← Chapters

အရေးပေါ် အင်မော်တယ်ဂိုဏ်း အစည်းအဝေးပွဲ

Vol. 49 Ch. 680

အရေးပေါ် အင်မော်တယ်ဂိုဏ်း အစည်းအဝေးပွဲ

Vol. 49 Ch. 680

ယခုလက်ရှိ အင်မော်တယ်လောက၌  အင်မော်တယ် ဘုရင်ဆေးလုံးမှာ  အလိုရှိဆုံး စာရင်းကြား ပါဝင်ပေ၏။ ထိုအရာမှာ  မဟာလော့ရှန်း ပြီးပြည့်စုံခြင်း  အဆင့် ကျင့်ကြံသူကို အင်မော်တယ်ဘုရင်အဖြစ် တက်လှမ်းစေနိုင်သည့် အဆင့် ၇ ဆေးလုံး ဖြစ်လေရာ တစ်လုံးတည်းကပင် အတော်လေး အဖိုးတန်နေသည်။

သူမက ကျောက်စိမ်းပုလင်းကို ပြန်ပိတ်လိုက်ပြီး မိုဝူကျိအား စိုက်ကြည့်ကာ  “ မင်း ဒီဆေးလုံးကို တကယ်ကြီး ကောက်ရလာတာပေါ့ ”

သူမ သံသယ ဝင်သည့်အတွက် အပြစ်မတင်သင့်ပေ။ မိုဝူကျိ၏ ဇာတ်ကြောင်းမှာ နည်းနည်း မယုံသင်္ကာ ဖြစ်ဖွယ် ကောင်းလွန်းနေသည် မဟုတ်ပါလော။ အင်မော်တယ် ဘုရင်ဆေးလုံးကို လမ်းဘေး၌ ကောက်ယူ၍ ရနေလျှင်  အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ မှိုလို ပေါနေလောက်မည် ဖြစ်၏။ မိုဝူကျိက  လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က  ဖြစ်ကြောင်း  ပြောထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့ကို ခေါ်၍ ထိုအလောင်းကို  သွားကြည့်လောက်မိသည်။

မဟာလော့ရှန်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူအများစုက ဤဆေးလုံးကို ရှာမတွေ့နိုင်ကာ  ဤကျင့်ကြံဆင့်၌ သောင်တင်နေကြသည်။ သူမ ပြောထားသည့်အတိုင်း ဖြစ်၏။ သူမတွင် အင်မော်တယ် ဘုရင်ဆေးလုံး ရှိနေလျှင် သူမအနေနှင့် အင်မော်တယ် ဘုရင်အဆင့် ရောက်ပြီးသည်မှာ ကြာမြင့်လောက်လေပြီ။

မိုဝူကျိက ရှောင်ရှောင်ယု၏ ရှုပ်ထွေးနေသည့် ပုံစံကို ကြည့်ကာ ပြောလိုက်၏  “ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ။ ဒါမှမဟုတ် အင်မော်တယ်တွေ သုံးတဲ့ ဟာ မဟုတ်ဘူးလား ”

မိုဝူကျိက ရှောင်ရှောင်ယု တစ်ယောက် ကျင့်ကြံဆင့်နိမ့်၍ ဆက်တိုက် ဒဏ်ရာ ရနေသည့် မြင်ကွင်းအား မမြင်ချင်သည့်အတွက်ကြောင့် ထုတ်ပေးလိုက်ခြင်း ဖြစ်၏။ သူမသာ အင်မော်တယ် ဘုရင်အဆင့် ရောက်ရှိသွားလျှင် ထိုယန်ယွဲ့ရုန်ကိုလည်း  သူ ဂရုစိုက်စရာ မလိုလောက်တော့ပေ။ အင်မော်တယ် ဘုရင်ဆေးလုံးမှာ တခြားလူများအတွက် အဖိုးတန်သော်လည်း အင်မော်တယ် ဘုရင် တာအိုအပင် ရှိနေသည့် သူလို အဆင့် ၈ ဆေးလုံးဧကရာဇ် တစ်ယောက်အနေနှင့်  မပြောပလောက်ပေ။

