← Chapters

စစ်ပွဲများဆီသို့ ခရီးနှင်ခြင်း

Vol. 58 Ch. 796

စစ်ပွဲများဆီသို့ ခရီးနှင်ခြင်း

Vol. 58 Ch. 796

ထိုမြင်ကွင်းကြီးမှာ အမှန်တကယ်ပင် ထူးဆန်းနေ၏။ ရွှေရေကန်တပ်ရင်း စစ်သင်္ဘောကြီးများ၏ တစ်ဝက်တိတိမှာ အာကာသထဲ၌ ရစ်ဝဲနေရင်း ခရမ်းရောင် အလင်းရောင်များကို ထုတ်လွှတ်နေကြသည်။ ထို စစ်သင်္ဘောကြီးများပေါ်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာ ၎င်းတို့အား ပြန်၍ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြပါသော်လည်း အချည်းနှီးပင်။ ထို စစ်သင်္ဘောကြီးများမှာ သူ့တို့အား လှောင်ပိတ်ထားသည့် လှောင်အိမ်များအသွင် ပြောင်းလဲသွားပြီးနောက် ဝမ်ပေါင်လဲ့၏ လက်နက်များအဖြစ်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။

ထို စစ်သင်္ဘောကြီးများ၏ အရေအတွက်မှာ အလွန်အင်မတန်မှ များပြားလှပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ခြေထောက်အောက်တွင် ရှိနေသည့် ကျိုင်းကောင်ကြီးလည်း ရှိနေသေးသည်။ ၎င်းမှာ ပုစဉ်းတစ်ကောင်နှင့် လုံးဝ မတူတော့ဘဲ ပုံစံပြောင်းလဲသွားပြီ ဖြစ်သည်။ ၎င်းမှာ ယခင်ကလောက် လျင်မြန်နေခြင်း မရှိတော့‌ပါသော်လည်း အများကြီးပို၍ ရက်စက်ကြမ်းကြုတ်နေသည့်ပုံ ပေါက်နေ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ တဝီဝီမြည်သံများကိုလည်း ကြားနိုင်ပေသည်။ ထိုအသံများကို ကြားလိုက်ရသည့်လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားရမည်သာ ဖြစ်သည်။

တိုက်ပွဲကြီး၏ အခြေအနေမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားပြီ ဖြစ်သည်။ ရွှေရေကန်တပ်ရင်းမှာ အသာစီးရနေရာမှ အ‌ရေးနိမ့်သွားရပြီ မဟုတ်ပါလော။

ထို့ကြောင့် ရွှေရေကန်တပ်ရင်းထဲမှ ကျင့်ကြံသူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး အသက်ရှူသံများ မြန်ဆန်လာကြ၏။ အချို့မှာဆိုလျှင် ပင့်သက်များပင် ရှိုက်မိသွားကြသည်။ ခေါင်းဆောင်ကြီးများမှာမူ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြ၏။ သူတို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ သူတို့မှာ သူတို့၏ စစ်သင်္ဘောကြီးများထဲမှ တစ်ဝက်တိတိအား ဆုံးရှုံးလိုက်ရပြီဖြစ်ရာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ရီနျှန်ကျစ်အား အသနားခံသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြတော့သည်။

ရီနျှန်ကျစ်မှာမူ မျက်နှာတစ်ခုလုံး စူပုပ်နေပြီ ဖြစ်သည်။ သူသည် ရွှေရေကန်တပ်ရင်း ခေါင်းဆောင်ကြီးများ၏ အသနားခံသော အကြည့်များကို မြင်လိုက်ရသောအခါ နှုတ်ဆိတ်သွားရ၏။ သူသည် သူတို့အား ကူညီပေးနိုင်စွမ်းရှိပါသော်လည်း ထိုသို့ကူညီနိုင်ရန် အကြောင်းပြချက်တစ်ခုခု လိုအပ်ပေသည်။ သို့သော် သူတို့မှာ ယခုအချိန်အထိ ထိုအကြောင်းပြချက်အား ရှာမတွေ့နိုင်သေးပေ။

လုံနန်ကျစ်မှာ သူ၏ နတ်ဘုရားတရားမျှတမှုဒိုင်းကာအား လုံးဝ အသုံးမပြုရသေးသည် မဟုတ်ပါလော။ သူသည် ရီနျှန်ကျစ် တိုက်ကွက်တစ်ကွက် ထုတ်လွှတ်ခဲ့စဉ်တုန်းကတောင် သူ၏ စစ်သင်္ဘောကြီးများနှင့်သာ ဆက်လက်တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ လုံနန်ကျစ်မှာ တိုက်ပွဲအစကတည်းက စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပေသည်။

