← Chapters

ရှေးဦးမူလ ရေကျောက်

Vol. 49 Ch. 670

ရှေးဦးမူလ ရေကျောက်

Vol. 49 Ch. 670

မိုဝူကျိက  အားလုံးကို အပြတ်ရှင်းပစ်ဖို့ရာ မရည်ရွယ်ထားသောကြောင့် စိတ်စွမ်းအားကို မထုတ်ဘဲ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကိုသာ ဖြန့်ကျက်လိုက်သည်။

စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအားနှင့် ကွာခြားပေရာ ရှေ့တမျိုးမှာ မထင်မပေါ် ရှိ၏။ ထို့အပြင် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ  တဖက်လူထက် များစွာ အဆင့်မြင့်နေသည့်အတွက် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက ကျောက်စိမ်းသေတ္တာပေါ် ရောက်လာသည့်အခါ မဟာယီရှန်း ကျင့်ကြံသူက သတိပင် မထားမိလိုက်ပေ။

သို့သော်လည်း မိုဝူကျိက  ကျောက်စိမ်းသေတ္တာထဲမှ ပစ္စည်းကို မြင်လိုက်ရသည့်အခါ အလွန်စိတ်ပျက်သွားမိတော့သည်။

အထဲရှိ ပစ္စည်းမှာ မြို့များ ရုတ်ရုတ်သည်းသည်း ဖြစ်သွားလောက်အောင်အထိ အဖိုးတန်ကာ  ရှုစုရန်ပင် ထုတ်ပြချင်မည် မဟုတ်ပေ။ ရေသဘာဝ ကျင့်ကြံသူများအတွက် အင်မော်တယ် ဧကရာဇ်အတွင်ပင် ဤရတနာမှာ  ရှာတွေ့ဖို့ရာ ခက်ခဲလှပေသည်။ သို့သော် မိုဝူကျိအတွက် ဤအရာမှာ ဘာမှ မဟုတ်ပေ။ ကျောက်စိမ်းသေတ္တာထဲ၌  ရှေးဦးမူလရေကျောက် ရှိနေသည်။

ရှေးဦးမူလ ရေကျောက်က မည်မျှပင် အဖိုးတန်နေစေကာမူ  ရေသဘာဝ အမြုတေကို အစားထိုးဖို့ရာ မလုံလောက်ပေ။ မိုဝူကျိတွင် ရှေးဦးမူလ မီးကျောက် ၁၁ ခု ရှိသော်လည်း မီးသဘာဝ အမြုတေ လိုအပ်နေသေးသည် မဟုတ်ပါလော။

သို့သော်လည်း  မိုဝူကျိက ရှေးဦးမူလ မီးကျောက်မှာ  မီးသဘာဝ အမြုတေနှင့်အတူ မွေးဖွားလာကြောင်း ပြန်အမှတ်ရလိုက်မိ၏။ ရှေးဦးမူလ ရေကျောက်  သည်လည်း  ထိုသို့ ဖြစ်နေမလား။

မဟာယီရှန်းအဆင့် ကျင့်ကြံသူမှာ ကျောက်ကို ဤနေရာအထိ နောက်ကြောင်းလိုက်နိင်လေရာ  သဲလွန်စ တချို့တလေတော့ သိထားလိမ့်မည်။ သဲလွန်စ ရှိနေပြီ ဖြစ်သောကြောင့် သူက ရှေးဦးမူလ ရေကျောက် မည်သည့်နေရာမှ ရောက်လာကြောင်း အတိအကျ သိအောင် လုပ်ရမည်။ သူက သူ့ထာဝရ ကမ္ဘာအကြောင်း ပေါ်သွားမည်ကို စိုးရိမ်၍  ရှုစုရန်အား ရှေးဦးမူလ သစ်သားကျောက်၏ ဇာစ်မြစ်အကြောင်း မမေးမြန်းရဲခဲ့ပေ။ သို့သော်လည်း မဟာယီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို မမေးမြန်းရဲခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။

