အစ်မကြီး
Vol. 49 Ch. 679
မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို တဖန် အသက်ပြန်သွင်းလိုက်ပြီး အဆိပ်ရေကန်ထဲ ပြန်ကြည့်လိုက်သည်။ သူက အဆိပ်ရေကန်ထဲ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် ကျင့်ကြံသူများက လျော့ပါးသွားချေပြီ။ လန်ယွီလင်းပင် မရှိတော့ပေ။ သူမအနေဖြင့် သူ သေပြီ ဟုသာ တွေးထင်နေလောက်သည်။
ကျောက်စိမ်းပြားနှင့် သန့်စင်ဆေးလုံးကို ရေကန်ထဲ ပစ်ချပြီးနောက် မိုဝူကျိက ကုန်းပေါ် ပြန်တက်ရန် ပြင်လိုက်သည်။
အဆိပ်ရေကန်ထဲတွင် ရှိနေသောကြောင့် သူ့အနေနှင့် ကုန်းပေါ်ရှိ ထောင့်အားလုံးကို စေ့စေ့စပ်စပ် မမြင်နိုင်ပေ။ ဤနှစ်များ၌ မိုဝူကျိက အန္တရာယ်များလှသည့် အခြေအနေများကို ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံးတစ်ခေါက်၌ တာ့ဟွမ်ကို ဆုံးရှုံးသွားပြီး သူ့အသက် သေလုနီးပါးပင် ဖြစ်သွားသေး၏။
ထို့ကြောင့် မိုဝူကျိက ကုန်းပေါ်တွင် မည်သူမှ မရှိမှန်း သိသော်လည်း ရေကန်စပ်မှ ချက်ချင်းဆိုသလို ရွေ့ပြောင်းစွမ်းရည် သုံးလိုက်သည်။
လုပ်ကြံရန် စောင့်ဆိုင်းနေသော မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက မိုဝူကျိ တစ်ယောက် ကန်ထဲ ခုန်ချသွားမည်ကို စိုးရိမ်၍ အနီးအနား သိပ်မကပ်ရဲပေ။ မိုဝူကျိ ကန်ထဲမှ ထွက်လာပြီးနောက် လုပ်ကြံရန် ပြင်ဆင်ထား၏။ သို့သော်လည်း သူက ဘာမှမလုပ်လိုက်နိုင်ခင် မိုဝူကျိက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။
ဘယ်လောက်တောင် ဉာဏ်များလိုက်တဲ့ လူလဲ …..
မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက သူ့ဘာသာ တွေးမိလိုက်ပြီး မိုဝူကျိ ထွက်ပြေးသွားရာ နောက်သို့ ချက်ချင်း လိုက်လိုက်သည်။ သို့သော် ခဏအကြာတွင် သူက ရှုံးနိမ့်သွားကြောင်း သိလိုက်သည်။ သူက မိုဝူကျိကို ဖမ်းမိဖို့ရာ မပြောနှင့် မိုဝူကျိ၏ အရိပ်ပင် မဖမ်းမိပေ။
သူက သတိလွတ်သွားမိသည့်အတွက် ကိုယ့်ဘာသာ မုန်းတီးနေမိသည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက အဆိပ်ရေကန်မှ ရတနာ ရလာကြောင်း အတည်ပြုလိုက်နိင်သည်။ မည်သို့ပင် ဆိုစေကာမူ သူက မိုဝူကျိကို ရအောင် ဖမ်းရမည်။ မဟာကျီရှန်းအဆင့်လေးမျှဖြင့် အဆိပ်ရေကန်မှ ရတနာကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ထိုရတနာများက သူ့အပိုင် ဖြစ်သင့်ပေသည်။
………………
နာရီအတော်ကြာ ထွက်ပြေးပြီးနောက် မိုဝူကျိက သူ့ကိုယ်သူ အဆိပ်ဖြေဖို့ရာ နေရာ ရှာတွေ့သွားလေ၏။
