ဘေးကင်းနွယ်တောင်နှင့် ဓားစွမ်းအင် မြစ်
Vol. 50 Ch. 687
“ ခင်ဗျားက ဘယ်လိုလုပ် အဆင်ပြေနေတာလဲ ” ထိုလူက ရုတ်တရက် မေးလိုက်၏။ သူ့လေသံမှာ အနည်းငယ် မရေမရာဟန် ပေါက်နေသည့် စကားလုံးများက ရှင်းရှင်းလင်းလင်း ထွက်မလာပေ။
မိုဝူကျိက တစ်လှမ်းချင်းစီ နောက်ဆုတ်ကာ ထိုအလောင်းကောင် ပုံစံ ဖြစ်နေသော လူကို သတိတကြီး ကြည့်ကာ မေးလိုက်သည် “ ခင်ဗျားက ဘယ်သူလဲ။ ဒီက လူတွေကို ဖမ်းထားတာ ဘယ်နေရာမှာလဲ ”
သူ သတိထားနေသည့် အကြောင်းအရင်းမှာ သူ့ရှေ့မှ လူတွင် အားကောင်းသော ကျင့်ကြံဆင့် ရှိနေသောကြောင့် ဖြစ်၏။ မိုဝူကျိက တစ်ဖက်လူမှာ အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်ကြောင်း မှန်းဆမိပေသည်။
“ဟီးဟီး …” ထိုလူက နားကွဲမတတ် အသံနက်ကြီးဖြင့် ရယ်မောလိုက်၏။ ချက်ချင်းဆိုသလို သူက ခြောက်သွေ့ကာ ပိန်လှီနေသည့် လက်ကို ထုတ်ကာ မိုဝူကျိဆီ ရွယ်လိုက်သည်။
မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ဖို့ရာ တုံ့ဆိုင်းမနေပေ။ သူ့ပုဆိန်လှံရှည် ထိုအရိုးပြိုင်းပြိုင်း လက်ကို ဖြတ်ချနိုင်သည့် လခြမ်းကွေး ပုဆိန်လှံရှည် အလင်းကို ထုတ်ဖော်လိုက်သည်။
“ ဘုန်း ” အင်မော်တယ် သဘာဝ စွမ်းအားများက ပေါက်ကွဲထွက်သွားကာ မိုဝူကျိမှာ လွှင့်စင်သွား၏။ မိုဝူကျိ တိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ဓားအကျဉ်းထောင်မှ ဓားစွမ်းအင်က မိုဝူကျိ အရိုးဆီ ထိုးဖောက်သွားသည်။ ကံကောင်းသည်က မိုဝူကျိ၏ ရုပ်ခန္ဓာမှာ မယုံနိုင်လောက်ဖွယ် အခြေအနေ ရောက်အောင် အားကောင်းနေပြီ ဖြစ်ရာ ထိုဓားစွမ်းအင်က သူ့အား နာကျင်မှု အနည်းငယ်သာ ဖြစ်စေလိုက်၏။
အမာရွတ် ဒလပွ ဖြစ်နေသည့် အလောင်းကောင် လူသားက မိုဝူကျိကို တုန်လှုပ်တကြီး ကြည့်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူ့အရိုးမှာ “ ဂျွတ်ခနဲ ” အသံမြည်ကာ လက်ချောင်းအရိုး တစ်ချောင်းမှာ ကျိုးသွားတော့သည်။
