လူသားရွာတွင် နေထိုင်နေသော မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ
Vol. 48 Ch. 665
“ အင်မော်တယ်ဆရာလား …” ထိုစကားစုကို ကြားပြီး အမျိုးသမီးက အထိတ်တလန့်ဖြင့် နောက်ဆုတ်လိုက်သည်။
မိုဝူကျိက မဟာလော့ရှန်း အစောပိုင်းအဆင့်တွင် ရှိသော်လည်း ကမ္ဘာမြေမှ လာသူ ဖြစ်သောကြောင့် သူ့သဘောထားမှာ အခြားသော အင်မော်တယ်များနှင့် မတူညီပေ။ သူ့အတွက် ဝိညာဉ်ကြော မရှိသည့် သေမျိုးများမှာ သူ့နှင့် ဘာမှ ကွာခြားမှု မရှိချေ။
“ ယဉ်ကျေးလွန်းနေပါပြီ …. ကျတော်ကသာ ကျေးဇူးတင်ရမှာပါ …” မိုဝူကျိက ကျေးဇူးတင်စွာ ပြောလိုက်သည်။
ယူချန်းက ယူကျင့်ဖုန်းနှင့် ကွာခြားလေသည်။ သူက အင်မော်တယ်များစွာကို တွေ့ဖူးပြီး အင်မော်တယ်ဂိုဏ်းတချို့အတွက်ပင် အလုပ်လုပ်ဖူးသေး၏။ မိုဝူကျိက သူ တွေ့ဖူးသမျှ အင်မော်တယ်များကြား အယဉ်ကျေးဆုံး အင်မော်တယ် ဖြစ်ပေရာ အဆင့်နိမ့် အင်မော်တယ်များထက်ပင် ပို၍ ယဉ်ကျေးနေသေးပေသည်။
ယူချန်းက မိုဝူကျိနှင့် အခြားအင်မော်တယ်များကြားမှ ခြားနားချက်ကို မြန်မြန် အာရုံခံမိလိုက်၏။ အင်မော်တယ်များမှာ အင်မော်တယ် ကိုယ်ရောင်ကိုယ်ဝါများ ရှိတတ်ကာ သူတို့ကို သံယောဇဉ်ကင်းသော လူအဖြစ် မြင်သာစေလေသည်။ သူ့ရှေ့တွင် ရပ်နေသော အင်မော်တယ်မှာ သူတို့နှင့် ခြားနားချက် မရှိသလို ဝိညာဉ်ကြော ပျောက်ဆုံးသွားကြသည့် သေမျိုးများနှင့်လည်း ခြားနားချက် မရှိပေ။
မိုဝူကျိက အင်မော်တယ် တစ်ယောက် မဟုတ်ဘဲ ဝိညာဉ်ကြော မရှိသည့် သေမျိုးတစ်ယောက်များ ဖြစ်နေတာလား
ထိုသို့လည်း ဟုတ်ဟန် မပေါ်ပေ။ မိုဝူကျိ ရောက်လာစဉ် အတွင်းအင်္ဂါတွေ စုတ်ပြတ်ကာ အရိုးများမှာလည်း ကျိုးပဲ့နေသည့် ခန္ဓာကိုယ်ကို သယ်ဆောင်ထားသည့် အရိုးစုမျှသာ ဖြစ်၏။ တစ်နှစ်အတွင်း မိုဝူကျိက သူ့ဒဏ်ရာများမှ အပြည့်အဝ နီးပါး ပြန်ကောင်းလာလေသောကြောင့် အင်မော်တယ် တစ်ယောက်သာ လုပ်နိုင်သည့်အရာမျိုး ဖြစ်ပေသည်။
“ ယဉ်ကျေးလွန်းနေပါပြီ … ယူချန်းက ဆရာကြီးရဲ့ ကျေးဇူးတင်မှုကို လက်မခံရဲပါဘူးဗျာ … ” သူက တုံ့ဆိုင်းစွာ ပြောလိုက်သည်