ရှောင်ရှောင်ယုက သူမဘာသာ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီး မိုဝူကျိအား  ခြေဖျားခေါင်းဆုံး ကြည့်ပြီးနောက် နိဂုံးချပ်လိုက်သည်။ မိုဝူကျိက သေမျိုး တစ်ယောက် ဖြစ်၏။ သူမက သူ့ကံကောင်းမှုကို မယုံကြည်နိုင်ပေ။ သေမျိုးတစ်ယောက်က အင်မော်တယ်ဘုရင်ဆေးလုံးကို ရှာတွေ့သည်မှာ ကံတရားက အတော်လေး ထူးဆန်းပုံ ပေါ်၏။

“ မင်းနာမည်က တာ့ဟွမ် မလား။ တာ့ဟွမ် …. မင်း ကောက်လာတဲ့ ဆေးလုံးက ငါ့အတွက် အရမ်းအရေးကြီးတယ်။ အဲဒါကြောင့်မလို့ ငါ့ကို ပေးလို့ ရမလား။ မင်း တစ်ခုခု လိုရင် ငါ့ကို ပြော …. အကောင်းဆုံး ကြိုးစားပြီးတော့ ဖြည့်ဆည်းပေးမယ် ” ရှောင်ရှောင်ယုက အသက်ပြင်းပြင်း ရှုကာ မိုဝူကျိအား  သူမ တစ်ခါမှ မသုံးဖူးသေးသည့် လေသံဖြင့် တောင်းဆိုလိုက်သည်။

မိုဝူကျိက လက်ခါပြကာ  “ လိုအပ်ရင် ယူလိုက်ပါ။ ကျုပ်ဆီမှာ လက်နှစ်ဖက်နဲ့ ခြေနှစ်ချောင်း ရှိသေးတယ်။  ငတ်မသေပါဘူး … ပြီးတော့ အစ်မကြီး … ”

မိုဝူကျိက သူ့စကားမဆုံးခင် ရှောင်ရှောင်ယု၏ အမူအယာမှာ ပြောင်းလဲသွား၏။ သူမက သူ့ကို ခေါ်ကာ လက်ရှိနေရာမှ ချက်ချင်း ထွက်သွားလိုက်သည်။

ကြည့်ရသည်မှာ တစ်ခုခု ဖြစ်သွားသည့်ဟန် ပေါ်၏။

ထိုစဉ် မိုဝူကျိက အဆုံးအစွန်မြို့သို့  ပြန်သွားမည့် အတွေးကာ လက်လျော့လိုက်တော့သည်။ ကျင့်ဖုန်းနှင့် ယင်ရှန်းတို့မှာ တံခါးပိတ် ကျင့်ကြံနေကြသည့်အတွက် သူ နောက်ကျမှ ပြန်ရောက်လာလျှင်လည်း ကွာခြားမှု ရှိမည် မဟုတ်ပေ။

လေလွင်ပြင်မြို့အပြင် အဆိပ်ရေကန်မှ ထွက်လာပြီးနောက်  ရှောင်ရှောင်ယုက သူ့အား လေလွင်ပြင်မြို့သို့ ပြန်လည် ခေါ်ဆောင်လာသည်။

“ ငါ့နောက်မှာ ကပ်နေ။ လေလွင်ပြင်မြို့မှာ ကိစ္စအများကြီး ဖြစ်သွားတာဆိုတော့ လျှောက်ကြည့်မနေနဲ့ …” ရှောင်ရှောင်ယုက မိုဝူကျိအား ချပေးလိုက်ပြီးနောက် မြို့ထဲ ဝင်သွားလိုက်သည်။ သူမက အလျှင်လိုနေဟန် ပေါ်ကာ  ယန်ယွဲ့ရုန်က သူမအား  လေလွင်ပြင်မြို့သို့ ပြန်လာရန် ပြောလိုက်သော်လည်း အကြောင်းအရာကို မပြောလိုက်ပေ။

