← Chapters

တစ်ယောက်နှင့်တစ်ယောက် ချောက်ချခြင်း

Vol. 22 Ch. 308

တစ်ယောက်နှင့်တစ်ယောက် ချောက်ချခြင်း

Vol. 22 Ch. 308

ပန်ကုန်းစုန်မှာ ဒေါသလည်းထွက်၊ ကြောက်လည်းကြောက်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ မနောက်ပါနဲ့။ ငါ့နာမည်က ချင်မဟုတ်ဘူး။ ငါက လူရိုင်းမျိုးနွယ်.....”

ချင်မူ ဒေါပွသွားပြီး အော်လိုက်သည်။ “ချင်ကုန်းစုန်၊ မင်း ချင်မိသားစုရဲ့ဘိုးဘေးတွေကို စော်ကားလိုက်တာပဲ။ ရွှင်ပျော်ပျော်ကျေးရွာမှာ မွေးတာလို့တောင် မင်းပဲ ပြောခဲ့တာလေ....”

“ကလိမ်ကကျစ်လေး ပိတ်ထားစမ်း”

ပန်ကုန်းစုန်က မီးပုံယမ်းကျ ပေါက်ကွဲပြီး တိုက်ခိုက်ရာ ချင်မူ ချက်ချင်း ခုခံလိုက်သည်။ တစ်ယောက်က ဥသျှောင်မှော်ဆရာ နတ်ဒေဝါကျင့်စဉ်ကို ထုတ်သုံးကာ ငှက်ခေါင်းလူကိုယ်အသွင် ပြောင်းလဲလိုက်သည့်အချိန် ကျန်တစ်ယောက်က နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ဖြင့် ကြီးမြတ်သော ဧကရာဇ်တစ်ပါးနှင့် တူသွားသည်။ နဂါးတွန်သံများ၊ ငှက်အော်သံများဖြင့် နဂါးအသွင်ကောင်းကင်နတ်သိုင်းများက ငှက်တောင်ဓားများဖြင့် အကြိမ်များစွာ တိုက်ခိုက်နေ၏။

သူတို့နှစ်ယောက်သည် အသက်ငယ်ငယ်သာ ရှိသေးသော်လည်း အညှာအတာမရှိကြပေ။ သူတို့၏သိုင်းကွက်တိုင်းက ပြင်းထန်ပြီး ရန်သူ၏အသက်ကို နုတ်ယူချင်နေသည်။ ရှုပ်ထွေးတိကျလှသည့် သူတို့၏သိုင်းကွက်များက အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ယှဉ်ပြိုင်နိုင်သော သိုင်းကွက်များမဟုတ်ပေ။

သို့သော် စောစောက တိုက်ပွဲက သူတို့ကို  အားအင်ကုန်ခမ်းစေခဲ့၍ သူတို့၏ချီစွမ်းအင်မှာလည်း မသိပ်သည်းတော့ပေ။ သို့ရာတွင် သိုင်းကွက်စွမ်းအင်များက နည်နည်ရရ မဟုတ်သေး။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် သတ်ပစ်ချင်သည့် စိတ်ကူးမှအပ တခြားအတွေးမရှိသည့်အလား အသေအကြေ တိုက်ခိုက်နေကြသော်လည်း သူတို့၏ခြေလှမ်းများက တံခါးအနား တိုးကပ်သွားနေသည်။

တစ်ယောက်၏အတွေးကို တစ်ယောက် သိသဖြင့် တံခါးနှင့်နီးသထက် နီးသွားအောင် တိုက်ခိုက်နေကြ၏။ နှစ်ယောက်သား တံခါးကို ဖွင့်၍ ထွက်ပြေးနိုင်တော့မည့်ဆဲဆဲမှာပဲ သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားသည်။ အခန်းအပြင်ရှိ မျက်လုံးကြီးနှစ်လုံးပိုင်ရှင်က အတန်ငယ် ဒေါသထွက်သွား၍ သင်္ဘောအား ခါလိုက်ရာ သင်္ဘောတစ်လုံး ယိမ်းထိုးသွားခြင်းဖြစ်၏။

