← Chapters

နောင်တရမှာကို စိုးရိမ်မိတယ်

Vol. 49 Ch. 675

နောင်တရမှာကို စိုးရိမ်မိတယ်

Vol. 49 Ch. 675

မိုဝူကျိက  အသာပြုံးကာ

“ သဘောတရားအရဆိုရင် နှစ်ယောက်လုံးက ငါ့ဖင်းဖန်ဂိုဏ်းရဲ့ ပထမမျိုးဆက် တပည့်တွေပဲ။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ တပည့်တွေ ကျန်ခဲ့သေးတယ်။ သူတို့က  ဖန်ကျယ်၊ ဖန်ဝူနဲ့ လို့ယွဲ့ရွမ်းတို့ပဲ ….  တကယ်လို့ သူတို့ အင်မော်တယ်လောကဆီ ရောက်လာခဲ့မယ်ဆိုရင် မင်းတို့ ဂရုစိုက်ပေးဖို့ လိုတယ် ”

ဖန်မောင်နှမ၏ ပါရမီကား မဆိုးလှပေ။ လို့ယွဲ့ရွမ်းသည်လည်း အတူတူ ဖြစ်၏။ သို့သော်လည်း သူတို့၏ ပါရမီများက မည်မျှ ကောင်းနေစေကာမူ  လျန်ယင်ရှန်းတို့၊ ဖူကျင့်ဖုန်းတို့နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က သူ့ဘေးတွင် ရှိနေကာ သူ့ညွှန်ပြမှုများကို ခံယူနိုင်ပေသည်။ သူတို့အမြန်နှုန်းက အံ့ဖွယ် ဖြစ်နေသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့အပြင် ဤသည်က  အင်မော်တယ်လောက ဖြစ်ပေသည်။ ပါရမီချင်း နှိုင်းယှဉ်မကြည့်လျှင်ပင်  ကျင့်ကြံခြင်းလောကရှိ ဝိညာဉ်စွမ်းအားများက  အင်မော်တယ်လောက၏ ဝိညာဉ်စွမ်းအားကို  ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဟိုင်ယီနယ်မြေမှာ ကျင့်ကြံဖို့ရာ နေရာကောင်း တစ်ခုအဖြစ် ယူဆ၍ မရပေ။

“ ဟုတ်ကဲ့ ….” လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က ပြန်ဖြေလိုက်ကြသည်။

“ နောက်ဆုံး တစ်ခုက ငါ့ဆီမှာ အားကောင်းတဲ့ ရန်သူတွေ အများကြီးပဲ။ အဲကြောင့် ငါက မင်းတို့ဆရာဆိုတာ မပြောမိစေနဲ့။ အနည်းဆုံးတော့  ငါ ကိုယ်ပိုင်ဂိုဏ်း တည်ထောင်မပြီးမချင်းပေါ့  …” မိုဝူကျိက ညွှန်ကြားလိုက်သည်။

ဖူကျင့်ဖုန်းနှင့်် လျန်ယင်ရှန်းတို့က မွေးဖွားလာကတည်းမှ ငါးဖမ်းသမားများအဖြစ် လုပ်ကိုင်ခဲ့ရသည်။ သူတို့အနေနှင့် ကျင့်ကြံနိုင်၍ မောက်မာလာမည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျိ ညွှန်ကြားသော  ညွှန်ကြားချက်များမှာ ပုံမှန်သာ ဖြစ်၏။

“ ဆရာ အခုကျတော်တို့ ဘာလုပ်ကြမလဲ ” ဖူကျင့်ဖုန်းက မေးလိုက်သည်။

မိုဝူကျိက ချင့်ချိန်စဉ်းစားလိုက်ပြီး  “ ငါတို့တွေ သွေဖယ်ခြင်းရွာကနေ ထွက်သွားပြီးတော့ အဆုံးအစွန်ပင်လယ်ဆီ သွားကြမယ် ”

လျန်ယင်ရှန်းက မရေမရာ ထပ်မေးလိုက်သည်  “ အဆုံးအစွန်ပင်လယ်ထဲ ဘယ်လို ကျင့်ကြံအားထုတ်ကြမှာလဲဟင် ”

