← Chapters

ထွက်ခွာခြင်း

Vol. 76 Ch. 1048

ထွက်ခွာခြင်း

Vol. 76 Ch. 1048

ဖန်စေတီဆိုသည်မှာ ပဉ္စမအကြီးအကဲက ကျန်းရီကို ပြောပြခဲ့ဖူးသော ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အထွတ်အမြတ်ထားရာ ရတနာဖြစ်သည်။ ၎င်းကို ဆန်းကြယ်ဧကရာဇ်က ယူသွားခဲ့ခြင်းဖြစ်ပြီး ယခုတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်၌ ရှိနေလောက်သည်။

သူတော်စင်ဧကရီက ကျန်းရီကို အကြောင်းစုံ မပြောပြနိုင်သေးဟု ပြောခဲ့သော်လည်း ကျန်းရီက မေးလိုက်သေးသည်။

“သူတော်စင်ဧကရီ... ကျွန်တော်က ဖန်စေတီကို ပြန်ယူလာပေးနိုင်လိမ့်မယ်လို့ ဘာကြောင့် ထင်ရတာလဲ။ ဧကရာဇ်ကိုးပါးစလုံးတောင် ဆန်းကြယ်နတ်ဘုရားတောင်ကို သွားပြီးပြီ၊ ဘယ်သူမှ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို မဝင်နိုင်ခဲ့ဘူး”

“ဘယ်သူမှ မဝင်နိုင်ပေမယ့် မင်းကတော့ ဝင်နိုင်တယ်”

သူတော်စင်ဧကရီက အထက်ပါမေးခွန်းကို ဖြေလိုနေသည်။ ထို့ကြောင့် သူမ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“အောင်းလုက ဆန်းကြယ်နတ်ဘုရားနန်းတော်ရဲ့ အစောင့်အကြပ်ပဲ။ သူနဲ့သာ မိတ်ဆွေဖွဲ့နိုင်မယ်ဆိုရင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးက မြင့်လာလိမ့်မယ်”

“ဟားဟား... သူတော်စင်ဧကရီက ကျန်းရီကို အများကြီး မျှော်လင့်ထားတာပဲ”

ကျန်းရီ ခါးသက်သက်ပြုံးလိုက်ပြီး ခေါင်းမော့ကာ သူတော်စင်ဧကရီကို ကြည့်လိုက်သည်။ ရုပ်ရည်အရသာဆိုလျှင် သူတော်စင်ဧကရီက အသက်(၈၀)ကျော်ပြီဟု သူ မပြောနိုင်ပေ။ သူမက အသက်သုံးဆယ်ကျော်ရုံသာ ရှိသေးသည်ဟု ထင်ရသည်။ သူမ၏ အသားအရေကလည်း ဖြူဝင်း၊ ချောမွေ့နေသည်။ သူမက အရပ်မြင့်ပြီး လှပသော ငွေအနားကွပ် ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။ အကယ်၍ သူသာ သူမ၏ အသက်ကို မသိခဲ့ပါလျှင် သူမကို ကြည့်မိသည်နှင့် ရင်ခုန်မိသွားပေလိမ့်မည်။ သူသာမဟုတ် မည်သည့်ယောက်ျားမဆို ထိုသို့ခံစားရမည်သာ။

သူတော်စင်ဧကရီ၏ နှာတံက အနည်းငယ် မြင့်သဖြင့် သူမ၏ရုပ်သွင်က ဂုဏ်ကျက်သရေ ရှိနေသည်။ သူမက ဂုဏ်သရေရှိ ဧကရီတစ်ပါးကဲ့သို့ပင်။ သူမ၏ မျက်ဝန်းများကလည်း လှပကာ ကြည်လင်နေသည်။ ကလေးငယ်တစ်ယောက်ကဲ့သို့ ကြည်လင်သန့်စင်သော အကြည့်က ကြည့်မိသူတိုင်း၏ ရင်ထဲတွင် စွဲထင်နေနိုင်သည်။

ကျန်းရီသည် တစ်ချက်ကြည့်ပြီးနောက် ဆက်မကြည့်ဝံ့တော့ပေ။ ထို့ကြောင့် သူ ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူတော်စင်ဧကရီက ကျွန်‌တော်နဲ့ ပတ်သတ်တဲ့အကြောင်းတချို့ကို သိထားပုံပဲ။ ကျွန်တော်နဲ့ မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်တို့ ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးတစ်ခု ရှိပါတယ်။ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေထဲ ထပ်ဝင်လာတာကို မြောက်ဘက်ဧကရာဇ် သိသွားရင် သူက ကျွန်တော့်ကို ကိုယ်တိုင် သတ်ပါလိမ့်မယ်။ ကျွန်တော် ဖန်စေတီကို ယူနိုင်ခဲ့ရင်တောင် သူတော်စင်ဧကရီဆီ ပြန်ပို့ချင်မှ ပြန်ပို့နိုင်ပါလိမ့်မယ်”

