အခန်း (၆၆၈)
Vol. 48 Ch. 668
မိုဝူကျိက ကမ်းခြေဆီ မရောက်ခင် သူ့စိတ်စွမ်းအားထဲ ယူကျင့်ဖုန်းတို့ အိမ်ရှေ့၌ ရွာသားများက အထိတ်တလန့် ဟိုလျှောက် သည်လျှောက် လုပ်နေသည်ကို မြင်လိုက်ရသည်။ ယူချန်းနှင့် လျန်ယင်ရှန်းတို့က အိမ်သို့ ပြန်ရောက်လာဟန် မပေါ်သေးပေ။
ယူကျင့်ဖုန်း စကားအရ ယူချန်းနှင့် လျန်ယင်ရှန်းတို့က လွန်ခဲ့သည့် နှစ်ရက်ခန့်က အဆုံးအစွန်မြို့သို့ သွားရောက်ကြကြောင်း သိထားသော်လည်း တတိယမြောက် ရက် ဖြစ်နေပြီ ဖြစ်၍ ပြန်ရောက်သင့်နေလေပြီ။ ထို့အပြင် အထိတ်တလန့် ဖြစ်နေသော ရွာသားများက ယူကျင့်ဖုန်းတို့ အိမ်ရှေ့ ရှိနေသောကြောင့် မိုဝူကျိက တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်၏။
သူက အသွင်ပြောင်းဆေးလုံးကို သောက်ကာ သွင်ပြင်ပုံစံကို ပြောင်းလဲလိုက်သည်။ လက်ရှိအခြေအနေမှာ သူ့အရင်ဘဝနှင့် ပုံစံ ဆင်သော်လည်း သူ့ကျင့်ကြံဆင့်မှာ မြင့်တက်သွားကာ အရိုးများလည်း ပြန်လည် တည်ဆောက်ထားပြီး နတ်ဘုရားရုပ်ခန္ဓာအဆင့်လည်း ရောက်ရှိသွားသောကြောင့် သူ့ရုပ်သွင်ပြင်အသစ်မှာ ကမ္ဘာမြေမှာ ရှိစဉ်ကနှင့် ပိုတူလာသည်။
ကိုယ်ရောင်ကိုယ်ဝါအားဖြင့် မိုဝူကျိက သေမျိုးတစ်ယောက်သာ ဖြစ်ပြီး အကြီးမားဆုံး ပြောင်းလဲမှုမှာ သူ့တွင် မပြောင်းလဲသော အငွေ့အသက်များ ရှိနေခြင်း ဖြစ်၏။
“ ဆရာရဲ့ ပုံစံက ….” ယူကျင့်ဖုန်းက မိုဝူကျိ၏ ရုပ်မှာ တစ်ဘဝလုံး ပင်လယ်၌သာ အချိန်ကုန်လာသည့် ငါးဖမ်းသမား သွင်ပြင် ပြောင်းလဲသွားသည်ကို ကြည့်နေရင်း ပြောလိုက်သည်။
“ ကျင့်ကြံသူ တစ်ယောက်အတွက် သွင်ပြင် ပြောင်းတာက ပုံမှန်ပဲ … ပြီးတော့ ငါနဲ့ မတည့်တဲ့သူတွေ ရှိတယ်လေ။ အဲဒါကြောင့် သူတို့ လက်စားလာချေတာကို ကာကွယ်ဖို့ ပုံစံပြောင်းထားတာ ” မိုဝူကျိက ရှင်းပြလိုက်သည်။
မိုဝူကျိအနေဖြင့် လျှပ်စီးဂိုဏ်း သို့မဟုတ် မဟာဓားလမ်းစဉ်ဂိုဏ်းမှ လူတို့က ယုံရင်အင်မော်တယ်နယ်မြေအထိ သူ့နောက် လိုက်လာရဲမည်ကို မယုံကြည်သော်လည်း သတိကြီးစွာ ထားမိသည်။
သူ ဒဏ်ရာအပြင်းအထန် ရလာသည့် အချိန်တိုင်း ပိုမို ရင့်ကျက်လာပေသည်။ သူ့အရိုးများနှင့်အသားများ ပြန်လည် တည်ဆောက်မှု နတ်ဘုရားရုပ်ခန္ဓာအဆင့် တက်လှမ်းသွားခြင်းမှာ သူ့ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေရုံသာမက သူ့ဘဝအတွေ့အကြုံလည်း ဖြစ်ပေသည်။
