← Chapters

တာအိုလက်တွဲဖော်မရှာတာ ပိုကောင်းမယ်

Vol. 13 Ch. 174

တာအိုလက်တွဲဖော်မရှာတာ ပိုကောင်းမယ်

Vol. 13 Ch. 174

အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ တိမ်စိုင်တိမ်သားများသည် ကောင်းကင်ဘုံအလား ဝေ့ဝိုက်သွားလာနေကြ၏။

မဟာခန်းမကြီးသည်ကား ရှေးဆန်သော အငွေ့အသက်ဖြင့် ခန်းနားကျယ်ဝမ်းလှချေသည်။

ထိုခန်းမကြီးသည် အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ နှစ်ပေါင်းတစ်သောင်းကျော် တည်တန့်လာခဲ့ကာ မည်သည့်အခါကမှ ရန်သူလက်အောက်သို့ ကျရောက်ဖူးခြင်း မရှိပါ။

ကျောက်လှေကားထစ်အတိုင်း တက်လာရင်း ဟန်မူယဲ့သည် ကျောက်လှေကားထစ်များမှ မရေမတွက်နိုင်သော အက်ကြောင်းများကို မြင်ရသည်။

ထိုအက်ကြောင်းများသည် ဓားနှင့် တခြားသော လက်နက်ရာများဖြစ်ကာ တိုက်ပွဲများ၏ အကြွင်းအကျန်များဖြစ်ကြသည်။

“နှစ်တစ်ထောင်အကြာက ဧရာမတိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဂိုဏ်းတစ်ခုလုံးဟာ ရန်သူတွေရဲ့ ဝန်းရံတိုက်ခိုက်မှုကို ခံခဲ့ရတာပေါ့”

ဟန်မူယဲ့နောက်မှ အသံတစ်သံကို ကြားရသည်။

အိုမင်းသော်လည်း ခန့်ညားကာ လူကြီးလူကောင်းဆန်သော ခရမ်းရောင်ဝတ်အဖိုးအိုတစ်ဦးကို ဟန်မူယဲ့ မြင်သည်။

“ဟန်မူယဲ့က အကြီးအကဲလုကို နှုတ်ခွန်းဆက်ပါတယ်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မျိုးဆက်ငါးခုတွင် လုဟောင်သည် ရွှေဓာတ်မျိုးဆက်၏ မဟာအကြီးအကဲဖြစ်ကာ အမြုတေဖွဲ့စည်းခြင်း၏ အမြင့်ဆုံးအဆင့်၌ ရှိနေ၏။

သူသည် အမြဲတမ်းအားဖြင့် တိုက်ခိုက်ရေးခန်းဆောင်ကို တာဝန်ယူထားရကာ အပြင်၌ တွေ့ရခဲသည်။

လျှို့ဝှက်နယ်မြေကို စောင့်ကြပ်သော မဟာအကြီးအကဲနှင့် စာအုပ်ခန်းဆောင်ကို စောင့်ကြပ်သော မဟာအကြီးအကဲတို့ဖြင့် နှိုင်းယှဉ်ပါက အကြီးအကဲလုဟောင်သည် ပိုမို၍ သတ်ဖြတ်ခြင်းအငွေ့အသက် ပိုအားကောင်းသည်။

“အင်း… တကယ်တော့ ဓားစံအိမ်ဟာ ငါတို့ ဂိုဏ်းရဲ့ ထူးခြားတဲ့တည်ရှိမှုပဲ”

လုဟောင်က ခေါင်းညိတ်ကာ ရှေ့မှ ဦးဆောင်သွားသည်။

ဟန်မူယဲ့က ခြေတစ်လှမ်းနောက်ဆုတ်ကာ သူနှင့်အတူ လိုက်ပါသည်။

“မင်းဟာ ဓားစံအိမ်ရဲ့ ဓားထိန်းဖြစ်တယ်။ ဓားစံအိမ်ရဲ့ လျှို့ဝှက်ချက်ကို သိသင့်တယ်”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တည်ရှိမှုဟာ ဓားစံအိမ်အပေါ် မူတည်နေတယ်။ ဓားစံအိမ်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အထူးတလေ ကာကွယ်ပေးရတဲ့နေရာပဲ”

“ဓားစံအိမ်ကို တာဝန်ယူအုပ်ချုပ်ရတဲ့ ဓားထိန်းဟာ မဟာအကြီးအကဲတစ်ပါးရဲ့ အဆင့်အတန်းနဲ့ ညီမျှတယ်”

