အရှက်မရှိလိုက်လေခြင်း
Vol. 22 Ch. 307
“မင့်ဘကြီး ချင်”
ချင်မူက ဓားတစ်လက်ဖြင့် အရှေ့ထိုးချလိုက်ရာ ဓားအလက်ရှစ်ထောင်လုံးက ရုတ်ခြည်း ရွေ့လျားပြီး ပန်ကုန်းစုန်ကို ဝိုင်းအုံသွားသည်။ ထိုအချိန်တွင် သူက အညှာအတာမဲ့စွာ အော်လိုက်၏။ “ချင်ကုန်းစုန်၊ မင်းနဲ့ငါ တစ်မိုးအောက်ထဲမှာ အတူမနေနိုင်ဘူး”
‘ချင်ကုန်းစုန်၊ ငါ့ကို ဘာလို့ ချင်ကုန်းစုန်လို့ ခေါ်နေတာတုန်း’
ပန်ကုန်းစုန်မှာ ဇဝေဇဝါဖြစ်သွားသော်လည်း ထွေထွေထူးထူး တွေးမနေပေ။ သူက ခါး၌ချိတ်ထားသော ထောင်ကျယ်အိတ်ကို ချက်ချင်း ပုတ်လိုက်ရာ အလံတစ်စင်း ခုန်ထွက်လာသည်။ အလံကို ဆုပ်ကိုင်၍ ကိုယ်တစ်ဖက်လှည့်ရင်း ဝင့်ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော ကျိုးကောင်များ ပျံထွက်လာသည်။ ကျိုင်းကောင်များက ပန်ကုန်းစုန်ကို လှည့်ပတ်ပျံသန်းပြီးနောက် ချင်မူ၏ ဓားမိုးဆီ ပြေးဝင်လာကြ၏။
ကျိုင်းကောင်များက ဓားပျံများအပေါ် ခုန်အုပ်ကာ ဓားသွားကို တဂွပ်ဂွပ် ကိုက်စားကြသော်လည်း မကိုက်နိုင်ပေ။
ချင်မူ၏ ဓားအလက်ရှစ်ထောင်သွန်းလုပ်မှုကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အရည်အသွေးအမြင့်ဆုံးသတ္ထုအားလုံးနီးပါး တက်တက်ပြောင်သွားခဲ့သည်။ ဓားအလက်ရှစ်ထောင်အနက် အများစုကို မဟူရာရွှေဖြင့် သွန်းလုပ်ခဲ့သော်လည်း ဓားတစ်လက်စီတိုင်းက ချင်မူ၏လက်ရာ ဖြစ်သည်။ သူ၏လက်နှစ်ဖက်ဖြင့် ဓားများကို ပုံသွင်းပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့် ပထမအဆင့် အမြင့်စံနန်းတွင်းအရာရှိဓားများအတွက် အသုံးပြုသောသတ္ထုများထက်ပင် ပိုမိုကောင်းမွန်သည့် အရည်အသွေးအမြင့်ဆုံးသတ္ထုများကို ရောစပ်ခဲ့၏။
သူ၏ကျင့်စဉ်စွမ်းအင်တွင် အကန့်အသတ်ရှိနေ၍ ဓားအလက်ရှစ်ထောင်၏ စွမ်းရည်ကို အိမ်ရှေ့စံကိုယ်ရံတော်ဓားအဆင့်အထိ မမြှင့်နိုင်သော်လည်း မာကြောခိုင်ခံ့ခြင်းကြောင့် အိမ်ရှေ့စံကိုယ်ရံတော်ဓားအဆင့်အောက် မနိမ့်ကျပေ။
ချင်မူ ဓားစွမ်းအင်ကို ထုတ်လွှတ်၍ ကျိုင်းကောင်များအား ပိုင်းချလိုက်သည့်အခါ တဒင်ဒင်မြည်သံများသာ ကြားလိုက်ရသည်။ မီးပွားများ ဖွားခနဲ ဖြာထွက်သွားပြီး သူ့ဓားများမှာ ကျိုင်းကောင်များအား မပိုင်းဖြတ်နိုင်လိုက်ရာ ချင်မူ အံ့အားသင့်သွားမိသည်။ ‘ပန်ကုန်းစုန်မှာလည်း ရတနာတွေ ရှိနေတာကိုး’