လွန်ခဲ့သည့် နာရီအနည်းငယ်ခန့်က မိုဝူကျိ တစ်ယောက် လေလွင်ပြင်မြို့မှ ထွက်လာ၏။ ဘေးပတ်လည်တွင် လူများစွာ ရှိနေသော်လည်း ယခု သူ ခံစားနေရသည့် တင်းကျပ်နေသည့် လေထုမျိုး မရှိခဲ့ပေ။

ရှောင်ရှောင်ယုက မျက်မှောင်ကျုတ်လိုက်၏။ သူမက လေလွင်ပြင်မြို့အတွင်းမှ အပြောင်းအလဲများကို ခံစားမိဟန်ဖြင့် မိုဝူကျိကို ဆွဲကာ  နံပါတ်တစ် တည်းခိုဆောင်ဖြစ်သည့် တစ်ခွန်းလွင်ပြင် တည်းခိုဆောင်ဆီ ခေါ်သွားတော့သည်။

မိုဝူကျိက တည်းခိုဆောင်ထဲ ဝင်လိုက်သည်နှင့် ခေါင်းကို စိုးရိမ်တကြီး ငုံ့ထားလိုက်သည်။ ယုံရင်အင်မော်တယ် နယ်မြေမှာ အင်မော်တယ် နယ်မြေအကြီး တစ်ခု မဟုတ်ကာ   လေလွင်ပြင်မြို့မှာ  အင်မော်တယ်နယ်မြေ၏ အစွန်းတွင် တည်ရှိ၏။ မြို့အသေးလေး ဖြစ်သောကြောင့် အင်မော်တယ်ဘုရင်များကို  တွေ့မြင်ရဖို့  မလွယ်ကူပေ။

သူ တည်းခိုဆောင်ထဲ ဝင်ပြီးနောက် နေရာတိုင်း၌ အင်မော်တယ် ဘုရင်များစွာ ရှိနေသည်။ သူတို့အထဲ၌ အင်မော်တယ် အုပ်စိုးသူအဆင့်များပင် ပါရှိနေပြီး  တစ်ယောက်မှာ ဧကရာဇ် တပိုင်းအဆင့် ဖြစ်ပေသည်။

ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင်ပင်  ဧကရာဇ်တပိုင်းအဆင့်သာ ရှိသေးသည်။ ကွေ့ဖုန်းယွင်၏ ဧကရာဇ်တာအိုအသီးကို ယူလာခဲ့သောကြောင့်  ထိုလူက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းသွားပြီလား ဆိုသည့် ကိစ္စကိုတော့ မသိလိုက်ချေ။

ယခု ဧကရာဇ် တပိုင်းအဆင့် ကျင့်ကြံသူ ရှိနေသော်လည်း  ယုံရင်အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ်တော့ မဟုတ်ပေ။

“ ဂုဏ်သရေရှိ ခေါင်းဆောင် ဘာလို့များ ရောက်လာတာလဲ ” ရှောင်ရှောင်ယုက အခန်းထဲ ဝင်ပြီးနောက် မြန်မြန် ဦးညွှတ်ကာ ပြောလိုက်သည်။ ယွဲ့ရုန်က သူမကို ပြန်ခေါ်လိုက်သည့် အကြောင်းအရင်းမှာ တစ်ခုခု ဖြစ်၍ မဟုတ်ဘဲ သူတို့ခေါင်းဆောင် ရောက်လာ၍ ဖြစ်သည်။

အခန်းအလယ်၌ ရပ်နေသူမှာ မုတ်ဆိတ်မွေးဖြူများနှင့် လူလတ်အရွယ် အမျိုးသား တစ်ဦး ဖြစ်၏။ ထိုအမျိုးသားက အလွန်ပိန်လှီနေသော်လည်း  အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ရောက်ရှိနေလေပြီ။

