← Chapters

သက်စောင့်ဆူးချွန်များ

Vol. 76 Ch. 1051

သက်စောင့်ဆူးချွန်များ

Vol. 76 Ch. 1051

တစ်နာရီအတွင်းမှာပင် ချီထျန်းချန် ရောက်ရှိလာ၏။

နှစ်နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း ချီထျန်းချန်က ယခင်အတိုင်း တစ်ပုံစံတည်း ရှိနေသေးသည်။ သို့သော် သူသည် ကျန်းရီကို မြင်လိုက်သောအခါ ငိုမလိုပင် ဖြစ်သွား၏။ ချီထျန်းချန်က သူ့လူများကို ပြန်လွှတ်လိုက်ပြီး ကျန်းရီ၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“သခင်လေး... ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်တော်တို့ သခင်လေးကို ရှာနေခဲ့တယ်ဆိုတာ သခင်လေးသိရဲ့လား၊ ကျွန်တော်တို့ ရူးမလိုတောင် ဖြစ်လာတယ်။ သခင်လေးသာ ပေါ်မလာရင် ကျွန်တော်တို့အကုန်လုံးကို မင်းသမီးချမ်ချမ်က အရှင်လတ်လတ် အရေခွံခွာတော့မှာ”

“ဟီးဟီး”

ကျန်းရီက နှာခေါင်းကုတ်လိုက်ပြီး အတန်ငယ် ရှက်ရွံ့သွား၏။ ထို့နောက် သူ တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။

“အစ်ကိုချီ... အဲ့ဒါတွေအကုန်လုံးက ကျွန်တော့်အပြစ်တွေပါ။ အာ... ချမ်ချမ်တောင် သိနေတော့ ရှောင်နူရော ကျွန်တော် ပျောက်နေတာကို သိလား။ သူ ရူးမိုက်မိုက်တွေ လုပ်ခဲ့သေးလား။ အပြစ်သားကျွန်းကလူတွေ‌ရော သိထားလား”

“ရှောင်နူ...”

ချီထျန်းချန်က မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“ရှောင်နူက ဘယ်သူလဲ။ အပြစ်သားကျွန်က လူတွေကတော့ သိထားကြပါတယ်။ သူတို့ကလည်း သူတို့ရဲ့ အဆက်အသွယ်တွေနဲ့သူတို့ သခင်လေးကို ရှာနေကြတာ။ သခင်လေးရဲ့ ညီနောင် ချမ်ဝမ်ကွမ်းက သခင်လေးကို ရှာဖို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြေးလာခဲ့တော့မလို့.. စစ်ထူအောင်းသာ ချမ်ဝမ်ကွမ်းကို စောင့်ကြည့်ဖို့ လူတွေ စေလွှတ်မထားရင် သူ ဘာပြဿနာတွေနဲ့ ကြုံရမလဲဆိုတာ ဘယ်သူသိနိုင်မလဲ”

“အို့...”

ကျန်းရီ စိတ်အေးသွား၏။ အကယ်၍ ကျန်းရှောင်နူသာ အရှေ့ဘက် တော်ဝင်နယ်မြေသို့ လာခဲ့လျှင် အရိပ်ဧကရာဇ်က ချီထျန်းချန်ကို စေလွှတ်၍ သူမကို ကာကွယ်ပေးစေမည်ဖြစ်သည်။ ယခု ချီထျန်းချန်က သူမကို မသိသဖြင့် အောင်းလုနှင့် အရိပ်ဧကရာဇ်တို့က ကိစ္စများကို ရှောင်နူမသိအောင် ဖုံးကွယ်နိုင်ခဲ့သည့်ပုံပင်။

“အဟင်း...”

