အင်မော်တယ်နယ်မြေ၏ သေမျိုးရွာ
Vol. 48 Ch. 663
အဆုံးအစွန် ပင်လယ်သည် ယုံရင် အင်မော်တယ်နယ်မြေ၏ နယ်မြေစည်း၌ တည်ရှိပေ၏။
အင်မော်တယ်နယ်မြေ ခုနှစ်ခုအနက် ယုံရင် အင်မော်တယ်နယ်မြေမှာ ဝိညာဉ်စွမ်းအား အားအနည်းဆုံးနှင့် ပါးအလွှာဆုံး ဖြစ်၏။ နယ်နမိတ်အဖျားအနားတွင် တည်ရှိနေသော အဆုံးအစွန် ပင်လယ်မှာ အင်မော်တယ်လောကတစ်ခုလုံး၌ အပါးလွှာဆုံး ဖြစ်နေသောကြောင့် ဤနေရာ၌ ကျင့်ကြံဖို့ရာ မဖြစ်နိုင်ချေ။
သွေဖယ်ခြင်း ရွာမှာ ငါးဖမ်းသမား ရွာလေးအဖြစ် ယူဆ၍ ရပြီး အဆုံးအစွန် ပင်လယ် အနား တည်ရှိ၏။
အင်မော်တယ်နယ်မြေ၌ ရွာဟု ခေါ်ဆိုရမည့် အလွန်နည်းပါးပေသည်။ ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအား နည်းပါးသော နေရာများကို အင်မော်တယ် အနီးဝန်းကျင်၊ အင်မော်တယ်ကျွန်းစွယ် သို့မဟုတ် အကူအင်မော်တယ် မြို့များအဖြစ် သိကြ၏။ ရွာအဖြစ် သိနေကြသော တည်နေရာမျိုးမှာ အင်မော်တယ်လောက တစ်ခုလုံးမှ ပစ်ပယ်ထားပြီး မည်သို့ဖြစ်ဖြစ် အသုံးမဝင်သောကြောင့် ဖြစ်ပေသည်။
ယခင်အတိတ်တုန်းက ဤရွာကို စွန့်ပစ်ခြင်းရွာဟု သိခဲ့ကြသည်။ နောက်ပိုင်း အင်အားစု အိမ်တော်တစ်ခု ထွက်ပေါ်လာပြီး နာမည်ကို သွေဖယ်ခြင်းရွာဟု အမည်နာမ ပြောင်းလိုက်ခြင်း ဖြစ်၏။ မည်သိုပင် ဆိုစေကာမူ ရွာလေးမှာ အင်မော်တယ်နယ်မြေ၏ အစွန်းအဖျား ထောင့်တစ်နေရာ၌ ပျက်စီးယိုယွင်းနေသော နေရာငယ်လေး ဖြစ်ပေသည်။
ရွာလေးတွင် နေထိုင်သူ မိသားစု သုံးဆယ်မျှသာ ရှိ၏။ ဤနေရာ၌ ထင်ရှားသော လက္ခဏာရပ်မှာ မည်သူမှ မကျင့်ကြံ ကြခြင်း ဖြစ်၏။ ဤနေရာရှိ နေထိုင်သူများမှာ ဝိညာဉ်ကြော မရှိသူ၊ ဝိညာဉ်ကြော ပျက်စီးနေသူ သို့မဟုတ် သူတို့ကိုယ် သူတို့ မျှော်လင့်ချက် စွန့်လွှတ်ထားသော လေလွှင့် ကျင့်ကြံသူများသာ ရှိကြပေသည်။
အင်မော်တယ်နယ်မြေ၏ ဝိညာဉ်စွမ်းအားမှာ သာမာန်နယ်မြေများထက် ပိုများသောကြောင့် ဤနေရာရှိ ဝိညဉ်စွမ်းအားမှာ ကျင့်ကြံဖို့ရာ မလုံလောက်သော်လည်း သွေဖယ်ခြင်းရွာ၌ နေထိုင်ကြသော သေမျိုးများအတွက် အထောက်အကူ ပြုပေသည်။ သာမာန် ရွာသားတစ်ယောက်၏ သက်တမ်းမှာ နှစ် ၂၀၀ မျှ ဖြစ်၏။ အားကောင်းသော သူ သို့မဟုတ် အင်မော်တယ်ဆေးပင်များ စားသုံးဖူးသူတို့မှာ နှစ် ၂၅၀ ကျော် နေထိုင်နိုင်ကြသည်။
ရွာသားများက မကျင့်ကြံကြသလို သူတို့ကို ကာကွယ်မည့် အားကောင်းသည့် ကျင့်ကြံသူလည်း မရှိကြသော်လည်း သားရဲများ၏ တိုက်ခိုက်မှုများကို မခံစားရပေ။