လုဟောင်က ရှေ့ကို မျှော်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

ဟန်မူယဲ့က အကြီးအကဲလုဟောင် ဆိုလိုသည်ကို နားလည်၏။

ဟန်မူယဲ့၏ကျင့်ကြံခြင်းသည် မြင့်မားခြင်း မရှိသည့်တိုင် သူက ဓားစံအိမ်ကို တာဝန်ယူအုပ်ချုပ်နေသရွေ့ မဟာအကြီးအကဲတစ်ပါး၏အဆင့်အတန်း ရှိပေသည်။

ယခင်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဓားစံအိမ်ကြောင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

ဓားစံအိမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

သူတို့သည် ကြေးနီရောင်တံခါးမကြီးသို့ ရောက်လျှင် အဝတ်အစားကို သပ်ယပ်အောင် ပြင်ဆင်ကာ ခန်းမထဲကို ဝင်လာကြသည်။

ခန်းမထဲတွင် အလယ်မှ လူသွားလမ်းကို ခြား၍ ထိုင်ခံတစ်ရာခန့် စီတန်းချထားသည်။

၎င်းသည်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သန်မာအားကောင်းမှုကို ထင်ဟပ်စေသည်။

ထိုလူတစ်ရာသည် အနည်းဆုံး ဝိညာဉ်နိုးထခြင်းအဆင့်၌ ရှိကြ၏။

ဝိညာဉ်နိုးထခြင်းအဆင့်များသည်သာ ဂိုဏ်း၏ စီမံခန့်ခွဲရေးမှူး (ဝါ) ဂိုဏ်းခွဲမှူုး အဆင့်အတန်းကို ရရှိနိုင်သည်။

လင်တောက်ဂိုဏ်း၏ အမိန့်တော်အရ အမြုတေဖွဲ့စည်းခြင်းအဆင့်များသည် အချင်းချင်း တိုက်ခိုက်ခြင်း မပြုရပေ။ ထို့ကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်မှ ဂိုဏ်းဝင်များသည် တောင်အောက်ကို ဆင်းသွားကြသည်။

ခန်းမထဲ၌ လူတစ်ဝက်ခန့်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်ကြသည်။

ဟန်မူယဲ့နှင့် လုဟောင်တို့ အတူ ရောက်လာခြင်းက လူအများ၏အာရုံကို ဆွဲဆောင်သွားသည်။

“အဲဒါ စီနီယာအစ်ကိုလုရဲ့ တပည့်လား”

“မဟုတ်ဘူး။ သူက ဓားထိန်းတစ်ယောက်ပဲ။ စီနီယာအစ်ကိုကောင်းချန်ကုန်း ထွက်မသွားခင်က ငါ့ကို ပြောဖူးတယ်”

“ဓားစံအိမ်က ဓားထိန်းလား။ ဓားစံအိမ်မှာ အတော်များများ ဖြစ်ပျက်သွားတယ် ထင်တယ်”

…

အမျိုးမျိုးသော ထင်ကြေးများအား ခန်းမထဲတွင် ကြားနိုင်သည်။

ဟန်မူယဲ့က ထိုစကားများကို မကြားဟန်ပြုကာ လုဟောင်နှင့်အတူ ခန်းမထဲကို လျှောက်လာသည်။

“ဒါက မင်းနေရာပဲ”

လုဟောင်က ဘယ်ဘက်တွင်ရှိသော စားပွဲရှည်တစ်ခုကို ညွှန်ပြသည်။

ဟန်မူယဲ့က ခေါင်းညိတ်ကာ စားပွဲရှည်နောက်တွင် ထိုင်လိုက်သည်။

လုဟောင်သည်ကား တခြားလွတ်နေသော နေရာတစ်ခု၌သွားထိုင်သည်ကို တွေ့ရ၏။

သူ့ဘေးတွင် လျှို့ဝှက်နယ်မြေကို စောင့်ကြပ်ရသော ဝူကျစ်ယွမ်နှင့် စာအုပ်ဆောင်ကို စောင့်ကြပ်ရသော ဝူကျီးယွမ် တို့ ရောက်နှင့်ပြီး ဖြစ်သည်။

