မြွေနတ်ဘုရား
Vol. 22 Ch. 305
ပန်ကုန်းစုန်နှင့် မှော်ဆရာများလည်း သင်္ဘောဆီ ရောက်လာကြသည်။ တစ္ဆေတောင်ကြား၏ ဆန်းကြယ်သတ္တဝါများထံမှ ထူးဆန်းသောတိုက်ကွက်များကြောင့် လမ်းတစ်လျှောက်လုံး လူအယောက်နှစ်ဆယ့်သုံးယောက်ကျော် ထပ်မံကျဆုံးခဲ့ရသည်။
“အရှင့်သား ဒီရဟန်းနှစ်ပါးရဲ့ ကျင့်စဉ်စွမ်းအင်က မနိမ့်ကျပါဘူး။ တထာဂတအဆင့်နီးနီး ရှိတော်မူပါတယ်”
မှော်ဆရာဘုရင်ကောင်းမူက ကျောက်ကမ်းပါးနံရံထဲ ထွင်းထားသည့် ပလ္လင်များအထက်တွင် တင်ပျဉ်ဖွဲ့ထိုင်နေတော်မူသော ရဟန်းအိုနှစ်ပါးကို ကြည့်ပြီး မျက်လံးများ အရောင်တောက်လာသည်။ “သူတို့ရဲ့ရုပ်ကာလပ်နဲ့ ရတနာတစ်ပါး သွန်းလုပ်လို့ရလောက်တယ်။ ကျွန်တော်မျိုး သွားယူလိုက်မယ်”
ပန်းကုန်စုန်က မည်သည်ကိုမျှမပြောသည့်အတွက် မှော်ဆရာဘုရင်ကောင်းမူက သူ့လူများအား ကျောက်ကမ်းပါးနံရံထဲရှိ ပလ္လင်ဆီ ခေါ်သွားကြသည်။
ရဟန်းအိုနှစ်ပါးမှာ ပျံလွန်တော်မူသွားပြီဖြစ်သော်လည်း ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးတောက်ပနေဆဲ ဖြစ်၏။ ဗုဒ္ဓသံ၏ တုန်ခါမှုဖြင့် ရဟန်းနှစ်ပါး၏ ရုပ်ကာလပ်က စိမ့်ဝင်ရောက်လာသည့် မိစ္ဆာချီထုကို ခုခံနေကြသည်။ ရဟန်းနှစ်ပါး၏ ရုပ်ကာလပ်ကို သယ်မလိုက်သည်နှင့် ပျားအိမ်အစီအရင်များ၏အနောက်ရှိ မိစ္ဆာချီထုက ပြင်းပြင်းထန်ထန် တုန်ခါ၍ အစီအရင်များကို တဝုန်းဝုန်း ဝင်တိုက်ရာ အစီအရင်များမှာ အားနည်းလာတော့သည်။
မိစ္ဆာချီစွမ်းအင်က အစီအရင်များမှ ရုတ်ခြည်း စိမ့်ထွက်လာပြီး အစီအရင်များမှာလည်း ဝင်တိုက်ခံနေရခြင်းကြောင့် အက်ကွဲကြောင်းများ ထလာသည်။ အက်ကွဲခဲ့ပြီးသားနေရာများကလည်း ပိုမိုဟလာကြသည်။
အစီအရင်များ၏အနောက်မှ ဒုတ်ခနဲ အသံသဲ့သဲ့ ထွက်လာ၍ မိစ္ဆာချီထုက အစီအရင်များ၏အနောက်သို့ ပြန်ဆုတ်သွားပြီး တဝုန်းဝုန်းဝင်တိုက်သံများ ငြိမ်ကျသွား၏။
တိတ်ဆိတ်သွားခြင်းက ထူးဆန်းသည်။
“နောက်ဆုံးတော့ ငါ နတ်ဘုရားဖြစ်လာနိုင်မယ့် မျှော်လင့်ချက်ကို ဆောင်ကြဉ်းလာတဲ့ သင်္ဘောဆီ ရောက်လာခဲ့ပြီ”