“ အနီးဆုံး အင်မော်တယ်မြို့က ဒီကနေ နည်းနည်းတော့ အလှမ်းကွာတယ် .. တကယ်လို့ ဆရာကြီး သွားချင်တယ်ဆိုရင် ကျုပ် လမ်းညွှန်ပေးလိုက်လို့ ရပါတယ် …. ”
မိုဝူကျိက ဘယ်နေရာ ရောက်နေမှန်း မသိသေးပေ။ သူက ချောင်ကျသည့် နေရာသို့ ရောက်နေ၍သာ အခြား အင်မော်တယ်များ၏ အနှောင့်အယှက်မရှိဘဲ တစ်နှစ်ကျော် အေးအေးဆေးဆေး နေနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူ မေ့မြောနေစဉ်အတွင်း သူ့စိတ်စွမ်းအားနှင့် ဟုန်မုန့်စွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်အား ပြန်လည် အားဖြည့်ထားလိုက်သည်။
သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေ၍ တခြားသူများနှင့် ခြားနားပေသည်။ စိတ်စွမ်းအားနှင့် ဟုန်မု့န်စွမ်းအင် အသုံးပြုမှုမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် ခန္ဓာကိုယ်ကို နေ့နေညည လှည့်ပတ်နေရခြင်းမှ စတင်လာခြင်း ဖြစ်၏။ ဤလှည့်ပတ်မှု နည်းလမ်းမှာ ယိုစိမ့်မှု မရှိပေ။
ယိုစိမ့်မှု မရှိသော်လည်း အငွေ့အသက်တချို့ ရှိနေသေး၏။ သူ ပြန်လည် ကုသနေသည့်အချိန်အတွင်း အင်မော်တယ် တစ်ယောက်သာ နီးကပ်လာခဲ့လျှင် သူ့အကြောင်း ပေါ်သွားနိုင်လောက်၏။ ဤသို့မျိုးအခြေအနေ ရှိနေသေးသည်မှာ သူ့အကြောင်း မပေါက်ကြားသေးကြောင်း သေချာနေသည် မဟုတ်ပါလော။
လက်ရှိ မိုဝူကျိနှင့် လွန်ခဲ့သည့် တစ်နှစ်ခန့်က မိုဝူကျိနှင့် ယှဉ်လျှင် လက်ရှိ မိုဝူကျိတွင် ခြားနားသော သန်စွမ်းမှုနှင့် သဘောထားကို ပိုင်ဆိုင်ထားလေ၏။
ယခင် မိုဝူကျိက အင်မော်တယ် အရုပ် ပိုင်ဆိုင်ထားပြီး အဆင့် ၇ ဆေးလုံးဆရာ ဖြစ်သော်လည်း သူ့အင်အားမှာ တခြားသော အင်မော်တယ်များ မျက်လုံး၌ မထင်မရှား ဖြစ်နေဆဲ ဖြစ်သည်။
သူ လိုအပ်နေသည်က ရည်ရွယ်ချက်မရှိ လျှောက်သွားလာနေခြင်း မဟုတ်ဘဲ သူ့အသိများကို ပေါင်းစည်းနိုင်ရေး ဖြစ်၏။ တိုက်ခိုက်ရေး ပညာရပ်များအပေါ် နားလည်နိုင်စွမ်းနှင့်အတူ လူတစ်ယောက်အနေနှင့် သူ့ဖွံဖြိုးမှုများမှ ရရှိလာသော အသိဉာဏ်များလည်း ပါဝင်ပေသည်။
သူက လျှပ်စီးဂိုဏ်း၊ မဟာဓားလမ်းစဉ်နှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတို့ကို လက်စားချေချင်သော်လည်း အချိန်မကျသေးကြောင်းကောင်းကောင်း သိပေသည်။ ယခုအချိန်ကာ သူ့အင်အားသူ ပြန်လည် စုစည်းရမည့် အခြေအနေမျိုး ဖြစ်၏။
