← Chapters

သူ့ဂိုဏ်းအတွက် တည်နေရာ ရွေးချယ်ခြင်း

Vol. 48 Ch. 667

သူ့ဂိုဏ်းအတွက် တည်နေရာ ရွေးချယ်ခြင်း

Vol. 48 Ch. 667

“ကျင့်ဖုန်း  … နေရာအတိအကျကို ပြောပြဦး ” မိုဝူကျိက အစီအရင်အလံကို မြင်သည်နှင့်  အဆုံးအစွန်ပင်လယ်ဆီ သွားဖို့ရာ ဆုံးဖြတ်ချက် ချလိုက်သည်။

မိုဝူကျိ၏ ပန်းပဲပညာရပ် အရည်အချင်းမှာ သာမာန်ထက် အောက်ကျနေသော်လည်း အချိန်တစ်ခုအထိ လေ့ကျင်မှု အပြီးတွင် ဖန်တီးထုလုပ်မှု အမြင်ကာ မဆိုးတော့ပေ။ ဤသိုမျိုး ကာကွယ်ရေး အစီအရင် ခင်းကျင်းနိုင်သူမှာ  အစီအရင်တာအို၌ ထိပ်တန်းအရည်အချင်း ရှိပေလိမ့်မည်။ ပန်းပဲပညာရှင်တစ်ယောက် ပြုလုပ်ထားသည့် အစီအရင်အလံက ဘာကိုများ ဖုံးကွယ်ပေးထားသနည်း။

ထို့အပြင် ဤအစီအရင်အလံမှာ အဆုံးအစွန်ပင်လယ်ထဲမှ ထွက်ပေါ်လာသောကြောင့် အစီအရင် ကျိုးပေါက်သွားကြောင်း ဆိုလိုနေခြင်း ဖြစ်၏။ မိုဝူကျိက အကျိုးမြတ်ရဖို့ရာ မြန်မြန် လှုပ်ရှားသင့်မှန်း သိပေသည်။ ဤသတင်းသာ ပြန့်နှံ့သွားပါက  လူ မည်မျှ အပြေးအလွှား ရောက်လာမည်ကို မပြောနိုင်ပေ။ အကယ်၍ အားကောင်းသော ကျင့်ကြံသူများသာ တိုက်ပွဲ ဖြစ်လျှင် သွေဖယ်ခြင်းရွာမှာ ပျက်စီးသွားနိုင်သည်။

“ အစ်ကိုကြီး တာ့ဟွမ် .. ကျတော်က နေရာအတိအကျကိုတော့ မပြောတတ်ဘူး …. ကျတော် လိုက်ပို့လိုက်မယ်လေ ” ယူကျင့်ဖုန်းက ချက်ချင်း မတ်တတ်ရပ်ကာ ပြောလိုက်၏။

မိုဝူကျိက ယူကျင့်ဖုန်းသည် သေမျိုးတစ်ယောက်ဖြစ်၍  သူတို့သွားမည့်နေရာအား အကြမ်းဖျင်းသာ သိကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် ပြန်ဖြေလိုက်သည်  “ ကောင်းပြီလေ သွားကြတာပေါ့  ….. ”

………….....

နေရာ အတိအကျ မသိသော်လည်း ယူကျင့်ဖုန်းက  အဆုံးအစွန်ပင်လယ်နှင့် ရင်းနှီးကျွမ်းဝင်နေလေသည်။ နေ့ဝက်တာ သွားလာပြီးနောက် လှေကို ရပ်ကာ  အမှတ်အသားမရှိသည့် နေရာကို ထိုးပြရင်း

“ အဲဒီနေရာပဲ …. အလင်းတန်းက  ကောင်းကင်ထိ ထွက်ပေါ်လာတာနဲ့ အပိုင်းတွေ အများကြီး လွှင့်ကုန်တာ  … ကျတော် ပေးလိုက်တဲ့ အပိုင်လေးကလည်း ဒီနေရာက ရလာတာ  … ”

ယူကျင့်ဖုန်း စကားမဆုံးခင် သူ လက်ညိုးထိုးပြသည့် နေရာ၌ ဝဲကတော့ ဖြစ်ပေါ်လာကြောင်း သိလိုက်သည်။ မကြာခင် အဖြူရောင်မြူများ ထွက်ပေါ်လာပြီး အမြင့်မှာ ဆယ်ပေ မရှိသော်လည်း အလျားမှာ တစ်ပေမျှသာ ရှိ၏။

