အဆိပ်ရေကန်အောက်ရှိ အိမ်
Vol. 49 Ch. 678
အဆိပ်ရေကန်ထဲ ဝင်လိုက်သည်နှင့် မိုဝူကျိက အရည်ပြား တစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားမိလိုက်သည်။ သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရောက်ရှိနေသော်လည်း အသက်ဓာတ်က သူ့ဆီမှ အလျှင်အမြန် ဆုတ်ယုတ်နေလေ၏။
အဆိပ်က ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်လဲ ….
အင်မော်တယ် ဧကရာဇ်ပင် မတောင့်ခံနိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုအေးစက်စက် ခံစားချက်မှာ ပုံရိပ်ယောင်မျှသာ ဖြစ်ပြီး လက်တွေ့၌ အဆိပ်က အသက်ဓာတ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို တိုက်စားနေခြင်း ဖြစ်ပေသည်။
မိုဝူကျိ၏ အဆိပ်ဖြေ ချီသွေးကြောမှာ အဓိက လှည့်ပတ်ခြင်းတွင် ပါဝင်လာပြီး ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော အဆိပ်များကို အင်မော်တယ်ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲပေးလိုက်သည်။
သို့သော်လည်း မိုဝူကျိက ပထမတစ်ကြိမ် အင်မော်တယ် ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည့်အခါ အဆိပ်များစွာက သူ့ခန္ဓာအတွင်း ဝင်ရောက်လာသည်။ ယခု သူက သူ့အဆိပ်ဖြေ ချီသွေးကြော ရှိနေရက်နှင့်ပင် ဆက်တိုက် မကျင့်ကြံနေသရွေ့ အဆိပ်ရေကန်ထဲ ကြာကြာ မနေနိုင်ကြောင်း နားလည်လိုက်သည်။
ဆက်တိုက် ကျင့်ကြံခြင်းမှာ မိုဝူကျိ၏ အစီအစဉ်တွင် မပါရှိပေ။ သူက ဆက်တိုက် ကျင့်ကြံနေရင်း ကန်ထဲရှိ အဆိပ်အားလုံးကို ဖယ်ရှားပေးလိုက်နိုင်မည်ကို စိုးရိမ်နေမိသည်။ ရေကန်ထဲ၌ အဆိပ်မရှိတော့သည်နှင့် မြောက်များစွာသော ကျင့်ကြံသူများက ကန်ထဲ အပြေးအလွှား ရောက်လာကြလိမ့်မည်။
သူက မြေပုံမှ တည်နေရာအတိုင်း မလိုက်ချင်ပေ။ ထို့အစား စိတ်ဝိညာဉ်မျက်လုံးကိုသာ ဖွင့်လိုက်သည်။ လန်ယွီလင်းလို အမျိုးသမီးကို ယုံကြည်၍ မရပေ။
မိုဝူကျိကို စိတ်သက်သာရာ ရသွားစေသည်မှာ အဆိပ်ရေကန်က သူ့စိတ်စွမ်းအားကို တားဆီးထားသော်လည်း သူ့စိတ်ဝိညာဉ်မျက်လုံးကိုတော့ ကာဆီးမထားနိုင်ချေ။ သူ့ဘေးရှိ မီတာတစ်ထောင် ပတ်လည်ကို ကောင်းကောင်း မြင်တွေ့နေရသည်။
အဆိပ်ရေကန်က အဆုံးအစွန်ပင်လယ်ထက်ပင် ပို၍ နက်ရှိုင်းပေသည်။ သူက ကန်အောက်ခြေကို မြင်ဖို့ရာ အမွေးတိုင် တစ်တိုင်စာနီးပါး ကြာမြင့်လိုက်၏။