ပန်ကုန်းစုန်က အပြင်အာကာသမှ ပြုတ်ကျလာသည့် သင်္ဘောကို ကြည့်ပြီး အမြဲတည်ငြိမ်နေခဲ့သော သူ၏နှလုံးသားမှာ အတန်ငယ် လှုပ်ရှားနေမိသည်။ သူ လေပေါ် ပျံတက်လိုက်သည့်အခါ ကြာပွင့်များက သူ့ခြေဖဝါးအောက်တွင် ပွင့်လန်းလာ၏။
အားလုံး သင်္ဘောပေါ် တက်လိုက်ကြပြီး လှည့်ပတ်ကြည့်ကြသည်။ ရုတ်တရက် မှော်ဆရာဘုရင်တစ်ဦးက ပွင့်နေသော တံခါးတစ်ချပ်ကို တွေ့သွား၍ ပန်ကုန်းစုန်ဆီ ရုတ်ခြည်း လျှောက်တင်လိုက်သည်။
ပန်ကုန်းစုန်က အပြင်အခြေအနေကြည့်ရန် စစ်သည်အနည်းငယ်ချန်ခဲ့ပြီး ကျန်ရှိသည့်မှော်ဆရာများဖြင့် အခန်းထဲ ဝင်သည်။ သူတို့ အခန်းထဲ ဝင်လိုက်သည်နှင့် တံခါးက ဒုန်းခနဲ ပြန်ပိတ်သွား၏။ အပြင်၌ ကျန်ခဲ့သော စစ်သည်များက တံခါးကို ဖွင့်လိုက်သောအခါ ပန်ကုန်းစုန်တို့ကို မတွေ့ရတော့ပေ။
ပန်ကုန်းစုန် ခေါ်လာသော မှော်ဆရာများမှာ တံခါးတစ်ချပ်ဖွင့်ပြီးတိုင်း အခြေအနေကြည့်ဖို့ ဝင်သွားကြ၍ လူအင်အားက တစတစ နည်းပါးလာသည်။ ပန်ကုန်းစုန်မှာ သူတို့သေသေရှင်ရှင် ဂရုမစိုက်သော်လည်း ဤအခိုက်အတန့်တွင် ထိတ်လန့်လာမိ၏။
“လျှောက်မသွားကြနဲ့” ပန်ကုန်းစုန်က တံခါးများကို အသေးစိတ်ကြည့်ရှုရင်း မျက်နှာတင်းမာသွားပြီး သရော်တော်တော် ပြုံးလိုက်သည်။ “အပေါင်းအစီအရင်၊ နေရာဟင်းလင်းပြင်ကို စုပြီး ခရုတ်ပတ်လို ရစ်ခွေဆက်ထားတာ။ ဒီအစီအရင်မျိုးကို ကျောက်စိမ်းမြို့တော်ငယ်ရဲ့ မှတ်တမ်းထဲမှာ တစ်ခါမြင်ခဲ့ဖူးတယ်။ ခိုင်ဧကရာဇ်ခေတ်က အစီအရင်တစ်ခုပဲ”
မှော်ဆရာဘုရင်ကောင်းမူက ပန်ကုန်းစုန်၏စကားကို ကြားလျှင် ဝမ်းသာအားရ ပြောသည်။ “ဒါဆို ဘယ်လိုဖြေရမလဲ အရှင့်သား သေချာပေါက် သိမှာပေါ့”
ပန်ကုန်းစုန်က ခေါင်းယမ်းလိုက်သည်။ “ကျောက်စိမ်းမြို့တော်ငယ်မှာ ဒီအစီအရင်ဖြေနည်းကို မှတ်တမ်းမတင်ထားဘူး ဒါပေမဲ့ အပေါင်းအစီအရင်ဆိုတာ နေရာဟင်းလင်းပြင်အစီအရင်ကို သင်္ချာစွမ်းရည်နဲ့ ပေါင်းထားတာမျိုးပါပဲ။ ငါ့သင်္ချာစွမ်းရည်က တာအိုသခင်တောင် ငါ့ကို မကျော်နိုင်တဲ့ အဆင့်အထိ မြင့်မားတယ်။ အဖြေကို တွက်ထုတ်ဖို့ မခက်ဘူး။ သွားကြစို့ ဒီအပေါင်းအစီအရင် ငါ့ကို တားနိုင်မလား၊ မတားနိုင်မလား မြင်ချင်တယ်”