မိုဝူကျိက ရှင်းပြလိုက်သည်

“ ယူကျင့်ရှန်းက  ကျင့်ဝတ်ရှိတယ် ဆိုပေမဲ့လည်း ဦးလေးယူချန်းကို နေရာချထားပေးပြီးရင်   ငါနဲ့ ကျင့်ဖုန်းကို သတ်ဖို့ သူ့စီနီယာနဲ့အတူတူ ပြန်လာလိမ့်မယ်။ ငါ သူနဲ့ ဘာပြဿနာမှ မဖြစ်ချင်ဘူး။ အဲကြောင့် အရင်ဆုံး အဆုံးအစွန်ပင်လယ်ဆီ  သွားနေကြမယ်။  မင်းတို့နှစ်ယောက်လုံး ခိုင်မာတဲ့ အခြေခံရှိပြီဆိုမှ ပြန်လာကြမယ် …. ”

“ အဲဆို သူ ထပ်ပြန်လာရင်ရော  ” လျန်ယင်ရှန်းက စိုးရိမ်စွာ မေးလိုက်သည်။

“ စိတ်ပူစရာ မလိုဘူး။ သူတို့တွေ နောက်တစ်ခါ ပြန်လာမှာ မဟုတ်ဘူး ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။

သူ ပြောလိုက်သည့် အကြောင်းအရင်းမှာ ယူကျင့်ရှန်းက  နောက်တစ်ခေါက် ရောက်မလာတော့၍ မဟုတ်ဘဲ သူတို့ ထပ်လာလျှင် သူတို့ကို သတ်ပစ်လိုက်သည့်အတွက် သူ့ကို အပြစ်မတင်သင့်တော့ပေ။ သူက ယူကျင့်ရှန်းကို  သတ်မည် မဟုတ်ပေ။ ယူကျင့်ရှန်းကို သတ်ပစ်လိုက်ခြင်းက ယူချန်းကို သတ်ပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။ သို့သော်လည်း ယူကျင့်ရှန်း၏ တွဲဖက်ကိုတော့  သတ်ပစ်နိင်လေသည်။

လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က မိုဝူကျိ စကားများကို များများ မတွေးမိကြပေ။ ကျင့်ကြံသူများကြား ရှုပ်ထွေးလှသော ဆက်ဆံရေးများနှင့် ယှဉ်လျှင် သူတို့က အတော်လေး ဖြူစင်ပေ၏။

“ အရင်ဆုံး အဆုံးအစွန်ပင်လယ်ဆီ သွားကြရအောင် ” မိုဝူကျိက ထရပ်လိုက်သည်။

လေးနာရီအကြာတွင် မိုဝူကျိ ထင်ထားသည့်အတိုင်း ယူကျင့်ရှန်းနှင့်အတူတူ လာခဲ့သော ကျင်းရှန်းအဆင့် ကျင့်ကြံသူက သွေဖယ်ခြင်းရွာသို့ ပြန်ရောက်လာသည်။ သို့သော်လည်း မိုဝူကျိတို့က  အဆုံးအစွန်ပင်လယ်ထဲ ထွက်သွားပြီ ဖြစ်ရာ  ကျင်းရှန်းအဆင့် ကျင့်ကြံသူအား အိမ်အလွတ်ကသာ စောင့်ကြိုနေလေ၏။

……………

သူတို့တွေ အဆုံးအစွန်ပင်လယ်ထဲ ရောက်သည်နှင့် မိုဝူကျိက  လှေကို သိမ်းထားလိုက်သည်။ ထို့နောက် မိုဝူကျိက  လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့ကို သယ်ဆောင်လာဖို့ရာ အင်မော်တယ် သဘာဝစွမ်းအားများဖြင့် တိမ်တိုက်တစ်ခု ဖန်ဆင်းလိုက်ပြီး  ပင်လယ်နယ်မြေထဲ ပျံသန်းလာလိုက်သည်။

ဖူကျင့်ဖုန်းက အလွန်စိတ်လှုပ်ရှားနေမိသည်။ သူ့ဆရာလည်း ပျံသန်းနိုင်ပေသည်။ သူ ကျင့်ကြံပြီး အင်မော်တယ် တစ်ယောက် ဖြစ်လာသည့်အခါ  ငါးဖမ်းဖို့ရာ ပင်လယ်တစ်လျှောက် ပျံသန်းသွားလာနိုင်လေပြီ။ တကယ်တော့  အင်မော်တယ်တစ်ယောက် ဖြစ်လာပြီးနောက် ငါးဖမ်းဖို့ရာ မလိုအပ်ပေ။