နောက်ထပ် အကျိုးကျေးဇူးတစ်ချက်မှာ အရင်းအမြစ် ပေါကြွယ်ဝခြင်း ဖြစ်၏။ ပင်လယ်အနီးအနားတွင် ရှိသောကြောင့် ရွာသားများကို အစားအစာနှင့်အဝတ်အထည်အတွက် စိတ်ပူစရာ မလိုအပ်ပေ။ ရွာသားအများစုမှာ ငါးဖမ်းသမားများ ဖြစ်ကြပြီး တချို့မှာ ကုန်းမြေသို့ သွားကာ သစ်ဥသစ်ဖု စိုက်ပျိုးတတ်ကြသည်။
ယူကျင့်ဖုန်းက ရွာထဲရှိ တခြားသူများကဲ့သို့ ငါးဖမ်းသမား တစ်ဦး ဖြစ်၏။ သို့သော်လည်း အရည်အချင်းကြောင့် အသက် ၁၃ နှစ်သာ ရှိသေးသော်လည်း တစ်ယောက်တည်း ငါးဖမ်းထွက်နိုင်နေလေပြီ။ မိုးသောက်ယံ၌ ထွက်သွားပြီး နေဝင်ပြီးမှ ပြန်လာတတ်သည်မှာ ပုံမှန်နေ့ရက်သာ ဖြစ်၏။
ယူကျင့်ဖုန်းက လှေကို ပြင်ဆင်ပြီးနောက် သွားတော့မည့်ဆဲဆဲတွင် ကမ်းခြေ၌ အထိတ်တလန့် ဖြစ်ဖွယ် တွေ့ရှိမှုကို မြင်လိုက်ရသည်။ ကမ်းခြေ၌ အလောင်းတစ်လောင်း ရှိနေသည်။
မဟုတ်သေးဘူး … အတိအကျဆိုရလျှင် အရိုးစု တစ်ခု ဖြစ်ပြီး အရိုးနှင့် ဦးခေါင်းသာ ကျန်ရှိပေတော့သည်။ အဆက်မပြတ် ထိရိုက်နေသည့် လှိုင်းလုံးများကြောင့် အရိုးစုပေါ်ရှိ အရိုးများကို ဆေးကြောပေးသလို ဖြစ်နေသည်။
ယူကျင့်ဖုန်းက အရိုးစုကို စိုက်ကြည့်နေရင်း လက်ချောင်းပေါ်ဆီ အကြည့်ရောက်သွားသည်။ လက်ချောင်းကား အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီး အသား မရှိတော့သော်လည်း လက်စွပ် ရှိနေသည်မှာ ထူးဆန်းလှပေသည်။
ယူကျင့်ဖုန်းက ဝိညာဉ်ကြော မရှိသလို ၁၃ နှစ်မျှသာ ရှိသေးသော်လည်း ကျင့်ကြံသူများအကြောင်း မသိခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။
ယုံရင်အင်မော်တယ် နယ်နမိတ်နား၌ နေထိုင်နေရသောကြောင့် ယူကျင့်ဖုန်းအနေနှင့် အင်မော်တယ် ကျင့်ကြံသူများအကြောင်း ရံဖန်ရံခါ ကြားဖူးလေ၏။ သူက သူတို့ရွာအပေါ်မှ ဓားပျံစီးကာ ဖြတ်ပျံသွားသည့် အင်မော်တယ်များကိုလည်း မြင်ဖူးပေသည်။ ယူကျင့်ဖုန်းက ထိုပျံသန်းနိုင်သော အင်မော်တယ်များက အမြဲအားကျနေမိခဲ့သည်။ သို့သော်လည်း သူ့တွင် ဝိညာဉ်ကြော မပါရှိသောကြောင့် ဘယ်သောအခါမှ ကျင့်ကြံနိုင်မည် မဟုတ်ပေ။
ယနေ့ အထိ သူ့အဘိုး ပြောစကားများကို အမှတ်ရနေဆဲ ဖြစ်၏
“ ဖုန်းအာ … မင်းဆီမှာ ဝိညာဉ်ကြော မရှိတာ ဆိုးရွားတဲ့ ကိစ္စ မဟုတ်ဘူး။ ဝိညာဉ်ကြော ရှိတဲ့လူတွေလည်း ငါတို့နဲ့အတူတူ မနေနိုင်ဘူးလေ။ ပြီးတော့ မင်းအဖေက သူ့ဆီ ဝိညာဉ်ကြော ရှိမှန်း သိတော့ ကျင့်ကြံဖို့ ဂိုဏ်းကို ဝင်ဖို့ ချက်ချင်း ထွက်သွားခဲ့တာ …. သူ ထွက်သွားကတည်း က အဆက်အသွယ် ပြတ်သွားတော့တာပဲ။
မင်းဆီမှာ အစ်ကိုကြီးလည်း ရှိသေးတယ်။ သူရော ဘာဖြစ်သွားလဲဆိုတာ မှတ်မိရဲ့လား ….