ချင်မူ၏ ထောင်ကျယ်အိတ်နှင့် အိတ်ထဲရှိရတနာအများစုမှာ လိုလန်ရွှေနန်းတော်မှ ခိုးယူလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ပန်ကုန်းစုန်က လိုလန်ရွှေနန်းတော်၏ ဆရာသခင်ဖြစ်သည့်အတွက် သူ၏အဆင့်အတန်းသည် ဥသျှောင်မှော်ဆရာထက် များစွာမြင့်မားပြီး ကိုယ်တိုင်ရတနာတိုက်လည်း ပိုင်ဆိုင်ထား၏။ ချင်မူ ဝင်ခိုးခဲ့သည်က သူ့ရတနာတိုက်မဟုတ်ပေ။
ပန်ကုန်းစုန်တွင် ဝိညာဉ်လက်နက်များစွာ ရှိပြီး ကျိုင်းကောင်များက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆိပ်ပိုးကောင်စံအိမ်မှ ကျင့်စဉ်သိုင်းကွက်တစ်ကွက် ဖြစ်၏။ အဆိပ်ပိုးကောင်ကျင့်စဉ်ဖြင့် ထူးဆန်းသောရတနာတစ်ပါးကို သွန်းလုပ်ဖန်တီးရခြင်းဖြစ်သည်။
ပန်ကုန်းစုန်သည် တစ်ဘဝတုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လေ့လာခဲ့၏။ ပေါင်းစည်းကျင့်စဉ်ကို မရရှိခဲ့သော်လည်း မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရှိ ကျင့်စဉ်အားလုံးကို ကျင့်ကြံတတ်မြောက်ခဲ့သည်။
သူ၏ထောင်ကျယ်အိတ်ထဲရှိ အဆိပ်ပိုးကောင်များက ဂိုဏ်းအမွေအဆင့်ရတနာတစ်ပါး ဖြစ်ပြီး အောက်လမ်းဝိညာဉ်ပညာရပ်ဖြင့် တစ်သားတည်း ပေါင်းစည်းခံထားရ၏။ အဆိပ်ပိုးကောင်တစ်ကောင်စီတိုင်းက ရန်သူ၏ ရုပ်ခန္ဓာကိုတင်မက၊ ဝိညာဉ်များကို တိုက်ခိုက်ရန် ဖန်တီးမွမ်းမံခံထားရသည်။ လိုလန်ရွှေနန်းတော်၏ ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်မှ ဝိညာဉ်ပိုးကောင်ကျင့်စဉ်ကလည်း မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အဆိပ်ပိုးကောင်ကျင့်စဉ်မှ ခွဲထွက်ထားခြင်းဖြစ်သည်။
ကျိုင်းကောင်များ၏ မောကြောမှုက သတ္ထုထက် သာသည့်အပြင် အရွယ်အစား လိုသလိုပြောင်းလဲနိုင်သည်။ သာမန်ဝိညာဉ်လက်နက်ဆိုလျှင် ကျိုင်းကောင်ပျံများသည် အစအနပင်မကျန်အောင် စားပစ်နိုင်၏။
ကျိုင်းကောင်များတွင် ဝိညာဉ်ကို တိုက်ခိုက်သော အောက်လမ်းအစီအရင်များ ရှိသည့်အတွက် တခြားလူများ၏ ဝိညာဉ်လက်နက်တို့ကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ဤသို့ဖြစ်သည်နှင့် လက်နက်ပိုင်ရှင်မှာ ဝိညာဉ်လက်နက်ကို မထိန်းချုပ်နိုင်တော့ရာ သူတို့အတွက် ပိုင်ရှင်ကို သတ်ဖို့ လွယ်ကူသွားလိမ့်မည်။
အရေးအကြီးဆုံးအချက်က ဂိုဏ်းသခင်အဆင့်ရတနာကို ထုတ်သုံးခြင်းက ချီစွမ်းအင်အား များစွာ ကုန်ခန်းစေသော်လည်း ပန်ကုန်းစုန်အတွက် အပန်းမကြီးပေ။ ထို့ကြောင့် သူက ချင်မူနှင့် ထိတိုက်တွေ့လျှင်ချင်း ဤရတနာကို သုံးလိုက်ခြင်းဖြစ်သည်။