သူ့ခန္ဓာအတွင်းမှ အဆိပ်များကို အင်မော်တယ် ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသည့် ဖြစ်စဉ်မှာ နှစ်နာရီမျှ ကြာမြင့်ပြီး သူ့ခန္ဓာမှ ထွက်လာသော အဆိပ်များကို ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းထားလိုက်သည်။
အဆိပ်ရေကန်မှာ အင်မော်တယ် ဧကရာဇ်ကိုပင် အဆိပ်ခတ်နိုင်သည့် အရာမျိုး ဖြစ်၏။ သို့သော်လည်း ဤအဆိပ်တွင် ကန်ထဲမှ မထွက်သွားနိုင်သည့် ထူးခြားသော ဝိသေသ လက္ခဏာ ရှိ၏။ ထွက်သွားသည်နှင့် အဆိပ်ဓာတ်က အမြန်အဆန် လျော့ကျသွားလိမ့်မည်။
မိုဝူကျိက အဆိပ်များကို သိမ်းထားလိုက်သည့် အကြောင်းအရင်းမှာ သူ့အဆိပ်ဖြေ ချီသွေးကြောမှ အတင်းထုတ်လိုက်သော အဆိပ်များကို နဂိုအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်မလား စစ်ဆေးကြည့်ချင်၍ ဖြစ်သည်။
သူ့ထိပ်ဆုံး ဦးစားပေးအရာမှာ ရေဓာတ် သဘာဝ အမြုတေကို လေ့လာရန် ဖြစ်သော်လည်း ဤနေရာ၌ မထုတ်ရဲချေ။ ရေဓာတ် သဘာဝ အမြုတေကို ရှေးဦးမူလရေကျောက်များနှင့်အတူ ထာဝရ ကမ္ဘာထဲ သိမ်းဆည်းထားလိုက်၏။ ထို့နောက် သူက ဖူကျင့်ဖုန်းနှင့်အတူတူ အဆုံးအစွန်မြို့သို့ သွားခဲ့သော သွင်ပြင်ကို ပြန်ပြောင်းလိုက်သည်။
“ ဝှီး ” မိုဝူကျိ လျှောက်လှမ်းလာရင်း တည်နေရာ လှိုင်းတွန့်တစ်ခုက သူ့ဆီ ရောက်ရှိလာသည်။
အရင်ဆုံး သူက တိုက်ခိုက်ချင်သော်လည်း ရောက်ရှိလာသော ပုံရိပ်ကို မြင်လိုက်သောအခါ ရပ်တန့်လိုက်တော့သည်။ ထိုလူမှာ သူ သိသော မိန်းမပျိုလေး ဖြစ်နေသည်။ နေ့ခင်း၌ သူနှင့် အတူတူ ရှိနေဆဲ ဖြစ်ရာ သူမက ရုတ်တရက်ကြီး ဤနေရာ၌ ပေါ်လာမည်ကို မည်သူ သိမည်နည်း။
သို့သော်လည်း မိုဝူကျိက အခြေအနေကို သဘောပေါက်လိုက်သည်။ သူမက တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရနေကာ အဆောင်စာရွက် သုံး၍ ထွက်ပြေးလာခြင်း ဖြစ်လိမ့်မည်။
“အာ …. မင်းက ဘယ်လိုလုပ် ဒီနေရာ ရောက်နေတာလဲ ” မိန်းမပျိုလေးက မိုဝူကျိကို မြင်ပြီးနောက် အံ့ဩသွားဟန် ပေါ်၏။
သာမာန် သေမျိုးတစ်ယောက်က ဤတောနက်ထဲ ဘယ်လိုလုပ် ရောက်နေတာလဲ …
“ အစ်မကြီး ဒဏ်ရာရနေတာလား ” မိုဝူကျိက မေးလိုက်သည်။
ရှုပ်ထွေးနေသော ဆံပင်များနှင့်အတူ ခန္ဓာကိုယ်၌ သွေးများ ပေစွန်းနေသည်ကို မြင်လျှင် ဒဏ်ရာရနေကြောင်း သိသာနေသည် မဟုတ်ပါလော။ သူမက မိုဝူကျိ စကားများကို ကြားသောအခါ ငိုရမလား၊ ရယ်ရမလား ပင် မသိတော့ပေ။
သေမျိုးတစ်ယောက်အနေနှင့် မိုဝူကျိက သူမလို မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အား အစ်မကြီးဟု ခေါ်ဆိုနေသေး၏။
သူက သေချင်နေသည်လား ….
