အသံလှိုင်း ဧကရာဇ်
Vol. 76 Ch. 1052
မတွေ့ရသည်မှာ ကြာလျှင် အမှန်ပင် ပိုတိုး၍ ချစ်တတ်၏။ ဟူတန်နီသည် ကျန်းရီက အကြာကြီးနေမည်မဟုတ်ကြောင်း သိထားသဖြင့် သူနှင့်နေရသည့် အချိန်တိုင်းကို တန်ဖိုးထားနေသည်။ သူမသည် ကျန်းရီက သူမအတွက် လုပ်ပေးခဲ့သည်များအတွက် ပြန်ကျေးဇူးဆပ်လိုသည်။ ကျန်းရီကြောင့်သာ မဟုတ်လျှင် သူမနှင့် ကလေးနှစ်ယောက်က သေသွားလောက်ပြီဖြစ်သည်။ သူမတို့ ဤကဲ့သို့ အေးချမ်းသောဘဝဖြင့်လည်း နေထိုင်ရမည် မဟုတ်ပေ။ ထို့ကြောင့် သူမ ကျန်းရီကို အစွမ်းကုန် ပြုစုပေး၏။ ထို့အပြင် သူမသည် လွန်ခဲ့သော နှစ်နှစ်အတွင်း စုဆောင်းထားသည့် လိပ်ပြာရေစင်ကိုလည်း ကျန်းရီအား ပေးလိုက်သည်။
လိပ်ပြာသခင်မမျိုးနွယ်က လိပ်ပြာရေစင်ကို တန်ဖိုးအထားဆုံးဖြစ်သည်။ ကျန်းရီ၏ သက်တန့်ဝိညာဉ်လှံက လိပ်ပြာရေစင်ကြောင့် စွမ်းအား တိုးလာသည်။
ထိုရက်အနည်းငယ်အတွင်း၌ ကျန်းရီသည် ကာမဂုဏ်ကို အပြည့်အဝ ခံစားနေခဲ့သဖြင့် လမ်းမလျှောက်နိုင်ပင် ဖြစ်လာသည်။ ဟူတန်နီ၏ လိပ်ပြာအက,က အနှိုင်းမဲ့သည်။ ကျန်းရီ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကသာ မသန်မာလျှင် သူ ကြာကြာခံနိုင်မည် မဟုတ်ပေ။
ကျန်းရီသည် အလံနက်မြို့တွင် ငါးရက်ကြာ နေထိုင်ပြီးနောက် ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ဆန်းကြယ်တောင်သို့ ခရီးက ဝေးသည်။ ထန်မျိုးနွယ်မှ ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် သွားမည်ဆိုလျှင်ပင် တစ်နှစ်ကြာ သွားရပေမည်။ သူ ဆက်အချိန်ဆွဲနေလျှင် ဆန်းကြယ်နတ်ဘုရားတောင်ရှိ အကာအရံများ အားမလျော့သွားခင် အချိန်မီရောက်နိုင်မည် မဟုတ်ချေ။
“ညီလေး... ညီလေးက ဆန်းကြယ်နတ်ဘုရားတောင်ကို သွားမှာလား”
စာကြည့်ခန်းထဲတွင် ချီထျန်းချန်က ကျန်းရီအတွက် ကောင်းကင်ကံကြမ္မာသင်္ဘောကိစ္စ စီစဉ်ပေးနေ၏။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားတောင်သို့ သွားမည်ဖြစ်ကြောင်း သူသိထားသည်။ ကျန်းရီသည် ချီထျန်းချန်ကို ယုံသဖြင့် သူ့အား မည်သည့်ကိစ္စကိုမှ မလျှို့ဝှက်ထားပေ။ ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော်က ရတနာတစ်ခုကို ယူဖို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွားမှာပါ”
“ဒါက...”
ချီထျန်းချန်က ခေါင်းငုံ့လိုက်ပြီး စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။
“ညီလေး... ဧကရာဇ်ကိုးပါးလုံးက ဆန်းကြယ်နတ်ဘုရားတောင်ကို သွားခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ တောင်ပေါ်ကို မတက်နိုင်ခဲ့ဘူး။ ညီလေးမှာ တောင်ပေါ်ကိုတက်နိုင်မယ့် နည်းလမ်း ရှိလို့လား”
“ဟီးဟီး...”
