ကျင့်ကြံသူ နှစ်သောင်းခန့် အစ်ကိုဟွမ်ကို ကာကွယ်ပေးခြင်း
Vol. 13 Ch. 172
ကောင်းမိသားစု…
ဟန်မူယဲ့ ခေါင်းညိတ်လိုက်သည်။
ကောင်းမိသားစုသည်လည်း အတော်လေး ဉာဏ်ပြေးပေသည်။ သူတို့က မည်သည့်အချိန်တွင် မည်သို့ လှုပ်ရှားရမည်ကို နားလည်၏။ သူတို့က လက်ရှိတွင် ဟန်မူယဲ့အား ကူညီခြင်းဖြင့် နောင်တွင် ပိုမိုများပြားသော အကျိုးအမြတ်များ ရနိုင်ပေသည်။
သူတို့သာ မဟုတ် တခြားဂိုဏ်းများလည်း ထိုနည်းတူ ပြုမူကြပေလိမ့်မည်။ ဤသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မျက်နှာလုပ်ရန် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။
ထင်သည့်အတိုင်း နေ့လည်ဘက်တွင် လုကော ရောက်လာကာ သတင်းများအား ပြောသည်။ နောက်ထပ် ဂိုဏ်းအနည်းငယ်ကလည်း ဆုကြေးများ စတင်၍ ထုတ်လာကြသည်။
လင်းကြွယ်ဂိုဏ်းသည် သူတို့၏ ကမ္ဘာမြေအဆင့် ကျင့်ကြံသူနှင့် တခြားဂိုဏ်းသားများကို စေလွှတ်ကာ ဟွမ်လောင်လျှိုထံသို့ စစ်ကူပို့စေသည်။
တဖြေးဖြေးဖြင့် တခြားဂိုဏ်းများကလည်း အားကျမခံ ဆုကြေးများဖြင့် စစ်ကူများ ပို့လာကြ၏။
သုံးရက်အတွင်း ဂိုဏ်းနှင့် မိသားစုပေါင်း သုံးဆယ်ကျော်က စစ်ကူပို့ကြသည်။
ဆုကြေးသည် ဝိညာဉ်ကျောက်တုံး တစ်သန်းအထိ မြင့်တက်လာ၏။
မူရှန်မြို့ကလည်း ဝိညာဉ်ကျောက်တုံး သုံးသိန်း ဆုကြေးထုတ်သည်။ ခေါင်းဆောင်တောက်ရင်က သွေးကြောဖွင့်ဆေးလုံးအား ကိုယ်တိုင်ဖော်စပ်ပေးမည်ဟု ကမ်းလှမ်းသည်။
ထိုသတင်းကို ကြားမိကြသူများအားလုံး မေးခွန်းတစ်ခု ရှိနေကြသည်။
မိန်းကလေးလုသည် မည်သူ ဖြစ်သနည်း။
နောက်ပိုင်းတွင် မိန်းကလေးလု၏နောက်ကြောင်းကို လူအများက သိလာကြသည်။
သူမနှင့် ဟွမ်လောင်လျှိုတို့ ပတ်သက်မှုကို သိလာကြကာ သူမသည် သန့်စင်ရေကျောင်းတော်၏ သစ္စာဖောက်မှုကြောင့် တောင်ပိုင်းဒေသသို့ အတင်းခေါ်ဆောင်ခံရကြောင်း သိလာကြသည်။
သန့်စင်ရေကျောင်းတော်သည် အနောက်ဘက်ကုန်းမြေကို သစ္စာဖောက်သွားသည်။
သူတို့အားလုံး တောင်ပိုင်းကို ဦးတည်ခရီးနှင်ကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ တောင်ပိုင်းကို စတင်ထွက်ခွာကြ၏။
တချို့သည် အင်မော်တယ်အဆင့်ဆေးလုံကို တက်မက်ကာ တချို့က ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာည်လက်နက်များအား တပ်မက်ကြသည်။
တချို့သော ကျင့်ကြံသူများကား အပျော်ဖြစ်သည်။