“ ဒီမှာ အချိန်တစ်ခုလောက်အထိ နေလို့ ရမလား ” မိုဝူကျိက လေးလေးစားစား မေးလိုက်သည်။
“ ရတာပေါ့ … ဆရာကြီးရဲ့ …” ယူချန်းက ပြန်ဖြေလိုက်သည်။
“ ကျုပ်ရဲ့ ကျင့်ကြံဆင့်က နိမ့်နေတော့ အင်မော်တယ်လို့တောင် ယူဆလို့ မရပါဘူးဗျာ …. ကျုပ်ကို တာ့ဟွမ်လို့ပဲ ခေါ်ပါ ” မိုဝူကျိက ခွန်းတုံ့ပြန်လိုက်ပြီး
“ ဒီက မိတ်ဆွေကိုရော ဘယ်လိုများ ခေါ်ရမလဲ ”
ယူချန်းက အထိတ်တလန့်ဖြင့် ခေါင်းခါလိုက်စဉ် မိုဝူကျိက သူ့ကို ပြန်ပြောဖို့ အခွင့်အရေး မပေးဘဲ ဖြတ်ပြောလိုက်သည်
“ တာ့ဟွမ်လို့ပဲ ခေါ်ပါ။ ကျုပ် ဒီနေရာ ရောက်လာတဲ့ အကြောင်းအရင်းကိုလည်း သိမှာပါ .. ကျုပ်က ခင်ဗျားတို့လိုပါပဲ ” မိုဝူကျိက ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ ….” ယူချန်းက မိုဝူကျိ၏ ဖြောင့်ဖြမှုကို သိသော်လည်း အထိတ်တလန့်ဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်ကဲ့” ဟု ပြောပြီးနောက် ယူကျင့်ဖုန်းကို ညွှန်ပြကာ
“ ဒါက ကျုပ်ရဲ့ မြေးလေး ယူကျင့်ဖုန်းပါ …. ”
ယူချန်းက သွေးပေစွန်းနေသည့် မိန်းကလေးအား ညွှန်ပြကာ
“ ဒါကတော့ ကျုပ်ရဲ့ မြေးချွေးမ လျန်ယင်ရှန်းပါ … ကျုပ်နာမည်က ယူချန်း ဒီသွေဖယ်ခြင်းရွာမှာ နေပါတယ် ”
မြေးချွေးမလား …
မိုဝူကျိက ယူကျင့်ဖုန်းအား နားလည်ရခက်စွာ ကြည့်လိုက်ပြီးနောက် လျန်ယင်ရှန်းကိုလည်း ကြည့်လိုက်သည်။ လျန်ယင်ရှန်းက သွေးများ ပေစွန်းနေသော်လည်း မျက်ဝန်း၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေသေး၏။ သူမ၏ အလှတရားမှ ရင့်ကျက်မှုနှင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သူမ တည်ရှိမှု တစ်ခုတည်းဖြင့် အိမ်ကဲ့သို့သော နွေးထွေးမှုကို ပေးစွမ်းနေသည်။ သူမ၏ လက်ကြမ်းကြမ်းမှာ အလုပ်ကြိုးစား လုပ်ကိုင်ထားခြင်းကြောင့်သာ ဖြစ်လိမ့်မည်။
ယူကျင့်ဖုန်းက ခန္ဓာကိုယ် ထွားကျိုင်းသော်လည်း သူ့မရင့်ကျက်မှုမှာ အသက် ၁၅ နှစ်ပင် မရှိသေးကြောင်း ဖော်ပြနေလေ၏။
၁၅ နှစ် အရွယ် ကလေးက ဒီလို ရင့်ကျက်တဲ့ ဇနီးကို ဘယ်လိုလုပ် ရထားတာလဲ ….