သင်္ဘော၏ စာကြည့်ခန်းထဲတွင် ချင်မူ အိမ်ထောင်စုစာရင်းစာအုပ်ကို ပိတ်လိုက်သည်။ ‘ခိုင်ဧကရာဇ်ရဲ့ နောက်ဆုံးမျိုးဆက်က ချင်ဖုန်းကျင့်လို့ ခေါ်တဲ့လူပဲ။ ဒီသင်္ဘောရဲ့ ပိုင်ရှင်က ချင်ဖုန်းကျင့်များ ဖြစ်နေမလား။ ခိုင်ဧကရာဇ်မျိုးဆက် ချင်မိသားစုက အချက်အလက်သိပ်မရှိတဲ့ အတိတ်တစ်ခေတ်ကပဲ။ ဒီသင်္ဘောရဲ့ပိုင်ရှင် ချင်ဖုန်းကျင့်က ချင်မျိုးရိုးဆိုတော့ ငါနဲ့ အမျိုးများ တော်နေမလား”
ချင်မူ အိမ်ထောင်စုစာရင်းကို စာအုပ်စင်ပေါ် ပြန်ထားရန် ပြင်လိုက်စဉ် ထူးဆန်းသောအားတစ်ရပ်က သူ့ကို တားလိုက်ပြီး အိမ်ထောင်စုစာရင်းစာအုပ်အား သူ၏ထောင်ကျယ်အိတ်ထဲ ထိုးထည့်လိုက်စေသည်။
သူ အိမ်ထောင်စုစာရင်းစာအုပ်ကို ထည့်လိုက်သည့်အချိန်မှာပဲ ပန်းချီကားထဲမှ အဘိုးအိုက ခုန်ထွက်လာပြီး စားပွဲပေါ် ပြေးကာ တင်ထားသည့် စာရွက်များအပေါ်တွင် ပေါ်လာသည်။
ချင်မူ ပန်းချီကားထဲမှ လူထူးဆန်းကို ဖမ်းရန် ပြင်လိုက်စဉ် လူရိပ်တစ်ခုက သူ့အရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ လူငယ်တစ်ယောက်က စားပွဲအရှေ့၌ ပေါ်လာပြီး သူ့ဆီ လမ်းလျှောက်လာ၏။ ချင်မူ သူ့ကို ရှောင်ချိန်မရလိုက်သော်လည်း လူငယ်က သူ့ကိုယ်ကို ဖြတ်သွားသည်။ သူကား ပုံရိပ်တစ်ခု ဖြစ်လေသည်။
လူငယ်က သာမန်မဟုတ်သောအရှိန်အဝါ ရှိပြီး ချင်မူမှာ လူငယ် သူ၏ကိုယ်ကို ဖြတ်သွားသောအခါ ရင်းနှီးသောခံစားချက်ကို ခံစားလိုက်ရ၏။
ချင်မူ အံ့အားသင့်သွားပြီး ကပျာကယာ လှည့်ကြည့်လိုက်သည်။ အဖြူရောင်ဝတ်ရုံနှင့် လူငယ်က နံရံတစ်ဖက်အရှေ့ရောက်သည်အထိ အေးအေးဆေးဆေး လျှောက်သွားပြီး တံခါးတစ်ချပ် ဖွင့်လိုက်သည်ကို သူ မြင်လိုက်ရ၏။ ထို့နောက် လူငယ် ပျောက်ကွယ်သွားသည်။
ချင်မူ အရှေ့ပြေးသွားလိုက်သည့်အခါ အမှန်တကယ်ပင် တံခါးတစ်ချပ်အား မြင်လိုက်ရသည်။ တံခါးကို ဖွင့်၍ ဝင်လိုက်ရာတွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကို ပြန်တွေ့ရသည်။ သူတို့ ရောက်နေသော နေရာက ခန်းမတစ်ခန်းဖြစ်ပြီး ရုတ်တရက် ဟိုဟိုသည်သည် သွားလာနေသည့် လူများ အပြည့်ပေါ်လာ၏။ သူတို့ မည်သည့်နေရာက ပေါ်လာခဲ့မှန်း ချင်မူ မသိပေ။
