ရေကန်ထဲ ဆင်းဖို့ ဆုံးဖြတ်ခြင်း
Vol. 49 Ch. 677
“ အရင်ဆုံး အဆိပ်ဖြေဆေးလုံးကို ကြည့်ရအောင် ” မိုဝူကျိက နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။ နောက်ဆုံးတွင် ထိုအမျိုးသမီးက သူ့ဆီ အဘယ်ကြောင့် ရောက်လာကြောင်း နားလည်သွားလေ၏။ သူက အလုပ်လုပ်နေစဉ် ဘာကိုမှ ဂရုမစိုက်တတ်သည့် သူပုံ ပေါက်နေသောကြောင့် သူ့အကျင့်စရိုက်ကို အခွင့်ကောင်းယူကာ ရောက်ရှိလာခြင်း ဖြစ်၏။
အဆင့် ၇ ဆေးလုံးကို ပြုလုပ်ဖို့ရာ သူ့အတွက် လွယ်ကူသော်လည်း မိုဝူကျိက ထိုအမျိုးသမီးအနေဖြင့် ထိုသို့ဆေးလုံးမျိုး ထုတ်ပေးနိုင်လိမ့်မည်ဟု မယုံပေ။
အဆင့် ၇ အဆိပ်ဖြေဆေးလုံးကို ဖော်စပ်ဖို့ရာ အနည်းဆုံးတော့ အဆင့် ၇ ဆေးလုံးဧကရာဇ်ဖြစ်ဖို့ လိုအပ်၏။ ထို့အပြင် အဆိပ်ဖြေဆေးလုံးများမှာ သာမာန်ဆေးလုံးများထက် ပို၍ ခက်ခဲလေရာ အဆင့် ၇ ဆေးလုံးဧကရာဇ် ထိပ်ဆုံးအဆင့် သို့မဟုတ် အဆင့် ၈ ဆေးလုံးဧကရာဇ်သာ အရည်အသွေးကောင်းကောင်း အဆင့် ၇ အဆိပ်ဖြေဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်။
သို့သော်လည်း သူမက မဟာကျီရှန်းအဆင့်မျှသာ ရှိသေးသောကြောင့် အဆင့် ၈ ဆေးလုံးဧကရာဇ်ကို မည်သို့များ ဆေးလုံး အတင်းဖော်စပ်ခိုင်းနိုင်မည်နည်း။
အမျိုးသမီးက ခပ်ယဲ့ယဲ့ ပြုံးကာ မိုဝူကျိရှေ့ ကျောက်စိမ်းပုလင်းကို ထားလိုက်သည်။
ဆေးလုံးပုလင်းကို ဖွင့်လိုက်သည်နှင့် မိုဝူကျိက ထိုအရာမှာ နှလုံးထုံးဖြေ ဆေးလုံး ဖြစ်ကြောင်း သိလိုက်သည်။ နှလုံးထုံးဖြေ ဆေးလုံးမှာ အဆင့် ၇ ဆေးလုံး အစစ်အမှန် ဖြစ်ပေသည်။ သူမ မမှားပေ။ ထိုအရာမှာ အဆင့် ၇ အဆိပ်ဖြေ ဆေးလုံး အစစ် ဖြစ်၏။
မှတ်သားထားဖို့ရာ ပို၍ အရေးကြီးသည်က မိုဝူကျိလက်ထဲရှိ အဆိပ်ဖြေ ဆေးလုံးမှာ အလယ်အလတ်အဆင့် ဆေးလုံး ဖြစ်နေသည်။
မကြာခင် ထိုအမျိုးသမီးက ဆေးလုံးကို ပြန်ယူကာ ပြုံးလိုက်ရင်း
“ ကျမက လန်ယွီလင်းပါ။ တကယ်လို့ ကျမနဲ့ ပူးပေါင်းမယ်ဆိုရင် ဒီနေ့အတွက် ကျမက ရှင့်အပိုင်ပါပဲရှင် …. ရှင် ပျော်ပါးပြီးရင်တော့ ဆေးလုံးကို ပေးပါ့မယ်။ အဲဒီအခါကျ အဆိပ်ရေကန်ဆီ သွားကြတာပေါ့။ ဘယ်လိုလဲ …. ”
“ ဒီလောက် လူတွေအများကြီး ရှိနေတာကို ဘာလို့ ကျုပ်ကို ရွေးတာလဲ ” မိုဝူကျိက တည်ငြိမ်နေဆဲ ဖြစ်ကာ မေးလိုက်သည်။
ဤသို့သော အမျိုးသမီးက လန်ယွီလင်း အမည် ပေးထားသေး၏…
“ ဘာလို့လဲဆိုတော့ ရှင်က ကြည့်ကောင်းတယ်လေ။ ရှင့်လိုမျိုး ခက်ထန်ပုံ ပေါက်တဲ့သူက စကားကို တည်တဲ့ လူစားမျိုးလေ။ ရှင်သာ ကျမနဲ့ အတူတူ အလုပ်လုပ်ဖို့ သဘောတူမယ်ဆိုရင် ကျမကလည်း စကားကို ပြန်မရုတ်သိမ်းပါဘူး ”