သူတို့အားလုံးက မိန်းကလေးလု မည်သူ ဖြစ်သည်ကိုလည်း သိလိုကြသည်။
…
အေးစိမ့်လွင်ပြင်တောင်ကြား။
ထိုတောင်ကြားရှိ မိုင်နှစ်ဆယ်ပတ်လည်ကား မရေမတွက်နိုင်သော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
“အစ်ကိုဟွမ် ဒီမှာဟေ့…”
တစ်စုံတစ်ယောက်က အော်လိုက်သည်တွင် လူတိုင်းက ဟွမ်လောင်လျှို လှမ်းလာနေသည်ကို မြင်ကြသည်။
သူ့အား သည်အတိုင်း ကြည့်ပါက သူ၏အရှိန်အဝါသည် သာမန်ဖြစ်ကာ မည်သည့်ထူးခြားမှုမှ ရှိမနေပါ။
သူ့နောက်တွင်ကား ကောင်လေးတစ်ယောက် မြေခွေးငယ်လေးကို ပွေ့ထားကာ ကမ္ဘာမြေအဆင့် ကျင့်ကြံသူသုံးဦးခန့် အဖော်လိုက်ပါလာသည်။
အခြေခံအုတ်မြစ်အဆင့် သုံးဆယ်ခန့် ဟွမ်လောင်လျှိုနောက်မှ လေးနက်သော အမူအရာဖြင့် လိုက်ပါလာကြသည်။
ထိုသို့သော အခြေအနေတွင် ဟွမ်လောင်လျိုသည် သာမန်လူဖြစ်သည်ဟု မည်သူက ပြောရဲသနည်း။
“ဒါက အစ်ကိုဟွမ်လား…”
“ဘာလို့လဲ…”
တောင်ထိပ်တစ်ခုတွင် တကိုယ်တော်ကျင့်ကြံသူတစ်ဦးက တီးတိုးပြောသည်။
“သူက ဘာလို့ သေမျိုးတစ်ယောက်နဲ့ တူနေတာလဲ”
“သူဟာ ပညာရှင်တစ်ယောက်လို့ ငါထင်ခဲ့တာ”
သူက တစ်စုံတစ်ခု လွဲမှားနေသည်ကို ထောက်ပြသည်။
“ဟင်း… မင်း မသိဘူးလား…”
ဘေးနားမှ လူငယ်တစ်ယောက်က ထူးမခြားနားစွာ ပြောသည်။
“အစ်ကိုဟွမ်ဟာ သေမျိုးပဲ…”
“ဒါပေမဲ့ သူ အရင်က သေမျိုးမဟုတ်ဘူး”
လူငယ်၏မျက်လုံးတွင် လေးစားသော အမူအရာများ ဖြစ်ပေါ်လာသည်။
အေးစိမ့်လွင်ပြင်တောင်ကြားသို့ ရှေ့မှ လှမ်းသွားနေသော ဟွမ်လောင်လျှိုအား ကြည့်ကာ လူငယ်က ပြောသည်။
“အစ်ကိုဟွမ်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် သူ့ကျင့်ကြံဆင့် ဆုံးရှုံးသွားခဲ့တာ”
“အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ သူဟာ တစ်သက်တာ ကျင့်ကြံခဲ့တဲ့ ဓားချီနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ်ကို ကူညီပြီးတော့ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကို အနိုင်ရစေခဲ့တယ်”
သူသည် ကောင်းကင်ဘုံအဆင့်တစ်ယောက်အား ဒဏ်ရာရစေခဲ့သည်။
အားလုံးက မျက်လုံးပြူးလျက် ဟွမ်လောင်လျှိုအား ကြည့်ကြသည်။
ထိုအခိုက်တွင် အဖိုးအိုတစ်ယောက်နှင့်အတူသော ဟွမ်လောင်လျှိုသည် အမှန်တကယ် သူတို့အားလုံး၏မျက်လုံးထဲတွင် သာမန်လူမဟုတ်တော့ပါ။
“အစ်ကိုဟွမ်… အရမ်းမိုက်တယ်…”
