်မြေများနှင့် မဟာမိုးခြိမ်းသံကျောင်းတော်ပင် သူတို့ကို မယှဉ်နိုင်ပေ။

သက်ရှိတို့၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များကို အသုံးပြုသည့် သူတို့၏အောက်လမ်းကျင့်စဉ်ကြောင့်သာ အမြဲကဲ့ရဲ့ရှုံ့ချခံရခြင်းဖြစ်သည်။ ဤနေရာကို သိမ်းပိုက်နိုင်လျှင် လိုလန်ရွှေနန်းတော်သည် ဤနေရာ၏ ယင်နှင့်ယန်ဝိညာဉ်စွမ်းအင်ကို စုပ်ယူကာ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အဆင့်တစ်ခုအထိ တိုးတက်အောင်မြင်သွားလိမ့်မည်။

မြက်ခင်းလွင်ပြင်အထွတ်အမြတ်မြေ၏ တိုးတက်အောင်မြင်မှုက အလယ်ပိုင်းလွင်ပြင်များ၏ ထီးနန်းကို အုပ်စိုးကာ အလယ်ကမ္ဘာမြေအတွင်းရှိ အထွတ်အမြတ်မြေအားလုံးကို ဖိနှိပ်ထားနိုင်လိမ့်မည်။

“အရေးကြီးတာက အဲ့ဒါမဟုတ်ဘူး။ အပြင်အာကာသက သင်္ဘောပျံပဲ” ပန်ကုန်းစုန်က မျှော်လင့်ချက်အပြည့်ဖြင့် တိုးညှင်းညင်သာစွာ ပြောသည်။ “ငါ့ကို ဆွဲဆောင်နေတာက ယင်နဲ့ယန်ဝိညာဉ်စွမ်းအင်တွေကို ဘယ်လိုအသုံးချရမလဲမဟုတ်ဘူး။ လူသားတွေရဲ့ အကန့်အသတ်စည်းဘောင်ကို ချိုးဖျက်ပြီး အဆင့်တက်နိုင်မယ့် နည်းလမ်း၊ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မယ့် နည်းလမ်းပဲ။ ဒီသင်္ဘောမှာ ငါ လိုချင်တာ ရှိလောက်တယ်....”

ပန်ကုန်းစုန်က မည်သည်ကိုမျှ ထပ်မပြောတော့ဘဲ ခုန်ဆင်းလိုက်သည်။ အဆင့်မြင့်မှော်ဆရာများ၊ မှော်ဆရာဘုရင်များနှင့် ကျန်ရှိနေသေးသော မန်သီလူရိုင်းနယ်မြေ စစ်သည်များက နောက်မှခုန်ဆင်းပြီး သူ့ကို ဝန်းရံလိုက်ကြသည်။

ပန်ကုန်းစုန်က နှစ်တစ်သောင်းတိုင် နေထိုင်ခဲ့သည့်အတွက် လျှို့ဝှက်ချက်ပေါင်းများစွာ သိထား၏။ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းကဲ့သို့ အထွတ်အမြတ်မြေများက မှတ်တမ်းတင်ထားသော သမိုင်းကြောင်းများကို အားပြုသည်။ သူကတော့ သူ၏မှတ်ဉာဏ်ကိုသာ အားကိုး၏။ သူ ကြုံတွေ့ဖြတ်သန်းခဲ့ရသေ အရာများက များပြားလွန်းသည်မဟုတ်ပါလော။

သူ၏သက်တမ်းက မဟာမိုးခြိမ်းသံကျောင်းတော် တည်ရှိခဲ့သည့်ကာလကိုသော်လည်းကောင်း၊ တာအိုဂိုဏ်းတည်ရှိခဲ့သည့် ကာလကိုသော်လည်းကောင်း မကျော်လွန်သော်လည်း သူသည် ထိုအထွတ်အမြတ်မြေနှစ်မြေ၏ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူး၏။ ကျောက်စိမ်းမြို့တော်ငယ်ကိုလည်း သွား‌ရောက်ကာ မှတ်တမ်းတင်ထားသည့် လျှို့ဝှက်ချက်များကို ဖတ်ရှုခဲ့ဖူးသည်။

