ဓားအကျဉ်းထောင်သို့ ဝင်ရောက်ခြင်း
Vol. 50 Ch. 686
အရွက်မဲ့ကြော တစ်ရာအသီးမှာ အဆင့် ၈ အင်မော်တယ် အသီး ဖြစ်၏။ ထိုသို့မျိုး ရတနာ လက်ဝယ်ပိုင်ဖို့ရာ အိပ်မက်သာ မက်နိုင်ပေသည်။ အရွက်မဲ့ကြော တစ်ရာအသီး၏ အကြီးမားဆုံး အသုံးဝင်မှုမှာ အင်မော်တယ် လမ်းကြောင်း နိဗာန ဆေးလုံး ဖော်စပ်ရာ၌ ဖြစ်သည်။ အင်မော်တယ် လမ်းကြောင်း နိဗာန ဆေးလုံးမှာ မည်သို့အရာမျိုး ဖြစ်သနည်း။ ထိုအရာမှာ အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် အုပ်စိုးသူများအထိ ဝိညာဉ်လမ်းကြောင်းကို ပြန်လည် ကုစားပေးနိုင်လေသည်။
ယနေ့ သူက အရွက်မဲ့ကြော တစ်ရာအသီးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေပြီ။
“ ဒီအသီးကို အချိန်ဘယ်လောက်ကြာကြာ ဖြစ်တည်လာတဲ့ ဓားစွမ်းအင် အရိုးပန်းနဲ့ လဲနိုင်မလဲ ”
မိုဝူကျိ၏ လေသံမှာ အလျှင်စလို ဖြစ်နေပြီး မသေချာမရေရာဟန် ပေါက်နေသည်။ ထိုသို့ မေးပြီးနောက် ကျောက်စိမ်းသေတ္တာကို ချက်ချင်း ပိတ်လိုက်ကာ လက်ထဲ တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
“ အင်မော်တယ်ရောင်းရင်း ခဏစောင့်ပေးပါ ” အရောင်းဝန်ထမ်းက ပြောပြီးနောက် ချက်ချင်း အကြောင်းလှမ်း ကြားလိုက်၏။
အချိန်တိုလေးအတွင်း အညိုရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မဟာယီရှန်းအဆင့် ကျင့်ကြံသူက အပြေးအလွှား ရောက်လာသည်။
မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဘာမှ မပြောနိုင်ခင် အရောင်းဝန်ထမ်းက မိုဝူကျိအား ညွှန်ပြကာ အချက်ပြလိုက်သည်။
မဟာယီရှန်းအဆင့် ကျင့်ကြံသူက လက်နှစ်ဖက် ဆုပ်ကာ
“ အင်မော်တယ်ဆေးပင်နဲ့ ဘယ်လို ဓားစွမ်းအင် အရိုးပန်းအမျိုးအစားနဲ့ လဲချင်တာလဲ ”
“ ကျုပ်က အရွက်မဲ့ကြော တစ်ရာအသီးနဲ့ လဲဖို့ လုပ်ထားတာပါ …” မိုဝူကျိက မသေမချာ ပြောလိုက်၏။ သူ့စကားအဆုံးတွင် ကျောက်စိမ်းသေတ္တာကို တစ်ဖန် ဖွင့်ပြလိုက်ကာ မဟာယီရှန်းအဆင့် ကျင့်ကြံသူအား တစ်ချက် ကြည့်ခိုင်းလိုက်သည်။
မိုဝူကျိက နောက်ကျောတွင် ဓားရှည် တစ်ချောင်း ရှိပြီး ဓားသမား အင်မော်တယ် တစ်ယောက်ဟု ထင်မြင်ရစေသည်။ ဓားသမား အင်မော်တယ် တစ်ယောက်အတွက် ဤနေရာသို့ ဓားစွမ်းအင် အရိုးပန်းကို အရွက်မဲ့ကြောတစ်ရာ အသီးနဲ့ လဲလှယ်ဖို့ရာ ရောက်လာသည်မှာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်၏။