သူက မိုဝူကျိထက် ဆိုးရွား၍ မဟုတ်ဘဲ သူက ဓားစွမ်းအင်ကို နှစ်များစွာ ခံလာခဲ့ရ၍ ဖြစ်၏။ ယခုပင် သူက ဓားစွမ်းအင်ကြောင့် ဆက်တိုက် ကြေမွနေရသည်။ ထိုကြေမွမှုမှာ သူ့ခန္ဓာပေါ်တွင်သာ သက်ရောက်သည် မဟုတ်ပေ။ သူ့ဝိညာဉ်ကိုပါ လှိုက်စားနေသည်။ သူ့အင်မော်တယ် သဘာဝ စွမ်းအား နှိုးဆွလိုက်သည့် အခါတိုင်း လှိုက်စားနေသည့် ဓားစွမ်းအင်မှာ အဆများစွာ တိုးပွားလာတတ်သည်။
သို့သော်လည်း မိုဝူကျိက ခြားနား၏။ သူ့တွင် ဓားအဆောင် မရှိသလို ဤနေရာရှိ ဓားစွမ်းအင်၏ သက်ရောက်ခြင်းလည်း မခံရပေ။ ပြောရမည်ဆိုလျှင် ဤနေရာ၌ သူက အင်မော်တယ် အုပ်စိုးသူနှင့် ညီမျှနေပေသည်။ ပို၍ အတိအကျ ပြောရလျှင် သူက အင်မော်တယ် အုပ်စိုးသူ တစ်ယောက်ထက် ပိုပြီး အားကြီးကာ လွတ်လပ်နေသေး၏။ သူ တိုက်ခိုက်သည့် အချိန် ဓားစွမ်းအင်များ များပြားလာလျှင်ပင် သူ့အပေါ် များစွာ သက်ရောက်မှု မဖြစ်ပေ။
မိုဝူကျိက မီတာဆယ်ချီ လွှင့်စင်သွားပြီး သူ့စိတ်ထဲ၌ ထိုအင်မော်တယ် အုပ်စိုးသူ၏ အင်အားမှာ သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်ကြောင်း သိလိုက်၏။
“စီနီယာ ကျုပ်ကို ကူပါဦးဗျာ …. ကျုပ် စီနီယာနောက်ကို လိုက်ပြီး အားလုံးကို အလိုကျ လုပ်ပေးဖို့ ဆန္ဒရှိပါတယ် … ” အရိုးစု အလောင်းက မြေပြင်ပေါ် ရုတ်တရက် ဒူးထောက်ချကာ မိုဝူကျိအား ကြောင်သွားစေသည့် စကားများကို ပြောလိုက်သည်။
သူ့အမြင်၌ မိုဝူကျိက အရေးသာနေသောကြောင့် စီနီယာဟု ယူဆလိုက်ခြင်း ဖြစ်၏။ သူ့အားအပြည့်၏ တစ်ပိုင်းလောက်သာ ကျန်နေတော့ကြောင်း သူ့အတွေးထဲ မစဉ်းစားမိသေးပေ။
အထင်ကြီးဖွယ် အင်မော်တယ် အုပ်စိုးသူ တစ်ယောက်က သူ့လို မဟာလော့ရှန်းအဆင့်ရှေ့၌ ဒူးထောက်နေလေ၏။ သူ့မဟာလော့ရှန်းအဆင့် အကြောင်းကို ပြောနေစရာ မလိုပေ။ သူက ဧကရာဇ် တပိုင်း ဖြစ်နေလျှင် ဒါမှမဟုတ် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေလျှင်ပင် အင်မော်တယ် အုပ်စိုးသူ တစ်ယောက်အား လိုလိုလားလား ဒူးထောက်စေခိုင်း၍ မရပေ။
အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင် မာန်မာန ရှိပေသည်။ သူတို့က မြေပြင်ပေါ် ဒူးထောက်မည့်အစား သေဖို့သာ ရွေးချယ်ကြလိမ့်မည်။
မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ယမ်းရင်း သူ့ရှေ့ရှိ အင်မော်တယ် အုပ်စိုးသူဆီ ချည်းကပ်သွားလိုက်သည်။ ထိုသူအား ခြုံငုံကြည့်ပြီးနောက် မေးခွန်းများ မေးလိုက်သည်