ရုတ်တရက် မမြင်ရသောအားတစ်ရပ်က ဝင်ရောက်လာပြီး သူတို့နှစ်ယောက်ကို ဖမ်းဆုပ်ကာ အခန်း၏ အရှေ့ပြတင်းပေါက်ဆီ ဆွဲခေါ်သွားသည်။ နှစ်ယောက်သား ရုတ်ခြည်း ရပ်လိုက်ကြပြီး မရုန်းရဲကြပေ။ ဤလျှို့ဝှက်ဆန်းကြယ် သတ္တဝါကြီး၏ စွမ်းရည်များက အလွန်နက်ရှိုင်း၍ ပန်ကုန်းစုန်ပင် ခေါင်းနပန်းကြီးနေ၏။ သိုင်းစွမ်းရည်အမြင့်မားဆုံးဖြစ်ခဲ့သည့် သူ၏အတိတ်ဘဝတွင်ပင် ဤသတ္တဝါကြီးကို သူ ယှဉ်နိုင်မည်မဟုတ်ပေ။

သင်္ဘောအပြင်ရှိ မျက်လုံးကြီးနှစ်လုံးက ‌ဒေါသထွက်နေဟန်ရှိသည်။ အေးစက်စက်အသံကြီးက သူတို့နှစ်ယောက်လုံးကို တဆတ်ဆတ် တုန်သွားစေ၏။ “မင်းတို့နှစ်ယောက်ထဲက ဘယ်တစ်ယောက်က ချင်မျိုးရိုးလဲ”

ချင်မူနှင့် ပန်ကုန်းစုန်က တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးကာ ပြိုင်တူ အော်သည်။ “သူ”

အသံကြီးက ထပ်မေးသည်။ “နှစ်ယောက်လုံးက ချင်မျိုးရိုးလား”

ပန်ကုန်းစုန်က တုန်ရီနေပြီး ကမန်းကတန်း အော်လိုက်သည်။ “ကျွန်တော့်မျိုးရိုးက ချင်မဟုတ်ပါဘူး။ ကျွန်တော်က လိုလန်ရွှေနန်းတော်ရဲ့ ဆရာသခင်ပါ။ နောင်တော် လိုက်မေးကြည့်နိုင်ပါတယ်...”

သတ္တဝါကြီး၏အသံက အလွန်ထူးဆန်းပြီး သူတို့၏ဝိညာဉ်များဘေးမှ စကားပြောနေသကဲ့သို့ ထင်ရသည်။ အသံသည် စူးနေပြီး သူတို့ကို တဆတ်ဆတ် တုန်ခါနေစေ၏။ “မင်းမျိုးရိုးက ချင်မဟုတ်ဘူးဆိုရင် အသက်ရှင်နေစရာ အကြောင်းမရှိဘူး”

“အခြေအနေက ဒီလိုဖြစ်နေပြီတော့ ကျွန်တော် နောင်တော့်ကို ဖုံးကွယ်ထားလို့ မရတော့တဲ့ပုံပဲ” ပန်ကုန်းစုန်က တည်ကြည်လေးနက်သောအမူအရာဖြင့် ပြောသည်။ “ဟုတ်ပါတယ် ကျွန်တော်က ချင်ကုန်းစုန်ကလွဲပြီး တခြားသူမဟုတ်ပါဘူး။ ကျွန်တော့်ဘေးကလူကမှ တခြားသူတွေရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ပြီး ပြန်မွေးဖွားလာတဲ့ လိုလန်ရွှေနန်းတော်ရဲ့ ဆရာသခင် ပန်မုပါ။ ဒီအသုံးမကျတဲ့ကောင်ကို နောင်တော် ဖယ်ရှားသုတ်သင်ပေးဖို့ ကျွန်တော် တောင်းဆိုလို့ရမလားခင်ဗျာ”

ချင်မူ သရော်‌တော်တော် ပြုံးလိုက်သည်။ “စောစောက မင်းပဲ ငါ့ကို ဂိုဏ်းသခင်ချင်လို့ ခေါ်ခဲ့တာလေ”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ‌ဒေါသတကြီး ကြည့်ပြီး ရန်သူ၏ရင်ဘတ်ကိုခွဲ၍ နှလုံးသားကို ဆွဲထုတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာ၍ အံတင်းတင်းကြိတ်ထားကြသည်။