ထို့နောက်တွင် တခြားသော အကြီးအကဲများလည်း အဆက်မပြတ် ရောက်လာနေကြသည်။

အကြီးအကဲတစ်ဝက်ခန့်မှာ အိုမင်းနေကြပြီး ဖြစ်ကာ ဆံပင်ဖြူများ၊ မုတ်ဆိတ်ဖြူများနှင့် ဖြစ်ကြောင်း တွေ့ရ၏။

တချို့ ငယ်ရွယ်သော စီမံခန့်ခွဲရေးမှူးများကိုလည်း တွေ့ရသည်။

“ထန်ချီ…”

ခန်းမထဲမှ တစ်ယောက်က တီးတိုးရေရွက်သည်။

ဟန်မူယဲ့က လှမ်းကြည့်လျှင် အစိမ်းရောင်ဝတ် ပိန်ပါးကာ ခေါင်း၌ သရဖူဆောင်းထားသော လူငယ်တစ်ဦးအား တွေ့ရသည်။

သူက ထန်နှစ်(နံပါတ်၂)လား။

နံပါတ် ၂ တိုက်ရိုက်တပည့်။ အတွင်းစည်းအဆင့်၌ကား ပထမနေရာတွင် ဖြစ်သည်။

ဂိုဏ်းတွင် သူနှင့်ပတ်သက်သော သတင်းများ သိပ်မကြားရပါ။ သူသည် အချိန်အများစု၌ တံခါးပိတ်ကျင့်ကြံနေကာ လီရှီးရှီးကိုပင် စိန်ခေါ်ရန် ထွက်မလာဖူးကြောင်း သိရသည်။

ဟန်မူယဲ့၏အကြည့်ကို ခံစားမိဟန်ဖြင့် ထန်ချီက လှမ်းကြည့်သည်။ သူက ဟန်မူယဲ့အား မြင်လျှင် ခေါင်းညိတ်ပြကာ သူ၏နေရာ၌ သွားထိုင်သည်ကို တွေ့ရ၏။

သူသည်လည်း မဲပေးခွင့်မရှိသော တက်ရောက်သူ ဖြစ်သည်။

“ထန်ချီဟာ ဝိညာဉ်နိုးထခြင်း အဌမအဆင့်မှာ ရှိတယ်။ ဒါကြောင့် သူဟာ အကြီးအကဲတွေရဲ့ အစည်းအဝေးကို တက်ခွင့်ပေးခဲ့တယ်”

“ဒီနေ့ ဓားစံအိမ်ရဲ့ တာဝန်ခံအသစ် ဓားထိန်းဟန်မူယဲ့ဟာလည်း အစည်းအဝေး တက်ရောက်လာတယ်”

ခေါင်းဆောင်နေရာတွင် ထိုင်ကာ ဂိုဏ်းချုပ်ကျင်းကျီက ပြောသည်။

နှစ်ဝက်ကျော် ကြာပြီးနောက် ဟန်မူယဲ့က ဂိုဏ်းချုပ်ကျင်းကျီကို တဖန် ပြန်မြင်တွေ့ရပြီ ဖြစ်သည်။

ထိုအခိုက်တွင် ကျင်းကျီ၏မျက်နှာမှာ သိပ်ပြောင်းလဲသွားခြင်း မရှိသော်လည်း သူသည် အနည်းငယ် အိုမင်းသွားဟန်တော့ ရသည်။

သို့သော်လည်း ဟန်မူယဲ့က မည်သည့်စကားမှ မဆိုပေ။

သူကိုယ်တိုင်က သက်တမ်းကုန်ခမ်းခြင်းပြဿနာနှင့် ကြုံတွေ့ခဲ့ရရာ ထိုသို့သော ပုံစံကို ကြည့်သည်နှင့် နားလည်၏။

ယခု ကျင်းကျီကို ကြည့်မိရာတွင် သူ၏သက်တမ်းမှာ ကုန်ဆုံးခါနီးပြီဖြစ်ကြောင်း ဟန်မူယဲ့ ထိတ်လန့်ဖွယ် သိလိုက်ရသည်။

ကျင်းကျီ၏ကျင့်ကြံဆင့်ဖြင့် ဆိုပါက သူ၏အမြုတေကို ဖြိုဖျက်ခဲ့သည့်တိုင် ထိုမျှ သက်တမ်းမြန်မြန်ကုန်ခမ်းသွားစရာ မရှိချေ။