“ ကျင့်ဖုန်း …. မင်းအဘိုးနဲ့ မရီး ဒုက္ခရောက်နေပြီ ထင်တယ်။ ဘယ်လိုဖြစ်ဖြစ် အထိတ်တလန့် ဖြစ်မသွားဖို့ မှတ်ထားရမယ်နော်။ ကျင့်ကြံသူအနေနဲ့ တည်တည်ငြိမ်ငြိမ် နေဖို့က အရေးကြီးတယ်” လှေက ကမ်းစပ်သို့ ရောက်လာသည့်အခါ မိုဝူကျိက ယူကျင့်ဖုန်း ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ထိုအရာမှာ မိုဝူကျိ၏ ကိုယ်တွေ့ အတွေ့အကြုံ ဖြစ်၏။ သူ ကျင့်ကြံခြင်းလောကထဲ ရောက်လာကတည်းမှ သူ့ကိုယ်သူ တည်ငြိမ်နေဖို့ရာ အမြဲတမ်း သတိပေးနေရသည်။ သူ့တည်ငြိမ်မှုကြောင့် မြောက်များစွာသော ကပ်ဘေးတို့၌ လွတ်မြောက်ဖို့ရာ အထောက်အကူ ပြုခဲ့လေသည်။ နောက်ဆုံးတစ်ကြိမ် သူ့တည်ငြိမ်မှု ပျောက်ဆုံးသွားစဉ်က တာ့ယီအင်မော်တယ် မြို့အပြင်၌ သေလုနီးပါး ဖြစ်ခဲ့ရလေသည်။ အကယ်၍ သူသာ တည်ငြိမ်နေပါက တာ့ယီမြိုသို့ ဆက်မသွားခင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိပေလိမ့်မည်။
သူ့သွင်ပြင် ပြောင်းလဲမှုကို သတိမပြုမိလောက်ကြောင်း အမြဲတွေးထင်မိခဲ့သော်လည်း တစ်စုံတစ်ယောက်က သူ့အား မှတ်မိခဲ့၏။ ထိုအရာမှာ လောက၌ ပြီးပြည့်စုံသည့် အရာ မရှိကြောင်း ပြသနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အကောင်းဆုံးမှာ ဘာမှမလုပ်ခင် အရင်စဉ်းစားဖို့ ဖြစ်၏။
“ အာ ” ယူကျင့်ဖုန်းက အံ့အားသင့်စွာ “ ဆရာ ကျတော်အဘိုးနဲ့ မရီးက တစ်ခုခု ဖြစ်နေတာလား .. ”
“ အရင်ဆုံး ပြန်ကြရအောင် …. နောက်ကျ လူတွေ ရှိနေရင် အစ်ကိုကြီးတာ့ဟွမ်လို့ပဲ ခေါ်ပေါ့ …. ဘယ်သူမှ မရှိတဲ့အခါမှ ဆရာလို့ ခေါ် ” မိုဝူကျိက သတိပေးလိုက်သည်။
“ကျင့်ဖုန်း … ” ယူကျင့်ဖုန်းက မိုဝူကျိကို ပြန်မဖြေလိုက်နိုင်ခင် လူတစ်ယောက်က အော်ခေါ်လိုက်သည်။ ထို့နောက် အသားညိုညို ခန္ဓာကိုယ် တောင့်တောင့် လူငယ်လေးက အပြေးရောက်လာသည်။
ယူကျင့်ဖုန်းက အလျှင်စလို မေးလိုက်သည် “ အစ်ကိုကျူချိုက် ဘာဖြစ်လို့လဲ ”
ခန္ဓာကိုယ်တောင့်တောင့် လူငယ်လေးက မိုဝူကျိအား ကြည့်ပြီးနောက် အားတက်သရော ပြန်ဖြေလိုက်သည် “ ကျင့်ဖုန်း … မင်း အဘိုးနဲ့ မရီးတော့ တစ်ခုခု ဖြစ်ပြီ ”
ယူကျင့်ဖုန်းက ခဏတာ တွေဝေသွားပြီးနောက် အထိတ်တလန့် ဖြစ်သွားသည်။
သူ့ဆရာ ပြောတာများ အမှန် ဖြစ်နေမလား ….
