နောက်ဆုံးတော့ သခင်လေး ပြန်ပေါ်လာပြီပေါ့
Vol. 76 Ch. 1050
နောက်တစ်နေ့တွင် ကျန်းရီသည် အနီးရှိ အလယ်အလတ်အရွယ်အစားရှိသော မြို့တစ်မြို့သို့ သွားလိုက်၏။ သူသည် မြို့ထဲသို့ မဝင်ခင်တွင် မထင်မရှားမျိုးနွယ်လေးတစ်ခုမှ သခင်လေးတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်ပြီး အခြားစားသောက်ဆိုင်တစ်ခုကို ရှာကာ သတင်းအချက်အလက်များ ထပ်မံ စုဆောင်းလိုက်သည်။
ယခင်စားသောက်ဆိုင်မှ စားပွဲထိုးက ကျန်းရီကို မလိမ်ခဲ့ပေ။ ရှီးဖေးက အမှန်ပင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကျန့်မျိုးနွယ်မှ ပထမသခင်လေးကလည်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ဖြစ်လာပြီး ယဉ်ရို့ပင်းနှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။
သို့သော် လက်ထပ်ပွဲကို တစ်နှစ်နေမှ ကျင်းပရန်မှာမူ ယဉ်ရို့ပင်း၏အကြံဖြစ်ပုံပေါ်သည်။ သူမက အချိန်ဆွဲနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့ရာတွင် သူမ၏ မျိုးနွယ်က ဖိအားပေးသဖြင့် သူမ တစ်နှစ်သာ အချိန်ဆွဲနိုင်ခဲ့သည်။
မျိုးနွယ်ကြီးများတွင် မွေးဖွားလာသူတိုင်း၏ မင်္ဂလာကိစ္စမှာ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ ယဉ်ရို့ပင်းက နံ့သာသခင်မမျိုးနွယ်မှလည်းဖြစ်သည်။ ထိုအကြောင်းကို မျိုးနွယ်ကြီးများမှ သခင်လေးများအားလုံးက သိကြသည်။ ယောက်ျားအားလုံးသည် ထိုပြိုင်ဘက်ကင်းအလှပဂေးလေးကို လိုချင်ကြသည်။ ထို့ကြောင့် ယဉ်မျိုးနွယ်က မည်သူ့အား ရွေးချယ်မည်ကိုသာ ကြည့်ရမည်ဖြစ်သည်။
ကျန့်မျိုးနွယ်က အလွန်အင်အားကြီးသည်။ တိုက်ပွဲဧကရာဇ်ကလည်း ကြယ်ကိုးပွင့် ပညာရှင်ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာမူ ကျန့်ထျန်းလဲ့က နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။ သူက ရှီးဖေးနှင့် အဆင့်တူသွားပြီဖြစ်ပြီး နောင်တွင်လည်း တိုက်ပွဲဧကရာဇ်အသစ် ဖြစ်လာနိုင်သည်။ ကျန့်မျိုးနွယ်၏ အနာဂတ်ခေါင်းဆောင်နှင့် ရွှေလမ်းငွေလမ်းဖောက်ရန်မှာ ယဉ်မျိုးနွယ်၏ မျှော်မှန်းချက်နှင့် ကိုက်ညီပေသည်။
ရီချန်သည်လည်း ဖိအားများစွာကို ခံခဲ့ရသည်။ သို့သော် သူမက ကံကောင်းခဲ့သည်။ သူမထံတွင် ဇင်နှလုံးသားကို ကျင့်ကြံသော အဘိုးတစ်ယောက် ရှိပေသည်။ ထိုကျင့်စဉ်က မိမိ၏နှလုံးသားနောက်သို့ လိုက်ကာ မိမိ၏ဆန္ဒအတိုင်း ပြုမူရန်ဖြစ်သည်။ မဟုတ်လျှင် သူမသည်လည်း ယဉ်ရို့ပင်းနှင့် အခြေအနေတူသွားမည်ဖြစ်ပြီး မင်္ဂလာကိစ္စကို ငြင်းနိုင်ခဲ့မည် မဟုတ်ချေ။
