ယဉ်ရို့ပင်း၏ စေ့စပ်ကြောင်းလမ်းမှု
Vol. 76 Ch. 1049
နှင်းဒေသရှိ အာကာပြင်က အလွန်ခိုင်မာသဖြင့် ကောင်းကင်ရှောင်တိမ်းခြင်း၏ သွားနိုင်သော အကွာအဝေး လျော့ကျနေသည်။ ကျန်းရီသည် လေးရက်ကြာပြီးမှ နှင်းဒေသ၏ တောင်ဘက်ရှိ ဧရိယာသို့ ရောက်လာ၏။ ယခုတွင် သူ ဝူမျိုးနွယ်၏ ဒေသလေးခုနှင့် နီးကပ်နေပေပြီ။
ကျန်းရီသည် တောင်ဘက်သို့ ဆက်သွားရန် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးဝံ့တော့ပေ။ ကောင်းကင်ရှောင်တိမ်းခြင်းက ဆန်းကြယ်သော စွမ်းရည်တစ်ခုပင်။ ကောင်းကင်ကြယ်တာရာနယ်မြေရှိ အခြားမည်သူကမှ ထိုစွမ်းရည်ကို မတတ်မြောက်ကြချေ။ ကောင်းကင်ရှောင်တိမ်းခြင်း၏ တစ်ခုတည်းသော ပြစ်ချက်မှာ မည်သည့်နေရာတွင် ပြန်ထွက်ပေါ်လာမည်ကို မသိနိုင်ခြင်းပင်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် လူများက နေရာအနှံ့တွင် ရှိနေကြသည်။ ယနေ့တွင် သူ့ကို တွေ့သွားလျှင် မနက်ဖြန်ဆိုလျှင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးက ထိုအကြောင်းကို သိသွားမည်ဖြစ်သည်။
ဆန်းကြယ်သော ငါးမျှားအဘိုးအိုက ကျန်းရီအား နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်သ၍ အရှေ့ဘက် တော်ဝင်နယ်မြေကို ခြေထပ်မချရန် ပြောခဲ့သည်။ မဟုတ်လျှင် သူသည် မြောက်ဘက်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။ ကျန်းရီက အဘိုးအို၏ စကားကို နားမထောင်လို၍ မဟုတ်ပေ။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိ။ အောင်းလုက သူကို ဆန်းကြယ်နတ်ဘုရားနန်းတော် ရစေလိုနေသည်။ ထို့ပြင် သူတော်စင်ဧကရီကလည်း သူ့ကို ဖန်စေတီ ယူခိုင်းခဲ့သည်။ ထို့ကြောင့် သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ စွန့်စား၍ သွားရမည်ဖြစ်သည်။
ကျန်းရီတွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ရှိ၍ တော်သေးပေသည်။ သူ စွမ်းအားကြီး နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်နှင့် မတွေ့ဆုံသေးသ၍ မည်သူကမှ သူ့ကို မှတ်မိမည် မဟုတ်ပေ။ သူက ယခင်ကတည်းက အစီအစဉ် ရေးဆွဲထားခဲ့သည်။ သူ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကိုစီး၍ ဆန်းကြယ်နတ်ဘုရားတောင်သို့ သွားမည်ဖြစ်သည်။ ထိုနည်းလမ်းက အတန်ငယ် နှေးနိုင်သော်လည်း ပို၍လုံခြုံမှုရှိပေသည်။
“သွားမယ်...”
ကျန်းရီသည် တစ်ခဏမျှ အနားယူပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်မံ သုံးလိုက်၏။ သို့သော် သူ တောင်ဘက်သို့ မသွားဝံ့၍ အနောက်ဘက်သို့ ဦးတည်သွားလိုက်၏။ သူသည် ရီမျိုးနွယ်၏ ဒေသလေးခုအတွင်းမှ အလယ်အလတ်အရွယ်အစားရှိသော မြို့တစ်မြို့သို့သွား၍ ကောင်းကင်ကံကြမ္မာသင်္ဘောစီးရန် ကြံရွယ်ထားခြင်းပင်။
ယခု ကျန်းရီ ရောက်နေသောနေရာက အရှေ့ဘက် တော်ဝင်နယ်မြေ၏ နယ်စပ်တွင် ဖြစ်၍ အာကာပြင်က သိပ်မခိုင်မာပေ။ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရက်ဆက်တိုက် အသုံးပြုပြီးနောက် ရီမျိုးနွယ်ပိုင်သော ဗုဒ္ဓအလင်းဒေသ၏ မြောက်ဘက်သို့ ရောက်ရှိလာသည်။
‘ရောက်တော့မယ်...’
ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်း တောက်ပလာ၏။ သူ အေးစက်၍ ရက်စက်ပုံပေါ်သော အသက်လတ်ပိုင်း လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ ထိုလူသန်ကြီးက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကောင်းကင်ဧကရာဇ် ဆဋ္ဌမအဆင့် အရှိန်အဝါ ရှိသည်။ ထိုအသွင်က များစွာ အာရုံစိုက်ခံရမည် မဟုတ်သလို ပြဿနာနှင့်လည်း မတွေ့ကြုံရနိုင်ပေ။ သာမန်လူများသည် ကောင်းကင်ဧကရာဇ် ဆဋ္ဌမအဆင့်ရှိသော လူသန်ကြီးတစ်ယောက်ကို ပြဿနာရှာဝံ့ကြမည် မဟုတ်ချေ။
ဝှစ်...
ကျန်းရီသည် နေ့ညမနား ပျံသန်းနေ၏။ ညအချိန်ဆိုလျှင် သူသည် မြင့်မားသော ကောင်းကင်ထက်မှနေ၍ ပျံသန်းပြီး ဝိညာဉ်လေများကို စုပ်ယူသည်။ နှင်းဒေသတွင် သူ ဝိညာဉ်လေများကို အမြောက်အမြား အသုံးပြုခဲ့ရသည်။ သို့သော် ဝိညာဉ်လေများက မကုန်နိုင်ပေ။ ထို့ကြောင့် သူ မစိုးရိမ်ခဲ့ချေ။
လေးရက်ကြာပြီးနောက် ကျန်းရီ မြို့ငယ်လေးတစ်မြို့၏ မြောက်ဘက်သို့ ရောက်သွား၏။ သူ ကောင်းကင်နားလည်သိမြင်ခြင်းကို သုံးကာ ထိုမြို့ကို ထောက်လှမ်းလိုက်သည်။ မြို့ထဲတွင် စွမ်းအားကြီး သိုင်းသမားများ မရှိ၍ သူ ရဲရဲတင်းတင်း ဝင်သွားလိုက်သည်။
ကျန်းရီသည် စားသောက်ဆိုင်တစ်ဆိုင်ထဲတွင် ဝင်ထိုင်လိုက်ပြီး စားပွဲထိုးကို ခေါ်၍ သူ၏လက်စွပ်အတွင်းမှာ ရွှေသစ်ရွက် အနည်းငယ်ကို ထုတ်လိုက်၏။ စားပွဲထိုးက ချက်ချင်း ပြာပြာသလဲဖြစ်သွားသည်။ ကျန်းရီ အေးစက်စက် မေးလိုက်၏။
“မင်း ငါမေးသမျှ မေးခွန်းတိုင်းကို ဖြေရမယ်။ မင်း ကောင်းကောင်းဖြေရင် ဒါတွေအကုန်လုံးက မင်းဟာပဲ”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”
စားပွဲထိုးက ခပ်သွက်သွက် ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။ သူ၏ မျက်လုံးအကြည့်များကမူ ရွှေသစ်ရွက်များအပေါ်က မခွာပေ။
“မကြာသေးခင်တုန်းက အရှေ့ဘက် တော်ဝင်နယ်မြေမှာ ဘာကြီးကြီးမားမားကိစ္စတွေ ဖြစ်သွားခဲ့လဲ”
ကျန်းရီက လက်ဖက်ရည်ခွက်ကို ခပ်ဖြည်းဖြည်း မြှောက်၍ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။
“ငါက နှစ်နှစ်လောက် အခန်းအောင်း ကျင့်ကြံနေခဲ့တာ။ အဲ့တော့ အဲ့နှစ်နှစ်အတွင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ငါ မသိဘူးဖြစ်နေတယ်”
“ကိစ္စကြီးတွေလား...”
