← Chapters

အဆိပ်ရေကန်

Vol. 49 Ch. 671

အဆိပ်ရေကန်

Vol. 49 Ch. 671

အဆုံးအစွန်မြို့မှ ထွက်လာပြီးနောက် မိုဝူကျိက  နဂို ပြောင်းလဲနေကျ သွင်ပြင်ကို ပြန်ပြောင်းလိုက်သည်။ ငါးဖမ်းသမားအဖြစ်မှ မျက်နှာဖြူ ပညာရှင်အဖြစ်  ပြောင်းလဲလိုက်၏။ ထို့နောက် သူက ဝိညာဉ်စွမ်းအားများကို ထုတ်လွှင့်လိုက်သောကြောင့် တစ်ချက်တည်း ကြည့်ရုံဖြင့်  မဟာယီရှန်းအဆင့် ပုံ ပေါက်နေလေ၏။

မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ  တတိယအဆင့် ဖြစ်သည့် လေရွေ့ပြောင်းအဆင့် ရောက်ရှိနေပြီ ဖြစ်သောကြောင့်  ပျံသန်းရေး ရတနာ မပါရှိလျှင်ပင် သူ့လှုပ်ရှားမှုများမှာ  မနှေးပေ။ နေ့ဝက်အတွင်း မိုဝူကျိက မဟာယီရှန်းအဆင့် ကျင့်ကြံသူ၏ ပျံသန်းရေး ယာဉ်ပျံကို မှီလာလေသည်။

ပျံသန်းရေး ယာဉ်ပေါ်မှ အတားအဆီးများမှာ မိုဝူကျိရှေ့၌ အလှဆင်ထားရုံမျှသာ ဖြစ်သွားကာ လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့်  မိုဝူကျိက  ပျံသန်းရေး ယာဉ်ပျံပေါ်မှ အတားအဆီးများကို ဖျက်စီးပစ်လိုက်နိုင်သည်။

“ ခင်ဗျားက ဘယ်သူလဲ  ” ကုန်းပတ်ပေါ်တွင် ထိုင်နေသည့်  ပိန်ပါးပါး မဟာယီရှန်းအဆင့်က  တအံ့တဩ မေးလိုက်သည်။ သူက ကျူးကျော်လာသူကို သတိတကြီး ကြည့်လိုက်၏။

သူက သင်္ဘောပျံကို ထိန်းချုပ်ရာ၌ အာရုံစိုက်ထားသောကြောင့်  မိုဝူကျိ ချည်းကပ်လာသည်ကို သတိမမူလိုက်ပေ။ ထို့အပြင် သူ့သင်္ဘောပျံတွင် အစီအရင်၊ အတားအဆီးများ ရှိ၏။ သို့သော်လည်း  မိုဝူကျိ ဖျက်စီးပစ်လိုက်သည့်အခါ ဘာကိုမှ မခံစားလိုက်ရပေ။

“ ထုတ်လိုက်စမ်း  ” မိုဝူကျိက ပြောလိုက်ရင်း  ပဟေဠိဆန်လှသော  လက်ဟန်များကို ပြုလုပ်ကာ သင်္ဘောပျံ၏ ယခင်အတားအဆီးကို ပြန်လည် မွမ်းမံပစ်လိုက်သည်။

မဟာယီရှန်းအဆင့် ကျင့်ကြံသူ မျက်ဝန်း၌  အံ့ဩရိပ်များ ဖြတ်ပြေးသွားကာ  ထိုအပြုအမူ တစ်ခုတည်းဖြင့် သူ့အနေနှင့် မိုဝူကျိ ပြိုင်ဖက် မဟုတ်ကြောင်း သိပေသည်။

“ အင်မော်တယ်ရောင်းရင်းက   ဘာကို ပြောတာလဲ ..”  မဟာယီရှန်းအဆင့် ကျင့်ကြံသူက အကြောက်တရားကို ချိုးနှိမ်ကာ  မသိနားမလည်ဟန်ဖြင့် မေးလိုက်၏။

