← Chapters

ယူကျင့်ဖုန်း၏ လျို့ဝှက်ချက် ဖွင့်ဟခြင်း

Vol. 48 Ch. 666

ယူကျင့်ဖုန်း၏ လျို့ဝှက်ချက် ဖွင့်ဟခြင်း

Vol. 48 Ch. 666

မျက်စိတစ်မှိတ်အတွင်း နောက်တစ်လ ကုန်ဆုံးသွားပြန်သည်။ မိုဝူကျိက ဆေးလုံးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်း အဆင့်မြင့်လာဖို့ရာ ကျရှုံးခဲ့ပေသည်။ အင်မော်တယ် ဝိညာဉ်စွမ်းအားများ လစ်ဟာနေခြင်းသည် သူ့ကျင့်ကြံခြင်းကို အချည်းနှီး ဖြစ်စေ၏။

ထာဝရ ကမ္ဘာအတွင်း၌ ကျင့်ကြံခြင်းမှာ  အင်မောတ်တယ်ကျောက် အများအပြားဖြင့် ဖြစ်နိုင်ခြေ ရှိကြောင်း သိသော်လည်း သူ့ကမ္ဘာငယ်လေးမှာ သဘာဝငါးမျိုး မပြည့်စုံသေးပေ။ ကျင့်ကြံဆင့်နိမ့်နေစဉ် ဤသို့မျိုး နေရာမျိုး၌ ကျင့်ကြံခြင်းက ဆိုးကျိုးက နည်းပါးနိင်သော်လည်း ကျင့်ကြံဆင့် မြင့်နေလျှင် သူ့တာအိုအပေါ် သက်ရောက်မှု ရှိနိုင်သည်။

ထို့အပြင် မိုဝူကျိက မဟာလော့ရှန်းအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိခဲ့ပေရာ သူ့အခြေခံ၌ မတည်ငြိမ်မှုကို မခံစားမိသော်လည်း ကျင့်ကြံမည့်အစား ခြေတစ်လှမ်း နောက်ဆုတ်၍  သူ့အတွေးများကို ပြန်လည် စုစည်းနေခြင်းမှာလည်း မဆိုးလှပေ။

ဤလများ၌ မိုဝူကျိက  ပန်းပဲပညာရပ်အကြောင်း လေ့လာဖြစ်နေသည်။ သူ့တွင် ပစ္စည်းတာအို စာအုပ်ရှိနေပြီး ရှုစုရန်ဆီမှ ရရှိထားသော  ပန်းပဲပညာရပ်အကြောင်း ဗဟုသုတနှင့် လမ်းညွှန်လည်း ရှိနေသည် မဟုတ်ပါလော။

မိုဝူကျိက ပစ္စည်းတာအို စာအုပ် ရရှိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း  လေ့လာရန် အချိန်မရခဲ့ပေ။ ဤတစ်ခေါက် သူ ဒဏ်ရာအပြင်းအထန် ရရှိပြီး တာ့ဟွမ်သာ  ပျက်စီးမသွားခဲ့လျှင် ပန်းပဲပညာရပ်အကြောင်း မလေ့လာဖြစ်လောက်ပေ။ သူ လေ့လာရသည့် ပန်းတိုင်မှာ  တာ့ဟွမ်အား ပြန်လည် အသက်သွင်းဖို့ ဖြစ်၏။

မိုဝူကျိအား စိတ်ဖြေသိမ့်စရာ တစ်ခုမှာ  လျန်ယင်ရှန်းက  မဟာလော့ရှန်းအဆင့် ဖြစ်သော်လည်း  သူမက  ဤနေရာ၌ နေပြီးနောက် ဘာပြဿနာမှ မရှာပေ။ မိုဝူကျိက သူမ ကျင့်ကြံနေခြင်းကိုလည်း မမြင်မိပေ။ နေ့စဉ်နေ့တိုင်း သူမက ယူချန်းအား ကူကာ ယူကျင့်ဖုန်း ဖမ်းလာသည့် ငါးများကို သန့်စင်ပေးနေလေ၏။ ရံဖန်ရံခါ၌ သူမက ယူကျင့်ဖုန်းနှင့်အတူ ကုန်ပစ္စည်းများနှင့် လဲလှယ်ဖို့ရာ  သွေဖယ်ခြင်းရွာမှ ထွက်သွားလေ့ ရှိသည်။