မိုဝူကျိက သူမ ပြောနေသည့်အရာမှာ အမှန်လား ၊ အမှားလားဟုပင် ခွဲခြား၍ မရသောကြောင့် ပြုံးကာ
“ ရတာပေါ့ …. ကျုပ်တို့တွေ တွဲလုပ်လို့ ရတယ်။ ဒါပေမဲ့ ခင်ဗျားဘက်က ပေးတာ မလုံလောက်သေးဘူး။ အဆိပ်ဖြေဆေးလုံးက အတော်လေး ကောင်းတယ်ဆိုပေမဲ့ အဲဒီဆေးလုံး အလုပ်ဖြစ်ပါ့မလားဆိုတာ မသေချာဘူးလေ။ ခင်ဗျားဆီမှာ အဆိပ်မဖြေနိုင်တဲ့ အဆိပ်ဖြေဆေး ရှိနေပေမဲ့ ကျုပ်ဘက်က အသက်ကို ရင်းထားရမှာလေ …. ”
ထိုသို့ပြောပြီးနောက် ထရပ်ကာ ထွက်သွားဖို့ရာ ပြင်လိုက်သည်။
“ အင်မော်တယ်ရောင်းရင်း ခဏနေပါဦး … ကျမဆီမှာ မြေပုံ ရှိပါသေးတယ်။ ကြည့်ကြည့်ပါဦး ” လန်ယွီလင်းက မိုဝူကျိအား တားကာ ကျောက်စိမ်းပြားကို ထုတ်ပြလိုက်သည်။
စိတ်စွမ်းအားတစ်ချက်ဖြင့် မိုဝူကျိက လန်ယွီလင်းအား အံ့ဩတကြီး ကြည့်လိုက်သည် “ အဲဒါက အဆိပ်ရေကန်ထဲက မြေပုံလား ”
ဘေးပတ်လည်တွင် အတားအဆီးများ ချထားသော်လည်း လန်ယွီလင်းက အသံကို နိမ့်ကာ
“ ဟုတ်တယ် ။ ရေကန်ထဲမှာ စိတ်စွမ်းအား သုံးလို့ မရဘူးလေ။ အဲကြောင့် ကျမ အသက်ကို စတေးပြီးတော့ ဒီမြေပုံအရယူထားရတာ။ ဘေးနားမှ ထိုင်ကြည့်နေရုံနဲ့ အကျိုးမြတ်မရဘူးဆိုတာလည်း သိမှာပါ။ တကယ်လို့ ရှင့်ဘက်က ဘာကိုမှ မစတေးရင် ကျမဘက်က ဒီမြေပုံနဲ့ အဆိပ်ဖြေဆေးလုံးကို ဘာလို့ ထုတ်ပေးရမှာလဲ။ ရှင်လည်း သိမှာပါ။
ဟိုးကတည်းက ဘယ် ထိပ်ဆုံး ကျင့်ကြံသူကများ မသတ်ဖြတ်ဘဲနဲ့ ထိပ်ဆုံးရောက်လာတာ ရှိဖူးလို့လား။ ရှင့်မှာ အဲဒီကျင့်ကြံသူရဲ့ စိတ်နှလုံးသားမျိုး ရှိတယ်ဆိုရင် ကျမတို့ အတူတူ တွဲလုပ်လို့ ရပြီ။ မဟုတ်ရင်တော့ ကျမ ပြောသမျှအရာအားလုံးက အချည်းနှီးပဲပေါ့ …. ”
“ ကျုပ်တို့တွေ ပူးပေါင်းကြတာပေါ့ ” ဤတစ်ကြိမ် မိုဝူကျိက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ ရေကန်ထဲတွင် စိတ်စွမ်းအား သုံးမရသောကြောင့် စိတ်ဝိညာဉ်မျက်လုံးဖြင့် မြင်နိုင်မလားဆိုတာ မသေချာပေ။ အဆိပ်ရေကန်မှာ အဆိပ်ပြင်းသော နေရာ တစ်ခု ဖြစ်သောကြောင့် သူ့တွင် အဆိပ်ဖြေ ချီသွေးကြော ရှိနေလျှင်ပင် တတ်နိုင်သမျှ မြန်မြန် ထွက်လာနိုင်ရန် မျှော်လင့်ထားသည်။
လန်ယွီလင်း၏ မျက်နှာ၌ ပျောက်သွားသည့် အရိပ်အယောင် ပေါ်လာကာ “ အဲဆို အင်မော်တယ်ရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ ”
“ ကျုပ်နာမည်က ဖန်လင်း … အခု သွားကြတာပေါ့ ” မိုဝူကျိက ရေကန်ထဲ မြန်မြန် ဆင်းပြီး တတ်နိင်သမျှ မြန်မြန် ထွက်သွားချင်မိသည်။ ယုံရင်အင်မော်တယ်နယ်မြေမှာ အဆင့်မြင့် ကျင့်ကြံသူများစွာ မရှိသည့် နယ်မြေ တစ်ခု ဖြစ်သောကြောင့် သတင်းသာ ပြန့်နှံ့သွားလျှင် အင်မော်တယ် ဧကရာဇ်များပင် ရှေးဦးမူလ ရေကျောက်အတွက် ရောက်လာနိုင်ပေသည်။ ထိုအခါ သူ့အတွက် ကောင်းမည် မဟုတ်ပေ။
