← Chapters

ဆက်ခံသူ

Vol. 6 Ch. Chapter 30

ဆက်ခံသူ

Vol. 6 Ch. Chapter 30

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V6 Chapter 30 - ဆက်ခံသူ

ကိုင်းတိုနဲ့တခြားသူတွေက လိုဏ်ခေါင်းတွေအများကြီး ကွန်ယက်လိုချိတ်ဆက်နေတဲ့ အထပ်မှာ ရပ်လိုက်ကြတယ်။ ဒီနေရာက တခြားအထပ်တွေထပ်စာရင် အတော်လေးပိုကျယ်ပါတယ်။ ပြီးတော့ သူတို့ဒီနေရာမှာ ရပ်လိုက်တာ အကြောင်းမဲ့မဟုတ်ဘူး။

"ငါတို့မလာခင်ကတည်းက နကျယ်ကောင်သေတွေရှိနေတယ်။ ဒီနေရာကို တစ်ယောက်ယောက်ရောက်ဖူးပုံပဲ။"

အယ်လိုဟင်က မြေပြင်ပေါ်က ရုပ်အလောင်းတွေကိုကြည့်ရင်းပြောလိုက်တယ်။ တခြားနှစ်ယောက်လည်းတစ်ချက်ကြည့်လိုက်ကြပေမဲ့ ရန်သူတွေက ဆက်လာနေဆဲပါ။

"ဒီအတိုင်းဆိုရင် သူတို့ဘယ်သွားလဲ ငါတို့စုံစမ်းချိန်ရမှာမဟုတ်ဘူး။ တစ်ခုခုကြံမှဖြစ်မယ်။" အယ်လိုဟင်က ကိုင်းတိုနဲ့ကြောင်နက်ကိုကျော်ပြီးဝင်လာတဲ့ နကျယ်ကိုင်တချို့ကို ပစ်သတ်ရင်းပြောလိုက်တယ်။

ကိုင်းတိုကလည်း သက်ပြင်းချလိုက်ပြီး သူ့နှလုံးနေရာကို လက်နဲ့ထောက်လိုက်တယ်။ ဒါပေမဲ့ သူဘာမှဆက်မလုပ်ရသေးခင် ကြောင်နက်ရဲ့အသံထွက်လာပါတယ်။ "ငါလုပ်လိုက်မယ်။"

ကြောင်နက်က ရှေ့တက်လာပြီး သူ့နှလုံးနေရာကို လက်နဲ့ထောက်လိုက်တယ်။ ရွှေရောင်သွေးစက်တချို့ သူ့လက်ထဲမှာပေါ်လာပြီး ရုတ်ချည်းဆိုသလိုပဲ ခရမ်းရောင်မိုးကြိုးလျှပ်စီးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အယ်လိုဟင်လည်း တစ်ခနတော့အံ့အားသင့်နေပေမဲ့ နောက်တော့ခေါင်းညိတ်လိုက်တယ်။

"ငါမေ့နေတာပဲ၊ မင်းတို့နှစ်ယောက်လုံးက မျိုးတူတွေပဲလေ။"

ကိုင်းတိုရဲ့သွေးစတေးတဲ့တိုက်ကွက်ကို ကြောင်နက်လည်းသုံးနိုင်ပုံပဲ။ ကြောင်နက်က လျှပ်စီးတန်းတွေကို ဓားတစ်ချောင်းကိုင်သလိုကိုင်ထားတယ်။ အဲဲဒီနောက်တော့ နည်းနည်းအားစိုက်လိုက်တာနဲ့ လျှပ်စီးတန်းက ကြီးထွားလာပြီး ဧရာမကျားဖြူပုံရိပ်ကြီး ထွက်ပေါ်လာကာ နကျယ်ကောင်တွေကို ရိုက်ချလိုက်တယ်။ တစ်ချက်တည်းနဲ့ နကျယ်ကောင်ရာနဲ့ချီလွင့်ပါသွားပြီးနောက် လျှပ်စီးကျားဖြူကြီးက နားကျယ်ကောင်တွေကို ထပ်မံဟိန်းဟောက်လိုက်လေရဲ့။

ဝေါင်း.....

