← Chapters

ဂိုဏ်း၏ ဦးဆုံးတပည့်များ

Vol. 49 Ch. 674

ဂိုဏ်း၏ ဦးဆုံးတပည့်များ

Vol. 49 Ch. 674

ထိုစဉ် ကျင်းရှန်းအဆင့် ကျင့်ကြံသူက  ယူကျင့်ရှန်းဆီ စိတ်ဖြင့် ဆက်သွယ်လာသည်

“ ကျင့်ရှန်း … မင်းအဘိုးကို ခေါ်ပြီး အရင်ထွက်သွားလိုက်ပါ့လား။ နောက်ကျမှ တိတ်တဆိတ် ပြန်လာပြီးတော့ အဲဒီတာ့ဟွမ်ကို ရှင်းပစ်လိုက် … မင်းရဲ့ ဟို ခွေးမသား ညီကိုတော့  ငါ အလွယ်လေး ရှင်းပစ်နိုင်ပါတယ် ”

ကျင်းရှန်းအဆင့်လေးဖြင့် မိုဝူကျိလို အဆင့်မြင့် ကျင့်ကြံသူရှေ့  စိတ်ဖြင့် အကြောင်းကြားရဲသည်မှာ သေခြင်းတရားက သူ့မျက်မှောက်ရှေ့ ရောက်မလာမချင်း သိမည် မဟုတ်ပေ။ အကယ်၍ ယူချန်းအတွက် အထောက်အပံ့ ပျောက်ပျက်သွားမည့်အခချက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျိက ထိုနှစ်ယောက်ကို သတ်ပစ်လိုက်လေပြီ။

“ ဘိုးဘိုး  …. ကျတော် ဒီကို လာပြီး အဘိုးကို လာခေါ်တာ။ အရင်ဆုံး ထွက်သွားကြရအောင်။ စိတ်ချနေပါ … ကျတော်က ဂိုဏ်းကြီးတစ်ခုရဲ့ အဓိက တပည့် ဖြစ်နေပါပြီ။ ဘိုးဘိုး  ဘာကို လိုချင်ချင် ကျတော် ရအောင် ယူပေးနိုင်ပါတယ်။ ယင်ရှန်း စောစောက ဖြစ်ခဲ့တာကို မေ့ပစ်ပေးမယ်။  ငါနဲ့အတူတူ ဂိုဏ်းကို ပြန်လိုက်ခဲ့လိုက် … မတရားမှု ဘာကိုမှ မကြုံစေရဘူးလို့ အာမခံတယ်။

ပြီးတော့ ကျင့်ဖုန်း  ငါစကားပြောတာ လွန်သွားတယ် … စိတ်ထဲ မထားနဲ့ ။ ငါတို့တွေ ဘယ်နေရာက ရောက်လာလာ  ယူ မျိုးနွယ်ကို အတူတူ ဆက်ခံထားတာ မလား ….” ယူကျင့်ရှန်းက သူ့တွဲဖက်၏ စကားကို ကြားလိုက်သောအခါ ချက်ချင်းကို ဆုံးဖြတ်ချက် ချပစ်လိုက်သည်။

အစပိုင်းတွင် ယူကျင့်ဖုန်းက  ယူကျင့်ရှန်း စကားများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူက သူအစ်ကိုကြီးနှင့်  ရင်းရင်းနှီးနှီး ဆက်ဆံမှု မလုပ်ဖူးပေ။ သူ လမ်းလျှောက်တတ်ခါစ ယူကျင့်ရှန်းက  သွေဖယ်ခြင်းရွာမှ ထွက်သွားပြီးပြီ ဖြစ်၏။

သို့သော် ယူကျင့်ရှန်းက သူ့ကို ခွေးမသားဟု ခေါ်ဆိုလိုက်ပြီးနောက် သူတို့က ယူမျိုးနွယ်အတူတူ ဆက်ခံထားကြောင်း ပြောသောအခါ စိတ်ထဲထိ ခံစားမိရုံမှအပ မတတ်နိုင်တော့ပေ။