ကျန်းရီသည် ချမ်ဝမ်ကွမ်း၏ သတင်းကို ကြားပြီးနောက် ရင်ထဲတွင် နွေးထွေးသွား၏။ ထိုကောင်စုတ်သည် အိမ်ထောင်ကျပြီးပြီဖြစ်သော်လည်း အကျင့်စရိုက်များ မပြောင်းသေးပေ။

ကျန်းရီသည် ချမ်ဝမ်ကွမ်းအကြောင်းကို တွေးရင်း ကျန့်ဝူရွှမ်းကိုလည်း တွေးမိလိုက်၏။ သူ မထွက်လာခင်တုန်းက ကျန့်ဝူရွှမ်းနှင့် သဘောတူညီမှုတစ်ခု လုပ်ခဲ့သည်။ ကျန်းရီအကြောင်း ပေါ်သွားသည့်နေ့တွင် ကျန့်ဝူရွှမ်းက အရှေ့ဘက် တော်ဝင်နယ်မြေသို့ လာမည်ဖြစ်သည်။ သို့ဖြစ်ရာ ကျန့်ဝူရွှမ်းက အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်နေလောက်ပေပြီ။ ထို့ကြောင့် ကျန်းရီ ခပ်သွက်သွက် မေးလိုက်သည်။

“အစ်ကိုချီ... ကျန့်ဝူရွှမ်းက ဘယ်မှာဆိုတာ အစ်ကို သိလား။ သူလည်း အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်လာလောက်တယ်”

“ကျန့်ဝူရွှမ်း...”

ချီထျန်းချန် ထပ်၍ နားမလည်ဖြစ်သွားသည်။ သူ ခေါင်းခါက ပြောလိုက်သည်။

“ကျွန်တော် မသိဘူး။ သူ့အကြောင်းကို ကျွန်တော် သတင်းတစ်ခုမှ မရထားဘူး။ ဒီနှစ်တွေထဲ အရှေ့ဘက် တော်ဝင်နယ်မြေမှာ အဲ့နာမည်နဲ့လူအကြောင်းကို ကျွန်တော် မကြားဖူးဘူး”

“အို့...”

ကျန်းရီ မျက်နှာမည်းမှောင်သွားသည်။ ချီထျန်းချန်က သတင်းအချက်အလက်များကို စုဆောင်း၍ တာဝန်ရှိသူဖြစ်သည်။ အကယ်၍ သူက  ကျန့်ဝူရွှမ်းအကြောင်းကို မကြားဖူးလျှင် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ တစ်ခုမှာ ကျန့်ဝူရွှမ်းက သေသွားခြင်းပင်။ ကျန်တစ်ခုမှာ ကျန့်ဝူရွှမ်းက နာမည်ပြောင်းကာ ချမ်ဝမ်ကွမ်း၏ အကူအညီဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ ခိုးဝင်လာခြင်းပင်။ ထို့ကြောင့် မည်သူမှ သူ့အကြောင်းကို မသိခြင်း ဖြစ်မည်။

ကျန်းရီ ခေတ္တမျှ တွေးပြီးနောက် ပြောလိုက်၏။

“ကျွန်တော် ဘေးကင်းတယ်ဆိုတဲ့အကြောင်း အပြစ်သားကျွန်းကို ချက်ချင်း သတင်းပို့‌ပေးပါ။ ပြီးတော့ ရှောင်နူ၊ ကျန့်ဝူရွှမ်းနဲ့ အပြစ်သားကျွန်းက လက်ရှိအခြေအနေအကြောင်းကိုလည်း မေးလိုက်ပါ”

“‌ကောင်းပါပြီ”

ချီထျန်းချန်က သတင်းပို့ တံဆိပ်ပြားတစ်ခုကို ထုတ်လိုက်ပြီး ညွှန်ကြားလိုက်သည်။ ထို့နောက် သူ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ညီလေး... ဒီနှစ်နှစ်အတွင်း ဘယ်တွေ ရောက်နေခဲ့တာလဲ။ ဘာလို့ အစ်ကို့ကို မဆက်သွယ်ခဲ့တာလဲ”

“ပြောရမှာ ရှည်တယ်...”