အသံကကျယ်လွန်းလို့ မြေအောက်လိုဏ်ခေါင်းတွေတောင် တုန်ခါသွားတယ်။ မြေသားတချို့ပြိုကျလာပေမဲ့ ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး။

"ကဲ၊ ​ကျားဖြူကိုယ်ပွားကြီးက ငါတို့အစား နားကျယ်ကောင်တွေကို တားပေးထားလိမ့်မယ်။ ဒီနေရာကို မြန်မြန်လေးရှာဖွေရအောင်။ အချိန်အကန့်အသတ်ရှိတယ်။"

ဒီလိုနဲ့သူတို့သုံးယောက် စလှုပ်ရှားကြတယ်။ တိုက်ပွဲက အကျွင်းအကျန်တွေကို ကြည့်ရှုပြီးတဲ့နောက်မှာတော့ အယ်လိုဟင်က မေးကိုထောက်ပြီး အတည်ပြုလိုက်တယ်။ သူ့သံသယတွေကို အတည်ပြုလို့ရသွားပါပြီ။

"သေချာပေါက် သခင်မလေးတို့ ဒီနေရာကိုရောက်ခဲ့တယ်။ ဒီနေရာမှာ အလင်းဒြပ်စင်ရောင်ဝါတွေရှိနေတယ်။"

အယ်လိုဟင်က ပတ်ဝန်းကျင်ကို ဆက်ပြီးသုံးသပ်ကြည့်တယ်။ အဲဒီနောက် အမှောင်ထုထဲမှာ သူ့တစ်ဘဝလုံး မေ့နိုင်မှာမဟုတ်တဲ့ မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ ပထမတော့ သေချာမမြင်ရပေမဲ့ ကိုင်းတိုက အမှောင်ထုတစ်နေရာကို ခုန်ဝင်သွားလိုက်ပြီး မီးကြာပန်းနဲ့ ပတ်ဝန်းကျင်ကို အလင်းပေးလိုက်တဲ့အတွက် ခန်းမကျယ်ကြီးအတွင်းကို သေချာမြင်လာရတယ်။

မြေပြင်မှာ လူသားအရိုးတွေ တောင်လိုပုံနေတယ်။ အကုန်လုံးက အရိုးဖြူဖြူတွေပဲဖြစ်ပြီး အသားလုံးဝမရှိဘူး။ ဒါပေမဲ့ တချို့အရိုးတွေက သာမန်ထက်သေးငယ်နေတယ်။ ကိုင်းတိုက သေချာလေ့လာပြီးတဲ့နောက် ကောက်ချက်ချလိုက်တယ်။

"ဒီနေရာက အကောင်အပြည့်မဖြစ်သေးတဲ့ ကပ်ပါးနားကျယ်တွေကို ထားတဲ့နေရာပဲ။ အရွယ်ရောက်ပြီးတဲ့ကောင်တွေက သူတို့ရှာလာတဲ့အစားအစာတွေကို အရွယ်မရောက်သေးတဲ့သူတွေစားဖို့ ဒီနေရာကိုသုံးတာ။ လူရိုးအများစုသေးနေတာက ကလေးတွေကို သူတို့စားခဲ့လို့ပဲ။ နကျယ်ကောင်တွေက လူကြီးခန္ဓာကိုယ်ထဲမှာပဲ ဝင်ပုန်းအောင်းကြပုံပဲ။ ဒီတော့ ကလေးတွေကို အစာအတွက်သုံးပြီး လူကြီးတွေကို လက်ခံကောင်အဖြစ်သုံးတယ်လို့ ကောက်ချက်ချနိုင်တယ်။"

အယ်လိုဟင်က ကိုင်းတိုရဲ့ရှင်းပြချက်ကို ကြားပြီးတဲ့နောက် ကြောင်နက်ကိုကြည့်လိုက်တယ်။ ကြောင်က ပခုံးတွန့်ပြပါတယ်။ ကြည့်ရတာ ကြောင်အတွက်တောင်မှ ဒီနကျယ်ကောင်တွေရဲ့လုပ်ရပ်က အတော်လေး မှောင်မိုက်နေတဲ့ပုံပဲ။ လိပ်နက်ရဲ့အမြင်ကိုတော့သူတို့မပြောတတ်ဘူး။

"ဝေါင်း....." ကျားကြီးက နောက်တစ်ခါဟိန်းဟောက်လိုက်တယ်။ သူတို့လှည့်ကြည့်တော့ အနည်းဆုံးထောင်ဂဏန်းချီတဲ့ နကျယ်ကောင်တွေက ကျားကြီးကိုတိုက်နေပြီး စွမ်းအင်ကျားကြီးက အင်အားနဲ့တတိတတိ တိုက်စားခြင်းကိုခံနေရတယ်။

"ကြည့်ရတာ ငါတို့အချိန်က အကန့်အသတ်ရှိပုံပဲ။ သခင်မလေးတို့ ဘယ်ဆက်သွားလဲ ခြေရာခံကြရအောင်။"

....