အသံကြီးက အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မေးသည်။ “ဘယ်တစ်ယောက်က ဆယ့်ခြောက်နှစ်လဲ”

ပန်ကုန်းစုန်နှင့် ချင်မူ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ချင်မူက ကမန်းကတန်း ပြောလိုက်သည်။ “ကျွန်တော်က ဆယ့်ခြောက်နှစ်ပါ”

ပန်ကုန်းစုန်လည်း ကပျာကယာ ပြောသည်။ “ကျွန်တော်လည်း တိုက်တိုက်ဆိုင်ဆိုင် ဆယ့်ခြောက်နှစ်ပါ”

ချင်မူ့အသက်က ဆယ့်ငါးနှစ်ဟုဆိုသော်လည်း အဘွားစစ်က သူ့အသက်ကို ကောက်ရသည့်အချိန်မှ စတွက်ထားခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရွာထဲတွင် မကြာခဏ ငြင်းခုံတတ်ကြ၏။ ဆယ့်ငါးနှစ်ဟု ပြောသူကပြော၊ ဆယ့်ခြောက်နှစ်ဟု ပြောသူကပြောဖြစ်၍ ချင်မူကိုယ်တိုင်လည်း သူ့အသက်သူ အတိအကျမသိပေ။

ပန်ကုန်းစုန်က ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း မြက်ခင်းလွင်ပြင်သားဖြစ်၍ လေဒဏ်နှင့် နေလောင်မှုကြောင့် ပိုရင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်လုံးက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ထင်ရသည်။

ဒေါင်လိုက်သူငယ်အိမ်တစ်စုံမှာ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး မည်သို့လုပ်ရမည်မှန်း မသိတော့၍ စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။

အခြေအနေက သူ ထင်ထားသလို မဟုတ်ပေ။ ရွှင်ပျော်ပျော်ကျေးရွာမှ လူများ သို့မဟုတ် အသက်ဆယ့်ခြောက်နှစ်အရွယ် ချင်မျိုးရိုးလူငယ်တစ်ယောက် ရောက်လာပြီး သင်္ဘောကို ရွှင်ပျော်ပျော်ကျေးရွာဆီ ပြန်မောင်းနှင်လိမ့်မည်ဟု သူ တွက်ထားမိခဲ့၏။ သို့သော် ယခုတော့ ချင်မျိုးရိုးဖြင့် အသက်တူသော လူငယ်နှစ်ယောက် ရောက်လာလေသည်။

မည်သူက အစစ်နည်း။ မည်သူက အတုနည်း။ သူ မဆုံးဖြတ်နိုင်ပေ။

“မင်းတို့တွေ ဒီသင်္ဘောကို အသက်သွင်းပြီး ရွှင်ပျော်ပျော်ကျေးရွာဆီ မောင်းရမယ်” အသံကြီးက အမိန့်မေးသည်။ “ဘယ်သူက ချင်မျိုးရိုးပဲဖြစ်ဖြစ်၊ ဒီသင်္ဘောကို ရွှင်ပျော်ပျော်ကျေးရွာဆီ မောင်းသွားနိုင်ရင် ငါ မသတ်ဘူး”

ချင်မူ ငွေခေါင်းဆောင်းကို ချက်ချင်း ချွတ်၍ ရိုးသားဖြူစင်သောအမူအရာဖြင့် ပန်ကုန်းစုန်၏လက်ထဲ ထိုးထည့်လိုက်သည်။ “ချင်ကုန်းစုန် မင်း ဒီခေါင်းဆောင်းကို လိုချင်နေတာမလား။ အခု ယူလိုက်တော့”

ပန်ကုန်းစုန်က ခေါင်းကိုက်ကိုက်ဖြင့် ခေါင်းဆောင်းကို ‌ယူလိုက်သည်။ ငြင်းချင်သော်လည်း ချင်မူက သူ့ကို အတင်းအဓမ္မတိုက်တွန်းနေရာ သူ့မှာ ကြိတ်၍သာ ဆဲနိုင်တော့သည်။ သို့သော် ခေါင်းဆောင်းကို ဆောင်းလိုက်သေး၏။