အောက်ထဲ၌ ကျောက်တုံးများ၊ အရိုးစုများမှ လွဲပြီး မှောင်ပိန်းနေသည်။ ထိုအရိုးစုများက ကန်ထဲမှ အဆိပ်သင့်ထားခြင်းသာ ဖြစ်ရမည်။ ပုံပန်းသွင်ပြင်မှာ အလွန်တရာ ညစ်ပတ်ကာ ကြောက်မက်ဖွယ် ဖြစ်နေသည်။
မိုဝူကျိက ကျောက်စိမ်းပြားပေါ်မှ မှတ်ထားသည့်နေရာ အတိုင်း သွားလိုက်သောအခါ အမွေးတိုင်ဝက်စာခန့်အတွင်း တံခါးနက်ကြီးကို မြင်လိုက်ရသည်။ ထိုအရာမှာ ကန်အောက်ခြေရှိ အဆောက်အဦးတစ်ခု ဖြစ်နေပြီး တံခါးနက်ကြီးမှာ တစ်ခုတည်းသော ဝင်လမ်း ဖြစ်၏။
သူက တံခါးကို လက်သီးချက်နှင့် ချိုးဖျက်ဖို့ရာ ကြိုးစားလိုက်သော်ငြား အရာမထင်ပေ။ မိုဝူကျိက လက်ရှိ ကျင့်ကြံဆင့်နှင့် တံခါးဖွင့်နိုင်ရန် မဖြစ်နိုင်ကြောင်း ကောင်းကောင်း သိပေသည်။
ကာကွယ်ရေး အစီအရင် အဆင့်မှာ သိပ်မမြင့်သော်လည်း အစီအရင် ချိုးဖျက်ပြီး ဝင်ဖို့ရာ ကြိုးစားမှုတိုင်းက ကျရှုံးသွားရသည်။ ကျန်ရှိနေသည့် တစ်ခုတည်းသော နည်းလမ်းမှာ အတင်းချိုးဖျက်ဖို့ရာ ဖြစ်၏။ အစီအရင် အလံများကို တစ်ခုပြီး တစ်ခု ပစ်လွှတ်လိုက်ပြီး အင်မော်တယ်ကျောက်များစွာကို အစီအရင် ဗဟိုချက်၌ အားဖြည့်စေလိုက်သည်။ လေးနာရီအကြာတွင် မိုဝူကျိက သူ့တိုက်ခိုက်မှုကို အားမြင့်ပေးနိုင်သည့် အစီအရင်ကို ခင်းကျင်းပြီးသွားလေပြီ။
ထိုအရာအားလုံး ပြင်ဆင်ပြီးနောက် သူက ချက်ချင်း မဖျက်စီးသေးပေ။ အရင်ဦးစွာ ထိုတုန်လှုပ်မှုများကို ဖုံးကွယ်ထားပေးနိုင်မည့် ဖုံးကွယ်ရေး အစီအရင် တစ်ခု ထပ်ခင်းကျင်းလိုက်၏။ ထို့နောက် ဧရာမ တူကြီးကို ထုတ်ကာ တံခါးနက်အား ဖျက်စီးလိုက်သည်။
……………
ထိုစဉ် အဆိပ်ရေကန် ဘေးပတ်လည်၌ စောင့်နေကြသော ကျင့်ကြံသူများမှာ ဖြည်းဖြည်းချင် ပျောက်ကွယ်သွားကြသည်။ ရေကန်ထဲတွင် နှစ်နာရီကျော်ကြာ နေမိပါက အဆိပ်သင့်ကာ တန်းသေဆုံးသွားတတ်ကြခြင်း သိနေကြ၍ ဖြစ်သည်။ လေးနာရီကြာပြီးနောက် ဘာသတင်းမှ မကြားရခြင်းမှာ ထိုလူက သေဆုံးသွား၍ ဖြစ်ပေလိမ့်မည်။ မိုဝူကျိက ရေကန်ထဲ ရောက်ရှိနေသည်မှာ ခြောက်နာရီ ကြာမြင့်သွားလေပြီ။ အကယ်၍ သူသာ အသက်ရှင်နေပါက အတော်လေး ထူးဆန်းနေခြင်းသာ ဖြစ်၏။
တစ်ဖက်တွင် ရပ်နေသည့် လန်ယွီလင်းက သူမဘာသာ ရေရွတ်လိုက်သည် “ အသုံးမကျချက် ”
သူမ ပေးလိုက်ရသော ပစ္စည်းများမှာ ဈေးမပေါသောကြောင့် စောစောစီးစီး ထွက်မသွားနိုင်ခြင်း ဖြစ်၏။ အဆင့် ၄ အဆိပ်ဖြေ ဆေးလုံး၊ ပြောင်းရွေ့ရေး အစီအရင်ပါသည့် ကျောက်စိမ်းပုလင်းနှင့် ပစ္စည်းများကို ပြောင်းရွေ့နိုင်သော ကျောက်စိမ်းပြားတို့မှာ အတော်လေး အဖိုးတန်ပေသည်။ ထို့ကြောင့် သူမအနေဖြင့် ထိုပစ္စည်းအားလုံး အဆိပ်ရေကန်ထဲ ဆုံးသွားသည့် အချက်မှာ နှမြောတသဖြစ်၍ မဆုံးပေ။