“ ထပြီးတော့ ပြောပါ … နာမည်က ဘာလဲ။ ဒီကို ဘာလို့ ရောက်နေတာလဲ။ ဒီမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ပြီးတော့ ကျုပ်ဆီက ဘာလို့ အကူအညီ တောင်းတာလဲ …. ”
ထိုအင်မော်တယ် အုပ်စိုးသူက မတ်တတ်ရပ်ကာ လေးလေးစားစား ပြောလိုက်၏
“ ကျုပ်နာမည်က ဖေးလင်ပါ။ ဒီဓားအကျဉ်းထောင်မှာ ပိတ်မိနေတာ နှစ် လေးထောင်လောက် ရှိပါပြီ။ ကျုပ်က ဘေးကင်းနွယ်တောင်မှာ နေပါတယ်။ ကျုပ်က ဖန်းဟုန်ကို ရန်စမိထားတော့တော့ သူက လေးကြိမ်ဆက်တိုက် ကျုပ်ကို ဓားစွမ်းအင်မြစ်ကနေ ရေကို သယ်ခိုင်းတယ်။ အဲဒါနဲ့ ကျုပ် ထွက်ပြေးလာတာပါ … ”
“ ခဏ …” မိုဝူကျိက ဖေးလင်ကို တားကာ “ ဘေးကင်းနွယ်တောင်က ဘာကြီးလဲ။ ပြီးတော့ ဓားစွမ်းအင် မြစ်ကရော ဘာလဲ။ ဘာလို့ ရေသယ်နေရတာလဲ …”
ဖေးလင်က ရှင်းပြလိုက်၏ “ စီနီယာဆီမှာ ဓားအဆောင် မရှိတော့ မခံမရပ်နိုင် မခံစားရလောက်ဘူး … ”
ဖေးလင်က “ မခံမရပ်နိုင်” ဟူသော စကားကို ပြောသောအခါ ဖေးလင်၏ မျက်လုံးထောင့်က မသိမသာ တွန့်ချိုးသွားသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်က ဓားစွမ်းအင်ကို ခံစားနေရဆဲ ဖြစ်၏
“ ဒီနေရာမှာ ဓားစွမ်းအင်ကနေ ခံစားနေရတော့ ဓားစွမ်းအင် နည်းလာတဲ့ နေရာကို ဆက်တိုက် ရှာဖွေနေရတယ်။ ဘေးကင်းနွယ်တောင်က အဲလို နေရာမျိုးပဲ။ အဲဒီနေရာက နွယ်ပင်တွေနဲ့ ပြည့်နေတာလေ။ ပြီးတော့ ဓားစွမ်းအင်လည်း အားနည်းတယ်။ ဓားစွမ်းအင် ထိုးဖောက်လာပြီး ကျုပ်တို့ ဝိညာဉ်တွေ မဖျက်စီးတာ တစ်ရက်ကို လေးနာရီလောက် ရှိတယ်။ ဓားအကျဉ်းထောင်ထဲ ဝင်လာတဲ့ သူတိုင်း ဘေးကင်းနွယ်တောင်ကို ရှာတွေ့သွားကြတာပဲ …. ”
“ မဟာဓားလမ်းစဉ်ဂိုဏ်းက ဓားအကျဉ်းထောင်ထဲမှာ ဘေးကင်းနွယ်တောင် ရှိတာ မသိဘူးလား ” မိုဝူကျိက မေးလိုက်သည်။
ဖေးလင်က ခေါင်းခါကာ
“ သူတို့တွေ မသိလောက်ဘူး။ ဓားအကျဉ်းထောင်ထဲ ဝင်လာတာက သေတာနဲ့ အတူတူပဲလေ။ ပြင်ပလောကနဲ့ ဆက်ဆံဖို့ နည်းလမ်း မရှိဘူး။ ပြီးတော့ ဘေးကင်းနွယ်တောင်ကို ရှာတွေ့တာ သိပ်မကြာသေးဘူး။ မဟာဓားလမ်းစဉ်ဂိုဏ်းက ဘေးကင်းနွယ်တောင်အကြောင်း သေချာပေါက် မသိလောက်ဘူး။ ပြီးတော့ ဓားစွမ်းအင် မြစ်ကိုလည်း သိမှာ မဟုတ်ဘူး … ”
