လျန်ယင်ရှန်း၏ လျို့ဝှက်ချက်
Vol. 49 Ch. 672
မိုဝူကျိက တိုက်ပွဲကို တမင်သီးသန့် ရှောင်ထွက်မသွားပေ။ သူက ဆက်လက်၍ သူ့ခရီးသာ သွားလိုက်တော့သည်။ မိုဝူကျိ ဖြတ်သွားသည်ကို မြင်သောအခါ ခြောက်ယောက်သား မိုဝူကျိဘက် လှည့်ကြည့်လိုက်ကြသည်။ မိုဝူကျိက မဟာယီရှန်းအဆင့် ကျင့်ကြံသူမှန်း သိသောအခါ အများစုက သူ့အား အာရုံမစိုက်ကြတော့ပေ။ တစ်ဖက်မှ အင်မော်တယ်ဘုရင်က အော်ပြောလိုက်သည်
“ ဟဲကျန်း အဲကောင်ကို သတ်ပစ်လိုက် … ”
အင်မော်တယ်ဘုရင်က ထိုစကားများ ပြောလိုက်သောအခါ တစ်ခုခု လွဲမှားသွားကြောင်း ချက်ချင်း ခံစားမိလိုက်သည်။ မည်သို့သော မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဖြတ်သွားရဲမည်နည်း။
သူက ဘာကိုမှ ပြန်မပြောနိုင်ခင် မဟာကျီရှန်းအဆင့် ကျင့်ကြံသူက သူ့မှော်ရတနာကို မိုဝူကျိဆီ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်လေပြီ။
မိုဝူကျိက မဟာကျီရှန်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို အလေးအနက်ပင် မထားဘဲ လက်သီးတစ်ချက်ဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။
ထိုလက်သီးချက်က မဟာကျီရှန်းအဆင့် ကျင့်ကြံသူအတွက် မဟုတ်ခဲ့ချေ။ ထို့အစား မဟာလော့ရှန်းအဆင့် ကျင့်ကြံသူရှေ့ ပေါက်ကွဲသွားသည်။
မိုဝူကျိက တိုက်ပွဲများစွာ နွဲခဲ့ရသူ ဖြစ်၍ မိန်းမငယ်လေးကို ကောင်းကောင်း အနိုင်ပိုင်းထားနိုင်သည့် မဟာကျီရှန်းအဆင့် ကျင့်ကြံသူကို သတ်ပစ်ခြင်းက မျှခြေကို ချိုးဖောက်ပစ်ဖို့ရာ အဓိက အချက် မဟုတ်ကြောင်း ကောင်းကောင်း သိ၏။ ထို့အစား မဟာလော့ရှန်းအဆင့် ကျင့်ကြံသူကို တိုက်ခိုက်လိုက်ခြင်းက မျှခြေကို ပျက်ပြားသွားစေသည်။
“ ဘုန်း ” ပြင်းထန်သော အင်မော်တယ် သဘာဝစွမ်းအားလှိုင်းကြီးက ကျရောက်လာ၏။ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ပင် မိုဝူကျိ လက်သီးချက် နောက်ကွယ်မှ အင်အားကို ခံစားမိကြသည်။
မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ထိုလက်သီးချက် စက်ကွင်း၌ သူ ရှိနေကြောင်း သတိပြုမိလိုက်ရာ တုန်လှုပ်သွားတော့သည်။