ယူကျင့်ဖုန်းက ယူချန်းရှေ့ ဒူးထောက်ကာ

“ ဘိုးဘိုးကြောင့်သာ မဟုတ်ရင်  ကျင့်ဖုန်းက သေသွားလောက်ပါပြီ။ ကျင့်ဖုန်းက  ဘိုးဘိုးဆီ တခြားဘေးကင်းကင်းနေရာ တစ်ခု ရှိသွားလို့ အတော်လေး ပျော်မိပါတယ်။ ဘိုးဘိုးနောက်ကိုတော့ မလိုက်တော့ပါဘူး။

ကျတော် အစ်ကိုကြီးတာ့ဟွမ်နောက် လိုက်ချင်ပါတယ်။ မြေးက မြေးအရင်း မဟုတ်ဘူးဆိုတော့  ထပ်ပြီးတော့ ယူမျိုးနွယ်ကို ဆက်ပြီးတော့  မခံယူရဲတော့ပါဘူး။  ကျတော် အမေရဲ့ မျိုးရိုးနာမည်ကို ပြောပြပေးလို့ ရမလား  ”

ယူချန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။ အကယ်၍ သူ ရွေးချယ်နိုင်လျှင် အင်မော်တယ်ဂိုဏ်းမှာ လိုက်နေခြင်းထက် သွေဖယ်ခြင်းရွာ၌သာ ယူကျင့်ရှန်းနှင့်အတူတူ  အေးအေးချမ်းချမ်း ဖြတ်သန်းချင်မိသည်။ သို့သော် သူက မြေးအရင်း နောက်မလိုက်ဘဲ ယူကျင့်ဖုန်းနဲ့ အတူတူ နေဖို့ ရွေးချယ်လိုက်လျှင် ယူကျင့်ရှန်းအနေနှင့် မျက်နှာပျက် ရပေလိမ့်မည်။ ထိုအခါ  ယူကျင့်ဖုန်းနှင့် ယင်ရှန်းကို  ထိခိုက်စေနိုင်လိမ့်မည်။

သူက လက်ကို ဆန့်ထုတ်ကာ  ယူကျင့်ဖုန်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ သူက တုန်တုန်ယင်ယင် ပြောလိုက်သည်

“ မင်းအမေရဲ့နာမည်က ဖူလန်တဲ့ ။ မင်းနာမည် ကျင့်ဖုန်းကို မင်းအမေကိုယ်တိုင် ရွေးပေးထားတာလေ။ နောင်ကျ  မင်းနာမည် ဖူကျင့်ဖုန်း ဖြစ်လိမ့်မယ်။ ဘိုးဘိုးကပဲ ဆုံးဖြတ်ပေးလိုက်မယ် … ”

“ ဟုတ်ကဲ့ ဘိုးဘိုး ….  မြေးက အခုက စပြီး  ဖူကျင့်ဖုန်းပါ …”   ယူကျင့်ဖုန်းက ဖူကျင့်ဖုန်း ဟူသော  နာမည်ကို ပြောင်းလဲလိုက်ပြီးနောက် ကန်တော့လိုက်သည်။ အခုချိန်ကစပြီးတော့ ယူကျင့်ရှန်းတွင် သူ့အား ခွေးမသားဟု ခေါ်ဆိုပိုင်ခွင့် မရှိတော့ပေ။

ဖူကျင့်ဖုန်းက ဂိုဏ်းကို  မလိုက်မည့် ကိစ္စကို ယူကျင့်ရှန်းက အမှန်တကယ် ဂရုမစိုက်ပေ။ သူက အဘိုးဖြစ်သူနှင့် လျန်ယင်ရှန်းတို့သာ  သူနှင့် အတူတူ ထွက်သွားဖို့ရာ မျှော်လင့်နေခြင်း ဖြစ်ပေသည်။

ယူကျင့်ရှန်းက လျန်ယင်ရှန်းကို ကြည့်လိုက်သောအခါ သူမက  ယူချန်းဆီ လျှောက်လှမ်းလာကာ ဦးညွှတ်လိုက်ပြီး  “ ဘိုးဘိုး အခုချိန်ကစပြီးတော့  ယင်ရှန်းလည်း အစ်ကိုကြီးတာ့ဟွမ် နောက်ကိုပဲ လိုက်တော့မှာ မလို့ ဘိုးဘိုးလည်း ကျန်းမာရေး ဂရုစိုက်ပါ … ”