အကယ်၍ သူမသာ မိုဝူကျိက ထိုမျှအသုံးမကျကြောင်း သိခဲ့လျှင် သူ့ဆီ ရင်းနှီးမြှပ်နှံ့ခဲ့မည် မဟုတ်ပေ။ ထိုလူက သူမနှင့် မအိပ်ချင်၍သာ ကံကောင်းသွားတော့သည်။ မဟုတ်လျှင် သူမ ဆုံးရှုံးမှုကား ပိုမို ကြီးမားပေဦးမည်။
…………
“ ဘုန်း ” မိုဝူကျိ၏ ဧရာမ တူကြီးက တံခါးနက်ပေါ် ကျရောက်သွားသည့်အခါ တိုက်ခိုက်ရေး အထောက်အပံ့ အစီအရင်ကြောင့် စွမ်းအားများမှာ ပေါက်ကွဲထွက်ကုန်သည်။
တူစွမ်းအားမှာ ချက်ချင်းဆိုသလို နှစ်ဆ ဖြစ်သွားပြီး တံခါးနက်အား တုန်ခါသွားစေသည်။ ထိုအရာကို မြင်ပြီး မိုဝူကျိက အဆက်မပြတ် တိုက်ခိုက်လိုက်ပြီး တူဖြင့် တစ်ကြိမ်ပြီး တစ်ကြိမ် ထုရိုက်နေသည်။
နာရီအချို့အကြာ တံခါးမှ အက်သံကြီး တစ်ခု ပေါ်လာလေ၏။ ထို့နောက် မိုဝူကျိက နောက်ဆုံးအကြိမ်အနေနှင့် အားပြင်းပြင်း ထုရိုက်လိုက်တော့သည်။
“ ဝုန်း ” တံခါးမှာ အလယ်မှ ဟက်တက် ပွင့်သွားကာ ရေသဘာဝ စွမ်းအားများ အလုံးအရင်းလိုက် ထွက်ပေါ်လာစေသည်။ သူ့လက်တစ်ချက် ဝှေ့ကာ အစီအရင်အလံများကို ပစ်လွှတ်လိုက်ရင်း ထွက်သွားသည့် အငွေ့အသက်များ အပါအဝင် သူ့ကိုယ်သူကို လွှမ်းခြုံကာ တံခါးထဲ ဝင်လိုက်သည်။
တစ်ချိန်တည်းတွင် ကန်ဘေးရှိ မီးခိုးရောင် အမျိုးသားကြီးက အဆိပ်ရေကန် အလယ်ကို မျက်တောင်မခတ် ကြည့်နေလေ၏။ သူက သူ့မျက်လုံးမှာ အထင်မှားနေခြင်း မဟုတ်ကြောင်း သေချာသိလိုက်သည်။ ကန်အလယ်၌ လှုပ်ရှားမှု တချို့ရှိသွားဟန် ပေါ်ကာ လှိုင်းတွန့်လေးများတချို့ လှုပ်ရှားနေသေး၏။
အဆိပ်ရေကန်မှာ အဆိပ်ပြင်းလွန်းသောကြောင့် သက်ရှိများ နှင့် ငါးများ မရှိချေ။ လေတိုက်သည့်အခါ မျက်နှာပြင် လှုပ်ခတ်သွားလေ့ ရှိသော်လည်း လေကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းတွန့်နှင့် ထိုစက်ဝိုင်းသဏ္ဍာန် လှိုင်းတွန့်တို့မှာ လုံးဝ မတူညီကြချေ။
ထိုအရာမှာ ကန်အလယ်မှ ထွက်ပေါ်နေခြင်း ဖြစ်၏။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က ကန်အောက်ခြေ၌ တိုက်ခိုက်နေကြောင်းကို ညွှန်ပြနေသည်။
လွန်ခဲ့သည့် နာရီများစွာ အကြာက ကန်ထဲ ဝင်သွားသော အမာရွတ်များနှင့် လူက မသေသေးတာများလား။ ကန်အောက်ခြေ၌ ရတနာ ရှာမည့်အစား တိုက်ခိုက်နေသည်လား ….
မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက ထိုအတွေးဖြင့် စိတ်လှုပ်ရှားမိလာသည်။ အကယ်၍ ထိုသို့သာ ဆိုလျှင် သူက အချီကြီးကြီး မိလိုက်ခြင်း ဖြစ်၏။ ဤအခြေအနေမှာ ပုံမှန် မဟုတ်သော်လည်း မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
အမာရွတ်နှင့် လူက အဆိပ်ကို တားနိုင်မည့် နည်းလမ်း ရှိနေတာဆိုလျှင် ဘယ်လိုလုပ်မလဲ …..
မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက အသက်ပြင်းပြင်းရှုကာ ကျောက်တုံးပေါ်၌ ထိုင်လိုက်ရင်း ကန်လယ်ကို သေချာလေ့လာကြည့်လိုက်သည်။ သို့သော် သူ့အား စိတ်ပျက်သွားစေသည်က ထိုလှိုင်းတွန့်များမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ဤသို့ ဆိုလျှင်ပင် မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားက ထွက်သွားရန် ဆန္ဒမရှိပေ။ အကယ်၍ သူ့ခန့်မှန်းချက်သာ မမှားယွင်းခဲ့လျှင် အမာရွတ်နှင့် အမျိုးသား ကန်မှ ထွက်လာသည့်အခါ သူ့အတွက် နောက်ထပ် အခွင့်အရေး ရနိုင်သည်။
သူက အမာရွတ်နှင့် အမျိုးသား၏ ကျင့်ကြံဆင့်ကို မြင်တွေ့ပြီးပြီ ဖြစ်ရာ မဟာကျီရှန်းအဆင့်မျှသာ ရှိသေးကြောင်း သိ၏။ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူအနေနှင့် မဟာကျီရှန်းအဆင့်အား သတ်ပစ်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင် ခြေမွပစ်သကဲ့သို့ လွယ်ကူပေသည်။
………….…
အိမ်ထဲ ဝင်ပြီးနောက် မိုဝူကျိက စိတ်ဝိညာဉ် မျက်လုံးကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ ဤနေရာ၌ အစီအရင်တချို့ ရှိနေပြီး အဆိပ်ရေများ မဝင်နိုင်ရန် ကာဆီးပေးထား၏။ အဆိပ်ရေ မရှိလျှင် သူ့စိတ်စွမ်းအားဖြင့် ဤအိမ်ထဲမှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပေ၏။ အိမ်မှာ မကျယ်ဝန်းပေ။ ဆယ်မီတာ ဝန်းကျင်သာ ရှိ၏။ အိမ်အလယ်၌ စားပွဲတစ်လုံး ရှိနေပြီး အရိုးစုက အိမ်ထောင့်တွင် ရှိနေသည်။ အရိုးစုမှာ အကောင်းတိုင်း ရှိနေပြီး လက်ချောင်းပေါ်တွင် လက်စွပ်ပင် ရှိနေသေး၏။
မိုဝူကျိ၏ စိတ်စွမ်းအားက လက်စွပ်ပေါ် ကျရောက်သွားသည့်အခါ တစ်ခုခုကို ခံစားမိလိုက်သည်။ သူက အတားအဆီးအမျိုးမျိုးကို လေ့လာထားဖူးသည့်အတွက် လက်စွပ်ပေါ်မှ အတားအဆီးကို ထိထားသည်မှာ မကြာသေးကြောင်း အာရုံခံမိလေသည်။
