← Chapters

ထောင်ချောက်

Vol. 22 Ch. 306

ထောင်ချောက်

Vol. 22 Ch. 306

“ငါ့ကို တစ်ယောက်ယောက် ကြည့်နေတယ်”

ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ အမှောင်ထုအတွင်း ပုန်းအောင်းနေသော မျက်လုံးကြီးနှစ်လုံးကို မမြင်ရသော်လည်း အကြည့်စူးစူးကိုတော့ ခံစားနေရသည်။

သူ ပြန်လှည့်လိုက်ပြီး မျက်လုံးမှိတ်ကာ ဖြည်းဖြည်းချင်း နောက်ပြန်လျှောက်လိုက်သည်။ သူ့ခြေလှမ်းများက မနှေးလွန်း၊ မမြန်လွန်းပေ။ မျက်လုံးပိတ်ထားသော်လည်း သူက စက်ဝိုင်းပုံစံ ပတ်လျှောက်နိုင်ခဲ့သေးသည်။

စက်ဝိုင်းပုံလျှောက်ပြီးနောက် ချင်မူ ရပ်လိုက်သည်။ ထိုသို့လျှောက်ရသည့် အကြောင်းရင်းက အကြည့်၏ တည်နေရာကို အတိအကျသိချင်၍ ဖြစ်သည်။ ထို့ကြောင့် သင်္ချာစွမ်းရည်ကို အသုံးချကာ နေရာဟင်းလင်းပြင်ကို တွက်ချက်ရ၏။

တခြားသူများအမြင်တွင်တော့ ချင်မူက စဉ်းစဉ်းစားစားဖြင့် ပတ်လျှောက်နေသယောင် ထင်ရလိမ့်မည်။ စောင့်ကြည့်နေသူ၏ တည်နေရာကို တွက်ချက်နေသည်ဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။

ချင်မူ အကြီးအကျယ် တုန်လှုပ်သွားသည်။ အကြည့်၏ တည်နေရာနှင့် ထပ်ဆောင်းအချက်အလက်တချို့ကို သူ သိလိုက်ရလေပြီ။

သူ့ကို ကြည့်နေသောအရာက ကိုက်ကိုးရာအကွာခန့်တွင် ရှိနေသည့် မျက်လုံးတစ်စုံ ဖြစ်သည်။

မည်မျှကြီးမားလှသည့် သတ္တဝါကြီးနည်း။

‘သင်္ဘောပေါ်ဆင်းလိုက်တုန်းက ငါ ယိုတုစကားပြောလိုက်လို့ လန့်ပြေးသွားတဲ့ ယိုတုသတ္တဝါကြီးများလား’

ချင်မူ ဟန်မပျက် စိတ်ပြန်ထိန်းလိုက်သည်။ သူက ထိတ်လန့်နေဟန်မပြဘဲ ပဲ့လက်ကိုင်ဆီ ပြန်လျှောက်သွား၏။

သူ ပဲ့အခန်းကို ဦးစွာ ကြည့်ချင်၏။ တစ်ခုခုဖြစ်လျှင် ချက်ချင်း ထွက်သွားမည်။

ပဲ့အခန်းသည် အရပ်မျက်နှာများ၊ လမ်းကြောင်းများ၊ သိုင်းတိုက်ပွဲများနှင့် အလစ်တိုက်ခိုက်မှုများကို ကြည့်နိုင်သော သင်္ဘော၏ ထိန်းချုပ်ခန်းဖြစ်၏။ ဤအခန်းက သင်္ဘောတစ်စင်းလုံး၏ ဗဟိုချက်လည်း ဖြစ်သည်။

ချင်မူ အခန်းထဲ ဝင်ပြီး လမ်းပြမြေပုံကို ရှာတွေ့သည်နှင့် သင်္ဘောကို မြေပုံအတိုင်း ထိန်းချုပ်နိုင်လိမ့်မည်။

ဤသင်္ဘောက ရွှင်ပျော်ပျော်ကျေးရွာသို့ ပြန်ချင်သော သူ၏အိပ်မက်များကို အမှန်တကယ် ဖြစ်လာစေနိုင်သည့်အတွက် ချင်မူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုတို့ ရိုးရိုးရွရွ ဖြစ်နေသည်။