“ ဆက်ပြော …” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ သူ့ခန့်မှန်းထားသည်နှင့် သိပ်မကွာဝေးပေ။ မဟာဓားလမ်းစဉ်ဂိုဏ်းက လူများကိုသာ ဖမ်းဆီးထားခြင်း ဖြစ်ပြီး သူတို့ သိသည့် တစ်ခုတည်းသော အရာမှာ ဓားအကျဉ်းထောင်ထဲရှိ ဓားစွမ်းအင်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပျက်စီးစေကြောင်း ဖြစ်၏။ သို့သော်လည်း ဓားအကျည်းထောင်အတွင်းရှိ အခြေအနေ အတိအကျကို မသိပေ။
မိုဝူကျိက သူ့ကို ကူညီလိမ့်မည်ဟု ခံစားလာရကာ ဖေးလင်၏ စိတ်ဓာတ်လည်း ပြန်လည် မြင့်တက်လာပြီး
“ ဓားစွမ်းအင်မြစ်က ဘေးကင်းနွယ်တောင်နားမှာ ရှိတာ။ အဲဒီ မြစ်ရေက အလွန်အဖိုးတန်တယ်။ မြစ်က ခန္ဓာကိုယ်နဲ့ ဝိညာဉ်ထဲက ဓားစွမ်းအင် သက်ရောက်မှုတွေကို ချိုးနှိမ်ပေးနိုင်တယ်။ အဲဒါတင် မကသေးဘူး။ တကယ်လို့ လုံလုံလောက်လောက် သောက်မယ်ဆိုရင် ပျက်စီးနေတဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုတောင် ပြန်လည် ကုစားနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ ယူနိုင်တဲ့ ရေပမာဏက အရမ်းနည်းတော့ တစ်ပေါက်ကတောင် အရမ်းအဖိုးတန်တယ် … ”
“ ဘာလို့လဲ …. မြစ်ထဲ ရေနည်းနည်းပဲ ရှိလို့လား ” မိုဝူကျိက နားမလည် ဖြစ်မိသွားလေ၏။
ဖေးလင်က ခေါင်းခါကာ
“ အဲလို မဟုတ်ဘူး။ မြစ်ရေက ရဖို့ အရမ်းခက်လို့ပါ။ မြစ်တစ်ခုလုံးမှာ ရေတွေနဲ့ ပြည့်နေပေမဲ့ မြစ်ဆီ ရောက်ဖို့ အရမ်းခက်တယ်။ မြစ်နား ရောက်သွားရင် ဓားစွမ်းအင်ရဲ့ တိုက်စားနိုင်စွမ်းက ပိုပြီး ပြင်းလာတယ်။ ခြေလှမ်း တစ်လှမ်းတိုင်း ခံစားနေရတဲ့ နာကျင်မှုက အဆတိုးတိုးလာတယ်။ ကျုပ် ဒီလိုပုံစံ ဖြစ်နေတာကလည်း ဓားစွမ်းအင်မြစ်ဆီ သွားပြီး ရေခပ်ခဲ့ရလို့ပါ။
ဓားစွမ်းအင်မြစ်ဆီ သွားရတဲ့ လမ်းက အရမ်းခက်ခဲရုံတင် မကသေးဘူး။ ရေကို ထိလိုက်တာနဲ့ ဓားစွမ်းအင်တွေက ပိုတိုးလာပြန်ရော …. ရေများများ ခပ်လေလေ နာကျင်မှုက ပိုတိုးလေလေပဲ။ အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ဖြစ်တဲ့ ကျုပ်တောင် ပုံးငယ်တစ်ဝက်ပဲ ရတယ် ….