သိပ်သည်းလွန်းသော  ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး မိုဝူကျိက ဤနေရာမှာ သာမာန် မဟုတ်ကြောင်း သိလိုက်၍ ချက်ချင်း လှည့်ပြောလိုက်သည်

“ ကျင့်ဖုန်း … ငါ အောက်ခဏ သွားကြည့်လိုက်ဦးမယ် …  ဒီနေရာမှာ ခဏစောင့်နေဦနော် … ”

“ ဟုတ် ” ယူကျင့်ဖုန်းက မြန်မြန် ဖြေလိုက်၏။

မိုဝူကျိက ပင်လယ်ထဲ ခုန်ဆင်းသွားတော့သည်။  သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် ပင်လယ်ထဲ ရောက်သည်နှင့် ရေများက သူ့တစိတ်တပိုင်းလို ဖြစ်သွားလေ၏။

အဆုံးအစွန် ပင်လယ်၌ သားရဲများ မရှိသော်လည်း  ယုံရင်အင်မော်တယ်နယ်မြေမှာ ကြီးမားကျယ်ဝန်းသော ရေအောက်နယ်မြေတစ်ခုကဲ့သို့ ဖြစ်၏။ မိုဝူကျိ ရှိနေသည့် နေရာမှာ ရေအောက်နယ်မြေ၏ အဝင်ဝဟု သတ်မှတ်၍ ရသော်လည်း  အလွန်နက်ရှိုင်း၏။ မိုဝူကျိ၏ လက်ရှိနှုန်းအရ ပင်လယ်ကြမ်းပြင်ဆီ ရောက်ဖို့ရာ တစ်နာရီမျှ လိုအပ်လိမ့်မည်။

သူ ပင်လယ်ကြမ်းပြင်ဆီ ရောက်သည်နှင့် သိပ်သည်းသော ဝိညာဉ်စွမ်းအားလှိုင်းတို့ သူ့ဆီ ရိုက်ခတ်လာသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအား သိပ်သည်းနှုန်းအရ  ကျင့်ကြံခြင်းမှာ နတ်ဘုရားမျှော်စင်အတွင်း ကျင့်ကြံခြင်းထက် အကျိုးသက်ရောက်မှု နည်းပါးမည် မဟုတ်ပေ။

သူ့စိတ်စွမ်းအား ဖြန့်ကျက်လိုက်ပြီးနောက် မိုဝူကျိက  တစစီ ဖြစ်နေသည့် အစီအရင်ဗဟိုချက်ကို မြင်တွေ့လိုက်ရသည်။ သိပ်သည်းလွန်းနေသော  ဝိညာဉ်စွမ်းအားများက ဤအစီအရင် ဗဟိုချက်မှ ထွက်ပေါ်နေခြင်း ဖြစ်၏။

အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှ ထွက်လာပြီးနောက် မိုဝူကျိ၏ အစီအရင်တာအို အရည်အချင်းမှာ  အဆင့် ၆ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် နီးပါး ဖြစ်လာလေပြီ။ သူက အစီအရင် ဗဟိုချက် စစ်ဆေးကြည့်ဖို့ရာ စိတ်စွမ်းအား ထုတ်သုံးဖို့ရာပင် မလိုတော့ပေ။ တစ်ချက်တည်းကြည့်ရုံဖြင့် ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်တစ်ခုမှန်း သိလိုက်၏။

သူ့ဘေးပတ်လည်တွင် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် မိုဝူကျိက ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်ထဲ ဝင်ချလိုက်သည်။ ရေ ကာကွယ်ရေး အစီရင်က မိုဝူကျိ မျက်စိရှေ့ ပေါ်လာလေ၏။ ရေကာကွယ်ရေး အစီအရင်နောက်တွင် စိတ်စွမ်းအားကို ပိတ်ထားသော အစီအရင်တစ်ခု ရှိနေသည်။ သူက အစီအရင်ကို ကြည့်ရင်းဖြင့် သလင်းကျောက်ဖြူကို မြင်လိုက်ရသည်။