သို့ဖြစ်ရာ အကယ်၍ သူသာ တိုက်ပွဲထဲ၌ ဝင်ပါလိုက်မည်ဆိုပါက မိမိထက် အားနည်းသည့်လူများအား အနိုင်ကျင့်သည့် လူတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရမည်သာ ဖြစ်သည်။ ထို့အပြင် သူသည် စည်းမျဉ်းများကိုလည်း ချိုးဖောက်မိသွားမည် ဖြစ်သည်။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက ကိစ္စမရှိပါသော်လည်း သူ၏ပြိုင်ဘက်မှာ ဂိုဏ်းခေါင်းဆောင်ကြီး၏ အလေးပေးခြင်းကို ခံထားရသည့် လုံနန်ကျစ် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ လုပ်ရပ်များမှာ သင့်တော်လျော်ကန်မှု ရှိနေမည်မဟုတ်ပေ။

ရီနျှန်ကျစ်မှာ ထိုအတွေးများကြောင့် ပို၍ပင် မျက်စိမျက်နှာ ပျက်လာရပြီး နှလုံးသားထဲ၌ မကျေမချမ်း ဖြစ်လာရတော့သည်။ သူသည် ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသောကြောင့် သူ၏ပြိုင်ဘက်အား အလွယ်တကူ အနိုင်ရရှိနိုင်စွမ်း ရှိပါသော်လည်း သူ၏ပြိုင်ဘက်မှာ လမ်းတစ်လျှောက်လုံးတွင် အတားအဆီး၊ အနှောင့်အယှက်များကို ချန်ရစ်ထားခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ရီနျှန်ကျစ်မှာ သတ်ဖြတ်လိုစိတ်များ ဝင်းလင်တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် လေသံအောအောကြီးဖြင့် ဆိုလိုက်တော့သည် " လုံနန်ကျစ်။ သားရဲကြီးကို ပြန်ပေးပါ။ အဲတာဆို ငါတို့ မင်းကို အနိုင်ရရှိသူအဖြစ် ကြေညာပေးမယ် "

" စိတ်မရှိပါနဲ့ ဝါရင့်ကြီး ရီနျှန်ကျစ်။ ကျွန်တော်က ဒီသားရဲကြီးကို စစ်သုံ့ပန်းအနေနဲ့ သိမ်းယူဖို့ စဉ်းစားထားတာဗျ " ဝမ်ပေါင်လဲ့မှာ မပွင့်တပွင့်ပြုံးကာ ပြန်ဖြေလိုက်၏။ သူသည် ရီနျှန်ကျစ်မှာ မကောင်းကြံရန် တွေးနေသည်ဖြစ်ကြောင်း အာရုံခံမိထားပြီးသား ဖြစ်သည်။ လက်ရှိတွင် သူသည် တိုက်ပွဲထဲ၌ အသာစီးရနေသည်ဖြစ်သလို စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် မည်သည့်အကြောင်းကြောင့် စစ်သုံ့ပန်းများအား သူတို့ဆီသို့ ပြန်ပေးရပါမည်နည်း။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုသားရဲကြီးကိုလည်း အလွန်အင်မတန်မှ အလိုရှိနေ၏။ သူသည် ထိုကျိုင်းကောင်ကြီးကိုသာ ပိုင်ဆိုင်လိုက်ရမည်ဆိုပါက ဤစိန်ခေါ်မှုတိုက်ပွဲအား ရှုံးနိမ့်သွားပြီး နစ်နာကြေးအမြောက်အမြား ပြန်ပေးရမည်ဆိုလျှင်တောင် ထိုက်တန်ပေသည်။

ရီနျှန်ကျစ်မှာ ဝမ်ပေါင်လဲ့၏ အဖြေကြောင့် အံ့အားသင့်သွားခြင်းမရှိပေ။ သူသည် လုံနန်ကျစ်အား ထို ကျိုင်းကောင်ကြီးကို ရွှေရေကန်တပ်ရင်းဆီသို့ ပြန်ပေးအောင် တိုက်တွန်းနိုင်ရန်မှာ လုံးဝဖြစ်နိုင်မည် မဟုတ်ကြောင်း မှတ်ယူထားပြီးသားဖြစ်သည်။ သို့သော်လည်း သူ့ဘက်မှ မေးမြန်းရန် လိုအပ်သဖြင့် သူသည်လည်း ထိုသို့ မေးမြန်းခဲ့ခြင်းဖြစ်၏။ နောက်ဆုံးတွင် သူသည် လုံနန်ကျစ်အား နောက်ထပ်တစ်ကြိမ်ထပ်၍ အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်ပြီးနောက် နောက်သို့လှည့်ကာ စစ်မြေပြင်ကြီးထဲမှ ထွက်ခွာသွားတော့သည်။

