ကြေကွဲဖွယ်ရာ သတင်း
Vol. 50 Ch. 683
ကျိုးယီရှန်းက ပျော်ရွင်သွားကာ ခေါင်းညိတ်လိုက်ပြီး
“ သူ့ကို သိတာပေါ့ ”
“ သူ့နာမည်ကို မိုဝူကျိလို့ ပြောင်းလိုက်တယ်ဆို …” ကျီယွဲ့က အလျှင်စလို မေးလိုက်၏။
“ ဟုတ်တယ်လေ။ ကျုပ် ကြားတာတော့ သူက ယန်းယဲ့တောင် မဟုတ်ဘူးတဲ့။ အစကတည်းက မိုဝူကျိ ပဲတဲ့ ” ကျိုးယီရှန်းက နေရခက်စွာ ပြောလိုက်သည်။
သူက မိုဝူကျိကို မည်သို့ မသိဘဲ နေမည်နည်း။ ထိုလူက ဂိုဏ်းကြီးများနှင့် အင်မော်တယ် နယ်မြေများကိုပင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည့်သူ မဟုတ်ပါလော။ သူက အကြိမ်များစွာ စစ်ဆေးကြည့်ခဲ့ကာ ထိုလူက ယုံရင် အင်မော်တယ်နယ်မြေဆီ တက်လှမ်းလာကာ ယန်းယဲ့ နာမည်ကို ယူထားခြင်း ဖြစ်၏။ ယန်းယဲ့ နာမည်ဖြင့် စူးခရာ အင်မော်တယ်မြို့ဟောင်းထိ သွားရောက်ကာ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်လာခဲ့သည်။ ထိုမျှတင် မကသေးဘဲ ကျိုးပျက်ကမ္ဘာထဲ၌ မိုဝူကျိက ကြယ်ရှစ်လုံးနှင့် ကြယ်ကိုးလုံး ပါရမီရှင်များကို ချိုးနှိမ်ကာ ယုံရင် အင်မော်တယ် နယ်မြေ၏ ဂုဏ်ထူးဆောင် တစ်ယောက် ဖြစ်လာလေ၏။
သို့သော်လည်း ထိုလူ၏ ထင်ရှားမှုကို ဖုံးကွယ်၍ မရပေ။ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်လာပြီးနောက် သူက ယုံရင်ဆေးပညာပြိုင်ပွဲ၌ နေရာ ရလာကာ ရလဒ်အနေနှင့် အဆင့်မြင့် ကျင့်ကြံသူများကို ရန်စမိခဲ့သည်။
အကယ်၍ ဤသို့ ရိုးရှင်းနေပါက အဆင်ပြေနေဆဲ ဖြစ်ဦးမည်။ မိုဝူကျိက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် မဟုတ်ပါလော။ သို့သော်လည်း မိုဝူကျိက ပိုမို ဆိုးရွားသည်များ ပြုလုပ်ခဲ့သည်။ သူက လျှပ်စီးဂိုဏ်း၊ မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းမှ လူများကို သတ်ခဲ့ပြီး သူ့အား အင်မော်တယ်လောကတစ်ခုလုံး၌ အလိုရှိဆုံး ဝရမ်းပြေး ဖြစ်ခဲ့၏။ သူ ကြားထားသလောက် မိုဝူကျိက မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ခိုးထားပြီး သူ့လူများနှင့်အတူ နဂါးမျိုးနွယ်ကိုလည်း ရှင်းပစ်ခဲ့သေး၏။
အရိုးသားဆုံးပြောရလျှင် ထိုအရာထဲမှ တစ်ခုပင် သူ့နှလုံးအား တုန်လှုပ်နေစေပြီ ဖြစ်၏။ သူက မိုဝူကျိသည် ထိုသို့ ပြစ်မှုများကို ကျူးလွန်နိုင်လိမ့်မည်ဟု အမှန်တကယ် မယုံပေ။ သူ ယုံကြည်သည်၊ မယုံကြည်သည်က အရေးမပါပေ။ ဂိုဏ်းကြီးများမှာ မိုဝူကျိအား ဖမ်းဆီးရန် ပူးပေါင်းထားကြသေးသည်။
အကယ်၍ သူတို့ ဤမျှ အထိ လုပ်နေလျင် အမှားအယွင်း ဖြစ်နိုင်ပါ့မလား။
“ ဒီလိုကိုး …” ကျီယွဲ့က အံ့ကြိတ် ပြောလိုက်သည်။ သူမကို နွံနွံတာတာ တွဲကပ်လာသည့် ယန်းယဲ့မှာ သူမကို ပစ်ထားရန် ရုတ်တရက်ကြီး သတ္တိရှိသွားသည့် အကြောင်းအရင်းကို တွေးမိသွားသည်။
အစကတည်းက လူ မတူခဲ့တာပဲ….