ဖူကျင့်ဖုန်းက သူမ ဆရာအား “ အစ်ကိုကြီးတာ့ဟွမ်” ဟု ခေါ်ကြောင်းကို ကြားပြီး လျန်ယင်ရှန်းက “ ဆရာ” ဟူသော စကားကို မျိုသိပ်ကာ  အစ်ကိုကြီးတာ့ဟွမ်ဟုသာ ခေါ်ဝေါ်လိုက်တော့သည်။

“ ယင်ရှန်း ငါနဲ့အတူတူ ပြန်မလိုက်ဘူးလား ….. နယ်လှည့်ကျင့်ကြံသူ‌ နောက်လိုက်ရင် အုတ်ဂူတောင် မရှိဘဲ သေသွားလိမ့်မယ် ” လျန်ယင်ရှန်းက သူ့နောက်ကို မလိုက်မည့်အကြောင်း ကြားသောအခါ ယူကျင့်ရှန်းက နှလုံးခုန် မြန်လာပြီး  မေးခွန်းပြန်ထုတ်လိုက်သည်။

လျန်ယင်ရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ နှုတ်ပိတ်နေလေသည်။ မိုဝူကျိသာ ပေါ်မလာခဲ့ဘဲ ယူကျင့်ရှန်းက သူမအား မိန်းမပျက်ဟု မခေါ်ဆိုခဲ့လျှင်ပင် သူမအနေနှင့် ယူကျင့်ရှန်းနောက် လိုက်မည် မဟုတ်ပေ။  သူမက ဘိုးဘိုးယူချန်း၏ ကျေးဇူးကြွေးများကို ပြန်လည်ဆပ်ပြီးပြီ ဖြစ်၏။ ယူကျင့်ရှန်း၏ မိဘများ သေဆုံးပြီး  ယူကျင့်ရှန်း ရွာမှ ထွက်သွားပြီးနောက်တွင် သူမက အမျိုးသား တစ်ယောက်အဖြစ် တာဝန်ယူကာ  ယူချန်းနှင့် ဖူကျင့်ဖုန်းအား ထောက်ပံ့ပေးခဲ့သည်။ သူမက အခက်အခဲနှင့် အန္တရာယ်များ ကြုံတွေ့ခဲ့ရသော်လည်း မပြောခဲ့ခြင်းသာ ဖြစ်၏။

ဖူကျင့်ဖုန်း ပင်လယ်ထဲ ထွက်နိုင်သည့်အချိန်အထိ  ဖြစ်ပေသည်။ ထို့နောက် သူမက အလင်းရွာသို့ ပြန်လည် နေထိုင်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ဘိုးဘိုးယူချန်းနှင့် ဖူကျင့်ဖုန်းအတွက် လက်ဆောင်များ မကြာခဏ ယူသွားလေ့ ရှိသည်။ ယခင် ယူမိသားစုနှင့် လက်ထပ်ရန် သဘောတူလိုက်ခြင်းမှာ  ယူကျင့်ရှန်းကို ချစ်ကျွမ်းဝင်၍ မဟုတ်ဘဲ  ဘိုးဘိုးယူချန်း၏ ကျေးဇူးကြွေးကို ပြန်ပေးဆပ်လို၍ ဖြစ်၏။

ယခု သူမက ကျေးဇူးကြွေး ပြန်ဆပ်ပြီးပြီ ဖြစ်ရာ  ယူကျင့်ရှန်း၏ မိဘများကသာ သူမ မိဘများအပေါ် ကျေးဇူးကြွေး ရှိကြောင်း သိပြီးနောက် အဘယ်ကြောင့်များ ယူကျင့်ရှန်းနောက် လိုက်နေရမည်နည်း။

“ ကျင့်ရှန်း  … ယင်ရှန်းက ဆန္ဒမရှိမှတော့ ဒီမှာပဲ နေခိုင်းလိုက်ပါကွယ်။ အင်မော်တယ်ဆရာ တာ့ဟွမ် … ကျုပ်က ယင်ရှန်းနဲ့ ကျင့်ဖုန်းကို ကိုယ့်မြေးအရင်းလိုပဲ စောင့်ရှောက်လာတာပါ။ နောင်ကျ သူတို့ကို ဂရုစိုက်ပေးဖို့  အင်မော်တယ်ဆရာကြီးကို ဒုက္ခပေးရတော့မှာပါပဲကွယ် …”  ယူချန်းက  မိုဝူကျိရှေ့ လျှောက်လာကာ ဦးညွှတ်ပြောလိုက်သည်။