မိုဝူကျိက ပန်းပဲပညာရပ်ကို ဆက်လက် လေ့လာနေသည့်အခါတိုင်း မည်သူကမှ သူ့အား လာမနှောင့်ယှက်ကြပေ။ အင်မော်တယ်များက သေမျိုးများနှင့် ပတ်သတ်ဆက်နွယ်ရသည်ကို မကြိုက်ကြကြောင်း သိထားကြပေ၏။

မကြာခဏဆိုသလို  ပန်းပဲပညာရပ်နှင့် ဆင်တူသော  အစီအရင်အလံများ ကိုယ်တိုင် ပြုလုပ်ခြင်းကြောင့်  ပန်းပဲပညာရပ်၌ အခြေခံကို ပိုင်နိုင်ထားပြီးသား ဖြစ်နေသည်။ ရှုပ်ထွေးလှသော အစီအရင်အလံများကို ပြုလုပ်ရာ၌  အဆင့်မြင့် အင်မော်တယ် ပစ္စည်းများ ဖန်တီးခြင်းထက် ပိုမို ခက်ခဲနေတတ်သည်။ ထို့အပြင် အင်မော်တယ်တပိုင်းနယ်ပယ်မှာ ရှိစဉ်   ဆရာကြီးဖူကျိဆီမှ ပန်းပဲ နည်းစနစ်များအကြောင်း ဗဟုသုတ ရရှိဖူးသည်။

လက်တွေ့၌ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက်အနေနှင့် မိုဝူကျိက  သူ့ပန်းပဲပညာရပ်က မတိုးတက်လာလျှင်  သူ့အစီအရင်တာအိုအပေါ် များစွာ သက်ရောက်မှု ရှိနိုင်ကြောင်း  ကောင်းကောင်း သိထားသည်။

နတ်ဘုရားမျှော်စင်၌ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှာ မြောက်များစွာသော ကျင့်ကြံသူများကို ပိတ်လှောင်ထားနိုင်ခဲ့သည်။ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၏ ရှုပ်ထွေးမှုများကြား ရောက်ရှိပြီးနောက် မိုဝူကျိက သူ့အစီအရင်တာအိုကို ကောင်းစွာ  လေ့လာထားရန် လိုအပ်ကြောင်း ယုံကြည်လာမိသည်။

တစ်လအတွင်း မိုဝူကျိက  အင်မော်တယ် အဆင့် ၄ အင်မော်တယ် ပစ္စည်းများကို ပြုလုပ်ကာ ဖန်တီးလာနိုင်လေပြီ။ ထိုအဆင့်၌  အရိုးဆုံးအရာများ ဖြစ်သော်လည်း သိသိသာသာ တိုးတက်လာခြင်း ဖြစ်၏။

မိုဝူကျိက  ရှုစုရန် ပေးထားသော ဗဟုသုတနှင့် လမ်းညွှန်စာအုပ်ကြောင့် ပိုမို  ဉာဏ်အလင်းပွင့်လာကာ   သူ့ပန်းပဲပညာရပ်၌ ပိုမို လျှင်မြန်စွာ တတ်မြောက်လာခြင်း ဖြစ်ကြောင်း သိပေသည်။ ပန်းပဲပညာရပ်၌  အရှုပ်ထွေးဆုံးအရာ အားလုံးကို ရှုစုရန်၏ ပစ္စည်း တာအိုအကြောင်း စာအုပ်၌ သေချာရှင်းပြထား၏။ ပြောရလျှင် ထိုစာအုပ်မှာ အဆင့် ၉ အင်မော်တယ် ပစ္စည်းများထက် ပိုမို အဖိုးတန်ပေသည်။