တန်ဖိုးအားဖြင့် အရွက်မဲ့ကြော တစ်ရာ အသီးမှာ နှစ်တစ်ရာ ဓားစွမ်းအင် အရိုးပန်းထက် ပိုမို တန်ဖိုးရှိပေသည်။ သို့သော် မဟာဓားလမ်းစဉ်ဂိုဏ်းက ဓားစွမ်းအင် အရိုးပန်း နှစ်ငါးဆယ် သက်တမ်းနှင့်အောက်သာ လဲလှယ်ပေးလေ၏။ နှစ်ငါးဆယ်အထက် ဖြစ်တည်လာသော အရိုးပန်းများကို မဟာဓားလမ်းစဉ်ဂိုဏ်း၏ တပည့်များအတွက် ထိန်းသိမ်းထား၏။
“ အင်မော်တယ်ရောင်းရင်းကို အားနာပါတယ်။ ခင်ဗျားရဲ့ သစ်သီးက အများဆုံး နှစ်ငါးဆယ် ဓားစွမ်းအင် အရိုးပန်းနဲ့ပဲ လဲလှယ်လို့ ရပါ့မယ် ”
“ အိုဗျာ ဒါဆိုလည်း ထားလိုက်ပါတော့ ” မိုဝူကျိ မျက်လုံး၌ စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ထွက်သွားဖို့ရာ ပြင်လိုက်၏။
“ခဏနေပါဦး ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိအား လှမ်းခေါ်ကာ “ ခင်ဗျားရဲ့ အသီးကို တစ်ချက် ကြည့်လို့ ရမလား ”
“ ဘာ… ဘာလုပ်မလို့လဲ ” မိုဝူကျိက မဟာယီရှန်းအဆင့် ကျင့်ကြံသူအား သတိတကြီး ကြည့်လိုက်၏။ တစ်ချိန်တည်းဆိုသလို သူက ဓားလဲလှယ်ရေး အိမ်တော်မှ အလောတကြီး နောက်ဆုတ်လိုက်သည်။
မဟာယီရှန်းအဆင့် ကျင့်ကြံသူက မြန်မြန် ပြောလိုက်၏ “ စိတ်ပူဖို့ မလိုပါဘူး။ ကျုပ်က ခင်ဗျားလက်ထဲက အသီးကို အစစ် ဟုတ်၊ မဟုတ် ကြည့်ချင်တာပါ ”
မိုဝူကျိ၏ မျက်နှာ၌ မယုံနိင်ဖွယ် အမူအယာများ ရှိနေကာ မဟာယီရှန်းအဆင့် ကျင့်ကြံသူအား စိုက်ကြည့်ရင်း မြန်မြန် နောက်ဆုတ်လိုက်သည်။
မဟာယီရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိ နောက်ဆုတ်နေသည့် နေရာမှာ ဓားစွမ်းအင် အရိုးပန်း ပေါက်ရောက်သည့် နေရာဖြစ်ကြောင်း သတိထားမိကာ ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ သို့သော်လည်း သူက တစ်ခုခုကို အမှတ်ရဟန်ဖြင့် အမြန်အဆန် လှမ်းအော်လိုက်၏ “ ရပ်နေလိုက် …. ဒီနေရာမှာ လျှောက်ပြေးနေလို့ မရဘူး ”
မိုဝူကျိက သူ့မျက်နှာတွင် အထိတ်တလန့် အမူအယာကို ဆက်လက် ထိန်းသိမ်းထားရင်း မြန်မြန် နောက်ဆုတ်နေလေ၏။
“ ရပ်စမ်း …. မင်းက ဓားစွမ်းအင် အရိုးပန်း ပေါက်တဲ့နေရာနဲ့ မီတာ ၃၀ အတွင်း ရောက်နေပြီ။ မင်းက သေချင်နေတာပဲ ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဒေါသတကြီး အော်ဟစ်ဆူပူလိုက်လေ၏။
မိုဝူကျိက ကြောက်လန့်တကြား ဖြစ်သွားဟန်ဖြင့် ရပ်ကာ သူ့နှင့် မနီးမဝေးတွင် ရှိနေသည့် ဓားစွမ်းအင် အရိုးပန်း ရှင်သန်နေသည့်် နေရာကို လှည့်ကြည့်လိုက်သည်။ သူ့ တုန်တုန်ယင်ယင် အသံဖြင့် “ ကျုပ် မရည်ရွယ်ပါဘူး ….. ”