မိုဝူကျိက ထိုအတွေးထဲ နစ်မျှောနေစဉ်  ကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက ဤအဆောက်အဦးဆီ အပြေးအလွှား လာနေသည့် ပုံရိပ်သုံးခုကို  အာရုံခံမိလိုက်သည်။ အဆောက်အဦးအပြင်ဘက်ရှိ အစီအရင်ကို ထိုသုံးယောက်က အတင်း ဖျက်စီးပစ်လိုက်ကြသည်။ မိုဝူကျိက  ရှေးဦးမူလ ရေကျောက်ပေါ်နှင့်  မဟာယီရှန်းအဆင့် ကျင့်ကြံသူထံ ဝိညာဉ်အမှတ်အသား ချထားလိုက်၏။ ထို့နောက် စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းထားလိုက်သည်။

ပုံရိပ်သုံးခုက သူတို့ရှေ့ ရောက်ရှိလာလေပြီ။ ရှေ့ဆုံးမှ တစ်ယောက်မှာ မိန်းမငယ်ချောချောလေး ဖြစ်ပြီး ပိန်ပါးသည့် ခန္ဓာကိုယ် ရှိပြီး ဆံပင်ရှည်များကို ထုံးဖွဲ့ထားလေ၏။ မျက်ဝန်းတို့မှာ ကြီးမားကာ  တောက်ပနေပြီး အသားရည်မှာလည်း နူးညံ့ကြောရှင်းနေဟန် ပေါ်ရာ လေတိုက်လျှင်ပင် ကျိုးပဲ့ထွက်သွားမတတ် ဖြစ်၏။ သူမက ငယ်ရွယ်ဖြတ်လတ်သည့် အငွေ့အသက်တို့ ထုတ်လွှင့်နေရာ စိတ်သက်သာမှုကို ပေးစွမ်းနေသည်။ မိုဝူကျိက ထိုမိန်းကလေးကို မြင်လိုက်သည်နှင့် စုရှီကို အမှတ်ရသွားမိ၏။ စုရှီ အဆင်ပြေရဲ့လား  စဉ်းစားမိလိုက်သည်။

ဟန်ချင်းရုရော တာ့ယီအင်မော်တယ်မြို့မှ ထွက်ပြေးသွားနိုင်ရဲ့လား ….  သူမ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေသည့်အတွက် သူလည်း  ကူကယ်ရာမဲ့ ခံစားနေရသည်။

ဤမိန်းမငယ်လေး၏ ကျင့်ကြံဆင့်မှာလည်း သိပ်မမြင့်ပေ။ ရွမ်ရှန်း နောက်ပိုင်းအဆင့်တွင်သာ ရှိသေး၏။ သူမ နောက်မျ နှစ်ယောက်မှာ အတော်လေး အားကောင်းကြပေသည်။ လက်ဝဲဘက်မှ ကျင့်ကြံသူမှာ  မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ပြီး လက်ညာဘက်မှ အကြီးအကဲမှာ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ဖြစ်၏။

မိန်းမငယ်လေးက လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက်  ရုန်ရှုဆီ အကြည့်ရောက်သွားသည်။ သူမ လေသံမှာ အေးစက်နေပြီး

“ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ရုန်ရှုလား။ ရှင်  ကျဲစန်းကို ဘယ်မှာ ပိတ်ထားတာလဲ …. ”

မိုဝူကျိက  ထိုသုံးယောက် ရောက်လာသည့် အကြောင်းအရင်းကို ချက်ချင်း နားလည်သွားသည်။ သူ့ကဲ့သို့ လူရှာလာကြဟန် ပေါ်သည်။ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့က  ပြစ်မှုများစွာ ကျူးလွန်ထားသောကြောင့်  ပြန်လည် ဝဋ်ခံရမည် ဖြစ်သည်။ ဤတစ်ကြိမ်၌ သူတို့က သူ့အား ရန်စမိရုံသာမက  အင်မော်တယ်ဘုရင် နောက်ခံရှိသည့် လူကိုပင် စိတ်အနှောင့်အယှက် ပေးထားကြသေး၏။ မူလက  မိုဝူကျိသည်  သူ့ဆေးပင်နှင့် မိတ်ဆွေများကို လဲလှယ်ကာ ထွက်သွားပြီးမှ တိတ်တဆိတ် ပြန်လာကာ  ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ကို ရှင်းပစ်ဖို့ရာ ကြံထားလေသည်။ သို့သော် ယခုတွင် မလိုအပ်တော့ပေ။