တစ်ရက်ကျ မိုဝူကျိက အဆင့် ၅ ဓားရှည်ကို ထုလုပ်နေစဉ်  ပုံမှန်ဆို နှောင့်ယှက်လေ့ မရှိသည့်  ယူကျင့်ဖုန်းက  တံခါးလာခေါက်လေ၏။ ယူကျင့်ဖုန်းက အကျင့်စရိုက်ကောင်းသည့် လူငယ်လေး ဖြစ်၏။ ယူကျင့်ဖုန်းက သူ့ကို ကယ်တင်ပေးခဲ့မှန်း သိရှိပြီးနောက် သူ့အား တပည့်အဖြစ် လက်ခံရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း မိုဝူကျိက တုံ့ဆိုင်းနေမိသည်။ ယူကျင့်ဖုန်းအား သူ့ကျင့်စဉ် သင်ပေးလိုက်ခြင်းမှာ  သူ့အတွက် အကျိုးရှိစေမလား သို့မဟုတ် နာကျင်စေမလားကို မသိပေ။

သွေဖယ်ခြင်းရွာ၌ ကြာကြာ နေထိုင်ပြီးနောက် မိုဝူကျိက ယူကျင့်ဖုန်းတို့ မြေးအဘိုးတို့၏ ဘဝအကြောင်းကို နားလည်လာနေပြီ ဖြစ်၏။ သူတို့က အင်မော်တယ်ဖြစ်လာရန် မကျင့်ကြံနိုင်ကြသော်ငြား   အဆုံးအစွန် ပင်လယ်၌ မကြာခဏဆိုသလို  အံ့ဩစရာများ တွေ့တတ်သောကြောင့် ပျင်းရိစရာမရှိသော ဘဝကို  ပိုင်ဆိုင်ထားကြသည်။

အကယ်၍ သူက ယူကျင့်ဖုန်းကို ကျင့်ကြံဖို့ရာ သင်ကြားပေးလိုက်လျှင် သူ့ဘဝလေး၏ ညီမျှခြေနှင့် ငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်သွားမည်ကို  စိုးရိမ်မိ၏။ ထို့အပြင်  သူ ထွက်သွားပြီးနောက် ယူကျင့်ဖုန်းမှာ ကျင့်ကြံဖို့ရာ အရင်းအမြစ်များ လိုက်စုဆောင်းရင်း သေဆုံးသွားနိုင်ခြေ ရှိသည်။ နှိုင်းယှဉ်ကြည့်ရလျှင် ရိုးရှင်းသည့် ဘဝကား မဆိုးလှပေ။

ကောင်းသည့်အရာမှာ ယူကျင့်ဖုန်းအနေနှင့် အင်မာ်တယ် ကျင့်ကြံခြင်းများအကြောင်း မစပ်စုဖူးသောကြောင့် မိုဝူကျိအား တွေးတောရန် အချိန် ရစေ၏။ ယနေ့ ယူကျင့်ဖုန်းက သူ့တံခါးရှေ့ ရောက်ရှိသွားလေပြီ။

“ကျင့်ဖုန်း  ဘာလို့ လိုက်ရှာနေတာလဲ ” မိုဝူကျိက တဝက်တပျက် ဖြစ်နေသည့် ဓားရှည်ကို သိမ်းဆည်းထားလိုက်ပြီး မေးလိုက်သည်။ သူ့လက်ရှိအနေအထားဖြင့် ဓားရှည်ကို အလျှင်အမြန် အပြီးသတ်လိုက်ခြင်းမှာ ယခုအနေအထားအထိ ထုဆစ်ခဲ့ရသည့် သူ့အားထုတ်မှုများ အလကား ဖြစ်သွားပေလိမ့်မည်။ သို့သော်လည်း  မိုဝူကျိတွင် အဆင့်နိမ့် ပန်းပဲသတ္တုပစ္စည်းမှာ  အင်မော်တယ်ဆေးပင်များထက်ပင် များစွာ ရှိနေသောကြောင့် မမှူပေ။