“ အဲဆို ရှင်က ကျမနဲ မအိပ်ချင်ဘူးလား ” လန်ယွီလင်းက နားမလည်စွာ မေးလိုက်သည်။
“ ခင်ဗျားနဲ့ အိပ်မှကို ဖြစ်မှာလား ။ အဲလိုဆိုရင်တော့လည်း လုပ်တာပေါ့ ” မိုဝူကျိက ပြောရင်း လန်ယွီလင်းအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူက ထိုသို့ ပြောလိုက်သော်လည်း လက်တွေ့၌ လုပ်မည် မဟုတ်ပေ။
သူ့ပထမဆုံးအကြိမ်ကို လူတကာ တက်စီးနေသည့် အများသုံးယာဉ်လို ဖြစ်နေသော သူမလိုမျိုး လူနှင့် အဘယ်ကြောင့် အတူ ကုန်ဆုံးရမည်နည်း။
ထိုအရာကို ကြားပြီးနောက် လန်ယွီလင်းက ကြောင်အမ်းသွားကာ ခေါင်းခါလိုက်၏ “ မဟုတ်ပါဘူး … အင်မော်တယ်ရောင်းရင်ဖန်က မြန်မြန် သွားချင်မှတော့ သွားကြတာပေါ့ ”
မိုဝူကျိက တည်းခိုဆောင်မှ ထွက်လာသည့်အခါ အမူအယာဖြင့် သွားချိန်တန်ပြီ ဖြစ်ကြောင်း ပြသလိုက်သည်။ ထိုစဉ် သူက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းထားလိုက်သော်လည်း စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် လန်ယွီလင်း ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်လာသည်။
မိုဝူကျိအား အတွေးရှုပ်သွားစေသည်မှာ သူမဆီမှ လှည့်ဖျားမှု မရှိသေးသောကြောင့် ဖြစ်၏။ ထို့အစား သူမက သူ့နောက်မှ အနီးကပ် လိုက်လာသည်။
အဆိပ်ရေကန် ပတ်လည်၌ ဈေးဆိုင်များ၊ တည်းခိုဆောင်များ ရှိနေသော်လည်း ကျင့်ကြံသူများစွာ မရှိပေ။ မိုဝူကျိနှင့် လန်ယွီလင်းတို့ အဆိပ်ရေကန်ဘေး ရောက်လာသည့်အခါ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။
အသက်ရှိုက်စာ အနည်းငယ်အတွင်း လူရာကျော်မှာ အဆိပ်ရေကန်ဘေးပတ်လည်သို့ ရောက်ရှိလာပြီး နောက်ထပ်လည်း လာနေကြဆဲ ဖြစ်သည်။ တစ်ယောက်ယောက်က ရေကန်ထဲ ဝင်မည့် ကိစ္စမှာ သူတို့အတွက် ကိစ္စအကြီးကြီး ဖြစ်၏။
မိုဝူကျိက လူအုပ်ကြီးကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည် “ အင်မော်တယ်ရောင်းရင်းလန် … ဘေးပတ်လည်မှာ လူအများကြီး ရှိနေတာဆိုတော့ ကျုပ် ထွက်လာတဲ့အခါကျ ကျုပ် ဘေးကင်းမှုကို တာဝန်ယူပေးနိုင်မလား ”
ချက်ချင်းဆိုသလို လန်ယွီလင်းက ပြန်တုံ့ပြန်လိုက်၏ “ အင်မော်တယ်ရောင်းရင်းဖန် စိတ်ချနေပါ။ ဘေးကင်းအောင် လုပ်ပေးပါ့မယ်။ ကျမ ဘယ်လိုလုပ်ပေးမလဲဆိုတာကိုတော့ မမေးပါနဲ့ …. ”
မိုဝူကျိက ခေါင်းညိတ်ကာ “ အဲဆို အဆိပ်ဖြေဆေး ပေးပါ ”