ဖရာလီတာ နောက်တစ်ခါမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့မျက်နှာက အေးစက်စက်ကျောက်သားကြမ်းပြင်နဲ့ အပ်မိနေတာကို သတိထားမိလိုက်တယ်။ မျက်လုံးတွေ တဖြည်းဖြည်းအမှောင်ထုနဲ့ အသားကျလာချိန်မှာတော့ အမှောင်ထုထဲမှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်မှန်း သတိထားမိလာတယ်။

ဥစာကီလည်း သူနဲ့မျက်နှာချင်းဆိုင်နေရာမှာ လဲကျနေပြီး လုံးဝသတိဝင်မလာသေးဘူး။ ဖရာလီတာက ပတ်ဝန်းကျင်ကို လေ့လာကြည့်ချင်ပေမဲ့ ထူးဆန်းစွာနဲ့ သူ့ခန္ဓာကိုယ်က စိတ်ရှိသလိုလှုပ်ရှားမလို့မရဘူး။ သူ့အကြောတွေအားလုံး ထုံထိုင်းနေသလိုပဲ။

နကျယ်ကောင်တချို့မှာ အာရုံကြောကိုပျက်စီးစေတဲ့အထိ ပြင်းထန်တဲ့အဆိပ်ရှိမှန်း သိထားတော့ ဖရာလီတာထိတ်လန့်လာတယ်။ သူတို့ လုံခြုံတဲ့နေရာတစ်ခုမှာ ရှိနေတာမဟုတ်မှန်း အတည်ပြုလို့ရသွားပြီ။ သူတို့ နကျယ်ကောင်သိုက်ထဲမှာ ရှိနေကြတုန်းပဲ။

သူတို့ရောက်နေတဲ့ မြေအောက်ဂူက သိပ်မကျယ်ဘူး။ ဒါပေမဲ့ စိုထိုင်းစများပြီး အသက်ရှူရခက်စေတဲ့ ပတ်ဝန်းကျင်မျိုးရှိတယ်။ ဂူထဲမှာ တခြားဘာပစ္စည်းမှလည်းရှိမနေဘူး။ ဒါပေမဲ့ ဥခွံတချို့ကိုတော့ တွေ့ရတယ်။

"သားပေါက်တဲ့အခန်းလား။" ဒါကိုတွေးမိတာနဲ့ ဖရာလီတာ ထပြီးပြေးဖို့စဥ်းစားမိပေမဲ့ နောက်တစ်ခါ သူ့ခန္ဓာကိုယ်က လှုပ်မရပြန်ဘူး။ ခနနေတော့ လူတစ်ယောက် သူ့အနားကဖြတ်သွားပြီး ခပ်လှမ်းလှမ်းမှာဒူးထောက်လိုက်တာကို သတိထားမိတယ်။ ပြီးတော့ ဖရာလီတာ အဲဒီလူဘယ်သူလဲဆိုတာသိနေတယ်။

"အိခဲဒ..." သူ့စိတ်ထဲမှာ ရေရွတ်လိုက်မိတယ်။ ဒါပေမဲ့ အခုအိခဲဒက သူတို့သိတဲ့အဖိုးကြီးမဟုတ်တော့ဘူး။ နဖူးပေါ်မှာ ဦးမျှင်နှစ်ခုရှိနေပြီး ဆံပင်ဖြူတွေကို ဖြန့်ခွဲချထားတယ်။ သဘာဝအခွံမာလား သံချပ်ဝတ်လားမသိတဲ့အရာတစ်ခုက သူ့ခန္ဓာကိုယ်တစ်ဝက်ကို လွှမ်းခြုံထားတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ သူဒူးထောက်ပြီးခစားနေတဲ့အရာက သိပ်ကိုစွမ်းအားကြီးမှန်း ဖရာလီတာခံစားမိတယ်။

'ပုရွက်ဆိတ်ဘုရင်မရှေ့ကို ထပ်ရောက်သွားသလိုပဲ။' ဖရာလီတာတွေးလိုက်တယ်။ ဒါပေမဲ့ အခုတည်ရှိမှုက ပုရွက်ဆိတ်ဘုရင်မနဲ့ယှဥ်ရင် အများကြီးရန်လိုပြီး သတ်ဖြတ်ချင်စိတ်အပြည့်ရှိတယ်လို့ ခံစားရတယ်။