ဖန်းဟုန်ကို ဘယ်လို ရန်စမိသွားလဲဆိုတာတော့ ကျုပ် မသိဘူး။ နှစ်စဉ်တိုင်း လူတွေကို ရေခပ်ပေးဖို့ တာဝန်ပေးလေ့ ရှိတယ်။ ကျုပ်က တစ်နှစ်တည်းမှာ လေးကြိမ်တောင် လုပ်ဖို့ တာဝန်ပေးခံရတယ်။ အခု လေးကြိမ်မြောက်ကို မသွားတာက ကျုပ် သွားရင် ကျုပ် သေမှာ သိနေလို့ပဲ။ အဲကြောင့် ထွက်ပြေးလာတာ။ ဓားအကျဉ်းထောင်ထဲမှာ လူတစ်ယောက်က ဆက်တိုက် ထွက်ပြေးနေသင့်တယ်။ တကယ်လို့ ကျုပ်လိုမျိုး အခု ရပ်လိုက်ရင် ပိုပြီးတော့ ခံစားရလိမ့်မယ် …. ”
သူက ပြောနေရင်း ဖေးလင် မျက်လုံးထောင့်မှ နာကျင်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
မိုဝူကျိက ဤနေရာရှိ ဓားစွမ်းအင်ကို ကာကွယ်ပေးထားနိုင်သော်လည်း ဖေးလင်ကို ကူညီနိုင်မည့် နည်းလမ်း မရှိပေ။ အကယ်၍ ဖေးလင်ကို ကူညီနိုင်လျှင်ပင် သူက လုပ်မည် မဟုတ်ပေ။ အင်မော်တယ် အုပ်စိုးသူ တစ်ယောက်ကို ဓားစွမ်းအင် ဖယ်ရှားဖို့ ကူညီပေးလိုက်ခြင်းသည် သူ့အနေနှင့် ကိုယ်သေတွင်းကို တူးနေသလို ဖြစ်လိမ့်မည်။
ဖေးလင်က ဓားစွမ်းအင်ကို ဆက်တိုက် ခံစားနေရသောကြောင့် ဖေးလင်က သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်ခြင်း ဖြစ်ပေသည်။ အကယ်၍ ဖေးလင်ကို ဓားစွမ်းအင် ခုခံဖို့ရာ ကူညီပေးလိုက်လျှင် တစ်ဖက်လူက ထိုအခိုက်အတန့်၌ သူ့ကို သတ်သွားနိုင်ပေလိမ့်မည်။
ထိုသို့ ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း ပို၍ နည်းပါးနေလျှင်ပင် မိုဝူကျိက ထိုသို့စတေးမှုမျိုး စွန့်စားမည် မဟုတ်ပေ။
“ ခင်ဗျား ပြောတော့ ဘေးကင်နွယ်တောင်က ဓားစွမ်းအင်မြစ်နား ရှိတာဆို …. အဲဆို ဘေးကင်းနွယ်တောင်က ဓားစွမ်းအင်ကလည်း အားကောင်းသင့်တာပေါ့။ ဘာလို့ အားနည်းနေတယ် ပြောရတာလဲ။ ပြီးတော့ ဓားစွမ်းအင်က လေးနာရီ မရှိဘူးဆိုတာကရော ဘာကြောင့်လဲ ….” မိုဝူကျိက သံသယများကို ထုတ်မေးလိုက်သည်။
ဖေးလင်က ခေါင်းခါကာ