ထိုကိစ္စအချို့မှလွဲက အရှေ့ဘက် တော်ဝင်နယ်မြေက အတော်လေး အေးချမ်းနေခဲ့သည်။ မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်က အလွန်တိတ်ဆိတ်နေခဲ့ပြီး ဝူနီကလည်း အရိပ်အယောင်ပင် မမြင်ရအောင် ပျောက်ကွယ်သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ့ကို တစ်ကြိမ်ပင် မမြင်ခဲ့ရချေ။
ကျန့်ဝူယင်းက ထပ်မံအဆင့်တက်သွားကြောင်းကိုလည်း ဖော်ပြရပေမည်။ သူသည် ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ခဲ့ပြီး ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကျန့်ဝူယင်း၏ ကျင့်ကြံနှုန်းက အလွန်မြန်သည်။ ကျန်းရီသာ နောက်နှစ်နှစ်နေမှ ပြန်လာခဲ့လျှင် ကျန့်ဝူယင်းက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သွားဟူသော သတင်းကို ကြားရလောက်သည်။
‘ထားလိုက်ပါတော့... ငါတို့ရဲ့ လမ်းကြောင်းတွေက တူမှမတူတာ၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြလောက်ပါဘူး။ အနာဂတ်အကြောင်းကို စဉ်းစားနေလဲ ဘာအကျိုးမှမရှိဘူး’
ကျန်းရီသည် ခေါင်းခါလိုက်ပြီး သူ့ခေါင်းထဲမှ အနှောင့်အယှက်ဖြစ်ဖွယ် အတွေးများအားလုံးကို မောင်းထုတ်ပစ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် အလင်းရောင် လင်းလက်လာပြီး အစိမ်းရောင်ပုလဲလုံးတစ်လုံး ထွက်ပေါ်လာသည်။ သူက အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားတစ်ယောက်ကို ဆက်သွယ်လိုနေခြင်းပင်။ သို့သော် သူ နှစ်နာရီကြာ စောင့်နေပြီးနောက်တွင်ပင် မည်သည့်တုံ့ပြန်မှုမှ ပြန်ရောက်မလာပေ။ ဤမြို့တွင် အရိပ်ဧကရာဇ်၏ သူလျှို့များ မရှိချေ။
‘သွားတာပေါ့...’
ကျန်းရီ ထရပ်လိုက်ပြီး ထန်မျိုးနွယ်၏ ကုန်သည်အဖွဲ့ခွဲတစ်ခုသို့ သွားလိုက်သည်။ သူသည် ထန်မျိုးနွယ်က ပေးထားသော အမိန့်ပြားများကို ထုတ်မပြဘဲ ပုံမှန်ဈေးနှုန်းအတိုင်း ကောင်းကင်ကျောက်တုံးများကို ပေးလိုက်၏။ အမိန့်ပြားများတွင် ထန်မျိုးနွယ်၏ သင်္ကေတများပါ၍ သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ သူက ထန်မျိုးနွယ်နှင့် အမြဲကောင်းမွန်သောဆက်ဆံရေးရှိခဲ့သော်လည်း သူတို့က စီးပွားရေးသမားစစ်စစ်များ ဖြစ်သည်။ ထို့ကြောင့် သူတို့က သူ့ကို သစ္စာဖောက်မည်၊ မဖောက်မည်ကို အတပ်မပြောနိုင်ချေ။