မိန်းမငယ်လေးက ကျဲစန်းအကြောင်း မေးလိုက်သောအခါ ရုန်ရှုမှာ စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်သွားရသည်။ ရုန်ရှုက စိတ်လွတ်သွားဟန် ပေါ်သော်လည်း မိုဝူကျိက သူ့အကြောက်တရားများကိုပါ ခံစားမိနေသည်။

“ ကျတော် သိပါတယ် ” အကျဉ်းထောင်ထဲမှ လူတစ်ယောက်က ရုတ်တရက် ထအော်ကာ “ ကျဲစန်းကို ကျုပ်နဲ့ မျက်နှာချင်းဆိုင် အခန်းမှာ ပိတ်ထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေဆုံးသွားပါပြီ  …. အခုထိ သူ့အလောင်းတောင် မဖယ်ရသေးပါဘူး  ”

ထိုအမျိုးသားက ပြောနေရင်း  သူနှင့် မျက်နှာချင်းဆိုင် အခန်းကို ညွှန်ပြလိုက်သည်။ ထိုအကျဉ်းထောင်၌ နံရံနှင့် တွဲချီထားသော  အလောင်းတစ်လောင်း ရှိနေသည်။ ထိုအလောင်းကား  မည်းနက်နေလေပြီ။

ရုန်ရှုက စတင်၍ တုန်လှုပ်လာကာ စိုးရိမ်တကြီးဖြင့်  “ အဲဒါက ကျုပ် လုပ်တာ မဟုတ်ပါဘူး။ သူ့ကို ဒီမှာ ဖမ်းထားတယ်ဆိုတာတောင် မသိပါဘူး …. အဲဒါ တာဝန်ခံဝူ လုပ် … ”

သူ့စကားမဆုံးခင် အနီးဆုံးတွင် ရှိနေသော  မဟာယီရှန်းအဆင့် ကျင့်ကြံသူက  ဓားအလင်းတစ်ချက် ပစ်လွှတ်လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက စူးစူးဝါးဝါး အော်ဟစ်ရင်း  “ လူ့အမှိုက် … ငါ့တူလေး အပါအဝင် မင်း ဘယ်နှယောက်တောင် သတ်ပစ်လိုက်တာလဲ ”

အလင်းတန်းတွင် မီးသဘာဝ စွမ်းအား ပါဝင်သောကြောင့်  ကျရောက်လာသည်နှင့်  ရုန်ရှု ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

မိုဝူကျိက သက်ပြင်းသာ ချလိုက်တော့သည်။ ဤလူက ပြတ်သားကာ ဉာဏ်လည်း ကောင်းပေသည်။ အကယ်၍ ဤကိစ္စသာ ဆက်စုံစမ်းလျှင် ရုန်ရှုအနေနှင့်  ရှေးဦးမူလ ရေကျောက် ကိစ္စပါ ထုတ်ဖော်ပြောရမည် ဖြစ်သောကြောင့် ရုန်ရှုကို ရှင်းထုတ်ပစ်လိုက်ခြင်း ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်း  မိန်းမငယ်လေးက  မဟာယီရှန်းအဆင့် ကျင့်ကြံသူဘက် လှည့်ကာ “ ရှင့်တူလည်း  ဒီမှာ အဖမ်းခံထားရတာလား ”