သူ့ဆီမှာ ဝိညာဉ်ကြော ရှိနေတာ သိတော့ ကျင့်ကြံဖို့အတွက် မရမက ထွက်သွားမယ်ဆိုပြီး တောင်းဆိုခဲ့တာ မဟုတ်ဘူးလား။ သူ့ရော ဘာဖြစ်သွားပြီလဲ။ ငါတို့ ကြားရတဲ့ သတင်းက သူ သေဆုံးသွားပြီဆိုတာပဲ … ဟူး … သနားဖို့ ကောင်းလိုက်တဲ့ မင်း မရီး …. ”
သူ့အဘိုး ထိုအရာများ ပြောပြစဉ်က ယူကျင့်ဖုန်းက ငါးနှစ်သာ ရှိသေး၏။ ထိုအချိန်မှ စ၍ ရှစ်နှစ်ကြာမြင့်သွားပြီး ၁၃ နှစ် ပြည့်သွားလေပြီ။ ယူကျင့်ဖုန်းက သာမာန် ငါးဖမ်းသမားတစ်ယောက် ဘဝနှင့် အသားကျနေလေ၏။ သို့သော် ယနေ့တွင် အင်မော်တယ် ကျင့်ကြံသူ တစ်ယောက်၏ အရိုးစုကို တွေ့ခဲ့သည်။ အရိုးစုတင် မက ထိုကျင့်ကြံသူ၏ လက်စွပ်လည်း တွေ့ခဲ့သေး၏။
သူက ကျင့်ကြံသူများအနေနှင့် လက်စွပ်အတွင်း ရတနာများစွာ ထည့်သိမ်းထားသည့် ဇာတ်ကြောင်းများကို ကြားဖူးလေ၏။
ယခု သူ့ စိတ်လှုပ်ရှားနေမိသည်။ သူက အင်မော်တယ် ဖြစ်မလာလျှင်ပင် ဤလက်စွပ်က သူ့ဆီ အဆများစွာသော ချမ်းသာကြွယ်ဝမှုကို ဆောင်ကျဉ်းပေးလာနိုင်သေး၏။
ယူကျင့်ဖုန်းက တခြားရွာသားများ လာနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ပြီး အရိုးစုကို သူ့လှေပေါ် တင်ကာ ထွက်ခွာလိုက်တော့သည်။
ယူကျင့်ဖုန်းက ငယ်ရွယ်သေးသော်လည်း အရူး မဟုတ်ပေ။ သူက လက်စွပ်ကို ယူသွားလျှင်ပင် ကျန်သော ရွာသားများက အရိုးစုကို မြင်တွေ့ကြဦးမည် ဖြစ်၏။
လှေကို အရှိန်တင်လိုက်ရင်း ပင်လယ်အနက်ပိုင်းသို့ ထွက်ခွာလာလိုက်သည်။ ဘေးဝန်းကျင်တွင် မည်သူမှ မရှိကြောင်း အတည်ပြုပြီးနောက် ယူကျင့်ဖုန်းက သူ့အခန်းငယ်လေးထဲ ဝင်ကာ အရိုးစုဆီမှ လက်စွပ်ကို ယူဖို့ ပြင်လိုက်သည်။
သူ လက်စွပ်ကို ထိလိုက်သည်နှင့် ယူကျင့်ဖုန်းက ယခင်အရောင်မဲ့နေသော နှလုံးသားမှာ အနည်းငယ် အနီရောင် သမ်းလာကြောင်း သတိထားမိလိုက်သည်။ ထိုမျှတင် မက နှလုံးမှာ ခပ်ဖြည်းဖြည်း ခုန်နေသေး၏။
အရိုးစုအတွင်း နှလုံးသား ရှိနေပြီး နှလုံးခုန်နေဆဲ ဖြစ်၏။ ထိုအရာမှာ ယုံကြည်နိုင်သည်ထက် ပို၍ ထိတ်လန့်ဖို့ ကောင်းပေသည်။ သို့သော်လည်း အင်မော်တယ်များအကြောင်း များစွာ ကြားဖူးထားသော ယူကျင့်ဖုန်းက တချို့မှာ ခန္ဓာကိုယ် အနည်းငယ် ကျန်ရှိနေရုံနှင့် အသက်ပြန်ဝင်လာနိင်ကြောင်း သိထား၏။
