အီဗန် ဘလက်
Vol. 6 Ch. Chapter 31
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 31 - အီဗန် ဘလက်
နယူးယောက်မြို့ရဲ့လမ်းဘလက်ဖောင်းပေါ်မှာ ရွှေရောင်ဆံပင်နဲ့အဝါရောင်မျက်လုံးတွေရှိတဲ့ ကောင်လေးတစ်ယောက် စကိတ်စီးနေတယ်။ အနက်ရောင် ဂျာကင်အင်္ကျီကိုဝတ်ထားပြီး ကျောပိုးအိတ်တစ်လုံးကိုလည်း လွယ်ထားသေးတယ်။
ကောင်လေးလို့ပြောပေမဲ့ လူပျိုဖော်ဝင်ခါစ ဆယ့်သုံးနှစ်လောက်ရှိပြီဖြစ်ပြီး ရွယ်တူတွေနဲ့ယှဥ်ရင် နည်းနည်းပုနေရုံပဲရှိတာပါ။ သူ့အသားအရေက ဖြူဖပ်နေပြီး နေထိမခံနိုင်ဟန်နဲ့ ဂျာကင်ခေါင်းစွပ်ကို လုံအောင်စောင်းထားတယ်။ လက်အိတ်လည်းစွတ်ထားပြီး နေခင်းကြောင်တောင်မှာတောင် မပူနိုင်မအိုက်နိုင် အဝတ်အစားတွေကို ထူထူထဲထဲဝတ်ထားတဲ့သူပါ။
ကောင်လေးက လူတွေကိုရှောင်ရှားရင်း စကိတ်စီးနေတယ်။ လူတွေသူ့ကြောင့် ဒေါသထွက်ကုန်တာကိုတောင် စိတ်ထဲမရှိသလိုပဲ။ လမ်းဆုံတစ်နေရာရောက်တော့ သူစက်ဘီးကိုရပ်လိုက်တယ်။ ရဲကားငါးစီးက ဘဏ်တစ်ခုရှေ့မှာရပ်နေပြီး ပလာဒင်ချပ်ဝတ်ဝတ်ထားတဲ့ ရဲတချို့မြေပြင်မှာမှောက်နေတယ်။ မြူတန့်ဖြစ်ပုံရတဲ့ အရပ်ခုနစ်ပေလောက်မြင့်တဲ့သူကြီးက သူတို့ကို အမှောက်သိပ်လိုက်တာ။
"ဘဏ်ဓားပြမှုဖြစ်ပြန်ပြီလား။" ကောင်လေးက စိတ်မရှည်ဟန်နဲ့ ရေရွတ်လိုက်တယ်။ သူ့အသံက တကယ့်ကို တိုးတိုးလေးရယ်။
နယူးယောက်ဟီးရိုးအစည်းအရုံးက လုံးဝအလုပ်မလုပ်တော့တာကြာပြီ။ မှုခင်းဖြစ်ပွားနှုန်းမြင့်တက်လာပြီး နယူးယောက်ရဲတွေအကောင်းဆုံးကြိုးစားနေပေမဲ့ B rank မြူတန့်တစ်ယောက်လောက်ပါလာတာနဲ့ သူတို့မထိန်းနိုင်ကြတော့ဘူး။
"ငါတို့နောက်ကို လိုက်ရဲလိုက်လာကြည့်၊ အားလုံးကို သတ်ပစ်မယ်။" အရပ်ရှည်ရှည် ကလန့်ကလားလူကြီးက မြေပေါ်မှာလဲကျနေတဲ့ ရဲတစ်ယောက်ကို ဆွဲမြှောက်လိုက်ပြီး ရဲကားတစ်စီးဆီပေါ်ကို ပစ်တင်လိုက်တယ်။ ရဲက နည်းပညာချပ်ဝတ်ဝတ်ထားတာမလို့ ကားဟာ အရှိန်ကြောင့်ပြားကပ်သွားတယ်။
ဓားပြအဖွဲ့ကတော့ ငွေထုတ်တွေကို ဗင်ကားပေါ်တင်ပြီး ပြေးဖို့ကြံနေကြပြီ။ ကြည့်ရတာ ဘဏ်ဓားပြတွေက ရဲတွေရှေ့မှာတင် ထွက်ပြေးသွားတော့မယ်နဲ့တူတယ်။
ကောင်လေး ခေါင်းခါလိုက်တယ်။ အဲဒီနောက် သူ့အင်္ကျီလက်ကိုပင့်တင်တယ်။ နေရောင်ချည် သူ့လက်ပေါ်ကျတာနဲ့ သူ့လက်က နေလောင်ဒဏ်ကြောင့် နီရဲလာတယ်။ လက်ကောက်ဝတ်ပေါ်မှာ လက်ပတ်ဝါလေးရှိနေပြီး မြူတန့်တစ်ယောက်ရဲ့အမှတ်အသားပါ။