ဆိုလိုသည်မှာ အရိုးစုက အသက်ရှင်နေဆဲ ဖြစ်၏။ မိုဝူကျိက တွေးမိလိုက်သောအခါ ချွေးအေးများပင် စီးကျလာမိသည်။ သူက လက်စွပ်ကို ယူတော့မည့်ဆဲဆဲတွင် စားပွဲပေါ်ရှိ အရာမှာ သူ့အာရုံကို ဖမ်းစားသွားသောကြောင့် တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
စားပွဲပေါ်တွင် ရှေးဦးမူလ ရေကျောက် ငါးခု ရှိနေကာ မိုဝူကျိအနေနှင့် စိတ်ပျက်သွားမိသည်။
သူ လိုချင်သည်မှာ ရှေးဦးမူလ ရေကျောက် မဟုတ်ဘဲ ရေဓာတ် သဘာဝ အမြုတေသာ ဖြစ်၏။ ရှေးဦးမူလ ရေကျောက် အခု တစ်ရာ ရှိနေလျှင်ပင် သူက ဂရုမစိုက်ချေ။
“ နှမြောစရာပဲ … ဒီရှေးဦးမူလ ရေကျောက်တွေက ငါ့အတွက် အသုံးမဝင်ဘူး။ ရှေးဦးမူလ ရေကျောက်က ရေဓာတ် သဘာဝ အမြုတေနဲ့ အနီးဆုံးမှာ တည်ရှိတတ်တယ်လို့ ကြားထားတာပါ။ ဒါပေမဲ့ ငါ တွေးတာ များသွားပြီ ထင်တယ် ” မိုဝူကျိက ခေါင်းခါရင်း ရှေးဦးမူလ မီးကျောက်ကို ထုတ်ကာ ငြီးတွားလိုက်သည်
“ အရင်က ရှေးဦးမူလ မီးကျောက်၊ အခု ရှေးဦးမူလ ရေကျောက် … ရေဓာတ် သဘာဝ အမြုတေက ဘယ်မှာလဲကွာ …. ”
သူက ပြောနေရင်း စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို သူ့အောက်ဘက် ပို့လွှတ်ထား၏။ ထိုစဉ် သူက အရိုးစုကို ကျောပေးထားလျက် ရှိနေပြီး လှုပ်ရှားမှု ရှိသည်နှင့် ချက်ချင်း သိနိုင်လိမ့်မည် ဖြစ်၏။
သူ့ဘာသာ ငြီးတွားပြီးနောက် မိုဝူကျိက ရှေးဦးမူလ မီးကျောက်နဲ့ ရှေးဦးမူလ ရေကျောက်ကို သိမ်းကာ စားပွဲကို တစ်ဖက် လှန်ချပစ်လိုက်သည်။
ရေဓာတ် သဘာဝ အမြုတေ ရှာလိုရန် ဆန္ဒပြင်းထန်နေသည့်အတွက် အရိုးစု လက်ပေါ်မှ လက်စွပ်ကိုပင် မေ့လျော့သွားလေ၏။ သို့သော်လည်း စားပွဲကို လှန်ချလိုက်သည့်အခါ သူပင် ကြောင်အမ်းသွားမိသည်။
အစပိုင်းတွင် သူက စားပွဲကို လှန်ချပြီးနောက် ထွက်သွားရန် ပြင်ဆင်ထားရာ စားပွဲက ဖုံးကွယ်ရေး အစီအရင်ဗဟိုချက် ဖြစ်နေလိမ့်မည်ဟု မည်သူက သိမည်နည်း။ တစ်ဖက်ကို လှန်ချလိုက်သည်နှင့် ဖုံးကွယ်ထားသော ပစ္စည်းများမှာ ပေါ်လာ၏။
သူက သိပ်သည်းနေသော ရေသဘာဝ စွမ်းအားများ အလုံးအရင်းလိုက်ရှိနေသော ရေပန်းတစ်ခုကို မြင်လိုက်ရသည်။ ထိုရေပန်းအပေါ်၌ လက်သီးနှစ်လုံးစာလောက် ရှိသော အမြုတေ ရှိနေသည်။
ရေဓာတ် သဘာဝ အမြုတေလား ….