လန်ယွီလင်းက ကျောက်စိမ်းပုလင်း ပေးလိုက်ကာ “ မှတ်ထားနော် …. ဒီဆေးလုံးက ပုလင်းကနေ ထုတ်ပြီးပြီးချင်း မြန်မြန် သောက်ရတယ်။ မဟုတ်ရင် အကျိုးသက်ရောက်မှု အားနည်းသွားတယ် ”
နှလုံးထုံးဖြေ ဆေးလုံးအတွက် ထူးခြားမှုကို မိုဝူကျိက လန်ယွီလင်းထက် ပိုသိပေသည်။ ဤဆေးလုံးမှာ ထုတ်ပြီးပြီးချင်း မြန်မြန် သောက်ဖို့ လိုအပ်ပေသည်။
သူ့စိတ်စွမ်အားကို နောက်ဆုံးတစ်ကြိမ် ထပ်ဖြန့်လိုက်ပြီးနောက် မိုဝူကျိက ကျောက်စိမ်းပုလင်း၌ နှလုံးထုံးဖြေ ဆေးလုံး ရှိနေဆဲ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သူက ဆေးလုံးကို ထုတ်လိုက်ပြီး လက်ထဲ ရောက်လာသည့်အခါ အံ့ဩသွားတော့သည်။
အဆင့် ၇ နှလုံးထုံးဖြေ ဆေးလုံးမှာ ပုလင်းထဲ ရှိနေရက်နှင့် ဆေးကို ထုတ်လိုက်သည့်အခါ အဆင့် ၄ သန့်စင်ဆေးလုံးအဖြစ် ပြောင်းလဲသွားလေ၏။ ဤသန့်စင်ဆေးလုံးမှာ နှလုံးထုံးဖြေ ဆေးလုံးနှင့် သွင်ပြင်နှင့် အငွေ့အသက်တူတူ ရှိဟန် ပေါ်သည်။
အဆင့် ၇ နှလုံးထုံးဖြေ ဆေးလုံးမှာ အဆိပ်ရေကန်မှ အဆိပ်ကို ခုခံပေးထားနိုင်မလား မသိသော်ငြား အဆင့် ၄ သန့်စင်ဆေးလုံးမှာ အလုပ်မဖြစ်ကြောင်း သေချာသိနေသည်။
စိတ်စွမ်းအားကို ကျောက်စိမ်းပုလင်းထဲ ပို့လွှတ်လိုက်သောအခါ အဖြစ်အပျက်ကို နားလည်သွားတော့သည်။ ကျောက်စိမ်းပုလင်းထဲ၌ လျို့ဝှက်ယန္တရား တစ်ခု ရှိနေသည်။ အလယ်တွင် ပြောင်းရွေ့ရေး အစီအရင် ရှိနေသောကြောင့် ဆေးလုံးကို ထုတ်လိုက်သည်နှင့် ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးမှာ ရွေ့ပြောင်းခံလိုက်ရပြီး ဆေးနောက်တစ်လုံးက အစားထိုး ဝင်ရောက်လာခြင်း ဖြစ်၏။
မိုဝူကျိက အဆင့် ၆ အင်မော်တယ် အစီအရင်ဆရာနှင့် ညီမျှပေသည်။ ထိုအပြင် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ တစ်နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသဖြင့် သူ မမြင်ဖူးသည့် အဆင့်မြင့် အစီအရင် ရှိဦးမည်လား။ ကူးသန်းရေး အစီအရင်တစ်ခုအား မည်သို့ပင် ဖုံးကွယ်ထားစေကာမူ သူ့မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပေ။
လန်ယွီလင်း အမည်ရှိ ထိုအမျိုးသမီးမှာ အချိန်တိုလေးအတွင်း ဤသို့ လုပ်နိုင်စွမ်း ရှိသည်မှာ အံ့ဩဖို့ အကောင်းဆုံး ဖြစ်၏။ သာမာန်အခြေအနေအောက်၌ မသောက်သုံးခင် စိတ်စွမ်းအားဖြင့် တစ်ခေါက်သာ စစ်ဆေးကြည့်ကြလိမ့်မည်။ သို့သော်လည်း သူမ မမျှော်လင့်ထားသည်မှာ မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေသောကြောင့် အယောင်ဆောင် ဆေးလုံးမှာ သူ့အကြည့်အောက်၌ အသုံးမဝင်ပေ။
သူမအတွက် သူနှင့် တွေ့ဆုံမိတာ နှမြောစရာပဲ ….