စိတ်ထဲမှ သံသယကို ချိုးနှိမ်ကာ ဟန်မူယဲ့ ငြိမ်သက်စွာ ထိုင်နေသည်။

ဤသို့သော အစည်းအဝေးသည် နားထောင်ရုံသက်သက်သာ မဟုတ်ပေဘူးလား။

“ဖုန်းလင်ဂိုဏ်းက တရားဝင်ကမ်းလှမ်းချက် ရောက်လာပြီ”

“ကျုပ်တို့ နယ်မြေကို ခွဲဝေပြီးရင် နောက်ရာစုနှစ်တချို့အထိ တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး”

ကျင်းကျီက အားလုံးကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

သူတို့က ရာစုနှစ်တချို့ တိုက်ခိုက်တော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် သူတို့ဂိုဏ်းသည် နောက်ရာစုနှစ်တချို့အထိ တည်ငြိမ်နေဦးမည် ဖြစ်သည်။

အကြီးအကဲများက သက်ပြင်းချကြသည်။

ဤသို့သော အနေအထား ဖြစ်လာရန် ဂိုဏ်း၏မျိုးဆက်ပေါင်းများစွာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြရသည်။

“ဂိုဏ်းချုပ်… အခုလို အောင်မြင်မှုရတဲ့အတွက် ကျုပ်တို့ အောင်ပွဲခံအခန်းအနား လုပ်သင့်တယ်”

ဆံပင်ဖြူအဖိုးအိုတစ်ဦးက ဝမ်းသာအားရ ပြောသည်။

စားပွဲရှေ့တွင် ထိုင်ကာ ကျင်းကျီသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေဟန်တူသည်။

သို့သော်လည်း သူက ခေါင်းယမ်းကာ ပြောသည်။

“ဒါက မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယေဘုယျအခြေအနေက အန္တရာယ်ထဲကနေ မလွန်မြောက်သေးဘူး။ ငါတို့ အောင်ပွဲခံလို့ မဖြစ်သေးဘူး”

အခြေအနေက အန္တရာယ် ရှိနေသေးသည်လား။

အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။

ဟန်မူယဲ့၏အမူအရာကား ပြောင်းလဲခြင်း မရှိပါ။

သူသည် ဖုန်းရှို့တောင်မှ သတင်းများကို သိထားပြီး ဖြစ်သည်။

ထိုနေရာတွင် တိုက်ပွဲမှာ အတော်လေး အရေးနိမ့်နေသည်။

“နောက်ဆုံးရတဲ့ ဖုန်းရှို့တောင်က သတင်းအရတော့ ဂိုဏ်းအသီးသီးက ကမ္ဘာမြေအဆင့်ပညာရှင် ငါးဆယ်လောက် သေဆုံးသွားခဲ့ပြီးပြီ”

“လင်တောက်ဂိုဏ်းနဲ့ ယွမ်ထိုက်ဂိုဏ်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ဆယ်ယောက်နီးပါး သေဆုံးသွားပြီ”

ကျင်းကျီ၏ ထူးမခြားနားသော အသံက အားလုံးကို တိတ်ဆိတ်စေသည်။

အနောက်ဘက်ကုန်းမြေတွင် ပညာရှင်အများအပြား ရှိသော်လည်း အချိန်တိုအတွင်း ထိုမျှ လူများ သေဆုံးသွားခဲ့သည်။

“တောင်ပိုင်းကုန်းမြေက ကောင်းကင်ဘုံအဆင့်မိစ္ဆာတွေ အခု ဖုန်းရှို့တောင်ကို ရောက်နေပြီ။ တခြား တောင်ပိုင်းကုန်းမြေက လူငယ်ပညာရှင်တွေရောပဲ”

“စီနီယာအစ်ကိုထူစွန်းရှစ်ဟာ အခု ဖုန်းရှို့တောင်မှာ စောင့်ကြပ်နေပြီ”

ကျင်းကျီက အသေးစိတ် ပြောသည်။

ထိုက်ရီဓားဂိုဏ်းမှ အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ဓားသမား ထူစွန်းရှစ်။

သူသည်ပင် ရှေ့တန်း၌ သွားရောက်ကာကွယ်နေရသည်။

အနောက်ဘက်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့် လေးဦး ရှိသည်။ ဖုန်းလင်ဂိုဏ်းတွင် လတ်တလော ဒဏ်ရာရထားသော ဂိုဏ်းချုပ်ကျန်းချန်မှ လွဲ၍ တခြားသုံးယောက်လုံးသည် ဖုန်းရှို့တောင်ကို ရောက်နေကြပြီ ဖြစ်သည်။