သူ သတိလက်လွတ်ဖြစ်နေစဉ် လူပေါင်းများစွာက သူ့ခန္ဓာကိုယ်ကို ဖြတ်သွားကြသည်။ အကုန်လုံး အလွန်ဗျာများနေပုံပေါ်၍ တစ်ခုခုဖြစ်ခဲ့လိမ့်မည်။ တချို့က မိမိကိုယ်မထိန်းနိုင်ဘဲ လဲကျသွားကြသည်။
သင်္ဘောက တစ်စုံတစ်ခုကို အရှိန်အဟုန်ဖြင့် ဝင်တိုက်သွား၍ ခန်းမထဲရှိ လူအတော်များများ မြောက်တက်သွားကြသည်။ ဒဏ်ရာအပြင်းအထန် ရသွားပြီး သွေးအန်လိုက်ကြရသော လူတချို့ပင် ရှိ၏။
ကြော့ရှင်းလှပသော အမျိုးသမီးတစ်ယောက်က အဖြူရောင်ဝတ်ရုံနှင့် လူငယ်ဆီ ရေးကြီးသုတ်ပျာ လျှောက်လာသော်လည်း သူတို့ပြောနေသောအကြောင်းအရာကို ချင်မူ မကြားရပေ။ သို့သော် လူငယ်က အမျိုးသမီးကို နှစ်သိမ့်ပြီးနောက် လမ်းလျှောက်ထွက်သွားပုံပေါ်သည်။
ချင်မူ့အကြည့် အမျိုးသမီးဆီရောက်သွားသည့်အခါ သူ့နှလုံးသားထဲတွင် တွေဝေမှုများ အမြစ်တွယ်သွား၏။ သူမက သူ့အတွက် ဆွေမျိုးသဖွယ် ချစ်ရသောလူတစ်ယောက်အလား အလွန်ရင်းရင်းနှီးနှီးဖြစ်မိ၏။
သူ အတန်ငယ်တွန့်ဆုတ်နေသော်လည်း အဆုံးသတ်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်နောက် လိုက်သွားရန် ရွေးချယ်လိုက်သည်။
လူငယ်က စင်္ကြလမ်းအရှည်ကြီးအတိုင်း လျှောက်သွားပြီး တံခါးချပ်များကို ဖြတ်ကျော်သွားနေသည်။ ထို့နောက် လက်ဝှေ့ယမ်းလိုက်ရာ ဓားတစ်စင်းပျံထွက်လာပြီး သူ့ကျောတွင် ကပ်သွား၏။ ချင်မူက သူ့နောက်မှ တစ်လှမ်းချင်း တစ်လှမ်းချင်း လိုက်နေသည်။
ပျံထွက်လာသည့် ဓားကို မြင်လျှင် ချင်မူ သူ၏ရွှင်ပျော်ပျော်ဓားကို ထုတ်လိုက်၏။ ဓားက အသာအယာတုန်ခါနေပြီး သူ့အရှေ့ရှိ ဓားနှင့် တစ်လက်တည်း ဖြစ်ဟန်တူသည်။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်က သင်္ဘောဦးသို့ လျှောက်သွားပြီး ကောင်းကင်ကို မော့ကြည့်ကာ တစ်စုံတစ်ခု ပြောလိုက်သည်။ ရုတ်တရက် မိုးကောင်းကင်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး မယုံနိုင်လောက်အောင် ကြီးမားသည့် မြွေကြီးတစ်ကောင်က အစွယ်ဖြဲလျက် ပေါ်လာ၏။