သူ ပဲ့လက်ကိုင်ဆီ လျှောက်လိုက်သည့်အချိန်မှာပဲ တံခါးတစ်ချပ် ပွင့်သွားပြီး အဆင့်မြင့်မှော်ဆရာတစ်ဦးက သူ့ကို အမှုမဲ့အမှတ်မဲ့ ဝင်တိုက်မိသည်။

နှစ်ယောက်လုံး မျက်နှာချင်းဆိုင်သွားသောအခါ မှင်သက်သွားကြ၏။ အဆင့်မြင့်မှော်ဆရာသည် တိုက်ပွဲအတွေ့အကြုံရှိသူဖြစ်၍ ရုတ်ခြည်း သတိကပ်သွားပြီး အနောက်၌လွယ်ထားသော ဗူးသီးခြောက်အဝကို ဖွင့်လိုက်သည်။ မရေမတွက်နိုင်သော ဝိညာဉ်များ အုံလိုက်ကျင်းလိုက် ပျံထွက်လာပြီး ချင်မူကို ခုန်အုပ်ကြ၏။

တစ်ချိန်တည်းမှာပင် အဆင့်မြင့်မှော်ဆရာက ရွှေရောင်တောက်လာပြီး လိုလန်ရွှေနန်းတော်၏ ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို ထုတ်လွှတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က ဖောင်းကားလာပြီး မျက်လုံးတစ်လုံး လက်လေးဖက် ဘီလူးကြီးတစ်ကောင် အသွင်ပြောင်းသွားသည်။

သူ၏မျက်လုံးနှစ်လုံးက တစ်လုံးတည်းပေါင်းသွားပြီး ကြီးမားလာနေ၏။ ထို့ကြောင့် ပါးစပ်မှာ ဘယ်ဘက်ပါး၏အောက်နားသို့ တွဲကျသွားကာ နှာခေါင်းကမူ ညာဘက်ပါး၏အောက်အဆုံးအနားသို့ ရွေ့သွားသည်။ သူက ဝဇိရမိုးကြိုးသွားကို ကိုင်ထားပြီး မိုးကြိုးအသွားလေးဖက်က လည်လာသည်။ ထို့နောက် ရှည်မျောမျော စေတီလေးဆူအသွင်ဖြင့် ချင်မူကို ဝင်တိုက်လိုက်၏။

‘ဥသျှောင်မှော်ဆရာရဲ့ တပည့်လား’

ဤလူ၏သိုင်းကွက်က လိုလန်ရွှေနန်းတော်မှ ဖြစ်ကြောင်း ချင်မူ အကြည့်တစ်ချက်တည်းဖြင့် မြင်လိုက်ရသည်။ ဤလူ၏ကျင့်စဉ်စွမ်းအင်က အတိုင်းထက်အလွန် သိပ်သည်းပြီး သူ့ကျောနောက်၌ အသွင်ဖွဲ့တည်နေသော ဗူးသီးခြောက်ထဲမှ အစုံအပြုံထွက်လာသည့် ဝိညာဉ်များက သူ၏သိုင်းကွက်ပုံစံဖြစ်သည်။

အဆင့်မြင့်မှော်ဆရာများသည် သက်ရှိလူသားတို့၏ ဝိညာဉ်များကို ကျွန်အဖြစ် ပြောင်းလဲပစ်ကြပြီး ဝိညာဉ်ကျွန်တစ်ကောင်စီတိုင်းက အင်အားကြီးမား၏။ ဝိညာဉ်ကျွန်တစ်ကောင်က ရန်သူ၏ခန္ဓာကိုယ်ထဲ ဝင်သွားပြီး ဝိညာဉ်ကို ကိုက်လိုက်လျှင် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များပင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ပေ။

ဝိညာဉ်ကျွန်တစ်ဒါဇင်ကျော်သာ ခန္ဓာကိုယ်ထဲ ဝင်ရောက်တိုက်ခိုက်ပါက အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ မည်သည့်နည်းနှင့်မျှ ခံနိုင်မည်မဟုတ်ပေ။

ဝိညာဉ်ကျွန်ဗူးသီးခြောက်သည် တိုက်ပွဲကွင်းပြင်အပေါ်တွင်လည်း အသုံးတည့်ဆုံးဖြစ်၏။ ဝိညာဉ်ကျွန်များက ဟိုမှသည် ကူးခတ်သွားလာကာ လူသားခန္ဓာများအထဲ ဝင်ရောက်သွား၍ ဝိညာဉ်များအား စားသုံးပစ်နိုင်သည်။ သူတို့ဗိုက်ပြည့်သွားလျှင် အလောင်းသာ ကျန်ခဲ့လိမ့်မည်။ ဤသိုင်းကွက်မျိုးသည် ဘက်ပေါင်းစုံတွင် ထူးချွန်ပြောက်မြောက်သည့်အပြင် စွမ်းအားကလည်း အံ့ဖွယ်ကောင်း၏။