မိုဝူကျိက အင်မော်တယ် အုပ်စိုးသူကို ဂရုမစိုက်ပေ။ သူက ပြိုင်ဖက် မဟုတ်သော်လည်း အင်မော်တယ် အုပ်စိုးသူက သူ့နောက်ခံကို စစ်ဆေးလိုလျှင်ပင် မဖြစ်နိုင်ချေ။ သူနှင့် ပတ်သတ်ဖူးသူများမှာ  ဧကရာဇ် တပိုင်းအဆင့်၊ အင်မော်တယ် ဧကရာဇ်အဆင့်နှင့် မဟာဧကရာဇ်များလည်း ပါဝင်ပေသည်။ ထို့အပြင်  ရှုစုရန်၊ ရှောင်လီရှီနှင့် လိန်ကူယွင်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူများလည်း  ပါဝင်ကြသည်။

အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့်မှာ မဟာဧကရာဇ်အဆင့်ရှေ့၌ ပုရွက်ဆိတ်မျှသာ ဖြစ်၏။

လူလတ်အမျိုးသားက  ရှောင်ရှောင်ယုကို ကြည့်ကာ “ ရှောင်ယု  ... မင်းလည်း တော်တော် ကြိုးစားခဲ့ပါတယ်။ မင်းကြောင့်သာ မဟုတ်ရင် စီမံခန့်ခွဲရေးမှူး ယုလည်း အသက်ရှင်မှာ မဟုတ်ဘူး ”

“ဦးလေးယုရော အဆင်ပြေရဲ့လား ” ရှောင်ရှောင်ယုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမက ရန်သူများကို မျှားခေါ်ကာ ပြေးပြီးနောက် ယုချန်ကို ကယ်တင်ရန် ပြန်ချင်သော်လည်း ယခု သူ အဆင်ပြေကြောင်း ကြားသောအခါ သူမ စိတ်ထဲ ပျော်ရွင်မိသွားသည်။

လူလတ်အမျိုးသားကြီးက ခေါင်းညိတ်ကာ  “ မင်းက မျှားခေါ်သွားတာဆိုတော့ စီမံခန့်ခွဲရေးမှူးယုက ငါ မရောက်ခင်အထိ ထိန်းထားနိင်လိုက်တယ်။ အခုတော့ အခန်းထဲမှာ အနားယူနေတယ် ”

သူ့စကားအဆုံးတွင် ရှောင်ရှောင်ယုနောက်တွင် ရပ်နေသော  မိုဝူကျိအား လှည့်ကြည့်လိုက်ပြီး မေးလိုက်သည် “ ဒီသေမျိုးက ဘယ်သူလဲ ”

ရှောင်ရှောင်ယုက မြန်မြန် မိတ်ဆက်ပေးလိုက်၏

“ သူက တာ့ဟွမ်ပါ။ အဆုံးအစွန်ပင်လယ်နားက သွေဖယ်ခြင်းရွာက  ငါးဖမ်းသမားပါ။ မမလေးက သူ့ကို တစ်ခါ ကယ်ဖူးတယ်။ ဒီတစ်ခေါ်က တောနက်ထဲမှာ တွေ့လို့ သူ့အခြေအနေကို စိုးရိမ်တာရော၊ မမလေးက ဒဏ်ရာအပြင်းအထန် ရထားတာရော ဆိုတော့ ကူဖော်လောင်ဖက်အဖြစ် ခေါ်လာခဲ့တာပါ။ ခေါင်းဆောင် ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး ”

မိုဝူကျိက ခေါင်းညိတ်လိုက်သည်။ ကြည့်ရသည်မှာ ရှောင်ရှောင်ယုက သူ့ကို လေလွင်ပြင်မြို့ဆီ ခေါ်လာသည်မှာ သူမ၏ မမလေးအတွက်ကြောင့် သာမက  သူ့ကို စောင့်ရှောက်ပေးရန်လည်း ပါဝင်နေပေသည်။ သေမျိုးတစ်ယောက် တောနက်ကြီးထဲ ရှိနေခြင်းက အလွယ်တကူ သေဆုံးသွားနိုင်သည်။

အမျိုးတူများ စုနေကြသည် ဆိုသည့်အတိုင်း  ယန်ယွဲ့ရုန် အမည်ရှိ မမလေးမှာ ကြင်နာတတ်ရုံသာမက  ရှောင်ရှောင်ယုကလည်း မကောင်းသည့်သူ မဟုတ်ပေ။ သေမျိုးများကို ကူညီပေးမည့် အင်မော်တယ် များများစားစား မရှိပေ။