ကျန်းရီသည် ဆန်းကြယ်ကောင်းကင်မြို့အထိ လက်မှက်မဖြတ်လိုက်ဘဲ ကောင်းကင်ဒေသအထိသာ လက်မှတ်ဖြတ်လိုက်သည်။ သူ ကောင်းကင်ဒေသသို့ သွား၍ လိပ်ပြာသခင်မမျိုးနွယ်နှင့် ကလေးနှစ်ယောက်ကို သွားတွေ့လိုနေသည်။ ထိုနည်းဖြင့် သူ၏ ခြေရာလက်ရာကိုလည်း ဖျောက်နိုင်ပေလိမ့်မည်။ ဆန်းကြယ်ကောင်းကင်မြို့သို့ တိုက်ရိုက်သွားလျှင် ကောင်းကင်ကျောက်တုံးများစွာ ကုန်ကျမည်ဖြစ်သည်။ ထန်မျိုးနွယ်က ထိုသို့သော ကိစ္စတစ်ခုကို သေချာပေါက် မှတ်သားထားမည်ဖြစ်ပြီး သူ့အကြောင်းကိုလည်း လျှို့ဝှက်စုံစမ်းပေလိမ့်မည်။ သို့ဆိုလျှင် သူမည်သူဖြစ်ကြောင်း အလွယ်တကူ ပေါ်သွားနိုင်သည်။
ထို့ပြင် ပို၍ အရေးကြီးသော အကြောင်းတစ်ခုလည်း ရှိသေးသည်။ စေတီတောင်မှ တိုက်ပွဲတွင် ချီထျန်းယွီနှင့်သူ့လူများအားလုံး သေဆုံးခဲ့ရသည်။ ထို့ကြောင့် ကျန်းရီသည် ချီမျိုးနွယ်အပေါ် အပြစ်ရှိနေသကဲ့သို့ အမြဲခံစားခဲ့ရသည်။ ယခုတစ်ခေါက်တွင် သူ ချီမျိုးနွယ်သို့ သွား၍ ချီထျန်းချန်ကို ကိုယ်တိုင်တောင်းပန်လိုနေသည်။
ဗုဒ္ဓအလင်းဒေသနှင့် ကောင်းကင်ဒေသက သိပ်မဝေးပေ။ ဤဒေသမှ လူများက ကောင်းကင်ဒေသမှ လူများနှင့် မကြာမကြာ တွေ့ဆုံတတ်ကြသည်။ လမ်းခရီးကလည်း တစ်လကျော်လောက်သာ ကြာမည်ဖြစ်၍ စိုးရိမ်စရာမရှိပေ။
အမှန်တွင် ကျန်းရီသည် အစီအစဉ်ချချိန်၌ အတန်ငယ် ချီတုံချတုံ ဖြစ်ခဲ့၏။ သူ ဗုဒ္ဓတောင်၏ မြောက်ဘက်ရှိ ရေကန်သို့ သွားလိုသည်။ သို့သော် သူသည် ဆန်းကြယ်သော အဘိုးအို၏ စကားများကို ပြန်စဉ်းစားမိသောအခါ ထိုနေရာသို့ မသွားဝံ့တော့ပေ။ အဘိုးအို၏စကားက အလွန်ရှင်းသည်။ သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်သေးဘဲ ထိုနေရာသို့ သွားလျှင်လည်း အဘိုးအိုက သူ့ကို ထွက်တွေ့မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် ထိုသို့သွားရန်ကို အချိန်တစ်ခုအထိ မေ့ထားရပေဦးမည်။
ငါးရက်ကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘော ဆိုက်ရောက်လာ၏။ ကျန်းရီသည် မျိုးနွယ်လေးတစ်ခုမှ သခင်လေးတစ်ယောက်အဖြစ် အသွင်ပြောင်းကာ သင်္ဘောပေါ်သို့ တက်သွားလိုက်၏။ လမ်းခရီးက အလွန်အေးချမ်းခဲ့၏။ ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းကလည်း ပတ်ဝန်းကျင်ကို မပြတ်ထောက်လှမ်းနေသည်။ သို့သော် သူ သံသယဖြစ်စရာ အရာများကို မတွေ့ခဲ့ပေ။
ကျန်းရီသည် သင်္ဘောပေါ်တွင် နှစ်ရက် နေပြီးနောက် သင်္ဘောပေါ်ရှိ အဆတစ်ရာလျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွားလိုက်၏။ ကျန်းရီ၏ ဆဋ္ဌမမြောက် ကြယ်စက်လုံးက ပြောင်းလဲပြီးသွားပေပြီ။ သူ၏ အတွင်းအားအဆင့်ကလည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ သာမန်လူတစ်ယောက်သာဆိုလျှင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုကို မရသ၍ အတွင်းအားကို ဆက်ကျင့်ကြံတော့မည် မဟုတ်ပေ။ ကျင့်ကြံလျှင်လည်း အတွင်းအားက ဆက်တိုးတက်လာမည် မဟုတ်ချေ။
