← Chapters

ပြောင်းပြန်လှန်ခြင်း

Vol. 58 Ch. 795

ပြောင်းပြန်လှန်ခြင်း

Vol. 58 Ch. 795

ရွှေရေကန်တပ်ရင်း ခေါင်းဆောင်ကြီး ထိုသို့ အမိန့်ပေးလိုက်သောအခါ မြေပြင်ကြီးမှာ တုန်ရီသွားသည်။ ထို့နောက် မြေပြင်ထဲမှ အလင်းတန်းပေါင်းမြောက်မြားစွာ ပေါ်ထွက်လာပြီး ဧရာမပုစဥ်းကြီးတစ်ကောင်မှာ အသံကုန်အော်ဟစ်မြည်တမ်းကာ မြေကြီးအောက်မှ ထိုးထွက်လာတော့သည်။

ထိုပုစဉ်းကြီးမှာ ပေသုံးသောင်းကျော် ရှည်လျားပြီး ဓမ္မစစ်သင်္ဘောတစ်စင်းလောက် အစွမ်းမထက်ပါသော်လည်း သာမန် စစ်သင်္ဘောတစ်စင်းထက် အများကြီးပို၍ အစွမ်းထက်သည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်း၏ စွမ်းအားများမှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင် ရှိနေပြီး ထာဝရဝိညာဉ်အဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေ၏။ ၎င်း ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် စစ်မြေပြင်ကြီးထဲမှ လူတိုင်းမှာ ၎င်းအား ချက်ချင်းသတိထားမိသွားကြတော့သည်။

၎င်းမှာ ရွှေရေကန်တပ်ရင်း၏ ဝှက်ဖဲဖြစ်ပေသည်။ သူတို့မှာ နှစ်ပေါင်းများစွာတိုင်အောင် ရေဘဝဲစိမ်းတပ်ရင်းဆီမှ ကူညီထောက်ပံ့မှုများကို ရယူကာ ထိုလက်နက်ကြီးအား တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းမှာ ဓမ္မစစ်သင်္ဘောတစ်စင်း၏ တစ်ဝက်နီးပါး အစွမ်းထက်ပေသည်။ အမှန်အတိုင်းဆိုရလျှင် သူတို့မှာ အဓိကကုန်ကြမ်းပစ္စည်းအချို့ လိုအပ်နေသေးသောကြောင့်သာ ၎င်းအား ‌ဓမ္မစစ်သင်္ဘောအစစ်တစ်စင်းအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်း မရှိသေးဘဲ ဤ ပုစဉ်းကြီးအဖြစ်နှင့်သာ ကျေနပ်နေရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုသားရဲကြီးနှင့် ရေဘဝဲစိမ်းတပ်ရင်းမှ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့်သာဆိုလျှင် ထိုတပ်ရင်းနှစ်ခုမှာ မည်သည့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုမဆို ဖိနှိပ်ချုပ်တည်းနိုင်သည့် စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေမည်သာဖြစ်သည်။

ဓမ္မစစ်သင်္ဘောကြီးများမှာ အလွန်အင်မတန်မှ

ရှားပါးကြသည် မဟုတ်ပါလော။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးထဲတွင်ပင် ထို စစ်သင်္ဘောကြီးများမှာ အစင်းတစ်ရာ မပြည့်ပေ။ နဂါးနက်တပ်ရင်းပင်လျှင် တစ်စင်းမျှ ပိုင်ဆိုင်ထားခြင်းမရှိချေ။ သို့ဖြစ်ရာ ရွှေရေကန်တပ်ရင်းမှာ ဤ ပုစဉ်းကြီးကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူတို့မှာ မည်မျှအထိ ချမ်းသာကြွယ်ဝပြီး အစွမ်းထက်ကြောင်းကို သိရှိနိုင်ပေသည်။