သူသည် တိုက်ပွဲထဲ၌ ဝင်ပါခွင့် မရှိသောကြောင့် စစ်မြေပြင်ကြီးထဲ၌ ဆက်ရှိနေရန်မှာ အဓိပ္ပါယ်မရှိတော့ပေ။ ရွှေရေကန်တပ်ရင်း၏ ရှုံးနိမ့်မှုကြောင့် ရေဘဝဲစိမ်းတပ်ရင်းမှာ ထိခိုက်နစ်နာသွားရမည် ဖြစ်ပါသော်လည်း သူသည် ရေဘဝဲစိမ်းတပ်ရင်း၏ တစ်ဦးတည်းသော ပိုင်ရှင် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် လုံနန်ကျစ်အား သင်ခန်းစာပေးရန် ကြိုးစားရင်း ကြိမ်ဖန်များစွာ ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထို အချက်ကို လွယ်လွယ်နှင့် မေ့ပျောက်သွားမည်တော့ မဟုတ်ပေ။ ထိုသို့ဖြင့် သူသည် စစ်မြေပြင်ကြီးထဲမှ ထွက်ခွာမသွားခင် ရုတ်တရက် ဆိုလိုက်၏။

" အဆောင်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။ ဒီလို ကပ်ပါးကောင်ပညာရပ်မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် ဒီလို ပညာမျိုးက တိုက်ပွဲကြီးတွေရဲ့ အဖြေကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်။ ရွှေရေကန်တပ်ရင်းက ထိုက်ထိုက်တန်တန် ရှုံးနိမ့်သွားခဲ့တာပါ " ရီနျှန်ကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရွှေရေကန်တပ်ရင်းကို တစ်ချက်ပင်မကြီးဘဲ ကြယ်တာရာများထဲသို့ ထွက်ခွာသွားတော့သည်။

ရွှေရေကန်တပ်ရင်းတစ်ခုလုံး မကျေမချမ်းဖြစ်နေစဉ် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ရီနျှန်ကျစ် ထွက်ခွာမသွားခင် ပြောခဲ့သည့် စကားလုံးများထဲတွင် အငြိုးအတေးများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့၏ ကပ်ပါးကောင်ပညာရပ်အား အခြားလူများ သတိထားမိသွားအောင် တမင်တကာ ထုတ်ပြောခဲ့ခြင်းဖြစ်၏။ သူသည် ဂိုဏ်းမှ ဝမ်ပေါင်လဲ့၏ နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သိမ်းယူခဲ့စဉ်တုန်းကအတိုင်း ယခုတွင်လည်း သူ၏ ကပ်ပါးကောင်ပညာရပ်ကိုပါ သိမ်းယူသွားအောင် လုပ်နေခြင်း ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ ဝှက်ဖဲအား ဖျောက်ဖျက်ပစ်ချင်နေခြင်း ဖြစ်သည်။

အကယ်၍ ဂိုဏ်းမှာ ထိုပညာရပ်အား သိမ်းယူလိုက်မည်ဆိုပါက ရေဘဝဲစိမ်းတပ်ရင်းမှာ ၎င်းအား အလွယ်တကူ ပိုင်ဆိုင်နိုင်သွားမည်သာဖြစ်သည်။ အကယ်၍ ထိုပညာရပ်ကိုသာ ရရှိနိုင်မည်ဆိုပါက ရွှေရေကန်တပ်ရင်း၏ ရှုံးနိမ့်မှုကြောင့် ပေါ်ပေါက်လာမည့် ထိခိုက်နစ်နာမှုများအတွက် ကာမိပြီးသား ဖြစ်သွားမည်မဟုတ်ပါလော။ ထို့အပြင် သူတို့မှာ ထိုပညာရပ်အား အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက အခြားသော အကျိုးအမြတ်များကိုပင် ရရှိနိုင်ဦးမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို တွေးမိသွားသောအခါ ရီနျှန်ကျစ်အား ပို၍ပင် သတိကြီးကြီးထားမိသွားတော့သည်။ ရီနျှန်ကျစ်မှာ သူ၏ ခံစားချက်များကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်နေရုံသာမက ကောက်ကျစ်စဉ်းလဲသည့် လူတစ်ယောက်လည်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ဤ တိုက်ပွဲထဲသို့ ရောက်မလာခင်ကတည်းက သူ၏အကြောင်းကို သိရှိထားပြီးသားဖြစ်ရာ စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို့ကြောင့် သူသည် ရီနျှန်ကျစ်၏ စကားများကြောင့် အံ့သြတုန်လှုပ်သွားခြင်း မရှိပေ။