မိုဝူကျိက စိတ်လှုပ်ရှားစွာဖြင့် ရေဓာတ် သဘာဝ အမြုတေကို ကောက်ယူလိုက်သည်။ နောက်အခိုက်အတန့်လေး၌ အဖြစ်အပျက်ကို သဘောပေါက်သွားတော့သည်။ ရေပန်းမှာ တစ်နေရာရာမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ရေဓာတ် သဘာဝ အမြုတေ တည်ရှိမှုကြောင့် ဖြစ်၏။ အချိန်ကြာလာသည်နှင့် ရေပန်းသဖွယ် ဖြစ်သွားလေသည်။ စားပွဲပေါ်ရှိ ရှေးဦးမူလ ရေကျောက်များမှာ တစ်ယောက်ယောက်က တမင် တင်ထားခြင်း ဖြစ်လိမ့်မည်။
စိတ်ထဲ ပထမဆုံး ပေါ်လာသည့်သူမှာ ထောင့်တစ်နေရာတွင် ရှိနေသော အရိုးစု ဖြစ်၏။ အရိုးစု လုပ်ခဲ့တာ ဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းလောက် ရှိပေသည်။ ရေဓာတ် သဘာဝ အမြုတေမှာ စားပွဲအောက်တွင် ရှိနေစဉ် စားပွဲကို မိုဝူကျိပင် သတိမထားမိလိုက်သော ဖုံးကွယ်ရေး အစီအရင် အဖြစ် ပြောင်းလဲထားလေ၏။ ယခု သူ့တွင် ရေဓာတ် သဘာဝ အမြုတေ ရှိသွားလေပြီ။
အမြုတေကို လျှပ်စီးလို အရှိန်ဖြင့် ကျောက်စိမ်းသေတ္တာထဲ ထည့်သိမ်းလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ပို့လိုက်သည်။ ထိုအပြုအမူများ ပြီးစီးသွားသည်နှင့် မိုဝူကျိက မရယ်မောဘဲ မနေနိုင်တော့ချေ။
အကယ်၍ တခြားသူ ဖြစ်နေပါက မိုဝူကျိ၏ နောက်အပြုအမူမှာ လက်စွပ်ကို ယူမည် ဖြစ်ကြောင်း တွေးမိပေလိမ့်မည်။ သို့သော် မိုဝူကျိက ပြန်ပင် လှည့်မကြည့်ဘဲ အိမ်ထဲမှ ထွက်လာလိုက်သည်။
မိုဝူကျိ ထွက်သွားသည်နှင့် အိမ်ထဲ၌ ကြောက်မက်ဖွယ် အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။ ကြမ်းတမ်းကာ အထိန်းအကွပ်မရှိသော ဒေါသတရားက ထွက်ပေါ်လာလေ၏။
မိုဝူကျိက ထွက်လာသည့်အခါ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အိမ်ထဲတွင် လုပ်ခဲ့သော အပြုအမူအားလုံးမှာ သရုပ်ဆောင်မှုတစ်ခုသာ ဖြစ်၏။ အရိုးစုအတွင်းရှိ ကမ္ဘာဦး စိတ်ဝိညာဉ်က သူနှင့် လာရင်ဆိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သူ့တွင် အသိစိတ်ပင်လယ်အကြီးကြီးနှင့် ပညာရှင်နှလုံးသား ရှိနေသော်လည်း သူ့ကျင့်ကြံဆင့်မှာ နိမ့်နေသေးပေရာ မဟာလော့ရှန်း အစောပိုင်းအဆင့်သာ ရှိသေး၏။ အကယ်၍ ရှေးဟောင်း အဆင့်မြင့် ကျင့်ကြံသူနှင့်သာ တွေ့ဆုံခဲ့လျှင် ထိုအရာများက မလုံလောက်သေးပေ။
သူက လက်စွပ်ကို မထိခဲ့၍ ကံကောင်းသွားတော့သည်။ သူ့ခန့်မှန်းချက်အရ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အိမ်အပြင် ထွက်မလာနိုင်ကြောင်းမှာလည်း မှန်ကန်နေပေသည်။ အကယ်၍ သူသာ လက်စွပ်ကို သွားထိခဲ့ပါက ထွက်မသွားနိုင်မည့်လူမှာ သူ ဖြစ်လာပေလိမ့်မည်။