ကျန်းရီက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ချီထျန်းယွီအကြောင်းကို တွေးကာ အပြစ်ရှိန်ဟန်ဖြင့် ပြောလိုက်သည်။

“အစ်ကိုချီ... ကျွန်တော် အစ်ကိုတို့အပေါ် တာဝန်မကျေခဲ့ဘူး။ အကြီးအကဲချီထျန်းယွီနဲ့ ကျန်တဲ့သူတွေက တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်။ အဲ့ဒါတွေအကုန်လုံးက ကျွန်တော့်အပြစ်ပါ”

ရွှီး...

ကျန်းရီ၏လက်ထဲမှ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်လာပြီး သံဆူးချွန်နှစ်ချောင်း ထွက်ပေါ်လာသည်။ ကြည့်လိုက်ရုံဖြင့်ပင် ထိုဆူးချွန်များက သာမန်ပစ္စည်းများ မဟုတ်ကြောင်း သိနိုင်သည်။ ၎င်းတို့‌ပေါ်တွင် ဆန်းကြယ်သော သင်္ကေတများရှိနေပြီး ထိုသင်္ကေတများက ရှေးဆန်၍ စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကျန်းရီသည် ထိုဆူးချွန်နှစ်ချောင်းကို ချီထျန်းချန်အား လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။

“ဒါက ရှေးဟောင်းအသုံးအဆောင်တစ်ခုပါ။ အဲ့ဒါရဲ့ စွမ်းအားက တော်တော်လေးကြီးပါတယ်။ ဒီဟာက အကြီးအကဲချီထျန်းယွီနဲ့ ကျန်တဲ့သူတွေကို အသက်ပြန်ရှင်လာအောင် မလုပ်နိုင်ပေမယ့် ကျွန်တော်က အစ်ကို့ကို တစ်ခုခု ပြန်ပေးချင်လို့ပါ...”

“ဒါက...”

ချီထျန်းချန်သည် မျက်နှာမည်းသွားပြီး ကျန်းရီကို စိုက်ကြည့်လိုက်သည်။

“ကျန်းရီ... ညီလေး ဒါဘာလုပ်တာလဲ။ ချီထျန်းယွီနဲ့ ကျန်တဲ့သူတွေက တိုက်ပွဲမှာ သေခဲ့တယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ သူတို့က အချည်းနှီးသေခဲ့တာ မဟုတ်ဘူး။ ညီလေး ဝူမျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်နိုင်ခဲ့တယ်မလား။ အဆုံးမဲ့ပင်လယ်ကကိစ္စအတွက် ချီမျိုးနွယ်က ညီလေးအပေါ်မှာ အကြွေးတင်နေတယ်။ ညီလေးကြောင့်သာ မဟုတ်ရင် ချီမျိုးနွယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ အဲ့တော့ ထျန်းယွီတို့တွေတင်မကဘူး ချီမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားရင်တောင် အရေးမကြီးဘူး။ ဒီဆူးချွန်တွေကို ပြန်ယူထားလိုက်ပါ။ ညီလေးက သိတတ်တယ်ဆိုတာနဲ့တင် ထျန်းယွီတို့က အေးအေးချမ်းချမ်း အနားယူနိုင်မှာပါ”

“ယူထားလိုက်ပါ အစ်ကိုချီ။ ဒါကို ကျွန်တော် နှင်းဒေသက ရခဲ့တာပါ။ အဲ့ဒါက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ရဲ့ လက်နက်ပါ။ ကျွန်တော် အဲ့ဒါကို ကောင်းကောင်းမသုံးနိုင်ပါဘူး။ အဲ့တော့ ကျွန်တော် ယူထားလည်း ဘာအကျိုးမှ ရှိမှာ မဟုတ်ပါဘူး”

ကျန်းရီက သက်စောင့်ဆူးချွန်းများကို ချီထျန်းချန်အား ပေးလိုက်သည်။ ထိုဆူးချွန်များက လူပုမျိုးနွယ်ခေါင်းဆောင်၏ လက်နက်များပင်။ ထို့ကြောင့် ၎င်းတို့က စွမ်းအားကြီးသည်။ ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖိုကို ပိုင်ဆိုင်ထားပြီဖြစ်၍ အနီးကပ်တိုက်ခိုက်ရာတွင် သုံးသည့် လက်နက်များကို မလိုအပ်တော့ပေ။

“နှင်းဒေသ... နတ်ဘုရားတစ်ပိုင်း...”