မိုဝူကျိက မဟာလော့ရှန်း အစောပိုင်းအဆင့် ဖြစ်ပေ၏။ အင်မော်တယ်ဘုရင်အဆင့်များပင် သူ့လက်သီးချက်ကို သတိထားရပေလိမ့်မည်။ ထိုလက်သီးချက်မှာ အင်မော်တယ် ဧကရာဇ်များနှင့် ယှဉ်နိုင်ရန် အဝေးကြီး လိုသေးသော်လည်း မဟာလော့ရှန်းအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ရာ လုံလောက်သည်ထက် ပိုပေ၏။
“ ဘန်း ” ထိုလက်သီးချက်က မဟာလော့ရှန်းအဆင့် အမျိုးသမီးလေးနှင့် တိုက်ခိုက်နေသော မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားစက်ကွင်းကို တိုက်ရိုက် ချေဖျက်သွား၏။ ထိုမဟာလော့ရှန်းအဆင့် ကျင့်ကြံသူက ကြောက်မက်ဖွယ် ဖိအားကို ခံစားမိသည့်အခါ ထွက်ပြေးဖို့ရာ တွေးမိသွားသည်။
“ ဖူး ” စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်ကြောင့် အင်မော်တယ် သဘာဝစွမ်းအားများမှာ ပေါက်ကွဲထွက်သွားသောကြောင့် သွေးများ ပြန့်နှံ့သွားကာ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူအား အပြင်းအထန် ဒဏ်ရာရသွားစေသည်။ မဟာလော့ရှန်းအဆင့် အမျိုးသမီးက ထိုအခွင့်အရေးကို အမိအရ အသုံးချကာ အင်အားအပြည့်နှင့် တိုက်ခိုက်ပစ်လိုက်ပြီး ထိုမဟာလော့ရှန်းအဆင့် ကျင့်ကြံသူအား သူမ၏ မှော်ရတနာဖြင့် လွှမ်းခြုံပစ်လိုက်သည်။
အကယ်၍ မိုဝူကျိ၏ လက်သီးချက်ကြောင့်သာ မဟုတ်လျှင် ထိုမိန်းကလေးမှာ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူနှင့် အများဆုံး လက်ရည်တူမျှသာ ဖြစ်လိမ့်မည်။ သို့သော် ယခုတွင် မိုဝူကျိက ထိုမဟာလော့ရှန်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားစက်ကွင်းကို ချေဖျက်ကာ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ ယခု ထိုမိန်းကလေး၏ အင်အားအပြည့် တိုက်ခိုက်မှုကိုပါ ထည့်တွက်လိုက်လျှင် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက မည်မျှပင် အံ့အားသင့်ဖို့ ကောင်းစေကာမူ သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအချိန်အခါမှ မဟာကျီရှန်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုက မိုဝူကျိဆီ ရောက်လာလေ၏။ မိုဝူကျိက ထိုလူကို သတ်ဖို့ရာပင် မတွေးပေ။ သူ့ပုံရိပ်က လျှပ်တစ်ပြက် ပျောက်သွားတော့သည်။
မဟာလော့ရှန်းအဆင့် ကျင့်ကြံသူကို သတ်လိုက်ခြင်းက မျှခြေ ကျိုးပျက်သွားပြီ ဖြစ်ရာ ဤနေရာ၌ ဆက်နေနေရန် မလိုတော့ပေ။