“ တမင် ဖြစ်ဖြစ်၊ မတော်တဆ ဖြစ်ဖြစ် အရေးမပါတော့ဘူး။ မင်းက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ကန့်သတ်နေရာကို ဖြတ်ကျော်လိုက်ပြီ … ” အေးစက်စက် အသံ တစ်သံ ပျံ့လွှင့်လာသည်။ ထို့နောက် အင်မော်တယ် စွမ်းအား လက်တစ်ဖက် ပေါ်လာပြီး ဆွဲသွား၏။
မိုဝူကျိအနေနှင့် ထိုလက်က သူ့ကို လွှမ်းခြုံသွားသောကြောင့် ကြောင်အမ်းသွားမိသည်။ သူက လုံးဝ လှုပ်ရှား၍ မရတော့ပေ။
ထိုအင်မော်တယ် စွမ်းအား လက်က မိုဝူကျိအား ဖမ်းဆီးထားလိုက်၏။ ထို့နောက် မဟာယီရှန်း အဆင့် ကျင့်ကြံသူက မြန်မြန် ရောက်လာကာ မိုဝူကျိ၏ ကျောက်စိမ်းသေတ္တာနှင့်အတူ လက်စွပ်ကိုပါ ဆွဲယူထားလိုက်ပြီး “ စီနီယာအစ်ကို … သူ့ကို ဖမ်းပြီးတော့ ပစ္စည်းတွေကိုလည်း သိမ်းပြီးပါပြီ … ”
မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ ထိုမဟာယီရှန်းအဆင့် ကျင့်ကြံသူအား အမှတ်အသား ပြုထားလိုက်သည်။ သူ့လက်စွပ်ထဲ၌ ပစ္စည်းများမှာ အင်မော်တယ်ကျောက် တစ်ရာလောက်သာ ရှိသော်လည်း သူ့ပစ္စည်းကို ခိုးယူရဲသည့် သူတိုင်း ပြန်ပေးဆပ်ရမည်။
“ အဟင်း ….” မဟာလော့ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ထွက်လာ၏။ သူက မိုဝူကျိအား မထူးမခြားနား ကြည့်ကာ
“ ကျင်းရှန်းအဆင့်လေးနဲ့ ငါတို့ရဲ့ ကန့်သတ်နေရာကို ဝင်ရဲတယ်ပေါ့။ မင်းဆီကို ငါ့ဓားအဆောင် အလကား ဖြုန်းတီးမနေတော့ဘူး …. အထဲဝင်စမ်း …”
မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက ပြောနေရင်း ကျောက်စိမ်းအဆောင် တစ်ခုကို ပစ်လွှတ်လိုက်သည်။ ဓားစွမ်းအင် အရိုးပန်း ပေါက်ရောက်နေသည့် နေရာအလယ်၌ အနက်ရောင် ဝေဝါးဝါး တည်နေရာ တစ်ခု ပေါ်လာသည်။ ထိုမဟာလော့ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိအပေါ် ဓားအဆောင်ပင် မသုံးလိုက်ဘဲ ထိုနေရာသို့ တန်းပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းတွင် မိုဝူကျိက လျို့ဝှက် ကူးသန်းရေး အစီအရင်အပြားကို ပစ်လိုက်၏။
……………..…
မိုဝူကျိက မြေကြီးအမာပေါ် ကျရောက်သွားသည်။ သို့သော်လည်း သူ့စိတ်စွမ်းအားနှင့်ပင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူက ထိုနေရာ၌ စိတ်ဝိညာဉ် အမှတ်အသား မထားခင် ဓားစွမ်းအင် တစ်ချက် ကျရောက်လာသည်။ မိုဝူကျိတွင် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရှိနေသော်လည်း ထိုဓားစွမ်းအင်က သူ့အရည်ပြားပေါ် သွေးရာ ထင်ကျန်နေဆဲ ဖြစ်၏။