သူက မိုဝူကျိကို လှည့်ကြည့်လိုက်ပြီးနောက် သူ့ဆရာမှာ အင်မော်တယ်တစ်ယောက် ဖြစ်ကြောင်း အမှတ်ရသွားသည်။ ထို့ကြောင့် သူ့အနေနှင့် ကြိုသိနေခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူက ထိုအတွေးဖြင့် ငြိမ်ကျသွားသည်။
“ အစ်ကိုကျူချိုက် ဘာများ ဖြစ်လို့လဲ ” ယူကျင့်ဖုန်းက မိုဝူကျိ သင်ပေးထားသည့် အကြောင်းကို မှတ်မိပြီးနောက် ကိုယ့်ဘာသာ ထိန်းချုပ်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
လူငယ်လေး ကျူချိုက်က ယူကျင့်ဖုန်း၏ တည်ငြိမ်မှုကို သံသယဝင်လာမိကာ ခဏတာ ကြောင်အမ်းသွားပြီး မြန်မြန် ပြန်ဖြေလိုက်သည်
“ မင်းအဘိုးနဲ့ မရီးက အဆုံးအစွန်မြို့ရဲ့ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ကို ရန်စမိခဲ့လို့ … အခု အဲဒီ အဖွဲ့သားတွေက သူတို့ကို ဖမ်းထားတယ် ”
သူ့အဘိုးဖြစ်သူနှင့် မရီးတို့မှာ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ဆီ အဖမ်းခံထားရကြောင်း ကြားသောအခါ ယူကျင့်ဖုန်းက တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ သူ့မျက်နှာ၌ အထိတ်တလန့် အမူအယာများ ပေါ်လာသည်။
သူက မိုဝူကျိကို အကူအညီမတောင်းခင် ကျန်လူများလည်း အပြေးအလွှား ရောက်လာပြီး “ ကျင့်ဖုန်း … မင်း အဆုံး အစွန်မြို့ကို မြန်မြန် သွားလိုက်ဦး … မင်းအဘိုးနဲ မရီးကို ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့က လူတွေ ဖမ်းထားတယ် ”
“ အစ်ကိုကြီး တာ့ဟွမ် …” ယူကျင့်ဖုန်းက ကြောက်လန့်တကြား ဖြစ်မသွားခင် သူ့ကိုယ်သူ တည်ငြိမ်ဖို့ ကြိုးစားနေရင်း မိုဝူကျိကို ကြည့်လိုက်သည်။ သူ့အဘိုးနှင့် မရီးတို့ဆီ ကိစ္စသေးသေးမွှားမွှား ဖြစ်လာလျှင် ကိစ္စမရှိသော်လည်း ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့မှာ အဆုံးအစွန်မြို့၌ အကြီးမားဆုံး ကုန်သွယ်ရေး အဖွဲ့ ဖြစ်ပေရာ ကောလဟာလများအရ ဤအဖွဲ့မှာ အင်မော်တယ်များနှင့် ဆက်နွယ်မှု ရှိသည့်အပြင် အဖွဲ့ခေါင်းဆောင်နှင့် စီမံ အုပ်ချုပ်ရေးမှူးတို့ပင် အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့ဆီ အဖမ်းခံထားရသော သူကို ကယ်တင်ဖို့ရာ မဖြစ်နိုင်ချေ။