မိုဝူကျိ ထွက်သွားသည်နှင့် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူကို သတ်ထားသည့် မိန်းကလေးက သူမ မှော်ရတနာကို ဝှေ့ကာ တိုက်ခိုက်လိုက်သောကြောင့် မိုဝူကျိအား လုပ်ကြံနေသော မဟာကျီရှန်းအဆင့် ကျင့်ကြံသူက လုံးဝကို ရှုံးနိမ့်သွားလေ၏။
မဟာလော့ရှန်းအဆင့် တစ်ယောက်နှင့် ရင်ဆိုင်ခြင်းက မဟာကျီရှန်းအဆင့် ကျင့်ကြံသူအနေနှင့် ခုခံနိုင်မည့် နည်းလမ်း မရှိချေ။ အသက် တစ်ရှိုက်စာ အတွင်း မဟာကျီရှန်းအဆင့် ကျင့်ကြံသူက အသတ်ခံလိုက်ရတော့သည်။
“ အင်မော်တယ်ရောင်းရင်း ခဏစောင့်ပါဦး …. ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ ” မိန်းမငယ်လေးက မိုဝူကျိအား လှမ်းတားလိုက်သော်လည်း မိုဝူကျိက ထွက်သွားပြီးပြီ ဖြစ်၏။
“ စီနီယာအစ်မရှောင်ယု .... အဲလူက ဘယ်သူလဲ။ သူက ညီမတို့ကို ဘာမှ ဝင်မပြောဘဲနဲ့ ဘာလို့ ကူညီပေးတာလဲ ” မိန်းမငယ်လေးက နားမလည်စွာ မေးလိုက်သည်။
တခြားမိန်းကလေးက မြန်မြန် ပြောလိုက်သည် “ခဏ … ဦးလေးယုကို အရင် ကူပေးလိုက်ဦးမယ် ”
ရှောင်ယု အမည်ရှိ မိန်းကလေးက ပြောပြီးပြီးချင်း မျက်နှာမည်း အကြီးအကဲက စိတ်ဖြင့် ဆက်သွယ်ကာ “ မလိုတော့ဘူး ၊ အဲလူက ထွက်ပြေးသွားပြီ …. ”
ဦးလေးယုနှင့် တိုက်ခိုက်နေသည့် အင်မော်တယ်ဘုရင်က မျှခြေ ပျက်သွားသည်ကို မြင်၍ တုံ့ဆိုင်းမနေဘဲ ထွက်ပြေးသွားခြင်း ဖြစ်ရမည်။
“ မမလေး မြန်မြန် ပြန်ကြစို့ …. ကြည့်ရတာ တော်တော်များများက ကျုပ်တို့ကို လိုက်ကြည့်နေသလိုပဲ ” အကြီးအကဲက ဝင်ပြောလိုက်သည်။
မိန်းမငယ်လေးက မျက်မှောင်ကျုတ်ကာ “ အဲလူက ရေကျောက်အကြောင်း လာပြောနေတာမလား။ သမီးတို့မှ အဲလိုဟာမျိုး မမြင်ဖူးတာကို ဘယ်က ရလာရမှာလဲ ”
ရှောင်ယုက ခေါင်းခါကာ လေးလေးနက်နက် ပြောလိုက်၏
“ ကြည့်ရတာ ကျမတို့ ပူးပေါင်းကြံစည်မှုထဲ ရောက်သွားတာ ထင်တယ်။ အကောင်းဆုံးက အိမ်တော်ကို အရင်ပြန်ကြရအောင် …. ဦးလေးယု သမီးတို့ကို ကူပေးလိုက်တဲ့ သူကို မြင်လိုက်လား။ သူကရော အင်မော်တယ်ဘုရင်အဆင့်လား ”
သူမက မိုဝူကျိသည် သေချာပေါက် အင်မော်တယ်ဘုရင် အဆင့် ဖြစ်လိမ့်မည်ဟု ယုံကြည်သည်။ မိုဝူကျိက လက်သီးတစ်ချက်တည်းဖြင့် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ တဖက်လူက ခုခံဖို့ပင် အခွင့်အရေး မရှိလိုက်ပေ။ အကယ်၍ မိုဝူကျိသာ အင်မော်တယ်ဘုရင်အဆင့် မဟုတ်ပါက ဘာဖြစ်မည်နည်း။