ဤကျင့်ကြံသူ၏ နှလုံးမှာ ဆက်လက် ခုန်နေသေးသောကြောင့် မသေသေးသည်မှာ ထင်ရှားလှ၏။
ထိုစဉ် ယူကျင့်ဖုန်း၏ စိတ်လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားတော့သည်။ သူ့အဘိုးစကားများကို တဖန် ပြန်လည် ကြားယောင်လာ၏
“ ဖုန်းအာ …. အင်မော်တယ်လောကထဲမှာ ငါတို့က အနိမ့်ဆုံး တည်ရှိမှုမျိုးပဲ။ ချမ်းသာကြွယ်ဝလို့ ဘာထူးမှာလဲ … တကယ်တမ်းကျ လူသားတွေရဲ့ နှလုံးသားထဲက လောဘကြီးမှုနဲ့ အပျင်းထူမှုတို့ကြောင့် ဖြစ်လာတာမလား ….
မင်း နှလုံးသားက လောဘကြီးမိတာနဲ့ မင်းကိုယ်မင်း ပျောက်ဆုံးသွားတာပဲ။ အဘိုးရဲ့စကားတွေကို သေချာမှတ်ထား …. အသက်ရှင်ရတာ အကြီးမားဆုံး ပျော်ရွင်မှုပဲ။ လူသားတွေက ချမ်းသာမှု မရှိဘဲ အသက်ရှင်နိုင်ပေမဲ့ ဇွဲလုံလမရှိဘဲ မနေနိုင်ဘူး …. ”
“ ဘိုးဘိုး …. ဇွဲလုံလဆိုတာက ဘာလဲဟင် ” သူက မေးလိုက်၏။
“ တစ်ရက်ကျ နားလည်လာပါလိမ့်မယ်ကွယ် ”
ယူကျင့်ဖုန်းက လက်စွပ်မှ ဝေးရာဆီ ရွေ့လိုက်ပြီး နောက်ဆုံး၌ အဘိုးစကားများကို နားလည်သွားကြောင်း ခံစားမိလာသည်။ ထို့နောက် သူက အခန်းငယ်ထဲမှ ထွက်ကာ ပိုက်ကွန်ပစ်၍ ငါးဖမ်းခြင်း တာဝန်အား စတင်လိုက်သည်။
……………
မိုဝူကျိက တစ်ယောက်ယောက် သူ့ကို ရွေ့နေမှန်း ခံစားမိသော်လည်း မျက်လုံးမည်မျှ ကြိုးစား၍ ဖွင့်စေကာမူ မလုပ်ဆောင်နိုင်ပေ။ သူက ထာဝရ ကမ္ဘာထဲ ဝင်ဖို့ရာ ကြိုးစားလိုက်သော်လည်း ထိုသို့လည်း မလုပ်နိုင်ကြောင်း သိလိုက်ရ၏။
သူ့ခန္ဓာကိုယ် အခြေအနေကို ခံစားမိနေသည်။ သူ့ခန္ဓာကိုယ်ထဲမှ ချီသွေးကြော ၉၀ ရာခိုင်နှုန်းလောက်မှာ ပျက်စီးသွားပြီး ပကတိအတိုင်း ကျန်ရှိနေသည့် နှစ်ခုမှာ အသက်ဓာတ် လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့ ဖြစ်၏။
လက်ရှိအနေအထားဖြင့် သူ့ကိုယ်သူ ကူကယ်ရာမဲ့ ဖြစ်နေကြောင်း သိပေသည်။ အကယ်၍ တစ်ယောက်ယောက်က သူ့ကို သတ်လိုလျှင် ဒါမှမဟုတ် ပြာအဖြစ် ပြောင်းလိုလျှင်ပင် ဘာမှ မတတ်နိုင်ဘဲ ကံတရားကိုသာ လက်ခံရမည် ဖြစ်၏။
မိုဝူကျိက ယခုအခြေအနေဖြင့် ထာဝရကမ္ဘာနှင့် ဆက်နွယ်ဖို့ ကြိုးစားသည်မှာ မည်မျှ အန္တရာယ်များကြောင်း သဘောပေါက်သော်လည်း ထိုအန္တရာယ်များကို လျစ်လျူရှုထားရန် ရွေးချယ်လိုက်သည်။ ယခု တစ်ခုခု မလုပ်ပါက အသက်ရှင်လျှင်ပင် ဘယ်သောအခါမှ ကျင့်ကြံနိုင်တော့မည် မဟုတ်ကြောင်း ကောင်းကောင်း သိပေ၏။အကယ်၍ သူ မကျင့်ကြံနိုင်တော့လျှင် သေသည်နှင့် ဘာကွာခြားဦးမည်နည်း။