“ ဘိုးဘိုး  …. ကျတော်က ဂိုဏ်းကြီးရဲ့ အဓိကတပည့် ဖြစ်နေပါပြီဆို အဲလို လုပ်ဖို့ မလိုတော့ပါဘူး ” ယူကျင့်ရှန်းက လျန်ယင်ရှန်း ပြောစကားကြောင့် ဒေါသအနည်းငယ် ထွက်နေမိသည်။ ယခု သူ့အဘိုးဖြစ်သူက နယ်လှည့်ကျင့်ကြံသူ တစ်ဦးအား ဦးညွှတ်နေလေရာ  ထိုလူအား  သတ်ပစ်ဖို့ရာ မစောင့်နိုင်တော့ချေ။

မိုဝူကျိက ယူကျင့်ရှန်းကို ဂရုမစိုက်ချေ။ သူက ယူချန်းကိုသာ ပြောလိုက်သည် “ စိတ်ချနေပါ … ကျုပ်နောက်ကို လိုက်တာ ကျင့်ဖုန်းနဲ့ ယင်ရှန်းတို့အတွက် နည်းနည်း အန္တရာယ်များပေမဲ့ သူတို့‌တွေ ဘေးဒုက္ခ ခံစားရမှာ မဟုတ်ပါဘူး  ”

ယူချန်းက မြေး၏ စကားပြောဆိုပုံကို သဘောမကျသော်လည်း သူ့မြေးဖြစ်သူမှာ အင်မော်တယ်တစ်ယောက် ဖြစ်လာပြီ ဖြစ်သောကြောင့်  ဤသို့ ပြောရုံသာ တတ်နိုင်ပေသည်  “ ဒီလိုဆိုမှတော့ ကျင့်ရှန်း သွားကြစို့ …. ”

ကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိအား မကျေမနပ် ကြည့်လိုက်သည်။ ထို့နောက် လက်ခါလိုက်ကာ  “ ဂိုဏ်းကို ပြန်ကြတာပေါ့  ”

ပျော့စိစိ တိမ်တိုက်တစ်ခုက သူတို့ရှေ့ ပေါ်လာသည်။ ယူချန်းနှင့် ယူကျင့်ရှန်းတို့က ထိုတိမ်တိုက်ပေါ် တက်လိုက်ကြပြီးနောက် ကောင်းကင်ဆီ ပျံတက်သွားကာ ပျောက်ကွယ်သွားကြသည်။

လျန်ယင်ရှန်းက  ဖူကျင့်ဖုန်း၏ အားကျနေသည့်ပုံကို သတိပြုမိသောအခါ ရုတ်တရက် ပြောလိုက်သည်

“ ကျင့်ဖုန်း ကြည့်မနေနဲ့တော့ … ဘာမှ အားကျမစရာ မရှိဘူး။ အားလုံးက ကိုယ့်ဘဝနဲ့ကို ရှိကြတာပဲ … ”

ဖူကျင့်ဖုန်းက မြန်မြန် ပြောလိုက်သည်  “ ဒါပေါ့ ဆရာက ပိုပြီးတော့ တော်တယ် …. ”

သူက စကားမှားပြောလိုက်မှန်း သိ၍ နေရခက်စွာ ခေါင်းကုတ်လိုက်မိသည်။

မိုဝူကျိက ခပ်ယဲ့ယဲ့ပြုံးကာ

“ နောင်ကျ ယင်ရှန်းလည်း ငါ့တပည့် ဖြစ်လာလိမ့်မယ်။ ကျင့်ဖုန်းက ရက်လေးစောပြီးတော့ ဂိုဏ်းကို ဝင်ထားတာ။ ယင်ရှန်းက နည်းနည်း အသက်ပိုကြီးတော့ ကျင့်ဖုန်းက  ယင်ရှန်းကို စီနီယာအစ်မလို့ ခေါ်ရမယ် …. ”

“ အာ  ” ဖူကျင့်ဖုန်းက မိုဝူကျိကို တအံ့တဩ ကြည့်လိုက်သည်။ ထို့နောက် လျန်ယင်ရှန်းကို တစ်ခေါက် ပြန်လှည့်ကြည့်လိုက်သည်။ အချိန်ခဏအကြာတွင် သူက ပြောလိုက်တော့သည်