‘ဒီသင်္ဘောက လူသားတွေ နတ်ဘုရားဖြစ်လာနိုင်သေးတဲ့ လျှို့ဝှက်ဆန်းကြယ်ကမ္ဘာကနေ ရောက်လာခဲ့တာပဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သင်္ဘောဆီ ရောက်အောင် သွားပြီး အဲဒီကမ္ဘာကို ရွက်လွှင့်မယ်’ သူက သူ့ဘာသာ တွေးလိုက်သည်။

အသူရာချောက်ကြမ်းပြင်သို့ ဆင်းနေစဉ် ထူးခြားဆန်းပြားသော သတ္တဝါမျိုးစုံက သူတို့ကို တိုက်ခိုက်ကြသည်။ စစ်သည်များ၊ အဆင့်မြင့်မှော်ဆရာများနှင့် မှော်ဆရာဘုရင်များက သိုင်းကွက်များ ထုတ်ဖော်ကာ ပန်ကုန်းစုန်ကို အစွမ်းကုန်ကာကွယ်ပေးကြသည်။ လူတစ်ဒါဇင်ကျော် ဆုံးရှုံးလိုက်ရပြီးနောက်တွင် ချောက်ကြမ်းပြင်သို့ သူတို့ ရောက်လာကြ၏။

သင်္ဘောပေါ်တွင် ချင်မူက နောက်ဆုတ်သွားသော မိစ္ဆာချီအမှောင်ထုကို ကြည့်ပြီး တွန့်ဆုတ်သွား၏။

မိစ္ဆာချီထုထဲတွင် ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတစ်ကောင် သေချာပေါက် ရှိနေသည်။ မကောင်းဆိုးဝါးက ယိုတုသတ္တဝါတစ်ကောင်ဟုတ်မဟုတ် သူ မသိသော်လည်း စွမ်းရည်က အမွှေးဖြူလင်းနို့နှစ်ကောင်ထက်ပင် သန်မာသည်။ သို့သော် ယိုတုစကားလေးတစ်ခွန်းတည်းဖြင့် ဤမကောင်းဆိုးဝါးက နောက်ဆုတ်သွားရာ အတန်ငယ် မသင်္ကာစရာကောင်းနေသည်။

မိစ္ဆာချီထု ဆုတ်သွားပြီးနောက် စူးစူးဝါးဝါး တစ္ဆေ‌ခြောက်သံများလည်း တိတ်ဆိတ်သွားသည်။ ပတ်ဝန်းကျင်သည် အလွန်ငြိမ်သက်သွားပြီး ယိုတုကမ္ဘာမှ အုံလိုက်ကျင်းလိုက် ထွက်လာနေသည့် ဆန်းကြယ်သတ္တဝါများလည်း ပျောက်ကွယ်သွား၏။

တိတ်ဆိတ်မှုကြောင့် အခြေအနေက ပို၍ပင် ထူးဆန်းလာသည်။

“ရဟန်းနှစ်ပါး အားအင်ကုန်ခမ်းပြီး ကံတော်ကုန်သွားအောင် လုပ်ခဲ့တဲ့ မကောင်းဆိုးဝါးက ဒီသင်္ဘောပေါ်မှာ ဖြစ်ရမယ်”

ချင်မူ မျက်မှောင်ကြုတ်သွား၏။ သင်္ဘောတစ်စင်းလုံးက တိတ်ဆိတ်နေခြင်းက ချောက်ချားစရာကောင်းနေသည်။

“ဖက်တီးနဂါး၊ ယွီချွင်၊ ယွီချိုး အထဲဝင်ကြည့်ရအောင်။ အန္တရာယ်တွေ့တာနဲ့ ချက်ချင်း ပြန်ထွက်ကြမယ်” ချင်မူ အလေးအနက် ပြော၍ ရှေ့တစ်လှမ်းလှမ်းလိုက်သည်။

ဖုယွီချွင်နှင့် ဖုယွီချိုးက တောင်ပံတဖတ်ဖတ်ခတ်လျက် သူ့အရှေ့ ရုတ်ခြည်း ရောက်လာကြသည်။ အမွှေးဖြူလင်းနို့နှစ်ကောင်က ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ ပျံသန်းနေကြ၏။ နဂါးချီလင်က အနောက်မှကာရင်း လိုက်ပါလာသည်။