သူမက ထိုလူ၏ ရုပ်ဖျက်စွမ်းကို မမြင်နိုင်ပေ။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရုပ်ဖျက်စွမ်းလဲ ….. အာ မဟုတ်သေးပါဘူး …..
ကျီယွဲ့က တစ်ခုခု စဉ်းစားမိဟန်ဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ မိုဝူကျိကို တွေ့လိုက်လိုက်ချင်း ထူးဆန်းသည့် ခံစားချက် ဖြစ်ပေါ်လာ၏။ ခံစားရသည်မှာ ဝိညာဉ်စွမ်းအား လုံးဝ မရှိသည့် သေမျိူးတစ်ယောက်နှင့် တွေ့လိုက်ရသကဲ့သို့ ဖြစ်၏။ ထို့နောက် သူမက ထိုခံစားချက် ခံစားမိပြန်သည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက နှစ်နာရီမှ လေးနာရီကြား ထိုခံစားချက် လုံးဝ ပျောက်ပျက်သွားလိမ့်မည်။
သူမက ထိုအတွေးဖြင့် ထိုလူ၏ ရုပ်ဖျက်စွမ်းကို အမှန်တကယ် အံ့အားသင့်နေမိသည်။
“ မိန်းမလှလေး ကျီယွဲ့ …. စူးခရာအင်မော်တယ်မြို့ဟောင်းမှာ အထက်ဘုံကနေ ပါရမီရှင် ရွေးချယ်ပွဲ လုပ်မှာ သိလား ” ကျီယွဲ့၏ အာရုံမှာ တခြားရောက်နေမှန်း သတိပြုမိ၍ ကျိုးယီရှန်းက ခေါင်းစဉ် ပြောင်းပြောလိုက်သည်။
ကျီယွဲ့က ပုံမှန်အတိုင်း ခေါင်းညိတ်ပြလိုက်ပြီး “ ကျမ ကြားလိုက်ပါတယ် ဒါပေမဲ့ သိပ်မရှင်းလို့လေ ”
ကျိုးယီရှန်းက ချက်ချင်း ပြောလိုက်သည်
“ အရင်တုန်းက နတ်ဘုရားမျှော်စင် ပိတ်သွားတဲ့နောက်မှာ အထက်ဘုံရဲ့ တမန်တော်က သူတို့အထက်ဘုံအတွက် ထိပ်တန်း ပါရမီရှင်တွေကို လက်ခံပေးခဲ့တယ်။ ပြောကြတာတော့ အထက်ဘုံရဲ့ တာအိုဧကရာဇ်က အင်မော်တယ် တာအို ကန့်သတ်ချက် နီးနေပြီးတော့ နောက်တဆင့် တက်လှမ်းတော့မှာတဲ့ … တာအိုဧကရာဇ် အသစ် တာဝန်မယူခင် သူက အထက်ဘုံအတွက် ပါရမီရှင်တွေကို ပျိုးထောင်ပေးချင်လို့တဲ့လေ။
ပြီးတော့ ဒီရွေးချယ်ပွဲက အရင်တစ်ခါနဲ့ မတူဘူး။ မင်းရဲ့ အရည်အချင်းက ကြယ်လေးလုံးနဲ့အထက် ဖြစ်နေတာနဲ့ အထက်ဘုံကို သွားနိုင်မဲ့ အခွင့်အရေး ရနိုင်တယ် ”
“ တကယ်လား ”
ကျီယွဲ့က ကျိုးယီရှန်း စကားများကို နောက်ဆုံးတွင် စိတ်ဝင်စားလာ၏။ သူမက ရွှေလိပ်ကြီး တာအိုလက်တွဲဖော်ကိုသာ ရှာရန် အမြဲကြိုးစားခဲ့မိ၏။ သူမ ဆရာက အထက်ဘုံမှ တပည့်များ လက်ခံမည့် အကြောင်း ပြောခဲ့သော်လည်း စိတ်ထဲ မထားခဲ့ပေ။ သူမ ပါရမီကား ကန့်သတ်ချက်ရှိ၍ ဖြစ်သည်။ ယခု သူမက အရည်အချင်း ပြည့်မှီနေကြောင်း ကြားသည့်အခါ စိတ်လှုပ်ရှားသွားသည်က ပုံမှန်ကိစ္စသာ ဖြစ်၏။