မြွေက သူတို့နှင့် အလွန်ဝေးကွာပုံရသော်လည်း ဧရာမကြီးမားချေသည်။ မဟူရာညကောင်းကင်ယံတွင် မြွေကြီး၏ခေါင်းကိုသာ မြင်ရသည်။ ခန္ဓာကိုယ်က အမှောင်ထုထဲ ငုပ်လျှိုးနေသည်။
မြွေကြီး၏ခေါင်းပေါ်တွင် လူသားမဟုတ်ပုံရသည့် ကြောက်မက်ဖွယ်သတ္တဝါများ ရပ်နေကြသည်။ သူတို့က မဟာမြို့ပျက်ဘုရားကျောင်းပျက်များထဲက နတ်ဘုရားရုပ်တုများနှင့် တူသော်လည်း အစစ်အမှန် သက်ရှိနတ်ဘုရားများ ဖြစ်ကြ၏။
သူတို့က သင်္ဘောကို တိုက်ခိုက်နေခြင်းဖြစ်ပြီး သူတို့၏သိုင်းကွက်တိုင်းက ကမ္ဘာပျက်နေသည့်အလား ခံစားရစေသည်။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ ဓားသိုင်းက သေမျိုးလူ့ပြည်မှ ဓားသိုင်းနှင့်မတူ၍ ချင်မူမှာ သူ၏ဓားကွက်များထဲတွင် နစ်မျောသွား၏။ ဓားကွက်များ၌ နှစ်လိုဖွယ်ရာ ခံစားမှုတစ်မျိုးပါရှိ၏။ ဤခံစားချက်က ရွာလူကြီးနှင့် တာအိုသခင်ပြောခဲ့ဖူးသော တာအို၏ခံစားချက်မျိုးကို ရစေသည်။
သို့ရာတွင် မတူညီသည်မှာ ရွာလူကြီးက ဓားပညာသည် တာအိုလမ်းကြောင်းနှင့် နီးစပ်သည်ဟု ပြောခဲ့ပြီး တာအိုသခင်ကတော့ သင်္ချာသင်္ဘောတရားများက တာအိုဖြစ်သည်ဟု ပြောခဲ့၏။
အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ ဓားသိုင်းကွက်များက ရွာလူကြီးနှင့်သော်လည်းကောင်း၊ တာအိုသခင်နှင့်သော်လည်းကောင်း ကွဲထွက်နေသော လမ်းစဉ်တစ်ခုမှ ဖြစ်သည်။ ဓားလမ်းစဉ်ဖြစ်သော်လည်း မည်သည့်လမ်းစဉ်မှန်း ချင်မူ မမြင်ရပေ။
သူ၏ဝေဖန်ပိုင်းခြားနိုင်စွမ်းက ထိုအဆင့်တွင် မဟုတ်သေးပေ။
သို့သော် ထိုဓားကွက်များအား သူ အကြည့်မလွှဲနိုင်အောင် ဖြစ်ရသည်။ ယခင်တုန်းက သူ သင်ယူခဲ့ရသည်များမှာ ကျင့်စဉ်သိုင်းကွက်များဖြစ်ပြီး အဆင့်မြင့်ဆုံးအထိ လေ့လာခဲ့သည့်အတွက် သူ၏ဓားပညာအား ကြီးမြတ်သည်ဟု ချီးကျူးနိုင်သည်။ ရွာလူကြီးက သူ့အား လူသားဧကရာဇ်ရာထူးအား လွှဲအပ်ပေးပြီးနောက် သူ၏ဓားကွက်များကို ပြုပြင်မွမ်းမံပေးခဲ့၍ အခြေခံဓားကွက်များကို ပိုင်နိုင်ခဲ့သည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ လမ်းညွှန်ပြသပေးမှုအောက်တွင် သူ၏ဓားပညာက တိုးတက်ကာ ပိုမိုနက်ရှိုင်းလာခဲ့၏။