သူတို့အဖွဲ့သည် သင်္ဘော၏ ဘယ်အခြမ်းမှ အရှေ့လျှောက်သွားပြီး အလယ်သို့ ရောက်သည့်အခါ ပျားအိမ်အစီအရင်များကို တွေ့လိုက်ရသည်။ အစီအရင်များက လွန်စွာပြွတ်သိပ်နေ၍ အက်ရာများမှ မိစ္ဆာချီအနည်းအကျဉ်းသာ စိမ့်ထွက်နေသည်။

ရုတ်တရက် သူ့တို့ဘေးနံရံမှ ကျွီခနဲ မြည်သံကြားလိုက်ရပြီး တံခါးတစ်ချပ် ပွင့်သွားသည်။ မှိန်ပျပျအလင်းရောင်က အတွင်းထဲမှ လာနေ၏။

လင်းနို့နှစ်ကောင်က တံခါးကို ရှောင်လိုက်ပြီး တံခါး၏ဘေးနှစ်ဖက်တွင် တွဲလောင်းခိုကာ အခန်းထဲ လည်ဆန့်ကြည့်လိုက်ကြသည်။

ဤနေရာက သင်္ဘောကုန်းပတ်ပေါ်ရှိ အဆောက်အဦမှ အခန်းတစ်ခန်းဖြစ်၏။ အခန်းက ကိုက်နှစ်ဆယ် အကျယ်အဝန်းရှိပြီး ကျောက်စိမ်းစားပွဲများ၊ ပန်းချီများဖြင့် အလှဆင်ထားသည်။ ကျောက်စိမ်းစားပွဲပေါ်ရှိ ဖယောင်းတိုင်များက ထွန်းလင်းနေပြီး ကြေးဗျိုင်းရုပ်၏ ပါးစပ်ထဲတွင် အမွှေးတိုင်အိုးတစ်အိုး ရှိနေသည်။ အငွေ့မျှင်များက အမွှေးတိုင်အိုးမှ ကွေးကောက်လိမ်ပတ်လျက် လွင့်လူတက်လာသည်။

အခန်းထဲတွင် လူသူအရိပ်အယောင်မရှိသော်လည်း ဖယောင်းတိုင်များနှင့် အမွှေးတိုင်အိုးကို ကြည့်ရခြင်းအားဖြင့် မကြာသေးမီက တစ်ယောက်ယောက် နေသွားပုံပေါ်နေသည်။

“ဒီနေရာမှာ ဘာအန္တရာယ်မှမရှိဘူး” ဖုယွီချွင်က ပြောသည်။

ချင်မူ အစိမ်းရောင်ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာတွင် ပြဿနာတစ်စုံတရာ မတွေ့ရပေ။ အနီရောင်ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သည့်အခါတွင်လည်း မည်သည့်အရာကိုမှ မတွေ့ရသေးပေ။

သူတို့ အခန်းထဲ ဝင်လိုက်ပြီး ဟိုဟိုသည်သည် လျှောက်ကြည့်လိုက်ကြသည်။ ဖုယွီချိုးက ပြောသည်။ “ထူးဆန်းတယ် ဒီတံခါးက အရင်က တစ်ခါမှ မပွင့်ခဲ့ဖူးဘူး။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ပွင့်လာရတယ်လို့....”

“တစ်ခါမှ မပွင့်ခဲ့ဖူးဘူးလား” ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။

လင်းနို့ညီနောင်က ပြိုင်တူခေါင်းညိတ်ကြသည်။ “ငါတို့အားနဲ့ ဖွင့်တာတောင်မှ သင်္ဘောပေါ်က ဘာတံခါးကိုမှ ဖွင့်မရခဲ့ဘူး။ တကယ် ထူးဆန်းတယ်”

အခန်းထဲတွင် တောင်တန်းစိမ်းစိမ်းများနှင့် ရေပြင်ပြာပြာကို ရေးခြယ်ထားသော ပန်းချီကားမှအပ ပစ္စည်းများများစားစား မရှိပေ။ ပန်းချီထဲရှိ မြစ်လယ်ခေါင်တွင် လှေငယ်တစ်စင်းရှိပြီး အဘိုးအိုတစ်ဦးက လှေဦး၌ ထိုင်ကာ ငါးမျှားနေသည်။ အမွှေးဖြူလင်းနို့တစ်ကောင်က ကျောက်စိမ်းစားပွဲအရှေ့ သွား၍ ဖယောင်းတိုင်တစ်တိုင် ယူချင်သော်လည်း မ,မနိုင်၍ လက်လျှော့လိုက်ရသည်။