“ ကျင့်ဖုန်း သူက ဘယ်သူလဲ ” လူလတ်အရွယ် အမျိုးသမီးက မိုဝူကျိကို ကြည့်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။
ယူကျင့်ဖုန်းက တခြားလူများ စကားကို မကြားတော့ဘဲ သူ့အဘိုးနှင့် မရီးဖြစ်သူ အကြောင်းသာ တွေးနေမိသည်။ မိုဝူကျိက အရင်ဦးစွာ ဝင်ပြောလိုက်ရသည်
“ ကျုပ်က အလင်းရွာကပါ … အလင်းရွာမှာ ကိစ္စလေးတွေ ဖြစ်လို့ ယင်ရှန်းနဲ့ ကျုပ်တို့နှစ်ယောက်လုံး ထွက်ပြေးလာတာပါ။ ကျုပ်မှာလည်း သွားစရာ နေရာ မရှိလို့ ကျင့်ဖုန်းဆီမှာ နေနေတာပါ … ”
အဖြစ်အပျက်ကို နားလည်ပြီးနောက် လူများက စိတ်ချသွားကြသည်။
အားလုံးက အလင်းရွာ အဖြစ်အပျက်များကို သိပေသည်။ သွေဖယ်ခြင်းရွာမှ လူများပင် လျန်ယင်ရှန်းက လက်မတင်လေး လွတ်မြောက်လာသည့် အကြောင်းအား သိကြပေသည်။ လျန်ယင်ရှန်းမှာ ယူကျင့်ဖုန်း၏ မရီး ဖြစ်ပြီး သူမက ခက်ခက်ခဲခဲ ထွက်ပြေးလာရသောကြောင့် တခြားသူများအနေနှင့် အလင်းရွာမှ အသက်ရှင်ကျန်သူ တစ်ယောက်လား နှစ်ယောက်လား အတိအကျ မသိကြပေ။
“ အားလုံး အရင်ပြန်နှင့်လိုက်ကြပါဦး … ကျင့်ဖုန်းနဲ့ ကျုပ်နဲ့ အဆုံးအစွန်မြို့ဆီ သွားကြည့်လိုက်ဦးမယ် ” ယူကျင့်ဖုန်းက ဘာလုပ်ရမှန်း မသိတော့သောကြောင့် မိုဝူကျိက အရင်ဦးစွာ ဝင်ပြောလိုက်သည်။
ယူကျင့်ဖုန်းက မိုဝူကျိ သင်ပေးထားသည်ကို ပြန်အမှတ်ရလာသောကြောင့် သူ့မျက်နှာမှ အထိတ်တလန့် အမူအယာမှာ ဖြည်းဖြည်းချင်း ပြေလျော့သွားသော်လည်း သူ့ဆရာက သူ့အား စိတ်ပျက်သွားမလား မသိသောကြောင့် စိတ်မအေးနိုင်သေးပေ။ သို့သော် စိုးရိမ်ပူပင်နေရုံမှ မတတ်နိုင်ပေ။ သူ့အဘိုးနှင့် မရီးတို့ သေဆုံးသွားလျှင် သူ့အနေနှင့် ကျင့်ကြံဖို့ရာ မည်သည့် အသုံးဝင်မည်နည်း။
“ အစ်ကိုကြီး တာ့ဟွမ်နဲ့ ကျတော်တို့ တစ်ချက် သွားကြည့်လိုက်ဦးမယ်။ အစ်ကိုကျူချိုက်၊ ဦးလေးကွေ့နဲ့ ဒေါ်လေးပင်းတို့ အရင်ပြန်နှင့်လိုက်ကြပါ” ယူကျင့်ဖုန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားရင်း ပြန်ဖြေလိုက်သည်။