"အမေဆူရင်လည်း ဆူပါစေတော့။" ကောင်လေးက လက်ပတ်ကို အားနဲ့ဆွဲဖြုတ်ပစ်လိုက်တယ်။ အဝါရောင်လက်ပတ်က တတီတီထမြည်ပေမဲ့ ကောင်လေးက အနားမှာရှိနေတဲ့ အမှိုက်ပုံးထဲ ချက်ချင်းလှမ်းပစ်လိုက်ပြီး စကိတ်ပေါ်ပြန်တက်ကာ ခလုတ်တစ်ခုဖွင့်လိုက်တယ်။
[စနစ်အသင့်ဖြစ်ပါပြီ၊ စူပါမော်တာကို အသက်သွင်းပြီး။]
မထင်ရပေမဲ့ ကောင်လေးစီးနေတဲ့ စကိတ်ဘုတ်ပြားက ဟီးရိုးအကူပစ္စည်းတစ်ခုပါ။ ကောင်လေးက ဗင်ကား အရှိန်နဲ့မောင်းထွက်သွားတာကိုကြည့်လိုက်ပြီး တစ်ချက်ရယ်လိုက်တယ်။ အဲဒီနောက် ကျောပိုးအိတ်ထဲကနေ စျေးပေါပေါ တစ္ဆေမျက်နှာဖုံးအဖြူကိုထုတ်ပြီး သူ့မျက်နှာမှာတပ်လိုက်တယ်။
"SilverKnightမရှိတာနဲ့ ငါ့မြို့မှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရမယ်ထင်နေတာလား။"
ကောင်လေးက ထွက်သွားနေပြီဖြစ်တဲ့ ဗန်ကားနောက်ကို စကိတ်ဘုတ်နဲ့လိုက်တယ်။ ကားက လမ်းပြောင်းပြန်မောင်းနေတာဖြစ်လို့ ကားလမ်းတစ်ခုလုံးကသောင်းကနင်းဖြစ်ကျန်ခဲ့ပေမဲ့ ကောင်လေးက အေးအေးဆေးဆေးဘဲ ကားတွေကို ရှောင်ကွင်းပြီးသွားနေတယ်။ မကြာခင်မှာပဲ သူကားကိုလိုက်မီလာပြီး ဓားပြတွေလည်း သတိထားမိသွားတယ်။
"ဆရာကြီး၊ နောက်မှာ စကိတ်ဘုတ်နဲ့လူတစ်ယောက်လိုက်လာတယ်။"
ဓားပြက သတိပေးလိုက်တော့ အရှည်ကြီးလည်း ကားနောက်ကြည့်မှန်ကနေတစ်ဆင့် ကြည့်လိုက်တယ်။ တဖြည်းဖြည်းနီးလာနေတဲ့ ကောင်လေးကို သူမြင်ရပြီ။ သူက ချက်ချင်းအော်လိုက်တယ်။
"အဲဒါ ဟီးရိုးဖြစ်ရင်ဖြစ်နေမှာ၊ သေနတ်နဲ့ပစ်ကြ။"
အားနေတဲ့ ဓားပြတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ဗင်ကားအမိုးပြတင်းပေါက်ကို ဆွဲဖွင့်လိုက်တယ်။အဲဒီနောက် သူ့မှာပါလာတဲ့ အူဇီသေနတ်နဲ့ ကောင်လေးကို လှမ်းပစ်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ မျက်နှာဖုံးအောက်က ကောင်လေးရဲ့အကြည့်တွေက တည်ငြိမ်နေပါတယ်။
သူ့မျက်လုံးထဲမှာ ဘေးက သွားနေတဲ့ကားတွေနဲ့ ဓားပြရဲ့လှုပ်ရှားမှုတွေက ရုတ်တရက် နှေးကျသွားတယ်။ အဲဒီနောက် ဓားပြသေနတ်နဲ့ပစ်မယ့်နေရာကို ကြိုတင်ခန့်မှန်းပြီး စကိတ်ဘုတ်ကို ဆွဲလှည့်ကာ ရှောင်ထွက်သွားတယ်။
ထန်း... ထန်း... ထန်း...