“ ဆရာက အစ်မယင်ရှန်းနဲ့ လက်မထပ်ဘူးလား ”

သူ့အမြင်အရ အစ်မယင်ရှန်းကို တပည့်အဖြစ် လက်ခံလိုက်လျှင် သူ့ဆရာက အစ်မယင်ရှန်းကို လက်ထပ်မည် မဟုတ်တော့ပေ။

လျန်ယင်ရှန်းက ထိုကိစ္စအကြောင်း ရုတ်တရက် တွေးမိသွားသည်။ သူမက မိုဝူကျိကို တုန်လှုပ်တကြီး လှည့်ကြည့်လိုက်တော့သည်။ အကယ်၍ မိုဝူကျိသာ သူမကို လက်ထပ်လိုလျှင် အဘယ်ကြောင့် တပည့်အဖြစ် လက်ခံနေဦးမည်နည်း။

မိုဝူကျိက ဖူကျင့်ဖုန်း၏ ခေါင်းကို ပုတ်ပေးကာ

“ ဘာတွေ လျှောက်တွေးနေတာလဲ။ ငါ့ဆီမှာ မိန်းမရှိပြီးသားလေ …  နောင်ကျ ယင်ရှန်းက မင်းရဲ့ စီနီယာအစ်မ ဖြစ်လာလိမ့်မယ်။  မင်း ကောင်းကောင်း မကြိုးစားရင် မင်းစီနီယာအစ်မက မင်းကို လုံးဝ ကျော်သွားမှာနော် … ”

“ ဆရာ စိတ်ချနေပါ … ကျတော် သေချာပေါက် ကြိုးကြိုးစားစား အားထုတ်ပါ့မယ်။ စီနီယာအစ်မနောက် မကျန်ခဲ့စေရပါဘူး  ” ဖူကျင့်ဖုန်းက သူ့ရင်ဘတ်သူ ပုတ်ကာ ပြော၏။

လျန်ယင်ရှန်းက တာ့ဟွမ်မှာ  သူမကို လက်မထပ်ကြောင်း ကြားသောအခါ ပြောမပြတတ်သည့် ခံစားချက်မျိုး သူမ မျက်ဝန်း၌ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ပျော်ရွင်မှုလေလား  ဒါမှမဟုတ် စိတ်ပျက်မှုလေလား မသိနိုင်ပေ။ သို့သော်လည်း မကြာခင် သူမက စိတ်ဓာတ် တက်ကြွလာလေ၏။ တာ့ဟွမ်က သူမကို မိသားစုလို ဆက်ဆံပေးမည့်အကြောင်း တွေးလိုက်သောအခါ သူမစိတ်ဓာတ် ချက်ချင်း ပြန်မြင့်တက်လာရသည်။

ဖူကျင့်ဖုန်း မည်မျှ ကြိုးစားပြီး ပါရမီ ကောင်းစေကာမူ သူက  လျန်ယင်ရှန်းကို ကျင့်ကြံနိုင်အောင် ကူညီပေးပြီးသည်နှင့် ဖူကျင့်ဖုန်းအနေနှင့် လျန်ယင်ရှန်းကို လိုက်မှီဖို့ရာ အတော်လေး ခက်ခဲသွားပေလိမ့်မည်။

လျန်ယင်ရှန်းက မိုဝူကျိကို ကျင့်ဖုန်းတွင် ဝိညာဉ်ကြော မရှိဘဲ မည်သို့ကျင့်ကြံမည်ကို မေးချင်သော်လည်း ထိုစကားများ နှုတ်ဖျားအထိ ရောက်လာပြီးမှ အတင်းမျိုသိပ်လိုက်ရသည်။ သူမဆရာမှာ အင်မော်တယ်တစ်ယောက် ဖြစ်သောကြောင့် နည်းလမ်း ရှိပေလိမ့်မည်။

အင်မော်တယ် ဧကရာဇ်များပင် ဝိညာဉ်ကြော မပါရှိသည့် လူတစ်ယောက်အား မည်သို့ ကျင့်ကြံစေနိုင်မည်ကို မသိကြကြောင်း သူမ မသိပေ။

“ဆရာ … ကျတော်တို့ ဒီနေရာမှာ နေပြီးတော့ ကျင့်ကြံမှာလား ” ယခု သူ့အဘိုးဖြစ်သူက ထွက်သွားပြီ ဖြစ်ရာ ကျင့်ကြံခြင်းက ဖူကျင့်ဖုန်းအတွက် အရေးကြီးဆုံး ဖြစ်၏။