မိုဝူကျိက  အမြန်နှုန်းကို မြင့်လိုက်သည်။ အမွေးတိုင်တစ်ဝက်စာအတွင်း သူက ဖူကျင့်ဖုန်းနှင့် လျန်ယင်ရှန်းတို့ကို ဝိညာဉ်သွေးကြောများ ရှိသည့် ပင်လယ်ကမ်းခြေဆီသို့ ခေါ်လာနိုင်လိုက်သည်။

“  အာ  ဘယ်နေရာကြီးလဲ … ဘာလို့ အဖြူရောင်ကျောက်တွေ အများကြီး ရှိနေတာလဲ။ ဒီနားလေး ရပ်နေတာကိုက သက်တောင့်သက်တာ ရှိလိုက်တာ ” ဖူကျင့်ဖုန်းက အင်မော်တယ်ကျောက် အဆီအနှစ်များနှင့် အင်မော်တယ် ဝိညာဉ်သွေးကြောကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူ့အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေပေ၏။

လျန်ယင်ရှန်းက ဖူကျင့်ဖုန်းထက် အတွေ့အကြုံများသောကြောင့် အင်မော်တယ်ကျောက်များကို ယခင်က မြင်တွေ့ဖူးပေသည်။ သို့သော် သူမက ဤနေရာသို့ ရောက်လာသည့်အခါ ပါးစပ်ဟောင်းလောင်း ဖြစ်သွားမိသည်။ အချိန်အတော်ကြာမှ သူမက မယုံကြည်နိုင်စွာဖြင့်

“ ဆရာ  ဒါက အင်မော်တယ်ကျောက်‌တွေနဲ့ ဒဏ္ဍာရီလာ အင်မော်တယ် ဝိညာဉ်သွေးကြောလား … ”

မိုဝူကျိက ခေါင်းညိတ်ကာ

“ ဟုတ်တယ် ဒါပေမဲ့ အင်မော်တယ်ကျောက်တွေ‌တော့ မဟုတ်ဘူး။ ဒါတွေက  ပိုသန့်စင်တဲ့ အင်မော်တယ် အဆီအနှစ်ကျောက်တွေပဲ။ ကျင့်ဖုန်း ပြောပြလို့ ဒီနေရာကို ရှာတွေ့ခဲ့တာ …..

နောင်ကျ ဒီနေရာမှာ ဂိုဏ်းတည်ထောင်မယ်။ ဂိုဏ်း မတည်ထောင်ခင်  ငါတို့တွေ ဒီနေရာမှာ ကျင့်ကြံကြမယ်။ ပြီးတော့ ငါက ဆေးလုံးဆရာ ဆိုတော့  ကျင့်ကြံခြင်း အထောက်အပံ့တွေနဲ့ ပတ်သတ်လာရင် ဂိုဏ်းကြီးက ဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေ၊ ပင်မတပည့်တွေတောင် မင်းတို့နှစ်ယောက်ကို  ယှဉ်နိုင်မှာ မဟုတ်ဘူး။  အဲဒါကြောင့် မင်းတို့အနာဂတ် အောင်မြင်မှုက မင်းတို့ပေါ် မူတည်နေတယ် ”

နှစ်ယောက်သား ဆေးလုံးဆရာက ဘာမှန်း မသိကြပေ။ သို့သော် သူတို့က ဂိုဏ်းချုပ်များထက်ပင်  ကျင့်ကြံရေး အထောက်အပံများ ရလိမ့်မည် ဖြစ်ကြောင်း ကြားသည့်အခါ နှစ်ယောက်လုံးတွင် ယုံကြည်ချက်များ ပြည့်နှက်လာသည်။

“ဆရာ  အဲဆို ကျတော်တို့ ဘယ်အချိန် စကျင့်ကြံအားထုတ်ကြမှာလဲ ” ဖူကျင့်ဖုန်းက စိတ်မရှည်စွာ မေးလိုက်သည်။