မိုဝူကျိက လက်ကို ဝှေ့လိုက်သည့်အခါ အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိဆီမှ အလင်းတန်းကို မြင်လိုက်သော်လည်း မရှောင်ရှားနိုင်တော့ပေ။ သူ့လက်မောင်း တစ်ဖက်မှာ  မိုဝူကျိ လက်ချက်ဖြင့် ပြတ်တောက်သွားသည်။

“ ကျုပ် ထုတ်ပေးပါ့မယ် ” မိုဝူကျိ ဘာမှ ထပ်မလုပ်ခင် မဟာယီရှန်းအဆင့် ကျင့်ကြံသူက  ကျောက်စိမ်းသေတ္တာကို ထုတ်ကာ မိုဝူကျိဆီ ပစ်ပေးလိုက်သည်။ မိုဝူကျိက  ရှေးဦးမူလ ရေကျောက်အတွက် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သေချာသိနေသည်။

အကယ်၍ သူက ဆက်လက်၍ မသိဟန်ဆောင်နေလျှင် သေခြင်းတရားနှင့်သာ ပိုနီးကပ်လာပေလိမ်မည်။ သို့သော်လည်း သူ့နှလုံးသား၌ ပူဆွေးမှုများ၊ နောင်တများနှင့် ပြည့်နှက်နေလေ၏။ သူက ထိုရှေးဦးမူလ ရေကျောက်ကို ရရှိဖို့ရာ များစွာ ကျော်ဖြတ်ခဲ့ရသော်လည်း  ချက်ချင်းဆိုသလို သူ့လက်ထဲမှ ပြန်အလုခံလိုက်ရသည်။

မိုဝူကျိက ကျောက်စိမ်းသေတ္တာကို ရရှိသည်နှင့် ယခင် စိတ်ဝိညာဉ် အမှတ်အသားကို ဖျက်ပစ်လိုက်သည်။ ထို့နောက် ရှေးဦးမူလ ရေကျောက်ကို ထာဝရ ကမ္ဘာထဲ ပို့ဆောင်လိုက်သည်။

သူ့ဝိညာဉ်အမှတ်အသား ပျောက်ကွယ်သွားသည်ကို ခံစားမိပြီး  မဟာယီရှန်းအဆင့် ကျင့်ကြံသူက  ရှေးဦးမူလ ရေကျောက်မှာ သူ့အပိုင် မဟုတ်တော့ကြောင်း သိလိုက်၏။ ယခု သူက သူ့အသက်လေးအတွက်သာ စိုးရိမ်သင့်ပေသည်။

“ အင်မော်တယ်ရောင်းရင်းကို ပစ္စည်း ပေးပြီးပါပြီ ..” မဟာယီရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိ ရှေးဦးမူလ ရေကျောက် သိမ်းလိုက်သည်ကို မြင်၍  ပြန်လည် သတိပေးလိုက်သည်။

မိုဝူကျိက မပြောင်းမလဲ အမူအယာနှင့် ရှိနေပြီး “  ဒီရှေးဦးမူလ ရေကျောက်ကို ဘယ်လိုလုပ် တွေ့တာလဲ။ တကယ်လို့  စကားတစ်လုံးလောက်သာ ချန်ရဲချန်ကြည့် မင်းရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကို ဖြည်းဖြည်းချင်း နှိပ်စက်ပြမယ် … ”

မိုဝူကျိက ပြောလိုက်ရင်း  ပညာရှင် နှလုံးသားကို ထုတ်လိုက်သည်။

ပညာရှင် နှလုံးသားမီးတောက်မှာ အဆင့် ၇ အင်မော်တယ် မီးတောက် ဖြစ်၏။ အငွေ့အသက်တစ်ခုတည်းကပင် မဟာယီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သေစေလောက်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။ သူက ပညာရှင် နှလုံးသားကို  စိုက်ကြည့်နေမိသည်။