ထို့မှလွဲ၍ သူက တခြားသက်တောင့်သက်သာ မဖြစ်မှု မရှိပေ။
မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူက မမြင်ရသည့် ဓားစွမ်းအင်တို့မှာ သူ့အသိစိတ်ပင်လယ်ထဲ တိုးဝင်လာကြောင်း ခံစားနေရသည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသေးသည့်အတွက် ထိုဓားစွမ်းအင်တို့မှာ သူ့အသိစိတ်ပင်လယ်အတွင်း တိုက်ရိုက် ဝါးမျိုခံနေရခြင်း ဖြစ်၏။
ဓားစွမ်းအင်မှာ သူ့ကို ဘာမှ မလုပ်နိုင်ပေ။ အမြင်နှင့်တင် နတ်ဘုရား ရုပ်ခန္ဓာအဆင့်မှာ ဓားစွမ်းအင်ကို ခုခံဖို့ မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်နေ၏။
“ ရွပ် ရွှပ် …” ဓားစွမ်းအင် အများအပြား ရောက်ရှိလာသောအခါ မိုဝူကျိ၏ ခန္ဓာပေါ်၌ သွေးကြောင်းရာများ ပိုဖြစ်သွားစေသည်။
မိုဝူကျိက တုန်လှုပ်တကြီး ရပ်တန့်လိုက်သည်။ သူက ဦးခေါင်းကို ငုံ့ကြည့်လိုက်သည့်အခါ ထိုဓားစွမ်းအင်တို့က သူ့အဝတ်အစားများကို ဘာမှ မဖြစ်စေဘဲ အရည်ပြားပေါ်သာ ခြစ်ရာများ ဖြစ်စေခြင်း ဖြစ်ပေသည်။
မိုဝူကျိက မျက်လုံးကို ပိတ်ထားကာ ဓားစွမ်းအင်များ သူ့ဆီ ရောက်လာရန် ခွင့်ပြုထားလိုက်၏။ မိုဝူကျိက ဓားအဆောင် မရှိဘဲ ရောက်လာသောကြောင့် ထိန်းချုပ်မှု မရှိဘဲ ထိုဓားစွမ်းအင်များမှာ သူ့အသက်ကို ယူဖို့ရာ ဦးတည်နေကြသည်။
အမွေးတိုင် တစ်ဝက်စာကြာချိန်ခန့်တွင် မိုဝူကျိက မည်သို့အလုပ်လုပ်နေသည်ကို နားလည်သွား၏။
ထိုဓားစွမ်းအင်များက အမှန်တကယ် ရက်စက်လှသည်။ သူတို့က အသက်ဓာတ်ကိုပါ နှောင့်ယှက်နိုင်စွမ်း ရှိပြီး လျော့ကျနိုင်စွမ်း ရှိကြသည်။ သူ့အဝတ်အစားနှင့် မှော်ရတနာတို့တွင် အသက်ဓာတ် မရှိပေ။ တစ်ဖက်တွင် သူ့အသွေးအသား ခန္ဓာကိုယ်နှင့် အသိစိတ်ပင်လယ်တို့က အသက်ဓာတ်များ တောက်လောင်နေလေ၏။ ထို့ကြောင့် ထိုဓားစွမ်းအင်များက အဝတ်များကို မပျက်စီးစေသော်ငြား သူ့ခန္ဓာကိုယ်နှင့် အသိစိတ်ပင်လယ်ကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိကြခြင်း ဖြစ်သည်။
တခြားနည်းဖြင့် ဆိုရလျှင် တစ်စုံတစ်ယောက်တွင် ထိပ်တန်း ကာကွယ်ရေး ရတနာ ရှိနေလျှင်ပင် ထိုဓားစွမ်းအင်များမှ သူ့ကိုယ်သူ ကာကွယ်ထားနိုင်မည် မဟုတ်ပေ။ ဤကမ္ဘာထက် ပိုမို အဆင့်မြင့်သည့် ကိုယ်ပိုင်နယ်မြေ တစ်ခု မပိုင်ဆိုင်သရွေ့ ဖြစ်၏။ အကယ်၍ ထိုကမ္ဘာထဲ ဝင်လိုက်လျှင် ဓားစွမ်းအင်များက ထိုသူ၏ တည်ရှိမှုကို အာရုံခံမိတော့မည် မဟုတ်ပေ။ ထိုနည်းလမ်းဖြင့် ဓားစွမ်းအင်များကို ရှောင်ရှားနိုင်လိမ့်မည်။