သူ့အကြည့်များ လှုပ်ခတ်သွားသည်။ နှစ်တစ်သောင်းနေထိုင်ခဲ့၍ သမိုင်းဝင်အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ဖူးသည့်အပြင် လျှို့ဝှက်ချက်များစွာသိရှိပြီး ဗဟုသုတကြွယ်ဝသော်လည်း ရွှင်ပျော်ပျော်ကျေးရွာ၏ တည်နေရာကိုအသာထား။ ရွှင်ပျော်ပျော်ကျေးရွာ၏အကြောင်းကိုပင် များများစားစား မသိပေ။

တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကျောက်စိမ်းမြို့တော်ငယ်တို့၏ မှတ်တမ်းများအရ ရွှင်ပျော်ပျော်ကျေးရွာသည် နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သည့် နေရာတစ်နေရာဟုသာ သူ သိထားခဲ့သည်။ ထိုနေရာတွင် နတ်ဘုရားများ ကိန်းဝပ်နေကြပြီး သူတို့က ခိုင်ဧကရာဇ်ခေတ်မှ ကျန်ရစ်ခဲ့သူများ ဖြစ်ကြသည်။

သူ ဤနေရာသို့ လာခဲ့သည်မှာလည်း သင်္ဘောကို အသုံးပြု၍ နတ်ဘုရားဖြစ်လာနိုင်မည့် လျှို့ဝှက်ဆန်းကြယ်‌သောနေရာသို့ သွားရန် ဖြစ်သည်။ ယခု ခေါင်းဆောင်းကို ရလိုက်ပြီဖြစ်၍ ရွှင်ပျော်ပျော်ကျေးရွာဟုခေါ်သော နေရာသို့ သွားနိုင်မည်လော...

ပန်ကုန်းစုန် ခေါင်းဆောင်းကို ဆောင်းပြီးသည့်အခါ ခေါင်းကြီးသွားပြီး ငြီးတွားလိုက်မိသည်။

ချောက်ချရက်လိုက်လေခြင်း

ချင်မူ သူ့ကို‌ ချောက်ချခဲ့လေပြီ။

တွေ့ကတည်းက ချင်ကုန်းစုန်ဟု သူ့ကို ခေါ်ခဲ့သည်မှာ မထူးဆန်းတော့။

‘ဒါပေမဲ့ ငါ ဒီမှာ သေမယ်လို့ မင်းတွေးထားရင်တော့ မင်း ငါ့ကို အထင်သေးထားတာပဲ။ နှစ်တစ်သောင်းအတွင်း ပါရမီရှင်ပေါင်းများစွာ သေဆုံးသွားခဲ့တယ်။ တာအိုသခင်တွေပဲဖြစ်ဖြစ်၊ တထာဂတတွေပဲဖြစ်ဖြစ်၊ တန်ခိုးရှင်တွေပဲဖြစ်ဖြစ်၊ သေနေ့စေ့ရင် သေသွားကြရတာပဲ။ နှစ်တစ်သောင်းကျော်မှာ ငါ တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ ငါ အားကိုးခဲ့တာက ငါ့ရဲ့ အထုံပါရမီနဲ့ ထိုးထွင်းသိမြင်နိုင်မှု မဟုတ်ဘူး။ ငါ့ရဲ့ သူမတူတဲ့ အစွမ်းအစတွေကိုပဲ၊ ငါ ဒီလောက်အထိ အသက်ရှည်နေတာက ကံကောင်းလို့ မဟုတ်ဘူး’

ပန်ကုန်းစုန်၏ အကြည့်များ တောက်ပလာပြီး ငွေခေါင်းဆောင်းကို ထိန်းချုပ်နည်းအား လျင်မြန်စွာ တွေ့ရှိသွားသည်။ သူ ပထဝီမြေပုံတွင် အစက်ချကြည့်လိုက်၍ သင်္ဘောက တုန်ခါသွားသော်လည်း ပျားအိမ်ဖွဲ့အစီအရင်များမှ ရုန်းမထွက်နိုင်သေးပေ။

“နောင်တော်” ပန်ကုန်းစုန်က ပြောလိုက်သည်။ “ဒီသင်္ဘောက ပိတ်မိနေတယ် မရွေ့ဘူး”