ချီထျန်းချန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူ အံ့ဩတကြီးဖြင့် မေးလိုက်သည်။

“ဒါက လူပုမျိုးနွယ်ခေါင်းဆောင်ရဲ့ လက်နက်လား”

“အို့... အစ်ကိုလည်း အဲ့လက်နက်ကို သိတာလား”

ကျန်းရီက အံ့အားသင့်စွာ မေးလိုက်၏။

“ဘယ်လိုလုပ် မသိဘဲ နေမလဲ။ လူပုမျိုးနွယ်က နှင်းဒေသထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းထဲက မျိုးနွယ်ဂိုဏ်းတစ်ခုပဲ။ အ‌ရှေ့ဘက် တော်ဝင်နယ်မြေက မျိုးနွယ်ကြီးတွေက သူတို့တွေရဲ့အကြောင်းတွေကို စုံစမ်းထားကြတယ်”

ချီထျန်းချန်သည် သက်စောင့်ဆူးချွန်နှစ်ချောင်းကို ထပ်ခါထပ်ခါ ကြည့်ရှုစစ်ဆေးနေ၏။ သက်စောင့်ဆူးချွန်များ၏ လက်ကိုင်တွင် စာလုံးသေးသုံးလုံး ရေးထားကြောင်း သူ တွေ့လိုက်သည်။ ထို့နောက် သူသည် အတန်ငယ် စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။

“ဒါက တကယ့်ကို သက်စောင့်ဆူးချွန်တွေပဲ။ ညီလေး... ဒီလက်‌ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ အစ်ကို လက်မခံရဲဘူး။ ညီလေး ဒါကို ဘယ်လိုလုပ်ပြီး ရလာတာလဲ”

“တစ်ယောက်ယောက်ကို သတ်ပြီးတော့ပေါ့”

ကျန်းရီက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူ အလေးအနက် ပြောလိုက်သည်။

“ဒါက ဘာတွေများ အဖိုးတန်နေလို့လဲ။ အစ်ကိုချီ... အစ်ကို ဒီလက်ဆောင်ကို ထပ်ငြင်းနေရင် ကျွန်တော် ဘယ်တော့မှ အစ်ကို့ကို ထပ်ပြီး အကူအညီတောင်းတော့မှာ မဟုတ်ဘူး”

“တစ်ယောက်ယောက်ကို သတ်ပြီးတော့လား”

ချီထျန်းချန် တုန်သွားပြီး အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

“ညီလေးက လူပုမျိုးနွယ်ခေါင်းဆောင်ကို သတ်ခဲ့တာလား”

“အွန်း...”

ချိုးရှန်က အမှန်ပင် ကျန်းရီ၏ လက်ချက်ဖြင့် သေခဲ့ရခြင်းဖြစ်သည်။ ကျန်းရီသည် ထိုအကြောင်းကို အသေးစိတ်ရှင်းမပြလိုသဖြင့် အကျဉ်းချုံး၍ ပြောလိုက်၏။

“ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော်က နှင်းဒေသကို ရောက်နေခဲ့တာပါ။ လောရွှယ်ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ခေါ်သွားခဲ့တာ။ ကျွန်တော် နှင်းဒေသမှာ ပြဿနာတွေရှာခဲ့တယ်၊ လူတွေအများကြီး သတ်ခဲ့တယ်... အဲ့ထဲမှာ နတ်ဘုရားတစ်ပိုင်းတွေလည်း ပါတယ်။ ဒါပေမဲ့ ကျွန်တော် လောရွှယ်ကို မကယ်နိုင်ခင် အရင်ဆုံး အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်လာဖို့ လိုခဲ့တယ်”

“အာ...”