ထိုသလင်းကျောက်ဖြူအား သေချာစွာ စစ်ဆေးကြည့်ပြီးနောက် သူက ကြောင်အမ်းသွားမိသည်။

အင်မော်တယ်ကျောက် အဆီအနှစ်များ၊ စမ်းချောင်းများ၊ အဝေးတစ်နေရာမှ ဝိညာဉ်စွမ်းအား မြောက်များစွာ စီးဆင်းနေသည်ကို တွေ့မြင်နေရသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားမှာ ရုပ်အသွင် ပေါ်နေပြီး အနက်ပိုင်းသို့ ဆက်လက် စီးဆင်းနေကြသည်။

မိုဝူကျိက လေအေးများသာ မှုတ်ထုတ်လိုက်သည်။

ဤနေရာ၌  အင်မော်တယ် ကျောက်အဆီအနှစ်တွေ၊ ဝိညာဉ်စွမ်းအား သွေးကြောတွေ ဘယ်လောက်တောင် ရှိနေတာများလဲ …

ဤနေရာ၌  တစ်ယောက်ယောက်က ဤအရင်းအမြစ် အားလုံးကို  သိမ်းဆည်းထားခြင်းလား  …..

မိုဝူကျိက ထိုအတွေးကို အမြန်ဖယ်ရှားလိုက်သည်။ ဤအင်မော်တယ် ကျောက်အဆီအနှစ်များနှင့် ဝိညာဉ်စွမ်းအားသွေးကြောတို့မှာ မိုင်တစ်ထောင်လောက်အထိ ရှိနေခြင်း ဖြစ်၏။ ထို့အပြင်  နယ်မြေအတွင်းပိုင်း၌ ဤကျင့်ကြံခြင်း အရင်းအမြစ်များ၏ ပင်မရင်းမြစ် ရှိနေသလို ဖြစ်နေသည်။ ထိုအရာက ဝိညာဉ်စွမ်းအားများကို ထုတ်လွှင့်နေရုံသာမက အပြင်ဘက်မှ ဝိညာဉ်စွမ်းအားများကိုလည်း စုပ်ယူကာ  ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင် အနက်ပိုင်း၌ သိမ်းဆည်းထားသလို ဖြစ်နေသည်။

ထိုစဉ် မိုဝူကျိက အကြမ်းဖျင်း  သဘောပေါက်သွားလေ၏။ ဤနေရာရှိ အင်မော်တယ်ကျောက် အဆီအနှစ်များနှင့် ဝိညာဉ်စွမ်းအား သွေးကြောတို့မှာ တစ်ယောက်ယောက် လာဝှက်ထားခြင်း မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း ဖြစ်ပေသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအား ဗဟိုချက်က ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအားများကို စုစည်းပြီး  အချိန်ကြာလာသည့်အခါ အင်မော်တယ်ကျောက် အဆီအနှစ်များနှင့် ဝိညာဉ်သွေးကြောများကို ဖြစ်ပေါ်လာခြင်း ဖြစ်လောက်သည်။ သို့သော်လည်း  အရင်းအမြစ် အရည်အသွေးကို မမျှမတ ဖြစ်စေ၏။ ကောင်းသောအရာများမှာ ထိပ်တန်းအဆင့်  ပစ္စည်းအဖြစ် ယူဆ၍ ရသော်လည်း  တချို့အရာများမှာမူ အဆင့်နိမ့် စွန့်ပစ်ပစ္စည်းများအဖြစ်သာ ယူဆနိုင်ပေသည်။

အဆုံးအစွန်ပင်လယ်မှာ ဝိညာဉ်စွမ်းအားနှင့် သားရဲများ ကင်းမဲ့နေသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။ ဤနေရာရှိ ဝိညာဉ်စွမ်းအားအကုန်လုံးမှာ တစ်နေရာတည်း စုပြုံနေပြီး အပြင်ဘက်မှ ဝိညာဉ်စွမ်းအား ရှိနေခြင်းသာ ထူးဆန်းနေပေလိမ့်မည်။ ဤနေရာ၌ ဝိညာဉ်စွမ်းအား ရှားပါးမှုကြောင့် ကျင့်ကြံသူ တချို့တလေသာ  ရှိနေခြင်း ဖြစ်ပေသည်။ ထိုကျင့်ကြံသူ လက်တစ်ဆုပ်စာမျှလောက်ဖြင့် ဤနေရာကို ရှာတွေ့နိုင်ခြေကား ပို၍ ပို၍ပင် နည်းပါးသွားချေသည်။ အကယ်၍  အပြင်ဘက်ရှိ ဝိညာဉ် စွမ်းအား ပိတ်လှောင်ရေး အစီအရင်သာ  ကျိုးပေါက်သွားပြီး ယူကျင့်ဖုန်း ရှာမတွေ့ပါက မိုဝူကျိ သူ ကိုယ်တိုင်ပင် ဤနေရာ၌  ရတနာများစွာ ရှိနေလိမ့်မည်ဟု  သိမည် မဟုတ်ပေ။