ဖရာလီတာ အတွေးလွန်နေတုန်း အိခဲဒဆီကနေ စကားသံထွက်လာတယ်။ "မျိုးပွားမိခင်ကြီးခင်ဗျား၊ သင့်တော်မယ့် လက်ခံကောင်နှစ်ယောက်ကို တွေ့လာပါတယ်။ ကျေးဇူးပြုပြီး စမ်းသပ်ကြည့်ပါဦး။"

မျိုးပွားမိခင်ကြီးဆိုတဲ့ အသုံးအနှုန်းကို ဖရာလီတာမရင်းနှီးဘူး။ သူ့ရဲ့ပြိုင်ဖက်ကြီး ဆိုဖီယာဆိုရင်တော့သိရင်သိနေနိုင်ပေမဲ့ပေါ့။ ဆိုဖီယာအကြောင်းတွေးမိတော့ ​ကျိတ်ကျိန်ဆဲလိုက်မိတယ်။ သေချာပေါက် သူတို့ရင်ဆိုင်နေရတာက ပိုးကောင်အင်ပါယာပဲနေမှာ။ ပိုဆိုးတာက ဆိုဖီယာပြောထားသလို လူသားတွေစုစုစည်းစည်းနဲ့ ခုခံနိုင်ဖို့နေနေသာသာ သုံးစုကွဲနေတယ်။

အဆိုးဆုံးကတော့ မက်ဒါနာစွန့်စားခန်းမထွက်နိုင်တုန်း အကောင်းဆုံးသက်သေပြပြီး အားကိုးရတဲ့ အချစ်တော်လေးလုပ်ချင်တဲ့ သူကိုယ်တိုင်ဟာ အေးတိအေးစက်ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေရင်း အရှုံးကိုဝန်ခံနေရတာပဲ။

'သည်းမခံနိုင်စရာကောင်းလိုက်တာ' ဖရာလီတာ နှုတ်ခမ်းကိုက်လိုက်ချင်ပေမဲ့ အကြောသေနေတာကြောင့် ပါးစပ်ကနေ သွားရည်တွေပဲစီးကျလာတယ်။ဒါပေမဲ့ ရုတ်တရက် သူ့ခန္ဓာကိုယ်က လေထုထဲကိုမြောက်တက်သွားပြီး ဧရာမအင်းဆက်ခေါင်းနီနီကြီးကို မြင်လိုက်ရတယ်။

နကျယ်ကောင်ကြီးပါ၊ မီတာတစ်ရာလောက်ရှည်တဲ့ခန္ဓာကိုယ်ရှိပြီး အတောင်တွေကိုပါထည့်တွက်ရင် မီတာသုံးရာလောက်ရှိမလားပဲ။ ပုရွက်ဆိတ်ဘုရင်မကို မြင်ဖူးပေမဲ့ ဖရာလီတာ မအံ့ဩဘဲမနေနိုင်ဘူး။

နကျယ်ကောင်ကြီးက ပေါင်းစပ်မျက်လုံးတွေနဲ့ဖရာလီတာကို ကြည့်လိုက်ပြီး စိတ်ပျက်စွာနဲ့ ဖရာလီတာကို လွှင့်ပစ်လိုက်တယ်။

ဘောင်း...

ဖရာလီတာမြေပြင်နဲ့ရိုက်မိပြီး နဖူးကနေ သွေးတွေစီးကျလာတယ်။ ဒါပေမဲ့ သူလှုပ်လို့မရသလို အော်လို့လည်းမရဘူး။ ဒီအတိုင်းနာကျင်မှုကို ခံစားနေရုံမှအပ တခြားဘာမှမတတ်နိုင်ဘူး။

"သင့်တော်မယ့်ဆက်ခံသူဖြစ်ဖို့ ငယ်လွန်းတယ်။" နကျယ်ကောင်ရဲ့ခပ်စူးစူးအသံက ပဲ့တင်သံထွက်လာတယ်။ အိခဲဒကတော့ ကြောက်လန့်တကြားနဲ့ကိုယ်ကို ကွေးညွှတ်ကာ တောင်းပန်ပါတယ်။

"သူ့စွမ်းအားက ကြီးမားတဲ့အတွက် သင့်တော်မယ်ထင်လို့ ယူလာခဲ့တာပါ။ ဒီလိုမှန်းသိရင် ပိုးကောင်တွေကို ကျွေးခဲ့ပါတယ်။ စိတ်မရှိပါနဲ့၊ မျိုးပွားမိခင်ကြီး။"