ရုတ်တရက် သင်္ဘောက တဝုန်းဝုန်း လှုပ်၍ ပတ်ဝန်းကျင်ရှိ အစီအရင်များကို ခါထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ရာသတ္တဝါကြီးက သင်္ဘောရွေ့နိုင်အောင် သင်္ဘောအား လှုပ်ခါနေကြောင်း ထင်ရှားပေသည်။

တုန်ခါမှုကြောင့် အစီအရင်များ လျော့ရဲသွားပြီး အက်ကွဲကြောင်းများ ထလာသည်။ ထို့နောက် အစီအရင်များမှာ မှန်တစ်ချပ်သဖွယ် ကွဲထွက်သွားပြီး ယိုတို၏ မိစ္ဆာချီထုက မဟာမြို့ပျက်အတွင်း ဝင်ရောက်လာ၏။

ဤအခိုက်အတန့်တွင် အမွှေးဖြူလင်းနို့နတ်ဘုရားရုပ်တုနှစ်ရုပ် လှုပ်သွား၍ ကိုက်သုံးထောင်အမြင့် ရုပ်တုများအပေါ်မှ ကျောက်တုံးကျောက်ခဲများ တဝေါဝေါ ကျဆင်းလာသည်။

ကျသွားသည့် ကျောက်တုံးကျောက်ခဲများ၏နေရာတွင် အသားအရောင် ပေါ်လာ၏။ အမွှေးဖြူလင်းနို့နတ်ဘုရားများ၏ အရေပြားအောက်၌ စီးဆင်းနေသော သွေးများကို ခပ်ရေးရေး မြင်ရသည်။

ဒုတ်

နှလုံးခုန်သံက လင်းနို့ရုပ်တုနှစ်ရုပ်၏ ခန္ဓာကိုယ်များထဲမှ ထွက်လာပြီး နားကွဲလုအောင် ကျယ်လောင်လှ၏။

သင်္ဘောအရှေ့ရှိ မြေကြီးအောက်တွင် ကိုယ်တစ်ပိုင်းနစ်နေသော ရုပ်တုကြီးလည်း တုန်ခါနေသည်။ ၎င်းကိုယ်ပေါ်ရှိ အနက်ရောင်ကျောက်တုံးများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ကမ်းပါးနံရံများကို ဝင်တိုက်ကာ ကျောက်တုံးများ တဝုန်းဝုန်းပြိုကျလာစေ၏။

အနက်ရောင်ကျောက်တုံးများ၏ နေရာတွင်လည်း အသားအရောင် ပေါ်လာသည်။ ကျောက်ဖြစ်သွားသော နတ်ဘုရားတစ်ပါးလည်း နိုးထလာနေပုံပေါ်သည်။

ပန်ကုန်းစုန် ဝမ်းသာသွားသည်။ တခြားသူများ မသိသော လျှို့ဝှက်ချက်ပေါင်းများစွာကို သူ သိထား၏။ မဟာမြို့ပျက်နှင့်ပတ်သက်၍လည်း များစွာသိထားသည်။ အတိတ်တစ်ဘဝတုန်းက ရတနာမြေတစ်မြေကို ရှာတွေ့ပြီး စူးစမ်းသွားလာနေစဉ်အ‌တောအတွင်း စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ဖူးသည်။

ထိုအချိန်တုန်းက ထိုရတနာမြေတွင် အတားအဆီးအစီအရင်တစ်ခု ရှိခဲ့၍ ကမ္ဘာမြေတုန်ဟည်းလောက်သည့် ရတနာတစ်ပါး ရှိနေလိမ့်မည်ဟု သူ ထင်ခဲ့သည်။ အတားအဆီးအစီအရင်ကို အစွမ်းကုန်ချိုးဖျက်ပြီးနောက် အထဲရှိနေသည်မှာ ရတနာများမဟုတ်ဘဲ မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။