သူက ယုံရင်အင်မော်တယ်နယ်မြေ၏ ဝိညာဉ်စွမ်းအား နည်းပါးနေသည့် အကြောင်းအရင်းမှာ   ဤနေရာနှင့် သက်ဆိုင်နေသည်ဟုပင် တွေးထင်မိလာသည်။

ဤဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်ကို တစ်ယောက်ယောက်က  သီးခြားစီစဉ်ခဲ့ခြင်း  ဖြစ်ဟန် ပေါ်သော်လည်း မိုဝူကျိက ပထမဆုံး တွေ့ရှိသွားသူ ဖြစ်၏။ ဤနေရာကို ပထမဆုံး တွေ့ရှိသူကား  ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်တစ်ခု စီမံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အချိန်ကာလကာမြင့်လာသည်နှင့်အမျှ ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်မှာ အကျိုးသက်ရောက်မှု လျော့ရဲလာပြီး ဝိညာဉ်စွမ်းအားများက ထွက်ပေါ်လာခြင်း ဖြစ်၏။

မိုဝူကျိက  ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးနောက် ချက်ချင်း နားလည်သွားသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားများမှာ ဖြစ်ကတတ်ဆန်း ထိတွေ့လို့  မရပေ။ အင်မော်တယ်ကျောက် အဆီအနှစ်များနှင့် ဝိညာဉ်စွမ်းအား သွေးကြောတို့မှာ  ဤနေရာ၌  ဖြစ်တည်လာသောကြောင့်  ကျောက်ချစွာ အခြေခိုင်နေလေပြီ။ အကယ်၍ သူတို့ထဲမှ တစ်ခုခုကို ယူဆောင်မိသွားလျှင် ဤနေရာအား ပြိုကျပျက်စီးသွားစေလိမ့်မည်။

အကယ်၍ ဤနေရာသာ ပြိုကျပျက်စီးသွားပါက  စုဆောင်းလာသော  ဝိညာဉ်စွမ်းအားများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ  ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မည်။

သူ့လက်ရှိစွမ်းရည်အရ  သူက တစ်နေရာလုံးကို ထာဝရ ကမ္ဘာထဲ မထည့်နိုင်သေးပေ။ အကယ်၍  တစ်နေရာလုံးကို ထာဝရ ကမ္ဘာထဲ ထည့်နိုင်နေသည် ဆိုလျှင်ပင် မိုဝူကျိက ထိုသို့ လုပ်ဆောင်ရန် အလိုမရှိပေ။

ဤနေရာမှာ သဘာဝအတိုင်း  ဖြစ်ပေါ်လာခြင်း ဖြစ်ရာ  ထိပ်တန်းအဆင့် သဘာဝအတိုင်း ဖြစ်ပေါ်လာသော  ဝိညာဉ်စွမ်းအား ဗဟိုချက်ပင် ရှိနေသေး၏။ ထိုအရာမှာ တစ်ယောက်ယောက် ပြုလုပ်ထားနိုင်သည့် နေရာ မဟုတ်ပေ။ ဤနေရာက ဘေးဝန်းကျင်ကို ဝိညာဉ်စွမ်းအား ရှားပါးသွားစေသော်လည်း  ဤနေရာကို ဖျက်စီးမိလိုက်ခြင်းမှာ အမှန်တကယ်ကို ဆုံးရှုံးမှုကြီး ဖြစ်ပေသည်။

သူ့ကျင့်ကြံနှုန်းအရ နောင်အခါ ဤနေရာ၌ ကျင့်ကြံလျှင် အင်မော်တယ်ဘုရင်အဆင့် အဖြစ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနေပေလိ်မ့်မည်။

ကျင့်ကြံမည့် အတွေးကား မိုဝူကျိ၏ စိတ်နှလုံးသားကိုပင် လှုပ်ရှားသွားစေသည်။

 သူက ဖင်းဖန်အတွက် နေရာကို အရင်မစဉ်းစားသင့်ပေဘူးလား ….