အရာအားလုံးမှာ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပြီ ဖြစ်ရာ ရွှေရေကန်တပ်ရင်းမှာလည်း အရှုံးပေးလိုက်ရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုစိန်ခေါ်မှုတိုက်ပွဲအား အနိုင်ရရှိသွားပြီးနောက် ကပ်ပါးကောင်ပညာရပ်နှင့် ပတ်သက်သည့် အရေးသိပ်မကြီးသော အချက်အလက်အချို့ကို စုစည်းကာ နတ်သမီးလင်ယိုဆီသို့ ပေးဖို့ပေးလိုက်သည်။

သူသည် နတ်သမီးလင်ယိုဆီမှတစ်ဆင့် ဝန်ကြီးချုပ်ရှုဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ သူသည် ဂိုဏ်းခေါင်းဆောင်ကြီးအား ပညာရပ်တစ်ခု လက်ဆောင်ပေးမည် ဖြစ်သည်။

ထို့အပြင် သူသည် မည်သည့်အရာကိုမှ ပြန်လည်တောင်းဆိုနေမည် မဟုတ်ပေ။

ထိုကဲ့သို့ လက်ဆောင်ပေးခြင်းမှာ သူ့အတွက် အကျိုးရှိပေသည်။ ဂိုဏ်းခေါင်းဆောင်ကြီးမှာ သူ့အား သဘောကျနှစ်သက်သွားသဖြင့် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းအား ၎င်းတို့၏ စစ်သုံ့ပန်းများကို စိတ်ကြိုက်စီမံခွင့် ပြုလိုက်၏။ ထို့ကြောင့် ရွှေရေကန်တပ်ရင်းမှာ သူတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် အရာများကို ပြန်ရနိုင်တော့မည်မဟုတ်ပေ။ ထို့အပြင် သူတို့မှာ နစ်နာကြေးအနေနဲ့ ငွေကြေးအမြောက်အမြား ထပ်ပေးခဲ့ရသေးသည်။ သူတို့၏ ရာထူးအဆင့်အတန်းမှာလည်း အောက်သို့ထိုးကျသွားပြီး နံပါတ်ဆယ့်ကိုးနေရာသို့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းမှာ အစားထိုးဝင်ရောက်လာ၏။

လူအများမှာ ထိုစိန်ခေါ်မှုတိုက်ပွဲအား သတိထားမိသွားခဲ့ကြ၏။ ဝမ်ပေါင်လဲ့နှင့် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းမှာ စိန်ခေါ်မှုတိုက်ပွဲ နှစ်ပွဲပြီးနောက် နာမည်ရလာကြပြီ ဖြစ်သည်။ သူတို့၏ နောက်ဆုံးစိန်ခေါ်မှုကြောင့် သူတို့မှာ အဆင့်သတ်မှတ်ချက်စာရင်းထဲတွင် နံပါတ်ဆယ့်ကိုးနေရာအထိ တက်လှမ်းနိုင်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ သူ့အား မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ ဂိုဏ်းသားအများစုမှာဆိုလျှင့် သူ့အား တရိုတသေ တလေးတစား ဆက်ဆံနေကြပြီဖြစ်သည်။

ဂိုဏ်းထဲရှိ အချို့သော စစ်တပ်များနှင့် ကျင့်ကြံသူများမှာဆိုလျှင် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းမှာ နောက်တစ်ကြိမ်တွင် မည်သည့်တပ်ရင်းအား ပစ်မှတ်ထားတိုက်ခိုက်လိမ့်မည်နည်းဟု သိချင်နေကြ၏။ ထိုစဉ်တွင် ဝမ်ပေါင်လဲ့မှာ တိုက်ပွဲထဲမှ သိမ်းပိုက်ရရှိခဲ့သည့် ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရင်း ၎င်းတို့ထဲမှ အများစုအား ကျိုင်းကောင်ကြီးအတွက် အသုံးပြုခဲ့၏။ သူသည် သူ၏ စစ်သင်္ဘောကြီးများအား အဆင့်မြှင့်တင်လိုက်ပြီးနောက် အခြားမည်သည့်စစ်တပ်ကိုမှ ဆက်လက်စိန်ခေါ်ခဲ့ခြင်းမရှိပေ။