စားပွဲထိုးက စဉ်းစားလိုက်ပြီး လက်ချိုးကာ ရေတွက်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ကျန်းရီလို့ခေါ်တဲ့ အပြစ်သားကျွန်းက သူလျှိုတစ်ယောက် ရောက်လာခဲ့တယ်။ သူက ဝူမျိုးနွယ်ရဲ့ ဒေသလေးခုကို ဗြောင်းဆန်သွားစေခဲ့တယ်။ ပြီးတော့ သူက...”
ကျန်းရီက လက်ယမ်းကာ ပြောလိုက်သည်။
“အဲ့အကြောင်းကို ငါ အခန်းအောင် မကျင့်ကြံခင်ကတည်းက ကြားခဲ့ပြီးပြီ။ အဲ့နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြောပါ”
“ဟုတ်ကဲ့ပါ...”
စားပွဲထိုးက ခေတ္တမျှ တွေးတော၍ ဆက်ပြောလိုက်သည်။
“အဲ့နှစ်မှာပဲ ရှီးမျိုးနွယ်ရဲ့ သခင်လေးက နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်... အဲ့ကိစ္စကြောင့် တော်ဝင်နယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သေးတယ်”
“ရှီးမျိုးနွယ်ရဲ့ သခင်လေးလား၊ ဘယ်တစ်ယောက်လဲ၊ ရှီးဖေးလား”
စားပွဲထိုးက ခေါင်းညိတ်ပြလိုက်သောအခါ ကျန်းရီ မျက်ခုံးပင့်လိုက်၏။ သူ အံ့အားသင့်သွားပြီး မျက်လုံးပြူးသွား၏။
အကယ်၍ တစ်စုံတစ်ယောက်က ဝူနီ သို့မဟုတ် ရီချိန်က နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု ပြောလျှင် ကျန်းရီ ထိုမျှ အံ့အားသင့်သွားမည် မဟုတ်ပေ။ သို့သော် ရှီးဖေး၏ ခြေထောက်များက ကျန်းရီ၏ ဝိညာဉ်လေများကြောင့် ပြတ်သွားခဲ့သည် မဟုတ်လော။ သူ၏ သဘာဝခန္ဓကိုယ်က ပျက်စီးသွားခဲ့ပေပြီ။ သို့ဖြစ်ရာ ရှီးဖေးက ဒုက္ခိတတစ်ယောက်ကဲ့သို့ ဖြစ်နေသင့်၏။ သူက အဘယ်သို့ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းနည်း။
ကျန်းရီက စားပွဲထိုး၏ အင်္ကျီကို ဆွဲလိုက်ပြီး ဒေါသမျက်နှာထားဖြင့် အေးစက်စက် ပြောလိုက်သည်။
“ရှီးဖေးက ခြေထောက်တွေ ပြတ်သွားပြီ မဟုတ်ဘူးလား။ မင်းက ငါ့ကို လိမ်ပြောရဲတယ်ပေါ့လေ”
“ကျွန်တော် လိမ်မပြောရဲပါဘူး၊ လိမ်မပြောရဲပါဘူး...”
ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက အလွန်အားကောင်း၏။ စားပွဲထိုးက ကြောက်ရွံ့ကာ သတိလစ်လုမတတ် ဖြစ်သွားပြီး ခပ်သွက်သွက် ပြောလိုက်လေသည်။
“အရှင်... ကျွန်တော်က အရှင့်ကို ဘယ်လိုလုပ် လိမ်ရဲမှာပါလဲ။ မိစ္ဆာဧကရာဇ်ကိုယ်တိုင် ဆန်းကြယ်နယ်မြေတစ်ခုကို သွားပြီး သခင်လေးရှီးဖေးအတွက် နဂါးညှိုးရော်မြင်ပင်ကို ယူခဲ့ပေးတာ။ သခင်လေးဖေးက ပြန်ကောင်းလာပြီးတော့ တစ်နှစ်လုံးလုံး ကြိုးကြိုးစားစား ကျင့်ကြံခဲ့တယ်... အဲ့လိုနဲ့ သူ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ...”