ချင်မူ အခန်းကို လှည့်ပတ်ကြည့်နေစဉ် တစ်စုံတစ်ယောက် ကြည့်နေသကဲ့သို့ ခံစားရသော်လည်း အကြည့်လာရာကို ရှာမတွေ့ပေ။ သူ သတိအနေအထား ဖြစ်သွားသည်။

သူ့အကြည့်က ဟိုဟိုသည်သည် ပြေးလွှားနေသော်လည်း အကြည့်ခံနေရသည့် ခံစားချက်က ကျန်နေသေးသည်။

သူ၏ချီစွမ်းအင်က ကြေးမုံအသွင်ပြောင်းကာ ပတ်ဝန်းကျင်ကို ထင်ဟပ်ပြသလိုက်သည်။ ထိုအချိန်တွင် ပန်းချီကားထဲရှိ ငါးမျှားနေသောအဘိုးအိုက သူတို့အုပ်စုအား တိတ်တိတ်လေး ခေါင်းလှည့်ကြည့်နေသည်ကို သူ မြင်လိုက်ရ၏။

ချင်မူ ချာခနဲ လှည့်၍ ပန်းချီကားအရှေ့ ခုန်လိုက်သည်။ အဘိုးအိုမှာ ထိတ်လန့်သွားပြီး ငါးမျှားတံကို ပစ်ချကာ ထွက်ပြေးလိုက်သည်။ သူက ပန်းချီကားထဲမှ နံရံအပေါ် လျင်မြန်သွက်လက်စွာ ခုန်ကူးပြီး တံခါးပေါက်တစ်ပေါက်မှ ထွက်ကာ ပျောက်ကွယ်သွားသည်။

ချင်မူ ချက်ချင်း သူ့နောက်လိုက်၍ တံခါးအပြင် ပြေးထွက်လိုက်သည့်အခါ တံခါးက ဒုန်းခနဲ ပိတ်သွားသည်။ ချင်မူမှာ အံ့အားသင့်သွားပြီး နောက်ဆုတ်လိုက်၏။ သူ့ကျော၌ လွယ်ထားသော ရွှင်ပျော်ပျော်ဓားက မြောက်တက်ကာ ရေလှိုင်းဓားချက်အသွင်ဖြင့် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူက အနောက်ရှိတံခါးကို ပြန်တွန်းဖွင့်ရင်း အလျင်စလို ပြောလိုက်သည်။။ “ဖုနောင်တော်တို့၊ ဖက်တီးနဂါး မြန်မြန်လာ။ ဖုနောင်တော်တို့...”

ချင်မူ မှင်သက်သွားသည်။ ဤအခန်းက သူ ပထမဆုံးဝင်ခဲ့သည့် အခန်းမဟုတ်တော့ပေ။ အမျိုးသမီးတစ်ယောက်၏ ဇာချည်ပန်းထိုးရာ အခန်းတစ်ခန်းဖြစ်သွား၏။

သူ ဝင်လာသည့်အခန်းက ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။

အမွှေးဖြူလင်းနို့နှစ်ကောင်နှင့် နဂါးချီလင်က တံခါးကို ကပျာကယာ တွန်းဖွင့်လိုက်ကြသော်လည်း မြင်လိုက်ရသည်က အခန်းအလွတ်သာ ဖြစ်၏။ ချင်မူကား မရှိတော့ပေ။ သူတို့၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး အခန်းတံခါးတစ်ချပ်ပြီးတစ်ချပ် ဖွင့်ကြည့်ကြသော်လည်း ချင်မူ၏အရိပ်အယောင်ကိုပင် မမြင်ရသေးပေ။

“မဟုတ်သေးဘူး” နဂါးချီလင်က သူ့နောက်ရှိ တံခါးကို တွန်းဖွင့်ကာ ခေါင်းပြူကြည့်လိုက်သည်။ “ဒါ ငါတို့ လာခဲ့တဲ့ အခန်းမဟုတ်ဘူး။ ဒီသင်္ဘောပေါ်က အခန်းတွေနဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်”