အနောက်ဘက်ကုန်းမြေကား အမှန်တကယ် အန္တရာယ်ရှိသော အခြေအနေ ဖြစ်သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။ မည်သူမှ စကားမပြောကြပေ။

“စီနီယာအစ်ကိုလု… တိုက်ခိုက်ရေးခန်းဆောင်ဟာ မကြာခင် ဖုန်းရှို့တောင်ကို သွားရမယ်”

ကျင်းကျီက အကြီးအကဲလုဟောင်ကို ပြောသည်။

“စီနီယာအစ်ကို… အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပေးပါ”

လုဟောင်က ခေါင်းညိတ်သည်။

မဟာအကြီးအကဲလုကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ခြင်းဖြင့် သူတို့တွင် ပိုမိုသော သတ်ဖြတ်နိုင်စွမ်းများ ရှိမည် ဖြစ်သည်။

“ပြီးတော့ ဂိုဏ်းတွေ အတော်များများဟာ မိစ္ဆာရှင်းလင်းတဲ့တာဝန်မှာ အကျိုးဆောင်ခဲ့ကြတယ်။ ဒီတစ်ခေါက် ငါတို့အားလုံးက စည်းလုံးဖို့ လိုတယ်”

ကျင်းကျီက ဟန်မူယဲ့ကို တစ်ချက်ကြည့်သည်။

“ဓားစံအိမ်က ဒီတစ်ခေါက် တပည့်တွေကို ဆုကြေးထုတ်တဲ့ပုံစံဟာ အတော်လေးကောင်းတယ်။ ငါတို့ဂိုဏ်းကလည်း ဒီတစ်ခေါက် အကျိုးဆောင်မှတ်တစ်သိန်းနဲ့ ဝိညာဉ်လက်နက်တစ်ရာကို ဆုကြေးအဖြစ် သတ်မှတ်မယ်”

ကျင်းကျီက မျက်တောင်ပင့်ကာ အားလုံးကို ကြည့်သည်။

“အားလုံးပဲ… ဒုတိယတစ်ဖွဲ့ကို ဘယ်သူဦးဆောင်သင့်တယ်ထင်လဲ”

ဝိညာဉ်လက်နက်တစ်ရာ။

အကျိုးဆောင်မှတ် တစ်သိန်း။

ကျင်းကျီသည် သူ့ထက် ပိုက်ဆံပိုသုံးနိုင်သည်ဟု ဟန်မူယဲ့ တွေးလိုက်သည်။

မည်သို့ဆိုစေ သူသည်ကား ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။

အားလုံး၏အကြည့်က ထန်ချီထံသို့ ရောက်လာသည်။

ထန်ချီ။

မှန်သည်၊ ဂိုဏ်းက တစ်စုံတစ်ခုသော ကိစ္စအား ရည်ရွယ်ချက်မပါဘဲ မပြုလုပ်ပါ။

ထို့အတွက်ကြောင့် ထန်ချီ ယနေ့ ရောက်လာခြင်း ဖြစ်သည်။

ဂိုဏ်းတွင် အကြီးအကဲမဟုတ်သောသူများထဲ၌ ကျင့်ကြံဆင့်မြင့်သူ သိပ်မရှိပါ။ အများစုသည် ဟွမ်လောင်လျှိုနှင့်အတူ တောင်ပိုင်းကို ထွက်သွားကြသည်။

စားပွဲနောက်တွင် ထိုင်ကာ ဟန်မူယဲ့သည် အကြီးအကဲများ ဆွေးနွေးနေသည်ကို တိတ်ဆိတ်စွာ နားထောင်၏။ သူက မည်သည့်စကားမှ မပြောပါ။

သူသည် နယ်ရုပ်တစ်ရုပ်သာ ဖြစ်သည်။

စစ်တုရင်ကစားကွက်၌ ကစားသူ အဆင်မဟုတ်သေးပါ။

သူက သူ့နေရာတွင် အလိုက်သင့်နေရန်သာ လိုသည်။

အစည်းအဝေး ပြီးဆုံးသည်အထိ ဟန်မူယဲ့ မည်သည့်စကားမှ မဆိုချေ။

အစည်းအဝေးပြီးသည်နှင့် အကြီးအကဲများ အလျှိုလျှို ထွက်သွားကြသည်။ ဟန်မူယဲ့လည်း ထရပ်ကာ ခန်းမထဲမှ ထွက်လာသည်။