ယူချန်းက ဝင်ရောက်ကာ ရှင်းပြလိုက်သည် “ ယူကျင့်ဖုန်းက အခုမှ ၁၃ နှစ်ပဲ ရှိသေးတာပါ။ လျန်ယင်ရှန်းက သေသွားတဲ့ ယူကျင့်ဖုန်း အစ်ကိုရဲ့ ဇနီးပါ ”
မိုဝူကျိက ရှက်ရွံ့စွာ မျက်နှာကို ပွတ်လိုက်ရင်း ယုကျင့်ဖုန်းက လျန်ယင်ရှန်းအား မရီးဟု ခေါ်ဆိုလိုက်သည်ကို ပြန်လည် အမှတ်ရလိုက်မိသည်။
“ အင်မော်တယ် တာ့…. တာ့ဟွမ် ထိုင်ပါဦး ” ယူချန်းက စိတ်အနှောင့်အယှက် ဖြစ်နေဆဲ ဖြစ်သော်လည်း မိုဝူကျိကို နားထောင်လိုက်သည်က ပိုကောင်းကြောင်း နားလည်ပေသည်။
အားလုံးက ကိုယ့်နေရာကို ထိုင်လိုက်ပြီးနောက် မိုဝူကျိက မေးလိုက်သည် “ လျန်ယင်ရှန်းက မတော်တဆမှုနဲ့ တွေ့ခဲ့သလိုပဲ … ဘာဖြစ်ခဲ့တာလဲဆိုတာ မေးလို့ ရမလား ”
သူက ယူမိသားစုကို အသက်ကျေးဇူးကြွေး တင်ရှိလားလေရာ ပြန်လည် ကူညီချင်မိသည်။ သူက အများနှင့် မဆက်ဆံဘဲ ဝေးဝေးနေရန်် ကြံစည်ထားသော်လည်း အနိုင်ကျင့်ခံနေရသည့် ယူမိသားစုအတွက် ဘာမှမလုပ်ပေးဘဲ မနေနိုင်ချေ။
လျန်ယင်ရှန်းက မိုဝူကျိသည် အခြားသော အင်မော်တယ်များနှင့် ခြားနားကြောင်း ပြောနိုင်၏။ သူ့လေသံမှာ ညင်သာပြီး သူများတွေကို အထင်သေးရှုံချခြင်း မရှိပေ။ ယူချန်းမှာ မိုဝူကျိ၏ အရိပ်ပြမှုကြောင့် ထိုင်ချလိုက်ပြီး လျန်ယင်ရှန်းအား အဖြစ်အပျက်ကို ရှင်းပြစေလိုက်သည်။
ယူချန်းက မိုဝူကျိနှင့် စကားပြောပြီးနောက် စိတ်အေးသွားလေ၏။ မိုဝူကျိက တခြားသော စိတ်ကြီးဝင်ကာ မောက်မာနေသည့် အင်မော်တယ်များနှင့် မတူကြောင်း ခံစားမိသည်။
လျန်ယင်ရှန်းက မထိုင်ရဲသေးပေ။ ယူချန်း ပြောစကားကို ကြားပြီးမှသာ မိုဝူကျိအား အရိုအသေပေးလိုက်ရင်း စတင်ရှင်းပြလိုက်သည်
“ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သိုရှန်း ဒဏ်ရာအပြင်းအထန် ရပြီး ပြန်ရောက်လာတယ်။ သူ့အစ်မ သိုချိုက်က အဆုံးအစွန် ပင်လယ်အနက်ပိုင်းထဲ သွားပြီးတော့ သူ့ကို ကုသဖို့ ဆေးပင်တွေ လိုက်ရှာပေးခဲ့တယ်။ အဲဒီတုန်းမှာ သိုချိုက်က ဒုက္ခိတနီးပါး ဖြစ်သွားခဲ့တယ် … ကျမက အဲဒီနှစ်ယောက်ကို လိုက်ရှာနေခဲ့တာ ”
ယူချန်းက မိုဝူကျိ အခြေအနေကို နားမလည်မည်ကို စိုးရိမ်၍ ထပ်ရှင်းပြလိုက်သည်
“ ရှန်းအာရဲ့ အိမ်က ဒီကနေ ကီလိုမီတာ ၆၀ ကျော်လောက် ဝေးတဲ့ အလင်းရွာမှာလေ။ အဲဒီသိုမောင်နှမက သူမရဲ့ အိမ်နီးချင်းတွေပေါ့ ….