မိုဝူကျိက အစီအရင်ပိုင်းတွင် ထူးချွန်နေရုံသာမက အဆင့် ၈ ဆေးလုံးဧကရာဇ်လည်း ဖြစ်နေသေး၏။ ထို့ကြောင့် သူ့ရှေ့၌ ထိုသို့ လှည့်ကွက်လေးမှာ အသုံးမဝင်ပေ။
မိုဝူကျိက ထိုလှည့်ကွက်ကို ထုတ်မပြောလိုက်ပေ။ ထို့အစား သန့်စင်ဆေးလုံးကိုသာ သောက်လိုက်သည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် ဆေးလုံးကို ထာဝရ ကမ္ဘာထဲ ပို့လွှတ်လိုက်သည်။
မိုဝူကျိက အဆိပ်ဖြေဆေးလုံး သောက်သုံးလိုက်သည်ကို မြင်ပြီး လန်ယွီလင်းက ကျေနပ်စွာဖြင့် ကျောက်စိမ်းပြားကို ပေးကာ “ ဒါကို ကြည့် …. ”
ကျောက်စိမ်းပြားကို လက်ခံပြီးနောက် လန်ယွီလင်းအား နားလည်ရခက်သည့် အမူအယာဖြင့် ကြည့်လိုက်သည်။ ကျောက်စိမ်းပြားပေါ်တွင် မြေပုံတစ်ခု ရှိနေသော်လည်း ယခင် ပြခဲ့သည့်အရာနှင့် လုံးဝ ကွာခြားနေပေသည်။
လန်ယွီလင်းက အားနာစွာဖြင့်
“ အင်မော်တယ်ရောင်းရင်းဖန် … ပထမဆုံး တွေ့တွေ့ချင်းတုန်းက ကျမ ထိန်ချန်ထားတာ ရှိတယ်။ အရင်တစ်ခါ ပြတဲ့ မြေပုံက အတုကြီးပါ။ ဒီတစ်ခုက အစစ်ပါ။ ကျောက်စိမ်းပြားမှာ အက်ကြောင်းလေး ရှိတယ်။
အဲထဲမှာ ရှင့်ရဲ့ လက်စွပ်ကို ထည့်ထားဖို့ အကြံပေးချင်တယ်။ အဆိပ်ရေကန်က ကျင့်ကြံသူရဲ့ အသားနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် ထိခိုက်စေတာ မဟုတ်ဘူး။ အင်မော်တယ်ပစ္စည်းတွေအပေါ်လည်း သက်ရောက်မှု ရှိတယ်။ အဲဒီကျောက်စိမ်းပြားက သီးသန့်ပစ္စည်းနဲ့ လုပ်ထားတာဆိုတော့ ဘာမှ မဖြစ်ဘူး ”
မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ အက်ကြောင်းတစ်ခု မြင်လိုက်ရသည်။ သို့သော် ဘေးတွင် ပြောင်းရွေ့ရေး အစီအရင်တစ်ခု ဝှက်ထားသောကြောင့် သူက တစ်ခုခုကို ထည့်လိုက်သည်နှင့် အရွေ့ခံရမည် ဖြစ်၏။
ဘယ်လောက်တောင် ဉာဏ်များလိုက်လဲ …..