“ စီနီယာက မသိလောက်ဘူး။ ဒါပေမဲ့ ဓားအကျဉ်းထောင်ထဲက ဓားစွမ်းအင်တွေက ဓားစွမ်းအင်မြစ်ကနေ ဖြစ်တည်လာတာ ဖြစ်နိုင်ခြေအရှိဆုံးပဲ။ သဘောတရားအရဆိုရင် ဘေးကင်းနွယ်တောင်က ဓားစွမ်းအင်မြစ်နဲ့ အနီးဆုံးဆိုတော့ ဓားစွမ်းအင် ပိုပြီးတော့ အားပြင်းသင့်တယ် မလား။ ဒါပေမဲ့လည်း ဓားအကျဉ်းထောင်ထဲမှာ သဘောတရားအရနဲ့ ပြောလို့ မရဘူး။ ကျုပ် မြင်သလောက် ပြောရရင် ဓားစွမ်းအင် မြစ်က အလင်းရောင် ဖြစ်ပြီးတော့ ဘေးကင်းနွယ်တောင်က အလင်းရောင်အောက်မှာ ရှိတဲ့ အရိပ်တစ်ခုလိုမျိုးပဲ …. ”
မိုဝူကျိက ခေါင်းညိတ်လိုက်၏။ ထိုနှိုင်းယှဉ်ချက်မှာ လက်ခံ၍ ရပေသည်။ ယခု သူလည်း ဘေးကင်းနွယ်တောင်အကြောင်း အကြမ်းဖျင်း နားလည်လာလေပြီ။ ဖေးလင် ပြောသလောက် ဓားအဆောင်နှင့် ကျင့်ကြံသူတိုင်းက ဓားစွမ်းအင် အားအနည်းဆုံး နေရာ ဖြစ်သည့် ဘေးကင်းနွယ်တောင်ဆီ ဖြည်းဖြည်းချင်း အရောက်သွားကြမည် ဖြစ်၏။
ဟန်ချင်းရုသည်လည်း ပိတ်မိနေသည်မှာ တစ်နှစ်ကျော် ကြာလှပြီ ဖြစ်ရ သူမလည်း ဘေးကင်းနွယ်တောင်ဆီ ရောက်နေလောက်လေပြီ။
“ ကျင့်ကြံသူ မြင့်တဲ့ သူတွေက ဓားစွမ်းအင်ရဲ့ တိုက်စားမှုကို ပိုခံရတယ်ဆို အမှန်ပဲလား ” မိုဝူကျိက ဤနေရာရှိ အင်မော်တယ်များမှာ ခြားနားကြောင်း ခံစားမိလိုက်၏။ ဓားစွမ်းအင်၏ သက်ရောက်မှုက ကျင့်ကြံဆင့် မြင့်မားမှုအပေါ် ကြီးစွာ သက်ရောက်မှု ရှိသည်မှာ ဖြစ်နိုင်ပေသည်။
“ ဟုတ်ပါတယ် အဲလိုပါပဲ …. ဒီနေရာက ဓားစွမ်းအင်က ကိုယ်ပိုင် ဝိညာဉ်စွမ်းအား ရှိတယ်လေ။ ကျင့်ကြံသူ တစ်ယောက်ရဲ့ အသားနဲ့ ဝိညာဉ်ကို ကျင့်ကြံဆင့် အလိုက် တိုက်စားနိုင်ရုံတင် မကဘူး။ အသက်ဓာတ်ကိုလည်း ဝါးမျိုပစ်တယ်။ ကျင့်ကြံဆင့်နဲ့ အသက်ဓာတ် ရှိနေသရွေ့ ဓားစွမ်းအင်အတွက် အစာ ဖြစ်နေဦးမှာပဲ … တစ်ရက်ကျ ဘာမှ မကျန်တော့တဲ့အထိ ဝါးမျိုခံရလိမ့်မယ် ” ဖေးလင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
မိုဝူကျိ၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်လာလေ၏။ သူ့က အဓိက ပြဿနာကို တွေးမိလိုက်သည်။ ဤနေရာရှိ ဓားစွမ်းအင်မှာ သိပ်မပြင်းထန်ပေ။
သူ့တွင် ဝိညာဉ်ကြော မရှိလို့လား … ဓားစွမ်းအင်က သူ့ကို အားနည်းသည့် သေမျိုးတစ်ယောက် အဖြစ် ယူဆထားလို့လား …..