တချို့လူများက အကူအညီ မဖြစ်မှန်း သိ၍ သက်ပြင်းသာ ချလိုက်သည်။ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့မှာ သူတို့ ညှိနှိုင်းနိုင်သည့်အဖွဲ့ မဟုတ်ပေ။ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့မှ ခေါ်ဆောင်ခံရသွားသော လူအများစုမှာ သေဆုံးသွားကြကြောင်း ကြားဖူးကြလေသည်။
“ ဒါနဲ့ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့က လူတွေကို ဘာလို့ ဖမ်းလိုက်တာလဲဆိုတာ သိကြလား ” မိုဝူကျိက မေးလိုက်သည်။
လျန်ယင်ရှန်းမှာ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့် သူ့အင်အားမှာ သူ့ထက် အားကောင်းပေသည်။ ထို့ကြောင့် ကုန်သွယ်ရေး အဖွဲတစ်ဖွဲ့ဆီ မည်သို့ အဖမ်းခံရမည်နည်း။ မိုဝူကျိက အဆုံးအစွန်မြို့သို့ မရောက်ဖူးသေးသော်လည်း အဆင့်မြင့် ကျင့်ကြံသူများ ရှိမနေကြောင်း သိနေသည်။
စောစောလေးက သူတို့ဆီ ရောက်ရှိလာသည့် ခန္ဓာကိုယ်တောင့်တောင့်နှင့် ကျူချိုက် အမည်ရှိ လူငယ်လေးက ပြန်ဖြေလိုက်၏
“ အသေးစိတ်ကိုတော့ မသိလိုက်ဘူး။ ဒါပေမဲ့ အစ်မယင်ရှန်းက ကုန်သွယ်ရေးအဖွဲ့က ပစ္စည်းကို ယူသွားလို့ ဆိုလားပဲ …. ”
မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူက လျန်ယင်ရှန်းကို မဟာလော့ရှန်းအဆင့်ဟု တွေးထားလေရာ သိုရှန်း ယူလာသည့် ပစ္စည်းအား သံသယ ဝင်မိလာသည်။ အကယ်၍ အမှန် ဖြစ်နေလျှင် ပြဿနာ ရှာခြင်းသာ ဖြစ်လိမ့်မည်။ ထိုအဆင့်မြင့် ကျင့်ကြံသူက အင်မော်တယ်ဘုရင်အဆင့် ဖြစ်သောကြောင့် မဟာလော့ရှန်းအဆင့် ဖြစ်သည့် လျန်ယင်ရှန်းမှာ သူ့အား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သူကိုယ်တိုင်က မဟာဧကရာဇ်အဆင့်များကို ရန်စမိထားလေရာ ကိစ္စများက တည်ငြိမ်နေဆဲ ဖြစ်သော်ငြား ဤအဆင့်မြင့် ကျင့်ကြံသူနှင့် ပြဿနာ ရှာမိလျှင် မကြာခင် သူ့အကြောင်း ပေါ်သွားမည်ကို စိုးရိမ်မိ၏။
ဤနေရာ၌ မည်သူမှ မနှောင့်ယှက်နိုင်သည့် ကျင့်ကြံဖို့ရာ နေရာတစ်ခု ရှိနေသည်။ မိုဝူကျိအတွက် ကျင့်ကြံဖို့ရာ အသင့်တော်ဆုံး နေရာ ဖြစ်၏။ သူက ဆက်မပြေးနေချင်တော့သလို သူ့အကြောင်းကိုလည်း မဖော်ထုတ်လိုပေ။
“ အစ်ကိုကြီး တာ့ဟွမ် ” ယူကျင့်ဖုန်းက မိုဝူကျိအား ကြည့်ကာ ခေါ်လိုက်သည်။
မိုဝူကျိက ညင်ညင်သာသာ ပြောဖို့ ကြိုးစားလိုက်သည်