အကြောသေနေတဲ့ ဖရာလီတာရဲ့နှလုံးခုန်သံက တစ်စတစ်စ ပိုပြီးမြန်ဆန်လာတယ်။ အမှန်အတိုင်းပြောရရင် သူတို့ပြောနေတာတွေရဲ့တစ်ဝက်လောက်ကို ဖရာလီတာနားမလည်ပေမဲ့ လက်ခံကောက်နဲ့ဆက််ခံသူဆိုတဲ့ နှစ်လုံးကို နားလည်ရုံနဲ့တင် သူစိုးရိမ်နေပါပြီ။

'ငါဒီနေရာကနေ ထွက်သွားနိုင်ဖို့ကြိုးစားရမယ်၊ မဟုတ်ဘူး။ သူ့ကိုပါ အပါခေါ်သွားရမယ်။"

ဖရာလီတာက ခက်ခက်ခဲခဲ ခေါင်းကိုအနေအထားပြောင်းအောင် လှုပ်ရှားကြည့်တယ်။ အဆိပ်က နည်းနည်းပြေလာပြီဆိုပေမဲ့ တကယ့်ကိုလှုပ်တယ်ဆိုရုံလေး လှုပ်နိုင်သေးတာ။ ဥစာကီကို သူကြည့်လိုက်တော့ ဥစာကီလည်း မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကိုကြည့်နေပြီ။ မကြာခင်မှာပဲ ဥစာကီက အိခဲဒကိုသတိထားမိပြီး ပြောလာတယ်။

"အဖိုး...."

အိခဲဒက လုံးဝလစ်လျူရှုထားတယ်။ အဲဒီအစား မျိုးပွားမိခင်ကြီးဆိုတဲ့ နကျယ်ကောင်က ဥစာကီကို သတိထားမိသွားပြီး ကြည့်လိုက်တယ်။ ဥစာကီရဲ့ခန္ဓာကိုယ်က လေထုထဲက အလိုလိုမြောက်လာပြီး နကျယ်ကောင်ရဲ့မျက်လုံးတွေနဲ့ ဆုံမိသွားတယ်။

'ငါလည်း ဒီလိုမျိုးလေပေါ်မှာ ပေါလောမျောနေခဲ့တာလား။' ဖရာလီတာ တွေးလိုက်မိတယ်။ အဲဒီ နကျယ်ကောင်က သူတို့ကို စိတ်စွမ်းအင်နဲ့ပဲထိန်းချုပ်နေတာ။

"စွမ်းအားလည်းကြီးတယ်၊ အပျိုစင်လည်းဟုတ်တယ်။ အသက်ကလည်း အနေတော်ဘဲ။ ဆက်ခံသူဖြစ်ဖို့ သင့်တော်တယ်။"

ဥစာကီက သတိသေချာမရသေးဘဲ နကျယ်ကောင်ကိုပဲ စိုက်ကြည့်နေတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်းအန္တရာယ်ကို သတိထားမိတယ်ထင်ပါတယ်။ အိခဲဒကို အကူအညီဆက်တိုက်တောင်းနေတယ်။

"အဖိုး... ကယ်ပါ..." ဒါပေမဲ့ အခု​အိခဲဒက ပိုးကောင်တစ်ကောင်ပါ။ ဥစာကီကို တစ်ချက်ပဲကြည့်ပြီး ဆက်ဂရုမစိုက်တော့ဘူး။ အဲဒီစား မျိုးပွားမိခင်ကြီးကို ခစားရင်း ဆက်ပြောတယ်။

"ဒါဆိုရင် ကျွန်တော်တို့ နန်းတင်ပွဲစကြတော့မလား။"

"ကောင်းပြီ။" မျိုးပွားမိခင်ကြီးက အတည်ပြုပေးလိုက်တယ်။ အိခဲဒက ဖရာလီတာကို လှည့်ကြည့်ပြီး မိခင်ကြီးကို ထပ်မေးလိုက်တယ်။

"ဒီတစ်ယောက်ကိုရော သားဖွားခန်းထဲ သွားပို့ပေးရဦးမလား။"

ဒါပေမဲ့ မျိုးပွားမိခင်ကြီးက အိခဲဒပိုးကောင်နဲ့အမြင်တူပုံမပေါ်ဘူး။ အဲဒီအစား အခုလိုပြောလိုက်လေရဲ့။

"မလိုဘူး၊ သူ့ကို ထီးနန်းဆက်ခံပွဲရဲ့ဧည့်သည်ဖြစ်ပါစေ။"