သူမက သတ်ရန် သဘောမကျသည့်အတွက် ထိုသို့ လုပ်ရန် စိတ်ထဲ၌ ပေါ်ပင် ပေါ်မလာပေ။
သူမက မိုဝူကျိကို ဆွဲခေါ်ကာ သူတို့လက်ရှိနေရာမှ ထွက်ပြေးလိုက်သည်။
အမွေးတိုင်တစ်တိုင်စာလောက်အကြာတွင် သူမက ရပ်တန့်လိုက်ပြီး မိုဝူကျိကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ ထို့နောက်
“ ငါ့ကို မြင်ခဲ့တာ ဘယ်သူကိုမှ မပြောနဲ့ …. ပြီးတော့ ငါ မေးတဲ့ မေးခွန်းကို အခုထိ မဖြေရသေးဘူး။ ဘယ်လိုလုပ် ဒီရောက်လာတာလဲ ”
ဤနေရာမှာ သူမအတွက် အဆုံးအစွန်မြို့နှင့် သိပ်မကွာဝေးသော်လည်း သာမာန် သေမျိုးတစ်ယောက်အတွက် နေရာ နှစ်ခုကြားရှိ အကွာအဝေးမှာ နည်းနည်းနှောနှော မဟုတ်ပေ။
မိုဝူကျိက မြန်မြန် ရှင်းပြလိုက်သည်
“ အဘိုးယူချန်းရဲ့ မြေးက အင်မော်တယ်ဂိုဏ်းကို ဝင်သွားလို့လေ။ အဲတာနဲ့ သူတို့က သွေဖယ်ခြင်းရွာမှာ ဆက်မနေတော့ဘူး။ ကျုပ်လည်း နေရာတာ အထီးကျန်တာနဲ့ ကံများ ကောင်းမလားလို့ အပြင်ဘက် လျှောက်သွားကြည့်နေတာ။ လမ်းပျောက်ပြီး ဒီနေရာ ရောက်လာမယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲဗျာ …”
မိန်းမပျိုလေးက စကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။ တစ်လတာ အချိန်ကာလမှာ တစ်ယောက်အတွက် ဤနေရာ ရောက်လာဖို့ရာ လုံလောက်ပေသည်။
“တကယ်လို့ ဘာမှ လုပ်စရာ မရှိရင် ငါ့နောက် လိုက်ခဲ့လေ ” မိန်းမပျိုလေးက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ထွက်သွားခါနီးတွင် မိုဝူကျိဘက် လှည့်ပြောလိုက်သည်။
မိုဝူကျိ စိတ်ထဲ၌ “ ခင်ဗျားနဲ့ အတူတူ ထွက်သွားဖို့ ဘယ်သူက အချိန်ရှိလို့လဲ ” ဟုသာ တွေးနေမိသည်။ သူက ရေဓာတ် သဘာဝ အမြုတေကို ရလာလာချင်း ဖြစ်ကာ ထာဝရ ကမ္ဘာကို အဆင့်မြင့်ရန် ပြင်ဆင်ထားလေ၏။