"ဘာ..." ဓားပြလည်း ဖြစ်နေတဲ့မြင်ကွင်းကို မယုံနိုင်ဘူး။ စကိတ်ဘုတ်က မဖြစ်နိုင်တဲ့ ထောင့်ချိုးမျိုးနဲ့ ချိုးကွေ့သွားတာလေ။ သူ့မျက်စိရှေ့မှာပဲ ကောင်လေးက စကိတ်စီးနေရင်း လွယ်အိတ်ထဲကနေ အိတ်ကလေးတစ်အိတ်ထုတ်လိုက်တယ်။ သွေးအိတ်ပါ။
"ကြည့်ရတာ၊ ဒီကောင်တွေကို ဟီးရိုးအကူပစ္စည်းတွေသက်သက်နဲ့ ဖမ်းဖို့ခက်မယ့်ပုံပဲ။ ငါ့အစွမ်းနည်းနည်းသုံးမှဖြစ်မယ်။"
ကောင်လေးက ပြောပြောဆိုဆိုနဲ့ ကျည်ဆန်တွေကို ရှောင်ရှားနေရင်း သွေးအိတ်ကိုဖောက်ကာ မျက်နှာဖုံးကိုလှန်ပြီး မော့ချလိုက်တယ်။ အဲဒီနောက်တော့ သူ့မျက်လုံးတွေ အနီရောင်ပြောင်းသွားပြီး လက်အိတ်ကိုဖောက်ကာ လက်သည်းတွေချွန်ထွက်လာပါတယ်။
"အသင့်ဖြစ်ပြီ။" ကောင်လေးက အရှိန်နဲ့သွားနေရာကနေ လမ်းမကို ဆောင့်ကန်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ အီနားရှားကြောင့် သူသေသွားမှာပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် ဘာမှဖြစ်မသွားဘူး။ အဲဒီအစား သူခြေချလိုက်တဲ့လမ်းပေါ်က ကတ္တရာတွေလန်ထွက်ကုန်ပြီး သူ့ခန္ဓာကိုယ်ကလည်း ရှေ့ကိုပေနှစ်ရာလောက် မြောက်တက်သွားတယ်။
ဘုန်း....။
ကောင်လေးရဲ့ခန္ဓာကိုယ်က ဗင်ကားနောက်ပေါ်ကို ရောက်သွားပြီး ကားအမိုးချိုင့်ဝင်သွားတယ်။ ရုတ်တရက်တိုးလာတဲ့အားကြောင့် ကားလည်းဟန်ချက်ပျက်သွားပြီး လူးလွန့်နေပါတယ်။ ဓားပြလည်း ခနနေတော့ အသိဝင်လာပြီး ကောင်လေးကို သေနတ်နဲ့ပစ်ဖို့လုပ်တယ်။ အဲဒီအချိန်မှာပဲ ကောင်လေးရဲ့စကိတ်ဘုတ်က လေပေါ်ကနေ ပြန်ပြုတ်ကျလာတယ်။
"သေစမ်း..." လေထဲမှာပဲ စကိတ်ဘုတ်ကို ဆွဲဖမ်းလိုက်ပြီး ဓားပြရဲ့ခေါင်းကို ရိုက်ချလိုက်တယ်။ ဓားပြလက်ထဲက သေနတ်လွတ်ကျသွားပြီး ဓားပြလည်း သတိမေ့သွားတယ်။ ကားထဲမှာကျန်နေသေးတဲ့ ဒရိုက်ဘာမဟုတ်တဲ့ ဓားပြနှစ်ယောက်လည်း လန့်ဖြန့်ကုန်ပြီး သူတို့သေနတ်တွေနဲ့ အမိုးပေါ်ကိုထောင်ပစ်တယ်။
ဒိုင်း... ဒိုင်း.... ဒိုင်း....
နောက်တစ်ကြိမ် ကောင်လေးရဲ့မျက်လုံးတွေ လှုပ်ရှားသွားပြန်တယ်။ သူက သေနတ်ကျည်ဖောက်ထွက်လာမယ့် နေရာတွေကို ကြိုခန့်မှန်းနိုင်ပြီး ရှောင်ထွက်တယ်။ အဲဲဒီနောက် ကားခေါင်မိုးကို လက်သီးနဲ့ထိုးချလိုက်တယ်။
ဘုန်း....။
ကားခေါင်မိုးက လက်သီးကြီးကျွံထွက်လာပြီး ဓားပြတစ်ယောက်ရဲ့ခေါင်းကို ထိုးချပြီးသားဖြစ်သွားပါတယ်။ ဓားပြနှာခေါင်းရိုးကျိုးသွားပြီး ဘေးကသူ့အပေါ်ပေါင်ပေါ်ကို ပစ်ကျသွားတယ်။ တခြားဓားပြလည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီ။ မကြာခင်မှာပဲ ကောင်လေးက ကားအမိုးကို လက်နှစ်ဖက်နဲ့ဆွဲဖြဲလိုက်ပြီး ကားထဲကို ခုန်ဝင်လာကာ ဓားပြနှစ်ယောက်ကို ဆောင့်ကန်ပစ်လိုက်တယ်။
ဘုန်း....