ချင်းမန်တံခါး၏အရှေ့တွင် ကြောက်စရာအကောင်းဆုံးမှာ မန်သီလူရိုင်းနယ်မြေ၏ ဓားမစက်လုံးများမဟုတ်၊ လိုလန်ရွှေနန်းတော်၏ မှော်ဆရာများ ဖြစ်ကြသည်။ သူတို့၏သိုင်းကွက်များက ထူးဆန်းလှ၍ ပြန်တိုက်ခိုက်ရန် ခက်ခဲလေသည်။

ဗူးသီးခြောက်ထဲမှ ဝိညာဉ်ကျွန်များက စူးစူးဝါးဝါးအော်သံများပြုလျက် ပျံထွက်လာကြသည်။ ချင်မူ၏အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝ၏တံခါး ပွင့်သွားပြီး လေအေးတစ်ချက် တိုက်ခတ်ကာ ဝိညာဉ်ကျွန်အားလုံး စွေ့ခနဲ သယ်သွား၏။

သေဆုံးသူတို့၏ ဝိညာဉ်များသည် ယိုတုကမ္ဘာ၏လက်အောက်မှ ထွက်မပြေးနိုင်ပေ။ လိုလန်ရွှေနန်းတော်က လျှို့ဝှက်အတတ်များဖြင့် ဝိညာဉ်များကို သိမ်းထားပြီး ခန္ဓာကိုယ်တည်ဆောက်ပုံပြောင်းလဲအောင် ကျင့်ကြံခြင်းဖြင့် ဤလမ်းစဉ်တွင် ကျန်အထွတ်အမြတ်မြေများ လိုက်မမှီသောအတိုင်းအတာအထိ ပေါက်မြောက်ကြသော်လည်း ကောင်းကင်အလိုတော်မုခ်ဝက သူတို့၏ အဟန့်အတားဖြစ်သည်။

ကောင်းကင်အလိုတော်မုခ်ဝက ဝိညာဉ်ကျွန်အားလုံးကို စုပ်ယူ၍ အလိုအလျောက် ပိတ်သွားသည်။ ပဲ့အခန်းထဲရှိ စူးစူးဝါးဝါးအော်သံများ တိခနဲ တိတ်ဆိတ်သွား၏။

အဆင့်မြင့်မှော်ဆရာမှာ အံ့အားသင့်သွားပြီး သူ့ကျောနောက်ရှိ ဗူးသီးခြောက်မှာ ကြမ်းပြင်အပေါ် ဒုန်းခနဲ ပြတ်ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။ သူက လက်‌လေးဖက်ကို မြှောက်၍ ပြန်ချလိုက်သည့်အခါ လက်တစ်ဖက်စီ၌ ကိုင်ထားသော ဝဇိရမိုးကြိုးအသွားတစ်ဖက်စီက ဝဇိရစေတီတစ်ဆူစီအသွင် ပြောင်းသွားသည်။ ထို့နောက် သူက စေတီလေးဆူဖြင့် ချင်မူ့အား အားကုန်ရိုက်ချလိုက်၏။

ချင်မူက ထိပ်တိုက်မရင်ဆိုင်၊ နောက်သို့ တိမ်းရှောင်လိုက်သည်။ သူ့ကျောနောက်ရှိ ရွှင်ပျော်ပျော်ဓားက ဓားအိမ်မှ ထွက်လာ၍ အဆင့်မြင့်မှော်ဆရာက သရော်တော်တော် ပြုံးသည်။ ဝဇိရစေတီများမှ အလင်းတန်းတစ်တန်း ဖြာထွက်လာပြီး ရွှင်ပျော်ပျော်ဓားကို ထိတိုက်ကာ ဤဓားအား အလင်းတန်းထဲ စုပ်ယူနေသည်။