အေးအတူပူအမျှ တစ်ယောက်ကို တစ်ယောက် ကူညီပြီး နေလာကြတာ။ အလင်းရွာက သွေဖယ်ခြင်းရွာနဲ့ တူတယ် …. အိမ်တွေက ဝိညာဉ်ကြော မရှိတဲ့ သေမျိုးတွေ နေကြတာ …. ရွာနှစ်ရွာလုံးက ခဏတိုင်းဆိုသလို ထိမ်းမြှားခြင်းတွေ၊ ကူးသန်းရောင်းဝယ်ရေးတွေ လုပ်ကြတယ်လေ … အဲကြောင့် တစ်ရွာနဲ့ တစ်ရွာ အားလုံးက ရင်းနှီးနေကြတာ …. ”
ကီလိုမီတာ ၆၀ မှာ အင်မော်တယ်လောကတွင် နေထိုင်ကြသော သေမျိုးများအတွက် အကွာအဝေးကြီးကြီး မဟုတ်ပေ။
မိုဝူကျိက စိတ်စွမ်းအားဖြင့် ဖြန့်ကျက်စစ်ဆေးလိုက်ပြီးနောက် သွေဖယ်ခြင်းရွာနှင့် ကီလိုမီတာ ၆၀ အကွာလောက်တွင် ရွာတစ်ရွာကို မြင်လိုက်ရသည်။ ရွာကား ပျက်စီးနေပြီး တိရစ္ဆာန်အသေကောင်များလည်း ရှိနေသည်။ တရားခံက ပြစ်မှုကျူးလွန်သွားသည့် နေရာကို လက်စခြေစပင် မဖျက်သွားချေ။
လျန်ယင်ရှန်းက ဆက်ပြောလိုက်သည်
“ သိုချိုက်က မကြာခင် လမ်းလျှောက်နိုင်တော့မှာ ဒါပေမဲ့ အင်မော်တယ်နှစ်ယောက်က ဒီနေ့ သိုချိုက် အိမ်ဆီ ကျူးကျော်လာကြတယ်။ သူတို့က သိုရှန်းကို ပစ္စည်းပေးဖို့ ပြောတာနဲ့ သူက ကျောက်စိမ်းသေတ္တာလေး ထုတ်ပေးလိုက်တာ ….
အဲဒီမှာ အင်မော်တယ်တွေက ကျောက်စိမ်းသေတ္တာကို ရရချင်း မောင်နှမ နှစ်ယောက်လုံးကို သတ်ပစ်လိုက်တယ် …. ”
ယူချန်းက လျန်ယင်ရှန်းကို ကြည့်ကာ တွေးမိသွား၏
“ ဒီလို အသေးစိတ် ပြန်ပြောနိုင်တာဆိုတော့ အဲဒီမှာ ရှိနေခဲ့လို့ ဖြစ်ရမယ် … တကယ်လို့ အဲဒီမှာ ရှိနေခဲ့ရင် ဘာလို့ အသတ်မခံရဘဲ နေမှာလဲ …. ”
လျန်ယင်ရှန်း အသံမှာ တုန်ယင်လာပြီး
“ အဲဒီအင်မော်တယ်တွေက မောင်နှမ နှစ်ယောက်ကို သတ်ပြီးတော့ ကျမကိုပါ သတ်ပစ်ချင်ကြတာ …. ဒါပေမဲ့ အင်မော်တယ် တစ်ယောက်က သူ့လူသူ ပြန်သတ်ပစ်လိုက်တယ် …. ”
မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဤသို့မျိုး ရက်စက်မှုမှာ ကျင့်ကြံခြင်းလောက၌ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်၏။ သိုရှန်း တွေ့လာသည့် ပစ္စည်းမှာ သစ္စာဖောက်လောက်အောင်အထိ တန်ဖိုးကြီးမားနေ၍ ဖြစ်ရမည်။