“အဲ့ဒါက အရေးမကြီးပါဘူး”

သူတော်စင်ဧကရီက သူမ၏ အင်္ကျီလက်ကို သိမ်းကာ ပြောလိုက်သည်။

“ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီးရင် ကျန်တာတွေကို ကောင်းကင်ဘုံရဲ့ အလိုအတိုင်းပဲ ထားလိုက်ရုံပဲ။ မင်း မကြိုးစားကြည့်ရင် မင်းမလုပ်နိုင်ဘူးဆိုတာကို ဘယ်လိုလို့ သေချာသိနိုင်မလဲ”

“ကောင်းပါပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေမှာ သေသွားရင် လောရွှယ်ကို စောင့်ရှောက်ပေးဖို့ ကျွန်တော် သူတော်စင်ဧကရီကို တောင်းဆိုချင်ပါတယ်”

သူတော်စင်ဧကရီက ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ပြန်ပြော၏။

“မင်း သေသေ၊ ရှင်ရှင် စုလောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေသေးသ၍ ငါက သူ့ကို သေချာပေါက် စောင့်ရှောက်မှာပါ”

“ဟူး...ဟူး...”

ကျန်းရီ သက်ပြင်းနှစ်ချက် မှုတ်ထုတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“သူတော်စင်ဧကရီ... တကယ်လို့ ကျွန်တော် ဖန်စေတီကို ပြန်ယူလာပေးနိုင်ရင် စုလောရွှယ်ကို အကောင်းအတိုင်း ပြန်ပေးမှာမလား။ ကျွန်တော် ဆိုလိုချင်တာက စုလောရွှယ်က မှတ်ဉာဏ်တွေ ပြန်ရပြီး ဝိညာဉ်သန့်စင်ရေကန်ကိုလည်း စွဲလမ်းနေမှာ မဟုတ်တော့ဘူးမလားဆိုတာပါ”

“ဟုတ်တယ်...”

သူတော်စင်ဧကရီက ပြောလိုက်သည်။

“မင်းသာ ဖန်စေတီကို ပြန်ယူလာပေးနိုင်ရင် ငါ မင်းဆီ စုလောရွှယ်ကို အကောင်းပကတိအတိုင်း ပြန်ပေးမယ်”

“ဟုတ်ကဲ့ပါ”

ကျန်းရီက လက်ဆုပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အဲ့လိုဆိုရင် သူတော်စင်ဧကရီ တစ်ယောက်ယောက်ကို ကျွန်တော့်ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းအပြင် လိုက်ပို့ခိုင်းလို့ ရမလားခင်ဗျား။ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေဆီ ချက်ချင်းသွားပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ဝင်ပါမယ်”

“ချက်ချင်းကြီး သွားတော့မလို့လား”

သူတော်စင်ဧကရီ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။ အောင်းလုက ဆန်းကြယ်နတ်ဘုရားတောင်တွင် အကာအရံများ ဆင်ခဲ့ကြောင်းကို သူမ မသိပေ။ ထို့ကြောင့် သူမ မေးလိုက်သည်။

“မင်းက အရင်ဆုံး စုလောရွှယ်နဲ့ မတွေ့ချင်ဘူးလား”

“မလိုပါဘူး”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် ခါးသီးနာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ မျက်လုံးမှိတ်ကာ ပြောလိုက်သည်။

“သူက ကျွန်တော့်ကို မမှတ်မိမှတော့ တွေ့လည်း ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် အတိတ်ကို မေ့နေတာက သူ့အတွက် ကောင်းပါတယ်။ သူတော်စင်ဧကရီ ကျွန်တော် သွားပါတော့မယ်”

ကျန်းရီက မျက်စိမှိတ်လိုက်ပြီး လက်ယှက်ကာ ဦးညွှတ်လိုက်သည်။ ထို့နောက် သူ ပြတ်ပြတ်သားသားဖြင့် နောက်လှည့်ထွက်သွားလေသည်။ ပဉ္စမအကြီးအကဲက အပြင်ဘက်တွင် စောင့်နေသည်။ သူမသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ တပည့်နှစ်ယောက်အား ကျန်းရီကို တည်နေရာပြောင်းရွှေ့အစီအရင်ထံ ခေါ်သွားရန် အချက်ပြလိုက်သည်။