ချင်မူ၏ကျင့်စဉ်စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် သိပ်သည်းပြီး သူ့ထက်ပင် သာကြောင်း ပန်ကုန်းစုန် သိသည်။ ပြန်လည်မွေးဖွားပြီးနောက် သူ၏ကျင့်ကြံနှုန်းက ချင်မူ့ထက် များစွာမြန်သော်လည်း ချင်မူကို အထင်မသေးဝံ့ပေ။ ကျင့်စဉ်သိုင်းကွက်သက်သက်ဖြင့် ချင်မူကို အနိုင်ယူနိုင်သည်ဟု သူ မတွေးပေ။
ချင်မူ့တွင် ဓားပျံများစွာ ရှိသော်ငြား ကျိုင်းကောင်အရေအတွက်ကလည်း အတော်များသည်။ နှစ်ယောက်လုံးက ဓားသိုင်းထုတ်ဖော်လိုက်၍ ဓားရောင်များက တဖျတ်ဖျတ် လင်းလက်သွားသည်။ ချင်မူ ထုတ်သုံးလိုက်သည်က တာအိုဂိုဏ်း၏ တတိယတာအိုဓားကွက်ဖြစ်ပြီး ပန်ကုန်းစုန်လည်း တတိယတာအိုဓားကွက်ကို ထုတ်သုံးလိုက်သည်။
ငါးရောင်ခြယ်မင်္ဂလာတိမ်တိုက်များ လွှမ်းခြုံ၍ ကောင်းကင်ဘုံသုံးဆင့်ထက်တွင် ကောင်းကင်တေးသံများ တချွင်ချွင် မြည်လေသည်
တာအိုဂိုဏ်းသားများ၏လက်ထဲတွင် ဤဓားကွက်နှင့် ဓားစွမ်းရည်သည် သေမျိုးလူပြည်နှင့် မသက်ဆိုင်သကဲ့သို့ နတ်ဘုံနတ်နန်းပမာ တင့်တယ်လှပ၏။
သို့သော် ဤနှစ်ယောက်၏လက်ထဲ၌မူ ဓားချီနှင့် ကျိုင်းကောင်ပျံများတွင် နတ်ဘုံနတ်နန်းကဲ့သို့ အငွေ့အသက်မရှိပေ။ ဓားအလက်ရှစ်ထောင်က ငါးရောင်ခြယ်မင်္ဂလာတိမ်တိုက်များကို ဖော်ကျူးလိုက်သဖြင့် ချင်မူ၏ဓားရောင်များက ထည်ဝါခမ်းနားနေသည်။ သူ၏ စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါးကလည်း တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် အားဟုန်ပြင်းထန်လှ၏။ ဓားပျံများ ထိတိုက်သွားသောအခါ မည်သည့်နတ်ဗိမာန်မှ ပေါ်ထွန်းမလာ၊ ကောင်းကင်တေးသံက စစ်သည်တော်များ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စစ်ချီလာပြီး စစ်ဗုံများ တဒုန်းဒုန်းတီးနေသံ ပြောင်းသွားသည်။
အခြားတစ်ဖက်တွင် ပန်ကုန်းစုန်က အောက်လမ်းပညာဖြင့် တတိယဓားကွက်ကို ထုတ်ဖောက်လိုက်၏။ ကျိုင်းကောင်ပျံများက တိမ်တိုက်များအသွင် ပြောင်းသွားသည်။ ခမ်းနားတင့်တယ်သော ငါးရောင်ခြယ်တိမ်တိုက်များက မိစ္ဆာအငွေ့အသက်များဖြင့် အလိပ်လိပ်ထနေပြီး အဆိပ်ငွေ့များ ပြန့်ကားလာသည်နှင့် တူသည်။ အောက်လမ်းပညာနှင့် မှော်ဆရာအဆိပ်တို့၏ ဆန်းပြားခြင်းတွင် ကျိုင်းကောင်ပျံများ၏ ထူးဆန်းသော တကျီကျီအော်မြည်သံများအား ထည့်ပေါင်းလိုက်ရာတွင် ကောင်းကင်တေးသံသည် ဖောက်ပြန်ပျက်စီးသွား၏။
ဝုန်း