“ သစ္စာအဖောက်ခံရတဲ့ အင်မော်တယ်က ပြန်တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ … အဲဒီမှာ အင်မော်တယ် နှစ်ယောက်က တိုက်ကြရော။ ကျမက ကြောက်လွန်းလို့ အဲဒီအခွင့်အရေးကို ယူပြီးတော့ အိမ်အထိ ပြေးလာခဲ့တာ။ ကျမ ခန္ဓာကိုယ်ပေါ်က သွေးတွေက သိုမောင်နှမ အသတ်ခံလိုက်ရတုန်းက သွေးတွေ လာစင်ထားတာ ….” လျန်ယင်ရှန်းက တစ်ဆက်တည်းဖြင့် ပြောချလိုက်သည်။ သူမ မျက်နှာတွင် အကြောက်တရားများ ရှိနေဆဲ ဖြစ်၏။
ယူချန်းက မေးလိုက်သည် “ ရှန်းအာ…. အဲဒီအင်မော်တယ်တွေက သမီးနောက် လိုက်မလာဘူးလား ”
လျန်ယင်ရှန်းက ခေါင်းခါကာ “ သမီး မသိဘူး။ အစတုန်းက အဘိုးနဲ့ ကျင့်ဖုန်းကို ပြောပြပြီးရင် အဆုံးအစွန်ပင်လယ်ထဲ သွားပုန်းနေမလို့ လုပ်ထားတာ …. ”
ယူချန်းက ခေါင်းခါကာ “ အလင်းရွာနဲ့ သွေဖယ်ခြင်းရွာကြားက အကွာအဝေးက အင်မော်တယ်တစ်ယောက်အတွက် ဘာမှ မဟုတ်ဘူး။ သူတို့က သမီးနောက်ကို မလိုက်ဘူးဆိုရင် ထွက်သွားတာလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် …. ”
ယူချန်းက အင်မော်တယ်များ တစ်ယောက်နှင့် တစ်ယောက် သတ်လိုက်ခြင်းလည်း ဖြစ်ုနိင်ကြောင်း ပြောချင်သော်လည်း မိုဝူကျိ ရှိနေသည့်အတွက် ထိုစကားများကို ချုပ်ထိန်းလိုက်ရသည်။
မိုဝူကျိက ရုတ်တရက် မေးလိုက်သည် “ အဲဆို သိုရှန်းက ဘယ်လို ဒဏ်ရာ ရလာတာလဲ …. ”
လျန်ယင်ရှန်းက မိုဝူကျိ၏ မေးခွန်းကို ကြားသောအခါ တည်ငြိမ်သွားလေပြီ
“ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သိုရှန်းက ကျင့်ကြံဖို့နဲ့ အင်မော်တယ် ဖြစ်လာဖို့ ကံဆက်လားဆိုတာ သိချင်တယ်လို့ ပြောဖူးတယ်။ သူ ထွက်သွားပြီးတော့ မနှစ်ကမှ ပြန်ရောက်လာခဲ့တာ … ပြီးတော့ ဒဏ်ရာအပြင်းအထန် ရလာခဲ့တယ် … ”
ယူချန်း မျက်နှာပေါ်မှ အထိတ်တလန့် အရိပ်အယောင်ကို မြင်သောအခါ မိုဝူကျိက ပြုံးလိုက်ပြီး ပြောလိုက်သည်
“ ၆၀ ကီလိုမီတာဆိုတာက အင်မော်တယ်တစ်ယောက်အတွက် ဘာမှ မဟုတ်ပေမဲ့ သူတို့ ရောက်မလာတာကို ကြည့်ရင် တစ်ယောက်နဲ့ တစ်ယောက် သတ်မိသွားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အခိုးခံရတဲ့ ရတနာက ကျင့်ကြံသူအတွက် အားလုံးကို စွန့်ပစ်ပြီးတော့ ထွက်သွားရအောင် တန်နေတာမျိုးလည်း ဖြစ်နေနိုင်တယ် ….