“ဆယ့်ကိုး… နောက်ပိုင်း ငါ့ကိုလည်း ကူညီပါဦး”

အစိမ်းရောင်ဝတ်စုံဖြင့် ထန်ချီက ဟန်မူယဲ့ဘေးသို့ ရောက်လာကာ အသာအယာ ပြောသည်။

ထန်နှစ်၊ ဟန်ဆယ့်ကိုး။

“စီနီယာအစ်ကို… စိတ်မပူပါနဲ့… ဓားစံအိမ်က တတ်နိုင်တာအားလုံး ကူညီပါ့မယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ဓားစံအိမ်တွင် ဓားအရေအတွက် များစွာ ရှိသည်။ သူတို့က လိုသလောက် ထုတ်ပေးနိုင်၏။

“ဆယ့်ကိုး… မင်းရဲ့အာခီမီပညာရပ်က ထူးခြားဆန်းကြယ်တယ်လို့ အားလုံးက ပြောကြတယ်။ ငါ့ကိုလည်း ဆေးလုံးဖော်စပ်ပေးနိုင်မလား”

ထန်ချီက ဟန်မူယဲ့ကို ပြုံးလျက် ပြောသည်။

“စိတ်မပူနဲ့… မင်း ဝိညာဉ်ကျောက်တုံးတွေ မဆုံးရှုံးစေရပါဘူး”

ဆေးလုံးများ…

ကျန်းမင်ကို ဆေးလုံးဖော်စပ်ခိုင်းခြင်းက လွယ်ကူပေသည်။

ဝိညာဉ်ကျောက်တုံးများကို ထန်ချီက ထုတ်ပေးနိုင်သရွေ့ ဖြစ်သည်။

“ဂိုဏ်းအတွက်ဆိုတော့ ဒီဆေးလုံးတွေက ဘာမှ မဟုတ်ပါဘူး”

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ခန်းမအပြင်သို့ ထွက်လိုက်သည်။

“ဆယ့်ကိုးက ရက်ရောတာပဲ”

ထန်ချီက ရယ်မောကာ ပြောသည်။

“နောက်တစ်ခုရှိသေးတယ်။ ဓားစံအိမ်က ဟွမ်ကျန်းရှုံးဟာ ကျင့်ကြံသူတွေ အများကြီးကို စုဝေးပြီးတော့ တောင်ပိုင်းကို ထွက်သွားတယ်။ သူ့ကြောင့် ဂိုဏ်းအင်အား အတော်လေး လျော့ပါးသွားတယ်။ မင်း သူ့ကို ပြန်ခေါ်နိုင်မလား”

အစ်ကိုဟွမ်ကို ရပ်ခိုင်းရမည်လား။

မဖြစ်နိုင်ပါ။

ဟန်မူယဲ့က ထန်ချီအား လေးနက်စွာ ကြည့်သည်။

“အစ်ကိုနှစ်… ခင်ဗျားမှာ တာအိုလက်တွဲဖော် မရှိဘူးမလား”

ဟန်မူယဲ့က ရုတ်တရက် မေးသည်။

ထန်ချီက ခေါင်းယမ်းသည်။

“ဂိုဏ်းအတွက်… ကျင့်ကြံခြင်းအတွက်… ငါ့မှာ ဘယ်လိုလုပ် စိတ်ခံစားချက်ကို ဦးစားပေးနိုင်ပါ့မလဲ”

သူ့စကား မဆုံးသေးခင်တွင်ပင် ဟန်မူယဲ့က ပြောသည်။

“ကံကောင်းတာပဲ…”

“အစ်ကို၂… ခင်ဗျားက စိတ်ခံစားချက်ကင်းမဲ့တဲ့သူပဲ… တာအိုလက်တွဲဖော် မရှာတာ ပိုကောင်းလိမ့်မယ်…”

ထို့နောက် သူ နောက်လှည့်ကာ ထွက်လာခဲ့သည်။

ဟန်မူယဲ့၏နောက်ကျောကို ကြည့်ကာ ထန်ချီ၏မျက်လုံးအိမ်များ တဖြေးဖြေး ကျဉ်းမြောင်းလာ၏။

All Chapters