အဆင့်မြင့်မှော်ဆရာ၏ ဝဇိရရွှေမိုးကြိုးသွားက မိုးကြိုးသွားနှင့်တူသော်လည်း သူ၏ဝိညာဉ်လက်နက်က အရွယ်အစား လိုသလိုပြောင်းလဲနိုင်အောင် သွန်းလုပ်ထားသည့် စေတီလေးဆူဖြစ်သည်။ စေတီလေးဆူအား အသေးငယ်ဆုံးအရွယ်အထိ ချုံ့လိုက်ပါက လူတစ်ယောက်၏လက်တွင် ကိုင်ထားနိုင်သော မိုးကြိုးသွားများနှင့် တူလိမ့်မည်။

သို့သော် တိုက်ခိုက်သည့်အခါတွင် အဆင့်မြင့်မှော်ဆရာက စေတီလေးဆူ၏ ကြောက်မက်ဖွယ်စွမ်းအင်ဖြင့် ရန်သူကို စိုးမိုး၍ ပြားကပ်သွားအောင် ရိုက်ချနိုင်သည်။

စေတီများသည် ရန်သူ၏ဝိညာဉ်လက်နက်များကို စုပ်ယူနိုင်သော ထူးထူးဆန်းဆန်းရတနာများလည်း ဖြစ်ကြ၏။ ရန်သူ သတိလက်လွတ် ဖြစ်သွားလျှင် သူတို့၏ဝိညာဉ်လက်နက်များမှာ စေတီများအတွင်း စုပ်ယူခံလိုက်ရလိမ့်မည်။ ထိုအခါ သေဖို့သာ ရှိတော့သည်။

အဆင့်မြင့်မှော်ဆရာသည် သူ၏စေတီဖြင့် ချင်မူ၏ရွှင်ပျော်ပျော်ဓားကို ယူလိုက်သော်လည်း ဓားပျံတစ်စင်းပြီးတစ်စင်း ပျံထွက်လာကာ စေတီထဲ စိုက်ဝင်သွားကြကြောင်း မြင်လိုက်ရ၏။

သူ့မှာ မှင်သက်သွား၍ မည်သည်ကိုမျှ မလုပ်နိုင်ခင် ဓားရောင်များက ရေလှိုင်းလုံးကြီးသဖွယ် သူ့ကို အုပ်မိုးသွား၏။ တခဏအတွင်း စေတီ၏ပတ်ပတ်လည်တွင် ဓားများ ပြည့်သွားချေပြီ။

မှော်ဆရာ၏ လက်တစ်ဖက်က ဦးစွာကျိုးသွားသည်။ သူ၏ခွန်အားက ကြီးမားသော်လည်း ထိုမျှလေးလံသော ဓားများကို မသယ်နိုင်ပေ။ သူ့လက်မောင်းရိုးသည် ဖျောက်ခနဲ ကျိုးသွား၏။

ရွှပ် ရွှပ် ရွှပ်

ဓားပျံထောင်ချီက စေတီ၏ပတ်ပတ်လည်ကို သပ်သပ်ရပ်ရပ် ထိုးစိုက်သွားကာ မယုံနိုင်လောက်အောင် ကြီးမားသည့် ဓားစက်လုံးကြီးတစ်လုံး ဖြစ်လာသည်။ ထိုအချိန်တွင် အဆင့်မြင့်မှော်ဆရာမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ချင်မူက ပဲ့လက်ကိုင်ဆီ ဆက်လျှောက်သွားသည်။ မှော်ဆရာမှာတော့ ဧရာမဓားစက်လုံးကြီး၏အောက်တွင် ပိ,သေသွားခဲ့၏။ ဓားစက်လုံးအောက်မှ ခြေတစ်ချောင်းထွက်နေသည်ကိုသာ မြင်ရလိမ့်မည်။

ချင်မူ ပဲ့လက်ကိုင်အရှေ့တွင် ရပ်လိုက်သည်။ ဤသင်္ဘော၏ တည်ဆောက်ပုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောပျံများနှင့်မတူပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောပဲ့လက်ကိုင်က ဦးတည်ရာပြောင်းရန်၊ နိမ့်ဆင်းရန်၊ အပေါ်တက်ရန်အတွက် သုံးသော်လည်း ဤသင်္ဘော၏ပဲ့လက်ကိုင်၌ ဆန်းကြယ်ရှုပ်ထွေးသော ယန္တရားကိရိယာများ ရှိနေသည်။ ပန်းဖွားနီနီများဖြင့် တန်ဆာဆင်ထားသော ငွေခေါင်းဆောင်းတစ်ခုလုံး ရှိ၏။

ချင်မူ မျက်မှောင်ကြုတ်လျက် ယန္တရားကိရိယာများကို အသေးစိတ်လေ့လာလိုက်သော်လည်း မည်သို့အသုံးပြုရကြောင်း နားမလည်သေးပေ။ သူက ချီတုံချတုံဖြစ်နေပြီးနောက်မှ ငွေခေါင်းဆောင်းကို ကောက်၍ ခေါင်းပေါ်ဆောင်းလိုက်သည်။

ဝှမ်....