အမွှေးဖြူလင်းနို့နှစ်ကောင်က ဖွင့်လိုက်သည့် တံခါးကို ပြန်ပိတ်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်ကြည့်သည့်အခါ အခန်းက စောစောကအခန်း မဟုတ်တော့ကြောင်း တွေ့လိုက်ရသည်။ သူတို့ ထိုအတိုင်း ထပ်လုပ်ကြည့်ကြပြီး ပြန်ပိတ်ပြန်ဖွင့်လိုက်တိုင်း အခန်းက ပြောင်းလဲသွား၏။

“ငါတို့တော့ သေပြီဟေး” ဖုယွီချွင်က မျက်နှာဖြူဖပ်ဖြူ‌လျော်ဖြင့် တုန်လှုပ်စွာ ပြောသည်။ “ငါတို့ သူ့ကို ရှာမတွေ့ရင် အဆိပ်ထတာနဲ့ ငါတို့ အမွှေးဖြူလင်းနို့နတ်ဘုရားမျိုးနွယ် မျိုးတုံးသွားလိမ့်မယ်”

“ချောက်ချားမနေနဲ့” နဂါးချီလင်က ပြောလိုက်သည်။ “အခန်းတွေက ကျိန်းသေအကန့်အသတ်ရှိမှာပဲ။ အဆုံးမရှိတာ လုံးဝမဖြစ်နိုင်ဘူး။ ငါတို့ အရင်အခန်းကို ရှာတွေ့တာနဲ့ အခန်းအလှည့်အပြောင်းကို ခန့်မှန်းလို့ရလိမ့်မယ်။ ဟုတ်သား မင်းတို့နှစ်ကောင်ရဲ့ သင်္ချာစွမ်းရည်က အခြေအနေဘယ်လိုလဲ”

ချင်မူ ရင်ထိတ်သွားပြီး ဇာချည်ပန်းထိုးအခန်းထဲ ဝင်လိုက်သည်။ သူက တံခါးကို ပြန်ပိတ်ရင်း တွေးနေ၏။ ‘ဒီတံခါးကပဲ ငါဝင်သွားတာပါ။ ဘာလို့တံခါးပိတ်ပြီး ပြန်ဖွင့်လိုက်တာနဲ့ နောက်အခန်းတစ်ခန်း ပြောင်းသွားတာလဲ။ နေရာဟင်းလင်းပြင်တစ်ခုအပေါ် တစ်ခုထပ်လိုက်တဲ့ နည်းတစ်နည်းရှိကို ရှိလိမ့်မယ်။ ဒီသင်္ဘောက ကြီးပေမယ့် အခန်းတွေကတော့ အကန့်အသတ်တစ်ခုထိပဲ ရှိမှာ။ အရေအတွက်က အကန့်အသတ်ရှိနေသေးသရွေ့ အလှည့်အပြောင်းကို ငါတို့ တွက်ချက်နိုင်တယ်’

ချင်မူ စိတ်ငြိမ်ငြိမ်ထား၍ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဇာချည်ပန်းထိုးအခန်းရှိ နံရံကပ်မီးအိမ်များက လင်းနေပြီး နံရံများအပေါ်တွင် ပန်းထိုးပန်းချီများ ချိတ်ဆွဲထား၏။ ပန်းချီများအောက်၌ အလုပ်စားပွဲတစ်လုံးရှိသည်။ စားပွဲထက်တွင် ဖုန့်ဟွမ်ငှက်များနှင့် နဂါးများဆော့ကစားနေသည့် ပုံရိပ်အား ပန်းထိုးထားသော လက်ကိုင်ပဝါတစ်ထည်ကို တွေ့မြင်ရသည်။

စာရေးစားပွဲက အတန်ငယ် လှမ်းသည်။ စာရေးစားပွဲပေါ်တွင် စုတ်တံ၊ မှင်၊ စက္ကူများနှင့် မှင်သွေးကျောက် တင်ထားပြီး ‌ထိုင်စရာဖျာတစ်ချပ် ခင်းထား၏။ စာရွက်ပေါ်ရှိ မှင်က မခြောက်သေးပေ။

‘အဝါရောင်လေပြေလေးကြောင့် ရေစက်လေးတွေဟာ ဟိုမှသည် ရွေ့လျားသွားတယ်။ အာရုံကို ဖမ်းစားနေတဲ့ လူ့ပြည်ရဲ့ ညခင်း၊ ကောင်းကင်တမျှ လှပနေတဲ့ သဘာဝနဲ့ အလင်းရောင်။ အဘယ်အရာက တုနှိုင်းယှဉ်နိုင်မည်နည်း’