မဟာယီရှန်းအဆင့် ကျင့်ကြံသူက ခေါင်းညိတ်ပြပြီးနောက် ရယ်ကာ

“ ဟုတ်တယ် .. အဲဒီလူက အင်မော်တယ်လောကရဲ့ အမှိုက်ပဲ။ သူက အင်မော်တယ် တစ်ယောက် ဖြစ်ပြီးတော့  သေမျိုးတွေကို လိုက်သတ်နေတယ်။  သူ့ကိုယ်သူ မြေအောက်အကျဉ်းထောင်တောင် ဆောက်လုပ်ထားသေးတယ် ”

မိန်းမငယ်လေးက ခေါင်းညိတ်ကာ  “ မဆိုးဘူး  …. ရှင် သူ့ကို သတ်လိုက်တာ မှန်တယ်”

မဟာယီရှန်းအဆင့် ကျင့်ကြံသူက လက်နှစ်ဖက် ယှက်ကာ  “ လုထုံလည်း သွားလိုက်ပါဦးမယ် …  ကံဆုံရင်  ပြန်ဆုံကြတာပေါ့ ”

သူ့စကားအဆုံးတွင် မိုဝူကျိနှင့် တခြားသူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

မိုဝူကျိက‌ ပြောစရာ ရှာမတွေ့ ဖြစ်သွားမိသည်။ ဤမိန်းမငယ်လေးမှာ အတွေ့အကြုံ နည်းပါးလွန်းသေး၏။ ဤမဟာယီရှန်းအဆင့် ကျင့်ကြံသူ စကား၌ ဟာကွက်များစွာ ပါသွားသော်လည်း သူမအနေနှင့် တစ်စက်လေးမှ သတိမထားမိပေ။

မဟာယီရှန်းအဆင့် ကျင့်ကြံသူ စကားတွင် ဟာကွက်ပေါင်း တစ်သောင်းတစ်ထောင်လောက် ရှိနေသည် မဟုတ်ပါလော။

သူ့တူလေး၏ ဖခင်မှာ  သူ့အစ်ကို ဖြစ်သောကြောင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ပုံမှန်အားဖြင့်  ထူးခြာသော အခြေအနေအောက်တွင် အင်မော်တယ်များ၏ တိုက်ရိုက်မျိုးဆက်၌ ဝိညာဉ်ကြော ရှိနေတတ်ကြသည်။ သို့သော်လည်း ဤလူက သူ့တူလေးမှာ သေမျိုး ဖြစ်ကြောင်း ပြောသွားလေ၏။ စကားတစ်ခွန်းတည်းကပင် ပြဿနာ ဖြစ်နေလေချေပြီ။

နောက်တစ်လှမ်းဆုတ်ပြီး တွေးကြည့်ကြတာပေါ့  …..

သူ့တူလေးက သေမျိုး ဖြစ်နေလျှင်ပင် သူ့တူလေး၏ အသက်မှာ ကန့်သတ်ချက်နှင့် ဖြစ်သောကြောင့် ယနေ့အထိ အသက်ရှင်နေနိုင်မည် မဟုတ်ပေ။ ထိုအရာလည်း မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း   အလွန့်လွန် နည်းပါးသော ဖြစ်နိုင်ချေ ဖြစ်၏။

သူ့တူလေးက အရူး လား

ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့၌ အဖမ်းခံထားရလျှင်  တိတ်ဆိတ်နေမည်လား။ သူ့တွင် မဟာယီရှန်းအဆင့် ဦးလေး ရှိနေကြောင်း ပြောပြလိုက်ရုံသာ လိုအပ်ပေသည်။ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့အနေနှင့် ထိရဲဦးမည်လား။

“ မမလေး  ကြည့်ရတာ အဲဒီလူက ညာသွားတယ် ထင်တယ် ” မဟာယီရှန်းအဆင့် ကျင့်ကြံသူ ထွက်သွားပြီးနောက် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက ဝင်ပြောလိုက်သည်။

ထိုမိန်းမငယ်လေးက မျက်မှောင်အနည်းငယ် တွန့်ချိုးသွားကာ ချက်ချင်းဆိုသလို ဒေါသတကြီးဖြင့်