မိုဝူကျိက  အတွေးတစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အား လောင်ကျွမ်းပစ်နိုင်ကြောင်း သိ၏။ မဟာယီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က မည်သို့များ အဆင့် ၇ အင်မော်တယ်မီးတောက် ပိုင်ဆိုင်နေသနည်း။ သူက မိုဝူကျိသည် မဟာယီရှန်းအဆင့် ကျင့်ကြံသူ မဟုတ်ဘဲ  ပိုမြင့်မားကြောင်း ချက်ချင်း သိလိုက်သည်။

“ပြောပါ့မယ် ပြောပါ့မယ် …” မဟာယီရှန်းအဆင့်  ကျင့်ကြံသူက  တုံ့ဆိုင်းမနေရဲပေ။ မိုဝူကျိက အပိုလျှောက်ပြောနေခြင်း မဟုတ်ကြောင်း‌ ကောင်းကောင်းသိ၏။ သူကိုယ်တိုင်က ဤသို့မျိုး အရာများ လုပ်လာသည့်သူ ဖြစ်ပေသည်။ ထို့ကြောင့် ဤအရာမှာ  လူတစ်ယောက်အား  အမှန်တိုင်း အလျှင်အမြန်  ထုတ်ပြောစေဖို့ရာ နည်းလမ်း  ဖြစ်ကြောင်း သိ၏။

မိုဝူကျိက လက်ရှိ ဤနည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်၏။

“ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျုပ် ဒဏ်ရာအပြင်းအထန် ရသွားလို့  ခုံကျီတောင်မှာ တံခါးပိတ် လေ့ကျင့်နေရတယ်။ အဲဒီမှာ ကျင့်ကြံသူ နှစ်ယောက်က တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်။ အဲထဲက တစ်ယောက်က ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့က  ရုန်ရှု ဖြစ်နေတယ် … တိုက်ပွဲက အတော်လေး ပြင်းထန်တယ်ဆိုပေမဲ့ ရုန်ရှုက အဆောင်ကို သုံးပြီးတော့  နောက်တစ်ယောက်ကို သတ်ပစ်လိုက်နိုင်တယ်။

သူက  နောက်တစ်ယောက်ရဲ့ သိုလှောင်လက်စွပ်ထဲက ရှေးဦးမူလ ရေကျောက် ထည့်ထားတဲ့ ကျောက်စိမ်းသေတ္တာကို ယူသွားခဲ့တယ်။  အဲဒိအချိန်တုန်းက ကျုပ် ပြန်လုဖို့ တွေးမိလိုက်ပေမဲ့  ကျုပ် ဒဏ်ရာတွေက အပြည့်အဝ ပြန်မကောင်းသေးတော့ လွှတ်ပေးလိုက်ရတယ်။ နောက်ပိုင်းကျ  ကျုပ် ဒဏ်ရာတွေလည်း ပြန်ကောင်းလာတော့ကျ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့ဆီ ချက်ချင်း သွားပြီးတော့ ရှေးဦးမူလ ရေကျောက်ကို သွားယူခဲ့တာပါ ”

အကယ်၍ မိုဝူကျိက   အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြုံထားပြီး   ရှေးဦးမူလ ရေကျောက် ယူခဲ့သူမှာ အလင်းရွာမှ  သိုရှန်း မှန်း မသိခဲ့လျှင် ထိုလူ၏ စကားများကို ယုံကြည်သွားလောက်ပေ၏။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက စကားအဆုံးတွင်  မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်သည်။ မိုဝူကျိက မယုံမကြည် ဖြစ်မည်ကို စိုးရိမ်နေမိသည်။

မိုဝူကျိက လက်ကို ဝှေ့ကာ နောက်ထပ် အလင်းတန်း တစ်ချက် ထုတ်ဖော်လိုက်သည်။ ထို မဟာယီရှန်းအဆင့် ကျင့်ကြံသူက အလင်းတန်းကို မြင်လိုက်သော်လည်း မတားဆီးနိုင်လိုက်ပေ။  တည်နေရာ တစ်ခုလုံးမှာ မိုဝူကျိ၏ ထိန်းချုပ်မှုအတွင်း ကျရောက်နေသည့်အလား သူက နောက်လက်တစ်ဖက် ပြတ်သွားသည်ကို ကြည့်ရုံသာ တတ်နိုင်လိုက်ပေ၏။

ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ မိုဝူကျိ၏ ပညာရှင် နှလုံးသားက မဟာယီရှန်းအဆင့် ကျင့်ကြံသူ၏ ကျောဘက်၌ စတင်၍ လောင်မြိုက်လာသည်။ သူက ကြောက်မက်ဖွယ် အပူစွမ်းအားကို ခံစားမိလိုက်၏။

“ အင်မော်တယ်ရောင်းရင်း  ခင်ဗျား  ….”  မဟာယီရှန်းအဆင့် ကျင့်ကြံသူမှာ ယခု အမှန်တကယ် ကြောက်ရွံ့နေလေပြီ။

“ နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်။ တကယ်လို့ နောက်ထပ် မဟုတ်တာ လျှောက်ပြောရဲရင်   မင်းကို သတ်လို့ ငါ့ကို အပြစ်မတင်နဲ့  ….  မင်းကို သတိပေးထားရဦးမယ်။ အဲဒီရှေးဦးမူလ ရေကျောက်ကို သေမျိုးတစ်ယောက်က ယူလာခဲ့တာ  ”  မိုဝူကျိ၏ စကားတစ်ခွန်းစီတွင် သတ်ဖြတ်ငွေ့များ ရောနှောနေသည်။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက  မိုဝူကျိ၏ စကားကို ကြားလိုက်သောအခါ မျက်မှာမှာ ဖြူဖျော့သွားတော့သည်။ နောက်ဆုံးတွင် မိုဝူကျိက သူ့နောက် မည်သို့ နောက်ယောင်ခံ လိုက်နိုင်ကြောင်း နားလည်သွားတော့သည်။ မိုဝူကျိက ရှေးဦးမူလ ရေကျောက် ယူလာသည့်သူကို  သိနေခြင်း ဖြစ်နေ၏။

“ ပြောပါ့မယ် ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက တုန်လှုပ်သွားကာ

“ အဲဒီရှေးဦးမူလ ရေကျောက်က  အဆိပ်ရေကန်ကပါ။ ကျုပ်မိတ်ဆွေ ရှီကျန်းနဲ့ ကျုပ်က အဆိပ်ရေကန်ထဲ ထိပ်တန်း ရေသဘာဝ ရတနာတွေ ရှိတယ်ဆိုပြီး  သတင်းကြားခဲ့တယ်။  အဲဒီအချိန်တုန်းက  ရတနာက ရှေးဦးမူလ ရေကျောက် ဖြစ်နေမှန်း  မသိတော့  ပူးပေါင်းပြီတော့ အဆိပ်ရေကန်ဆီ အတူတူ သွားခဲ့ကြတယ် …. ”

“ အဆိပ်ရေကန်က ဘယ်လိုနေရာမျိုးလဲ … အန္တရာယ်များလား ” မိုဝူကျိက မဟာယီရှန်းအဆင့် ကျင့်ကြံသူ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူ့အတွက် ရှေးဦးမူလ ရေကျောက်၏ မူလနေရာမှာ ပို၍ အရေးကြီးပေ၏။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဘာကိုမှ ဖုံးကွယ်မထားရဲပေ။ သူက ဂရုတစိုက် ပြန်ဖြေလိုက်ရ၏

“ အဆိပ်ရေကန်က ဒီနေရာနဲ့ သိပ်မဝေးပါဘူး။ လေလွင်ပြင်မြို့ရဲ့ မြောက်ဖက်ပိုင်းမှာ ရှိတာပါ။ အဆိပ်ရေကန်က အတော်လေး အဆိပ်ပြင်းတော့  အဲဒီအဆိပ်ကို ဖယ်ရှင်းနိုင်မဲ့  အဆိပ်ဖြေဆေး မရှိဘူး ”

“ အဆိပ်အတွက် ဖြေဆေး မရှိမှတော့  မင်းနဲ့ ရှီကျန်းက အဲဒီအဆိပ်ရေကန်ထဲ ဘယ်လို သွားရဲတာလဲ ” မိုဝူကျိက  မကြင်မနာ မေးလိုက်သည်။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက မြန်မြန် ရှင်းပြလိုက်သည်