မိုဝူကျိက သာမာန်ကျင့်ကြံသူများနှင့် ကွာခြားနေခြင်းမှာ ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသောကြောင့် သူ့ကျင့်ကြံဆင့် မည်မျှ မြင့်နေစေကာမူ သေမျိုးတစ်ယောက်အဖြစ် ကျန်ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် သူ့ရုပ်ခန္ဓာ အမှန်တကယ် ပျက်စီးသွားရန် ခွင့်မပြုပေးနိုင်ပေ။ သူက ရုပ်ခန္ဓာကို မည်သို့ပင် ဖြစ်စေ ပြန်လည် သန်စွမ်းအောင် လုပ်ရမည်။
စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြု၍ အသိစိတ်ပင်လယ်နှင့် ချိတ်ဆက်ကာ ထာဝရ ကမ္ဘာထဲ ဝင်လိုက်သည်။
“ သခင်လေးလား ” မိုဝူကျိ ဝင်လာသည်နှင့် အထဲရှိ ရွိုက်ကောက သူ မည်မျှ အားနည်း၍ ပုံမှန် မဟုတ်ကြောင်း ခံစားမိပေသည်။
“ ခရမ်းရောင် ဘူးသီးခြောက်ကို ဖွင့်လိုက် ….” ထိုအရာမှာ မိုဝူကျိ ရွိုက်ကောအား ပြောလိုက်နိုင်သည့် တစ်ခွန်းတည်းသော စကား ဖြစ်၏။ သူ့လက်ရှိအနေအထားဖြင့် ဘူးသီးခြောက်ကို မဖွင့်နိုင်တော့ပေ။
ရွိုက်ကောက ခရမ်းရောင် ဘူးသီးခြောက်ကို ချက်ချင်း ဖွင့်လိုက်သည်။ ထို့နောက် ဟုန်မုန့်စွမ်းအင် မျှင်မျှင်လေးမှာ မိုဝူကျိ စိတ်စွမ်းအား၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲ ချက်ချင်း ရောက်ရှိသွားသည်။
မိုဝူကျိက အသက်ဓာတ် လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့သာ ရှိတော့သော်လည်း သူ့အသိစိတ်ပင်လယ်မှာ ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေသေး၏။ သူ့ကျန်ရှိနေသော ချီသွေးကြော နှစ်ခုက အဓိက လှည့်ပတ်ခြင်းကို လုပ်ဆောင်ကာ ပျက်စီးနေသည့် ချီသွေးကြောများကို အလျှင်အမြန် ကုစားပေးနေသည်။
မိုဝူကျိက သူ့စိတ် တပိုင်းတစကို ခွဲထုတ်ကာ ရုပ်ခန္ဓာကျင့်စဉ် လေ့ကျင့်လိုက်သည်။ ထို့နောက် ပြန်ကာ မေ့လဲသွားပြန်သည်။ သူက သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး ချီသွေးကြောများမှာ စုတ်ပြဲသွားကြောင်း သိပေရာ ဟုန်မုန့်စွမ်းအင်ကို အသုံးပြု၍ ရုပ်ခန္ဓာကျင့်စဉ် လှည့်ပတ်ခြင်းက တခြားသော ကျင့်စဉ်များ အချိန်ကြာမြင့်စွာ လှည့်ပတ်ခြင်းထက် ပိုကောင်းပေလိမ့်မည်။