ကျိုးယီရှန်းက ရင်ဘတ်ကို ပုတ်ကာ
“ ဒါပေါ့ အမှန်ပဲလေ။ စူးခရာ အင်မော်တယ်မြို့ဟောင်းကို သွားကြတဲ့သူတွေက ငါတို့ အင်မော်တယ်လောက က ကြယ်အဆင့် လူငယ် ပါရမီရှင်တွေပဲလေ။ ဂျုနီယာညီမလေး ကျီယွဲ့က မဟာယီရှန်းအဆင့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာတာဆိုတော့ အရွေးခံရနိုင်ခြေ မြင့်တယ်။
တကယ်လို့ ဂျုနီယာညီမလေး စိတ်ဝင်စားရင် ကျုပ်တို့ အတူတူ သွားလို့ ရတယ်နော် … ”
“ ကောင်းတာပေါ့။ အတူတူ သွားကြစို့လေ ” ကျီယွဲ့က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
ကျိုးယီရှန်းအတွက် ကံမကောင်းသည်က သူ့အပြုအမူများက သူ့အား ပြန်ထိခိုက်စေနေခြင်း ဖြစ်၏။ ကျီယွဲ့က သူ့အား အရန်၏ အရန်အဖြစ်သာ သဘောထားနေခြင်း ဖြစ်၏။ သို့သော် အထက်ဘုံက ကြယ်လေးလုံးနှင့်အထက် လူငယ်များ ရွေးချယ်မည်ဟု သိပြီးနောက် ကျီယွဲ့က ကျိုးယီရှန်းအား သူမ ကစားပွဲမှ ကန်ထုတ်လိုက်တော့သည်။
…………..…
သူ မြို့စားအိမ်တော်မှ ထွက်လာသည်နှင့် မိုဝူကျိက ထွက်သွားဖို့ရာ တွေးလိုက်သည်။ ဤနေရာသို့ သူ ရောက်လာသည်မှာ ကူညီရန် ဖြစ်၏။ ယခု သူက လုပ်ပြီးပြီ ဖြစ်ရာ ထွက်သွားသည်က ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။
မိုဝူကျိက ဘာမှ မပြောရသေးခင် ယန်ယွဲ့ရုန်၏ အဘိုးဖြစ်သူက လျှောက်လှမ်းလာကာ
“ ရှောင်ယု … အခုချက်ချင်း ရုန်အာကို ခေါ်ပြီးတော့ ယုချန်နဲ့အတူတူ စူးခရာ အင်မော်တယ်မြို့ဟောင်းကို သွားတော့ …. ”
“ ဘိုးဘိုး တစ်ခုခု ဖြစ်လို့လား ” ယန်ယွဲ့ရုန်က အလောတကြီး မေးလိုက်သည်။
“ အင်မော်တယ်ရောင်းရင်း ယန်ထန်း ဘာလို့များ ထွက်သွားဖို့ရာ အလောတကြီး ဖြစ်နေရာတာလဲ။ တစ်ခုခုဆိုရင် ကျုပ်တို့ ဆွေးနွေးကြည့်လို့ ရပါတယ် ” ရုတ်တရက်ဆိုသလို ယန်ယွဲ့ရုန်၏ အဘိုးက သူမအား ပြန်မပြောနိုင်ခင် အသံတစ်သံ ထွက်ပေါ်လာ၏။ အသံပိုင်ရှင်မှာ အနည်းငယ် ပုပြီး မျက်နှာနီနီနှင့် အမျိုးသား ဖြစ်၏။ သူ့ကျင့်ကြံဆင့်မှာ ယန်ယွဲ့ရုန် အဘိုးထက် ပိုမြင့်မားကာ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ဖြစ်၏။
ယန်ထန်း မျက်နှာမှာ သုန်မှုန်သွားကာ