ထို ပုစဉ်းကြီး၏ ပေါ်ပေါက်လာမှုကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ယောက်ယက်ခတ်သွားရသည်။ ‌၎င်းမှာ တောင်ပံများကို ခတ်လိုက်ရုံနှင့် စစ်မြေပြင်ထဲ၌ လေပြင်းများ တိုက်ခတ်လာသောကြောင့် ဝမ်ပေါင်လဲ့နှင့် သူ၏ ပတ်ပတ်လည်ရှိ စစ်သင်္ဘောကြီးများမှာ တုန်ရီသွားရ၏။ ထို့ကြောင့် ထိုစစ်သင်္ဘောကြီးများမှာ သတ်မှတ်ထားသည့် အချိန်မတိုင်ခင် ပေါက်ကွဲတော့မည်ပုံ ပေါ်လာတော့သည်။

" ဒါပဲကွ " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး နှလုံးသားထဲ၌ ပြင်းပြသော ဆန္ဒတစ်ခု ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် အတတ်နိုင်ဆုံး ကြိုးစားကာ ခံစားချက်များကို မျိုသိပ်ထားလိုက်ရသည်။

မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် ဓားပျံလေးကိုကြည့်လျှင် ရေဘဝဲစိမ်းတပ်ရင်းမှာ ဤ တိုက်ပွဲကြီးထဲ၌ ပါဝင်ပတ်သက်နေပြီဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုဓားပျံလေးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များအား အာရုံခံမိခဲ့ပြီး ၎င်းတို့မှာ ရီနျှန်ကျစ်၏ အငွေ့အသက်များဖြစ်ကြောင်း ယုံကြည်နေ၏။

ထို့ကြောင့် သူသည် သေသေချာချာ ပြင်ဆင်ပြီးမှ လှုပ်ရှားရန် လိုအပ်ပေသည်။ အကယ်၍ သူ၏ အစီအစဉ်သာ ပျက်ပြားသွားမည်ဆိုပါက သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးမှာ သဲထဲရေသွန် ဖြစ်သွားရမည်မဟုတ်ပါလော။

" သူက တိုက်ကွက်တစ်ကွက်ပဲ ထုတ်လွှတ်ခဲ့ပြီးတော့ ဒီတိုက်ပွဲကြီးကို တားဆီးနိုင်ဖို့ ကြိုးစားတာမျိုး မရှိသေး‌ဘူး။ အဲတာဆိုရင် ငါ့ရဲ့ ခန့်မှန်းချက်က မှန်သွားပြီ။ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ သတိပေးစကားတွေနဲ့ ငါ ရာထူးအဆင့်အတန်း မြင့်လာတဲ့ အချက်ကြောင့် ရေဘဝဲစိမ်းတပ်ရင်းက ငါ့ကို အစွမ်းကုန်ထုတ်ပြီးတော့ တိုက်ခိုက်ချင်ရင် ကြုံတွေ့ရနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထည့်စဥ်းစားမှရတော့မှာ "

" သူ ဒီနေရာကို ရောက်နေတာက ငါ့ကို ခြိမ်းခြောက်ချင်လို့ပဲ ဖြစ်ရမယ်။ ပြီးတော့ သူက ဒီ တိုက်ပွဲကြီးထဲမှာ ဝင်တိုက်ခိုက်နိုင်ဖို့ အကြောင်းပြချက်တစ်ခုခု ရှာနေတာ ဖြစ်လောက်တယ် "

" ဒါက ရွှေရေကန်တပ်ရင်းနဲ့ ငါ့ရဲ့ကြားက တိုက်ပွဲ ဖြစ်နေတဲ့အပြင် သူက ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာလေ။ အဲတာမလို့ သူ ဒီတိုက်ပွဲထဲမှာ ဝင်တိုက်ရင် နာမည်ပျက်သွားမှာပေါ့။ ပြီးရင် တခြားလူတွေကိုလည်း အလွယ်တကူ ရှင်းပြနိုင်တော့မှာမဟုတ်ဘူး.... " ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ စဉ်းစားတွေးတောလိုက်ပြီးနောက် တိုက်ပွဲအစတုန်းက ရွှေရေကန်တပ်ရင်း သူတို့ကိုယ်သူ ခုခံကာကွယ်ရန်သာ ဆုံးဖြတ်ခဲ့သည့် အချက်ကို နားလည်သွားတော့သည်။