သူ့စိတ်ထဲ၌ ဖင်းဖန်မှာ ဂိုဏ်းမျှတင် မဟုတ်ပေ။ ထိုသို့သာ မဟုတ်လျှင် သူ့အနေနှင့် ဗုဒ္ဓဂိုဏ်းဟုပင် အမည်ပေးလောက်ပေသည်။ သူက တျန်းဂျီဂိုဏ်းကဲ့သို့သော ကြီးကျယ်ခမ်းနား ဂုဏ်ဝင့်မှုကို ခြုံငုံထားစေသည့်  သင်္ကေတ အမှတ်အသားမျိုး ဖန်တီးလိုခြင်း ဖြစ်၏။

သူက ဖင်းဖန်ကို သင်္ကေတ အမှတ်အသားအဖြစ် ပြုလုပ်ချင်သောကြောင့် ဤရေအောက် နယ်မြေ၌ ဘာလို့ တည်မထောင်ဘဲ နေရမည်နည်း။

သူ အားကောင်းလာသည်နှင့် မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်း၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတို့ကို  ဖြိုချပစ်မည် ဖြစ်သည်။ သူက သူတို့၏ အင်မော်တယ်နယ်မြေများကို ရှင်းလင်းပစ်ပြီး အဆုံးအစွန်ပင်လယ်၌ အင်မော်တယ်လောက၏ အကြီးမားဆုံး သင်္ကေတ ဖြစ်သော  ဖင်းဖန်ကို တည်ထောင်မည်။

သူက တွေးမိလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်၏။ သူက  ဂုဏ်ဝင့်ဖွယ် ဖင်းဖန်အကြောင်းကို ဆက်တိုက် စဉ်းစားမိသွားသည်။ ဤနေရာ၌ အင်မော်တယ်နှင့် သေမျိုးကြားမှ ကွာခြားချက်မှာ သက်တမ်းသာ ဖြစ်ပေသည်။ ခက်ခဲကြမ်းတမ်း‌သော လမ်း ဖြစ်သော်လည်း  မိုဝူကျိက  သူ့အနေနှင့် အင်မော်တယ် လောက တစ်ခုလုံးကို ဤသို့ ပြောင်းလဲပစ်ရန် စွမ်းရည် မရှိကြောင်း သိ၏။ သို့သော် အနည်းဆုံးတော့ သူ့ကိုယ်ပိုင်ဂိုဏ်းတွင် ထိုသို့လုပ်နိုင်လေသည်။

အချိန်ကြာမြင့်လာသည်နှင့် မိုဝူကျိက စိတ်ထိန်းချုပ်ကာ အစီအရင်အလံများဖြင့် ပိတ်လှောင်ရေး အစီအရင်ကို ပြန်ပြုပြင်ပေးလိုက်သည်။

ယခု အခြေအနေဖြင့် ကိုယ်ပိုင်ဂိုဏ်း မတည်ထောင်နိုင်သေးသော်လည်း ဤနေရာက သူ ဂိုဏ်း တည်ထောင်ရမည့် နေရာ ဖြစ်ကြောင်း သိလိုက်ည်။ အနည်းဆုံးတော့ နေရာတစ်ခု ရရှိလိုက်ပေ၏။

သူက အစီအရင်အလံတွေ တစ်ခုပြီး တစ်ခု ခင်းကျင်းပြီးသည်နှင့် ဤနေရာမှ ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်နေခြင်းမှာ တဖြည်းဖြည်း ရပ်တန့်သွားကာ ပိတ်လှောင်သွားတော့သည်။

နှစ်ရက်အကြာတွင် မိုဝူကျိက ပင်လယ်ပြင်သို့ ပြန်တက်လာလိုက်၏။

“ အစ်ကိုကြီးတာ့ဟွမ် ….”  ယူကျင့်ဖုန်းက မိုဝူကျိ ရေအောက်မှ ထွက်လာသည်ကို မြင််သောအခါ မြန်မြန် လှေလှော်လာသည်။