နောက်တစ်ကြိမ် မိုဝူကျိက အခန်းပတ်လည်၌ အတားအဆီးတချို့ ပြန်ချလိုက်သည်။ ဤတစ်ကြိမ်၌ သူက အသံလုံ အစီအရင် ခင်းကျင်းလိုက်ရုံသာမက ကာကွယ်ရေး အစီအရင်လည်း ပါရှိပေသည်။ ထိုအစီအရင်ကို ကျင်းရှန်းအဆင့် ဆိုမထားနှင့်  မဟာယီရှန်းအဆင့် ကျင့်ကြံသူပင် ဖောက်ဖျက်နိုင်မည် မဟုတ်ပေ။

အစီအရင်များ အသက်သွင်းပြီးနောက် မိုဝူကျိက ဖူကျင့်ဖုန်းနှင့် လျန်ယင်ရှန်းကို ထိုင်ရန် လက်ဟန် ပြလိုက်သည်။

လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က သူတို့ဆရာ၏ သဘောထားမှာ အလေးအနက် ပြောင်းသွားကြောင်း သတိပြုမိလိုက်ကြ၍ မိုဝူကျိ အနီးအနား၌  မြန်မြန် ထိုင်လိုက်ကြသည်။

မိုဝူကျိက ပြောလိုက်သည်

“ ယင်ရှန်းနဲ ကျင့်ဖုန်း  …. မင်းတို့က ငါ့တပည့် ဖြစ်လာပြီဆိုတော့  ငါ့ပြဿနာကို ပြောပြဖို့ လိုတယ်။ မင်းတို့တွေ  ငါ့နောက်ကို လိုက်တာ မလိုက်တာက မင်းတို့အပေါ် မူတည်တယ် ”

“ ဆရာက  ဘယ်လိုဖြစ်ဖြစ် ကျတော် ဆရာနောက်က လိုက်မှာပါ ”  မိုဝူကျိက အခြေအနေကို ရှင်းမပြရသေးခင် ဖူကျင့်ဖုန်းက ကျယ်လောင်စွာ ထပြောလိုက်သည်။

လျန်ယင်ရှန်းကလည်း အမြန်အဆန် ဝင်ပြောလိုက်သည်  “ ကျမလည်း ဆရာနောက် လိုက်မှာပါ ”

မိုဝူကျိက လက်ခါပြလိုက်ရင်း တိတ်တိတ်နေဖို လက်ဟန်ပြလိုက်ကာ

“  ငါ့နာမည်အရင်းက မိုဝူကျိ …. အင်မော်တယ်လောကို တက်လှမ်းလာတာ သိပ်မကြာသေးဘူး။ ကျင့်ကြံခြင်းလောကမှာ ကုန်ဆုံးခဲ့တဲ့အချိန်ကို ထည့်ပေါင်းရင် ဆယ်စုနှစ်လောက်ပဲ ကျင့်ကြံရသေးတယ်။ အဲဒါကြောင့် မင်းတို့ နှစ်ယောက်ထက် အသက်အဲလောက် မကြီးဘူး ”

သူတို့က မိုဝူကျိ စကားကို ကြားသည့်အခါ လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။ သူတို့က မိုဝူကျိကို မယုံကြည်နိုင်စွာ  စိုက်ကြည့်လိုက်ကြ၏။ သွေဖယ်ခြင်းရွာမှာ သေမျိုးရွာ ဖြစ်နေသော်လည်း အင်မော်တယ်များအကြောင်းနှင့် မရင်းနှီးခြင်း မဟုတ်ပေ။ သူတို့က အဆုံးအစွန်မြို့ကို သွားသည့်အခါ အင်မော်တယ်များအကြောင်း စာအုပ်များပင် ရှိ၏။ သူတို့က အဆုံးအစွန်မြို့၌ အင်မော်တယ်များနှင့်ပင် တွေ့ဆုံနိုင်ကြသေးသည်။