သူမနှင့် ထွက်သွားပြီး ဘာလုပ်ရမှာလဲ …. အိပ်မက် မက်မနေစမ်းပါနဲ့ …
တုံ့ပြန်သည့်အနေဖြင့် မိုဝူကျိက ငြင်းဆန်လိုက်သည်
“ ကျုပ် မလိုက်တော့ပါဘူး။ အရင်ဆုံး အိမ်ပြန်ဆောက်ရဦးမှာ။ အဲဒီ ကိစ္စက ကြီးတယ်။ ပြီးတော့ ကျုပ်ရဲ့ ပညာတွေကို အမွေပေးမဲ့ ကိစ္စနဲ့ ဆက်စပ်နေတာဆိုတော့ ထွက်သွားလို့ မရဘူး ”
အကယ်၍ သူမသာ ဒဏ်ရာအပြင်းအထန် မရနေလျှင် မိန်းမပျိုလေးက အားရပါးရ ရယ်မောမိလိမ့်မည်။ သာမာန် ငါးဖမ်းသမား တစ်ဦးက ပညာရပ် အမွေပေးမည့် အကြောင်း ပြောနေလေ၏။
သူမ၏ လက်ရှိအခြေအနေနှင့် ယွဲ့ရုန်၏ အခြေအနေကို စဉ်းစားမိပြီး မရယ်နိုင်တော့ပေ။ ထို့အစား သူမက ပြောလိုက်၏
“ သခင်မလေး ယွဲ့ရုန်က ဒဏ်ရာရထားတယ်။ အဲကြောင့် ငါက ဦးလေးယုကို သွားကယ်မလို့။ မင်း သူမကို စောင့်ရှောက်ပေးထားဖို့ လိုတယ်။ သူမက အရမ်းရိုးသားတယ်။ ငါ စိုးရိမ်တာက သူမလည်း အထိတ်တလန့် ဖြစ်နေမှာကိုပဲ …. အဲကြောင့် မင်းအနေနဲ့ သူမနဲ့ စကားပြောပေးနေရုံလေးပဲ … ”
မိုဝူကျိက ထိုအမျိုးသမီးအား ကြည့်ကာ “ ယွဲ့ရုန်က ဘယ်သူလဲ။ ဦးလေးယုက ဘယ်သူလဲ …”
“ မင်း မေ့သွားပြီလား။ မင်းကို ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့ အကျဉ်းထောင်ကနေ ကယ်ပေးတာက ငါတို့ သခင်မလေး ယန်ယွဲ့ရုန်ပဲ။ အဲတုန်းကလည်း ငါတို့က သူမဘေးမှာ ပါတယ်လေ။ ငါ့နာမည်က ရှောင်ရှောင်ယု၊ ဦးလေးယုက ယုချန်။ တွေးကြည့်ပါဦး တကယ်လို့ မမလေး ယွဲ့ရုန်ကြောင့်သာ မဟုတ်ရင် မင်းတို့တွေ သေနေလောက်ပြီ။ သူမက မင်းတို့ကို ကယ်ပေးခဲ့မှတော့ မင်းအနေနဲ့ ခဏလောက် စောင့်ပေးထားနိုင်တယ်မလား ” ရှောင်ရှောင်ယုက ရှင်းပြလိုက်သည်။
အဲဒီ မိန်းငယ်လေးက ဒဏ်ရာရနေတာလား …..