ပဉ္စမအကြီးအကဲသည် ကျန်းရီတစ်ယောက် အဝေးရှိ တည်နေရာပြောင်းရွှေ့အစီအရင်ထံ လျှောက်သွားသည်ကို ကြည့်ရင်း အတန်ငယ် တွေဝေနေ၏။ ထို့နောက် သူမ အနောက်ခြံဝန်းထဲသို့ ခပ်သွက်သွက် ဝင်သွားပြီး အပန်းဖြေအဆောက်အအုံလေးဆီ လျှောက်သွားကာ လက်ဆုပ်၍ ပြောလိုက်လေသည်။

“သူတော်စင်ဧကရီ... ကျန်းရီ ထွက်သွားပါပြီ”

“အင်း...”

သူတော်စင်ဧကရီက ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ကို ဆက်သောက်နေသည်။ သူမ၏ မျက်နှာထားတွင် မြင်သာသော ပြောင်းလဲမှု မရှိပေ။ ပဉ္စမအကြီးအကဲသည် ခေတ္တမျှ စောင့်နေပြီးနောက် အံကြိတ်ကာ မေးလိုက်၏။

“သူတော်စင်ဧကရီ... ကျန်းရီကို အခုလို ဖိအားပေးတာက.. တကယ်လို့ သူ အရှေ့ဘက် တော်ဝင်နယ်မြေမှာ သေသွားရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ဆန်းကြယ်နတ်ဘုရားတောင်က အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ အလယ်မှာရှိတာ။ တိုက်ပွဲဧကရာဇ်ကလည်း အဲ့တောင်ခြေမှာ နေတာ...”

“ကျန်းရီ ဆန်းကြယ်နတ်ဘုရားတောင်ပေါ် တက်သွားရင် တိုက်ပွဲဧကရာဇ်က ချက်ချင်း သိလိုက်မှာပဲ။ ပြီးတော့ မြောက်ဘက်ဧကရာဇ်ရဲ့ကိစ္စလည်း ရှိသေးတယ်။ ကျန်းရီက ဝူမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်ဖြတ်ခဲ့လို့ ဝူမျိုးနွယ်က လုံးဝအရှက်ရခဲ့ရတာ။ ကျန်းရီ အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်နေတယ်ဆိုတာသာ ပေါ်သွားရင် သူ ထွက်ပြေးဖို့အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး...”

“မင်း မှားနေပြီ”

သူတော်စင်ဧကရီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပဉ္စမအကြီးအကဲကို လှည့်ကြည့်လိုက်၏။

“ငါက သူ့ကို ဖိအားပေးတာ မဟုတ်ဘူး။ သူ ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်လာခဲ့တဲ့နေ့ကတည်းက သူ့ရဲ့ အနာဂတ်က ကြိုတင်သတ်မှတ်ခံလိုက်ရပြီးပြီ။ ဒီလမ်းကို သူ့ဘာသာ ရွေးချယ်ခဲ့တာ၊ သူ လမ်းဆုံးရောက်တဲ့အထိ လျှောက်ရလိမ့်မယ်။ ကျရှုံးတာ၊ အောင်မြင်တာကတော့ သူ့ရဲ့ ကံကြမ္မာအပေါ် မူတည်တယ်”

“ဒါပေမဲ့...”

ပဉ္စမအကြီးအကဲက စိတ်လှုပ်တရှားဖြင့် ဆက်ပြောရန် ဟန်ပြင်လိုက်၏။ သို့သော် သူတော်စင်ဧကရီက လက်ဝှေ့ယမ်းကာ တားလိုက်သည်။

“တော်လောက်ပြီ... ဆက်မပြောနဲ့တော့။ ကျန်းရီနဲ့ ပတ်သတ်တဲ့ ကိစ္စမှာ မင်းတို့ ဝင်မပါကြနဲ့။ သူက အဲ့လို အခက်အခဲ၊ အဟန့်အတား အသေးလေးတွေကိုတောင် မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ် အထွတ်အထိပ်အထိ တက်လှမ်းနိုင်မှာလဲ”

“ဟူး...”