မိုဝူကျိက လှေပေါ်ရောက်သည့်အခါ ယူကျင့်ဖုန်းအား ပခုံးပုတ်ပေးလိုက်၏။ သူက ယူကျင့်ဖုန်း၏ အပြုအမူကို အသိအမှတ်ပြုမိသည်။ အဆုံးအစွန်ပင်လယ်၌ ညဘက်နေမိလျှင်  အင်မတန် အန္တရာယ်များပေ၏။ ယူကျင့်ဖုန်း ပြောသံအရ  သွေဖယ်ခြင်းရွာမှ  ရွာသားအများစုမှာ  အဆုံးအစွန်ပင်လယ်၌  အသက်ဆုံးရှုံးသွားကြခြင်း ဖြစ်၏။

ထို့ကြောင့် အဆုံးအစွန်ပင်လယ်၌ ငါးဖမ်းသမား တချို့သာ  ညဘက်နေရဲကြလေသည်။ ယူကျင့်ဖုန်းအနေဖြင့်  သူ့ကို ကာကွယ်ပေးဖို့ရာ မိုဝူကျိက လှေပေါ် အမှတ်အသား ချထားပေးလိုက်သည်ကို မသိသော်လည်း  ဤနေရာ၌ နေကာ မိုဝူကျိအား နှစ်ရက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့သည်။

“ ကျင့်ဖုန်း  ငါ့နောက်ကို လိုက်ပြီးတော့ ကျင့်ကြံချင်လား ” မိုဝူကျိက နောက်ဆုံးတွင် မေးလိုက်တော့သည်။

အကယ်၍  သူက ဤသို့ အင်မော်တယ်ကျောက် အမြောက်အများနှင့် ဝိညာဉ်စွမ်းအား သွေးကြောများကို မတွေ့မိခဲ့ပြီး ယူကျင့်ဖုန်းကလည်း ကျင့်ကြံသည့် ကိစ္စအား မပြောခဲ့လျှင် မိုဝူကျိအနေနှင့် ဤကိစ္စအား မေးမိမည် မဟုတ်ပေ။ ဤနေရာ၌  ဝိညာဉ်စွမ်းအား သွေးကြောများစွာကို တွေ့ပြီးနောက် မိုဝူကျိက သူ့ဂိုဏ်း တည်ထောင်ရန် ဆုံးဖြတ်လိုက်သည်။

သူ့ကိုယ်ပိုင် ဂိုဏ်း တည်ထောင်မည် ဖြစ်သောကြောင့် ဤနေရာရှိ သေမျိုးများမှာ သူ့ဖင်းဖန်းအောက်တွင် ရှိသွားပေလိမ့်မည်။ ထို့ကြောင့်  ယူကျင့်ဖုန်းအနေနှင့် စတင်ကျင့်ကြံရန် အခက်အခဲ ရှိမည် မဟုတ်တော့ပေ။

“ အာ  ….” ယူကျင့်ဖုန်းက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့်  “ အစ်ကိုကြီး  ကျတော်ဆီမှာ ဝိညာဉ်ကြော မရှိဘူး …. ”

မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်

“ ကျင့်ဖုန်း … ငါ့ ကျင့်ကြံရေး လမ်းစဉ်က ဝိညာဉ်ကြော မရှိတဲ့ လူတွေကို လိုအပ်တာ။ ငါ ကိုယ်တိုင်လည်း ဝိညာဉ်ကြော မရှိဘူး။ ဒါပေမဲ့  ဒီနေ့ ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်လေ ”

ယူကျင့်ဖုန်းသည်  မိုဝူကျိ ကျင့်ကြံခဲ့သည့် အဆင့်ကို မသိသော်လည်း  ဝိညာဉ်ကြော မရှိလည်း ကျင့်ကြံနိုင်သည်ဟု ကြားလိုက်သည့်အခိုက်အတန့် သူက ချက်ချင်း ဒူးထောက်ကာ  ပြောလိုက်တော့သည်

“ အစ်ကိုကြီး  အာ   မဟုတ်သေးဘူး ဆရာ  … ကျတော် ဆရာ့နောက် လိုက်ပြီးတော့ ကျင့်ကြံဖို့ ဆန္ဒ ရှိပါတယ် ”