နောက်ခန်းကားတံခါးပြုတ်ထွက်သွားပြီး ဓားပြနှစ်ယောက် လမ်းပေါ်ကို ပြုတ်ကျလာတယ်။ ပိုက်ဆံထုတ်တွေလည်း လမ်းပေါ်မှာပြန့်ကျဲလို့ပါ။ ဗင်ကားလည်းထိုးရပ်သွားပြီ။ လမ်းကြောင်းပြောင်းပြန်ဖြစ်နေတာမလို့ အတည့်အတိုင်းသွားနေတဲ့ကားတွေလည်း စလစ်ဖြစ်ကုန်ပြီး အရေးပေါ်ထိုးရပ်ကြရတယ်။
လမ်းပေါ်မှာ ကားဘရိတ်သံတွေနဲ့ ဆူညံ့ကုန်ပြီ။
"သောက်သုံးမကျတဲ့ကောင်တွေ။" ဓားပြအရှည်ကြီးက ဒရိုက်ဘာခုံကနေ ထလာပြီး ကောင်လေးကိုဖမ်းဖို့လုပ်တယ်။ ကောင်လေးလည်း ကားထဲက ခုန်ထွက်တယ်။ ဗင်ကားက ရစရာမရှိတော့ဘူး။
ဒါပေမဲ့ ကားထဲကနေ ခုန်ထွက်ပြီးပြီးချင်း ကောင်လေး မကောင်းတာတစ်ခုကို ခံစားမိလိုက်တယ်။ သူ့ခန္ဓာကိုယ်က အားတွေအလျင်အမြန်ပျောက်ဆုံးလာနေတာပါ။
"သေစမ်း၊ ငါ့မှာသွေးအိတ်အပိုပါမလာဘူး။" ကောင်လေးရဲ့စွမ်းအားက တစ်ခဏတာဖြစ်ပြီး အချိန်အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ အရှည်ကြီးကတော့ အဲဒီလိုမဟုတ်ဘူးလေ။
"မလောက်လေးမလောက်စားလေးကများ ငါ့ကိုရှုပ်ရဲတယ်။" အရှည်ကြီးက ကောင်လေးကို လက်သီးနဲ့ထိုးချလိုက်တယ်။ ကောင်လေးလည်း ကြောက်ပြီး စကိတ်ဘုတ်ပြားကိုမြှောက်ကာ ခုခံလိုက်တယ်။
ဂျွတ်... ဒါပေမဲ့ မကြာခင်မှာပဲ ကျိုးပဲ့သံတစ်သံနဲ့အတူ သတ္တုအပိုင်းအစတွေ မြေပေါ်ကိုပြုတ်ကျတဲ့ တစ်ဒေါင်ဒေါင်အသံ ထွက်ပေါ်လာပါတယ်။ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ စကိတ်ဘုတ်ပြားက တစ်စစီဖြစ်နေပြီဖြစ်ပြီး အရှည်ကြီးက သူ့လက်သီးကို နာကျင်စွာနဲ့ ပြန်ရုပ်လိုက်တယ်။
"ငါ့ရဲ့ဒေါ်လာနှစ်ထောင်တန် စကိတ်ဘုတ်ပြားလေး။"
ကောင်လေးဆီက ငိုမဲ့မဲ့စကားသံထွက်လာတယ်။ သူ့စကိတ်ဘုတ်ပြားက ဟီးရိုးအကူပစ္စည်းပေမဲ့ အသစ်မဟုတ်ဘဲ အဟောင်းဆိုင်က ဝယ်လာတာ။ ဒါပေမဲ့ အဟောင်းစျေးကတောင် ဆယ်ကျော်သက်ကလေးတစ်ယောက် ထိုင်ငိုရလောက်အောင် စျေးကြီးနေပါပြီ။
"အသုံးမကျတဲ့ စကိတ်ဘုတ်ပြား၊ မင်းဘုတ်ပြားက မင်းကို တစ်ခါပဲကာကွယ်ပေးနိုင်မှာကွ။"
အရှည်ကြီးက နောက်တစ်ခါပြေးဝင်လာပြန်ပြီ။ ဒီတစ်ခါတော့ သူ့မှာ ခုခံနိုင်မယ့်စွမ်းအားမျိုး ရှိမနေတော့ဘူး။ ဒါပေမဲ့ သူသေတော့မယ်လို့ တွေးမိတဲ့အချိန်မှာပဲ ဟူဒီအစိမ်းရောင်ဝတ်ထားတဲ့ ဆံပင်ခပ်တိုတို တွန်ဘိုင်းကောင်မလေးတစ်ယောက်က လေပေါ်ကနေ ကျလာပြီး အရှည်ကြီးကို ကန်ထုတ်ပစ်လိုက်တယ်။