“ အင်မော်တယ်ရောင်းရင်း ကျင်းကျဲ ကျုပ် ပြောဖူးပါတယ်။ ရှေးဦးမူလရေကျောက်ကို ကျုပ်မိသားစုရဲ့ ရုန်အာ ယူတာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်ကို ဆက်တက် ရှာနေမယ်ဆိုရင်တောင် ခင်ဗျားအတွက် တစ်ခုမှ ထုတ်ပေးနိုင်မှာ မဟုတ်ဘူး ”
မိုဝူကျိက နားလည်သွားတော့သည်။ အမြင်နှင့်တင် လူများစွာက ယန်ယွဲ့ရုန်တွင် ရှေးဦးမူလရေကျောက် ရှိသည်ဟု ယုံကြည်နေကြခြင်း ဖြစ်ပေသည်။ ထိုမျက်နှာနီနီ ကျင့်ကြံသူက အားရပါးရ ရယ်မောလိုက်ပြီး
“ ကျုပ်က ပြောရမဲ့ဟာကိုပဲ ပြောတယ်။ အင်မော်တယ်ရောင်းရင်း ချင့်ချိန် စဉ်းစားပြီးသွားရင် ကျုပ် အောင်းကျင်းကျဲကို လာရှာလို့ ရတယ်။ ခင်ဗျားကို အဆင့် ၉ ချိုတစ်ချောင်း ကျားရဲ့ ချိုပါ ထပ်ပေးမယ် ”
မိုဝူကျိက အံ့ဩမိသွားသည်။ ထိုလူက အတော်လေး ချမ်းသာပေသည်။ အဆင့် ၉ ချိုတစ်ချောင်း ကျား၏ တန်ဖိုးအရှိဆုံး အပိုင်းမှာ ဦးချိုသာ ဖြစ်၏။ ရှုစုရန်ပင် ဤသို့ ထိပ်တန်း ပန်းပဲပစ္စည်း ရှိမည် မဟုတ်လောက်ပေ။ သို့သော် အောင်းကျင်းကျဲတွင် ရှိနေပေ၏။ ထိုလူက ဘယ်နေရာက ရောက်လာတာလဲဆိုတာ မသိကြပေ။
“ ရုန်အာ သွားကြစို့ ” ယန်ထန်းက အောင်းကျင်းကျဲကို ဘာမှ မပြောတော့ဘဲ လှည့်ထွက်သွားလိုက်သည်။
အောင်းကျင်းကျဲက နှာခေါင်းရှုံ့လိုက်ကာ သူတို့နောက်သို့ ဆက်မလိုက်လာပေ။
“ ဘိုးဘိုး ဒီလူက ဘာလို့ အကျိုးအကြောင်း မသင့် လျှောက်ပြောနေရတာလဲ ” မြို့စားအိမ်တော်မှ ထွက်လာပြီးနောက် ယန်ယွဲ့ရုန်က စိတ်မပျော်စွာ ပြောလိုက်သည်။
ယန်ထန်းက သက်ပြင်းချကာ
“ အကျိုးအကြောင်း မသင့်ဘူးလား။ သူ့အမြင်မှာ သူက အလွန်လွန်ကို အကျိုးအကြောင်း သင့်နေမှာပဲ။ အဲဒီလူက ရွှေမြစ်နဂါးဂိုဏ်းက အဆင့်မြင့် ကျင့်ကြံသူလေ။ အဘိုးတို့တွေက လေလွင်ပြင်မြို့ထဲ ရောက်နေပြီးတော့ အဘိုးရဲ့ ကျင့်ကြံဆင့်က သူ့ထက် သိပ်နိမ့်ကျမနေလို့။ တကယ်လို့ အဘိုးတို့ ဒီနေရာမှာသာ မဟုတ်ရင် သူက အဲလောက် ပြောနေမှာ မဟုတ်ဘူး။ သေချာပေါက် အဘိုးတို့နဲ့ ရင်ဆိုင်လိမ့်မယ်။
ရုန်အာ …. အစကတော့ ယုချန်ကို မြေးနဲ့ ရှောင်ယုကို စူးခရာအင်မော်တယ်မြို့ဆီ ပို့ခိုင်းမလို့။ အခုတော့ အဘိုးကိုယ်တိုင် လိုက်လာမှ ရတော့မယ်။ အဲဒီလူက မြေးအပေါ် သတိထားနေတာဆိုတော့ စိတ်ချနေလို့ မဖြစ်ဘူး ”