ဓားသိုင်းအဆင့်တွင် သူ့အား ဆရာသခင်အဆင့်ဟု ပြောနိုင်သည်။
ထိုအဆင့်အထက်၌ လမ်းစဉ်အဆင့် ရှိသေးသည်။ တာအိုသခင်ပင် မရောက်ခဲ့သော ရွာလူကြီး၏အဆင့်ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ထိုအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။
ယခုတွင် ချင်မူမှာ အဖြူရောင်ဝတ်ရုံနှင့်လူ၏ ဓားကွက်များကို ရှုစားရင်း ဓားပညာ၏ နက်နဲသိမ်မွေ့မှုကို မြင်နေရသည်။ လမ်းစဉ်အဆင့် ဓားကွက်များဖြစ်သည့်အတွက် သူ နားမလည်သော်လည်း ဓားကွက်များ၏ ကြီးကျယ်ခမ်းနားမှုကိုတော့ သူ အမိအရ ဖမ်းဆုပ်နိုင်သည်။
အဖြူရောင်ဝတ်ရုံနှင့်လူ၏ ဓားသိုင်းက တာအိုနှင့်နီးစပ်ပြီး အံ့ဩဖွယ်ရာသော ကြီးကျယ်ခမ်းနားမှုတို့ ကိန်းဝပ်နေသည်။ သူ၏ရန်သူများက ခွန်အားကြီးမားသည့် နတ်ဘုရားများဖြစ်ကြသော်လည်း အကုန်လုံး သူ့ကို မကျော်နိုင်ကြသေးပေ။
ရုတ်တရက် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအင်တစ်ရပ်က အချိန်နှင့် နေရာဟင်းလင်းပြင်ကို လှုပ်ခတ်သွားစေ၏။ လက်ဝါးတစ်ချက်က ရွှင်ပျော်ပျော်ဓားကို ဝင်တိုင်ကာ မီးမြိုက်လိုက်သည်။ ဓားသွားမှာ အရည်ပျော်၍ ကျိုးကျသွား၏။ သင်္ဘောသည်လည်း အမှောင်ထုထဲ ကျသွားသည့် ဓားကျိုးနောက်သို့ ပြုတ်သွားသည်။
လက်ဝါးကြီး၏အနောက်ရှိ နတ်ဘုရားများစီးနင်းနေသော မြွေကြီးက ပြုတ်ကျသွားသော သင်္ဘောအနောက် တဟုန်ထိုး လိုက်ဆင်းသွားသည်။
ချင်မူမှာ သင်္ဘောအပေါ်တွင် ဖြစ်၍ ပြုတ်ကျနေသော သင်္ဘော၏ တုန်ခါမှုများအား ခံစားနေရသည်။ ထို့နောက် လင်းနို့နတ်ဘုရားရုပ်တုဖြူဖြူများကို မြင်လိုက်ပြီး သင်္ဘောက မြေကြီးကို ဒုန်းခနဲ တိုက်ကာ မြေကြီးအောက်ထဲအထိ တိုးဝင်သွားသည်။
သင်္ဘောသည် မြေအောက်နတ်ဘုရားကမ္ဘာကို ဖြတ်၍ ဆဋ္ဌဂံအတားအဆီးအစီအရင်များအား ဝင်တိုက်သွား၏။ ချင်မူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါနေသည်။