ကျန်းရီ ပြုံးလိုက်၏။ သူ အသေးစိတ် ရှင်းပြမနေတော့ပေ။
“ကျွန်တော် အကောင်းဆုံးကြိုးစား ကြည့်မှာပါ။ ကြိုးစားကြည့်မှာ ရ၊ မရ သိမှာပေါ့... မဟုတ်ဘူးလား”
“ညီလေး... ညီလေးက ဆုံးဖြတ်ပြီးသွားပြီဆိုတော့ အစ်ကို ဘာမှ ပြောတော့မှာ မဟုတ်ပါဘူး...”
ချီထျန်းချန်က လေးနက်သော မျက်နှာထားဖြင့် ကျန်းရီကို အကြံပေးလိုက်၏။
“ညီလေး... ဒီတစ်ခေါက် ညီလေး သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပဲ။ ညီလေးအနေနဲ့ ထပ်ပြဿနာရှာလို့ မဖြစ်ဘူး။ တကယ်လို့ မြောက်ဘက်ဧကရာဇ်သာ ညီလေးကို ရှာတွေ့သွားရင် သူကိုယ်တိုင်လာပြီး ညီလေးကို သတ်မှာပဲ။ ပြီးတာ့ လမ်းကြရင် အသံလှိုင်းဧကရာဇ်နဲ့ တွေ့ဖို့ နတ်ဘုရားအသံလှိုင်းတောင်ကြားကို သွားလိုက်ပါ။ သူက ညီလေးကို အများကြီး ကူညီပေးပါလိမ့်မယ်”
“အသံလှိုင်းဧကရာဇ်...”
ကျန်းရီက ချီထျန်းချန်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။ သူ ထိုအမည်ကို ယခုမှ ပထမဆုံး ကြားဖူးခြင်းပင်။ ထိပ်တန်းအဆင့် သိုင်းပညာရှင်များသာ သူတို့ကိုယ်သူတို့ ဧကရာဇ်ဟု ခေါ်ဝံ့ကြသည်။ အကယ်၍ သာမန်လူတစ်ယောက်က ဧကရာဇ်ဂုဏ်ပုဒ်ကို ယူထားလျှင် ဧကရာဇ်ကိုးပါးက ထိုလူကို သတ်ပစ်ပေလိမ့်မည်။ ထိုအသံလှိုင်းဧကရာဇ်ဆိုသူက သူ့ကိုယ်သူ ဧကရာဇ်ဟု ခေါ်ဝံ့သဖြင့် သေချာပေါက် တော်ဝင်နယ်မြေတွင် ကျော်ကြားသော သိုင်းပညာရှင်တစ်ယောက် ဖြစ်ရပေမည်။ သို့သော် အဘယ်ကြောင့် သူသည် အသံလှိုင်းဧကရာဇ်အကြောင်းကို ယခင်က မကြားဖူးခဲ့သနည်း။
“ညီလေးက အသံလှိုင်းဧကရာဇ်အကြောင်းကို မကြားဖူးဘူးလား”
ချီထျန်းချန်သည် ကျန်းရီ၏ နားမလည်နိုင်သော မျက်နှာထားကို မြင်လိုက်သောအခါ ချက်ချင်း သဘောပေါက်သွားပြီး ရှင်းပြလိုက်သည်။
“အို့... ညီလေးက အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ အခြေအနေကို ကောင်းကောင်းမသိသေးဘူးဆိုတာကို အစ်ကို မေ့သွားတယ်။ အသံလှိုင်းဧကရာဇ်က လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး သီးခြားကျင့်ကြံနေခဲ့တာ။ အဲ့တော့ သာမန်လူတွေက သူ့အကြောင်းကို မကြားဖူးတာ သဘာဝကျပါတယ်။ ညီလေး... အရှေ့ဘက် တော်ဝင်နယ်မြေမှာ ညီလေးကဘယ်သူဆိုတာကို သိထားတဲ့သူ သုံးယောက်ရှိတယ်လို့ အစ်ကို ညီလေးကို အရင်တုန်းက ပြောခဲ့ဖူးတယ်မလား။ အသံလှိုင်းဧကရာဇ်က အဲ့သုံးယောက်ထဲက တစ်ယောက်ပဲ”