မိုဝူကျိ စိတ်ထဲ ကြောက်ရွံ့လာမိသည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိမနေခြင်းက ကံကောင်းသွားလေသည်။ ဓားစွမ်းအင်များ မည်မျှ ရောက်လာစေကာမူ သူ့အသိစိတ်ပင်လယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ အကယ်၍ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိနေလျှင် သူ့အနေနှင့် ယခုအခါ သေချင်နေလောက်မိသည်။
အမွေးတိုင် တစ်တိုင်စာခန့်အကြာတွင် မိုဝူကျိက ဖြည်းဖြည်းချင်း ဤနေရာရှိ ဓားစွမ်းအင်နှင့် အသားကျလာသည်။ သူက ဤပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်၏ ပြင်းအားမှာ ဆက်တိုက် မတူညီကြောင်း ခံစားမိလိုက်၏။ တစ်ခါတစ်ရံ၌ သာမာန် ဓားစွမ်းအင်ထက် တစ်ဆမက အားပြင်းသည့် ဓားစွမ်းအင်မျိုးလည်း ရှိတတ်သည်။
မိုဝူကျိက ဤနေရာရှိ ဓားစွမ်းအင်ကို ကျင့်သားရသွားသည်နှင့် ပိုအားကောင်းသော ဓားစွမ်းအင်ကသာ သူ့ရုပ်ခန္ဓာကို လေ့ကျင့်ပေးနိုင်လိမ့်မည်။
ကံဆိုးသည်က မိုဝူကျိ၏ ရုပ်ခန္ဓာမှာ မယုံကြည်နိုင်လောက်သည့် အခြေအနေအထိ လေ့ကျင့်ပြီးသား ဖြစ်နေလေပြီ။ အင်မော်တယ်လောက၌ နတ်ဘုရား ရုပ်ခန္ဓာကို ဆက်လေ့ကျင့်ရန် နေရာကောင်း တွေ့ဖို့ရာ အမှန်တကယ် ခက်ခဲလှပေသည်။
ထိုဓားစွမ်းအင်များ၏ လွှမ်းမိုးမှုကို မခံရတော့သည့်အခါ မိုဝူကျိက စိတ်စွမ်းအားကို ဖြည်းဖြည်းချင် ဖြန့်ကျက်လိုက်သည်။ သူ့စိတ်စွမ်းအားကို အဝေးကြီး မဖြန့်ကျက်နိုင်သေးပေ။ ငါး ကီလိုမီတာမှာ သူ့ကန့်သတ်ချက် ဖြစ်၏။ မိုဝူကျိက ထူးထူးဆန်းဆန်း ဖြစ်ရပ်ကို မြင်လိုက်ရသည်။ ဤနေရာရှိ မြင်နိုင်စွမ်းမှာ အတက်အကျ ဖြစ်နေဟန် ပေါ်သည်။ တစ်ချို့နေရာများ၌ သူ့လက်ချောင်းပင် မမြင်ရပေ။ တခြားနေရာများ၌ မှုန်မှိုင်းကာ ဝေဝါးနေသည်။ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည့် နေရာများလည်း ရှိသေး၏။ သူက အနီရောင်ဝါးဝါး မြင်ကွင်းကိုပါ တွေ့ခဲ့ရသေးသည်။ ထိုနေရာ၌ နေရာတစ်ခုလုံးမှာ သွေးကြောနီများနှင့် ဖုံးလွှမ်းထားသလိုမျိုး အနီရောင်သမ်းနေသည်။
ဘေးပတ်လည် မြေအနေအထားမှာ အလွန်ထူးဆန်း၏။ မြေပြန့်လည်း မဟုတ်သလို တောင်ကုန်းလည်း မဟုတ်ပေ။