ဓားရှစ်ထောင်နှင့် ကျိုင်းကောင်များ ထိတိုက်သွားသည့်အခါ တတိယတာအိုဓားကွက်၏ ဓားစွမ်းအင်များက အားကုန်ပေါက်ကွဲသွား၏။ ဓားကွက်နှစ်ကွက်၏ ပေါက်ကွဲမှုကြောင့် ချင်မူနှင့် ပန်ကုန်းစုန်လည်း ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး လွင့်ထွက်ကာ ပဲ့ထိန်းအခန်း၏နံရံကို ဝင်တိုက်သွားကြသည်။ သူတို့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။
“ချင်ကုန်းစုန်၊ မင်းတော့ သေပြီသာမှတ်”
ချင်မူ ခန္ဓာကိုယ်ကို လှုပ်၍ နံရံထဲမှ ထွက်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်၊ လက်သန်း၊ လက်သူကြွယ်နှင့် လက်မကို ကွေး၊ လယ်ခလယ်နှင့် လက်ညှိုးကို ဆန့်ကာ ဓားမုဒြာဖော်လိုက်သည်။
ရွှင်ပျော်ပျော်ဓားက ဓားထိပ်ဖြင့် အပေါ်သို့ညွှန်လျက် ပျံထွက်လာသည်။ ဓားအလက်ရှစ်ထောင်က တဝှစ်ဝှစ် ပြေးဝင်လာပြီး ဓားကြီးတစ်လက်အသွင် ဖွဲ့ကြသည်။ ဓားအလက်ရှစ်ထောင်သည် ရွှင်ပျော်ပျော်ဓားကို အူတိုင်အဖြစ် သတ်မှတ်ကာ ရွှင်ပျော်ပျော်ဓား၏ပတ်ပတ်လည်တွင် ပျံဝဲလျက် လွန်သွားဓားချက်နှင့် ခုတ်ထစ်ဓားချက်ကို ဖော်ကျူးနေကြ၏။
ချင်မူက အပေါ်မြှောက်ထားသည့် လက်နှစ်ဖက်ကို အောက်ပိုင်းချလိုက်သည်။
ဝှစ်
ဧရာမဓားကြီးက ပန်ကုန်းစုန်အပေါ် ကျဆင်းလာသည်။
“ဂိုဏ်းသခင်ချင် ဒီလောက်ဓားအများကြီးကို ထိန်းချုပ်နေတာဆိုတော့ ချီစွမ်းအင်က လောက်ပါ့မလား”
ပန်ကုန်းစုန်က ကျိုင်းကောင်တစ်ထောင်အလံကို ဘယ်ညာဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော ကျိုင်းကောင်များက နောက်ပြန်ရောက်လာပြီး တစ်ကောင်၏ကျောပေါ် တစ်ကောက်ဖက်တွယ်ကာ ဧရာမဒိုင်းကြီးတစ်ခုအသွင် ဖွဲ့တည်လိုက်ကြ၏။ ဓားနှင့် ကျိုင်းကောင်များ တိုက်သွားသည့်အခါ ဓားကွက်က ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ဓားများက ဝဲကတော့ဓားချက်အသွင်ပြောင်ကာ လည်လာသည်။ ကျိုင်းကောင်များသည် ဓားများ မထိုးဖောက်နိုင်သည်အထိ မာကြောသော သံမဏိကျိုင်းကောင်များ ဖြစ်သော်လည်း ဝဲကတော့ဓားချက်က သူတို့အကြား ဟနေသောကွက်လပ်ထဲ တိုးဝင်ကာ အနောက်ရှိ ပန်ကုန်းစုန်ကို ခုတ်ထစ်နိုင်သည်။
“ချင်ကုန်းစုန်၊ မင်းရဲ့မှော်စွမ်းအင်ကလည်း မလောက်ဘူးမလား” ချင်မူက အညှာအတာမရှိ ပြောသည်။
အထဲတွင် ပန်ကုန်းစုန်မှာ စိတ်ရှုပ်ထွေးသွားသည်။ ‘ဒီခွေးကောင်က ငါ့ကို ဘာလို့ ချင်ကုန်းစုန်လို့ ခေါ်နေတာလဲ၊ ငါ့မျိုးရိုးက ချင်မှ မဟုတ်တာ။ ထူးဆန်းတယ်...”