တုန်ခါမှုများကြောင့် သင်္ဘောပေါ်တွင် ဖရိုဖရဲဖြစ်နေသည်ကို ချင်မူ တွေ့နေရသည်။ သင်္ဘောနံရံများအား အရှိန်အဟုန်ဖြင့် ဝင်တိုက်မိကြသဖြင့် လူအများစု သေဆုံးသွားကြသည်။ ကြော့ရှင်းလှပသော အမျိုးသမီးက အပြေးထွက်လာပြီး အသက်ရှင်နေသေးသောလူများကို စုကာ သင်္ဘောအပေါ်မှ ခေါ်ထုတ်၍ ယိုတုကမ္ဘာထဲ ထွက်ပြေးဝင်ရောက်သွား၏။
အဖြူရောင်ဝတ်ရုံနှင့် လူမှာ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သင်္ဘောပေါ်မှ မခွာဘဲ ယိုတုကမ္ဘာ၏ ဝင်ပေါက်ကို ကာကွယ်နေသည်။
ဧရာမမြွေကြီး၏ခေါင်းက အသူရာချောက်နက်ထဲ လျှောဝင်လာပြီး အရှိန်အဝါကြီးမားသော နတ်ဘုရားများက မြွေနဖူးပေါ်တွင် ရပ်လျက်ရှိကြသည်။
မြွေကြီးက လျှာနှစ်ခွကို ပြူတစ်ပြူတစ်ထုတ်လျက် ချောက်ကမ်းပါးနံရံတစ်လျှောက် လျှောဆင်းလာပြီး ကြမ်းပြင်နှင့် နီးသထက် နီးလာသည်။
ရုတ်တရက် ချင်မူ့အရှေ့ရှိ ပုံရိပ်များ ပျောက်ကွယ်သွားသည်။ ကုန်းပတ်ပေါ်တွင် သူတစ်ယောက်တည်း ရပ်လျက် ကျန်ခဲ့၏။ အေးစိမ့်စိမ့်လေတစ်ချက်က သူ့မျက်နှာကို တွန်းထိုးကျီစယ်သွားပြီး သူ၏အဝတ်စများအား တဖတ်ဖတ် လှုပ်ခတ်သွားစေသည်။
သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ယိုတုကမ္ဘာ၏ အမှောင်ထုကြီးကိုသာ မြင်ရသည်။
ယခု သူ ရပ်နေသောနေရာမှာ ယိုတုကမ္ဘာထဲ ဝင်နေသော သင်္ဘော၏ဦးပိုင်း ဖြစ်သည်။
သင်္ဘောထက်ပင် ကြီးမားလောက်သည့် မျက်လုံးကြီးတစ်လုံးက သင်္ဘောအောက်တွင် ပေါ်လာပြီး ချင်မူ့ကို စိတ်ဝင်တစား ကြည့်နေသည်။ ချင်မူ မျက်လုံးကြီးကို မမြင်ပေ။
ချင်မူက အမှောင်ထုကြီးစိုးနေသော ယိုတုကမ္ဘာကို ကြည့်သည်။ တစ်ကမ္ဘာလုံး မှောင်မည်းနေ၍ သည်းထိတ်ချောက်ချားစရာကောင်းသော်လည်း ခပ်လှမ်းလှမ်းရှိ သတ္တဝါမျိုးစုံ၏ အရောင်အဝါတို့က တစ်ချက်တစ်ချက် လင်းလက်လာတတ်သည်။
ကြော့ရှင်းလှပသော အမျိုးသမီးက လူတစ်စုကို ဦးဆောင်၍ ယိုတုကမ္ဘာထဲ ဝင်သွားခဲ့သည်။ အဖြူရောင်ဝတ်ရုံနှင့်လူက နောက်မှလိုက်လာသည့် မြွေကြီးနှင့် နတ်ဘုရားများအား တားဖို့ နေကျန်ခဲ့သည်။
အဖြူရောင်ဝတ်ရုံနှင့်လူ အသက်ရှင်နေသေးသည်လော..