"ဟေး၊ နင်ဗန်ကားနောက်လိုက်နေတာ ငါမြင်လို့လိုက်လာတာ။ အကူအညီလိုသေးလား။"
ဟီးရိုးဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ဟာ ဘယ်ကမှန်းမသိတဲ့ မြူတန့်ကောင်မလေးလာပြီး ကူပေးတာခံရလို့ ရှက်သွားလေရဲ့။
"ငါနင့်အကူအညီမလိုဘူး။" အီဗန်က ရှက်ရှက်နဲ့ပြောလိုက်ပြီး ကောင်မလေးကို အကဲခတ်တယ်။ ဆံပင်စိမ်းနဲ့ကောင်မလေးက သူ့ထက်နည်းနည်းကြီးတယ်။ ကိုယ်လုံးကိုယ်ပေါက်က ဖားမလေးတစ်ကောင်နဲ့တူပြီး ပိန်ပိန်သွယ်သွယ်တင်ပါးလုံးလုံးနဲ့။ ပြီးတော့ သူ့အစွမ်းကလည်း တကယ့်ဖားတစ်ကောင်နဲ့ဆင်တယ်။
အဲဒီဖားမလေးက သူပြောတဲ့စကားကြောင့် စိတ်ဆိုးသွားပုံလည်းမပေါ်ဘူး။ သူ့ကို ငါသိပါတယ်ဆိုတဲ့အပြုံးနဲ့ပြုံးပြပြီး အရှည်ကြီးကိုဆက်ချတယ်။ အီဗန်လည်း တခြားဓားပြတွေ ပြန်ထဖို့ကြိုးစားနေတာမြင်တာနဲ့ ဝင်ကူတယ်။
"မုန်းဖို့ကောင်းတဲ့ ကောင်လေးတွေ၊ မင်းတို့အားလုံးကို သတ်ပစ်မယ်။"
ဆက်တိုက်ခံနေရတဲ့ အရှည်ကြီးက စိတ်မရှည်တော့ဘဲ ဆေးပြွန်နှစ်ခုကို သူ့အင်္ကျီအိတ်ထဲကနေ ဆွဲထုတ်တယ်။ ဆံပင်စိမ်းနဲ့ကောင်မလေးက အဲဒါကိုမြင်တာနဲ့ မျက်နှာပျက်သွားတယ်။
"အခြေအနေမကောင်းဘူး၊ သူ့မှာ စွမ်းအားတိုးဆေးပါလာတယ်။ နင်နောက်ဆုတ်နေလိုက်၊ ငါ့ဘာသာကြည့်လုပ်မယ်။"
သူတို့ရှေ့မှာတင်ပဲ ဆေးသုံးပြီးတဲ့ အရှည်ကြီးရဲ့ကြွက်သားတွေ ကြီးထွားလာပြီး ဆံပင်စိမ်းမလေးကို အားနဲ့တိုက်တယ်။ ဖားမလေးရဲ့အားက အရှည်ကြီးလောက် မရှိတဲ့အတွက် တစ်ဆုတ်တည်းပြန်ဆုတ်နေရတယ်။
"ဒီတစ်ယောက်က ငါအသွင်မပြောင်းဘဲ နိုင်မယ့်ပုံမပေါ်ဘူး။" ဖားမလေးက ကျိန်ဆဲလိုက်တယ်။ ဒါပေမဲ့ ဖားမလေးဘာမှဆက်မလုပ်ရသေးခင်မှာပဲ ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်ပေါ်ကနေ ကျဆင်းလာတယ်။
ငွေရောင်ဓားတစ်လက်ဖြစ်ပြီး အရှည်ကြီးခေါင်းကို ဓားရိုးက အားနဲ့ဝင်ဆောင့်တဲ့အတွက် တစ်ခါတည်းမေ့လဲသွားတယ်။ နောက်တော့ ငွေရောင်စစ်သည်တော် မြေပေါ်ကိုဆင်းလာပြီး ဓားက သူ့လက်ထဲပြန်ရောက်လာတယ်။
"ဝိုး၊ တ... တကယ်ကြီး ငွေရောင်စစ်သည်တော်ရောက်လာတာဟ။ နယူးယောက်ရဲ့ဒဏ္ဍာရီလာ S rankကြီး...."