အင်မော်တယ်တစ်ယောက်အတွက် သေချာသည့် အင်အားတစ်ခု ရှိလာဖို့ရာ နှစ်ထောင်ချီ သို့မဟုတ် နှစ်သိန်းချီ၍ ကြာတတ်ကြပေသည်။ နှစ်ယောက်သားက မိုဝူကျိသည် သူတို့နှစ်ယောက်ထက် များစွာ အသက် မကြီးသေးကြောင်း ကြားသောအခါ အံ့ဩသွားကြသည်။

ချက်ချင်းဆိုသလို လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က သူတို့ဆရာ၏ ကျင့်ကြံဆင့်မှာ များစွာများစွာ မမြင့်သေးကြောင်း နားလည်သွားကြသည်။ သို့သော်လည်း နှစ်ယောက်လုံးက စိတ်ထဲ မထားပေ။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူတို့ မိုဝူကျိအပေါ် ခံစားနေရသော ခံစားချက်များကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေ။

“ အဲဆို ဆရာရဲ့ ကျင့်ကြံဆင့်က  ….” ဖူကျင့်ဖုန်းက ရိုးစင်းသည့် စိတ်နှလုံးသားကို ပိုင်ဆိုင်ထားလေသည်။ သူ  တွေးမိသည်နှင့် ထုတ်မေးလိုက်တော့သည်။ လျန်ယင်ရှန်းပင် မတားလိုက်နိုင်ချေ။

မိုဝူကျိက ဘာကိုမှ သိုဝှက်မထားတော့ဘဲ ခေါင်းညိတ်ကာ “ ဟုတ်တယ် … ငါ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေတယ်။ အရင် ငါ့ကျင့်ကြံဆင့် နိမ့်နေလွန်းလို့ ဒဏ်ရာအပြင်းအထန် ရသွားတာ။ အဲကြောင့် အဆုံးအစွန်မြို့ထိ ထွက်ပြေးလာနိုင်ဖို့ ငါ့မိတ်ဆွေအပေါ် မှီခိုခဲ့ရတယ်။  ငါ့မိတ်ဆွေက ငါ့ကို ကယ်ရင်း သေဆုံးသွားခဲ့တယ် … ”

မိုဝူကျိ စိတ်ထဲ၌ တာ့ဟွမ်မှာ သူ့မိတ်ဆွေ ဖြစ်ပေသည်။ တာ့ဟွမ် သေဆုံးသွားပြီးနောက် မိုဝူကျိက နှလုံးသားထဲ သိမ်းဆည်းထားလေ၏။

မိုဝူကျိက သက်ပြင်းချကာ

“ ငါ့တာအိုက သေမျိုး(လူသား) တာအိုပဲ  … ငါလည်း အစတုန်းက သေမျိုးတစ်ယောက်ပဲ။ အဲဒါကြောင့်မလို့ ငါ့လက်အောက်မှာ ကျင့်ကြံမယ်ဆိုရင် ငါတို့ သေမျိုး တာအိုအကြောင်း ထုတ်ပြောလို့ မရဘူး။ သူတို့တွေက မင်းကို အနိုင်ကျင့်နေတာ မဟုတ်ရင်  သာမာန်အခြေအနေအာက်မှာ ဘယ်လိုအရှုပ်အထွေးကြားမှ ဝင်မပါစေနဲ့ …. ”

“ ဟုတ်ကဲ့ပါ ” လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က အသီးသီး ပြန်တုံ့ပြန်လိုက်ကြသည်။

မိုဝူကျိက ဆက်ပြောလိုက်သည်  “ ငါက ကိုယ်ပိုင်တာအိုကို ဖန်တီးခဲ့တဲ့သူပဲ။ အဲကြောင့် ငါ့ကို  ဘိုးဘေးလို့ ယူဆလို့ ရတယ်။ ငါ့ဆီမှာ ဆရာ မရှိဘူး။ အဲကြောင့် မင်းတို့တွေမှာ အခြားမှီငြမ်းစရာ မရှိဘူး  ”

“ အဲဆို ဆရာ … ကျတော်နဲ့ စီနီယာအစ်မယင်ရှန်းတို့က ပထမဆုံး တပည့်တွေပေါ့ ” ဖူကျင့်ဖုန်းက ဘဝင်ခိုက်စွာ မေးလိုက်သည်။ လျန်ယင်ရှန်းကဲ့သို့ ကိုယ်ပိုင်တာအို ဖန်တီးခြင်း၏ ခက်ခဲမှု သဘောတရားအကြောင်း လုံးဝ မသိပေ။

All Chapters