“ အရင်ဆုံး အဆုံးအစွန်မြို့ဆီ သွားကြတာပေါ့။ အခြေအနေ ဆိုးလား၊ ကောင်းလာ အရင်ကြည့်ကြမယ်။ ပြီးတော့ ဘယ်လိုဖြစ်ဖြစ် တုန်လှုပ်မသွားနဲ့ …. ဒါက မင်းအတွက် ဒုတိယမြောက်နဲ့ နောက်ဆုံး သတိပေးတာနော် ”
“ ဟုတ်ကဲ့ ” ယူကျင့်ဖုန်းက မြန်မြန် ခေါင်းငုံ့ကာ ပြောလိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားက အဆုံးအစွန်မြို့တစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသွားလေပြီ။ သေမျိုးမြို့အနေနှင့် စိတ်စွမ်းအား ကာဆီးထားသော ကာကွယ်ရေး အစီအရင် ရှိနေလိမ့်မည်ဟု မထင်ထားပေ။
မိုဝူကျိ၏ စိတ်စွမ်းအားမှာ ဤကာကွယ်ရေး အစီအရင်ကို ထိုးဖောက်နိုင်သော်လည်း သူက မလုပ်လိုက်ချေ။ အစီအရင်ထဲ သူ့စိတ်စွမ်းအား ရောက်သွားသည်နှင့် အစီအရင်အား ထိန်းချုပ်နေသူမှာ ချက်ချင်း သိသွားပေလိမ့်မည်။ ယခု သူက ပြေးနေရသူ ဖြစ်ကာ သူ့ကိုယ်သူ မဖော်ထုတ်မိစေရန် အကောင်းဆုံး ကြိုးစားရမည်။ သူ ဖော်ထုတ်လိုက်သည်နှင့် လူမည်မျှက သူ့အသက်အတွက် ရောက်လာမည်ကို မည်သူ သိမည်နည်း။
…………....
အဆုံးအစွန်မြို့နှင့် အဆုံးအစွန်ပင်လယ် ကမ်းစပ်ကြားရှိ အကွာအဝေးမှာ သိပ်မဝေးလှပေ။ သားရဲ လှည်းဖြင့် နေ့တစ်ဝက်တာ ကြာမြင့်ပေသည်။
မိုဝူကျိက ယူကျင့်ဖုန်းနှင့်အတူ ရှိနေသောကြောင့် နေ့တစ်ဝက်တာပင် မလိုလိုက်ပေ။ သူတို့ သွေဖယ်ခြင်းရွာမှ ထွက်လာပြီးနောက် ချက်ချင်းဆိုသလို အဆုံးအစွန်မြို့ အပြင်သို့ ရွေ့ပြောင်းစွမ်းရည် သုံးလိုက်သည်။
“ ဆရာ …” ယူကျင့်ဖုန်းက အဆုံးအစွန်မြိုပြင်သို့ ရောက်နေသည်ကို ကြည့်ရင်း တအံ့တဩ ခေါ်လိုက်သည်။
စောစောလေးကပင် သူနှင့် ဆရာတို့က သွေဖယ်ခြင်းရွာ၌ ရှိနေသော်လည်း ယခုအခါ နှစ်ယောက်လုံးက အဆုံးအစွန်မြို့ပြင်သို့ ရောက်ရှိနေကြလေပြီ။
“ ဒါက နောင်ကျ မင်းအတွက် အလွယ်လေး ဖြစ်သွားမှာ ” မိုဝူကျိက ပြောလိုက်သည်။
ယူကျင့်ဖုန်းက အသက်ပြင်းပြင်းရှုကာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
အဆုံးအစွန်မြို့ဂိတ်ကို ဧရာမ ကျောက်တုံးနက်များဖြင့် ကာဆီးထားပြီး “ အဆုံးအစွန်မြို့” ဟု ရေးထိုးထားသည့် ဆိုင်းဘုတ်မှာ အရောင်ပျယ်နေပြီ ဖြစ်၍ သမိုင်းကြောင်း ရှည်လျားဟန် ပေါ်၏။