မိုဝူကျိက အံ့ဩမိသွားသည်။ သူ အဆိပ်ရေကန်ထဲ မဝင်ခင် သူမက အဆင်ပြေနေဆဲ ဖြစ်လေရာ သူ့အား သတိပင် လှမ်းပေးလိုက်သေး၏။
ထိုအရာက မိုဝူကျိအား အခက်တွေ့စေသည်။ ယန်ယွဲ့ရုန်က ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့သို့ ရောက်မလာလျှင်ပင် သူက ဘာမှ ဖြစ်မည် မဟုတ်သော်လည်း မိန်းမငယ်လေးကို မိုဝူကျိက ချီးကျူးမိလေသည်။ သူမက ကြင်နာတတ်သော စိတ်ထားပိုင်ရှင် ဖြစ်၏။ မဟုတ်လျှင် သူ ဖြတ်သွားသည့်အခါ သူတို့အား အကူအညီ ပေးခဲ့မည် မဟုတ်ပေ။
ရှောင်ရှောင်ယုအား ကြည့်ကာ သူက အနည်းငယ် စိတ်မပျော်မရွင် ဖြစ်မိသည်။ သူမလိုမျိုး မဟာလော့ရှန်းအဆင့် သက်တော်စောင့်မှာ ကျင့်ကြံဆင့်အားဖြင့် မလုံလောက်သေးပေ။
အင်မော်တယ်လောက၌ ယန်ယွဲ့ရုန်ကဲ့သို့ ကြင်နာတတ်သည့် မိန်းကလေးမျိုး မရှိပေ။ ထို့ကြောင့် သူက နဖူးကို ပွတ်ကာ သူမနှင့် တွေ့ဆုံပြီးပြီ ဖြစ်၍ ကူညီပေးရန် ဆုံးဖြတ်လိုက်တော့သည်။
“ ဘာမှ မပြောတော့ဘူးလား။ တစ်ခုခု ပြောဦး။ ငါ့မှာ အချိန် မရှိဘူး ….. မင်း ပြောတာ စောင့်မနေနိုင်ဘူး ”ရှောင်ရှောင်ယုက အနည်းငယ် စိတ်တိုလာမိသည်။ သူမက မဟာလော့ရှန်းအဆင့် ဖြစ်သော်လည်း သေမျိုးတစ်ယောက်ဆီ အကူအညီ တောင်းခံနေရလေ၏။
မိုဝူကျိကလည်း စိတ်မရှည်စွာ ပြန်ဖြေလိုက်သည် “ ကောင်းပြီလေ … အဲဆိုလည်း အစ်မကြီး ယွဲ့ရုန်ကို ကျုပ် စောင့်ပေးထားမယ် ”
ရှောင်ရှောင်ယုက မိုဝူကျိအား စိုက်ကြည့်ကာ “ မင်း စကားတွေကို သတိထားပြော … ယွဲ့ရုန်က ငါတို့သခင်မလေးပဲ။ မင်းက အင်မော်တယ် ဖြစ်နေရင်တောင် သူမကို အစ်မလို့ ခေါ်လို့ မရဘူး။ သူမကို သခင်မလေး လို့ ခေါ်ရမယ်။ နားလည်လား ….. ”
“ သေချာတာပေါ့ ” မိုဝူကျိက သက်ပြင်းချလိုက်သည်။
“ ငါနဲ့ လိုက်ခဲ့ ” ထိုသို့ ပြောပြီးနောက် ရှောင်ရှောင်ယုက မိုဝူကျိအား တဖန် ပြန်ဆွဲခေါ်သွားပြန်သည်။
သို့သော် သူမက ဘာမှ မလုပ်နိုင်ခင် မိုဝူကျိက အရင်ဦးစွာ သတိပေးလိုက်သည်
“ ဒါနဲ့ ကျုပ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်မော်တယ်တစ်ယောက်ရဲ့ အလောင်းကို တွေ့လိုက်တာ။ သူက ဒီကျောက်စိမ်းပုလင်းကို ကိုင်ထားတာဆိုတော့ အဲဒါက အင်မော်တယ်တွေ အတွက်လား ဆိုတာ ကြည့်ကြည့်ပါဦး ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက ရှောင်ရှောင်ယုအား ကျောက်စိမ်းပုလင်း ပေးလိုက်သည်။
ရှောင်ရှောင်ယုက နားမလည်စွာဖြင့် မိုဝူကျိဆီမှ ကျောက်စိမ်းပုလင်းကို လက်ခံကာ ဖွင့်ကြည့်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူမက ပါးစပ်ဟောင်းလောင်း ဖြစ်သွားကာ လက်များပင် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။
အင်မော်တယ်ဘုရင် ဆေးလုံးပဲ ….
အမှန်တကယ်ကို အင်မော်တယ် ဘုရင်ဆေးလုံးပဲ ပြီးတော့ ပြိုင်ဖက်ကင်းအဆင့် ဖြစ်နေသေးတယ် ……