မိုဝူကျိက အစီအရင်အလံ ဆယ်ခုကို ဆွဲထုတ်ကာ အစီအရင်များ ခင်းကျင်းလိုက်သည်။ နှစ်နာရီအတွင်း မိုဝူကျိက ရပ်လိုက်သည်။ ထို့နောက် သူက လျန်ယင်ရှန်းကို ပြောလိုက်သည်

“ ယင်ရှန်းက အပြင်မှာ ခဏစောင့်ပေး … ကျင့်ဖုန်းကို ချီသွေးကြော ဖွင့်ဖို့ အရင်သင်ပေးလိုက်ဦးမယ် ”

ထို့နောက် သူက ဖူကျင့်ဖုန်းကို ဆွဲကာ အစီအရင်အတွင်း ဝင်လာလိုက်သည်။ လျှပ်စီးချက်များ ခုန်ပေါက်ကာ ကကြိုးသွယ်နေသည့် နေရာကို ညွှန်ပြကာ

“ အဲဒါက ငါ လုပ်ထားတဲ့ ချီသွေးကြော ဖွင့် လျှပ်စီးရေကန်ပဲ။ လျှပ်စီးရေကန်မှာ အဆင့်မြင့်ကနေ အဆင့်နိမ့်အထိ သုံးဆင့် ရှိတယ်။  ပထမ အဆင့်နိမ့် လျှပ်စီးရေကန်မှာ  မင်းအနေနဲ့ ချီသွေးကြော ၃၆ ကို ဖွင့်ပြီးသွားရင် အလယ်အလတ် လျှပ်စီးရေကန်ဆီ ဝင်လို့ ရပြီ။

ချီသွေးကြော ၇၂ ကို ဖွင့်ပြီးသွားရင် အဆင့်မြင့် လျှပ်စီးရေကန်ဆီ ဝင်လို့ ရပြီ။  မှတ်ထား လျှပ်စီးအင်အားက ပိုပိုပြီး အားကြီးလာတာဆိုတော့  ဘေးထောင့်ကနေ အလယ်ကို ဖြည်းဖြည်းချင်း ရွေ့သွားရမယ်။  မင်းအသက်ကို မဆုံးရှုံးစေဖို့ ဂရုစိုက် … ”

ထိုသို့ ရှင်းပြပြီးနောက် မိုဝူကျိက လက်ကို မြှောက်ကာ ဖူကျင့်ဖုန်း နဖူးအား ထိကာ စိတ်စွမ်းအားမှ တဆင့်   သူ့ချီသွေးကြော ဖွင့်ခြင်းနှင့် ဆိုင်သည့် အတွေ့အကြုံများနှင့်အတူ ကျင့်စဉ်နှင့် ကျင့်ကြံခြင်း ဗဟုသုတတချို့ကို ဖူကျင့်ဖုန်း စိတ်ထဲ  ကူးပြောင်းပေးလိုက်၏။

မိုဝူကျိက လက်ကို ရုတ်သိမ်းလိုက်သည့်အခါ ဖူကျင့်ဖုန်းက တုန်လှုပ်နေမိသည်။ သူ့ဆရာ စတင်ကျင့်ကြံစဉ်က သေခြင်း၊ ရှင်ခြင်းကြား ခဏတိုင်း ကူးလူးခဲ့ရကြောင်း  မတွေးမိခဲ့ပေ။ သူက သေမျိုးတာအို၏ ပထမအဆင့်မှာ ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားပေ။

မိုဝူကျိက  သူ့ဗဟုသုတများ ဖူကျင့်ဖုန်း စိတ်ထဲ စွဲထင်နေသည့်အထိ စောင့်ကာ

“ ဒါက  ငါ အရင်က လုပ်ခဲ့ရတာတွေပဲ။ မင်း ချီသွေးကြော ဖွင့်နိုင်၊ မဖွင့်နိုင်နဲ့  ချီသွေးကြော ဘယ်လောက် ဖွင့်နိုင်မလဲဆိုတာက မင်းအပေါ် မူတည်တယ်။ ငါလည်း မကူပေးနိုင်ဘူး။  တကယ်လို့ မင်းဆီမှာ  နည်းလမ်းကောင်းရှိရင်လည်း  စမ်းကြည့်လို့ ရတယ် ”