" သူတို့က အနိုင်ကျင့်ခံနေရတဲ့ပုံစံ ဟန်ဆောင်ပြီးတော့ ငါ့ရဲ့ နတ်ဘုရား တရားမျှတမှုဒိုင်းကာက ဘယ်လောက်အထိ အစွမ်းထက်နေသလဲဆိုတာကို လူတွေသိအောင် ပြချင်နေတာပဲ။ အဲတာမှ သူတို့က ရီနျှန်ကျစ် ဒီတိုက်ပွဲထဲမှာ ဝင်တိုက်ခွင့်ရဖို့အတွက် အကြောင်းပြချက်တစ်ခု ရှာနိုင်မှာလေ။ စိတ်မကောင်းစရာ အချက်က သူတို့က ငါ့ရဲ့ စစ်သင်္ဘောကြီးတွေရဲ့ အစွမ်းကို လျှော့တွက်ခဲ့တာပဲကွ... " ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးအား အလျင်အမြန် အကဲဖြတ်သုံးသပ်လိုက်ပြီး‌နောက် မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် ပုစဉ်းကြီးအား လှမ်းကြည့်လိုက်သည်။ ၎င်းမှာ အကာအရံတစ်ခုကို ဖန်တီးထားပြီး သူနှင့် ခပ်ဝေးဝေးတွင် ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ သူနှင့် ၎င်း၏ကြားမှ အကွာအဝေးကို တွက်ချက်လိုက်ပြီးနောက် အံကြိတ်လိုက်၏။ ထို့နောက် သူသည် မကျေမချမ်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။

ထိုအခါ သူ၏ပတ်ပတ်လည်တွင် ရှိနေသည့် စစ်သင်္ဘောကြီးများမှာ ရွှေရေကန်တပ်ရင်းဆီသို့ ဆက်လက်ဦးတည်သွားနေခြင်း မရှိတော့ဘဲ နောက်သို့ ပြန််လည်ဆုတ်ခွာသွားကြပြီး ခပ်လှမ်းလှမ်းရှိ အက်ကွဲကြောင်းကြီးဆီသို့ ဦးတည်သွားတော့သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ သူသည် ပုစဉ်းကြီးကို မြင်လိုက်ရသဖြင့် အရှုံးပေးလိုက်ခြင်းဖြစ်ကြောင်း မှတ်ယူလိုက်ကြမည်သာ ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘော အမြောက်အမြားများမှာ ပျက်စီးသွားပြီဖြစ်ရာ သူသည် အများကြီး ထိခိုက်နစ်နာဆုံးရှုံးလိုက်ရပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ သူ နောက်သို့ဆုတ်ခွာသွားရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းမှာ အထူးတဆန်းမဟုတ်ပေ။

ထို့အပြင် သူသည် နတ်ဘုရားတရားတမှုဒိုင်းကာအား လုံးဝ အသုံးမပြုရသေးပေ။ သို့ဖြစ်ရာ ရွှေရေကန်တပ်ရင်း၏ ခေါင်းဆောင်ကြီးများမှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သတိထားမိလာကြတော့သည်။ လုံနန်ကျစ်မှာ ယခုလိုဖြစ်လာအောင် တမင်လုပ်နေခြင်းဖြစ်ကြောင်း သူတို့က သိလိုက်ရ၏။ သူသည် ရေဘဝဲစိမ်းတပ်ရင်းအား ဤ တိုက်ပွဲကြီးထဲသို့ ဝင်ရောက်တိုက်ခိုက်နိုင်မည့် အကြောင်းပြချက်တစ်ခုခုပေးရန် စိတ်ကူးလုံးဝမရှိပေ။

" ဉာဏ်များ‌လိုက်တဲ့ကောင် "

" ထွက်ပြေးဖို့ကြိုးစားနေတယ်ပေါ့ "