အဲဒီနောက်တော့ အိခဲဒက ပိုးကောင်ဥတစ်လုံးကို မျိုးပွားမိခင်ကြီးရဲ့နောက်က ဂူထောင့်ထဲကနေ ယူလာတယ်။ ဥခွံက အနီရောင်ဖြစ်ပြီး အထဲကနေ တစ်ခုခုထိုးထွက်ဖို့ကြိုးစားနေတယ်။ ပြီးတော့ အဲဒီဥက ဖရာလီတာမြင်ဖူးသမျှအရာအားလုံးထက် ပိုပြီးစွမ်းအားကြီးတယ်လို့ ခံစားရတယ်။

ဖရာလီတာက မြေပြင်မှာ ဆက်လဲလျောင်းနေဆဲပဲ။

ဒါပေမဲ့ ဥစာကီကို ဒီနေရာကနေ ဖြစ်နိုင်သမျှမြန်မြန်ထွက်သွားစေချင်နေတယ်။ ရှိသမျှအားကို စုစည်းပြီးဖရာလီတာ အော်ဟစ်လိုက်ပေမဲ့ အသံက တိုးတိုးလေးပဲ ထွက်လာတယ်။

"ဥစာကီ၊ ပြေး....."

ဒါပေမဲ့ ဥစာကီဟာလည်း သူ့လိုပဲထွက်ပြေးနိုင်စွမ်းရှိမနေဘူး။ ရုတ်တရက် အိခဲဒကိုင်ထားတဲ့ ဥနံရံက ပွင့်သွားတယ်။ ဥထဲကနေ နကျယ်ကောင်သားလောင်းဟာ ရွံစရာကောင်းတဲ့ပုံစံနဲ့ထွက်လာပြီး ဥစာကီရဲ့ပါးစပ်ကို ဆွဲဖွင့်ကာ အထဲကိုဝင်သွားတယ်။ ဥစာကီက တစ်ချက်နှစ်ချက်ရုန်းကန်လိုက်ပြီးနောက် သူ့ဆီကနေ ညည်းသံသဲ့သဲ့ထွက်လာပါတယ်။

"အား... အ...." အဲဒီနောက် ပြန်တိတ်ဆိတ်သွားပြန်တယ်။ နောက်တော့ ဥစာကီရဲ့လက်တွေက ပြန်လှုပ်ရှားလာပြီး မြေပြင်ပေါ်ကို ပြန်ပြုတ်ကျလာပါတယ်။

ဘုတ်။

ဖရာလီတာက ဥစာကီရဲ့ကိုယ်ငွေ့အားနည်းလာနေပြီး တခြားအင်အားကြီးတဲ့အငွေ့အသက်တစ်ခု ကြီးထွားလာနေတာကို ခံစားမိတယ်။ ညင်သာလွန်းပေမဲ့ သတိမထားမိနိုင်လောက်စရာ အငွေ့အသက်မျိုးတော့မဟုတ်ဘူး။ မျိုးပွားမိခင်ကြီးက အိခဲဒကိုပြောလိုက်တယ်။

"ဒါဆိုရင် ငါ့အပိုင်းက ပြီးသွားပြီ။ နောက်သုံးနှစ်နေမှ ဆက်ခံသူက အရွယ်လောက်လာလိမ့်မယ်။ အဲဒီအချိန်မတိုင်ခင် မင်းက သူ့ကိုစောင့်ရှောက်ရလိမ့်မယ်။ အခုအချိန်ကစပြီး မင်းက သူ့ရဲ့အိမ်တော်ထိန်းပဲ။"

မျိုးပွားမိခင်ကြီးရဲ့စကားတွေက တစ်ခွန်းထက်တစ်ခွန်း တိုးဝင်သွားတယ်။ နောက်ဆုံးတော့ မျိုးပွားမိခင်ကြီးရဲ့ခန္ဓာကိုယ်က ​တအိအိပြိုလဲကျသွားပြီး အခွံသက်သက်ဖြစ်သွားတော့တယ်။

​အိခဲဒက မျိုးပွားမိခင်ကြီး အသက်ဆုံးသွားတာနဲ့ ထရပ်လိုက်တယ်။ ဥစာကီက အခုထိသတိလစ်နေဆဲဖြစ်ပြီး ဘာမှမတုံ့ပြန်ဘူး။ ဖရာလီတာကတော့ အခုထိ သူ့ရှေ့ကမြင်ကွင်းကို မယုံနိုင်သေးဘူး။ အစောပိုင်းကအထိ သူနဲ့အတူတူရှိနေခဲ့တဲ့လူတစ်ယောက်က အခုလိုပဲ ကပ်ပါးဝင်ပူးခံလိုက်ရတာလား။ ပြီးတော့ ကမ္ဘာ့အန္တရာယ်အကြီးဆုံးကပ်ပါးပါ။