ကျန်းရီ ပို၍ပင် အံ့အားသင့်သွား၏။ ထို့နောက် သူ မေးလိုက်သည်။
“အသံလှိုင်းဧကရာဇ်ကလည်း အရိပ်ဧကရာဇ်အတွက် အလုပ်လုပ်ပေးနေတာလား”
“ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး”
ချီထျန်းချန်က ပြုံး၍ ဆက်ပြောလိုက်သည်။
“အသံလှိုင်းဧကရာဇ်က တစ်နှစ်လောက် လိုက်ဖမ်းခံနေရလို့ အပြစ်သားပင်လယ်ကို ရောက်သွားခဲ့တယ်။ ဒါပေမဲ့ သူက အပြစ်သားမျိုးနွယ်စုဆီ မသွားခဲ့ဘဲ အဆုံးမဲ့ပင်လယ်နက်ဆီ သွားခဲ့တယ်။ ပင်လယ်နက်ထဲမှာ သူက စွမ်းအားကြီးမိစ္ဆာတစ်ကောင်ရဲ့ သတ်ဖြတ်တာကို ခံရလုနီးပါး ဖြစ်ခဲ့တယ်။ အဲ့မှာ အရိပ်ဧကရာဇ်က သူ့ကို ကယ်ခဲ့ပြီး ဆန်းကြယ်နယ်မြေတစ်ခုကို ခေါ်သွားပေးခဲ့တယ်။ အရိပ်ဧကရာဇ်က အသံလှိုင်းဧကရာဇ်ကို အရမ်းစွမ်းအားကြီးတဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်တစ်ခုကို သင်ပေးခဲ့တယ်...”
“အဲ့အသံလှိုင်းဧကရာဇ်က ပါရမီရှင်တစ်ယောက်ပဲ။ သူက အရှေ့ဘက် တောင်ဝင်နယ်မြေကို ပြန်ရောက်တော့ နှစ်သုံးဆယ် သီးခြားကျင့်ကြံခဲ့တယ်။ သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆင့်သုံးဆင့်မြှင့်နိုင်ခဲ့တယ်။ သူ့ရဲ့စွမ်းအားက သိသိသာသာ တိုးတက်သွားတာပေါ့။ အဲ့နောက် သူ သူ့ကိုလိုက်ဖမ်းနေခဲ့တဲ့ မိသားစုမျိုးနွယ်ကြီးကို တစ်ကိုယ်တော် ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ သူက ဒေသကြီးတစ်ခုကို သိမ်းပိုက်လိုက်ပြီး သူ့ကိုယ်သူ အသံလှိုင်းဧကရာဇ်လို့ ခေါ်ခဲ့တယ်”
“အဲ့လိုကိစ္စမျိုး ရှိသေးတာလား။ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆင့်မြှင့်နိုင်တာလား”
ကျန်းရီ စိတ်လှုပ်ရှားကာ ချွေးစို့လာ၏။ သူကလည်း နတ်ဘုရားအသံ ကောင်းကင်အတတ်တစ်ခုကို တတ်မြောက်ထားသည်။ ယင်းက အလွန်အသုံးဝင်သော အတတ်ပင်။ ထို့ကြောင့် ကျန်းရီ အလွန်ဝမ်းမြောက်လာပြီး မေးလိုက်လေသည်။
“အဲ့နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ”
ချီထျန်းချန်က ရှင်းပြလိုက်သည်။