ရုတ်ခြည်း သူ၏မြင်ကွင်းက လင်းထိန်သွားပြီး သူ့မျက်စိရှေ့ရှိ နေရာဟင်းလင်းပြင်က ပြန့်ကားကျယ်ပြောသွားသည်။ တခဏလေးအတွင်း ကောင်းကင်နှင့်မြေကြီးက ပြောင်းလဲသွားပြီး မဟာမြို့ပျက်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ မြက်ခင်းလွင်ပြင်နှင့် မြောက်ပိုင်းရှိ ဆီးနှင်းရေခဲနယ်မြေတို့၏ ပထဝီမြေအနေအထားများကို ဖော်ပြနေ၏။

ချင်မူ မှင်သက်သွားသည်။ ‘ဒီသင်္ဘောကို သွန်းလုပ်ခဲ့တဲ့လူက တကယ် နတ်ဘုရားလက်ရာအဆင့်ပဲ။ သင်္ဘောလမ်းကြောင်းကို ထိန်းချုပ်နိုင်အောင် ခေါင်းဆောင်းထဲမှာ ပထဝီမြေအနေအထားတွေကို ထည့်သွင်းသွန်းလုပ်ထားတာ’

သူ လက်ချောင်းဖြင့် အရှေ့ရှိ ပထဝီမြေပုံပေါ်တွင် အစက်တစ်စက် အသာအယာချလိုက်သည်။ ထိုအခါ သင်္ဘောက လှုပ်ခါလာပြီး သူ ထောက်လိုက်သောနေရာသို့ ပျံသန်းသွားချင်နေသည့်ပုံပေါ်လာသည်။

သို့သော် သင်္ဘောမှာ ကမ္ဘာနှစ်ကမ္ဘာကြားရှိ စည်းထဲ၌ ပိတ်မိနေ၍ ပျံမတက်နိုင်ပေ။

‘ဒါဆို သင်္ဘောကို ဒီလိုထိန်းချုပ်ရတာပေါ့’

ချင်မူ ဝမ်းသာသွားပြီး မျက်တောင်ခတ်လိုက်သည်။ ရုတ်တရက် သူ့အရှေ့ရှိ ရှုခင်းက ပြောင်းလဲသွားပြီး မရင်းနှီးသောကမ္ဘာတစ်ကမ္ဘာ ပေါ်လာသည်။ တခြားကမ္ဘာတစ်ခု၏ ပထဝီမြေပုံဖြစ်နေသည်။ ဤကမ္ဘာ၌ တွင်းနက်ကြီးများ ပြည့်နေပြီး တွင်းနက်များ၏ အတွင်းပိုင်းထဲတွင် မြေပြင်များ ပုန်းကွယ်နေရာ လျှို့ဝှက်ဆန်းကြယ်လေသည်။

‘ဒါ ဘာနေရာလဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း မဟုတ်ဘူး။ မြက်ခင်းလွင်ပြင်လည်း မဟုတ်ဘူး...’

ချင်မူက ဤကဲ့သို့ထူးထူးဆန်းဆန်း နေရာမျိုးကို မမြင်ခဲ့ဖူးကြောင်း သေချာအောင် ထပ်ကြည့်လိုက်သည်။ သူ မျက်တောင်အနည်းငယ် ခတ်လိုက်သည့်အခါ မြင်ကွင်းက ပြောင်းလဲသွားပြန်ပြီး မဟာမြို့ပျက်လည်းမဟုတ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း မဟုတ်သော ကြီးကျယ်ခမ်းနားသောကမ္ဘာတစ်ကမ္ဘာကို ဖော်ပြနေသည်။

သူ မျက်တောင်ထပ်ခတ်လိုက်သည့်အခါ မြင်ကွင်းက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ်တွင် ရေအောက်ကမ္ဘာတစ်ကမ္ဘာဖြစ်ပြီး ရေအောက်တောင်တန်းများကို နေရာအနှံ့အပြားတွင် မြင်ရနိုင်သည်။