“လခွမ်း...”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် မွေးဖွားလာခြင်းက အမှန်တကယ် ကံကောင်းခြင်းပင်။ ပြတ်သွားသော ခြေထောက်များကိုပင် ပြန်ပေါက်လာအောင် လုပ်နိုင်သည်။ ထိုမျိုးနွယ်စုမှ သခင်လေးများက နဂါးညှိုးရော်မြက်ပင်ကို အလွယ်တကူ ရနိုင်ကြသည်။ ရှီးဖေးသည် ကျန်းရီကြောင့် ခြေထောက်များပြတ်ပြီးနောက်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့သည်။
နတ်ဘုရားတစ်ပိုင်း...
နတ်ဘုရားတစ်ပိုင်းအဆင့်က ဤလောကထဲရှိ အမြင့်ဆုံးအဆင့်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားများနှင့် သိုင်းပညာရှင်များက သန်းထောင်နှင့်ချီ၍ ရှိသော်လည်း နတ်ဘုရားတစ်ပိုင်းများက လက်တစ်ဆုပ်စာသာရှိသည်။ မိစ္ဆာဧကရာဇ်၏ ရှီးမျိုးနွယ်တွင်ပင် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်ငါးဆယ်ထက် ပိုမရှိပေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးတွင်ပင် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်တစ်ထောင်ပြည့်အောင် မရှိလောက်ချေ။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် မည်မျှခက်ခဲကြောင်း သိနိုင်သည်။ ရှီးဖေးက အမှန်ပင် ကြီးမားသော အဟန့်အတားတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည်။ သူ ဆက်၍ အသက်ရှင်နေလျှင် သေချာပေါက် မိစ္ဆာဧကရာဇ် ဖြစ်လာပေလိမ့်မည်။
“ဆက်ပြောပါ”
ကျန်းရီသည် ပြန်၍ စိတ်တည်ငြိမ်လာပြီးနောက် စားပွဲထိုး၏ အင်္ကျီစကို လွှတ်ပေးလိုက်ပြီး သူ့ထံ ရွှေသစ်ရွက်တစ်ရွက် ပစ်ပေးလိုက်သည်။ စားပွဲထိုးက ချက်ချင်း ပြုံးသွားပြီး ဆက်ပြောလိုက်သည်။
“အဲ့နောက်ပိုင်းမှာ ကိစ္စတစ်ခု ဖြစ်ခဲ့သေးတယ်။ ရှီးဖေးက နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းပြီးတာနဲ့ ဗုဒ္ဓဧကရာဇ်ရဲ့ ဒေသကို သွားပြီး သခင်မလေးရီချန်နဲ့ လက်ထပ်ခွင့် တောင်းခဲ့တယ်။ ရီမျိုးနွယ်ရဲ့ အကြီးအကဲတွေနဲ့ ဝါကြီးတဲ့သူတွေက အတော်လေး ကျေနပ်ခဲ့တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ သခင်မလေးရီချန်က သဘောမတူခဲ့ဘူး။ သူက သခင်လေးရှီးဖေးကို ငါးနှစ်အတွင်း ကြယ်ရှစ်ပွင့် သိုင်းပညာရှင် ဖြစ်လာမှ သူ့ကို ထပ်ပြီး လက်ထပ်ခွင့်တောင်းပါလို့ ပြောခဲ့တယ်”
“ဟင်းဟင်း...”
ကျန်းရီသည် စားပွဲထိုးပြောပြသော ပထမအကြောင်းအရာကို သဘောမကျသော်လည်း ဒုတိယအကြောင်းအရာကိုမူ သဘောကျသွားသဖြင့် ပြုံးလိုက်သည်။ ရီချန်က ယခင်ကကဲ့သို့ လောကထဲရှိ ယောက်ျားများကို အထင်သေးနေဆဲပင်။ ရှီးဖေးက နတ်ဘုရားတစ်ပိုင်းဖြစ်လာသော်လည်း သူမက သူ့ကို အထင်မကြီးသေးချေ။ သူမ၏ တောင်းဆိုချက်ကလည်း အချိန်ဆွဲသည့် ဗျူဟာတစ်ခုသာဖြစ်သည်။
စားပွဲထိုးက ခေတ္တမျှ ရပ်နေပြီးနောက် ဆက်ပြောလိုက်၏။
“အဲ့နောက်မှာလည်း နောက်ထပ်ကိစ္စကြီးတစ်ခု ဖြစ်ခဲ့သေးတယ်။ လွန်ခဲ့တဲ့ နှစ်လက ဖြစ်ခဲ့တာ။ ကျန့်မျိုးနွယ်ရဲ့ ပထမသခင်လေး ကျန့်ထျန်းလဲ့က အခန်းအောင်း ကျင့်ကြံတာကနေ ထွက်လာခဲ့တယ်။ သူက အသက်သုံးဆယ်အရွယ်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ တော်ဝင်နယ်မြေတစ်ခွင်လုံး အံ့အားသင့်သွားခဲ့တယ်”
“ဘာ...”