“ ဟုတ်ကဲ့ …  အစ်ကိုကြီးကို ပြောချင်တာ တစ်ခု ရှိပေမဲ့  အဘိုးက အစ်ကိုကြီးကို အကြောင်းအရင်းမရှိဘဲ မနှောင့်ယှက်နဲ့ဆိုလို့ ကျတော် အခုထိ အောင့်အီးနေတာ …  အခု အဘိုးက မရီးနဲ့အတူတူ ပါသွားတာဆိုတော့  အခုမှ စကားလာပြောဖို့ အခွင့်အရေး ရလို့ပါ …”  ယူကျင့်ဖုန်းက မြန်မြန် ပြောလိုက်သည်။

“ တစ်လလေးနဲ့ မင်းက ထွားလာတာပဲ …”  မိုဝူကျိက ယူကျင့်ဖုန်းကို အထဲ ဝင်ခိုင်းလိုက်သည်။ ယူချန်းနှင့် လျန်ယင်ရှန်းတို့က အမှန်တကယ်  အိမ်တွင် မရှိကြပေ။  ယူကျင့်ဖုန်းက မိုဝူကျိအား လေးစားကြောင်း မကြာခဏ ပြောလေ့ရှိသော်လည်း မိုဝူကျိအနေနှင့် သူ့အဘိုး သင်ပြမှု ရလဒ်မှ ဖြစ်ပေါ်လာသော လေးစားမှုဟုသာ ထင်မှတ်မိပေသည်။

“ ကျတော်က ၁၄ နှစ်ပဲ ရှိသေးတာလေ … ပင်လယ် ထွက်တာက ကျတော်ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးသလို ဖြစ်တယ်လေ”  ယူကျင့်ဖုန်းက ခေါင်းလေးကို ပွတ်ကာ  စိတ်အားတက်ကြွစွာ ပြန်ဖြေလိုက်သည်။

“ အဘိုးနဲ့  မင်း မရီးက ဘယ်သွားကြတာလဲ ” မိုဝူကျိက ယူကျင့်ဖုန်းကို ထိုင်ရန် ညွှန်ပြပြီးနောက် မေးလိုက်သည်။

“ သူတိုက မျိုးရောတစ်ထောင် ဆန်ကို ရဖို့  အဆုံးအစွန်မြို့ဆီ သွားကြတယ်လေ။ အခုက ရိတ်သိမ်းချိန်ဆိုတော့  … ”  ယူကျင့်ဖုန်းက တွေးမနေဘဲ ပြောချလိုက်သည်။

မိုဝူကျိက  အဆုံးအစွန်မြို့အကြောင်း သိထား၏။  အဆုံးအစွန်ပင်လယ်၌ သွေဖယ်ခြင်းရွာတို့ကဲ့သို့ ရွာများစွာ ရှိလေရာ  ထိုရွာများကြား ကူးသန်းရောင်းဝယ်နိုင်ရာအတွက် အဆုံးအစွန်မြို့ ဖြစ်တည်လာခြင်း ဖြစ်သည်။  ရွာများရှိ လူအားလုံးက တစ်ခုခု ဝယ်လိုလျှင် ရောက်လာတတ်ကြပြီး  ဤနေရာရှိ အင်မော်တယ်စွမ်းအားမှာလည်း ရှားပါးပေသည်။

ကျီခယ်မြို့မှာ နာမည်အားဖြင့် သေမျိုးတွေ၏ မြို့ ဖြစ်သော်လည်း  ကျင့်ကြံသူ တချို့တလေလည်း ရှိတတ်ကြသည်။ လက်တွေ့၌ အဆင့်နိမ့် အင်မော်တယ်များနှင့် သေမျိုးများ ပေါင်းစည်းထားသည့် မြို့ ဖြစ်၏။ သို့သော်လည်း  ဤနေရာရှိ အင်မော်တယ်များမှာ အရည်အချင်းမဲ့နေကြသူများ သို့မဟုတ် သူတို့၏ ကျင့်ကြံနိုင်စွမ်း ကန့်သတ်သွားလောက်အောင်အထိ ဒဏ်ရာ အပြင်းအထန် ရနေကြသူများ ဖြစ်ကြသည်။