သူ့အသက်ကို စတေးစေလိုရုံသာမက သူ့လက်စွပ်နှင့် အဆိပ်ရေကန်အတွင်းမှ ရရှိလာသော ပစ္စည်းများကိုပါ လိုချင်နေသေး၏။ အဆိပ်က မည်မျှပြင်းစေကာမူ သူက လက်စွပ်ထဲ အဝင်ခံမည် မဟုတ်ပေ။
မိုဝူကျိက ပြုံးကာ “ အင်မော်တယ်ရောင်းရင်းလန် … ကျုပ်က အားလုံးကို ယူပြီး ထွက်သွားမှာကို မစိုးရိမ်တာ မထူးဆန်းတော့ပါဘူး ”
လန်ယွီလင်းက အားနာစွာ ကြည့်လိုက်ပြီး “ အင်မော်တယ်ရောင်းရင်းဖန် ရန်စမနေပါနဲ့။ ကျမတို့က တွဲဖက်တွေပဲမလား။ ရှင် ထွက်လာတာနဲ့ ဒီအက်ကြောင်းကို ကျမ ဖွင့်ပေးပါ့မယ် ”
“ ကောင်းပြီလေ ကိစ္စမရှိပါဘူး ” မိုဝူကျိက စကားပြောပြီးနောက် ကျောက်စိမ်းပြားကို ယူကာ ရေကန်ထဲ ဆင်းသွားတော့သည်။
ကန် မျက်နှာပြင်၌ မြူအလွှာ ရှိနေပြီး သာမာန်ရေကန်နှင့် ခြားနားမှု မရှိပေ။
“ ဝင်တော့ ဝင်တော့ ” မိုဝူကျိက ဘေးနား ရပ်နေသည်ကို မြင်ကြသော ကြည့်ရှုသူများက သူ့ကို အားပေးလာကြသည်။
“ ရှင် ဝင်လို့ မဖြစ်ဘူး။ အဆိပ်ရေကန်က အင်မတန် အဆိပ်ပြင်းတယ်။ ရှင့်ဆီမှာ အဆိပ်ဖြေဆေး ရှိတယ်ဆိုရင်တောင် ရှောင်လွဲလို့ မရဘူး ” အဝေးမှ အသံအက်အက် ထွက်ပေါ်လာသည်။
သူ မော့ကြည့်လိုက်သည့်အခါ မိုဝူကျိက အသံပိုင်ရှင်ကို သိကြောင်း မှတ်မိလိုက်၏။ ထိုသူမှာ သူ ကယ်တင်ပေးလိုက်သော မိန်းမငယ်လေး ဖြစ်ပေသည်။ သူမဘေးတွင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မတ်တတ်ရပ်နေလေ၏။ ထိုမိန်းကလေးမှာ အလွန်ဉာဏ်မကောင်းသော်လည်း ကန်ကား အဆိပ်ပြင်းလွန်းသောကြောင့် မည်သူမှ မဝင်သင့်ကြောင်း ထုတ်ဖော်ပြဖို့ရာ တစ်ဦးတည်းသော ဆန္ဒရှိသူ ဖြစ်၏။ တစ်ဖက်တွင် ကျန်လူများက ပါးစပ်များ မပိတ်ရုံသာမက မိုဝူကျိ ကန်ထဲ ဆင်းသွားဖို့ရာ မျှော်လင့်နေကြသေးသည်။
လန်ယွီလင်းက သက်ပြင်းချကာ
“ အဆိပ်ဖြေဆေးက အချိန်ကန့်သတ်ချက် ရှိတယ်နော်။ မြန်မြန် ဆင်းသွားဖို့ သတိပေးချင်တယ်။ မဟုတ်ရင် ဆေးလုံးက အာနိသင် ပျောက်သွားတာနဲ့ အခြေအနေ ကောင်းမှာ မဟုတ်ဘူး ”
သို့သော်လည်း မိုဝူကျိက လန်ယွီလင်းအား အာရုံမစိုက်ပေ။ သူ့စိတ်စွမ်းအားကို ရေကန်ထဲ ပို့လွှတ်ထားသော်လည်း မထိုးဖောက်နိုင်ပေ။ သူ့စိတ်စွမ်းအားဖြင့် မြင်ရသည့် တစ်ခုတည်းသော အရာမှာ ဝေဝါးဝါး မြင်ကွင်းသာ ဖြစ်၏။
တုံ့ဆိုင်းမနေတာ့ဘဲ မိုဝူကျိက အဆိပ်ရေကန်ထဲ ဒိုင်ဗင် ထိုးချလိုက်သည်။ ရေကန်ထဲတွင် စိတ်စွမ်းအား အသုံးမဝင်သောကြောင့် ရေကန်ရှိ ရေကို ပိုင်းခြားပစ်လိုက်၍ မရပေ။