သူ မသိသည်မှာ ဤသင်္ဘောပိုင်ရှင်က ချင်မျိုးရိုးဖြစ်ပြီး ရွှင်ပျော်ပျော်ကျေးရွာ၏ ချင်မိသားစုမှ လာသည်ကိုပင်။ ထို့အပြင် ကိုက်ကိုးရာအကွာရှိ သတ္တဝါကြီးက ရွှင်ပျော်ပျော်ကျေးရွာသားများ ပြန်ရောက်လာမည်ကို မျှော်လင့်ရင်း ဤသင်္ဘောကို စောင့်ရှောက်နေခြင်းဖြစ်သည်။
ချင်မူက ဤနေရာသို့ လမ်းမှားရောက်လာသော တုံးတုံးအအသိုင်းသမား အယောင်ဆောင်လိုက်ခြင်းဖြင့် ကြောက်မက်ဖွယ်ရာသတ္တဝါကြီးကို လှည့်စားခဲ့သော်လည်း သူ ထောင်ချောက်အပြင် ထွက်တော့မည့်ဆဲဆဲမှာပင် ပန်ကုန်းစုန်က သူ့ကို ဂိုဏ်းသခင်ချင်ဟုခေါ်ကာ သေတွင်းထဲ ပို့ခဲ့သည်။
ထို့ကြောင့် ချင်မူလည်း သူ့ကို ချင်ကုန်းစုန်ဟု ခေါ်ရင်း တမင်တကာ သေတွင်းထဲ အတူတူဆွဲချခဲ့ခြင်းဖြစ်သည်။ ‘ငါ သေရင် မင်းလည်း သေရမယ်’ ဆိုသည့်သဘောပင်။
ချင်မူ ပြောလိုက်သည်က မမှား။ ပန်ကုန်းစုန်၏ မှော်စွမ်းအင်မှာ မလောက်ပေ။ ကျိုင်းကောင်တစ်ထောင်အလံအတွက် ကျင့်စဉ်စွမ်းအင်လိုအပ်ချက်က မမြင့်မားသော်လည်း အလံသည် ဂိုဏ်းသခင်အဆင့်ရတနာတစ်ပါး ဖြစ်နေသေး၏။ သူက အရပ်ခြောက်မျက်နှာအဆင့်တွင်သာ ရှိသေးရာ ကောင်းကင်တံတားအဆင့် ရတနာကို ထုတ်သုံးခြင်းက အတော်လေး အားအင်ကုန်ခမ်းရလေသည်။
ချင်မူ ထုတ်ဖော်ခဲ့သော တာအိုဓား၏ တတိယဓားကွက်နှင့် ယှဉ်ရခြင်းက သူ၏ချီစွမ်းအင်ကို များစွာကုန်ခမ်းသွားစေခဲ့ခြင်းကြောင့်မဟုတ်လျှင် ချင်မူ၏ဓားကွက်များကို ဟန့်တားဖို့ ကျိုင်းကောင်တစ်ထောင်အလံကို အသုံးပြုခဲ့မည်မဟုတ်ပေ။
ချင်မူလည်း ချီစွမ်းအင်အများအပြား ကုန်ခမ်းသွားခဲ့ခြင်းကြောင့်မဟုတ်လျှင် လွန်သွားဓားချက်၊ ဝဲကတော့ဓားချက်နှင့် ခုတ်ထစ်ဓားချက်ကဲ့သို့ အခြေခံဓားချက်များကိုသာ အသုံးပြုခဲ့မည်မဟုတ်။ တာအိုဓားကဲ့သို့ အဆင့်မြင့်ဓားကွက်များသာ သုံးခဲ့လိမ့်မည်။
နှစ်ယောက်လုံး ဝိညာဉ်လက်နက်များကို ခဲရာခဲဆစ် ထိန်းချုပ်နေရသော်လည်း နှစ်ယောက်လုံးက လွန်စွာထူးချွန်ပြီး အရပ်ခြောက်မျက်နှာအဆင့်ထက်ပင် သာနေသည့်အတွက် တစ်ယောက်၏ဝိညာဉ်လက်နက်ကို မခုခံနိုင်လျှင် သေချာပေါက် မရှုမလှ သေရလိမ့်မည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ဖို့ ချီစွမ်းအင်များကိုသာ ဖြစ်ညှစ်သုံးနေရတော့သည်။