“ ဖေဖေ ပြောတာ မှန်တယ်။ ကမ္ဘာကြီးထဲ ရက်စက်တဲ့သူတွေ အများကြီးပဲ … နောင်တစ်ခါ ပြန်တွေ့ဖြစ်ရင် သူ့ကို ကောင်းကောင်း ပညာပေးရမယ် ”

ထိုစကားလေး တစ်ခွန်းတည်းဖြင့်  မိုဝူကျိက ထိုမိန်းမငယ်လေးမှာ အလွန်ကြင်နာတတ်သူ ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သာာမန် လူ ဖြစ်နေပါက  ပညာပေးမနေဘဲ တိုက်ရိုက်သာ သတ်ပစ်မည် ဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့်ကို ခေါ်ကာ မဟာယီရှန်းအဆင့်အား  လိုက်ဖမ်းပြီး  သတ်ပစ်ရန်  စေခိုင်းမိပေလိမ့်မည်။

“ ရှင်တို့က ဘယ်သူတွေလဲ  ” မိန်းမငယ်လေး အကြည့်က မိုဝူကျိနှင့် ယူကျင့်ဖုန်းဆီ ရောက်ရှိလာသည်။

ယူကျင့်ဖုန်းက မြန်မြန် ပြောလိုက်သည်  “ ကျတော်အဘိုးနဲ့ မရီး အဖမ်းခံရလို့  ကျတော်နဲ့ အစ်ကိုကြီးတာ့ဟွမ်က လာကြည့်တာပါ။ ဒါပေမဲ့ ဒီလူတွေက ကျတော်တို့ကိုပါ ဖမ်းထားချင်ကြတာ … ”

မိန်းမငယ်လေးက ခေါင်းညိတ်ပြကာ  “ မဆိုးဘူး  … မင်းတို့တွေက ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့မှာ အင်မော်တယ်တွေ ရှိမှန်း သိရက်နဲ့ အမျိုးတွေကို လာပြီး ကယ်တင်ကြသေးတယ်… ”

သူမ စကားအဆုံးတွင်  လက်ကို မြှောက်ကာ  အလင်းတန်းများစွာ ပစ်လွှတ်၍  အကျဉ်းထောင်၏ သံတိုင်များအား ဖျက်စီးပစ်လိုက်သည်။ ထိုသို့ လုပ်ပြီးနောက် သူမက ပြောလိုက်သည်

“ အားလုံး ထွက်သွားကြပါ …. နောက်တစ်ခါကျ ဒီလို ရက်စက်တဲ့  ကုန်သွယ်ရေး အဖွဲ့နဲ့ အဆက်အဆံ မလုပ်မိစေနဲ့ … ”

အကျဉ်းထောင်ထဲမှ လူများကို ချက်ချင်း  လွှတ်ပေးလိုက်ကြသည်။ မသန်မစွမ်း ဖြစ်နေသူများပင် တရွတ်ဆွဲ၍ ထွက်လာကြလေ၏။

ယူကျင့်ဖုန်းက ယူချန်းကို မြန်မြန် ကူပေးလိုက်၏။ တစ်ဖက်တွင် လျန်ယင်ရှန်းက သူမ ရင်ဘတ်ကို တင်းတင်း စေ့ထားကာ မတ်မတ်ပင် မရပ်ရဲပေ။ ထိုမိန်းမငယ်လေးက လျန်ယင်ရှန်းအား အဝတ်တစ်စုံ ပေးသွားသေး၏၊ တစ်ချိန်တည်းတွင် သူမအပေါ်၌  ဖုံးကွယ်ရေး အစီအရင်တချို့ပါ ထားပေးလိုက်သည်။ လျန်ယင်ရှန်း အစီအရင်ထဲမှ ထွက်လာပြီးနောက် မိန်းမငယ်လေးအား  ကျေးဇူးတင်စွာ  အရိုအသေပေးလိုက်၏။