“ ကျုပ်က အဆိပ်ဖြေဆေး နှစ်လုံး ရခဲ့လို့ပါ။ ရှီကျန်းနဲ့ ကျုပ်တို့ တစ်လှည့်စီ ဝင်ပြီးတော့  နှစ်နာရီစီ ရှာဖို့ လုပ်ထားကြတာ။ ကျုပ်တို့ နှစ်ယောက်အတွက် ဆေးနှစ်လုံး  ကွက်တိပေါ့။  ကျုပ်က ဆေးလုံး ရလာတဲ့သူဆိုတော့  သူက အရင်ဆင်းသွားလိုက်တယ်။ တစ်နာရီလောက်ကျတော့ သူက ရှေးဦးမူလ ရေကျောက်နဲ့ ပြန်ရောက်လာတယ်။ အဲတုန်းက သူက အဆိပ်တော်တော် မိနေပြီ။

တစ်ကိုယ်လုံးကလည်း မည်းနက်နေပြီးတော့ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကလည်း စတင် ပျက်စီးလာတယ်။ ကျုပ်က သူ့ကို  အဆိပ်ဖြေဆေး အလုပ်မဖြစ်တဲ့အကြောင်းကို မပြောဘဲ ညာတယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့် သူက ရုတ်တရက် ထတိုက်ခိုက်ရော  …  ကျုပ်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်။ ဒဏ်ရာတွေ ကုဖို့  ခုံကျီတောင်ဆီ  သွားလိုက်တာ … ”

မိုဝူကျိက နှာခေါင်းရှုံ့ကာ

“ မင်းက အဆိပ်ဖြေဆေးက အဆိပ်ရေကန်အတွက် အလုပ်မဖြစ်မှန်း သိနေတယ်မလား။ မင်းက ရှီကျန်းကို လိမ်ညာပြီးတော့  မင်းအတွက်  ရှေးဦးမူလရေကျောက်ကို ယူခိုင်းလိုက်တာပဲ … မင်းက အတော်ကို အကြံပက်စက်တဲ့ လူပဲ။ ပြောပါဦး  ရှေးဦးမူလရေကျောက်က ဘယ်လိုလုပ် သေမျိုးဆီ ရောက်သွားပြီးတော့ ရုန်ရှုဆီ ဘယ်လို ထပ်ရောက်သွားတာလဲ  ”

မဟာယီရှန်းအဆင့် ကျင့်ကြံသူက  ယနေ့ ကျော်လွန်၍ အသက်မရှင်နိုင်တော့ကြောင်း သိဟန် ပေါ်၏။ ထို့ကြောင့် သူက  တည့်တိုးသာ ပြောလိုက်လေ၏

“  ကျုပ် ပြောပြပါ့မယ်။ ကျုပ်ကို ပြန်လည် ဝင်စားဖို့ အခွင့်အရေး ပေးဖို့ပဲ မျှော်လင့်ပါတယ် ”

“ ကောင်းပြီ … မင်း ပြောရင် ပြန်လည်ဝင်စားခွင့် ပေးလိုက်မယ် ” မိုဝူကျိက ပြန်ဖြေလိုက်လေ၏။ မဟာယီရှန်းအဆင့် ကျင့်ကြံသူက  မိုဝူကျိသည် သူ့အား သတ်ပစ်တော့မည် ဖြစ်ကြောင်း သိနေဟန် ပေါ်သည်။

“ အဲဒီ သေမျိုးမှာ  ဝိညာဉ်ကြော ကောင်းကောင်း ရှိတယ်။ အဲကြောင့် ရှီကျန်းက  သူ့ကို တပည့်အဖြစ် လက်ခံထားတာ … အရင်တုန်းက သူလည်း ရေကန်နားမှာ ရှိနေခဲ့တာ။ ရှီကျန်းက ကျုပ်ကို ဒဏ်ရာရအောင် လုပ်ပြီးတဲ့နောက်ကျ ရှေးဦးမူလ ရေကျောက်ကို သူ့တပည့်ဆီ လွဲပေးလိုက်တယ်။ သူ့တပည့်က သေမျိုးဆိုတော့ အဆိပ်ရေမထိထားပေမဲ့ အဆိပ်လေကြောင့် အဆိပ်မိထားတာ  …