မိုဝူကျိက ဖူကျင့်ဖုန်းအား ချီသွေးကြော ကူမဖွင့်ပေးနိုင်၍ မဟုတ်ပေ။ သို့သော်  ထိုသို့လုပ်လိုက်ခြင်းက  ဖူကျင့်ဖုန်းအား သူ့တပည့်အဖြစ် လက်ခံသည့် အဓိကရည်ရွယ်ချက်အား ပျောက်ဆုံးသွားပေလိမ့်မည်။ မိုဝူကျိအမြင်အရ သူက ဖူကျင့်ဖုန်းအား လိုအပ်သည့်အရာများ ထောက်ပံ့ပေးထားပြီးပြီ ဖြစ်ရာ ဖူကျင့်ဖုန်းအနေနှင့် ချီသွေးကြော မဖွင့်နိုင်လျှင် ဖူကျင့်ဖုန်းက သေမျိုးတာအိုနှင့် မသင့်တော်ကြောင်း ဆိုလိုနေခြင်း ဖြစ်၏။ ဖူကျင့်ဖုန်းအတွက် ချီသွေးကြော အတင်းကျပ် ဖွင့်ပေးခြင်းက ဘာအဓိပ္ပါယ်မှ မရှိချေ။

မိုဝူကျိအနေဖြင့်  ဖူကျင့်ဖုန်းက ကျင့်ကြံရေး အထောက်အပံ့များအတွက် ဆက်တိုက် တိုက်ခိုက်နေရသော အဆင့်နိမ့် ကျင့်ကြံသူ ဖြစ်လာမည့်အစား  ဖူကျင့်ဖုန်းအား သေမျိုးတစ်ယောက်အနေနှင့်သာ အေးအေးချမ်းချမ်း နေစေချင်မိသည်။

“ ဆရာ စိတ်ချနေပါ … ကျတော် သေချာလုပ်ပါ့မယ် ” ဖူကျင့်ဖုန်းက အသက် ၁၁ ကတည်းမှ ပင်လယ်ထဲ  ငါးဖမ်းထွက်ခဲ့ရသည်။ သူကား အရူး မဟုတ်ပေ။ မိုဝူကျိ စကားနောက်မှ အဓိပ္ပါယ်ကို သေချာသိ၏။

“ ကောင်းတယ် ” မိုဝူကျိက ကျောက်စိမ်းပုလင်း ဆယ်ပုလင်း ထုတ်ကာ လျှပ်စီးရေကန်နားရှိ စားပွဲပေါ် တင်ပေးလိုက်သည်

“ ဒီကျောက်စိမ်းပုလင်းတွေက ငါရဲ့ ချီသွေးကြောဖွင့် ဆေးရည်ပဲ။ မင်း ပထမဆုံး ချီသွေးကြော ဖွင့်ပြီးတာနဲ့ အင်မော်တယ် မော်တယ်ကျင့်စဉ်ရဲ့ ပထမအဆင့်တချို့  မင်းစိတ်ထဲ ပေါ်လာလိမ့်မယ်။ မင်း စိတ်ဆန္ဒက ဒီလက်စွပ်ကို ဖွင့်ဖို့ အားကောင်းလာပြီဆိုရင် ကျင့်ကြံခြင်း ဆေးလုံးတွေ တွေ့လိမ့်မယ်။

ဆေးလုံးတွေရဲ့ အသုံးပြုပုံလည်း  လေးခုမြောက် ချီသွေးကြော ဖွင့်ပြီးသွားရင်  မင်းမှတ်ဉာဏ်ထဲ ပေါ်လာလိမ့်မယ်။ မင်း ကျင့်ကြံနေတုန်း ဆေးလုံး သုံးဖို့ မလိုရင် မသုံးတာက ပိုကောင်းတယ် … ”

မိုဝူကျိက စိတ်စွမ်းအားဖြင့် ကျင့်စဉ်နှင့် နည်းလမ်းများကို ဖူကျင့်ဖုန်း မှတ်ဉာဏ်ထဲ ထည့်ပေးထား၏။ ဖူကျင့်ဖုန်းက ချီသွေးကြောဖွင့်အဆင့် ၇ ကို ရောက်ရှိသွားသည်နှင့် မိုဝူကျိဆီမှ ဘာမှတ်ဉာဏ်မှ ကျန်ရှိနေတော့မည် မဟုတ်ပေ။ ထို့အစား မိုဝူကျိက ဖူကျင့်ဖုန်းအား  စာအုပ်များမှတဆင့် လေ့လာခိုင်းလိမ့်မည်။