မိုဝူကျိက အဆုံးအစွန်မြို့၏ သမိုင်းကြောင်းကို သိ၏။ တခြားသော အင်မော်တယ်မြို့များနှင့် ယှဉ်လျှင် တည်ထောင်ထားသည်မှာ မကြာသေးကြောင်း ပြောနိုင်သည်။ ဤသို့ ဟောင်းနွမ်းသည့် သွင်ပြင် ဖြစ်နေသည်မှာ လျို့ဝှက်အစီအရင်အပြင် ကာကွယ်ရေး အစီအရင်နှင့် အင်မော်တယ် ဝိညာဉ်သွေးကြောများ ရှိမနေသောကြောင့် ဖြစ်၏။
နှစ်ရာချီအတွင်း အရာအားလုံးမှာ သဘာဝ တိုက်စားမှုကြောင့် ပြောင်းလဲလာနိုင်သည်။
မိုဝူကျိအား အံ့ဩသွားစေသည်က အဆုံးအစွန်မြို့ အဝင်ဝ၌ အစောင့်နှစ်ယောက် ရှိနေလေ၏။ အစောင့်နှစ်ယောက်မှာ ဝင်ပေါက်ကို စောင့်နေဟန် ပေါ်ကာ ဝင်ကြေး ကောက်ခံနေခြင်း မရှိပေ။
အရာအားလုံးက လူသားမြို့အတွက် ပုံမှန် ဖြစ်သော်လည်း မိုဝူကျိက သူ့စိတ်စွမ်းအားကို အသုံးချမနေတော့ပေ။ လျို့ဝှက်အစီအရင် ရှိနေခြင်းမှာ ဤနေရာ၌ အင်မော်တယ် တစ်ယောက် ရှိနေခြင်းဟု ဆိုလိုနေခြင်း မဟုတ်ပါလော။ သူက ဤသို့မျိုး အရာလေးအတွက် ကိုယ့်ဘာသာ လူသိခံမည် မဟုတ်ပေ။
စိတ်စွမ်းအားကို အသုံးပြုမထားလျှင်ပင် တချို့အဆင့်နိမ့် အင်မော်တယ်များ၏ ကျင့်ကြံဆင့်ကို မြင်တွေ့နေရသေးသည်။ ဤနေရာရှိ အားအကောင်းဆုံးအဆင့်မှာ ကောင်းကင်အင်မော်တယ် အဆင့် ဖြစ်ပြီး ကျင်းရှန်းအဆင့်ပင် မမြင်မိပေ။ အများစုမှာ သေမျိုးများနှင့် အင်မော်တယ်နယ်မြေအဆင့် မရောက်ရှိသေးသည့် သာမာန်ကျင့်ကြံသူတို့ ဖြစ်ကြသည်။
မိုဝူကျိက အရင်ဆုံး ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့နေရာကို မေးမြန်းရန် ကြံထားသော်လည်း အဆုံးအစွန်မြို့ထဲ ဝင်ရောက်ပြီးနောက် မေးမြန်းနေစရာ မလိုတော့ကြောင်း သိလိုက်သည်။
ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ဟု ရေးထွင်းထားသော စာလုံးကြီးတို့မှာ ဆယ်မီတာအတွင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
စာလုံးများက မိုးထိလုမတတ် ရေးထွင်းထားကာ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့၏ အင်အားအကြောင်း ပြသထားခြင်း ဖြစ်ကြောင်း သိသာလှသည်။ မြို့၏ အုပ်ချုပ်ရေးအဖွဲ့ပင် ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့လောက် အားကောင်းမည် မဟုတ်ပေ။