တိုက်ပွဲတွင် သေဆုံးသွားပြီလော...
နတ်ဘုရားများကို တားနိုင်ခဲ့ပြီး သူ့မိသားစုကို ရှာဖို့ ယိုတုကမ္ဘာထဲ ဝင်သွားသည်လော...
သူတို့က ရွှေပျော်ပျော်ကျေးရွာကလော...
သူတို့မျိုးရိုးက ချင်ဆိုလျှင် သူ့နာမည် ချင်မူ၏ ချင်လော...
သူတို့နောက်လိုက်လာသည့် နတ်ဘုရားတွေက မည်သူတွေနည်း....
ချင်မူ စိတ်အားတက်လာသည်။ ဤသင်္ဘောကို မောင်းနိုင်လျှင် သူ ရွှင်ပျော်ပျော်ကျေးရွာသို့ ပြန်နိုင်ကောင်း ပြန်နိုင်လိမ့်မည်။
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ချင်မူက သင်္ဘော၏ ပဲ့လက်ကိုင်ရှိမည့်နေရာသို့ လျှောက်လိုက်သည်။ ထိုနေရာတွင် ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရာလမ်းကို မှတ်ထားသည့် သံလိုက်အိမ်မြှောင်သဖွယ် ကိရိယာများ ရှိနေလိမ့်မည်။
ရွာလူကြီးက သူ့ကို ကြေးမုံတစ်ချပ် ပေးခဲ့ဖူး၏။ ကြေးမုံက ရွှင်ပျော်ပျော်ကျေးရွာ၏ လမ်းပြမြေပုံဟု ဆိုသော်လည်း ချင်မူ ကျင့်စဉ်စွမ်းအင်မြင့်မားသည့်အချိန်မှ ဖွင့်ကြည့်နိုင်အောင် ချိတ်ပိတ်ထားခဲ့သည်။
ထိုကြေးမုံကို တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် သင်္ဘောထဲတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ သင်္ဘောက ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရာသင်္ဘောဖြစ်သော်လည်း ဖျက်စီးခံထားရသည်။ ဤသင်္ဘောကတော့ မပျက်မယွင်းရှိသေး၏။ သို့ဆိုလျှင် မြေပုံအား ချိတ်ပိတ်ထားမည်မဟုတ်ပေ။
ချင်မူ တံခါးတစ်ချပ်ကို တွန်းဖွင့်၍ သင်္ဘော၏ပဲ့ထိန်းအခန်းထဲ ရောက်သွားသည်။ ဦးပိုင်းတွင် ဧရာမမျက်လုံးကြီးက တစတစ မြောက်တက်လာပြီး နောက်မျက်လုံးတစ်လုံးလည်း တောက်ပလာရာ ဒေါင်လိုက်သူငယ်အိမ်နှစ်ခု ပေါ်လာ၏။
ဧရာမမြွေခေါင်းကြီးတစ်ခေါင်း အမှောင်ထဲတွင် ငုပ်လျှိုးလျက် ပေါ်လာပြီး လျှာနှစ်ခွကို ပြူတစ်ပြူတစ် ထုတ်လျက် ပဲ့ခန်းထဲရှိ လူငယ်လေးအား တိတ်ဆိတ်စွာ ကြည့်နေသည်။
ချင်မူမှာ စိတ်ထဲ မသိုးမသန့်ဖြစ်သွား၍ ခေါင်းလှည့်ကြည့်လိုက်သော်လည်း အမှောင်ထဲ၌ ပုန်းအောင်းနေသော မျက်လုံးကြီးနှစ်လုံးကို မမြင်ရပေ။