ပဉ္စမအကြီးအကဲက သက်ပြင်းလေးလေးချလိုက်၏။ သို့သော် သူမ ဆက်မပြောဝံ့တော့ပေ။ သူတော်စင်ဧကရီသည် ဆုံးဖြတ်ချက်ချပြီးလျှင် ပြင်တတ်သူမဟုတ်ကြောင်း သူမ ကောင်းစွာ သိသည်။ ထို့ပြင် ကျန်းရီကလည်း ထွက်သွားပြီးပေပြီ။ ယခုဆိုလျှင် သူက ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားနေလောက်ပြီဖြစ်သည်။ ထို့ကြောင့် နောက်ကျသွားပေပြီ။

ပဉ္စမအကြီးအကဲ အပြင်သို့ ပြန်ထွက်သွားလိုက်သည်။ ကျန်းရီက တည်နေရာပြောင်းရွှေ့သွားပြီလောဟု သူမ အတည်ပြုလိုနေသည်။ သူမ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ခပ်သွက်သွက် သွားလိုက်သည်။ သို့သော် သူမ အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

“လောရွှယ်... မင်း ဘာလုပ်နေတာလဲ”

ပဉ္စမအကြီးအကဲ၏ မျက်ဝန်းများထဲတွင် အပြစ်ရှိဟန် အရိပ်အယောင်တစ်ခု ဖြတ်ခနဲ ထွက်ပေါ်လာကာ၊ ဖြတ်ခနဲ ပြန်ပျောက်သွားသည်။ သူမသည် တည်နေရာပြောင်းရွှေ့အစီအရင်၏ တောင်ဘက်ရှိ သစ်ပင်လေးတစ်ပင်အောက်တွင် ရပ်နေသော စုလောရွှယ်ကို ကြည့်လိုက်၏။ ထို့နောက် သူမ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

“မင်းက ဘာလို့ ကျင့်ကြံမနေတာလဲ”

“ပဉ္စမအကြီးအကဲ... အဲ့လူ ထွက်သွားပြီ”

စုလောရွှယ်၏ ဖြူဖျော့နေသော မျက်နှာလေးပေါ်တွင် ရှုပ်ထွေးသော ခံစားချက်အရိပ်အယောင်များ ရှိနေသည်။ သူမက တည်နေရာပြောင်းရွှေ့အစီအရင်ကို ညွှန်ပြ၍ ပြောလိုက်သည်။

“အဲ့လူက တည်နေရာပြောင်းရွှေ့သွားပြီ။ ပဉ္စမအကြီးအကဲ... သူက ဘယ်သူလဲ။ သူက ကျွန်မကိုသိတာလား။ ဘာလို့ သူက ကျွန်မကို အမြဲ အဲ့လိုမျက်နှာထားနဲ့ ကြည့်နေရတာလဲ။ သူ ထွက်သွားတော့ ဘာလို့ ကျွန်မက... စိတ်မကောင်းသလို ခံစားနေရတာလဲ”

“အရူးမလေး...”

ပဉ္စမအကြီးအကဲ၏ တင်းမာနေသော မျက်နှာက ပြေလျော့သွား၏။ သူမ၏ မျက်ဝန်းများထဲတွင် သနားသည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။ သူမ စုလောရွှယ်ဆီ လျှောက်သွားလိုက်ပြီး စုလောရွှယ်၏လက်ကို ကိုင်ကာ ပြောလိုက်သည်။

“စိတ်မကောင်း မဖြစ်ပါနဲ့။ ငါ ပြောတာကို နားထောင်။ ကြိုးကြိုးစားစားသာ ကျင့်ကြံနေပါ။ သုံးနှစ်အတွင်း သူ ပြန်လာနိုင်ခဲ့ရင် သူ ဘယ်သူဆိုတာ မင်းသိလာမှာပါ”

“အို့...”

စုလောရွှယ်သည် ခပ်ဖွဖွ ပင့်သက်ရှိုက်လိုက်ပြီး နာခံစွာဖြင့် အဝေးရှိ အဆောက်အဦတစ်ခုဆီသို့ လျှောက်သွားလိုက်၏။ သူမ၏ ခြေလှမ်းများက ပေါ့ပါးနေသော်လည်း နောက်ကျောဘက်မှကြည့်လျှင် သူမသယ်ဆောင်ထားသော အထီးကျန်မှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပေသည်။

‘သူတော်စင်တောင်ဆီ တည်နေရာပြောင်း‌ရွှေ့လာတာလား။ ပြီးတော့ တည်နေရာပြောင်းရွှေ့တဲ့အချိန်က မကြာဘူး။ ကြည့်ရတာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အပြစ်ဆေးကြောဒေသနဲ့ ဆင်တူတဲ့ ဆန်းကြယ်နယ်မြေတစ်ခုကို ဖန်တီးထားတဲ့ပုံပဲ’

ကျန်းရီသည် တည်နေရာပြောင်းရွှေ့ပြီးနောက် သူတော်စင်တောင်ကို မြင်လိုက်ရ၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ သူ၏ ခန့်မှန်းချက်က မှန်ပေသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း တည်ရှိသောနေရာကို စွမ်းအားကြီး မှော်စွမ်းရည်တစ်ခုကို အသုံးပြု၍ ဖန်တီးထားခြင်းပင်။ ထို့ပြင် ၎င်းနေရာက သူတော်စင်တောင်၏ မြောက်ဘက်တွင် တည်ရှိသည်။ သို့သော် သူသာ တည်နေရာမပြောင်း‌ရွှေ့ခဲ့လျှင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို တစ်သက်လုံး ရှာတွေ့မည် မဟုတ်ပေ။

“သွားမယ်...”