ထို့နောက် လူငယ်သည် ငှက်တစ်ကောင်အလား ဟွမ်လောင်လျှိုထံသို့ ပျံသန်းသွားသည်။
အခြေခံအုတ်မြစ်အဆင့်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဝင်။
“သေစမ်း… လူဘယ်လောက်တောင် အစ်ကိုဟွမ်ကို ကူညီဖို့ ရောက်လာတာလဲ”
မရေမတွက်နိုင်သော လူများအား ကြည့်ကာ တစ်စုံတစ်ယောက်က ပြောသည်။
“သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကြီးမားတဲ့အန္တရာယ်ကို ကျော်ဖြတ်ဖို့ ကျင့်ကြံဆင့် အဆုံးရှုံးခံ ကူညီခဲ့တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သေချာပေါက် သူ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလေ”
တစ်ယောက်ကလည်း မျက်လုံးများ စူးရှစွာ ပြောလျှက် ရှေ့ကို ပြေးလွှားသွားသည်။
“စီနီယာအစ်ကိုတို့… ကျေးဇူးပြုပြီး တိုက်ခိုက်ကြပါ…”
အေးစိမ့်လွင်ပြင်တောင်ကြားရှေ့၌ ဟွမ်လောင်လျှိုက တည်ငြိမ်စွာ ပြောသည်။
သူ့နောက်မှ ကမ္ဘာမြေအဆင့်သုံးယောက်သည် အချင်းချင်းကြည့်ကာ ရှေ့ကို ပြေးလွှားသွားကြသည်။
ဝုန်း…
ဓားချီများ ပေါက်ကွဲထွက်လာကာ အေးစိမ့်လွင်ပြင်တောင်ကြားအား ကာကွယ်ထားသော ဝင်္ကပါအစီအရင် ပျက်စီးသွားသည်။
“တက်ကြ…”
ဟွမ်လောင်လျှိုက အော်ဟစ်လိုက်သည်။
သူ့နောက်မှ အခြေခံအုတ်မြစ်အဆင့်ပညာရှင်များသည် ဓားများကို ဆွဲထုတ်ကာ တောင်ကြားထဲသို့ ပြေးဝင်သါားကြ၏။
အော်သံများ တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ကျင့်ကြံသူများ တစ်စုပြီးတစ်စု တောင်ကြားထဲကို ဝင်ရောက်ပြေးဝင် တိုက်ခိုက်ကြ၏။
ဟွမ်လောင်လျှို တည်ငြိမ်စွာဖြင့် တိုက်ပွဲအား ကြည့်နေသည်။
နှစ်နာရီ ကြာပြီးနောက် အေးစိမ့်လွင်ပြင်တောင်ကြား၌ သွေးချောင်းစီးခဲ့ပြီ ဖြစ်သည်။
ကမ္ဘမြေအဆင့်သုံးယောက်နှင့် အခြေခံအုတ်မြစ်အဆင့် ပညာရှင်သုံးဆယ်ခန့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် သူတို့သည် မိစ္ဆာတချို့အား ဖမ်းဆီးနိုင်ခဲ့သည်။
ဟွမ်လောင်လျှိုက မိစ္ဆာများအား စစ်ဆေးသောအခါ သတင်းတချို့အား ရရှိ၏။
သူ ရရှိသော သတင်းသည် ယခင် ရထားသော သတင်းနှင့် အတူတူဖြစ်သည်။
သန့်စင်ရေကျောင်းတော်သည် တောင်ပိုင်းကုန်းမြေတွင် ကျင့်ရှန်းဓားဂိုဏ်းနှင့် သွားရောက်ပူးပေါင်းမည် ဖြစ်သည်။
မိစ္ဆာများက တခြားသော သတင်းများအားလည်း ထုတ်ဖော်ခဲ့သေးသည်။