သူလည်း  ကြာကြာ မခံလောက်ဘူးဆိုပြီး တွေးမိလိုက်တာ  ဒါပေမဲ့  ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့ ရုန်ရှုက အဲဒီရှေးဦးမူလရေကျောက် အကြောင်း ဘယ်လို သိသွားမှန်း ကျုပ်လည်း မသိဘူး။  ကျုပ်က ရှေးဦးမူလ ရေကျောက်အပေါ်မှာ စိတ်ဝိညာဉ် အမှတ်အသား ချန်ထားတာဆိုတော့  ရုန်ရှုဆီ လိုက်လာနိုင်လိုက်တာ ….  ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဘာကိုမှ ဖုံးကွယ်ထားဟန် မပေါ်ပေ။

“ ရှီကျန်းက ဘယ်သူလဲ ”

“ သူက နှင်းခဲဖုံးလွမ်း အင်မော်တယ် ရေကန်က လူပါ။ ပြောရရင် ကျုပ်က သူ့မိတ်ဆွေအဖြစ် ယူဆလို့တော့ ရပါတယ်  ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက ပြောလိုက်သည်။

နှင်းခဲဖုံးလွှမ်း အင်မော်တယ်ရေကန်လား  ….

မိုဝူကျိက နာမည်မှာ အတော်လေး ရင်းနှီးနေကြောင်း ခံစားမိနသည်။ မကြာခင်  ရှီလီ မိန်းကလေးမှာ နှင်းခဲဖုံးလွမ်း အင်မော်တယ်ရေကန်မှ ဖြစ်ကြောင်း ပြန်အမှတ်ရလိုက်မိ၏။ ယခင်  အသက်မဲ့မြစ်မှ ဖြတ်၍ အင်မော်တယ်လောကသို့ ဝင်ရောက်လာစဉ် ရှီလီနှင့်  စတင်တွေ့ဆုံခဲ့ခြင်း ဖြစ်၏။ ရှီလီက သူ့အား ကူညီခဲ့ဖူးသည်။  ယနေ့ နှင်းခဲဖုံးလွှမ်း အင်မော်တယ်ရေကန် နာမည်ကို ပြန်ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ မင်းလိုမျိုး လူနဲ့ မိတ်ဆွေ ဖွဲ့မိတာ  ရှီကျန်းရဲ့ ကံဆိုးမှုပဲပေါ့ ” မိုဝူကျိက စကားအဆုံးတွင် လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ မဟာယီရှန်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို ကျိုးကြေသွားပြီး ကမ္ဘာဦး စိတ်ဝိညာဉ်ပင် ဖျက်စီးခံလိုက်ရသည်။

သူ့ဝိညာဉ်သာ ကျန်ရှိပေတော့သည်။ ထိုအရာမှာ မိုဝူကျိ ကတိပေးထားသော ပြန်လည်ဝင်စားခွင့် ဖြစ်၏။

ထိုအရာများ လုပ်ဆောင်ပြီးနောက် မိုဝူကျိက မဟာယီရှန်းအဆင့် ကျင့်ကြံသူ၏ လက်စွပ်နှင့် သင်္ဘောပျံကို သိမ်းလိုက်သည်။ ထို့နောက် သူ့ပုံရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ပြီး  ဝိညာဉ်က မုန်းတီးစွာ ကျိန်ဆဲလိုက်သည်။

 သူခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းနိုင်တဲ့ နေ့ကျ  မိုဝူကျိကို အဆ ထောင်ချီမက ပြန်သတ်ပစ်မည် ….