မိုဝူကျိက ဟန်ချင်းရု၏ ဆက်သွယ်ရေး ပုတီးစေ့ကို လက်ကောက်ဝတ်၌ ထားလိုက်သည်။ ထိုအရာကို သူ ယုံရင် အစွန်းအဖျားတွင် ရှိစဉ်က ရလာခဲ့ခြင်း ဖြစ်ရာ အာရုံခံနိုင်စွမ်းမှာ အတော်လေး နိမ့်ကျ၏။ မိုဝူကျိက မဟာလော့ရှန်းအဆင့် ဖြစ်သော်လည်း သူ့အာရုံခံနိုင်စွမ်းမှာ ကီလိုမီတာ ၅၀ ထက် မကျော်သေးပေ။
သူက ဓားအကျဉ်းထောင်ထဲ ဝင်နိုင်ခဲ့သော်လည်း မိုဝူကျိက အနည်းဆုံးတော့ ပျော်ရွင်မိလေသည်။ သူက ဓားအကျဉ်းထောင်ရှိ နယ်မြေမှာ ကျယ်ပြောကာ အဆုံးအစမဲ့ကြောင်း ခံစားမိ၏။ ထို့အပြင် သူ့စိတ်စွမ်းအားကို များစွာ ကန့်သတ်ထားသောကြောင့် နှစ်ရာချီ ကြာလျှင်ပင် ဟန်ချင်းရုကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထိုစဉ် မိုဝူကျိက ဟန်ချင်းရုလည်း သူမ၏ ဆက်သွယ်ရေး ပုတီးစေ့ကို ဝတ်ဆင်ထားဖို့သာ မျှော်လင့်မိသည်။ ထိုနည်းဖြင့် သူက အပို မျှော်လင့်ချက်လေး ရှိနေသည် မဟုတ်ပါလော။
မိုဝူကျိက မည်သည့်နေရာ သွားရမလဲ စဉ်းစားနေစဉ် ပုံရိပ်တစ်ခုက ဖြတ်ခနဲ ရောက်ရှိလာသည်။
လူတစ်ယောက်လား ….
မိုဝူကျိက ထိုလူမှာ ကျင့်ကြံသူ ဖြစ်ကြောင်း သတိထားမိလိုက်၏။ အသက်ရှိုက်စာ အနည်းငယ်အတွင်း ထိုလူက မိုဝူကျိဆိ ရောက်ရှိလာသည်။
မိုဝူကျိက အထိတ်တလန့် ဖြစ်ဖွယ်များကို မြင်တွေ့ခဲ့ရသော်လည်း နောက်ဆုတ်မိလိုက်သည်။ သူ့ဆီ ရွေ့လျားလာနေသည့် အရာမှာ လူတစ်ယောက်လို့ပင် ယူဆ၍ မရဘဲ ရွေ့လျားနေသော အလောင်းကောင်သာ ဖြစ်၏။
သူ့မျက်နှာပေါ်တွင် အသားများ မရှိတော့သလို သူ့အရိုးများပင် ဓားစွမ်းအင်ကြောင့် ဒဏ်ရာများစွာ ဖြစ်နေလေ၏။ သူ့အဝတ်အစားများမှာ ခရမ်းရောင်ဖြစ်ကာ သစ်ခေါက်မာမာကဲ့သို့ ဖြစ်နေသည်။ ထိုမျှတင် မကသေးဘဲ ဓားတစ်ချောင်းမှာ သူ့အတွင်းအင်္ဂါများကို ထိုးစိုက်နေပြီး မျက်လုံးများမှာ နာကျင်မှုနှင့် ပြည့်နှက်နေသည်။
မိုဝူကျိက ထိုလူ ခံစားနေရသော နာကျင်မှုများမှာ ဓားတစ်ချောင်း သူ့အတွင်းအင်္ဂါများ ထိုးစိုက်နေသည်ထက် ပိုကြောင်း ကောင်းကောင်း သိ၏။ အကြောင်းမှာ ထိုလူက ကမ္ဘာဦး စိတ်ဝိညာဉ် ဆက်တိုက် ပျက်စီးလာသော နာကျင်မှုကို ကြုံတွေ့ခဲ့၍ ဖြစ်သည်။ ထိုလူ၏ သွင်ပြင်ကို ကြည့်ပြီး မိုဝူကျိက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ သူ့အနေနှင့် ဟန်ချင်းရုကို တတ်နိုင်သမျှ မြန်မြန် ရှာရန် လိုအပ်နေပေသည်။
မိုဝူကျိကို ကျော်သွားရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသည့် ထိုလူမှာ မိုဝူကျိ၏ သွင်ပြင်က လုံးဝ အဆင်ပြေနေကြောင်း တွေ့လိုက်ရသည့်အခါ ချက်ချင်း ရပ်လိုက်ပြီး မိုဝူကျိအား စိုက်ကြည့်လိုက်သည်။