မိစ္ဆာကြီး ဟူထိုက်ရှန့်သည် တခြားမိစ္ဆာများကို ဦးဆောင်ကာ ချောက်နက်ကမ်းပါး၌ စတည်းချနေသည်။ သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား တိုက်ခိုက်ရန် ကြံစည်နေကြ၏။
အစီအစဉ်အရ သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း လက်အောက်မှ မြို့များအား တိုက်ခိုက်လုယက်ကာ အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်သွားကြမည် ဖြစ်သည်။
ဟွမ်လောင်လျှိုဘေးမှ အဖိုးအိုက ပြောသည်။
“ဂျူနီယာညီလေးဟွမ်… ဒီကိစ္စက ဂိုဏ်းနဲ့ သက်ဆိုင်နေပြီ”
သူက သေချာပေါက် ထိုသတင်းအား ဂိုဏ်းသို့ တင်ပြကာ နောက်ဆက်တွဲအမိန့်များအား စောင့်ဆိုင်းရပေမည်။
ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ သူ့နောက်မှ တောင်ကြားကို တစ်ချက်မှ မကြည့်ဘဲ တောင်ဘက်သို့ စတင်၍ ခရီးထွက်သည်။
“ဂိုဏ်းကိစ္စ ကျုပ်နဲ့ မဆိုင်တော့ဘူး။ ကျုပ်က ဖျင်ညီမလေးကို ကယ်ဖို့ သွားရမယ်”
သူ၏ရည်ရွယ်ချက်ကား ရှင်းလင်းပြတ်သားသည်။
မုတ်ဆိတ်ရှည်အဖိုးကြီးက သက်ပြင်းချကာ သူ့လူများအား လက်ဝှေ့ယမ်းလျှက် ထွက်ခွာသွားသည်။
“ရိုးရိုးသားသားပြောရရင် ညီလေးဟွမ်ကို အားကျတယ်။ ကိုယ်အရေးစိုက်တဲ့သူတစ်ယောက်ကို အဆုံးစွန်သော အန္တရာယ်က ကာကွယ်ပေးဖို့ဆိုတာ သာမန်စိတ်နှလုံးခိုင်မာမှုနဲ့ မရဘူးလေ”
အဖိုးအိုဘေးမှ လူကြီးတစ်ယောက်ကလည်း တိုးတိုးပြောသည်။
“အစ်ကိုကျန်း… ဂိုဏ်းကိစ္စကို အစ်ကိုဆက်ပြီး တာဝန်ယူသတင်းပေးလိုက်ပါ။
ထိုလူကြီးက ဟွမ်လောင်လျှိုထွက်သွားရာအရပ်သို့ ကြည့်ကာ လှမ်းသွားလိုက်သည်။
“ကျုပ် ညီလေးဟွမ်နဲ့ အဖော်လိုက်သွားမယ်”
…
ဓားစံအိမ်တွင် ဟန်မူယဲ့က ဟွမ်လောင်လျှို အေးစိမ့်လွင်ပြင်တောင်ကြားကို သိမ်းပိုက်လိုက်ကြောင်း သတင်းကြားလျှင် ခေါင်းညိတ်သည်။
ကျင့်ကြံခြင်းလောက၌ သေခြင်းရှင်ခြင်းမှာ မသေချာပေ။
ရက်စက်ခြင်းမရှိပါက အသက်မရှည်နိုင်။
“ဂိုဏ်းက ချောက်နက်တောင်ကြားကို နောက်ထပ် အင်အားတစ်ခု စေလွှတ်လိုက်တယ်။ လူနှစ်သိန်းလောက်ဟာ အစ်ကိုဟွမ်နဲအတူ လိုက်ပါသွားကြတယ်”
လုကောက စိတ်လှုပ်ရှားစွာ ပြောသည်။
“အစ်ကိုဟွမ်က ဒီလို ဂုဏ်သတင်းရှိမယ် မထင်ထားဘူး”
သာမန်ဓားထိန်းတစ်ယောက်က ထိုသို့ စွမ်းဆောင်နိုင်မည်ဟု သူ မယုံကြည်နိုင်ပါ။
အနည်းဆုံး ထိုသို့သော ကိစ္စသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ မရှိခဲ့ဖူးပေ။