သို့သော် ကျန်းရီက ကွဲပြားပေသည်။ သူ၏ ဒန်တျန်က ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး ကြယ်စက်လုံးကိုးလုံး ထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့်အခေါက် အဆင့်တက်ခဲ့စဉ်က ကျန်းရီ တစ်ကြိမ်ကျင့်ကြံခဲ့ရာ သတ္တမကြယ်စက်လုံးက အတွင်းအား ထုတ်လွှတ်နိုင်ခဲ့၏။ သို့သော် သတ္တမကြယ်စက်လုံးအတွက် လိုအပ်သော အတွင်းအားပမာဏက ယခင်ကထက် သုံးဆပိုများပေသည်။
တစ်နည်းဆိုရလျှင် ကျန်းရီ သတ္တမကြယ်စက်လုံးကို ပြောင်းလဲစေလိုလျှင် ဤကဲ့သို့ အဆတစ်ရာလျှို့ဝှက်ကျင့်ကြံခြင်းအခန်းတွင် အနည်းဆုံး နှစ်နှစ်ဆယ် ကျင့်ကြံရပေလိမ့်မည်။
သတ္တမကြယ်စက်လုံးပြီးသွားလျှင်လည်း အဋ္ဌမကြယ်စက်လုံး ရှိပေသေးသည်။ ကျန်းရီသည် အဋ္ဌမကြယ်စက်လုံး လိုအပ်သည့် အတွင်းအားပမာဏက သတ္တမကြယ်စက်လုံး လိုအပ်သော အတွင်းအားပမာဏထက် နှစ်ဆ သို့မဟုတ် သုံးဆ ပိုများလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ထို့ကြောင့် အဋ္ဌမကြယ်စက်လုံးကို ပြောင်းလဲအောင်လုပ်ရန် အချိန်ပိုလိုပေလိမ့်မည်။ အဆတစ်ရာလျှို့ဝှက်ကျင့်ကြံခြင်းအခန်းနှင့် နဂါးညှိုးရော်မြက်ပင်ကြောင့် သူ့ခန္ဓာကိုယ်က ပိုင်ဆိုင်ထားသော ဆယ်ဆပိုမြန်သည့် ကျင့်ကြံနှုန်းကို ပေါင်းလိုက်လျှင်ပင် နှစ်ငါးဆယ်ကျော် လိုအပ်မည်ဖြစ်သည်။ အကယ်၍ နဝမမြောက်ကြယ်စက်လုံးက လိုအပ်သော အတွင်းအားပမာဏက ဆက်၍ နှစ်ဆ၊ သုံးဆ ပိုများနေဦးမည်ဆိုလျှင် အချိန်မည်မျှ လိုမည်ကို တွေး၍ပင် ကြည့်နိုင်တော့မည် မဟုတ်ပေ။
‘တစ်ခုခုတော့ မှားနေသလိုပဲ’
ကျန်းရီတစ်ယောက် အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ သူ့နဝမမြောက်ကြယ်စက်လုံးထဲတွင် ဝိညာဉ်လေများ၏ စွမ်းအင်များ ရှိနေသည်။ သို့ဖြစ်ရာ နဝမမြောက်ကြယ်စက်လုံးက အတွင်းအားများကို သိုလှောင်နိုင်ပါဦးမည်လော။ ဝိညာဉ်လေစွမ်းအင်များနှင့် အတွင်းအားများက အချင်းချင်း တွန်းကန်လောက်သည် မဟုတ်လော။
‘အဟင်း... ငါ အတွေးလွန်နေပြီ’
ကျန်းရီ အသိပြန်ကပ်လာ၏။ သူ၏ သတ္တမကြယ်စက်လုံးကို ပြောင်းလဲရန်ပင် နှစ်ပေါင်းများစွာ လိုဦးမည်ဖြစ်သည်။ ထိုအတောအတွင်း သူ သေလျှင်လည်း သေသွားနိုင်သည်။ ထို့ကြောင့် အနာဂတ်ကို ကြို၍ စဉ်းစားနေခြင်းက အကျိုးမရှိချေ။
‘ကျင့်ကြံရမယ်...’