“ အာ  … တာ့ဟွမ်  တကယ်ပဲ ရှင်ကိုး …. ” အံ့ဩတကြီး အသံတစ်သံက ထွက်ပေါ်လာကာ ဖြူဖတ်ဖြူရော် ဖြစ်နေသည့် ယန်ယွဲ့ရုန်က ရောက်ရှိလာသည်။

“မမလေး အဆင်ပြေရဲ့လား ” ရှောင်ရှောင်ယုက မေးလိုက်သည်  “ ဟုတ်ပါတယ်လေ။ ခေါင်းဆောင် ရောက်လာပြီဆိုတော့  မမလေး ဒဏ်ရာတွေကို စိတ်ပူနေဖို့ မလိုတော့ပါဘူး ”

ယန်ယွဲ့ရုန်က တခစ်ခစ် ရယ်မောလိုက်ပြီး  “ မမရှောင်ယု … ညီမကို မမလေးလို့ မခေါ်ဘဲ ယွဲ့ရုန်လို့ပဲ ခေါ်ပါဆိုနေ … ”

ရှောင်ရှောင်ယုက လေးလေးနက်နက် အမူအယာဖြင့်  “ အပြုအမူတွေကို မေ့လျော့ထားလို့ မဖြစ်ဘူးလေ။ ဒီဟာတွေက တစ်ယောက်ယောက်ရဲ့ အကျင့်စရိုက်ကို ထင်ဟပ်ပြသနေတာ …”

“ ကဲကဲ  မမ လုပ်ချင်တာသာ လုပ်တော့ ” ယန်ယွဲ့ရုန်က မိုဝူကျိအား ပိုမို၍ စိတ်ဝင်စားနေဟန် ပေါ်သည်။ သူမ စကားအဆုံးတွင် သူ့ကို ကြည့်လိုက်ပြီး မေးလိုက်သည် “ တာ့ဟွမ်က ဘယ်လိုလုပ် ဒီရောက်လာတာလဲ ”

သူမ စကား ပြီးဆုံးသွားပြီးနောက် လူလတ်အရွယ် အမျိုးသားဘက် လှည့်ကာ ပြောလိုက်ပြန်သည်

“ ဘိုးဘိုး …. တာ့ဟွမ်က အတော်လေး သစ္စာ ရှိတယ်။ သူ့ကို စောင့်ရှောက်ပေးထားတဲ့ မိသားစု ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့မှာ အဖမ်းခံရတုန်းက သူ့တို့ကို ကယ်ဖို့ အသက်စတေးပြီး ရောက်လာတာ။ အင်မော်တယ်တွေထက်တောင် ဖြောင့်မတ်သေးတယ် ”

ရှောင်ရှောင်ယု ခေါင်းဆောင်ဟု ခေါ်သော အမျိုးသားက  ခေါင်းညိတ်ပြကာ  “ မင်းမှာ ဝိညာဉ်ကြော မရှိပေမဲ့ အင်မော်တယ်တစ်ယောက်ရဲ့ သဘောထား ရှိတယ် ”

ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်

“ မင်း မကျင့်ကြံနိုင်ရင်လည်း ရပါတယ်။ ဒီနေ့ကစပြီးတော့ ယွဲ့ရုန် ဘေးနေပြီးတော့  လိုအပ်တာလေး လုပ်ပေးပေါ့။ မင်းက အကြာကြီး မနေနိုင်ပေမဲ့  ငါတို့တွေ မင်းအသက် ရာချီပြီးတော့ နေနိုင်ဖို့တော့ အာမခံပေးနိုင်တယ် ”

သူက မြေးမလေးကို အရမ်းမြတ်နိုးကြောင်း သိသာလှသည်။ သူမက မိုဝူကျိ၏ အကျင့်စရိုက်အကြောင်း ပြောပြသည်နှင့် သူမအတွက် သူ့အား  ကူဖော်လောင်ဖက်အဖြစ် ခေါ်ထားပေးနေသည်။