နှမြောဖို့ ကောင်းတာက ကျုပ်က ကျင့်ကြံတာ မကြာသေးလို့ ဒဏ်ရာတွေက အပြည့်အဝ ပြန်မကောင်းလာသေးဘူး …. မဟုတ်ရင် အဲဒီနေရာကို တစ်ချက် သွားကြည့်နိုင်မှာ …. ”
ယူချန်းက မြန်မြန် ပြောလိုက်သည်
“ တာ့ဟွမ်ရယ် မသွားပါနဲ့လား …. ဒီအတိုင်း ထားလိုက်ပါ။ အဲဒီအဖြစ်အပျက်က ကောင်းချီး တစ်ခုပါ မဟုတ်ရင် ကျုပ်တို့တွေ ရှောင်နိုင်မှာ မဟုတ်ဘူး။ ရှန်းအာလည်း ဒီမှာပဲ နေနော် … အခန်းထဲ သွားပြီးတော့ အဝတ်လဲလိုက်ဦး။ နောက်မှ ဒီအကြောင်း ထပ်ပြောကြတာပေါ့ ”
“ ဟုတ်ကဲ့ ” လျန်ယင်ရှန်းက မိုဝူကျိအား နောက်တစ်ကြိမ် အရိုအသေပြုကာ အဝေးဆုံးအခန်းထဲ ဝင်သွားလေ၏။
မိုဝူကျိက မတ်တတ်ရပ်လိုက်ပြီး ယူချန်းနှင့် သူ့မြေးတို့ကို နောက်ကျောပေးရပ်ထားလိုက်ကာ စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။ သူက ဝိညာဉ်စွမ်းအား အရိပ်အယောင်တချို့ ဖြတ်ပြေးသွားပြီ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ခန့်မှန်းချက်မှာ မှန်ကန်ပေ၏။ အပေါ်ယံ၌ လျန်ယင်ရှန်း၏ ဖြေဆိုမှုမှာ တုံ့ဆိုင်းနေသော်လည်း သူမ ကိုယ်ဟန် အမူအယာနှင့် လေသံတို့မှာ တခြားအဓိပ္ပါယ် ပေးစွမ်းနေ၏။
သူက လျန်ယင်ရှန်းသည်လည်း ကျင့်ကြံသူလားဟု သံသယဝင်လာမိသည်။ ထို့ကြောင့် စိတ်စွမ်းအားကို မသုံးလိုက်ခြင်း ဖြစ်၏။ မိုဝူကျိက မဟာဧကရာဇ်အဆင့် ကျင့်ကြံသူများစွာ အဝိုင်းခံရပြီးနောက် ဤသို့မျိုး ချည်းကပ်သည့်အခါ ပို၍ သတိရှိလာသည်။ သူ့စိတ်ဝိညာည်မျက်လုံးကို အသုံးပြုလိုက်ပြီး လျန်ယင်ရှန်းမှာ ကျင့်ကြံသူ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ဖြစ်နိုင်သည်က သူ့ထက်ပင် ကျင့်ကြံဆင့် မြင့်နေနိုင်ပြီး အနည်းဆုံး မဟာလော့ရှန်း နောက်ပိုင်းအဆင့်သို့ ရောက်နေနိုင်ပေသည်။
အကယ်၍ သူသာ ယူမိသားစုအပေါ် ကျေးဇူးကြွေး ရှိမထားပါက မိုဝူကျိက ချက်ချင်း ထွက်သွားချင်မိ၏။