အီဗန်ရဲ့အံ့ဩမှုက အတုအယောင်လို့ပြောလို့မရဘူး။ နယူးယောက်မှာ ငွေရောင်စစ်သည်ပျောက်နေတာ ကြာပါပြီ။ ကင်းမလှည့်တော့တာ လနဲ့ချီနေပြီ။ ဒါပေမဲ့ ဝါရှင်တန်မှာပေါ်လာပြီး နယူးယောက်မှာပြန်တွေ့ရပြီဆိုတော့ တကယ့်ကိုထိတ်လန့်စရာပဲလေ။
လမ်းသွားလမ်းလာတွေနဲ့ တိုက်ပွဲကိုထိတ်လန့်တကြားကြည့်နေတဲ့သူတွေလည်း ငွေရောင်စစ်သည်ကိုမြင်တာနဲ့ ဝမ်းသာအားရထအော်ဟစ်ကြတယ်။
"သူပြန်လာပြီ၊ သူပြန်လာပြီ။" ဆိုတဲ့အသံတွေက နေရာတိုင်းမှာ ပဲ့တင်သံထွက်နေတယ်။ ငွေရောင်စစ်သည်ရောက်မလာခင် ဓားပြတွေကို တိုက်ပေးခဲ့တဲ့ မြူတန့်မျိုးဆက်သစ်လေးနှစ်ယောက်ကိုတောင် သူတို့သတိမထားမိကြတော့ဘူး။ တချို့တွေက ဖုန်းတွေထုတ်ပြီး ငွေရောင်စစ်သည်ကို ဓာတ်ပုံရိုက်ဖို့လုပ်ကြတယ်။ ဖားမလေးက အဲဒီမြင်ကွင်းကိုတွေ့တာနဲ့ ပျာယာခတ်သွားပြီး သူ့ကိုနှုတ်ဆက်တယ်။
"ဒီနေရာက လူများလွန်းတယ်၊ ငါဆက်နေလို့မဖြစ်ဘူး။ သွားတော့မယ်၊ ဘိုင်..."
ဖားမလေးထွက်မသွားခင် အီဗန်အလိုလိုနေရင်း လက်ပြလိုက်မိတယ်။ ခနနေတော့ သတိပြန်ဝင်လာပြီး "နင့်နာမည်ဘယ်လိုခေါ်လဲ။" မေးလိုက်ပေမဲ့ အနားမှာ သူမရှိတော့ဘူး။
အီဗန်အာရုံပြန့်နေတုန်း ငွေရောင်စစ်သည်တော်က သူ့ရှေ့မှာ လာရပ်တယ်။ အီဗန်လည်း လန့်သွားပြီး ပြန်မော့ကြည့်တယ်။ သူအကြိုက်ဆုံးဟီးရိုးက သူ့ရှေ့မှာ လာရပ်နေတာလေ။ ငွေရောင်စစ်သည်က ဘာမှပြောမနေဘဲ ကြော်ငြာစာရွက်လေးတစ်ရွက်ကို သူ့လက်ထဲ ထည့်ပေးသွားပြီး အတောင်ပံကိုဖြန့်ကာ ပျံထွက်သွားလိုက်တယ်။
အီဗန်ကတော့ စာရွက်ကိုကိုင်ထားရင်း ကြောင်တိကြောင်တောင်နဲ့ ရပ်ကြည့်နေမိတယ်။ ခနနေတော့
မြူတန့်ဌာနစိတ်အေးဂျင့်တွေရောက်လာပြီး ဓားပြတွေကိုရော အီဗန်ကိုပါ ဖမ်းသွားတယ်။
....