ကျန်းရီသည် မျက်လုံးများ မှိတ်လိုက်ပြီး စတင် ကျင့်ကြံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး မှော်အတတ်များနှင့် တာအိုပုံသဏ္ဌာန်များကို လေ့လာလိုက်သည်။ သူတော်စင်ဧကရီ သုံးသွားသော မိစ္ဆာသတ်ချိပ်စည်းက သူ့အပေါ် များစွာ သက်ရောက်ခဲ့သည်။ ကြယ်ကိုးပွင့် ပညာရှင်များက မယုံနိုင်လောက်အောင် သန်မာကြသည်။ သူ ထိုအဆင့်သို့ရောက်ရန် အများကြီးလိုသေးပေသည်။
ကျန်းရီ ကျင့်ကြံနေစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ လမ်းခရီက ချောမွေ့နေဆဲပင်။ တစ်လခွဲကြာပြီးနောက် ကျန်းရီ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သင်္ဘောက ကောင်းကင်ဒေသ၏ ကြယ်တာရာမြို့သို့ ရောက်တော့ပေမည်။ ထိုမြို့က အလံနက်မြို့နှင့် သိပ်မဝေးပေ။ ရက်အနည်းငယ်လောက်သွားရုံဖြင့် ရောက်နိုင်သည်။
ကျန်းရီသည် သင်္ဘောအခန်းထဲတွင် ထိုင်၍ ကောင်းကင်နားလည်သိမြင်ခြင်းကို သုံးကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီးနောက် အနားယူလိုက်၏။ မြောက်ဘက်ဧကရာဇ်က ကြယ်ကိုးပွင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း နတ်ဘုရားအစစ်အမှန်တစ်ပါးတော့ မဟုတ်သေးပေ။ သူက အနာဂတ်ကိုလည်း မမြင်နိုင်သလို အလွန်ဝေးသောနေရာတစ်ခုကိုလည်း လှမ်းမကြည့်နိုင်ပေ။ ထို့ကြောင့် သူသည် ကျန်းရီက အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ခိုးဝင်လာသည်ကို သိမည် မဟုတ်ချေ။ ကျန်းရီ မဆင်မခြင် မပြုမူသ၍၊ သူမှန်းသိသာသော စွမ်းရည်များကို မသုံးသ၍၊ ဆူဆူပူပူဖြစ်အောင် မလုပ်သ၍ မည်သူကမှ သူ့ကို မှတ်မိမည် မဟုတ်ပေ။
ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ ဆင်းပြီးနောက် ကြယ်တာရာမြို့ထဲသို့ ဝင်လိုက်၏။ ထို့နောက် သူ စားသောက်ဆိုင်တစ်ခုသို့ သွား၍ စားပွဲထိုးတစ်ယောက်ထံမှ သတင်းအချက်အလက်များ စုံစမ်းလိုက်သည်။
ကျန်းရီသည် အလံနက်မြို့သို့ သွားလိုသော်လည်း ဆင်ကန်းတောတိုးသကဲ့သို့ သွားမည် မဟုတ်ပေ။ အကယ်၍ ချီထျန်းချန်က သူလျှိုတစ်ယောက်ဖြစ်ကြောင်း ပေါ်သွားခဲ့ပြီး ထိန်းချုပ်ခံနေရပါက သူ ထောင်ချောက်တစ်ခုအတွင်း ဝင်သွားမိသလို ဖြစ်နေပေလိမ့်မည်။
သို့သော် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အလံနက်မြို့က အေးချမ်းနေခဲ့သဖြင့် တော်သေးပေသည်။ မည်သည့်ကြီးကြီးမားမားကိစ္စမှ မဖြစ်ခဲ့ပေ။ သို့တစေ ကျန်းရီသည် လုံခြုံမှုရှိစေရန် အခြားစားသောက်ဆိုင်တစ်ခုသို့ ဆက်သွား၍ သတင်းများကို ထပ်စုံစမ်းလိုက်သည်။ အကြိမ်များစွာ အတည်ပြုပြီးမှ သူ ပထမစားသောက်ဆိုင်သို့ ပြန်သွား၍ အခန်းတစ်ခန်းငှားလိုက်သည်။ သူသည် အခန်းထဲသို့ ဝင်ပြီးနောက် အစိမ်းရောင်ပုလဲကို ထုတ်လိုက်၏။
ဒေါက်...ဒေါက်...ဒေါက်...