“ချင်ကုန်းစုန် အရှုံးပေးလိုက်ပါတော့လား” ချင်မူ အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ချီစွမ်းအင်ဖြင့် ဓားပျံများစွာကို ထိန်းချုပ်ရခက်လေသည်။ ထို့ကြောင့် ဓားပျံတချို့က ကြမ်းပြင်ပေါ် ပြုတ်ကျလျှင် ပြုတ်ကျ၊ နံရံစိုက်လျှင်စိုက် ဖြစ်ကုန်သည်။
သို့သော် ဤအခိုက်အတန့်က သူ တိုက်ခိုက်ရမည့် အချိန်ဖြစ်သည်။ ဓားပျံများ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဓားကွက်မျိုးစုံ ထုတ်လွှတ်ကာ ပျံတက်သွားသည်။
ပန်ကုန်းစုန်မှာလည်း ကျိုးကောင်အားလုံးကို မထိန်းချုပ်နိုင်သည့်အတွက် တချို့က ကြမ်းပြင်ပေါ် ပြုတ်ကျကုန်သည်။ သူတို့က ပျံတက်လာချင်သော်လည်း ချီစွမ်းအင်မလောက်ငှပေ။ ပန်ကုန်းစုန်မှာ ကျိုင်းကောင်ရာဂဏန်းမျှနှင့်သာ ချင်မူကို ဝင်တိုက်လိုက်ရသည်။
“ဂိုဏ်းသခင်ချင် ခေါင်းဆောင်းကို ချွတ်ပေးရင် အလွှတ်ပေးမယ်” ပန်ကုန်းစုန်က သရော်တော်တော် ပြုံးလိုက်သည်။
သူတို့နှစ်ယောက် ထိန်းချုပ်နိုင်သော ဝိညာဉ်လက်နက်ပမာဏမှာ နည်းသထက် နည်းလာသည်။ ရုတ်တရက် ချင်မူက တထာဂတ၏ မဟာယနသတ္တန်ကို ထုတ်ဖော်လျက် မဟာဗုဒ္ဓအသွင်ပြောင်းကာ ပန်ကုန်းစုန်အား တိုက်ခိုက်သည်။ ဗုဒ္ဓမုဒြာလက်ဟန်ဖြင့် အောက်သို့ဖိနှိပ်လိုက်သောအခါ သူ၏အနောက်တွင် ကောင်းကင်ဘုံရှစ်ဆင့်၏ နတ်ဘုရားများနှင့် ဗုဒ္ဓများပေါ်လာပြီး ဗုဒ္ဓသံများ ညံသွားသည်။
မိုးကြိုးရှစ်ချက်လက်သီးသိုင်း၏ ပထမသိုင်းကွက်၊ အထီးကျန်အရှေ့ပင်လယ်မှ နွေဦးမိုးကြိုး
“ဝဇိရပြိုင်ဘက်ကင်း”
ပန်ကုန်းစုန်က သရော်ပြုံးပြုံးလျက် တထာဂတ၏ မဟာယနသုတ္တန်မှ ဝဇိရပြိုင်ဘက်ကင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ ဝဇိရလက်နက်တော်က သူ့ကို ကာကွယ်ပေးထားသကဲ့သို့ သူ့တစ်ကိုယ်လုံး ရွှေသားဖြစ်လာသည်။