"ဟားဟားဟား... ဟားဟားဟား... အခုအချိန်ကစပြီး ငါက ဘာရွန်ဆိုင်းယပ်ပဲ။ ဘုရင်မရဲ့တော်ဝင်အိမ်တော်ထိန်း။ ဘုရင်မအရွယ်မရောက်မချင်း ကျန်တဲ့ကောင်တွေအားလုံး ငါ့စကားနားထောင်ရတော့မှာ။"

ဖရာလီတာ ဘာမှနားမလည်ပေမဲ့ ဆိုင်းယပ်လို့ သူ့ကိုယ်သူခေါ်နေတဲ့ အိခဲဒက ပိုးကောင်တွေအတွက် သိပ်ကိုအရေးကြီးတဲ့ ရာထူးတစ်ခုရသွားတဲ့ပုံပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုနဲ့ ကျားဟိန်းသံကြီးကို ဖရာလီတာကြားလိုက်ရတယ်။

"ဝေါင်း....."

ဆိုင်းယပ်လည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘာသာရေရွတ်လိုက်ပါတယ်။ "ကမ္ဘာရဲ့ကာကွယ်သူတွေ ငါတို့အသိုက်ထဲရောက်နေပြီလား။ ကြည့်ရတာ အချိန်သိပ်မရတော့တဲ့ပုံပဲ။"

ဆိုင်းယပ်က မြေပေါ်မှာလဲကျနေဆဲဖြစ်တဲ့ ဥစာကီကို မင်းသမီးလေးလိုပွေ့ချီလိုက်တယ်။ ဥစာကီရဲ့ဓားကိုတော့ လုံးဝမကောက်ယူဘူး။ သူ့စိတ်ထဲမှာ သိပ်အရေးမပါတဲ့ လက်နက်တစ်ခုလို့မြင်တဲ့ပုံပဲ။ အဲဒီအစား အခန်းပြင်ကို ခပ်မြန်မြန်ပဲပြေးထွက်သွားတယ်။

သိပ်မကြာခင်မှာပဲ သွေးထွက်လွန်နေတဲ့ ဖရာလီတာလည်း လုံးဝခေါင်းမထူနိုင်တော့ဘဲ သတိမေ့သွားပါတော့တယ်။

"မင်း၊ နေဦး။"

လိုဏ်ခေါင်းထဲကနေ ထွက်တာနဲ့ ဆိုင်းယပ်က ကိုင်းတိုနဲ့ မျက်နှာချင်းဆိုင်မိတယ်။ ကိုင်းတိုက ဆိုင်းယပ်ကို ဖမ်းဆွဲဖို့ကြိုးစားလိုက်ပေမဲ့ ဆိုင်းယပ်က အသံမြန်နှုန်းနဲ့ ရှောင်ထွက်လိုက်ပြီး နံရံတစ်ခုမှာတွယ်တပ်ပြီး ဇောက်ထိုးကြီးရပ်နေလိုက်တယ်။

"လူသား၊ မင်းဘာလိုချင်လို့လဲ။ မသေချင်ရင် ကျုပ်လမ်းကနေဖယ်။" ကိုင်းတိုလည်း ဒီစကားကြားတာနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအိခဲဒက သူတို့လူမဟုတ်တော့တာ သိသာနေပြီလေ။

"ကပ်ပါးလား၊ အံ့ဩစရာတော့မရှိပါဘူးလေ။" ကြောင်နက် သူ့ဘယ်လက်ဝါးကို လက်သီးနဲ့ဖွဖွထိုးလိုက်ပြီး ဆိုင်းယပ်ဆီချက်ချင်းပြေးဝင်သွားတယ်။ ဒါပေမဲ့ ဆိုင်းယပ်က သွေးစတေးမှုကြောင့် အားနည်းနေတဲ့ ကြောင်အတွက် လိုက်မမီနိုင်မယ့် မြန်နှုန်းမျိုးနဲ့ရှောင်ထွက်သွားပြီး ကြောင်ရဲ့ခါးကို သူ့ခြေနဲ့ဆောင့်ကန်ကာ ကြောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကျောက်သားနံရံထဲ နစ်ဝင်သွားအောင် လုပ်ပစ်လိုက်တယ်။