ချီထျန်းချန် မျက်မှောင်ကြုတ်လိုက်၏။ ထိုသခင်လေးက အမှန်ပင် ကံဆိုးကြယ်ဖြစ်သည်။ သူ သွားရာနေရာတိုင်းတွင် ပြဿနာများ ဖြစ်ပေါ်လာပေသည်။ ထို့ပြင် သူသည် နှင်းဒေသမှ နတ်ဘုရားတစ်ပိုင်းအချို့ကို သတ်ခဲ့သော်လည်း အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့သည်။ သမိုင်းတွင်လည်း နှင်းဒေသတွင် ပြဿနာသွားရှာခဲ့ပြီး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သော လူအနည်းငယ် ရှိသည်။

လွန်ခဲ့သော နှစ်တစ်သိန်းကျော်တွင် မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်က နှင်းဒေသကို သိမ်းပိုက်ရန် ကြံစည်ခဲ့သည်။ ဝူမျိုးနွယ်က နှင်းဒေသသို့ နတ်ဘုရားတစ်ပိုင်း ပညာရှင် ဆယ်ယောက်ကျော်နှင့် အင်အားတစ်သန်းပါသည့် စစ်တပ်တစ်တစ်ကို စေလွှတ်ခဲ့သည်။ နောက်ဆုံးတွင် ထိုစစ်တပ်က ပြန်မလာနိုင်ခဲ့ပေ။ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက်ထဲတွင်လည်း နှစ်ယောက်သာ ပြန်လာနိုင်ခဲ့သည်။ ထိုခေတ်မှ မြောက်ဘက်ဧကရာဇ်က ဒေါသထွက်ကာ နှင်းဒေသသို့ ကိုယ်တိုင်သွားခဲ့သည်။ သို့သော် သူလည်း အရှုံးနှင့် ပြန်လာခဲ့ရသည်။ ထိုကတည်းမှစ၍ ထိုအကြောင်းကို မည်သူမှ မပြောကြတော့ပေ။ စစ်တပ်များကိုလည်း ထပ်မံ မစေလွှတ်ကြတော့ချေ။

နှင်းဒေသရှိ မျိုးနွယ်များမှာ ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းမျိုးနွယ်များဖြစ်ကြောင်း ချီထျန်းချန် ကောင်းစွာသိထားသည်။ ထိုမျိုးနွယ်များက အပြင်လူများကို လက်မခံကြပေ။ နှင်းဒေသတွင် ပြဿနာသွားရှာသူတိုင်းသည် နှင်းဒေသတစ်ခွင်လုံး၏ စု‌ပေါင်းအင်အားနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ များစွာသော နတ်ဘုရားတစ်ပိုင်း ပညာရှင်များနှင့် မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်သည်ပင် အောင်မြင်မှုများ မရရှိခဲ့ပေ။ သို့သော် ကျန်းရီက နှင်းဒေသသို့ တစ်ကိုယ်တော်သွား၍ ပြဿနာများရှာခဲ့ကာ ဘေးကင်းကင်းဖြင့် ပြန်လာနိုင်ခဲ့သည်။

ချီထျန်းချန်သည် ကျန်းရီက တစ်စိတ်ကိုတစ်အိတ်လုပ်၍ ကြွားဝါတတ်သူမဟုတ်ကြောင်းကို မသိထားလျှင် ထိုအကြောင်းကို ယုံနိုင်မည် မဟုတ်ပေ။ ကျန်းရီက အမှန်အတိုင်းသာ ပြောတတ်သည်။ ထို့ကြောင့် ချီထျန်းချန်တစ်ယောက် အလွန်အံ့အားသင့်ကာ အတော်ကြာ မှင်တက်သွားခဲ့ရသည်။

ကျန်းရီသည် နှင်းဒေသတွင် ဖြစ်ခဲ့သော အကြောင်းများအကြောင်းကို သိပ်မပြောချင်ပေ။ နှင်းဒေသအကြောင်းကို ပြောလျှင် စုလောရွှယ်ကို သတိရ၍ သူ ရင်နာရသည်။ ထို့ကြောင့် ကျန်းရီ စကားလမ်းကြောင်းလွှဲလိုက်သည်။