ဦးလေးယုက ခေါင်းခါကာ
“ တစ်ယောက်ယောက် ဝင်ကူညီပေးလိုက်တာကိုပဲ သိလိုက်တာ …. သူ့ကျင့်ကြံဆင့်ကိုတော့ မကြည့်လိုက်ရဘူး။ အတည်ပြုနိုင်တာ တစ်ခုက သူ့ကျင့်ကြံဆင့်က မဟာယီရှန်းအဆင့်လိုမျိုး ရိုးရှင်းနေတာတော့ မဟုတ်ဘူး ဆိုတာပဲ …. ”
………….…
မိုဝူကျိ တစ်ယောက် သွေဖယ်ခြင်းရွာ ပြန်ရောက်လာသည့်အခါ ယူချန်း၊ ယူကျင့်ဖုန်းနှင့် လျန်ယင်ရှန်းတို့လည်း ပြန်ရောက်လာခါစ ဖြစ်၏။
သူတို့က မိုဝူကျိက မြင်သောအခါ အလွန်ပျော်ရွင်သွားကြသည်။ အထူးသဖြင့် ယူကျင့်ဖုန်း ဖြစ်၏။ သူ့အဘိုးနှင့် မရီးတို့က သူ့ဆရာက အပြည့်အဝ ကယ်တင်ပေးလိုက်ခြင်း မဟုတ်သော်လည်း သူ့ဆရာက သူတို့ကို ကယ်တင်ရန် သူ့နောက် လိုက်ခဲ့ပေး၏။ ထို့အပြင် သူ့ကြောင့် ဆရာက ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့၌ အဖမ်းခံရလုမတတ် ဖြစ်သွားသေး၏။ ဤသို့ကျေးဇူးကို မည်သို့ မေ့နိုင်မည်နည်း။
“ ညီမလျန်ရှန်း စကားသီးသန့် ပြောလို့ ရမလား ” မိုဝူကျိက လျန်ယင်ရှန်းအား ပြုံးကာ ပြောလိုက်သည်။
ယူချန်းက မိုဝူကျိ စကားများကို ကြားသောအခါ ထွက်သွားဖို့ရာ အကြောင်းပြချက် မြန်မြန် ရှာလိုက်၏။ ယူကျင့်ဖုန်းက ပိုက်ကွန်သိမ်းစရာ ကျန်နေသေးသည် ဟူသော အကြောင်းပြချက်ဖြင့် မြန်မြန် ပြေးထွက်သွားသည်။ မိုဝူကျိက သူတို့ လုပ်နေသည့်အရာများကို သိသော်လည်း စိတ်ထဲ မထားပေ။
လျန်ယင်ရှန်းက ခေါင်းကို ငုံ့ထားကာ “ အွန်း” တစ်လုံးဖြင့် ပြန်တုံ့ပြန်လိုက်၏။
“ အခန်းထဲ သွားပြီး ပြောကြစို့ ” မိုဝူကျိက အိမ်ထဲသို့ ခေါ်လာလိုက်သည်။
မိုဝူကျိက အိမ်ထဲ ဝင်သွားသည်ကို မြင်၍ လျန်ယင်ရှန်း မျက်ဝန်း၌ ရှုပ်ထွေးသည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ သို့သော်လည်း သူမက မိုဝူကျိ နေုာက် လိုက်လာလိုက်သည်။ သူမအတွက် မိုဝူကျိက အရိုအသေပေးရသော အင်မော်တယ်တစ်ယောက် ဖြစ်ပေသည်။ အင်မော်တယ်တစ်ယောက်ကို ရန်စမိပါက သူမ တစ်မိသားစုကို သတ်ပစ်နိုင်လေရာ ကောင်းကင်ဘုံ၏ ဆန္ဒကို သွေဖယ်ခြင်းထက် ပို၍ ဆိုးရွားပေသည်။