မျိုးရောတစ်ထောင် ဆန်မှာ  အဆုံးအစွန်မြို့အနီး၌သာ စိုက်ပျိုးနိုင်ပေရာ  အများစုက ဆန် အားပြုစားကြသူများ ဖြစ်၏။ ရိတ်သိမ်းချိန် ကျရောက်လာသည့် အခါတိုင်း လူအများစုက သူတို့ရွာမှ ထူးခြားသည့် ထုတ်ကုန်များ သယ်ဆောင်၍ ဆန်နှင့် လဲလှယ်ရန် ရောက်လာကြသည်။

“ကျင့်ဖုန်း  … မင်း မရီးက ကျက်သရေရှိပြီး လှတယ်ဆိုတော့  ဒီရွာမှာ သူမ အလှနဲ့ ယှဉ်နိင်မဲ့ သူ  ရှိမယ် မထင်ဘူး ” မိုဝူကျိက ပြုံးရင်း ရုတ်တရက်  ပြောလိုက်သည်။

မိုဝူကျိ၏ သက်တောင့်သက်သာ အခြေအနေကို ခံစားမိပြီး  ယူကျင့်ဖုန်းကလည်း ပြောလိုက်သည်။ သူက သူ့အဘိုးပြောထားသည့်  မိုဝူကျိသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး မနှောင့်ယှက်သင့်ကြောင်း ပြောထားသည်ကို မေ့လျော့သွားတော့သည်။

“ အစ်ကိုကြီး … ကျတော်တို့ သွေဖယ်ခြင်းရွာတင် မကဘူး။ အဆုံးအစွန်မြို့က ဘယ်သူမှ ကျတော်ရဲ့ မရီး အလှတရားကို မမှီဘူး။ မရီးကို ကြွေသွားလို့လား  …. ဒါပေမဲ့ အစ်မဆီမှာ  ဝိညာဉ်ကြော မရှိတော့ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး  … ”

မိုဝူကျိက သူ့ကိုယ်သူ ကာကွယ်ပြောလိုက်၏

“ မဟုတ်ပါဘူး  မဟုတ်ပါဘူး  မင်း အတွေးလွန်နေပြီ။ ဒါက  ချီးကျူးတဲ့ မှတ်ချက်လေးပါပဲ ….  ဒါနဲ့ မင်းအစ်ကိုက ဘယ်လို ဖြစ်သွားတာလဲ  …. ”

မိုဝူကျိက စိတ်ထဲ၌ လျန်ယင်ရှန်းကို အလွန်လေးစားမိနေသည်။ သူ့အနေနှင့်  သူမ ကျင့်ကြံနေသည့် ကျင့်စဉ်ကို မသိသောကြောင့် သူမ ကျင့်ကြံဆင့်ကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်၏။ သူ့တွင် စိတ်ဝိညာဉ်မျက်လုံးသာ မရှိလျှင် တခြားသူများအတိုင်း လျန်ယင်ရှန်းကို သာမာန်သေမျိုး တစ်ယောက်အဖြစ်သာ မြင်မိပေလိမ့်မည်။ သူမ ဖုံးကွယ်ရေး နည်းစနစ်က ပို၍ ယုံကြည်စိတ်ချရပေသည်။

သူနှင့် ကွာခြားလှသည်။ ထိပ်တန်းကျင့်ကြံသူများမှ လွဲ၍ ကျင့်ကြံသူ အများစုမှာ သူမ၏ ကျင့်ကြံဆင့်ကို မြင်နိုင်ကြမည် မဟုတ်ပေ။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံသောကြောင့် ကျင့်စဉ်ကို ကျင့်ကြံလေလေ သာမာန်နှင့် တူလေလေ ဖြစ်နေခြင်း ဖြစ်၏။

ယူကျင့်ဖုန်း စိတ်ထဲ မှတ်ဉာဏ်တစ်ခု ပြန်အမှတ်ရသွားသည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက်

“ လွန်ခဲ့တဲ့  ၁၀ နှစ်လောက်တုန်းက အစ်ကိုက ပင်လယ်ကနေ ပြန်ရောက်လာပြီးတော့ ဝိညာဉ်စွမ်းအား ခံစားနိုင်ပြီဆိုပြီး ပြောခဲ့တာ  …  အဲဒီနောက်ကျ အဆုံးအစွန်မြို့ဆီ ခိုးထွက်သွားပြီးတော့ ကျင့်စဉ်တွေ ဝယ်တယ်။

ပြီးတော့  သူ့ဆီမှာ  ပုန်းကွယ်နေတဲ့ ဝိညာဉ်ကြော ရှိနေတယ်ဆိုပြီး ကျတော်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့ အဘိုးက သူ့ကို ကျင့်ကြံသူ ဖြစ်ခွင့် မပေးဘူး။ အဘိုးက သူ့ကို  မရီးနဲ့ မရမက လက်ထပ်ဖို့ စီစဉ်ပေးခဲ့လိုက်တယ် ….