ဖူကျင့်ဖုန်းက မြေပြင်ပေါ် ဒူးထောက်ကာ  “ ဆရာ ကျတော် သေချာပေါက် ဖြစ်အောင် ကြိုးစားပါ့မယ် ”

မိုဝူကျိက ခေါင်းညိတ်လိုက်ပြီးနောက် အဆာခံဆေးလုံးတချို့ထုတ်ကာ စားပွဲပေါ် တင်ပေးလိုက်ပြီး

“ မင်း ဗိုက်ဆာလာရင် ဆေးလုံးတလုံးစီ စားပေး။ မင်း ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ မင်းအပေါ် မူတည်နေပြီ … ”

အရာအားလုံးကို လက်ဆင့်ကမ်းပြီးနောက် မိုဝူကျိက လျှပ်စီး အစီအရင်မှ ထွက်လာလိုက်သည်။ သူက သေမျိုးတပည့် တစ်ခါမှ လက်မခံဖူးသေးပေ။ ဖူကျင့်ဖုန်းက သူ့အပြင် ချီသွေးကြော ဖွင့်မည့် ဒုတိယလူ ဖြစ်ပေသည်။ ဖူကျင့်ဖုန်း အောင်မြင်မည်၊ မအောင်မြင်မည်ကို  သူပင် မသိပေ။

“ ဆရာ ကျင့်ဖုန်းက စပြီး  ကျင့်ကြံနေပြီလား ” မိုဝူကျိ ထွက်လာသည်နှင့် လျန်ယင်ရှန်းက မြန်မြန် မေးလိုက်သည်။

မိုဝူကျိက လက်ခါကာ

“ ကျင့်ဖုန်းမှာ ဝိညာဉ်ကြော မရှိဘူးလေ။ အဲကြောင့် ကျင့်ကြံလို့ မရသေးဘူး။ အရင်ဆုံး ချီသွေးကြော ဖွင့်ဖို့ လိုအပ်တယ်။  သူ ကျင့်ကြံနိုင်၊ မကျင့်ကြံနိုင်က သူ့အပေါ် မူတည်နေတယ်။ မင်းရဲ့ အခြေအနေက ကျင့်ဖုန်းထက် တော်တော် ရှုပ်ထွေးတယ်။ ဘေးသွားကြစို့  …. မင်းကို သေချာအသေးစိတ် ရှင်းပြပေးမယ် ”

………………

ဖူကျင့်ဖုန်း ကျင့်ကြံသည့် နေရာနှင့် မီတာထောင်ချီ ကွာဝေးသည့်နေရာတွင် မိုဝူကျိက နောက်ထပ် ကာကွယ်‌ရေး အစီအရင် ခင်းကျင်းလိုက်ပြီး လျန်ယင်ရှန်းအား ခေါ်လာလိုက်သည်။

မိုဝူကျိက ဧရာမ အခင်းကို ထုတ်ကာ  လျန်ယင်ရှန်းအား ထိုင်ရန် လက်ဟန်ပြလိုက်၏။

လျန်ယင်ရှန်း ထိုင်ပြီးသည့်နောက် မိုဝူကျိက ပြောလိုက်သည်  “ ယင်ရှန်း မင်းကို ငါ့တပည့်အဖြစ် လက်ခံပြီးပြီဆိုတော့ တစ်ခု ပြောစရာ ရှိတယ် ”

“ ဆရာ ပြောပါ ….” ထိုစဉ် လျန်ယင်ရှန်းက မိုဝူကျိနှင့် ပတ်သတ်၍ ဘာစည်းမှ မထားတော့ပေ။ သူမက အဆုံးအစွန်မြို့သို့ ခဏတိုင်း သွားလေ့ ရှိ၏။ သူမ ဆရာက သူမကို ကျင့်ကြံဖို့ရာ သင်မပေးလျှင်ပင် သူမအနေနှင့်  ဤနေရာသို့ ခေါ်လာသည့် အကြောင်းကို မည်သို့ မသိဘဲ နေမည်နည်း။