သေးငယ်သော အမျှင်လေးတွေက မိုဝူကျိ၏ ခန္ဓာကိုယ်ကို စတင်၍ ဖြည့်ဆည်းလာပြီး သူ့အသက်ဓာတ် လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့၏ လှည့်ပတ်ခြင်း အကူဖြင့် ပျက်စီးသွားသော ချီသွေးကြောများလည်း ပြန်လည် ကောင်းလာနေသည်။
ချီသွေးကြော တစ်ခု အောင်အောင်မြင်မြင် ပြန်ကောင်းလာသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားမှာ သိသိသာသာ တိုးတက်ပြောင်းလဲလာသည်။
………….…
“ ဘိုးဘိုးရေ …. သား ပြန်ရောက်ပြီ ” ယူကျင့်ဖုန်းက ကျောက်သားအိမ်ငယ်လေးထဲသို့ ဝင်လာရင်း အော်ကာ ပြောလိုက်သည်။ လက်ရှိ သူ့နောက်ကျော၌ အရိုးစုကို သယ်ထားပြီး လက်ထဲ၌မူ ငါးထည့်ထားသော အိတ်နှစ်လုံး ဆွဲထားလေ၏။
အိမ်အတွင်း၌ အသက်အရွယ် ကြီးရင့်နေသည့် လေသံ ထွက်ပေါ်လာ၏ “ ကျင့်ဖုန်း … ပြန်လာတာ ဘာလို့ နောက်ကျနေတာလဲ။ နေဝင်ပြီးသွားတာ ကြာလှပြီလေ … ”
ယူကျင့်ဖုန်းက အရိုးစုကို အနီးအနားကျောက်ထိုင်ခုံပေါ် တင်လိုက်ပြီး ပြန်ဖြေလိုက်၏ “ ကမ်းခြေမှာ တွေ့ခဲ့တဲ့ ဒီလူကြောင့်ပါ။ သား စောစောပြန်လာရင် တခြားရွာသားတွေ တွေ့သွားမှာကို စိုးလို့ …. ”
“ ကျင့်ကြံသူလား ” အဘိုးဖြစ်သူက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။
သူ့အဘိုး မျက်မှောင်ကျုတ်သည်ကို မြင်ကာ ယူကျင့်ဖုန်းက မြန်မြန် ပြောလိုက်သည်
“ သား သာ သူ့ကို မကယ်ရင် သေချာပေါက် သေတော့မှာ … သူ့ကို တွေ့တုန်းက အခုအခြေအနေထက် ပိုဆိုးတယ်။ ဒီနေ့အတွင်း သူ့ခန္ဓာကိုယ်က အသက်ဓာတ်ကို ခံစားမိလာတယ်။ ပြီးတော့ သူ့လက်စွပ်ကို ကြည့်ပါဦး … ”
သူ့အဘိုးက သက်ပြင်းရှည်တစ်ချက် ချကာ ယူကျင့်ဖုန်းအား လှည့်ပြောလိုက်သည်
“ သူ့ကို မင်းအခန်းက အိပ်ယာပေါ်မှာ သွားတင်ထားလိုက် … ပြီးရင် အဘိုးနဲ့ စကားပြောရအောင် ထွက်လာခဲ့ဦး ”
“ ဟုတ်ကဲ့ ဘိုးဘိုး ” ယူကျင့်ဖုန်းက မိုဝူကျိ ခန္ဓာကိုယ်ကို သယ်ဆောင်ကာ အခန်းထဲက ကုတင်ပေါ် ချပေးလိုက်ပြီး တံခါးပိတ်ကာ လှည့်ထွက်လာလိုက်သည်။
“ကျင့်ဖုန်း …. အဲဒီလူက ကျင့်ကြံသူဆိုတာရယ် ၊ သူ့လက်စွပ်ထဲ ရတနာတွေ ရှိနေမယ်ဆိုတာ မင်း သိနေတယ်မလား …” သူ့အဘိုးဖြစ်သူက လေးလေးနက်နက် မေးလိုက်သည်။