“ ဘိုးဘိုးကလည်း အဲလို မြန်မြန်ကြီး မဆုံးဖြတ်ရဘူးလေ။ တာ့ဟွမ်ကို သိုင်းပညာရပ်တွေ ရှာပြီး သင်ပေးမှာပေါ့။ ပြောလို့ရမလား ... သူ့ဆီမှာ သိုင်းပါရမီ ပါရင် ပါနေမှာ ….” ယန်ယွဲ့ရုန်က ထပ်ပြောလိုက်သည်။ သူမက မိုဝူကျိကို အတော်လေး လေးစားမိနေ၏။

လူလတ်အရွယ် အမျိုးသားက သဘောတူစွာဖြင့် “ မြေးပြောတာ မှန်တယ်။ ကောင်းကင်ဘုံက အားလုံးကို အခွင့်အရေးတစ်ခုတော့ ပေးတတ်ကြတာပဲ။ ဝိညာဉ်ကြော မရှိတဲ့ လူက သိုင်းပညာလမ်းစဉ်ပေါ်က တာအိုကို လေ့လာနေတဲ့အကြောင်း မကြားဖူးတာမှ မဟုတ်တာ ….. ”

သူတို့ စကားဝိုင်းကို ကြားပြီး မိုဝူကျိပင် ဘာပြန်ပြောရမှန်း မသိပေ။

သူ့လို အဆင့် ၈ ဆေးလုံးဧကရာဇ်အား  မဟာယီရှန်းကျင့်ကြသူအတွက် ကူဖော်လောင်ဖက်အဖြစ် ခိုင်းနေသည်လား။ အိပ်မက် မက်နေတာလား ….

သူက  ငြင်းဆန်တော့မည့်ဆဲဆဲတွင် လူလတ်အမျိုးသားက ဆက်ပြောလိုက်၏

“ ယုံရင်အင်မော်တယ် ဂိုဏ်း အစည်းအဝေးက လေလွင်ပြင်မြို့ရဲ့ မြိုစားအိမ်တော်မှာ ကျင်းပတော့မှာ။ ယွဲ့ရုန်၊ မင်းနဲ့ ရှောင်ယုတို့ သွားလေ့လာကြည့်ကြပေါ့ …. ”

“ ယုံရင်အင်မော်တယ်ဂိုဏ်း အစည်းအဝေးက ဘာကြီးလဲ ” ယန်ယွဲ့ရုန်က နားလည်ရခက်စွာ မေးလိုက်သည်။

လူလတ်အရွယ် အမျိုးသားက ပြုံးကာ

“ လွန်ခဲ့တဲ့နာရီတုန်းက  ဖန်လင်းတို့ ခေါ်တဲ့ မဟာကျီရှန်းအဆင့် ကျင့်ကြံသူက  အဆိပ်ရေကန်ထဲ ဝင်သွားခဲ့တယ်။ အဲဒီလူမှာ ရတနာ ရသွားခဲ့တယ်။ ပြီးတော့ သူက အဆိပ်ကို မကြောက်ဘဲနဲ့ နာရီအကြာကြီး နေခဲ့တယ်တဲ့  ….

အဆုံးသတ်ကျ အဆိပ်ရေကန်ထဲက  ရတနာတွေကို ရသွားတယ်။ ကြားတာတော့ ရှေးဦးမူလ ရေကျောက် ဆယ်ခုနဲ့ ရေဓာတ် သဘာဝ အမြုတေ ရသွားတာတဲ့။  ပြီးတော့  ရှေးဟောင်းအင်အားစုက ချန်ထားခဲ့တဲ့ လက်စွပ်လည်း ရှိသေးတယ်။  လေလွင်ပြင်မြို့အနေနဲ့  အင်မော်တယ်ဂိုဏ်းတွေ စုစည်းပြီးတော့ သူ့ကို  ဝရမ်းထုတ်ဖို့ အစည်းအဝေး ခေါ်လိုက်တာပဲ …. ”

မိုဝူကျိပင် အံ့ဩသွားမိသည်။ သူ ရေဓာတ် သဘာဝ အမြုတေ ရသွားကြောင်း သိသည်မှာ တစ်ယောက်သာ ရှိ၍ ဤသတင်းမှာ မည်သို့များ ထွက်ပေါ်လာသနည်း။

မဟုတ်သေးဘူး  …. အရိုးစုလည်း သိတယ်

ဖြစ်နိုင်တာက သူ့နောက်ကနေ ဝင်တဲ့ လူတစ်ယောက်ကလည်း အိမ်အထိ ရောက်ပြီးတော့ အရိုးစုနဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ် …..