မိုဝူကျိက လျန်ယင်ရှန်း ဝင်လာသည်ကို စောင့်နေ၏။ ထို့နောက် သူက အတားအဆီးများ အသက်သွင်းလိုက်ပြီး လျန်ယင်ရှန်းအား စိုက်ကြည့်လိုက်သည်။ သူ့စိတ်စွမ်းအားက လျန်ယင်ရှန်း၏ ဝိညာဉ်ကြောကို စစ်ဆေးကြည့်နေသည်။ သူက လျန်ယင်ရှန်းသည် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ်အခွဲ ဖြစ်နေမလား ဒါမှမဟုတ် တခြားအကြောင်းပြချက်ကြောင့်လားဟု တွေးနေမိသည်။
မိုဝူကျိ၏ အကြည့်ကို ခံစားမိပြီး လျန်ယင်ရှန်း၏ မျက်နှာမှာ နီရဲလာသည်။ သို့သော်လည်း သူမက မိုဝူကျိ ဘာမှ မပြောသေးကြောင်း သတိထားမိလိုက်၏။ သူမက အရဲစွန့်ကာ အရင်ဦးစွာ ပြောလိုက်သည်
“ အစ်ကိုတာ့ဟွမ်သာ ကျင့်ဖုန်းနဲ့ အဘိုးကို ဘာမှ မလုပ်ဘူးဆိုရင် ကျမ အလိုရှိပါတယ် … ”
မိုဝူကျိက လက်ခါပြကာ “ ညီမလျန်ရှန်း … ကျုပ်ဆီမှာ အဲလိုအကြံ မရှိပါဘူး။ လက်ကို ခဏ ပြကြည့် … ”
ဤတစ်ကြိမ်၌ မိုဝူကျိက လျန်ယင်ရှန်း၏ လက်ကောက်ဝတ်ကို စမ်းကာ စိတ်စွမ်းအားတချို့ ပို့လွှတ်လိုက်သည်။ ခဏအကြာတွင် မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းထဲမှ စိတ်စွမ်းအားကိုလည်း ပို့လွှတ်လိုက်ပြန်သည်။
အချိန်အတော်ကြာပြီးနောက် မိုဝူကျိက လျန်ယင်ရှန်း၏ ကျင့်ကြံခြင်း ဇာစ်မြစ်အကြောင်း ခွဲခြားပြီးသွားလေပြီ။ သူမ စိတ်နန်းတော်၌ နှမ်းစေ့၏ ဆယ်ပုံတစ်ပုံမျှပင် မရှိသည့် အလွန်သေးငယ်သော ကျောက် အမှတ်လေး ရှိနေသည်။ ထို ကျောက် အမှတ်လေးတွင် ကျယ်ပြောလှသော စွမ်းအားများ ပါဝင်နေပေ၏။ သူမ ဝိညာဉ်စွမ်းအားကို မြင်သည်မှာ သူ့ စိတ်ဝိညာဉ်မျက်လုံးက အရာအားလုံးကို ထိုးထွင်းမြင်နိင်စွမ်း ရှိ၍ ဖြစ်သည်။ ထို့ကြောင့် လျန်ယင်ရှန်း၏ ပုန်းကွယ်နေသော စွမ်းအင်အကြောင်း အာရုံခံမိခြင်း ဖြစ်ပေသည်။
သူ့စိတ်စွမ်းအားဖြင့် အာရုံခံ၍ မရသည်မှာ ထိုကြောက်မက်ဖွယ် အင်အားကို အပေါ်တစ်လွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။
မိုဝူကျိက လက်ကို ရုတ်ကာ ထိုကျောက် အမှတ်လေးမှာ ဘာဆိုတာ အတည်မပြုရဲသေးပေ။ ကမ္ဘာဦး စိတ်ဝိညာဉ် မဟုတ်သော်လည်း လျန်ယင်ရှန်း အပိုင်ဖြစ်ဟန် ပေါ်၏။ သူက မထိရဲပေ။ သူ့ကျင့်ကြံဆင့်ဖြင့် ထိုကြောက်မက်ဖွယ် အင်အားကို နှိုးဆွမိပါက လျန်ယင်ရှန်းကို အမှုန့်ဖြစ်သွားစေလိမ့်မည်။
မိုဝူကျိက လက်ပြန်ရုတ်ကာ မျက်မှောင်ကျုတ်လိုက်သည်ကို မြင်၍ လျန်ယင်ရှန်းက မသက်မသာ ခံစားလာရသည်။ သူမက အင်မော်တယ်ကြီး တွေးနေသည့်အရာများကို နားမလည်တော့ပေ။
သူက သူမကို ဘာလုပ်စေချင်တာလဲ ….