သူက မဟာယနသုတ္တန်၏ကျင့်စဉ်နှင့်တကွ ကောင်းကင်နတ်သိုင်းများကို သင်ယူခဲ့ရသော်လည်း ချင်မူကမူ ကျင့်စဉ်ကိုသာ သင်ယူခဲ့ရ၍ ကောင်းကင်နတ်သိုင်းများတွင် ပန်ကုန်းစုန်အောက် နိမ့်ကျသည်။ သို့သော် ချင်မူက တထာဂတ၏ မဟာယနသုတ္တန်ကို ထုတ်သုံးလိုက်သော်လည်း သူ၏ခြေလှမ်းခြေကွက်များ ပြောင်းလဲသွားပြီး ခန့်မှန်းမရအောင်ဖြစ်လာ၍ ပန်ကုန်းစုန် မှင်သက်သွားသည်။ ချင်မူ၏ ခြေသိုင်းတွင် ပြောင်းလဲမှုအသင်္ချေ ပါရှိပြီး သူ၏ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လို လှစ်ခနဲ လည်သွားသည်။
ပန်ကုန်းစုန် သတိလက်လွတ်ဖြစ်သွားသည့်အချိန်တွင် ချင်မူ့ဒူးက သူ၏ဝမ်းဗိုက်ကို ဝိုက်တိုက်ချလိုက်လေသည်။ အောင့်မျက်သွားသည့် နာကျင်မှုက သူ့အား မျက်ရည်ဝဲသွားစေပြီး အင့်ခနဲ ညည်းလိုက်ရစေသည်။
ဖြောင်း ဖြောင်း ဖြောင်း
ချင်မူ၏ကန်ချက်များက သူ့မျက်နှာပေါ် ကျရောက်လာပြီး သူ့အား နောက်ကန်ထုတ်နေ၍ နောက်ဆုံးတော့ သူ့မှာ နံရံကို မှီလျက်သားဖြစ်သွား၏။ သေရတော့မည့်အချိန်မှာပဲ ပန်ကုန်းစုန်၏ခန္ဓာကိုယ်က ရုတ်တရက် အရိပ်မည်းမည်းတစ်ခုအသွင်ပြောင်းကာ လွတ်မြောက်သွားသည်။ သူ သုံးလိုက်သည်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ တစ္ဆေအရိပ်ကျင့်စဉ်ဖြစ်၏။ ၎င်းကြောင့်သာ ချင်မူ၏ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို ရှောင်တိမ်းနိုင်လိုက်သည်။
ချင်မူက ပဲ့ထိန်းအခန်းတံခါးဆီ ဝမ်းသာအားရပြေးသွားပြီး တစ်ချိန်တည်းမှာပဲ ပန်ကုန်းစုန်၏အရိပ်ဆီ ဓားများပို့လွှတ်လိုက်သည်။ သူ တံခါးဆီ ရောက်သွား၍ တွန်းဖွင့်ပြီး အပြေးထွက်တော့မည့်ဆဲဆဲမှာပင် ခြေထောက်များ အချုပ်ခံလိုက်ရ၏။ ပန်ကုန်းစုန်က ကျိုင်းကောင်များကို အသုံးပြုလျက် ချင်မူ၏ဓားများကို ဟန့်တားကာ ကြမ်းပြင်တွင် ကပ်ပြီးနောက် ချင်မူ့ခြေကျင်းဝတ်များအား လှမ်းဆွဲလိုက်ခြင်းဖြစ်သည်။
“ဂိုဏ်းသခင်ချင် ခေါင်းဆောင်းကို ထားခဲ့ပါ”
ပန်ကုန်းစုန် အားကုန်ဆွဲလိုက်သည့်အခါ ချင်မူက အရိပ်မည်းမည်းအသွင်ပြောင်းကာ ကြမ်းပြင်ထဲ ဝင်သွားသည်။ နှစ်ယောက်လုံး တစ္ဆေအရိပ်ကျင့်စဉ်ကို သုံး၍ အရိပ်နှစ်ခု ဖြစ်သွားကြပြီး နံရံများနှင့် ကြမ်းပြင်ပေါ် ဖြတ်ပြေးကူးပြောင်းကာ တစ်ယောက်ကိုတစ်ယောက် မညှာမတာ တိုက်ခိုက်နေကြသည်။
ဒုန်း