ဤသို့ဆိုလျှင် ဓားစွမ်းအင်မှာ အမှန်တကယ် ကြောက်မက်ဖို့ ကောင်းလှသည်။
အကယ်၍ သူ့လို သေမျိုးတစ်ယောက်က ဤမျှ အားကောင်းသော ဓားစွမ်းအင်များ ကြုံတွေ့နေရလျှင် အင်မော်တယ်များမှာ မည်သို့ ဖြစ်နေမည်နည်း။
မိုဝူကျိက တွေးမိလေလေ ဟန်ချင်းရုကို ရှာဖို့ရာ ပို၍ စိုးရိမ်လာမိသည်။ ဟန်ချင်းရုက ဝိညာဉ်ကြော ရှိသည့် ကျင်းရှန်းအဆင့် ဖြစ်၏။
“ ဓားအကျဉ်းထောင်ထဲ ဝင်ပြီးတော့ ဘေးကင်းနွယ်တောင်ကို ရှာတွေ့ဖို့ ဘယ်လောက်ကြာလိုက်လဲ ” မိုဝူကျိ၏ လေသံမှာ အနည်းငယ် အလျှင်စလို ဖြစ်နေမိသည်။
“ လနည်းနည်းလောက်ကြာတော့ ရောက်သွားတာ … အခု သွားမယ်ဆိုရင် နေ့တစ်ဝက်လောက်နဲ့ ရောက်တယ် ” ဖေးလင်က အနည်းငယ် မကြည်မသာ အသံဖြင့် ပြောလိုက်၏။
သူ့အမြင်တွင် ဤနေရာရှိ ဓားစွမ်းအင်မှာ မိုဝူကျိအပေါ် သက်ရောက်မှု မရှိသောကြောင့် မိုဝူကျိ၏ တိုက်ခိုက်စွမ်းမှာ သူ့ထက် များစွာ အားကောင်းပေသည်။ အကယ်၍ မိုဝူကျိက ဘေကင်းနွယ်ပင်တောင်ဆီ သွားလျှင် သေချာပေါက် နေရာတစ်နေရာ ရလိမ့်မယ်။ သူသာ မိုဝူကျိနောက် လိုက်သွားပါက သူ့အနေနှင့် ဘေးကင်းလုံခြုံမှုကို ရှာနိုင်ပေလိမ့်မည်။
“အဲဆို ခင်ဗျားကို အတင်းခိုင်းတဲ့ ဖန်းဟုန်အကြောင်း ပြောပြ။ ဘေးကင်းနွယ်တောင် တစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိတာလား ” မိုဝူကျိက ဘေးကင်းနွယ်တောင်ဆီ သွားချင်သောကြောင့် ထိုနေရာရှိ အဆင့်မြင့် ကျင့်ကြံသူများနှင့် တွေ့ဆုံရလိမ့်မည်။
သူက ထိုသို့ မသွားခင် အခြေအနေကို အပြည့်အဝ နားလည်ထားရန် လိုအပ်၏။
ဖေးလင်က ခေါင်းညိတ်ကာ
“ သူက အဲလို လုပ်နိုင်စွမ်း မရှိပါဘူး။ ဘေးကင်းနွယ်တောင်မှာ အဓိက အင်အားစု သုံးခု ရှိတယ်။ တစ်ခုက ဖန်းဟုန်ရဲ့ နတ်ဆိုးလက်အဖွဲ့၊ သူက ပိုင်နက်ရဲ့ လေးပုံတစ်ပုံကို သိမ်းထားတယ်။ ဒုတိယ အင်အားစုက ဝေကျီတောက် … သူက အင်မော်တယ် အမဲလိုက်သူလို့ ခေါ်တဲ့ စုပေါင်းအဖွဲ့ကို ဖွဲ့စည်းထားတာ။ သူလည်း ဘေးကင်းနွယ်တောင်ရဲ့ ဘေးပုံတစ်ပုံကို သိမ်းထားတယ်။
နောက်ဆုံးတစ်ယောက်က ရှန့်ဟဲကောင်း … သူက သမာဓိတောင်လို့ ခေါ်တဲ့ စုပေါင်းအဖွဲ့ကို တည်ထောင်ထားတယ်။ သူလည်း မြေ လေးပုံတစ်ပုံ ပိုင်ဆိုင်တယ်….
ကျန်ရှိနေတဲ့ ဘေးကင်းနွယ်တောင်ရဲ့ လေးပုံတစ်ပုံနေရာက နေရာ တစ်ခုလုံးမှာ အဆိုးဆုံးအပိုင်းပဲ။ အဲဒီ အင်အားစု သုံးခုနဲ့ မပူးပေါင်းတဲ့ လူတွေ နေထိုင်ကြတယ်။ အတိအကျပြောရရင်တော့ အဲဒီ အင်အားစု သုံးခုက မလိုချင်တဲ့ သူတွေ စုနေတာပေါ့ …. ”