“ အဲဆို စူးခရာအင်မော်တယ် မြို့ဟောင်းမှာ မြေးတို့ ဘာလုပ်ကြမှာလဲ ” ယန်ယွဲ့ရုန်က မေးလိုက်သည်။
“ အထက်ဘုံက ပါရမီရှင်တွေကို လက်ခံနေတာတဲ့။ သူတို့ရွေးချယ်တဲ့ အခြေအနေတွေက အဲလောက် ကန့်သတ်မထားဘူး။ ကြယ်လေးလုံးနဲ့အထက်ဆိုရင် ပါဝင်ရွေးချယ်ခံလို့ ရတယ်။ မြေးတို့ အထက်ဘုံဆီ လိုက်သွားနိုင်ဖို့ အဘိုး မျှော်လင့်တယ်။ အထက်ဘုံမှာ ကျင့်ကြံတာက ယုံရင်အင်မော်တယ်နယ်မြေမှာ ကျင့်ကြံတာထက် အဆတစ်ရာလောက် ပိုကောင်းတယ် ” ယန်ထန်း အသံမှာ တိုးနေပြီး တစ်ခုခုကို စဉ်းစားနေဟန် ပေါ်၏။
“ မြေးက ဘာလို့ အထက်ဘုံကို သွားရမှာလဲ။ ဒီနေရာမှာပဲ အဘိုးနဲ့အတူတူ ကျင့်ကြံလို့ အဆင်မပြေဘူးလားဟင် ” ယန်ယွဲ့ရုန်က နားမလည် ဖြစ်နေဆဲ ဖြစ်၏။
ဤတစ်ကြိမ်၌ ယန်ထန်းက ပြောလိုက်သူ မဟုတ်ပေ။ ထို့အစား ရှောင်ရှောင်ယုက ရှင်းပြလိုက်၏ “ မမလေး ကောင်းကင်စည်းမျည်းတွေရဲ့ ကျင့်ကြံခြင်း အထောက်အပံ့တွေအရ အထက်ဘုံက အင်မော်တယ်လောကထက် အများကြီး ပိုသာတာပေါ့။ အထက်ဘုံက ပြီးပြည့်စုံတဲ့ ကမ္ဘာလို့ ကြားတယ်။ ပြိုကွဲနေတဲ့ အင်မော်တယ်လောကနဲ့ ယှဉ်ရင် အဲဒီမှာ ကျင့်ကြံတာက ပိုပြီး အကျိုးထူးလိမ့်မယ် ”
ယန်ထန်းက ထပ်ပြောလိုက်သည်
“ တကယ်လို့ ထိပ်ဆုံးမှာ ရပ်တည်ချင်တယ်ဆိုရင် အထက်ဘုံကို သွားကို သွားရမယ်။ မဟုတ်ရင် မြေးရဲ့ အရည်အချင်းနဲ့ အဘိုးအဆင့်က အမြင့်ဆုံး ရောက်နိုင်မဲ့ အနေအထားပဲ …. ”
ယန်ထားက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်၏
“ စူးခရာ အင်မော်တယ်မြို့ဟောင်းထိ ခေါ်ပြီးသွားရင် ခရီးထွက်သွားလိုက်ဦးမယ်။ ရုန်အာ နဲ့ ရှောင်ယုကို မှာစရာ တစ်ခု ရှိသေးတယ်။ ဒီတစ်ခါ အထက်ဘုံက လူတွေက ကျိုးပျက်ကမ္ဘာရဲ့ လေးလွှာမြောက်ကို ဖွင့်ဖို့ ကြိုးစားကြလိမ့်မယ်။ အဘိုးစကားကို မှတ်ထား …. မြေးတို့ ကျိုးပျက်ကမ္ဘာထဲ လုံးဝ ဝင်လို့ မဖြစ်ဘူး။ နားလည်ရဲ့လား …. ”
ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်က ဖွင့်တော့မှာလား ……
မိုဝူကျိ၏ စိတ်နှလုံးသားက လှုပ်ရှားမိနေသည်။ ယခင် တတိယအလွှာ ဖွင့်ခဲ့စဉ် သူက ပစ္စည်းအတော်အတန် ရလိုက်ပေ၏။ သူ့အင်မော်တယ် ဘုရင်တာအိုအသီးများနှင့် သတ္တုဓာတ် သဘာဝ အမြုတေမှာ တတိယအလွှာမှ ရရှိလာခြင်း ဖြစ်၏။ ထိုမျှတင် မကသေးဘဲ သူ့အား အကြိမ်များစွာ ကယ်တင်ပေးခဲ့သည့် လော့ကျမ်းစာရွက်မှာလည်း တတိယအလွှာမှ ရရှိလာခြင်း ဖြစ်ပေသည်။