အမွေးတိုင်တစ်ဝက်စာအကြာတွင် မိုဝူကျိက ထုတ်မေးလိုက်သည် “ ညီမလျန်ရှန်း .. အတိတ်တုန်းက အကြောင်းကို ပြန်ပြောပြနိုင်မလား ”
လျန်ယင်ရှန်းက မိုဝူကျိ စကားများကို ကြားသောအခါ အထိတ်တလန့် အပြုအမူကို ထိန်းချုပ်၍ ပြောလိုက်၏
“ အင်မော်တယ်ဆရာကြီး …. ကျမက လက်ထပ်ပြီးတဲ့နောက်မှာ ယူကျင့်ရှန်းနဲ့ တစ်ခါမှ မထိတွေ့ဖူးပါဘူး။ သူက အင်မော်တယ် ဖြစ်လာဖို့ပဲ စိတ်နှစ်ထားတာဆိုတော့ သူ့လူပျိုရည် ပျက်တာက သူ့ကျင့်ကြံဆင့် အခြေခံကို ထိခိုက်နိုင်မှာကို စိုးရိမ်နေတာပါ …. ”
မိုဝူကျိက ပြောလိုက်သည်
“ ကျုပ်က အဲဒီအကြောင်းကို ပြောနေတာ မဟုတ်ဘူး။ ကလေးဘဝက အကြောင်းကို ပြောတာ … အရင်ဆုံး ညီမ မိဘတွေအကြောင်း အရင်ပြောကြတာပေါ့။ အမေဖြစ်သူက မျှော်လင့်တကြီး ဖြစ်လို့ တုန်လှုပ်မှုမျိုးတွေ ဘာတွေ ဖြစ်ဖူးလား ”
မိုဝူကျိက သူမ မိဘများအကြောင်း မေးသည်ကို ကြားလိုက်ရသောအခါ သူမအနေနှင့် အင်မော်တယ်ကို အထင်မှားသွားကြောင်း သိလိုက်သည်။ မိုဝူကျိနှင့် အချိန်တစ်ချို့ ပေါင်းသင်းဆက်ဆံပြီးနောက် မိုဝူကျိက တခြားသော အင်မော်တယ်များနှင့် ကွာခြားကြောင်း ခံစားမိလာသည်။ နမူနာအားဖြင့် သူက စကားပြောသည့်အခါတိုင်း တည်ငြိမ်နေတတ်၏။ သူမက အကြောက်တရားများကို လွှတ်ချကာ
“ ကျမကို မွေးဖွားပြီးတော့ သူမက သွေးဆုံးရှုံးမှု အကြီးအကျယ် ခံစားခဲ့ရတယ်။ အဲဒါနဲ့ အဖေက အဆုံးအစွန်မြို့မှာ အမေ ခန္ဓာကိုယ် ပြန်ကောင်းဖို့ ပစ္စည်တွေကို ရှာဖို့ ထွက်သွားခဲ့တယ်။ တစ်ရက်ကျ အဖေ ပြန်ရောက်မလာခဲ့ဘူး …. ”
သူမက ထိုအထိ ပြောပြီးနောက် မျက်လုံးများက နီရဲလာကာ ဖောင်းအစ်လာတော့သည်။ သူမက မျက်လုံးကို ပွတ်ကာ ဆက်ပြောလိုက်၏
“ အဖေ ထွက်သွားတဲ့နောက်ပိုင်းကျ အမေလည်း ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူး။ အဖေနောက်ကို လိုက်သွားခဲ့တယ်။ အဲတုန်းက ခုနှစ် နှစ်ပဲ ရှိသေးတယ်။ ဒီအချိန်အထိ ရှင်နေတာက အဘိုးက ပြုစုပျိုးထောင်ခဲ့လို့ပါ … ”
မိုဝူကျိက ခေါင်းညိတ်ကာ လျန်ယင်ရှန်း၏ ကျင့်ကြံဆင့်မှာ မွေးဖွားလာခြင်းနှင့် ပတ်သတ်နေခြင်းသာ ဖြစ်ရမည်။ လျန်ယင်ရှန်းက အားကောင်းသည့် အဆင့်မြင့်ကျင့်ကြံသူ ဝိညာဉ်ကူးပြောင်းလာခြင်းများ ဖြစ်နေနိုင်ပေသည်။ မှတ်ဉာဏ်များနှင့် ကျင့်ကြံဆင့်များကို ကျောက် အမှတ်လေးထဲ၌ သိမ်းဆည်းထားခြင်းသာ ဖြစ်ရမည်။ အပေါ်ယံ၌ မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးက လျန်ယင်ရှန်း၏ မဟာလော့ရှန်းအဆင့်ကို မြင်ရသော်လည်း သူမ ကျင့်ကြံဆင့်မှာ ထိုထက် များစွာ မြင့်နေနိုင်ပေသည်။