မြူတန့်ဌာနစိတ်အေးဂျင့်တွေက အီဗန်ကို မြူတန့်စွမ်းအားပိတ်တဲ့ လက်ထိပ်နဲ့ခတ်ပြီး ရဲစခန်းထဲခေါ်လာတယ်။ အီဗန်က သာမန်ကျောင်းသားဖြစ်နေလို့ ရဲစစ်ချက်ယူပြီးမှ သူ့ကိုဘယ်ပို့ရမလဲ ဆုံးဖြတ်နိုင်မှာ။
အေးဂျင့်တွေက အတော်လေးလှတဲ့ ရဲအရာရှိအစ်မကြီး ရုံးထိုင်နေတဲ့ ရုံးခန်းထဲ သူ့ကိုခေါ်လာတယ်။ ရဲမေအစ်မကြီးက သူတို့ကို မော့ကြည့်လိုက်ပြီး အခုလိုချက်ချင်းပြောတယ်။ "ရှင်တို့ ဘယ်လိုဖြစ်လို့ ကလေးတစ်ယောက်ကို မြူတန့်လက်ထိပ်နဲ့ခတ်ထားရတာလဲ။"
အေးဂျင့်တွေက သိပ်ကြည်ပုံမရပေမဲ့ ရဲအရာရှိမိန်းကလေးက သူတို့ထက်ရာထူးပိုမြင့်တော့ ပြန်ဖြေကြပါတယ်။ ဒါပေမဲ့ လေသံက ခပ်မာမာရယ်ပါ။
"ကလေးဆိုပေမဲ့ သူက အဆင့်B- မြူတန့်၊ အန္တရာယ်ပေးနိုင်တယ်။"
ရဲအရာရှိမိန်းကလေးလည်း သက်ပြင်းချလိုက်ပြီး အေးဂျင့်တွေကို ဆက်နားချတယ်။ "ဟော၊ ခက်ပါပြီ။ ရှင်တို့ရှေ့က ကလေးက ဗီလိန်မလို့လား။ ပြောစမ်းပါဦး၊ ရှင်တို့သူ့ကို ဘာအမှုနဲ့ဖမ်းလာတာလဲ။"
"မြူတန့်လက်ပတ်ကို တရားမဝင်ချွတ်ပြီး မြူတန့်စွမ်းအားခိုးသုံးတဲ့အမှု။"
"ဟုတ်ပါပြီ၊ သူ့စွမ်းအားနဲ့ မကောင်းတာတစ်ခုခုလုပ်ခဲ့သေးလား။"
ရဲအရာရှိက ခပ်အေးအေးလေသံနဲ့ပြောလိုက်တော့ အေးဂျင့်တွေလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး "ကျုပ်တို့သေချာမသိရပေမဲ့ အနားကလူတွေပေးတဲ့ စစ်ချက်အရတော့ ဘဏ်ဓားပြတွေကို ကူဖမ်းပေးခဲ့ပုံပါပဲ။"
"ဪ၊ ဒါလေးများ။ သူမကောင်းတာလုပ်ထားတာမှမဟုတ်တာဘဲ သူ့ကိုလက်ထိပ်ချွတ်ပေးလိုက်။ ကျွန်မသူ့ကို အနည်းအပါးမေးစမ်းကြည့်ပါဦးမယ်။"
"ဒါပေမဲ့..." အေးဂျင့်တစ်ယောက်က သိပ်သဘောတူချင်ပုံမရပေမဲ့ တခြားအေးဂျင့်တစ်ယောက်က သူ့ဖိနပ်ကို တက်နင်းလိုက်တယ်။ ဒီတော့မှ အဲဒီအေးဂျင့်လည်း သက်ပြင်းချလိုက်ပြီး ရဲအရာရှိကို စကားအတိုင်း အီဗန်ကို လက်ထိပ်ချွတ်ပေးတယ်။
အဲဒီနောက် အရာရှိကိုဦးညွှတ်လိုက်ပြီး "အရာရှိလင်ဒါ၊ ကျွန်တော်တို့သွားလိုက်ပါဦးမယ်။" ရုံးခန်းထဲကနေ ထွက်သွားကြတယ်။
အီဗန်လည်း ရဲအရာရှိမမကို အခုမှသေချာ ငန်း၊ အဲလေ သေချာအကဲခတ်နိုင်တော့တယ်။ နှာတံပေါ်ပေါ်နဲ့ မီးခိုးရောင်မျက်လုံးတွေရှိပြီး အညိုရောင်သန်းနေတဲ့ ဆံပင်တွေရှိတဲ့ သိပ်လှတဲ့အမျိုးသမီးပါ။ ပြီးတော့ အရာရှိကိုယ်တိုင်လည်း မြူတန့်တစ်ယောက်ဖြစ်ပုံပဲ။ သူ့လက်မှာ ရင်းနှီးနေတဲ့ လက်ပတ်ဝါတစ်ခုရှိနေပါတယ်။