ကျန်းရီသည် သူ‌တော်စင်တောင်ပေါ်ရှိ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူအချို့ကို ခေါင်းဆတ်ပြလိုက်ပြီး တောင်ဘက်သို့ ပျံသန်းသွားလိုက်သည်။ နှင်းဒေသမှ ကိစ္စများက ပြီးဆုံးသွားပြီဖြစ်၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ရန် အချိန်ကျပေပြီ။ သူ ဆန်းကြယ်နတ်ဘုရားတောင်ကို ရောက်ချိန်တွင် အောင်းလုဆင်ခဲ့သော အကာအရံများကလည်း လျော့လျဲနေလောက်ပြီဖြစ်သည်။

ကျန်းရီ ကောင်းကင်ရှောင်တိမ်းခြင်းကို ချက်ချင်း အသုံးမပြုလိုက်ပေ။ ပတ်ဝန်းကျင်တွင် အပြင်လူများ ရှိနေသည် မဟုတ်ပါလား။ သူသည် တောင်ဘက်သို့ ဆယ်ကီလိုမီတာ ပျံသန်းပြီးနောက် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရန် ဟန်ပြင်လိုက်၏။

“မိုရှင်း...”

ရုတ်တရက် ကျန်းရီ၏ အရှေ့ဘက် ပေတစ်ထောင်အကွာရှိ နှင်းထုက ပေါက်ကွဲထွက်သွားပြီး အရိပ်တစ်ခု ပျံထွက်လာလေသည်။ ထို့နောက် ရင်းနှီးသော အသံတစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။

ကျန်းရီ တုန်ယင်သွားပြီး အရှေ့ဘက်သို့ ကြည့်လိုက်၏။ မျက်ရည်ရွှဲနေသော မျက်နှာလေးကို သူ မြင်လိုက်ရသည်။ ပျံထွက်လာသော အရိပ်က အနက်ရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ပင်။ သူမ၏ မျက်ဝန်းများက သူ့ကို စိုက်ကြည့်နေသည်။ သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ်လေးကလည်း အတန်ငယ် တုန်ယင်နေသည်။

“မိုယောင်အာ...”

ကျန်းရီ ခါးသီးစွာဖြင့် မျက်လုံးများ မှိတ်လိုက်၏။ သူ့လက်နှစ်ဘက်မှနေ၍ အဖြူရောင်အလင်းများ ထွက်လာသည်။ ထို့နောက် သူ အာကာပြင်ကို စုတ်ဖြဲလိုက်ပြီး အပြဲကြောင်းအတွင်းသို့ ဝင်သွားလိုက်သည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ထွက်သွားတော့မည့် အခိုက်တွင် မိုယောင်အာကို နောက်တစ်ခေါက် လှည့်ကြည့်လိုက်၏။ ပြီးနောက် သူ နှုတ်ခမ်းလှုပ်ကာ အသံပို့လွှတ်လိုက်သည်။

“မိုယောင်အာ... ငါ ကျန်းရီက ကတိပေးခဲတယ်။ ဒါပေမဲ့ ငါက ကတိပေးပြီးရင် အဲ့ကတိကို သေချာပေါက် တည်တယ်။ ငါးနှစ်ကြာပြီးလို့ မင်း ငါ့ကို မမေ့သေးဘူးဆိုရင်၊ ငါလည်း အသက်ရှင်နေဦးမယ်ဆိုရင် ငါ မင်းကို စိတ်မပျက်စေရပါဘူး”

ဝှစ်...

အာကာပြင်အပြဲကြောင်းထဲတွင် ကျန်းရီ ပျောက်ကွယ်သွားပေပြီ။ ၎င်းအပြဲကြောင်းကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် ကောင်းကင်၌ ကခုန်နေသော ငန်းတောင်ကဲ့သို့ နှင်းများနှင့် ရေခဲပြင်ပေါ်တွင် ရပ်နေသော အထီးကျန်လူသားတစ်ယောက်သာ ကျန်ခဲ့လေတော့သည်။

***

All Chapters