“အရှေ့ဘက် တော်ဝင်နယ်မြေမှာ ဧကရာဇ်ကိုးပါးရှိတယ်ဆိုတာကို ညီလေးလည်း သိတာပဲ။ အဲ့ဧကရာဇ်ကိုးပါးရဲ့ ဂုဏ်ပုဒ်ကို ဆန်းကြယ်ဧကရာဇ်ကိုယ်တိုင် ချီးမြှင်ထားတာ။ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဂုဏ်ပုဒ်ကို လိုချင်တယ်ဆိုရင် ဧကရာဇ်ကိုးပါးက သေချာပေါက် ဒေါသထွက်သွားမှာပဲ။ နတ်ဘုရားအသံလှိုင်းဒေသက ယဉ်မျိုးနွယ်ရဲ့ ပိုင်နက်နဲ့ နီးတော့ ယဉ်ဧကရာဇ်ကိုယ်တိုင် အသံလှိုင်းဧကရာဇ်နဲ့ သွားရင်ဆိုင်ခဲ့တယ်။ အဲ့တိုက်ပွဲမှာ ဘာဖြစ်ခဲ့လဲတော့ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ ယဉ်ဧကရာဇ် ပြန်လာပြီး အသံလှိုင်းဧကရာဇ်က ဧကရာဇ်ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်လို့ ပြောခဲ့တယ်။ အသံလှိုင်းဧကရာဇ်က နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မယုံနိုင်လောက်တဲ့ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့လို့ အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ”
“ယဉ်ဧကရာဇ်က ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်လား”
ကျန်းရီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ ချီထျန်းချန်က ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါ ကျန်းရီ စိတ်လှုပ်တရှားဖြင့် ထရပ်လိုက်သည်။ ထိုအသံလှိုင်းဧကရာဇ်သည် ယဉ်ဧကရာဇ် လက်ခံလာအောင်ပင် အစွမ်းပြနိုင်ခဲ့၏။ ထို့ကြောင့် သူက အနိမ့်ဆုံး ကြယ်ရှစ်ပွင့်အဆင့် ရှိပေလိမ့်မည်။ ကြယ်ကိုးပွင့်အဆင့်လည်း ဖြစ်နေနိုင်သည်။ ကျန်းရီကို ထိုကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကူညီနေလျှင် ကိစ္စများက များစွာပို၍ လွယ်ကူပေလိမ့်မည်။
“ညီလေး... ကြိုပြီး ပျော်မနေသင့်ဘူးနော်”
ချီထျန်းချန်က ကျန်းရီ၏ ရွှင်ပြနေသော မျက်နှာကို တွေ့လိုက်၍ ခါးသက်သက် ပြောလိုက်၏။
“အသံလှိုင်းဧကရာဇ်ရဲ့ အကျင့်စရိုက်က အရမ်းထူးခြားတယ်။ သူက အရိပ်ဧကရာဇ်အပေါ်မှာ အကြွေးတင်နေပေမယ့် ညီလေးကို ကူညီလိမ့်မယ်လို့တော့ အတပ်မပြောနိုင်ဘူး။ တကယ်လို့ သူ ကူညီမယ်ဆိုရင်တောင် ညီလေးရဲ့ ရန်သူတွေကို သူကိုယ်တိုင် သတ်ပေးမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ပါ... နတ်ဘုရားအသံလှိုင်းတောင်ကြားကိုတော့ ရောက်အောင်သွားလိုက်။ သူ့ဆီကို အကူညီကို ရ၊ မရကတော့ ညီလေးရဲ့ ကံအပေါ် မူတည်တယ်။ အစ်ကိုလည်း ညီလေးရောက်လာမယ်ဆိုတဲ့အကြောင်း သူ့ဆီ သတင်းပို့ထားပါမယ်”
“ဟုတ်ကဲ့ပါ...”
ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ချီထျန်းချန်က သူ့ကို ကိုယ်တိုင်လိုက်ပို့၏။ တံခါးဝသို့ ရောက်သောအခါ ချီထျန်းချန်က ရပ်၍ ပြောလိုက်သည်။
“ညီလေး... တချို့စကားတွေက နားဝင်မချိုပေမယ့် အစ်ကို ညီလေးကို သတိပေးရမှာပဲ။ ညီလေး ယဉ်မျိုးနွယ်က သခင်မလေးယဉ်နဲ့ မပတ်သတ်သင့်ဘူး။ ညီလေးတို့နှစ်ယောက်လုံးအတွက် အဆုံးသတ်လှမှာ မဟုတ်ဘူး။ ပြီးတော့ ညီလေးသာ ကျန့်မျိုးနွယ်နဲ့ ယဉ်မျိုးနွယ်ကို ဒေါသဖြစ်အောင် လုပ်မိသွားရင် ပြဿနာကြီးသွားလိမ့်မယ်...”
“ဟင်းဟင်း...”
ကျန်းရီ ခါးသက်သက် ရယ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ ဆက်လျှောက်သွားလိုက်သည်။ ချီထျန်းချန်သည် တံခါးဝမှနေ၍ ကျန်းရီ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေ၏။ ပြီးနောက် သူ ခေါင်းခါကာ ရေရွတ်လိုက်သည်။
“ဒီကောင်လေးက ဆန်းကြယ်နတ်ဘုရားတောင်ကိုသွားတဲ့ ခရီးမှာ ဘာပြဿနာတွေ ဖြစ်စေဦးမလဲဆိုတာ ဘယ်သူမှန်းနိုင်မလဲ။ ကျန်းရီ၊ ကျန်းရီ၊ ညီလေးရဲ့ ဘဝအတွေ့အကြံတွေက ဆန်းကြယ်ဧကရာဇ်ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ တော်တော်ဆင်တူတယ်။ ညီလေးတို့နှစ်ယောက်စလုံးက နယ်မြေအသေးလေးတွေက၊ ပြီးတော့ နှစ်ယောက်လုံးက အရှေ့ဘက် တော်ဝင်နယ်မြေမှာ ပြဿနာရှာခဲ့တယ်၊ မိန်းမလှလေးတွေနဲ့လည်း ပတ်သတ်ကြတယ်။ ညီလေးက ဆန်းကြယ်ဧကရာဇ်လို့ အထွတ်အထိပ်ကို ရောက်သွားမလား ဒါမှမဟုတ် အတိတ်က ပါရမီရှင်တွေလိုပဲ ပျောက်ကွယ်သွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ”
***
ကျန်းရီသည် အနောက်တံခါးမှနေ၍ ချီမျိုးနွယ်က ထွက်သွားပြီး တည်းခိုခန်းတစ်ခုကို ရှာကာ ရုပ်သွင်ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် မြို့ပြင်သို့ သွား၍ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ် တက်လိုက်သည်။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောက ယဉ်ဧကရာဇ်မြို့သို့ သွားမည်ဖြစ်သည်။ ကျန်းရီသည် ယဉ်မျိုးနွယ်ပိုင်သော ဒေသလေးခု၏ မြောက်ဘက်ရှိ နတ်ဘုရားအသံလှိုင်းဒေသကို သွားပြီးမှ ဆန်းကြယ်ဧကရာဇ်မြို့သို့ ဆက်သွားရမည်ဖြစ်သည်။
ထိုလမ်းကြောင်းမှာ ချီထျန်းချန်က သူ့အတွက် စီစဉ်ပေးခဲ့သော လမ်းကြောင်းပင်။ နတ်ဘုရားအသံလှိုင်းဒေသက ဆန်းကြယ်ဧကရာဇ်မြို့သို့သွားရာ လမ်းကြောင်း၏ အလယ်တွင် တည်ရှိသည်။ ကျန်းရီသည်လည်း နတ်ဘုရားအသံလှိုင်းတောင်ကြားသို့သွား၍ အသံလှိုင်းဧကရာဇ်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ပြီးပြီဖြစ်သည်။
အရိပ်ဧကရာဇ်က ကျန်းရီကမည်သူဖြစ်ကြောင်းကို လူသုံးယောက်အားသာ သတင်းပေးခဲ့သည်။ ယင်းမှာ အရိပ်ဧကရာဇ်က ထိုလူသုံးယောက်ကို အကြွင်းမဲ့ယုံကြည်သည်ဆိုသော အဓိပ္ပာယ်ပင်။ အသံလှိုင်းဧကရာဇ်က သူ့ကို မကူညီလျှင်ပင် ထိခိုက်အောင်တော့ လုပ်မည် မဟုတ်ပေ။