"ကျွန်တော် အေးဂျင့်တွေကို သဘောမကျဘူး။" စကားအစရှာမရတဲ့နောက်တော့ အီဗန်အခုလိုမျိုး စကားစလိုက်တယ်။ အရာရှိလင်ဒါကလည်း ခေါင်းပြန်ညိတ်ပြပြီး အီဗန်ရဲ့စကားကို ထောက်ခံပါတယ်။
"ငါလည်း သူတို့ကို သဘောမကျပါဘူး။ စာအုပ်ကြီးဆန်လွန်းတယ်။ မဖြစ်လို့သာ ဆက်ဆံနေရတာ။"
အဲဒီနောက် အရာရှိလင်ဒါက အီဗန်ဆီကနေ စစ်ချက်စယူပါတယ်။ မေးခွန်းအနည်းငယ်မေးပြီးတဲ့နောက် အီဗန်ကို လင်ဒါက အတည်ပြုဖို့တချို့အချက်တွေ ပြန်မေးကြည့်တယ်။ "နာမည်က အီဗန် ဘလက်နော်။ အလယ်တန်းကျောင်းကနေထွက်ပြီး တစ်နှစ်နားထားတာပေါ့။"
"ဟုတ်ပါတယ်။"
"ဒါနဲ့၊ ဘယ်လိုဖြစ်လာတာလဲ ပြောပါဦး။"
အီဗန်လည်း ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်စဥ်းစားကြည့်ပြီး အရာရှိလင်ဒါကို ပြန်ရှင်းပြတယ်။ ဟူဒီစိမ်းလေးနဲ့ ဖားမလေးရယ်၊ ငွေရောင်ဓားကြီးနဲ့ဆင်းလာတဲ့ ငွေရောင်စစ်သည်တော်ရယ်ကို သူ့စိတ်ထဲမှတ်မိနေတုန်းပဲ။
"ကျွန်တော်လည်း ဓားပြတွေကို တားမှဖြစ်မယ်ဆိုပြီး တွေးမိတာနဲ့ လက်ပတ်ကိုဖြုတ်ပြီး နောက်ကနေလိုက်မိတာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမိပြီး သေတော့မလို့၊ ငွေရောင်စစ်သည်တော်ကြီးကယ်ပေလို့ပဲ။"
ဘာကြောင့်မှန်းမသိပေမဲ့ အီဗန်က ဖားမလေးကိစ္စကို မပြောဖြစ်ခဲ့ဘူး။ ဖားမလေးက လူတွေသိမှာသိပ်ကြိုက်တဲ့ပုံမပေါ်ဘူး။ အဲဒီအစား လူတိုင်းသတိထားမိနေတဲ့ ငွေရောင်စစ်သည်တော်အကြောင်းပဲ ပြောပြလိုက်တယ်။
"အိုး၊ ဒီတော့ သူပြန်ပြီးကင်းလှည့်နေပြီပေါ့။" အရာရှိလင်ဒါက သဘောတကျပြုံးလိုက်ပြီး အီဗန်ပြောသမျှကို ရေးမှတ်တယ်။ အဲဒီနောက် စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်တယ်။
"မင်းဒီမှာ ခံဝန်ထိုးရမယ်။ ပထမဆုံးအကြိမ်ဖြစ်တရယ် အသက်မပြည့်သေးတာရယ်ကြောင့် မင်းမိဘတွေဆီက အာမခံရရုံနဲ့တင်အဆင်ပြေတယ်။ ဒါပေမဲ့ အပြန်ကျရင် လက်ပတ်အသစ်တစ်ခုတပ်သွားရမယ်။ မင်းမိဘတွေကိုလည်း ငါဖုန်းဆက်လိုက်မယ်။"
အဲဒီနောက် ရဲအရာရှိလင်ဒါက အီဗန်ရဲ့ကိုယ်ရေးအချက်အလက်တွေကနေတစ်ဆင့် မိဘတွေဆီကို ဖုန်းလှမ်းခေါ်တယ်။ အီဗန်ကတော့ အားနေတဲ့အချိန်မှာ ငွေရောင်စစ်သည် သူ့ကိုပေးခဲ့တဲ့ ကြော်ငြာစာရွက်လေးကို ဖြန့်ပြီးငုံကြည့်ဖြစ်တယ်။
"ဟီးရိုးကျောင်းကြော်ငြာစာရွက်လား၊ သူက ငါ့ကို အဲဒီမှာသေချာလေ့ကျင့်စေချင်လို့ ပေးလိုက်တာလား။"