တကယ်တော့ မိုဝူကျိ ဂရုအစိုက်ဆုံးအရာမှာ တတိယအလွှာရှိ ကျိုးပျက်မြို့ဟောင်းကို ဖြစ်သည်။ ကျိုးပျက်မြို့ဟောင်းအတွင်း ကံကြမ္မာ ကြာနီလည်း ရှိသေး၏။ ကံကြမ္မာ ကြာနီမှာ သေချာပေါက် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်၏။
သူက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကို သေချာပေါက် သွားရမည်။ အင်မော်တယ်လောကရှိ ကျင့်ကြံခြင်း အရင်းအမြစ်များက ရှားပါးလာလေရာ အင်မော်တယ်လောကရှိ ထိပ်သီးရတနာအများစုမှာ ကျိုုးပျက်ကမ္ဘာထဲ၌ စုစည်းနေကြခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက နောင်တရဖို့ရာ အလွန်နောက်ကျသွားလိမ့်မည်။
အမြင်နှင့်တင် နှုတ်ဆက်ရမည့် ကိစ္စကား အရေးမကြီးတော့ပေ။ အချိန်ကျလာသည့်အခါ ဖူကျင့်ဖုန်းနှင့် လျန်ယင်ရှန်းတို့အား သူ့အား စောင့်ဆိုင်းနေရန် သတင်းလှမ်းပို့လိုက်ရုံ ဖြစ်၏။
သူက သိုလှောင်လက်စွပ်တစ်ကွင်း ချန်ထားပေးခဲ့သေးသည်။ ထိုလက်စွပ်အတွင်း၌ သူတို့နှစ်ယောက်အတွက် အဆာခံဆေးလုံးများ လုံလုံလောက်လောက် ပါဝင်ပေသည်။
“ ဘိုးဘိုး …. ကျိုးပျက်ကမ္ဘာထဲမှာ ရတနာတွေ အများကြီး ရှိတယ်ဆို … လွန်ခဲ့တဲ့ နှစ်တွေတုန်းက မိုဝူကျိက အင်မော်တယ်ဘုရင် တာအိုအသီးနဲ့ လော့ကျမ်းစာရွက် ခုနှစ်ရွက်ကို ကျိုးပျက်ကမ္ဘာက ရလာခဲ့တာတဲ့။ မြေးကို ဘာလို့ မသွားစေချင်တာလဲ …” ယန်ယွဲ့ရုန်က နားမလည်စွာ မေးလိုက်သည်။
ယန်ထန်းက သူ့အဖိုးတန်မြေးလေးမှာ သူ့အကာအကွယ်အောက်တွင် နေထိုင်လာသောကြောင့် ပြင်ပလောကရှိ ရက်စက်ယုတ်မာမှုများကို လုံးဝ သတိမပြုမိသေးမှန်း သိ၏
“ ရုန်အာ ….. အားလုံးက မိုဝူကျိလို မဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ နှစ် သူ အင်မော်တယ်လောကကို ရောက်လာလာချင်း ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် ဖြစ်လာခဲ့တယ်။ နောက်နှစ်အနည်းငယ်နေတော့ ဂုဏ်ထူးဆောင် ဆေးလုံးဧကရာဇ်တောင် ဖြစ်လာတယ်။ သူ့ရန်သူတွေကလည်း တကယ့်အကြီးကြီးတွေလေ။ လျှပ်စီးဂိုဏ်းတို့၊ မဟာဓားလမ်းစဉ်တို့ …..