" ရွှေရေကန်တပ်ရင်းက သူ စိတ်ထဲရှိတဲ့အတိုင်း ဝင်ထွက်သွားလာလို့ရတဲ့ နေရာလို့များ သူက ထင်နေတာလား " ဝမ်ပေါင်လဲ့ နောက်သို့ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ရွှေရေကန်တပ်ရင်း ခေါင်းဆောင်ကြီးများမှာ အသံလွှင့်အကြောင်းကြားစာများမှတစ်ဆင့် အမိန့်တစ်ခု ချက်ချင်းထုတ်ပြန်လိုက်တော့သည်။ ထို့ကြောင့် ရွှေရေကန်တပ်ရင်း စစ်သင်္ဘောတပ်ကြီးနှင့် ဧရာမပုစဉ်းကြီးတို့မှာ ရှေ့သို့ ရွေ့လျားသွားကြပြီး ဝမ်ပေါင်လဲ့အား စတင် လိုက်လံဖမ်းဆီးနေလိုက်တော့သည်။

အစတွင် ရီနျှန်ကျစ်မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရပြီး စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာရ၏။ သူသည် ရွှေရေကန်တပ်ရင်းအား တားဆီးချင်ပါသော်လည်း မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ စိုးရိမ်ပူပန်နေမှန်း မသိနိုင်လောက်အောင် ဖြစ်နေရသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အမြန်ဆုံးနည်းဖြင့် ထွက်ပြေးနေသေးသည်ဖြစ်ရာ အကယ်၍ သူသာ သူတို့လက်ထဲမှ လွတ်သွားမည်သာမည်ဆိုလျှင်... သို့ဖြစ်ရာ သူသည် သူ့အား ထွက်ပြေးလွတ်မြောက်ခွင့် လုံးဝမပေးလိုပေ။

ထို့ကြောင့်လည်း သူသည် စစချင်းတွင် တွေဝေတုံ့ဆိုင်းသွားရသည့်တိုင်အောင် ရွှေရေကန်တပ်ရင်းအား တားဆီးခဲ့ခြင်းမရှိပေ။

ထိုသို့ဖြင့် ရွှေရေကန်ဂြိုဟ်၏ ပတ်ပတ်လည်ရှိ အာကာသကြီးထဲ၌ စိန်ပြေးလိုက်တမ်းကစားပွဲတစ်ပွဲ ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေကြသည် စစ်သင်္ဘောကြီးများမှာ တစ်စင်းပြီးတစ်စင်း အဆက်မပြတ် ပေါက်ကွဲနေကြသောကြောင့် အာကာသထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်နေတော့သည်။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏မျက်ဝန်းများထဲတွင်လည်း စိုးရိမ်စိတ်များနှင့် အမျက်ဒေါသများကို အထင်သားမြင်နိုင်ပေသည်။ သူသည် စစ်သင်္ဘောကြီးများကို တစ်စင်းပြီးတစ်စင်း ထုတ်ယူကာ ၎င်းတို့အား သူ၏နောက်သို့ လှမ်းပစ်၍ ဖောက်ခွဲပစ်လိုက်ပြီးနောက် သူ့အား လိုက်လံဖမ်းဆီးနေသည့် လူများကို နှောင့်နှေးကြန့်ကြာသွားအောင် ပြုလုပ်ခဲ့၏။

သို့သော် ထို လုပ်ရပ်များမှာ အလုပ်မဖြစ်ပေ။ ဧရာမ ရွှေရေကန်တပ်ရင်းကြီး၏ မရပ်မနား လိုက်လံဖမ်းဆီးမှုများကြောင့် သူ၏ သူ၏ ကြိုးစားအားထုတ်မှုများမှာ တဖြည်းဖြည်းနှင့် အားလျော့လာရသည်သာ ဖြစ်သည်။ ဓမ္မတစ်ပိုင်းစစ်သင်္ဘောတစ်စင်းနည်းတူ အစွမ်းထက်သည့် ပုစဉ်းကြီးမှာ ရှေ့ဆုံးမှဦးဆောင်၍ သူ့အား လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။ ၎င်း ပျံသန်းသွားရာ လမ်းတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်သွား‌သောကြောင့် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများမှာ အသက်ရှူကြိမ် ငါးကြိမ်ပင်မခံလိုက်ပဲ အစိတ်စိတ်အမြွှာမြွှာ ‌ကြေမွပျက်စီးသွားကြတော့သည်။