ကျန်းရီ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ စားပွဲထိုး၏ အင်္ကျီကို ထပ်မံဆွဲမိမလိုပင် ဖြစ်သွားသည်။ ယနေ့ခေတ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အလွန်လွယ်ကူနေပြီလော။ မည်သူမဆို ထိုအဆင့်သို့ ရောက်နိုင်နေပြီလော။ ထို့ပြင် အသက်သုံးဆယ်အရွယ်နှင့်ပင် ထိုအဆင့်သို့ ရောက်နိုင်သည်လော။
စားပွဲထိုးက ကျန်းရီ၏ မျက်နှာထားကို သတိမပြုမိဘဲ ဆက်ပြောလိုက်သည်။ သူ ဆက်ပြောလိုက်သောစကားက ကျန်းရီကို အလွန်အံ့အားသင့်သွားစေသည်။
“ကျန့်ထျန်းလဲ့က အခန်းအောင်းကျင့်ကြံတာကနေ ထွက်လာချင်းချင်းပဲ တိုက်ပွဲဧကရာဇ်နဲ့အတူ ယဉ်ဧကရာဇ်မြို့ကိုသွားပြီး ယဉ်ရို့ပင်းနဲ့ လက်ထပ်ခွင့် တောင်းခဲ့တယ်။ ယဉ်ဧကရာဇ်က သဘောတူခဲ့တယ်... မင်္ဂလာရက်တောင် သတ်မှတ်ပြီးပြီ။ တစ်နှစ်နေရင် လက်ထပ်ကြမှာ။ အခုကနေဆိုရင်တော့ နောက်ကိုးလနေရင်ပေါ့”
ဝုန်း...
ကျန်းရီသည် ခံစားချက်မျိုးစုံကို တစ်ပြိုင်တည်း ခံစားလိုက်ရ၏။ သူ့ဦးနှောက်ထဲတွင် ဉာဏ်ထက်သော မိန်းမပျိုလေးတစ်ယောက်၏ပုံရိပ်နှင့် အခြားပုံရိပ်များစွာ ထွက်ပေါ်လာသည်။ သူ့တွင် ယဉ်ရို့ပင်းနှင့် အမှတ်တရများစွာရှိ၏။ အထူးသဖြင့် အပြစ်ဆေးကြောဒေသအပြင်ဘက်တွင် ယဉ်ရို့ပင်းက သူ့အရှေ့တွင် ကာပေး၍ သူနှင့်အတူ သေရန် အဆင်သင့်ဖြစ်နေခဲ့သော ပုံရိပ်က သူ့ရင်ထဲတွင် စွဲထင်နေပေသည်။ ထို့ကြောင့် သူ ပို၍ပင် စိတ်လှုပ်ရှားလာသည်။
ရီချန်နှင့် ယဉ်ရို့ပင်းတို့ နှစ်ယောက်စလုံးက အကြွင်းမဲ့လှပသော မိန်းမလှလေးများဖြစ်ကြသည်။ ထို့ကြောင့် ကျန်းရီတစ်ယောက် ရင်ထဲတွင် အမြဲလွန်ဆွဲနေခဲ့ရသည်။ သူက သူမတို့ကို သဘောမကျဟုဆိုလျှင် လိမ်နေခြင်းသာ ဖြစ်ပေမည်။ သူက သွေးအေးသူတစ်ယောက်မဟုတ်ဘဲ သာမန်လူတစ်ယောက်သာဖြစ်သည်။ သူမတို့နှစ်ယောက်က အလွန်ချောမောလှပသဖြင့် ယောက်ျားတိုင်းက သူမတို့ကို စိတ်ဝင်စားကြမည်သာ။ ထို့ပြင် သူနှင့် သူမတို့နှစ်ယောက်ကြား၌ ရှုပ်ထွေးသော ဆက်ဆံရေးတစ်ခု ရှိနေပေသည်။