အခန်းနံရံများ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး ပန်ကုန်းစုန်က နံရံတစ်ဖက်သို့ အားကုန်းတွန်းထုတ်ခံလိုက်၍ အရိပ်အသွင်မှ ပုံမှန်အသွင်ပြန်ပြောင်းသွား၏။ သူက နံရံပေါ်ရှိ ချင်မူ၏အရိပ်ကို ကိုက်ရန် ကျိုင်းကောင်ပျံများ ပို့လွှတ်လိုက်သည်။
ချင်မူက နံရံပေါ်မှ မျက်နှာကြက်သို့ ဖျတ်ခနဲ ကူးပြေးသွားပြီး တွဲလောင်းကျလာသည်။ သူ့ခြေထောက်များက အရိပ်ဖြစ်နေသေးသော်လည်း သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်၏။ သူက ဗုဒ္ဓမုဒြာလက်ဟန်ဖြင့် ပန်ကုန်းစုန်ကို ဖိချလိုက်သည်။
ပန်ကုန်းစုန်က ခုန်တက်လိုက်သော်လည်း မတိုက်ခိုက်ပေ။ ချင်မူ၏အနောက်ကို ငေးကြည့်နေပြီး သူ့နဖူးမှ ချွေးပေါက်များ လိမ့်ဆင်းလာသည်။
ချင်မူလည်း သူ့ကို တိုက်ခိုက်ရန် ပြင်လိုက်စဉ် တစ်ခုခုမူမမှန်သည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ရာမျက်လုံးကြီးနှစ်လုံး သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည့်အခါ သူ့တစ်ကိုယ်လုံး အေးစက်သွား၏။
သူ တစ္ဆေအရိပ်အသွင်ကို ရုပ်သိမ်း၍ ကြမ်းပြင်ပေါ် ပြန်ဆင်းပြီးနောက် သူ့အနောက်သို့ ခဲရာခဲဆစ် လှည့်ကြည့်လိုက်သည်။
ပဲ့ထိန်းအခန်းအပြင်ရှိ အမှောင်ထုထဲတွင် ဧရာမမျက်လုံးကြီးနှစ်လုံး ပေါ်လာ၏။ မျက်လုံးနှစ်လုံးအကြား အကွာအဝေးက ကိုက်ကိုးရာရှိလေသည်။
မျက်လုံးကြီးနှစ်လုံး၏ သူငယ်အိမ်များက ဒေါင်လိုက်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောဟန် ရှိသည်။ ၎င်းတို့က လူငယ်နှစ်ယောက်ကို စိုက်ကြည့်နေ၏။
ပန်ကုန်းစုန်၏တစ်ကိုယ်လုံး တုန်ရီလာပြီး ခြေထောက်များပင် ယိုင်လာသည်။ သူက အက်ကွဲကွဲအသံဖြင့် ချင်မူ့ကို ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ မင်း ဒီနေရာက ထွက်သွားချင်နေတဲ့အကြောင်းရင်းကို အခု ငါ သိပါပြီ”
“ချင်ကုန်းစုန် ခွေးသား” ချင်မူ အံတင်းတင်းကြိတ်ထားရသည်။ “မင်းကြောင့်သာမဟုတ်ရင် ငါ ထွက်သွားဖြင့်ကြာလှနေပြီ”
သူငယ်အိမ်နှစ်ခု၏အောက်မှ နားမခံသာဖွယ်အသံတစ်သံ ထွက်လာသည်။ အသံက သံသံချင်း ပွတ်တိုက်နေသကဲ့သို့ စူးနေ၏။ “မင်းတို့ထဲက ဘယ်တစ်ယောက်က ချင်မျိုးရိုးလဲ”
“သူပဲ” ချင်မူနှင့် ပန်ကုန်းစုန်က ပြိုင်တူ လက်ညှိုးထိုးလိုက်ကြသည်။