" ရွှေရေကန်တပ်ရင်း။ ခဗျားတို့တွေ တရားလွန်သွားပြီနော်။ ကျုပ်က တိုက်ပွဲထဲကနေ ထွက်ပြေးလာတာကို ခင်ဗျားတို့က ဒီနေရာအထိ လိုက်ဖမ်းနေစရာ လိုလို့လား " ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။ သူသည် စစ်မြေပြင်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ကြေမွပျက်စီးသွားကြပြီဖြစ်သော စစ်သင်္ဘောပေါင်း မြောက်မြားစွာအား မြင်လိုက်ရသွားသောအခါ စိတ်ထဲတွင်ကျိတ်၍ ပျော်ရွှင်ကျေနပ်နေတော့သည်။ သူသည် ပုစဉ်းကြီးနှင့် ၎င်းရှိနေသည့် တည်နေရာအား အမြဲမပြတ် စောင့်ကြည့်နေ၏။ သူသည် သူကိုယ်သူ ငါးစာအဖြစ် အသုံးချကာ ထိုသားရဲကြီး၏ အာရုံကို ဖမ်းစားနိုင်ရန် ကြိုးစားရင်း သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် စစ်သင်္ဘောပျက်ကြီးများ၏ အကျိုးအပဲ့၊ အပိုင်းအစများအား ထိန်းချုပ်နေလိုက်သည်။ ထို့ကြောင့် ထိုအပိုင်းအစများ ထို ပုစဉ်းကြီးဆီသို့ မျောလွင့်သွားကြသည်ကို မည်သူကမှ သတိမထားမိခဲ့ပေ။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ဖြည်းဖြည်းချင်း ပြင်ဆင်နေရင်း ထိုပုစဉ်းကြီးမှာ သူစီစဉ်ထားသည့် နေရာဆီသို့ ရောက်ရှိလာတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အူမြူးနေသည့် မျက်နှာအမူအရာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ သိုလှောက်လက်ကောက်ထဲ၌ သိမ်းဆည်းထားသည့် နောက်ဆုံး စစ်သင်္ဘော အစင်းတစ်ရာအား ထုတ်ယူကာ အော်ဟစ်လိုက်တော့သည်။

" ငါ့ကို သွေးတိုးလာမစမ်းနဲ့နော် "

သူ၏ အော်ဟစ်သံကြီးမှာ အထူးတလည် ကျယ်လောင်နေခြင်းတော့ မရှိပေ။ သူ ထုတ်ယူလိုက်သည့် နောက်ဆုံး စစ်သင်္ဘော အစင်းတစ်ရာမှာမူ ပုစဉ်းကြီး၏ တောင်ပံခတ်သံများ၏ အောက်တွင် အချိန်မရွေး ပေါက်ကွဲသွားတော့မည့်ပုံ ပေါက်နေတော့သည်။

ထိုအချိန်တွင် ရီနျှန်ကျစ်မှာ မျက်လုံးများပြူးသွား၏။ သူသည် အာရုံအပြည့်စိုက်ကာ ထိုတိုက်ပွဲကြီးအား တစ်ချိန်လုံး အကဲခတ်ကြည့်ရှုနေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုအခိုက်အတန့်တွင် သူသည် မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။

" တစ်ခုခုတော့ လွဲနေပြီ။ စစ်သင်္ဘောပျက်ကြီးတွေရဲ့ အကျိုးအပဲ့ အပိုင်းအစတွေက ရွေ့လျားနေတာပါလား။ အပေါ်ယံမှာ လုံနန်ကျစ်က ထွက်ပြေးနေတဲ့ပုံ ပေါ်ပေမဲ့ တကယ်တမ်း သူက ပုစဉ်းကြီးကို စစ်သင်္ဘော အကျိုးအပဲ့၊ အပိုင်းအစတွေဆီ မျှားခေါ်သွားနေတာပဲ "