သို့သော် ကျန်းရီသည် သူ၏ခံစားချက်များကို အမြဲချိုးနှိမ်ထားခဲ့သည်။ သူက ရှန်းစီမျိုးနွယ်စုသို့ သွားခဲ့ပြီး အောင်းလုနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိသဖြင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရန်သူများဖြစ်ရပေတော့မည်။ သူနှင့် ထိုမိန်းမပျိုလေးနှစ်ယောက်တွင် မည်သည့်အနာဂတ်မှ မရှိနိုင်ချေ။ ထို့ကြောင့် သူသည် ထိုကိစ္စအကြောင်းကို တွေးပင် မတွေးဘဲ အမြဲရှောင်နေခဲ့သည်။
ကျန်းရီသည် စုလောရွှယ်ကို ကယ်တင်ရန်နှင့် ရီဖျောင်ဖျောင်ကို ရှာရန် အရှေ့ဘက် တော်ဝင်နယ်မြေသို့ လာခဲ့ခြင်းပင်။ မဆိုင်သော ကိစ္စများကို လုပ်ရန် သူ့တွင် အချိန်မရှိပေ။ ထို့ကြောင့် ဗုဒ္ဓတောင်တွင် ယဉ်ရို့ပင်းနှင့် ရီချန်တို့က သူ့အနားသို့ ကပ်လိုဟန် ပြခဲ့သော်လည်း သူက ခပ်တင်းတင်းဖြင့် ရှောင်ရှားခဲ့ခြင်းပင်။
သို့သော် ယခုတွင်မူ ယဉ်ရို့ပင်းက အခြားတစ်ယောက်နှင့် လက်ထပ်တော့မည်ဟု ကြားလိုက်ရသောအခါ ကျန်းရီ စိတ်မသက်မသာ ဖြစ်သွားသည်။ သူ ဝမ်းမသာနိုင်ပေ။ ယင်းက လူသားများ၏ သဘာဝဖြစ်ပုံပင်။ တစ်စုံတစ်ခုကို မိမိက မလိုချင်ဟု ဆုံးဖြတ်ခဲ့သော်လည်း ထိုအရာကို အခြားသူများက ယူမည်ဆိုလျှင် စိတ်မကျေနပ်နိုင်ချေ။
“ဟင်းဟင်း...”
ကျန်းရီတစ်ယောက် သူခံစားနေရသော ခံစားချက်များကြောင့် သူ့ကိုယ်သူ လှောင်လိုက်၏။ အခြေအနေများက ဤမျှအထိ ဖြစ်လာပေပြီ။ ထိုကိစ္စများကို တွေးနေရန် အချိန်မရှိတော့ပေ။ ထို့ပြင် ဖြစ်လာမည့် ကိစ္စများကို တား၍မရချေ။ သူက အရာအားလုံးကို မရနိုင်သည် မဟုတ်ပါလား။
‘ဆက်မတွေးတော့ဘူးကွာ။ မနက်ဖြန်ကျရင် ငါ ဆန်းကြယ်နတ်ဘုရားတောင်ကို သွားမယ်’
ကျန်းရီ ခေါင်းခါလိုက်ပြီး သူ့ခေါင်းထဲမှ အတွေးအားလုံးကို မောင်းထုတ်ပစ်လိုက်သည်။ သူ စားပွဲထိုးကို ပြန်လွှတ်လိုက်ပြီး သူငှားထားသော အခန်းထဲသို့ သွားကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူသည် ဤတစ်ကြိမ်တွင် ဆန်းကြယ်နတ်ဘုရားတောင်၌ မည်သည့်ကိစ္စများ ဖြစ်လာမည်နည်းဟု တွေးလိုက်သည်။ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ အထိအခိုက်မရှိ ဝင်၍ ဖန်စေတီကို ယူနိုင်ပါမည်လော။
***