ယူကျင့်ဖုန်းတွင် ရိုးရှင်းသော သဘောသဘာဝ ရှိသော်လည်း တုံးအနေသော   အရူး  မဟုတ်ပေ။ သူက မိုဝူကျိကို “ ဆရာ” ဟုပင် ပြောင်းလဲခေါ်ဝေါ်လိုက်တော့သည်။

မိုဝူကျိက ခေါင်းညိတ်ကာ

“ ငါတို့ ကျင့်ကြံတဲ့ နည်းလမ်းက တခြားသူတွေအတွက် တုန်လှုပ်စရာ ဖြစ်နေနိုင်တယ်။ အဲကြောင့် ဒီသတင်း ပြန့်သွားရင် ငါ့တို့အတွက်  ကောင်းကျိုးဖြစ်မလား၊ ဆိုးကျိုး ဖြစ်မလားဆိုတာကို မသိတော့   ငါ့နောက်ကို လိုက်ပြီး ကျင့်ကြံချင်တယ်ဆိုရင်  တခြားတယောက်ကို အသိပေးလို့ မရဘူး …

မင်းရဲ့ အဘိုးနဲ့ မရီး အပါအဝင်ပဲ  ….  ဒါက ပထမအခြေအနေ ..  မင်း သဘောတူရဲ့လား ”

“ ဟုတ်ကဲ့ ဆရာ  ကျတော် ဒီအခြေအနေကို အပြည့်အဝ သဘောတူပါတယ် ” ယူကျင့်ဖုန်းက တွေဝေခြင်းမရှိ သဘောတူလိုက်သည်။

“ ကောင်းပြီ နောက်တစ်ခုက မင်းအသက်က အန္တရာယ်ထဲ ကျရောက်နေတာ မဟုတ်သရွေ့ မင်းကျင့်စဉ်ကို လုံးဝ ထုတ်သုံးလို့ မရဘူး။ တတိယအခြေအနေက  မင်းရဲ့ လက်ရှိ စိတ်အနေထားအတိုင်း ကျန်ရှိနေရမယ် …

တခြားကျင့်ကြံသူတွေလို သေမျိုးတွေကို မင်း စိတ်ကြိုက်သတ်နိုင်တဲ့  ပုရွက်ဆိတ်သာသာ သဘောထားလို့ မရဘူး၊ လေးချက်မြောက်က ဒီနေ့ ငါတို့ မြင်သမျှ၊ တွေ့သမျှတွေကို တခြားသူတွေကို ပြန်ပြောပြလို့ မရဘူး  ” မိုဝူကျိက ဆက်ပြောလိုက်သည်။

ယူကျင့်ဖုန်းက သူ့ကျင့်စဉ်ကို အသုံးပြလိုက်သည်နှင့် သူ့ကျင့်ကြံခြင်း နည်းလမ်း  ပေါက်ကြားသွားပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျိ ကျင့်ကြံသည့်အခါတိုင်း  ဝိညာဉ်ကြော မရှိကြောင်း ထုတ်ဖော်မပြောဖူးသလို  အင်မတန်လည်း ချင့်ချိန် စဉ်းစားရ၏။ သူက အမှိုက်သရိုက် ဝိညာဉ်ကြော ရှိသည့် အခြေအနေနှင့် နေလာခြင်းပင် ဖြစ်၏။

“ ဟုတ်ကဲ့ ဆရာ ပြောတဲ့အတိုင်း တပည့် လိုက်နာပါ့မယ် ” ယူကျင့်ဖုန်းက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“ ကောင်းပြီ ဒီလိုဆိုမှတော့  ငါတို့တွေ အရင်ပြန်ကြမယ်။ နောက်နှစ်ရက်နေရင် ငါ့နေရာဆီ လာခဲ့ … ချီသွေးကြောကို ဖွင့်ပေးမယ် …” မိုဝူကျိက အလွန်ကျေနပ်နေမိသည်။ သူစတင် ကျင့်ကြံစဉ်မှ စ၍ ယူကျင့်ဖုန်းမှာ  သူ လက်ခံလိုက်သည့်  ပထမဆုံး တရားဝင် တပည့်  ဖြစ်လာပေသည်။

All Chapters