“ မအံ့ဩတော့ပါဘူး  …. အဲကြောင့် ကျမ ပြန်လာတုန်းက လေလွင်ပြင်မြို့ထဲ တစ်ခုခု ဖြစ်နေပါတယ်လို့ ထင်နေတာ ” ရှောင်ရှောင်ယုက ဝင်မှတ်ချက်ပေးသည်။

ထိုသတင်းကို ကြားပြီး ယန်ယွဲ့ရုန်က မျက်မှောင်ကျုတ်ကာ

“ ဘိုးဘိုး … အဲပစ္စည်းတွေကို ဖန်လင်းဆိုတဲ့လူက ရပြီးမှတော့ ကျန်တဲ့ သူတွေက ဘာလို့ လိုက်နေကြတာတုန်း။ သူ့ကိုယ်ပိုင် အင်အားနဲ့ ရလာတာ မဟုတ်ဘူးလား ”

လူလတ်အရွယ် အမျိုးသားက ရယ်မောကာ

“ ယွဲ့ရုန် … မြေးက အရမ်းကို ကြင်နာတတ်လွန်းတယ်။ အဲဒီအချက်ကြောင့်လည်း အဘိုး စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့  အင်မော်တယ်လောကကြီးမှာ မြေးလိုမျိုး ဖြောင့်မတ်တဲ့သူတွေနဲ့ ပြည့်နေတာ မဟုတ်ဘူးကွဲ့။  အမှောင်ထုထဲ ဘာမဆို ဖြစ်လာနိုင်တယ်။

ပြီး‌တော့ ဒီခရီးစဉ် လာတုန်းက နောက်ကနေ အလိုက်ခံရတာ နှစ်ကြိမ် မလား။ ပထမတုန်းက ဖြတ်သွားဖြတ်လာ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က ကယ်ပေးသွားခဲ့တယ်။ ဒီနေ့ကျ အဘိုးက စီမံခန့်ခွဲရေးမှူးယုကို ကယ်ပေးလိုက်တယ်။  အဲဒါက မြေးဆီမှာ ရှေးဦးမူလရေကျောက် ရှိတယ်ဆိုပြီး သတင်းထွက်နေလို့ပဲ …. ”

“ ဒါပေမဲ့ မြေး တစ်ခုမှ မယူခဲ့ဘူးလေ ” ယန်ယွဲ့ရုန်က ပြန်ပြောလိုက်၏။

လူလတ်အရွယ် အမျိုးသားက သက်ပြင်းချကာ

“ မြေး မယူတာ အဘိုး သိတာပေါ့။ ဒါပေမဲ့ တခြားသူတွေက မသိဘူးလေ။ အင်မော်တယ်လောကမှာ  အမှန် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ယုံကြည်ချင်တာကို ယုံတတ်ကြတယ်။ ပြီးတော့ လတ်တလော ကျင့်ကြံရေး အထောက်အပံ့တွေ ပြတ်လပ်နေကြတာလေ။

ရှေးဦးမူလရေကျောက်ဆိုတာက ဘယ်လိုအရာမျိုးလဲ။ ပေါ်လာတာနဲ့ ဘယ်သူက မလိုချင်ဘဲ နေပါ့မလဲ။  အဘိုးဆီမှာ လွမ်းမိုးမှု အာဏာတချို့ရှိလို့သာ မဟုတ်ရင် ဒီနေရာမှာ သက်တောင့်သက်သာ ဆက်နေနိုင်ဦးမယ်လို့ ထင်လား ”

All Chapters