စုတ်ချက်က မပြေမပြစ် ပြတ်တောက်သွားသည်။ အရေးပေါ်ကိစ္စတစ်ခု ပေါ်လာ၍ စာရေးသူမှာ ဆက်မရေးနိုင်ခဲ့ခြင်းဖြစ်မည်။

ချင်မူ လက်ရေးကို လေ့လာပြီး ချီးကျူးလိုက်သည်။ ‘လက်ရာက ငါ့အောက် မကျဘူး။ တင့်တယ်ကြော့ရှင်းတယ်’

ဤအခိုက်အတန့်တွင် ပန်းချီကားထဲမှ အဘိုးအိုက သူ့အရှေ့ရှိ စာသားထဲ ဝင်လာပြီး မျက်တောင်ခတ်ပြသည်။ ချင်မူက သရော်ပြုံးပြုံး၍ စုတ်တံဖြင့် ဖိရန် ပြင်လိုက်သည့်အခါ အဘိုးအိုက စားပွဲပေါ် ခုန်ထွက်လိုက်သည်။ ထို့နောက် နံရံပေါ် တက်ပြေးပြီး နောက်တံခါးတစ်ချပ်ထဲ ထွက်ပြေးသွား၏။

ချင်မူက စုတ်တံကို ကိုင်လျက် သူ့နောက် အပြေးလိုက်သွားးသည်။ ပန်းချီထဲမှ အဘိုးအိုက နောက်အခန်းတစ်ခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွား၍ သူ မည်သည့်နေရာတွင် ပုန်းအောင်းနေမှန်း ချင်မူ မသိ‌တော့ပေ။

ချင်မူ အခန်းထဲ ဝင်၍ လှည့်ပတ်ကြည့်လိုက်သည်။ အခန်းက စာကြည့်ခန်းဖြစ်ပြီး စာအုပ်များက အလွန်ရှေးကျ၏။ သူ တစ်အုပ်ထုတ်ကာ ဖွင့်ကြည့်ချင်သော်လည်း မည်မျှအားထည့်အားထည့် ဖွင့်မရပေ။

ရုတ်တရက် ပန်းချီကားထဲမှ အဘိုးအိုက စာအုပ်ထဲမှ ခုန်ထွက်၍ နောက်တစ်အုပ်ထဲ ဝင်သွားသည်။

ချင်မူလည်း ထိုစာအုပ်ကို မြန်မြန်ဆန်ဆန် ဆွဲလိုက်ရာ ဤတစ်ကြိမ်တွင် ဖွင့်နိုင်သွားသည်။ စာအုပ်လှန်ကြည့်လိုက်သည့်အခါ အိမ်ထောင်စုစာရင်းစာအုပ်ဖြစ်ကြောင်း တွေ့လိုက်ရ၏။

‘ပထမမျိုးဆက် ခိုင်ဧကရာဇ် ချင်၊ နာမည်က ရဲ့၊ လောကကို အုပ်စိုး‌သော အရှင်.....’

ချင်မူ မှင်သက်သွားမိသည်။ ‘ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ်’က ခိုင်ဧကရာဇ်လား။ ဒီခိုင်ဧကရာဇ်ရဲ့ မျိုးရိုးကလည်း ငါ့လိုပဲ ချင်လား’

အိမ်‌ထောင်စုစာရင်းစာအုပ်က ချင်မျိုးရိုးတိုင်း၏ အိမ်ထောင်စုကို မှတ်တမ်းတင်ထား၍ အလွန်ထူသည်။ ပန်းချီကားထဲမှ အဘိုးအိုကို ရှာဖို့ ချင်မူ စာရွက်များ လှန်လိုက်သည်။ နောက်ဆုံးစာမျက်နှာရောက်သည့်အခါ စာတစ်ကြောင်းသာ တွေ့လိုက်ရ၏။

‘၁၀၇ ဆက်မြောက် မျိုးဆက်၊ ဟန်ကျန်း၏သားတော် ဖုန်းကျင့်’

ထိုနာမည်နောက်မှစ၍ အိမ်ထောင်စုစာရင်းက ပြတ်တောက်သွားသည်။

All Chapters