ဤနေရာမှာ ကျင့်ကြံခြင်းအတွက် တော်ဝင်မြေ ဖြစ်ပေသည်။ အခြားသော အင်မော်တယ်များက ဤနေရာကို  သူတို့အတွက် လျို့ဝှက်ထားကြဖို့ မစောင့်နိုင် ဖြစ်နေမည် ဖြစ်ကာ  သူမဆရာက သူမနှင့် ကျင့်ဖုန်းကို ဤနေရာအထိ ခေါ်လာသေးပေ၏။

သူမဆရာက ဤနေရာအထိ ခေါ်လာသောကြောင့်  သူမအတွေးများမှာ မှန်ကန်ကြောင်း သိလိုက်သည်။ ဆရာက ကျင့်ဖုန်းနှင့် သူမအား မိသားစုလို သဘောထားပေ၏။

မိုဝူကျိက အတွေးများကို စုစည်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်  “ ယင်ရှန်း …. မင်းက ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက် ပြန်လည်ဝင်စားတာဆိုပြီး သံသယဝင်မိနေတာ။ မင်းရဲ့ စိတ်နန်းတော်ထဲမှာ ပုန်းကွယ်နေတဲ့  အလွန်အားကောင်းတဲ့ ကျင့်ကြံခြင်းတွေ ရှိနေတယ် ”

“ အာ  ” လျန်ယင်ရှန်းက မိုဝူကျိအား ကြည့်ကာ  “ ဆရာ  … ကျမ   ”

မိုဝူကျိက လျန်ယင်ရှန်းအား တိတ်တိတ်နေဖို့ရာ အချက်ပြလိုက်ပြီး ဆက်ပြောလိုက်သည်

“  မင်း အခုအချိန်မှာတော့ သိဦးမှာ မဟုတ်ပေမဲ့ စိုးရိမ်နေဖို့ မလိုဘူး။ တစ်ဖက်မှာကျ မင်းသာ ရှေးဟောင်းကျင့်ကြံသူ ပြန်လည်ဝင်စားတာ ဖြစ်နေခဲ့ရင် မင်းအနေနဲ့ ငါ့တပည့်အဖြစ် ဝင်ခဲ့မိလို့   နောင်တရလာနိုင်တယ်။

အဲဒါကြောင့် ဒီအကြောင်းကို ပြန်ပြောနေတာ ။ တကယ်လို့ မင်းက  ငါ့ကို ဆရာအဖြစ် မသတ်မှတ်ရင်တောင် မင်းကို ဘယ်လို ကျင့်ကြံရမယ်ဆိုတာ သင်ပေးမှာပါ ”

လျန်ယင်ရှန်းက ပြန်လည် တည်ငြိမ်လာရန် အတော်ကြာမြင့်လိုက်သည်။ သူမ မျက်လုံးများက တောက်ပလာပြီး နှုတ်ခမ်းက အပြုံးတစ်ခု တွန့်ချိုးသွားကာ  “ ဆရာ  ကျမ နောင်တရမှာကို တကယ်စိုးရိမ်မိတယ် …. ”

မိုဝူကျိလည်း ကြောင်သွားသည်။ သူက ထိုသို့ ပြောလိုက်သော်လည်း လျန်ယင်ရှန်းအနေနှင့် နောင်တမရကြောင်း သေချာသိနေသည်။ သူက ကြိုတင်ကာကွယ်မှုအဖြစ် ပြောလိုက်ခြင်းသာ ဖြစ်ပြီး  သူမ မှတ်ဉာဏ်များ ပြန်လည် ရရှိပြီးနောက် သူ့ကို မုန်းတီးမသွားစေရန် သေချာအောင် လုပ်ထားခြင်း ဖြစ်၏။ ထင်မှတ်မထားသည်မှာ လျန်ယင်ရှန်းက နောင်တရလိမ့်မည် ဖြစ်ကြောင်း ပြောလာခြင်း ဖြစ်ပေသည်။ သူက ဘာပြန်ပြောရမှန်း သင့်တော်သည့် စကားလုံးကို မသိတော့ပေ။

All Chapters