ဤကိစ္စမှာ မကြားဖူးသေးသောကြောင့် မိုဝူကျိက ဖြစ်နိုင်ချေဟု မယူဆခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း စကြဝဠာကြီး၌ သူ့ထက် အားကောင်းသော ကျင့်ကြံသူများစွာ ရှိနေလေရာ သူ မဖြစ်နိုင်ဘူး ဟူသော အတွေးမှာ တခြားသူများအတွက် ဖြစ်နေနိုင်သေး၏။
“ ယင်ရှန်း …. အများကြီး စဉ်းစားနေဖို့ မလိုဘူး။ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အကြမ်းဖျင်း စစ်ဆေးပြီးသွားပြီ။ အထူးသဖြင့် မင်းရဲ့ ဝိညာဉ်လမ်းကြောင်းနဲ့ သွေးမျိးဆက်ပေါ့ … မင်းရဲ့ ခန္ဓာကိုယ်က အတော်လေး ထူးခြားတယ် အဲကြောင့် ဘာမှတော့ ပြောလို့ မရသေးဘူး။ ပြီးတော့ မင်းဆီမှာ ဝိညာဉ်ကြော ရှိနေတယ်ဆိုတာ ခံစားမိနေတယ်။ တကယ်လို့ မင်းသာ ဆန္ဒရှိတယ်ဆိုရင် မင်းကို ငါ့တပည့်အဖြစ် လက်ခံနိုင်တယ် …” မိုဝူကျိက လျန်ယင်ရှန်းအား မျှော်လင့်တကြီး ကြည့်ကာ ပြောလိုက်သည်။
သူက လျန်ယင်ရှန်းတွင် ထူးကဲသော ဝိညာဉ်ကြော ရှိနေလိမ့်မည်ဟု ခံစားချက် ရနေသည်။ စိတ်နန်းတော်အတွင်း၌ ကျော်အမှတ်ဖြင့် ပိတ်ဆို့ထားသောကြောင့် ဖြစ်၏။ အကယ်၍ လျန်ယင်ရှန်းသာ ဝိညာဉ်ကြောကို ထုတ်ဖော်နိုင်လျှင် အင်မော်တယ်လောက၌ သူမ၏ ကျင့်ကြံဆင့်မှာ တခြားမည်သူမဆိုထက် များစွာ မြင့်တက်သွားပေလိမ့်မည်။ ထို့အပြင် လျန်ယင်ရှန်း၏ ကျင့်စဉ် အမွေအနှစ်ကို လေ့လာခြင်းက သူ့တာအိုလမ်းစဉ်၌လည်း အရေးပါသည့် အထောက်အကူ ဖြစ်လာလိမ့်မည်။
“ အာ ” လျန်ယင်ရှန်းက မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ မယုံကြည်နိုင်လွန်း၍ ပါးစပ်ပင် မဟနိုင်သေးပေ။
မိုဝူကျိလည်း နေရခက်လာကာ ဆက်ပြောလိုက်၏ “ယင်ရှန်း တကယ်လို့ ငါ့တပည့် မဖြစ်ချင်ဘူးဆိုရင်လည်း ရပါတယ်။ ငါ့ကို စီနီယာအစ်ကို ဒါမှမဟုတ် မိတ်ဆွေ အဖြစ် သဘောထားပေါ့ …. ”
အကယ်၍ လျန်ယင်ရှန်းက သူ့မိတ်ဆွေ ဖြစ်လာဖို့ အလိုမရှိလျှင် သူ့အနေနှင့် လက်လျော့လိုက်ရမည် ဖြစ်၏။
“ ကျမ ဆန္ဒ ရှိပါတယ် လိုလားပါတယ် ….” လျန်ယင်ရှန်း၏ အသံမှာ အနည်းငယ် တုန်ယင်နေပြီး ငိုတော့မတတ် ဖြစ်နေသည်။
လျန်ယင်ရှန်းက သူ့အား ကြည့်သည့် ပုံစံအရ သူမ စိတ်ထဲမှ ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုကို သိသာစွာ မြင်တွေ့နေရသည်။ သူက မြန်မြန် ပြောလိုက်၏
“ မင်းက အလိုရှိတယ်ဆိုရင် ငါတို့တွေ အခု မိသားစုတွေ ဖြစ်သွားကြပြီ။ မင်းကိုယ်မင်း တစ်ယောက်တည်း ကျိတ်မှိတ်သည်းခံနေဖို့ မလိုတော့ဘူး …. ပြီးတော့ … ”