" ရွှေရေကန်တပ်ရင်း။ သူ့နောက်ကို မလိုက်နဲ့တော့။ ပုစဉ်းကြီးကို စစ်သင်္ဘောပျက်ကြီးတွေရဲ့ အကျိုးအပဲ့၊ အပိုင်းအစတွေရဲ့ အဝေးကိုရောက်အောင် ပို့လိုက် " ရီနျှန်ကျစ်မှာ အသက်ရှူသံများမြန်ဆန်လာပြီး သူ၏ အထိတ်တလန့်ဖြစ်နေသည့် စကားသံကြီးမှာ စစ်မြေပြင်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းကာ ကြယ်တာရာများ၏ကြား၌ ပေါ်ပေါက်လာပြီး စစ်မြေပြင်ဆီသို့ ဦးတည်သွားလိုက်၏။

သို့သော် သူသည် နောက်ကျသွားခဲ့ပြီဖြစ်သည်။

ရွှေရေကန်တပ်ရင်း သူ၏အမိန့်ကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ ရပ်တန့်သွားချိန်တွင် တစ်ချိန်လုံး ထွက်ပြေးနေခဲ့သည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို နောက်သို့ လှည့်လာ၏။ သူသည် မျက်ဝန်းများ အရောင်တောက်ပနေပြီး ဆံပင်များမှာလည်း လေထဲ၌ တလူလူလွင့်နေပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် လက်နှစ်ဖက်စလုံးကို မြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် အသံကုန် အော်ဟစ်လိုက်တော့သည်။

" ကပ်ပါးကောင်တွေ၊ သွားကြစမ်း "

ထိုအခါ စစ်သင်္ဘောပျက်ကြီးများ၏ အကျိုးအပဲ့၊ အပိုင်းအစများဆီမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ ထို အကျိုးအပဲ့၊ အပိုင်းအစများမှာ ပုစဉ်းကြီး၏ လက်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည့် စစ်သင်္ဘော အစင်းရေငါးရာ၏ အစိတ်အပိုင်းများ မဟုတ်ပါလော။ မကြာသေးမီတုန်းက ၎င်းတို့မှာ အသက်မဲ့ကာ မလှုပ်မယှက် ရပ်နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ အော်ဟစ်သံကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့မှာ အသက်ဝင်လာကြ၏။ ထို့နောက် ၎င်းတို့မှာ ကိုယ်ပိုင်အသိစိတ်တစ်ခု ပိုင်ဆိုင်သွားသကဲ့သို့ ဖြစ်သွားပြီး ပုစဉ်းကြီးဆီသို့ အရှိန်အဟုန်ဖြစ် ဦးတည်သွားကြတော့သည်။

စစ်မြေပြင်ကြီးထဲ၌ အကျိုးအပဲ့၊ အပိုင်းအစများအဖြစ် ပြန့်ကျဲနေခဲ့သည့် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောပျက်ကြီးများမှာလည်း ထိုနည်းတူပင်။ ၎င်းတို့ထဲမှ တစ်ဝက်တိတိမှာ ခရမ်းရောင် အလင်းရောင်များဖြင့် တောက်ပလာကြ၏။ ထို့နောက် ၎င်းတို့မှာ အသက်ဝင်လာကြပြီး ဆာလောင်မွတ်သိပ်နေသည့် ပြိတ္တာကြီးများကဲ့သို့ ပုစဉ်းကြီးအား ခုန်အုပ်လိုက်ကြတော့သည်။

ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။ ထိုအကျိုးအပဲ့၊ အပိုင်းအစများအားလုံးမှာ ခရမ်းရောင် အလင်းရောင်များ ထုတ်လွှတ်ကာ ရုတ်ခြည်းဆိုသလို သက်ဝင်လှုပ်ရှားလာကြသည်ဖြစ်ရာ မည်သူကမှ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်းမရှိပေ။ ထို ခရမ်းရောင်အလင်းရောင်များမှာ ထူးဆန်းသောစွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ နောက်ဆုံးတွင် အရောင်တလက်လက် တောက်ပနေသည့် ထို အကျိုးအပဲ့၊ အပိုင်းအစများမှာ ပုစဉ်းကြီးပေါ်၌ တစ်လွှာပြီးတစ်လွှာ ထပ်သွားကြပြီး ၎င်းနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။ ၎င်းတို့မှာ ထိုပုစဉ်းကြီးပေါ်၌ ကပ်ပါးကောင်များအဖြစ် တွယ်ကပ်သွားကြပြီဖြစ်သည်။