သို့သော် သူ သေပြီဟု အတွေးဝင်လာသည့်အချိန်မှာပဲ ကောင်းကင်သားရဲတစ်ကောင်၏ ရုပ်တုက အသက်ပြန်သွင်းခံလိုက်ရသည့်အလား ကျောက်သားကိုယ်မှ အသွေးအသားကိုယ်ဖြစ်လာ၏။ ကောင်းကင်သားရဲက ထိုမိစ္ဆာနတ်ဘုရားကို နှိမ်နင်း၍ နောက်တစ်ကြိမ် ချိတ်ပိတ်လိုက်သည်၊။

ထို့နောက် ကောင်းကင်သားရဲသည် ကျောက်ပလ္လင်ထက် ပြန်ရောက်လာပြီး ၎င်း၏ကိုယ်က တဖြည်းဖြည်း ကျောက်သားပြန်ဖြစ်ကာ ကျောက်ရုပ်တုအသွင် ပြန်ပြောင်းသွားခဲ့၏။

ထိုအချိန်မှစ၍ ပန်ကုန်းစုန်မှာ မဟာမြို့ပျက်ထဲ ဝင်လေ့မရှိတော့ပေ။ ထိုနေရာတွင် မြှုပ်ထားသည့် လျှို့ဝှက်ချက်များက များပြားလွန်းသည့်အပြင် အန္တရာယ်များနှင့် သတ်ဖြတ်လိုစိတ်များလည်း ကိန်းအောင်းနေကြသည်။ ခြေတစ်လှမ်းမှားရုံနှင့် သူ အသက်ထွက်သွားနိုင်၏။

သို့သော် ဤတစ်ကြိမ်တွင် သူက မဟာမြို့ပျက်၏ သဘာဝကို အသုံးချကာ လျှို့ဝှက်ဆန်းကြယ်သတ္တဝါကြီးကို တိုက်ခိုက်နေသည်။

သင်္ဘောက အတားအဆီးအစီအရင်များဖြင့် ချိတ်ပိတ်ခံထားရသည့်အတွက် ရွေ့လိုက်လျှင် အတားအဆီးများ ကျိုးပျက်သွားပြီး ဤအစီအရင်ကို ဖန်တီးခဲ့သည့် နတ်ဘုရားများနှင့် မိစ္ဆာများက သူတို့၏ကျောက်ရုပ်တုအသွင်များမှ နိုးထလာလိမ့်မည်။

ဤသို့ဖြင့် သူ့အရှေ့ရှိ အန္တရာယ်ကို ပန်ကုန်းစုန် ဖြေရှင်းနိုင်လိမ့်မည်။

အပြင်ရှိ တုန်ခါမှုများကြောင့် လက်ရှိအခြေအနေမှာ သူ မျှော်လင့်ထားသည့်အတိုင်း သွားနေသည်။ နိုးထလာနေသော နတ်ဘုရားရုပ်တုများက မကြာခင် ကြောက်မက်ဖွယ်သတ္တဝါကြီးကို နှိမ်နင်းလိမ့်မည်။ ထိုအခါ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီး သူ့ကို အာရုံထားရန် အချိန်ရတော့မည်မဟုတ်။

ထိုမျှသာမက သူ့အနေဖြင့် ဤသင်္ဘောကိုသာမက ငွေခေါင်းဆောင်းကိုပါ ပိုင်ဆိုင်ရရှိလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း အပြင်ရှိ တုန်ခါမှုများက ပို၍ပင် ပြင်းထန်အားကောင်းလာသည်။ ဖြစ်ပျက်နေသောအရာကို သူ မမြင်ရသော်လည်း လှိုင်းဂယက်များအရ နိုးထလာသည့် ရုပ်တုကြီးက ကြောက်မက်ဖွယ်ရာသတ္တဝါကြီးကို မြင်တွေ့သွားပြီး တိုက်ခိုက်နေကြကြောင်း သူ မှန်းဆကြည့်နိုင်၏။

“ဟားဟားဟား နောက်ဆုံးတော့ သင်္ဘောက ငါ့အပိုင်ဖြစ်ပြီ....”