ကျန်းရီ အသံလှိုင်းဧကရာဇ်ကို သွားတွေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အကူအညီတောင်းရန်အတွက်သာ မဟုတ်ပေ။ အမှန်တွင် ကျန်းရီက သူ့ထံမှ သင်ယူလိုနေခြင်းပင်။ အကယ်၍ ကျန်းရီသာ သူ့၏နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အဆင့်နှစ်ဆင့်မြှင့်တင်နိုင်လိုက်ပါက နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က သူ့ကို လိုက်ဖမ်းလျှင်ပင် မှုရန်လိုတော့မည် မဟုတ်ပေ။
ကောင်းကင်ကံကြမ္မာသင်္ဘောက တောင်ဘက်သို့ လျင်မြန်စွာ သွားနေ၏။ ကျန်းရီသည် သင်္ဘောပေါ်တွင် နာရီအနည်းငယ် ထိုင်ပြီးနောက် ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သည့်သံသယဖြစ်ရာလူမှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါ သူ စိတ်အေးသွားသည်။
ထို့နောက် ကျန်းရီသည် အခန်းထဲမှ ထွက်ကာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွားလိုက်၏။ နတ်ဘုရားအသံလှိုင်းဒေသို့ ရောက်ရန် နှစ်ဝက်ကြာ သွားရမည်ဖြစ်သည်။ သူ အချိန်ဖြုန်းမည် မဟုတ်ပေ။ ထိုအချိန်အတွင်း သူ၏အင်အား အနည်းငယ်တိုးလာလျှင်လည်း ကောင်းသောကိစ္စဖြစ်သည်။
“အရှင်... ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ခွင့်လွှတ်ပေးပါ၊ ဆက်မရိုက်ပါနဲ့တော့”
ဟီး...ဟီး...
ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းအတွင်းသို့ ဝင်တော့မည့်အချိန်တွင် သင်္ဘောဦးပိုင်းရှိ အခန်းတစ်ခန်းမှနေ၍ ရင်းနှီးသောအသံနှစ်သံကို ကြားလိုက်ရ၏။ ထိုအသံများမှာ မိန်းမပျိုနှစ်ယောက်၏ ငိုယိုတောင်းပန်နေသော အသံပင်။ ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ထိုအသံများကို ယခင်က ကြားခဲ့ဖူးသည်ဟု သူ ခပ်ရေးရေး မှတ်မိ၏။ သို့သော် ယင်းအသံများက မည်သူတို့၏ အသံများဖြစ်ကြောင်း သူ မမှတ်မိနိုင်ပေ။
“အရှင်... ကျွန်မတို့နှစ်ယောက်ကို သတ်လိုက်ပါတော့။ လီအဘိုးကြီးကို သွားပြီး ပြုစုရမယ့်အစား ကျွန်မတို့ ညီအစ်မတွေ သေပစ်လိုက်မယ်...”
“ဟုတ်ပါတယ် အရှင်... ကျွန်မတို့ တခြားယောက်ျားတွေကို ပြုစုပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ညီအစ်မတွေ လီအဘိုးကြီးကို လက်ထပ်မယ့်အစား အသေသာခံပါမယ်”
အခန်းထဲမှနေ၍ ငိုယိုတောင်းပန်သံများ ထပ်ထွက်လာ၏။ ကျန်းရီ ရုတ်တရက် တုန်ယင်သွားသည်။ နောက်ဆုံးတွင် သူ မှတ်မိသွားပေပြီ။ ငိုယိုတောင်းပန်နေသော မိန်းမပျိုနှစ်ယောက်မှာ ထန်မျိုးနွယ်မှ အကြီးအကဲထန်ရှန့်က သူ့ကို လက်ဆောင်ပေးလိုခဲ့သော အမွှာညီအစ်မ ထန်ရွှယ်နှင့် ထန်ယန်တို့ပင်။
***