မရီး ရောက်လာပြီး နောက်သုံးလလောက်နေတော့ အစ်ကိုက  ရွာကနေ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ဖို့ ထွက်သွားတယ်။ သူက ဘယ်လိုဖြစ်ဖြစ် ကျင့်ကြံသူ ဖြစ်ရမယ်ဆိုပြီး ပြောသွားတာ  …

နောက်တစ်နှစ်လောက်နေတော့  ရွာထဲက လူတွေက အစ်ကို သွားတုန်း အန္တာရယ်ဖြစ်ပြီး  ဆုံးသွားပြီတဲ့။ အဲဒါနဲ့  ကောလဟာလတွေက အမှန်ဖြစ်လာတဲ့အခါကျ  အဘိုးက မရီးကို အိမ်ပြန်ခွင့် ပေးလိုက်ပြီးတော့  ပြန်လက်ထပ်ဖို့ ကိစ္စဘာညာလည်း  မရီးကိုပဲ ခွင့်ပေးထားလိုက်တာ။ အစ်မက ကျတော်တို့အ‌ပေါ် အရမ်းကောင်းတယ်။ အဘိုးကို စိုးရိမ်လို့ ဆိုပြီး ခဏတိုင်း လာလာကြည့်ပေးတယ်လေ …. ”

“ အဲဆို မင်း မိဘတွေကရော ..” မိုဝူကျိက မေးလိုက်သည်။

ယူကျင့်ဖုန်းက အနည်းငယ် မျက်ရည်ဝဲလာလေ၏။

“ ကျတော်ကို မွေးပြီ သိပ်မကြာဘူး  မတော်တဆ ဖြစ်ပြီးတော့ ပြန်ရောက်မလာတော့ဘူး  ”

မိုဝူကျိက သက်ပြင်းချလိုက်သည်။

အဆုံးအစွန်ပင်လယ်က မည်မျှပင် ဘေးကင်းနေစေကာမူ  အင်မော်တယ်လောကရှိ ပင်လယ် ဖြစ်နေဆဲ ဖြစ်ရာ သင်္ဘောသားများပင် အန္တာရယ်များ ရင်ဆိုင်ရနိုင်သည်။

“ အဲဆို  မင်း မရီးကရော …. သူမက  သွေဖယ်ခြင်းရွာမှာ အမြဲနေတာလား။ သူမက မင်းအစ်ကိုထက် အသက်ကြီးလား၊ ငယ်လား  ” မိုဝူကျိက မေးလိုက်သည်။

လက်တွေ့၌ မိုဝူကျိက လျန်ယင်ရှန်း၏ နောက်ခံအကြောင်းနှင့် သမိုင်းကို သိချင်၍ မေးမြန်းနေခြင်း ဖြစ်၏။ သူ့အမြင်အရ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ပါရမီရှင်တစ်ယောက်ပင် လျန်ယင်ရှန်းကဲ့သို့  ကျွမ်းကျင်ပြောင်မြောက်မှုမျိုး ရဖို့အတွက် နှစ်ရာချီ လေ့ကျင့်ရန် လိုအပ်ပေသည်။

ယူကျင့်ဖုန်းက  ပြုံးဖြီးဖြီးဖြင့်

“  အစ်ကိုကြီး …. ကျတော်ရဲ့ မရီးက အသက်သုံးဆယ်တောင် မပြည့်သေးပါဘူး။ တကယ်လို့ ခံစားချက်ရှိရင် အဘိုးက သေချာပေါက် ခွင့်ပြုပေးမှာပါ …. အစ်ကိုကြီးနဲ့ မရီး လက်ထပ်လိုက်ရင်လည်း ကျတော် ပျော်တာပေါ့  ”