“ ဘုန်း ” ဝိညာဉ်အတွင်း အက်သံကို ကြားလိုက်ရ၏။ သူက ကျိန်ဆဲနေဆဲ ဖြစ်နေလျှင် မိုဝူကျိအား အရှက်မဲ့ကြောင်း၊ ရက်စက်ကြောင်း ထပ်၍ ကျိန်ဆဲမိပေလိမ့်မည်။ ခဏအကြာတွင်  ဝိညာဉ်၌  ကျန်ရှိနေသည့် မှတ်ဉာဏ်များနှင့် စိတ်ဆန္ဒမှာ ပျောက်ကွယ်သွားတော့သည်။

မှတ်ဉာဏ်တစ်ခု တစ်လေတောင် မရှိသည့် ဝိညာဉ်က နေရာမှ ထွက်ခွာသွားပြီး ပြန်လည်ဝင်စားမည့် နေရာသို့သာ  ပျံသန်းသွားလေ၏။

မိုဝူကျိက ကိစ္စအမျိုးမျိုး ကြုံတွေ့လာပြီးပြီ ဖြစ်ရာ  သူနှင့် ရန်ကြွေး ရှိနေသည့်  ဝိညာဉ်ကို  မည်သို့ မှတ်ဉာဏ်များ သိမ်းဆည်းခွင့် ပေးရမည်နည်း။ အကယ်၍ ဤမဟာယီရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိ ထိုသို့လုပ်လိုက်မည်ဟု တွေးထားလျှင် မိုဝူကျိအနေနှင့်  ထိုသူမှာ  အတွေးလွန်နေကြောင်း ပြောပြမိလိမ့်မည်။ မိုဝူကျိက ဝိညာဉ်ကို မှတ်ဉာဏ်သိမ်းထားခွင့် ပေးသည့်  အမှားမျိုး ပြုလုပ်မည် မဟုတ်ပေ။

……………....

မိုဝူကျိက ပြန်သွားသည့်အခါ လေထုထဲ၌ တုန်ခါမှုများကို ခံစားမိလာသောကြောင့် ရပ်တန့်လိုက်၏။ မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ကျင့်ကြံသူ ခြောက်ယောက် တိုက်ပွဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။  သူတို့အထဲမှ သုံးယောက်ကို သိပေသည်။ သုံးယောက်မှာ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ဆီ လာခဲ့သော သူများ ဖြစ်နေသည်။ မိန်းမငယ်လေး၊ မဟာလော့ရှန်းအဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်တို့ ပါဝင်သည့် သုံးယောက်အဖွဲ့ ဖြစ်သည်။

ယုံရင်အင်မော်တယ်နယ်မြေ၌ ထိုသုံးယောက်ကို အလွန်အားကောင်းသော သူများ အဖြစ် ယူဆ၍ ရနေပြိ ဖြစ်၏။ သို့သော် လက်တွေ့၌ ထိုသုံးယောက်မှာ အရေးနိမ့်သည့်ဘက်မှ ဖြစ်နေသည်။ မျက်နှာမည်း အကြီးအကဲကို နောက်ထပ် အင်မော်တယ်ဘုရင်က ကာဆီးထား၏။ သူ့ကို လုံးဝ အနိုင်မပိုင်းနိုင်သော်လည်း တစ်ဖက်လူကိုလည်း အနိုင်ပြန်မပိုင်းနိုင်ပေ။

မဟာလော့ရှန်းအဆင့် အမျိုးသမီး ကျင့်ကြံသူက အကူအညီ မလိုပေ။ သို့သော်  တစ်ဖက်လူ၏ ပိတ်ဆို့မှုကို ခံထားရသည်။ အကူအညီ လိုအပ်နေသူမှာ မိန်းမငယ်လေးသာ ဖြစ်၏။

မိန်းမငယ်လေးက မဟာကျီရှန်းအဆင့်နှင့် ရင်ဆိုင်နေရပြီး သူမ၏ ထိပ်တန်း အဆင့် ကာကွယ်ရေး ရတနာကြောင့်သာ မဟုတ်လျှင် သူမအနေနှင့် အသတ်ခံပြီးလောက်လေပြီ။ သို့သော်လည်း သူမက အရေးနိမ့်နေလေရာ ကြာကြာတောင့်ခံနိုင်မည် မဟုတ်ချေ။

All Chapters