ထိုကိစ္စသည် ဟွမ်လောင်လျှို၏ဂုဏ်သတင်းနှင့် ဟန်မူယဲ့တို့၏ဆုကြေးတို့ဖြင့် ပတ်သက်နေသည်။
တစ်ဘက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကလည်း နောက်ကွယ်မှ များစွာ လှုပ်ရှားထားဟန်ရသည်။
ဖုန်းလင်ဓားဂိုဏ်းနှင့် အဆုံးအဖြတ်တိုက်ပွဲသည် မကြာခင် အပြီးသတ်တော့မည့်ဟန်ရှိနေသည်။
နေ့လည်ပိုင်း၌ ဟန်မူယဲ့သည် စုကျန်းဆေးဆိုင်သို့ ရောက်လာခဲ့သည်။
“ကျွန်မက ရှင့်ရဲ့ဆုကြေးကို ကြေညာထားပြီးပြီ။ အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့်ငါးယောက်လောက်က ပါဝင်လာဖို့ ရှိတယ်”
ပိုင်စုကျန်းက ပြောသည်။
ဟွမ်လောင်လျှိုအား မရေမတွက်နိုင်သော ကျင့်ကြံသူများက အဖော်ပြုပေးနေသည်ကို သူမ သိသည်။ သို့သော်လည်း တစ်ခါတစ်ရံ အရေအတွက်က ဘာမှ မဟုတ်ပါ။
စစ်မှန်သော ကျင့်ကြံသူမပါဘဲ မည်သို့ ကိစ္စကြီးကို အောင်မြင်မည်နည်း။
“ကျေးဇူးပါပဲ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ ထိုကိစ္စသည် အမှန်တကယ် အရေးကြီးကြောင်း သူ နားလည်၏။
ဟန်မူယဲ့က လက်ဖြန့်လိုက်လျှင် ရွှေအိုရောင်သစ်ကိုင်းတစ်ကိုင်း ပေါ်လာသည်။ သစ်ကိုင်း၌ ပန်းပွင့်များ အစီအရင်ရှိနေ၏။
“ဒါက မဂ္ဂနိုလီယာပဲ… နှစ်တစ်ထောင်သက်တမ်း…”
သည်ဆေးပင်ကား အလွန်ရှားပါးကာ ဆဌမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သော အဓိက ဆေးအမယ်လည်း ဖြစ်သည်။
သည်ဆေးပင်ဖြင့် ဟန်မူယဲ့သည် အင်မော်တယ်အဆင့် ဆဌမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သည်။
“စီနီယာအစ်ကိုဟန်… ရှင် တကယ်ပဲ ဆေးလုံးကို ဖော်စပ်ပြီးတော့ ရောင်းချချင်တာလား”
ပိုင်စုကျန်းက အံ့အားသင့်စွာ မေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ကောင်းပါပြီ စီနီယာအစ်ကိုဟန်… ကျွန်မကို ရက်နည်းနည်းပေးပါ။ လိုတဲ့ တခြားဆေးအမယ်တွေကို စုဆောင်းပြီး ဓားစံအိမ်ကို ပို့ခိုင်းလိုက်ပါ့မယ်”
ဟန်မူယဲ့အား ဆိုင်အပြင်သို့ ပို့ဆောင်ရင်း ပိုင်စုကျန်းကား အလွန်ဝမ်းသာနေသည်။
ဆဌမတန်းစားဆေးလုံးသည် သေချာပေါက် အကျိုးအမြတ်ကြီးကြီး ရပေတော့မည်။
စုကျန်းဆေးဆိုင်အပြင်သို့ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့က ကောင်းကင်ကို ကြည့်သည်။
အဝေးတွင် အလင်းတန်းများအား သူ တွေ့ရ၏။
ဒင်…
ဒင်…
ဒင်…
ဒင်…
ခေါင်းလောင်းသံ…
နောက်ထပ်နိုင်ပွဲတစ်ခုလား…