“အစ်ကိုချီ... အစ်ကို့နေရာက လုံခြုံရဲ့လား။ ကျွန်တော် တန်နီနဲ့ ကလေးနှစ်ယောက်ဆီ သွားလည်ချင်လို့။ သူတို့ရော နေကောင်းကြရဲ့လား”

“အို့... လုံခြုံတာပေါ့”

ချီထျန်းချန်က ကျန်းရီ၏ အမေးကြောင့် အသိပြန်ကပ်လာပြီး ခပ်သွက်သွက် ပြောလိုက်သည်။

“ထျန်းယွီတို့ရဲ့ အလောင်းတွေ အကုန်လုံးကို မီးရှို့လိုက်တယ်။ ဝူမျိုးနွယ်က အဲ့ကိစ္စကို စုံစမ်းချင်ရင်တောင် ဘာသဲလွန်စကိုမှ ရှာတွေ့မှာ မဟုတ်ပါဘူး။ အစ်ကိုတို့အကြောင်း  မပေါ်သွားပါဘူး။ သခင်မလေးနဲ့ ကလေးနှစ်ယောက်လည်း နေကောင်းကြပါတယ်။ အရင်ဆုံး အလံနက်မြို့ကို ပြန်သွားကြတာပေါ့”

ချီထျန်းချန်က ကျန်းရီကို မြို့ပြင်သို့ ခေါ်သွားလိုက်ပြီး ဧရာမ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ထုတ်လိုက်၏။ ထို့နောက် သူတို့ အလံနက်မြို့ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်ကြသည်။ ထိုကောင်းကင်ကံကြမ္မာသင်္ဘော၏ အမြန်နှုန်းက မဆိုးပေ။ သုံးရက်အတွင်းမှာပင် သူတို့ အလံနက်မြို့သို့ ရောက်သွားကြသည်။

ကျန်းရီသည် လုံခြုံမှုရှိစေရန် မြို့ပြင်မှာပင် ကောင်းကင်ကံကြမ္မာသင်္ဘောမှ ဆင်းလိုက်သည်။ ထို့နောက် သူ ချီမျိုးနွယ်၏ ခြံဝန်းအနောက်ဘက်သို့  လျှို့လျှို့ဝှက်ဝှက် ဝင်လိုက်သည်။ ချီထျန်းချန်က တန်နီနှင့် ကလေးနှစ်ယောက်ကို ခေါ်ထား၍ သူတို့က သူ့ကို စောင့်နေကြသည်။

“သခင်လေး...”

ကျန်းရီက ရုပ်သွင်ပြောင်းထားသော်လည်း တန်နီက သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။ သူမသည် ကျန်းရီ၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ စတင် ငိုကြွေးလေတော့သည်။ ကျန်းရီက ရှက်ရွံ့ဟန်ဖြင့် ချီထျန်းချန်ကို ကြည့်လိုက်၏။ ချီထျန်းချန်သည် ကျန်းရီအား ယောက်ျားချင်းသာ နားလည်နိုင်သော အကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကို ချော့မော့၍ ခေါ်သွားလေသည်။ သူသည် မထွက်သွားခင်တွင် ကျန်းရီထံ အသံပို့လွှတ်လိုက်သေး၏။

“မတွေ့ရတာကြာလို့ ပိုတိုးလို့ ချစ်ကြမယ်ဆိုပေမယ့် ထိန်းထိန်းသိမ်းသိမ်းတော့လုပ်။ အစ်ကို ညီလေးအတွက် ညကျ ကြိုဆိုပွဲတစ်ပွဲကျင်းပပေးဖို့ စီစဉ်ထားတယ်။ ညီလေး မတ်တပ်တော့ ရပ်နိုင်မှ ဖြစ်မယ်...ဟဲဟဲ...”

***

All Chapters