ဓမ္မစစ်သင်္ဘောများမှာ သက်ရှိတစ်မျိုး ဖြစ်ပေသည်။ ထို့ကြောင့်လည်း ၎င်းတို့မှာ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။ ထိုအခိုက်အတန့်တွင် ပုစဉ်းကြီးမှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။ ၎င်းမှာ သွေးပျက်လုမတတ် ထိတ်လန့်ကြောက်ရွံ့ကာ နာကျင်မှုများ ခံစားနေရသည့်ပုံပင်။ ထိုသားရဲကြီးပေါ်၌ ကပ်တွယ်နေသည့် အကျိုးအပဲ့၊ အပိုင်းအစများမှာ အလွန်အင်မတန်မှ များပြားလွန်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ တစ်ခဏမျှသာ အော်ဟစ်နိုင်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွား၏။ အကျိုးအပဲ့၊ အပိုင်းအစပေါင်း မြောက်မြားစွာမှာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီးနောက် ၎င်း၏ ပုံသဏ္ဍာန်အား ပြောင်းလဲပေးလိုက်ပြီဖြစ်သည်။

ထို့ကြောင့် ၎င်းမှာ ပုစဉ်းတစ်ကောင်နှင့် မတူတော့ဘဲ ဧရာမ ကျိုင်းကောင်ကြီးတစ်ကောင်နှင့် တူနေပြီ ဖြစ်သည်။

၎င်း၏ နီမြန်းနေသော မျက်ဝန်များမှာ ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ ဆွံ့အမှင်တက်ကာ ပင့်သက်များရှိုက်နေကြသည့် ရွှေရေကန်တပ်ရင်းမှ အဖွဲ့သားများနှင့် ယခုလေးတင်မှ စစ်မြေပြင်ထဲသို့ ရောက်ရှိလာသည့် ရီနျှန်ကျစ်အား လှည့်ကြည့်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။

ထိုအော်သံကြီးမှာ အာကာသထဲ၌ ပဲ့တင်ထပ်သွားပြီး စစ်မြေပြင်ကြီးအား တုန်ရီသွားစေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ယခင်တုန်းထက် ပို၍ အားကောင်းလာသည့်ပုံပင်။ အကယ်၍ ၎င်းသာ ယခုချက်ချင်း ပေါက်ကွဲသွားမည်ဆိုပါက ထိုပေါက်ကွဲမှုပြင်းအားမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေလောက်ပေသည်။

ရွှေရေကန်တပ်ရင်းတစ်ခုလုံးမှာ ၎င်း၏ အငွေ့အသက်များကြောင့် တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သလို ရီနျှန်ကျစ်မှာလည်း မျက်စိမျက်နှာ ပျက်သွားရပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ထိုကျိုင်းကောင်ကြီး၏ ဦးခေါင်းပေါ်သို့ ဆင်သက်လာပြီး မပွင့်တပွင့်ပြုံးကာ ရီနျှန်ကျစ်အား လှမ်းကြည့်လိုက်သည်။

" ဝါရင့်ကြီး ရီနျှန်ကျစ်။ ကျွန်တော်တို့တွေ ဆုံကြပြန်ပြီနော် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ပတ်ပတ်လည်တွင် ရှိနေကြသည့် ရွှေရေကန်တပ်ရင်း စစ်သင်္ဘောကြီးများထဲမှ တစ်ဝက်ကျော်မှာ ရုတ်တရက်ဆိုသလို နောက်သို့လှည့်သွားကြပြီး ၎င်းတို့၏ လက်နက်များအား ရီနျှန်ကျစ်နှင့် ကျန် ရွှေရေကန်တပ်ရင်း စစ်သင်္ဘောကြီးများ ရှိရာဘက်သို့ ချိန်ရွယ်ထားလိုက်ကြတော့သည်။

ထို စစ်သင်္ဘောကြီးများပေါ်တွင် ခရမ်းရောင်အလင်းရောင်များ တောက်ပနေသည့် အကျိုးအပဲ့၊ အပိုင်းအစများကို တွေ့မြင်နိုင်ပေသည်။

All Chapters