ဤတစ်ကြိမ်တွင်မူ တုံ့ပြန်မှုတစ်ခု ရှိလာသည်။ ငါးမိနစ်အတွင်းမှာပင် တံခါးအပြင်ဘက်မှနေ၍ တံခါးခေါက်သံများ ထွက်ပေါ်လာ၏။ သူ့ထံသို့လည်း အသံပို့လွှတ်မှုတစ်ခု ရောက်လာသည်။
“သခင်လေးက သခင်လေးရွှယ်ရီပါလား”
“ဝင်လာခဲ့ပါ”
ရွှယ်ရီဆိုသော အမည်ကို သိသောသူက အနည်းငယ်သာရှိသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ အပြင်ဘက်ရှိ အဘိုးအိုတစ်ယောက်မှလွဲက အခြားမည်သူမှ ရှိမနေပေ။
ကျွီ...
အဘိုးအိုက တံခါးကို တွန်းဖွင့်၍ အခန်းထဲသို့ ဝင်လာ၏။ သူသည် ကျန်းရီကို တွေ့သောအခါ စိတ်လှုပ်တရှားဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး အရိုအသေပေးကာ ပြောလိုက်လေသည်။
“သခင်လေး... နောက်ဆုံးတော့ သခင်လေး ပြန်ပေါ်လာပြီပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ်လုံး ကျွန်တော်တို့က သခင်လေးကို ရှာနေခဲ့တာပါ။ မျိုးနွယ်ခေါင်းဆောင်နဲ့ သခင်မကလည်း အရမ်း စိုးရိမ်နေကြပါတယ်။ ကျွန်တော် မျိုးနွယ်ခေါင်းဆောင်ဆီကို သတင်းပို့ထားပြီးပါပြီ... မကြာခင် သူ ရောက်လာပါလိမ့်မယ်”
“အာ...”
ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ အဘိုးအိုက ထိုသို့တုံ့ပြန်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ချီထျန်းချန်ကလည်း သူ့ကို စိုးရိမ်နေလိမ့်မည်ဟု သူ မထင်ထားချေ။
ကျန်းရီသည် ဖြစ်ပျက်ခဲ့သည်များကို တွေးတော၍ စိတ်မသက်သာ ဖြစ်သွား၏။ သူသည် စေတီတောင်တွင် သတ်ဖြတ်ပြီးနောက် ဆန်းကြယ်သော အဘိုးအို၏ အသံပို့လွှတ်မှုကို ရခဲ့၍ နှင်းဒေသသို့ ချက်ချင်း သွားခဲ့ခြင်းပင်။ ချီထျန်းချန်တို့အတွက် သတင်းစကားတစ်ခု ချန်ခဲ့ရန်ပင် သူ မေ့လျော့သွားခဲ့သည်။ သူတို့အားလုံးသည် သူက မြောက်ဘက်ဧကရာဇ်၏ လက်ချက်ကြောင့် သေလောက်ပြီဟု ယူဆခဲ့ကြပေလိမ့်မည်။
“ဆိုးပြီ...”
ကျန်းရီသည် အထက်ပါအကြောင်းများကို တွေးပြီးနောက် မျက်နှာထား ပြောင်းသွား၏။ ချီထျန်းချန်ပင် အလွန်စိုးရိမ်နေလျှင် ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့ကရော မည်သို့နေမည်နည်း။ အကယ်၍ ကျန်းရှောင်နူလည်း သူ ပျောက်သွားကြောင်းကို သိခဲ့လျှင် ရူးမိုက်စွာဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပြဿနာလာရှာနိုင်လောက်သည်။ သူမက သူ့ထက်ပင် ပိုခေါင်းမာသောသူတစ်ယောက် မဟုတ်ပါလား။
***