မိုဝူကျိက စိတ်ထဲ၌သာ သိမ်းဆည်းထားလိုက်သည်။

ထိုကိစ္စကား လုံးဝကို မဖြစ်နိုင်ချေ။

“ နောက်တစ်ခါမှ ထပ်ပြောကြတာပေါ့ … လျှောက်တွေးမနေနဲ့ဦး  စစချင်းတုန်းက သူမကို အသက် ၄၀ လို့ တောင် ထင်နေတာ ”

မိုဝူကျိက အင်မော်တယ် ဆိုသည့်အချက်ကို မေ့လျော့ထားရင်း  ယူကျင့်ဖုန်းက ပြန်ငြင်းလိုက်သည်။

“ မဖြစ်နိုင်တာ  အစ်ကိုကြီးက အမြင်မကောင်းတော့ဘူး။ ကျတော် မိဘတွေနဲ့ မရီး မိဘတွေက အကောင်းဆုံး မိတ်ဆွေတွေလေ။ သူမ မွေးဖွားလာတော့ ကျတော် မိဘတွေတောင် ဂုဏ်ပြုစကားသွားပြောသေးတဲ့ဟာကို ….. ”

မိုဝူကျိက ထိုအချက်ကို ပြန်စဉ်းစားကြည့်လိုက်သည်။

 အသက် ၃၀ ပင် မရှိသေးဘဲ  မဟာလော့ရှန်းအဆင့် ရောက်နေဖို့ ဖြစ်နိုင်ပါ့မလား  ….

“ ကျင့်ဖုန်း ပြောတာ လွဲနေတာ နေမှာ  ” သူ့ကိုယ်သူ တွေးမိလိုက်၏။

မိုဝူကျိက ထပ်မစုံစမ်းတော့ဘဲ  ခေါင်းစဉ် ပြောင်းပြောရန် ဆုံးဖြတ်လိုက်သည်။

“ အဲဆို ကျင့်ဖုန်း မင်းပြောချင်တာက ဘာလဲ  ”

ယူကျင့်ဖုန်းက ရောက်လာသည့် အကြောင်းအရင်းကို ပြန်လည် မှတ်မိသွားကာ ခေါင်းနောက်ကိုသာ ပြန်ပုတ်လိုက်မိတော့သည်။

“ အဟမ်း   အစ်ကိုကြီးကို ပြောချင်တာကလေ ….  လွန်ခဲ့တဲ့ တစ်လလောက်က ကျတော် ငါးသလောက်နီကို ဖမ်းမိတာနဲ့ ဒီနေ့   အဲဒီနေရာကို ပြန်သွားရှာလိုက်တာ …. ဒါပေမဲ့  ကျတော် အနီးရောက်သွားတော့ မျက်စိစူးမတတ် အလင်းတန်းက ပင်လယ်အောက်ခြေကနေ ထွက်နေတာ။ အလင်းတွေ အများကြီး ထွက်ပေါ်နေတဲ့နေရာမှာ ပစ္စည်းတစ်ခုက ကျတော် လှေပေါ် ရောက်လာတာ ”

ပြောနေရင်း ယူကျင့်ဖုန်းက အပိုင်းအစတစ်ခုကို ထုတ်ကာ မိုဝူကျိဆီ ပေးလိုက်သည်။

“ ဒါလေး ” ယူကျင့်ဖုန်းက ပြောလိုက်၏။

အစီအရင်အလံလား …..

မိုဝူကျိက ယူကျင့်ဖုန်းဆီက  ပစ္စည်းကို လက်ခံလိုက်ချင်း  တန်းသိလိုက်သည်။ ထိုအပိုင်းအစလေးမှာ အချိန်ကာလကြာမြင့်သည်နှင့် အိုဟောင်းနေပြီ ဖြစ်ရာ မည့်သည့်အတွက်ကြောင့် ပြုလုပ်ထားမှန်း မသိနိုင်တော့ပေ။

All Chapters