ယခုတွင် သူသည် သူ၏စစ်တပ်နှင့် အဆင့်သတ်မှတ်ချက်စာရင်းထဲ၌ သူ၏အထက်တွင် ရှိနေသည့် စစ်တပ်များ၏ကြားမှ စွမ်းအားခြားနားချက်ကို ကောင်းကောင်းကြီး သိထားပြီးဖြစ်သည်။ အကယ်၍ သူသာ ကပ်ပါးကောင်ပညာရပ်အား လက်လွှဲပေးခဲ့ရခြင်းမရှိပါက လက်ရှိအခြေအနေများမှာ သူ့အတွက်ပို၍ ကောင်းမွန်နေမည်ဖြစ်သည်။ သူသည် ဂိုဏ်းဆီသို့ သတင်းအချက်အလက် အနည်းငယ်မျှသာ ပေးခဲ့သည့်တိုင်အောင် ထိုပညာရပ်တစ်ခုတည်းကိုသာ အမြဲတမ်း အားကိုးနေ၍ မဖြစ်ပေ။ ရေရှည်တွင် လူတိုင်းမှာ ဤ ပညာရပ်၏ အလုပ်လုပ်ပုံအား နားလည်သွားကြမည်သာ မဟုတ်ပါလော။ ထို့ကြောင့် သူသည် သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုပညာရပ်အား ဆက်တိုက်အသုံးပြုနေခြင်းမှာ အကျိုးရှိမည်မဟုတ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။

သူသည် အင်အားစုစည်းကာ တောင့်တင်းခိုင်မာသည့် အခြေခံတစ်ခုကိုသာ တည်ဆောက်ထားသင့်ပေသည်။ သူသည် နောက်တစ်ကြိမ် စိန်ခေါ်ရာတွင် ထိပ်ဆုံးအဆင့်ဆယ်ဆင့် သို့မဟုတ် ငါးဆင့်ထဲတွင် ပါ‌နိုင်အောင် ကြိုးစားသင့်ပေသည်။ ထိုအဆင့်အထိ တက်လှမ်းလိုပါက သူ အသုံးပြုရမည့် ငွေအရင်းအနှီး ပမာဏမှာ ကြောက်ခမန်းလိလိ များပြားနေမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လက်ရှိအနေအထားနဲ့ဆိုလျှင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ထိုကဲ့သို့သော ငွေအရင်းအနှီးပမာဏအား ရှာဖွေနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။

" ကြည့်ရဝာာ ငါ ခရီးထွက်ဦးမှနဲ့ တူပါတယ်။ အရင်တုန်းကလို သန္ဓေပြောင်း လူမှုအဖွဲ့စည်းတစ်ခုနဲ့ ထပ်ပြီးတော့ ဆုံနိုင်ခြေရှိမရှိ အကဲခတ်ကြည့်ရမယ် " ဝမ်ပေါင်လဲ့မှာ အကောင်းအဆိုးအကျိုးအပြစ်များကို တစ်ခဏမျှ ဝေဖန်သုံးသပ်လိုက်ပြီးနောက် အလျင်စလို မပြုမူရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ စစ်သင်္ဘောကြီးများအား ရက်အနည်းငယ်ခန့် ကြည့်ရှုစစ်ဆေးရင်း အစီအစဉ်များကို သေသေချာချာ ရေးဆွဲနေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်ချလိုက်၏။

" ငွေအရင်းအနှီး အလုံအလောက်ရှိမှပဲ ငါ့ရဲ့ စစ်တပ်က ပိုပြီးတော့ အစွမ်းထက်လာနိုင်မှာ။ ပြီးရင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ပေးနိုင်မယ့် နည်းလမ်း တစ်ခုခုလည်း လိုသေးတယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ ‌ထို့နောက် သူသည် အပြင်သို့ထွက်သွားလိုက်ပြီး လက်တလောအတွင်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးလာခဲ့ကြသည့် မြည်းလေးနှင့် ဝူလေးတို့အား လှမ်းခေါ်လိုက်သည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ဝမ်ပေါင်လဲ့ထက်ပင်ပို၍ သံယောဇဉ်တွယ်နေသည့်ပုံ ပေါက်နေ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ဘေးသို့ ရောက်ရှိလာပြီးနောက် ဓမ္မစစ်သင်္ဘောကြီးထဲ၌ ဘေးချင်းကပ်ထိုင်ကာ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းနှင့်အတူ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်မှ ထွက်ခွာသွားတော့သည်။

ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း၏ စစ်သင်္ဘောကြီးများမှာ အာကာသထဲသို့ ဝင်ရောက်သွားပြီးနောက် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲမှ ထွက်ခွာသွား၏။ ကျိုင်းကောင်ကြီးနှင့် အစင်းရေ တစ်သောင်းကျော် ရှိနေသည့် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း စစ်သင်္ဘောကြီးများ ပြည်သူပိုင်နယ်မြေထဲ၌ ရှိနေသည့် မြင်ကွင်းမှာ ရင်သက်ရှုမောဖွယ်ရာ ကောင်းလှပေသည်။ ဘေးနားတစ်ဝိုက်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာ ဆွံ့အမှင်တက်သွားကြပြီး ထို စစ်သင်္ဘောကြီးများအတွက် အလောတကြီးနှင့် လမ်းဖယ်ပေးလိုက်ကြရသည်သာ ဖြစ်သည်။ အခြားဂိုဏ်းများမှ စစ်တပ်များမှာဆိုလျှင်လည်း ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်းအား မြင်လိုက်ရသည့်အချိန်တိုင်း သတိကြီးကြီး ထားမိသွားကြသည်သာ ဖြစ်သည်။

" အရူးလုံပဲဟေ့ "

" အဲဒီ တပ်ရင်းတစ်ခုလုံးထဲမှာ ကျင့်ကြံသူဆိုလို့ သူတစ်ယောက်ပဲ ရှိတာတဲ့။ ဒါပေမဲ့ သူက အစွမ်းထက်လွန်းလို့ သူ့ရဲ့စစ်တပ်က နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ အဆင့်သတ်မှတ်ချက်စာရင်းထဲမှာ နံပါတ်ဆယ့်ကိုးနေရာအထိ ရောက်နေတာ။ အဲတာတောင် သူက ဘာမှမလုပ်ဘဲ ငြိမ်နေသေးလို့နော်။ တကယ်လို့ သူသာ စပြီးတော့ လှုပ်ရှားလိုက်မယ်ဆိုရင် ထိပ်ဆုံးဆယ်ဆင့်ထဲအထိ ရောက်ရင်ရောက်သွားနိုင်တယ်။

" သူက တကယ်ကို ရူးနေတာကွ။ သူနဲ့ ထိပ်တိုက်ရင်ဆိုင်မိတဲ့လူတိုင်း ဒုက္ခရောက်သွားရတာချည်းပဲ။ သူနဲ့ ခပ်ကင်းကင်း နေရအောင်ပါ "

လူတိုင်းမှာ ကြောက်ရွံ့နေကြပြီဖြစ်ရာ ဝမ်ပေါင်လဲ့၏ ခရီးစဉ်မှာ အတာအဆီး အထစ်အငေါ့မရှိ ချောမွေ့နေခဲ့၏။ ထို့အပြင် မည်သူကမှ ခရမ်းရောင်ရွှေတာအိုဂိုဏ်းမှ ထုတ်ပြန်ထားသည့် ဆုကြေးငွေအား စိတ်မဝင်စားကြတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးဖြစ်သော နတ်ဆိုးတစ်သောင်း မျက်လုံးဆီသို့ ဘေးကင်းစွာ ရောက်ရှိလာတော့သည်ာ

သူသည် ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ လိုအပ်သည့် ခွင့်ပြုမိန့်အား ရယူလိုက်၏။ ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ စစ်သင်္ဘောကြီးများမှာ ထာဝရကြယ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြသည်။ တစ်အောင့်ခန်် အကြာတွင် ရွှေရေကန်တပ်ရင်း တစ်ခုလုံးမှာ နတ်မျက်လုံး လူမှုဖွဲ့အစည်းထဲမှ ပျောက်ကွယ်သွားတော့သည်။

၎င်းတို့မှာ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် အာကာသဟင်းလင်းပြင်ကြီးထဲရှိ ကြယ်တာရာများ၏ ကြားထဲ၌ ရောက်နေပြီဖြစ်သည်။

All Chapters