မြေးကို မပြောနဲ့ဦး။ အဘိုးတောင် အဲလို စွမ်းရည် မရှိဘူး။ မြေးက မြေးကိုယ်မြေး သူနဲ့ နှိုင်းယှဉ်ချင်တာလား ”
“ဘိုးဘိုး အဲဆို တကယ်လို့ သူနဲ့ တွေ့ရင် ဘိုးဘိုးက နိုင်ပါ့မလား ” ယန်ယွဲ့ရုန်က သံသယဖြင့် မေးလိုက်သည်။
ယန်ထန်းက ခပ်လေးလေး ရယ်မောလိုက်ကာ
“ သူက မဟာဧကရာဇ်တွေ အဝိုင်းခံရတာတောင် လွတ်သွားသေးတယ်လေ။ အဘိုးလိုမျိုး အင်မော်တယ် အုပ်စိုးသူ တစ်ယောက်က သူ့ကို ဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ။ တခြားအမြင်နဲ့ ကြည့်မယ်ဆိုရင် တကယ်လို့ သူနဲ့ တွေ့ခဲ့ရင် သူ့ကို သတ်ဖို့အစား မိတ်ဆွေ ဖွဲ့ဖို့ ရွေးချယ်မိလိမ့်မယ် ”
“ဘာလို့လဲ ။ အဲဒီလူက ရက်စက်ပြီးတော့ ယုတ်မာတယ်ဆို …. သူက တရားသူတော်စင်ဂိုဏ်းက လူတွေကို သတ်ပြီးတော့ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို လုယူသွားခဲ့တယ်တဲ့။ ပြီးတော့ သူ့ကျေးဇူးရှင်ကိုတောင် သတ်ပစ်လိုက်သေးတယ်လေ။ နဂါးမျိုးနွယ်တစ်ခုလုံးလည်း သူ့လက်ချက်နဲ့ အဆုံးသတ်သွားရတယ်လေ ” ယန်ယွဲ့ရုန်က မျက်မှောင်ကျုတ်ကာ ပြောလိုက်၏။
ယန်ထန်းက ခေါင်းခါကာ
“ နောင်ကျ နားလည်လာပါလိမ့်မယ်။ တကယ်လို့ နောင်ကျ မိုဝူကျိနဲ့ တွေ့ရင် သူ့နဲ့ မိတ်ဆွေ ဖွဲ့ဖို့ပဲ ကြိုးစား …. ဘာမှ မဟုတ်တာ မကြံမိစေနဲ့။ ကောလဟာလတွေက ပျံ့နေတယ်ဆိုပေမဲ့ နားထောင်တာက ကိစ္စမရှိဘူး။ သူတို့ကို အမှန်လို့ လက်ခံနေစရာ မလိုဘူး …. ”
ယန်ထန်းလို မြေခွေးအိုကြီးက နှစ်များစွာ နေလာခဲ့လေရာ ဤနောက်ကွယ်မှ ကိစ္စကို မည်သို့ မသိဘဲ နေမည်နည်း။ ထိုကောလဟာလများမှာ မိုဝူကျိအား ပြေးစရာ နေရာမရှိအောင် လုပ်လိုက်ခြင်း ဖြစ်၏။ အဆုံးသတ်၌ ထိုဂိုဏ်းကြီးများမှာ မိုဝူကျိ၏ ရတနာများကိုသာ မျက်စိကျနေကြခြင်း ဖြစ်ပေသည်။
“ ရက်စက်တယ်ဆိုတဲ့ ကိစ္စကို ပြောမယ်ဆိုရင် မဟာဓားလမ်းစဉ်ဂိုဏ်းက ပိုတာပေါ့။ သူတို့က မိုဝူကျိကို မဖမ်းနိုင်တော့ ကျင်းရှန်းအဆင့် မိန်းကလေးကို ဖမ်းပြီးတော့ နှိပ်စက်နေကြတာလေ။ သူတို့ကမှ တကယ်ကို အမှိုက်တွေပဲ …. ” ဘေးရှိ ရှောင်ရှောင်ယုက ဝင်ထောက်ပေးလိုက်သည်။
မိုဝူကျိက ထိုစကားများကို ကြားသောအခါ သူ့ဦးနှောက်တစ်ခုလုံး ပူထူသွားတော့ပြီး စိတ်ထဲမှ ဒေါသလှိုင်းများလည်း တဖွားဖွား ပေါ်ပေါက်လာသည်။