ချင်မူ ဆယ်ကြိမ်ခန့် မျက်တောင်ခတ်ပြီးနောက်တွင် မြင်တွေ့ခဲ့ရသည့် ပထဝီမြေပုံက တစ်ဒါဇင်ကျော်သွားခဲ့လေပြီ။ သို့သော် သူ ထင်ထားသကဲ့သို့မဟုတ်ဘဲ ဤမြေပုံများက မည်သည့်ကမ္ဘာဆိုသည့် အချက်အလက်ကိုသော်လည်းကောင်း၊ လမ်းကြောင်းကိုသော်လည်း အတိအကျမဖော်ပြပေ။ ထို့ကြောင့် ရွှင်ပျော်ပျော်ကျေးရွာက မည်သည့်ကမ္ဘာတွင် ရှိပြီး ကမ္ဘာအမှန်ကို ရှာတွေ့လျှင်တောင်မှ မည်သို့လိုက်ရှာရမည်လဲ မသိဘဲဖြစ်ကျန်စေခဲ့သည်။

‘ရွှင်ပျော်ပျော်ကျေးရွာဆီ သွားတဲ့လမ်းကြောင်းကို မှတ်ထားတဲ့ သံလိုက်အိမ်မြှောင်တစ်ခု ရှိကိုရှရမယ်။ အဲ့ဒါကို ရှာတွေ့ရင် ငါ ဒီသင်္ဘောကို ရွှင်ပျော်ပျော်ကျေးရွာဆီ ပြန်မောင်းသွားနိုင်လိမ့်မယ်’

ချင်မူ လှည့်ပတ်ကြည့်လိုက်သည့်အခါ သူ့အကြည့်သည် သံလိုက်အိမ်မြှောင် ထည့်ထားသင့်သည့်နေရာအပေါ် ကျရောက်သွား၏။ အမှန်ဆိုလျှင် ရွာလူကြီး သူ့ကို ပေးခဲ့သော ကြေးမုံလို ကြေးမုံတစ်ချပ် ရှိနေသင့်သော်လည်း ကွက်လပ်ဖြစ်နေသည်။

‘‌ကြေးမုံ ကွဲသွားတာလား၊ ကံကောင်းလို့ ငါ့မှာ ဘိုးဘိုးရွာလူကြီးပေးထားတဲ့ လမ်းပြကြေးမုံရှိသေးတယ်။ ဒါပေမဲ့ ချိတ်ပိတ်ထားတာကို ဖွင့်နိုင်ပါ့မလား’

သူ လမ်းပြကြေးမုံကို ရှာရန် ထောင်ကျယ်အိတ်ထဲ လက်ထည့်လိုက်သည့်အချိန်တွင် ကြမ်းပြင်တွင် ပြန့်ကြဲနေသော မှန်ကွဲစများကို မြင်လိုက်ရသည်။

‘အဖြူရောင်ဝတ်ရုံနှင့်လူက ကြေးမုံကို ဖျက်စီးခဲ့တာများ ဖြစ်နိုင်မလား’

ချင်မူ အတန်ငယ် အံ့ဩသွားပြီး ထောက်ကျယ်အိတ်ထဲမှ လက်ပြန်ထုတ်လိုက်သည်။ နတ်ဘုရားများစွာက အဖြူရောင်ဝတ်ရုံနှင့်လူကို နောက်မှလိုက်၍ ဝိုင်းတိုက်ခဲ့ကြသဖြင့် ရွှင်ပျော်ပျော်ဓားကျိုးသွားခဲ့သည့်အတွက် အဖြူရောင်ဝတ်ရုံနှင့်လူမှာ နတ်ဘုရားများကို ဆက်လက်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။ သို့ထိတိုင် သူက သူ၏မိသားစုဝင်များ ထွက်ပြေးနိုင်အောင် နေကျန်ခဲ့သည်။ ထိုအချိန်တွင် ရွှင်ပျော်ပျော်ကျေးရွာကို ရန်သူများရှာတွေ့သွားမည်စိုး၍ လမ်းပြမြေပုံ ပါသော ကြေးမုံကို မသေခင် ဖျက်စီးခဲ့လိမ့်မည်။

‘အဲ့ဒီအတိုင်းသာဆို ဒီသင်္ဘောက ထောင်ချောက်ပဲ’