ဘုန်း....။ လိုဏ်ခေါင်းတစ်ခုလုံး လှုပ်ခါသွားပြီး ကျောက်တုံးတွေပြိုကျလာတယ်။ ကိုင်းတိုလည်း ဝင်လှုပ်ရှားပေမဲ့ မကြာခင်မှာပဲ အဲဒီကပ်ပါးက သူနဲ့လက်ရည်ညီနေတာ သတိထားမိလိုက်တယ်။ ပိုဆိုးတာက ဆိုင်းယပ်ဟာ သူ့လက်ထဲက ဥစာကီကိုမချဘဲ ခြေနှစ်ဖက်နဲ့သာ တိုက်ခိုက်နေတာပါ။

ကိုင်းတိုက စိတ်မရှည်တော့ဘဲ မီးကြာပန်းတွေစသုံးတော့မှ ဆိုင်းယပ်မယှဥ်နိုင်တော့ဘဲ အတောင်ပံကိုဖြန့်ကာ ရုတ်တရက်လိုဏ်ခေါင်းတွေကို ဖြတ်ပြေးပြီး မြေပေါ်ကို ဦးတည်ပြီးသွားတယ်။ ကိုင်းတိုတို့အုပ်စုလည်း နောက်ကနေပြေးလိုက်တယ်။

"မင်းတို့နဲ့ တစ်ချိန်ကျရင် ပြန်တွေ့ဦးမှာပါကွာ။" အရေးမသာဖြစ်နေပြီဖြစ်တဲ့ ဆိုင်းယပ်က ညစ်ကျယ်ကျယ်ပြောလိုက်တယ်။

"သူတို့ထွက်လာကြပြီ။" ဒရုန်းဇုန်က ကွန်ပျူတာမျက်နှာပြင်ကို ထိုင်စောင့်ကြည့်နေရင်း ဥစာကီကိုပွေ့ချီထားတဲ့ အိခဲဒကို မြင်လိုက်ရတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ဥစာကီကိုမြင်တာနဲ့ ဒရုန်းဇုန် ယာဥ်ပျံပေါ်ကနေ ပြေးဆင်းပြီး လိုဏ်ခေါင်းပေါက်တွေနားကို အလိုလိုသွားမိတယ်။ နေမကောင်းသေးပေမဲ့ အခြေအနေကို အတူစောင့်ကြည့်နေတဲ့ ဖရန့်လည်း နောက်ကနေ ပြေးလိုက်လာပါတယ်။

"ဒရုန်းဇုန်-ဆန်၊ အခြေအနေက ပုံမှန်မဟုတ်ဘူးလို့ မထင်ဘူးလား။"

တကယ်တော့ ဒရုန်းဇုန်မပြောနဲ့ သာမန်အရူးတစ်ယောက်တောင် အခြေအနေပုံမှန်မဟုတ်မှန်း ပြောနိုင်သင့်တာ။ ဥစာကီက သတိမေ့နေပြီး အိခဲဒကို တခြားအဖွဲ့ဝင်တွေက လိုက်တိုက်ခိုက်နေတယ်။ ဒါပေမဲ့ ဒရုန်းဇုန်က ဥစာကီကိုမြင်တာနဲ့တင် အားလုံးမေ့လျော့သွားတယ်။

"အဲဒါကြောင့်မလို့ ငါအပြေးသွားနေတာလေ။ ဥစာကီဒဏ်ရာရလာလို့ သူ့အဖိုးသူ့ကိုသယ်လာတာနေမှာ။"

ဘုန်း....။

ရုတ်တရက် သူတို့ရှေ့က မြေတွင်းတွေပြိုကျသွားပြီး လူတစ်ယောက်ပျံထွက်လာတယ်။ လူတိုင်းအိခဲဒလို့မြင်နေရတဲ့ ဆိုင်းယပ်ပါ။ ဒရုန်းဇုန် ခြေလှမ်းတွေကို ရပ်လိုက်တယ်။ အိခဲဒက ဒရုန်းဇုန်ကို ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ တစ်ချက်ကြည့်လိုက်ပြီး နောက်ကဖရန့်ဆီ အကြည့်ရောက်သွားတယ်။

"နောက်ထပ်ကာကွယ်သူလား၊ မင်းတို့နဲ့ အလုပ်ရှုပ်ဖို့ အချိန်မရှိသေးဘူး။" ဆိုင်းယပ်က ပြောပြောဆိုဆိုနဲ့ ကိုင်းတိုတို့ရောက်မလာခင် အသံထက်မြန်တဲ့နှုန်းနဲ့ ကောင်းကင်ပေါ်ကိုပျံသန်းရင်း အမြန်​​ခြေရာဖျောက်သွားတယ်။

All Chapters