မိန်းမငယ်လေးက လျန်ယင်ရှန်းအား  ခြေစခေါင်းဆုံး ကြည့်ကာ မေးလိုက်သည်  “ မင်းရော ငါတို့နဲ့အတူတူ အင်မော်တယ်မြို့ကို လိုက်ချင်လား ”

လျန်ယင်ရှန်းက  နဂိုအခြေအနေ ပြန်ရနေပြီ ဖြစ်ရာ ထိုစကားများ ကြားသည့်အခါ မတုံ့မဆိုင်း ခေါင်းခါလိုက်ပြီး

“ အင်မော်တယ် ဆရာကြီးတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့  ကျမက ပင်လယ်နားက ဘဝကို အသားကျနေပါပြီရှင် ”

မိန်းမငယ်လေး မျက်နှာ၌ စိတ်ပျက်သွားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း  မေးလိုက်သေး၏  “ အဲဆို ဘယ်မှာ နေတာလဲ ”

“ သွေဖယ်ခြင်းရွာကပါရှင်” လျန်ယင်ရှန်းက လေးလေးစားစား ပြန်ဖြေလိုက်သည်။

“ သိပြီ ” မိန်းမငယ်လေးက  ကျန်နှစ်ယောက်ကို လှည့်ပြောလိုက်၏  “ ငါတို့ သွားရအောင် ”

မျက်စိတစ်မှိတ်အတွင်း သုံးယောက်လုံးမှာ ပျောက်ကွယ်သွားကြသည်။

ယူချန်းက မိုဝူကျိသည် အင်မော်တယ်တစ်ယောက် ဖြစ်မှန်း သိပေရာ မိုဝူကျိ သွင်ပြင် ပြောင်းလဲထားခြင်းကြောင့် မအံ့ဩမိပေ။ သူက မိုဝူကျိကို ကျေးဇူးတင်မည် လုပ်စဉ်  မိုဝူကျိက လက်ကို ကာပြကာ “  အရင် ပြန်ရအောင် ”

တစ်ချိန်တည်းတွင် မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက လျန်ယင်ရှန်းဆီ ရောက်ရှိလာသည်။ မကြာခင် သူက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။

လျန်ယင်ရှန်း၏ ကျင့်ကြံဆင့်မှာ ထူးဆန်းနေပေသည်။ သူမကို စမြင်စဉ်က မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း  စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သောအခါ တစ်ခါမှ မကျင့်ကြံဖူးသည်နှယ်  ပေါ်နေ၏။

သူ့စိတ်ဝိညာဉ်မျက်လုံးက မှားမြင်တာလား ….

လျန်ယင်ရှန်းက တစ်ခါမှ မကျင့်ကြံဖူးဘူးလား ….

ထိုအတွေးဖြင့် သူက စိတ်စွမ်းအားကို လျန်ယင်ရှန်း၏ ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်စေလိုက်သည်။

အချိန်ခဏအကြာတွင် မိုဝူကျိ၏ မျက်နှာပေါ်၌   ထူးဆန်းသော အမူအယာ ပေါ်လာသည်။ လျန်ယင်ရှန်းတွင် ကျင့်ကြံဆင့် မရှိဘဲ သေမျိုးတစ်ယောက်ကဲ့သို့ သာမာန် ဖြစ်နေသည်။

ထို့နောက် မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။ လျန်ယင်ရှန်း၏ ကျင့်ကြံဆင့်မှာ ပြန်ပေါ်လာလေ၏။ အမှန်တကယ် မဟာလော့ရှန်း နောက်ပိုင်းအဆင့် ဖြစ်ပေသည်။ ဝိညာဉ်စွမ်းအားများက သူမထဲ ပိတ်မိနေပြီး တစ်စက်လေးမှ ထွက်ပေါ်လာခြင်း မရှိပေ။ အကယ်၍ သူမ ခန္ဓာကိုယ်ကို အကြမ်းဖျင်း လေ့လာကြည့်လျှင် တစ်ခါမှ မကျင့်ကြံဖူးသည့် လူတစ်ယောက်နှင့် တူနေပေလိမ့်မည်။