ယူကျင့်ဖုန်းက ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။ သူနှင့် အဘိုးဖြစ်သူမှာ တစ်ယောက်နှင့် တစ်ယောက် မှီခိုအားထားနေရသည်။ အဘိုးဖြစ်သူ၏ မျက်နှာအမူအယာကို ကြည့်ခြင်းဖြင့် တစ်ခုခု အမှားလုပ်မိလား ဟု စဉ်းစားမိသွားတော့သည်။
“ မင်း သူ့လက်စွပ်ကို မယူခဲ့ဘူး … အဲဒါက လုပ်ရမဲ့ အမှန်တရားပဲ ” အဘိုးဖြစ်သူက အသံနိမ့်ကာ ဆက်ပြော၏။
“ အဘိုး သင်ပေးထားတာလေ …လူသားတွေက မချမ်းသာဘဲ နေလို့ရတယ် ဇွဲလုံလမရှိဘဲ နေလို့ မရဘူးဆို …. ” ယူကျင့်ဖုန်းက အဘိုး မဆူကြောင်း ခံစားမိပြီး အနည်းငယ် စိတ်အေးသွား၏။
“ ကောင်းတယ် … မင်း အသက်အရွယ်နဲ့ ဆိုရင် ဒီလိုလုပ်နိုင်တာ အရမ်းကို ကောင်းတယ်။ အဲဆို ဒီနေ့ကစပြီးတော့ မင်းအခန်းထဲက လူကို စောင့်ရှောက်ပေးရမယ်။ မှတ်ထား အဲဒီအကြောင်းကို တခြားသူတွေ မသိစေနဲ့ …” သူ့အဘိုးက ပြောလိုက်သည်။
“ ဟုတ်ကဲ့ ဘိုးဘိုး ” ယူကျင့်ဖုန်းက မြန်မြန် ဖြေလိုက်၏။
ခဏတာ စဉ်းစားနေပြီးနောက် သူက မေးလိုက်သည် “ အဲဆို မရီးကိုရော မပြောရဘူးလား ”
“ သူမ အိမ်ပြန်လာမှ အဘိုး ပြောလိုက်မယ် …” အဘိုးက သက်ပြင်းချလိုက်ပြန်သည်။
သူက ယူကျင့်ဖုန်းကို တစ်ခုခု ထပ်ပြောချင်သေး၏။ ကျင့်ကြံသူက သေဆုံးသွားလျှင်ပင် သူ့လက်စွပ်ကို ရတနာများအတွက် ချွတ်ယူ၍ မဖြစ်သင့်ပေ။ ထိုအရာမှာ သေခြင်းစောသွားပေလိမ့်မည်။ ကျင့်ကြံသူ တစ်ယောက်က မလှုပ်ရှားနိုင်တော့လျှင်ပင် သူ့ခန္ဓာကိုယ်မှာ သေမျိုးတစ်ယောက် ထိတွေ့နိုင်သည့် အရာ မဟုတ်ပေ။ ခန္ဓာကိုယ် မရှိတော့သော်လည်း ကမ္ဘာဦး စိတ်ဝိညာဉ် ရှိနေကြသေး၏။
ဤကျင့်ကြံသူကို ကယ်တင်လာခြင်းက ကံဆိုးမှုလေလား၊ ကံကောင်းမှုလေလား သေချာမသိတော့ပေ။ အင်မော်တယ်များ မျက်လုံး၌ သာမာန်သေမျိုးများက ပုရွက်ဆိတ်များကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်၏။ ဤအင်မော်တယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ် ပျက်စီးနေမှုကို ကြည့်လျှင် ရန်သူဆီမှ ဒဏ်ရာအပြင်းအထန် ရလာသည်မှာ သိသာလှသည်။ သူ့ရန်သူက သူ့တည်နေရာ တွေ့သွားခြင်း ဒါမှမဟုတ် ထိုသူက ဒေါသဖြင့် နိုးထလာခြင်း နှစ်ခုလုံးမှာ သူတို့အတွက် အဆုံးသတ် ဖြစ်သွားနိုင်ပေ၏။ ကံဆိုးလှစွာ ယူကျင့်ဖုန်းက ကျင့်ကြံသူကို ခေါ်ဆောင်လာလေရာ သူတို့နှစ်ယောက်အနေနှင့် ထွက်လမ်း မရှိတော့ချေ။