ချင်မူ ကျောစိမ့်သွားပြီး ခေါင်းမွှေးများ ထောင်သွားသည်။ သူက ဟိုရှာသည်ရှာ ရှာသလို ဟန်ဆောင်ရင်း ပဲ့ထိန်းအခန်းတံခါးဆီ မသိမသာ တိုးကပ်သွားနေသည်။

‘ယိုတိုကမ္ဘာထဲ ဝင်သွားတဲ့လူတွေ အသက်ရှင်နေလောက်သေးတယ်။ ဒီထောင်ချောက်ရဲ့ ရည်ရွယ်ချက်က သူတို့ကို ‌ထောင်ဖမ်းပြီး ရွှင်ပျော်ပျော်ကျေးရွာရဲ့ လမ်းကြောင်းကို ရှာဖို့ပဲ။ ဘိုးဘိုးရွာလူကြီး ပေးထားတဲ့ ကြေးမုံ ငါ့မှာရှိထားတယ်။ ဒီတော့ သူတို့သာ အဲ့ဒါကို ရသွားရင် ရွှင်ပျော်ပျော်ကျေးရွာကို ရှာတွေ့သွားလိမ့်မယ်’

အဆင့်မြင့်မှော်ဆရာကို ထိုးစိုက်နေသော ဓားစက်လုံးဘေးမှ ချင်မူ ဖြတ်သွားသည့်အခါ ဓားစက်လုံးက လှုပ်လာသည်။ ဓားရိုးများ ပြန်ထွက်လာသည့်အချိန် အကြည့်ခံနေရသည့်ခံစားချက်ကို သူ ရလိုက်ပြန်၏။ ကိုက်ကိုးရာမှ မျက်လုံးကြီးနှစ်လုံးက သူ့ခန္ဓာကိုယ်ကို ကြည့်နေ၍ ဖိအားပေးနေသည်။

အကြည့်ပိုင်ရှင်က သံသယဝင်နေကြောင်း ထင်ရှားသည်။

ချင်မူ ထိတ်လန့်သွားယောင် ဆောင်လိုက်ပြီး တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်အလား ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် အကြည့်စူးစူးက တမုဟုတ်ချင်း ပျောက်ကွယ်သွား၏။

“အမှောင်ထုထဲမှာ ပုန်းနေတဲ့ ‌နောင်တော်က ဘယ်သူပါလဲ” ချင်မူ ကျယ်ကျယ်မေးလိုက်သည်။ “ဒီသင်္ဘောထဲ ဝင်နိုင်အောင် ညီတော့်ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ်။ နောင်တော် လူလုံးထွက်ပြလို့ ရမလားခင်ဗျာ”

သူ ခဏစောင့်လိုက်သော်လည်း မည်သူမှ ပြန်မ‌ဖြေပေ။

ချင်မူ စိတ်ပျက်သွားပုံဖမ်းလိုက်ပြီး သက်ပြင်းချရင်း သူ၏ဓားပျံများကို ဆက်စုနေလိုက်သည်။ “နောင်တော်က လူလုံးထွက်မပြချင်တော့လည်း ဒီကျေးဇူးကို ညီတော် တစ်သက်လုံး မှတ်ထားပါ့မယ်”

သူက ပဲ့ထိန်းအခန်းတံခါးဆီ လျှောက်သွားပြီး ရင်တဒိန်းဒိန်းနေသည်။ ချီစွမ်းအင်ဖြင့် ရင်ခုန်သံကို ဖိနှိပ်လိုက်မှ ပုံမှန်ပြန်ဖြစ်သွား၏။

သူ အခန်းအပြင်ထွက်တော့မည့်ဆဲဆဲမှာပဲ တံခါးက ရုတ်တရက် ပွင့်လာသည်။ ပန်ကုန်းစုန်က အထဲဝင်လာပြီး တံခါးပေါက်ကို ပိတ်ရပ်ရင်း ပြုံးပြသည်။ “ဂိုဏ်းသခင်ချင်၊ မင်းမှာ ရွေးစရာနှစ်ခုရှိတယ်။ ခေါင်းဆောင်းကို ချွတ်မလား၊ ခေါင်းအဖြတ်ခံမလား”

ချင်မူမှာ အယုတ္တအနတ္တ ဆဲမိလုနီးပါးဖြစ်သွားပြီး ပန်ကုန်းစုန်ကို ဓားဖြင့် တဇွပ်ဇွပ် ထိုးပစ်လိုက်ချင်တော့သည်။

All Chapters