အမြင်နှင့်တင် လျန်ယင်ရှန်း၏ ခန္ဓာကိုယ်က အတော်လေး ထူးခြားနေပေသည်။ သို့သော်လည်း မိုဝူကျိက ရှေးဦးမူလ ရေကျောက်များအကြောင်း တွေးမိနေဆဲ ဖြစ်သောကြောင့် တစ်ချက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤကိစ္စပြီးဆုံးသွားပါက သွေဖယ်ခြင်းရွာသို့ ပြန်ကာ  လျန်ယင်ရှန်းအား ထိုအကြောင်း မေးမြန်းကြည့်ရမည်။

လူအများစုက ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ဆီ ကပ်ဘေး ကျရောက်လာမှန်း သိထားကြသည်။ မိုဝူကျိတို့ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့မှ လွတ်မြောက်လာလျှင်ပင် မည်သူမှ ထူးဆန်းမည် မထင်ကြတော့ပေ။ ထို့အပြင် အခြေအနေကို လေ့လာနေကြသော အပြင်ဘက်မှ  လူများစွာလည်း ရှိနေသေး၏။ ပထမထပ်ရှိ ကောင်တာများမှာ ဗလာကျင်းနေပြီ ဖြစ်ရာ  အရောင်းဝန်ထမ်းများလည်း မရှိတော့ပေ။

“ ကျင့်ဖုန်း ဘေးကို ကြည့်မနေနဲ့  မြန်မြန် လာ …”  ယူကျင့်ဖုန်းက လူအုပ်ကြီးကို သိချင်စိတ်ဖြင့် ကြည့်နေသည်ကို တွေ့သောအခါ ယူချန်းက မြန်မြန် ခေါ်လိုက်သည်။

ယူကျင့်ဖုန်းက ခေါင်းငုံ့ကာ မြန်မြန် ထွက်လာလေ၏။ လေးယောက်သား အဆုံးအစွန်မြို့မှ မြန်မြန် ထွက်လာလိုက်ကြသည်။ ထိုအရာအားလုံးကို ကြုံတွေ့ပြီးနောက် ယူချန်းက  မျိုးရောတစ်ထောင် ဆန်အကြောင်းကို ထုတ်ပင် မပြောတော့ပေ။ သူ့အတွက် သွေဖယ်ခြင်းရွာသို့ ပြန်ရောက်ဖို့က ပို၍ အရေးကြီးပေ၏။

“ ကျင့်ဖုန်း၊ ဦးလေးချန်း  ကျတော် လုပ်စရာလေး ရှိလို့ သွားလိုက်ဦးမယ် ၊ ကျတော် ပြီးသွားမှ ပြန်လာခဲ့ပါ့မယ် ” မိုဝူကျိက အဆုံးအစွန်မြို့မှ ထွက်လာသည်နှင့် သူ့စိတ်ဝိညာဉ် အမှတ်အသားမှာ ပို၍ ပို၍ ဝေးသွားကြောင်း ခံစားမိလိုက်၏။ သူက တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်နေမိသည်။

“ ဟုတ်ပြီ ဟုတ်ပြီ သွားပါ … ငါတို့ အဆင်ပြေပါတယ်”

မိုဝူကျိက သူ့ကို ဦးလေးချန်းဟု ခေါ်ဆိုလိုက်သည်ကို ကြား၍ ယူချန်းက အနည်းငယ် လန့်သွားသည်။ ယနေ့ သူက အင်မော်တယ်များမှာ မည်မျှ ကြောက်ဖို့ ကောင်းကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံလာရသည်။ သူတို့လက်လေး  ဝေ့လိုက်ရုံဖြင့် ကမ်းစပ်ပင်လယ် ကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ခံတို့မှာ နှစ်ပိုင်း ပြတ်သွားသည် မဟုတ်ပါလော။

All Chapters