အုန်း

သူ ရယ်၍ပင်မပြီးသေးခင် လက်သီးတစ်ချက်က သူ့ရင်ဝကို အညှာအတာကင်းမဲ့စွာ ထိုးနှက်လိုက်၍ ခေါင်းဆောင်း ပြုတ်ကျသွားသည်။ ချင်မူက ခေါင်းဆောင်းကို ဖမ်းပြီး တဟားဟား ရယ်မောကာ ရန်သူကို ထိုးချလိုက်၏။

ပန်ကုန်းစုန် ဒေါပွသွားပြီး သူ၏ကျိုင်းကောင်များကို ပို့လွှတ်လိုက်သည်။

ချင်မူ လက်မြှောက်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက ဓားပျံများနှင့်အတူ ကျိုးကောင်များ၏တိုက်ခိုက်မှုကို တားလိုက်သည်။ သူက အခန်းတံခါးဆီ လျှောက်သွား၏။ ပန်ကုန်းစုန်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တံခါးဆီ ပြေးလာပြီး အားကုန်တိုက်ခိုက်သည်။

နှစ်ယောက်သား နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ပြီး တခဏလေးအတွင်း သိုင်းကွက်ပေါင်းထောင်ချီ ဖလှယ်ပြီးသွား၏။ ထိုစဉ် သင်္ဘောက ပြိုကွဲသွားသည့် အစီအရင်များမှ အသာအယာ ရုန်းထွက်ကာ ယိုတုကမ္ဘာ၏ အမှောင်ထုထဲ ဝင်ရောက်သွားသည်။

နှစ်ယောက်သား ထိတ်လန့်သွားပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ရာ သင်္ဘောက အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်ကိုသာ မြင်လိုက်ရ၏။ သင်္ဘောအနောက်တွင် ပျားအိမ်အစီအရင်များမှာ လွင့်စင်ပြိုကွဲပြီး အလင်းရောင်များ မှိန်ကျနေကြ၏။ သူတို့နှစ်ယောက်ကား အစီအရင်များနှင့် တစတစ ဝေးနေလေပြီ။

ချင်မူ ခေါင်းဆောင်းကို ကမန်းကတန်း ဆောင်း၍ သင်္ဘောနောက်ပြန်သွားအောင် ထိန်းချုပ်သည်။ အစီအရင်များက ယိုတုကမ္ဘာမှ ထွက်သွားစေနိုင်မည့် မုခ်ဝဖြစ်သည်။ ဤကမ္ဘာ၏အတွင်းပိုင်းထဲသာ မျောလွင့်သွားလျှင် မည်သည့်အန္တရာယ်များအား ရင်ဆိုင်ရမည်ကို မည်သူမှ မပြောနိုင်ပေ။

ခေါင်းဆောင်း ဆောင်းလိုက်သည့်အခိုက်အတန့်တွင် ပန်ကုန်းစုန်၏ ထိုးနှက်ခြင်းခံလိုက်မည်ဟု ချင်မူ မမျှော်လင့်မိခဲ့ပေ။ သူ ပြတင်းပေါက်ဆီ လွင့်ထွက်သွား၏။ ထို့နောက် ပန်ကုန်းစုန်က ခေါင်းဆောင်းကို ယူ၍ သူ့ခေါင်းပေါ် တင်လိုက်သည်။

ချင်မူက ဓားတစ်လက်ပစ်လွှတ်၍ ပန်ကုန်းစုန်ကို ပင့်ကော်ကာ ဘေးပို့လိုက်ပြီး ငွေခေါင်းဆောင်းကို ယူဆောင်းသည်။

နှစ်ယောက်သား ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး တစ်ယောက်ကိုတစ်ယောက် ရန်စောင်ကြည့်ကြ၏။ ရုတ်တရက် နောက်ဆုံးအစီအရင် ပြိုကွဲသွား၍ အလင်းရောင် ပျောက်ကွယ်သွားသည်။ သင်္ဘောက ဆက်လက်ရွေ့လျားနေရာ နှစ်ယောက်သား ကျောစိမ့်လာကြ၏။ သက်ရှိကမ္ဘာသို့ ထွက်ပေါက် မည်သည့်နေရာတွင်ရှိမှန်း သူတို့ မသိနိုင်တော့ပေ။

“အဲ့ဒါ မင်းကြောင့်ကွ” ချင်မူနှင့် ပန်ကုန်းစုန် ပြိုင်တူအော်လိုက်ကြသည်။

All Chapters