ဇင်နှလုံးသား
Vol. 76 Ch. 1053
ကျန်းရီသည် ထိုအမွှာညီအစ်မကို မှတ်မိ၏။ သူမတို့က လောကထိပ်တန်း အလှပဂေးများဖြစ်ရုံသာဆိုလျှင် ကျန်းရီ သိပ်အရေးစိုက်မည် မဟုတ်ပေ။ သူက မိန်းမလှများစွာကို မြင်ဖူးသည် မဟုတ်ပါလား။ သို့သော် ထိုအမွှာညီအစ်မက တစ်ပုံစံတည်း တူပေသည်။ ယခင်က သူသာ သဘောတူလိုက်လျှင် သူမတို့နှစ်ယောက်ကို အလွယ်တကူ ရလိုက်မည်ဖြစ်သည်။ ထို့ကြောင့် သူက သူမတို့ကို မှတ်မိနေသေးခြင်းပင်။
ထိုစဉ်က ကျန်းရီသည် လက်ဆောင်ကို ငြင်းခဲ့၏။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေခဲ့သဖြင့် ဖြုန်းရန် အချိန်မရှိခဲ့ပေ။ သူသည် မိန်းကလေးနှစ်ယောက်ကိုလည်း မထိခိုက်စေလိုခဲ့ချေ။ ယခုတွင်လည်း သူ တုံ့ဆိုင်းနေသည်။ သူက သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးများအပေါ်တွင် စိတ်ပျော့တတ်ကြောင်း သူ့ကိုယ်သူလည်း သိသည်။
မိန်းမလှများက ပြဿနာများ၏ အရင်းအမြစ်ပင်။ ယောက်ျားအားလုံးက မိန်းမလှများကို လိုချင်ကြသည်။ ထို့ကြောင့် ယောက်ျားများအကြားတွင် ပဋိပက္ခများ အလွယ်တကူ ဖြစ်လာရသည်။
‘ငါ အရေးစိုက်မနေတော့ဘူး’
ကျန်းရီ စိတ်တင်းလိုက်ပြီး လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲသို့ဝင်ရန် ဟန်ပြင်လိုက်သည်။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသည်။ ထို့ပြင် သူက အချိန်မရွေးသေသွားနိုင်သည်။ လောကကြီးထဲတွင် မတရားမှုများ မရေမတွက်နိုင်အောင်ရှိသည်။ သူသည် မည်သို့ မတရားမှုအားလုံးကို ဖြေရှင်းပေးနိုင်ပါမည်နည်း။ ထိုမိန်းမပျိုနှစ်ယောက်ကို ကယ်မည်ဆိုလျှင် သူ့အတွက် ပြဿနာ ဖြစ်လာပေလိမ့်မည်။
“ဟီး..ဟီး... အရှင် ဆက်မရိုက်ပါနဲ့တော့”
“အရှင်... အဲ့အစား ကျွန်မတို့ကို သတ်လိုက်ပါတော့။ အဲ့နှစ်တုန်းက ထန်မျိုးနွယ်က ကျွန်မတို့နှစ်ယောက်ကို ကယ်ခဲ့တာပါ။ အခု အရှင်တို့က ကျွန်မတို့ကို သတ်မယ်ဆိုရင်တောင် ကျွန်မတို့ ထန်မျိုးနွယ်အပေါ် ရန်ငြိုးထားမှာ မဟုတ်ပါဘူး”
ကျန်းရီ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲသို့ ရောက်လျင်ရောက်ချင်းမှာပင် ထန်ရွှယ်နှင့် ထန်ယန်တို့၏ ငိုယိုတောင်းပန်သံများ ထပ်မံ ထွက်ပေါ်လာသည်။ ကျန်းရီ၏ ခြေလှမ်းများ နှေးသွားပြီး မျက်နှာလည်း မည်းသွားသည်။ လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ ကြီးကြပ်သူက မျက်နှာရိပ်မျက်နှာကဲဖတ်ရာတွင် တော်ပေသည်။ သူက အစောင့်တစ်ယောက်ကို ခပ်သွက်သွက် အမိန့်ပေးလိုက်သည်။
“ကြီးကြပ်သူဟဲကို အဲ့အခန်းကို ချိပ်ပိတ်လိုက်ဖို့ မြန်မြန်သွားပြောလိုက်။ ငါတို့ရဲ့ ဧည့်သည်တော်တွေ အနှောင့်အယှက်ဖြစ်သွားမှာကို ငါမလိုချင်ဘူး။ ပြီးတော့ အဲ့ကောင်မလေးနှစ်ယောက် လက်မခံသေးရင် စပြီး ပြစ်ဒဏ်ကြီးကြီးပေးလိုက်လို့လည်း ပြောလိုက်”
“အန်...”
ကျန်းရီ၏ အကြားအာရုံက အလွန်စူးရှသည်။ သူသည် ကြီးကြပ်သူ ပြောလိုက်သော စကားအားလုံးကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ လက်ယမ်းကာ ကြီးကြပ်သူကို ခေါ်လိုက်သည်။ ကြီးကြပ်သူက ချက်ချင်း ပြုံးကာ သူ့ဆီသို့ လျှောက်လာပြီး လက်ဆုပ်၍ ပြောလိုက်သည်။
“သခင်လေး... ဘာခိုင်းစရာ ရှိလို့ပါလဲ”
လက်ရှိတွင် ကျန်းရီက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော သခင်လေးတစ်ယောက် ဖြစ်နေသည်။ သူ၏ အရှိန်အဝါကလည်း သာမန်မဟုတ်ပေ။ အပေါ်ယံတွင် သူ၏ အရှိန်အဝါက ကောင်းကင်ဧကရာဇ် ဆဋ္ဌမအဆင့်သာ ရှိသော်လည်း ကြီးကြပ်သူက အမြင်စူးရှသဖြင့် အလွန်ရိုကျိုးနေသည်။
ကျန်းရီက လက်ထဲတွင် ကိုင်ထားသော ခေါက်ယပ်တောင်ဖြင့် သင်္ဘောဦးပိုင်းမှ အခန်းကို ညွှန်ပြလိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အဲ့မိန်းကလေးနှစ်ယောက်က ဘာဖြစ်နေတာလဲ”
ကြီးကြပ်သူက ပြန်ပြော၏။
“ကျွန်တော် တောင်းပန်ပါတယ် သခင်လေး။ အဲ့ကောင်မလေးနှစ်ယောက်က မသိနားမလည်လို့ သခင်လေးကို နှောင့်ယှက်မိတာပါ။ အဲ့ကိစ္စအတွက် ကျွန်တော် လူစေလွှတ်လိုက်ပါပြီ”
“ငါ မေးတာ အဲ့ဒါမဟုတ်ဘူး”
ကျန်းရီ၏ မျက်ဝန်းများက အေးစက်သွား၏။ သူ အသံခပ်လေးလေးဖြင့် ဆက်ပြောလိုက်သည်။
“ငါမေးတာက သူတို့ ဘာဖြစ်နေတာလဲလို့မေးတာ”
“အို့... ဟုတ်ကဲ့ပါ”
ကြီးကြပ်သူသည် ကျန်းရီ၏ အရှိန်အဝါကြောင့် လန့်သွားပြီး အမှန်အတိုင်း ပြောလိုက်လေသည်။
“သခင်လေး... သူတို့က ထန်မျိုးနွယ်က အစေခံမလေးနှစ်ယောက်ပါ။ မကြာသေးခင်တုန်းက ဘုံကြိုးပြတ်ဒေသရဲ့ လီမျိုးနွယ်က တတိယအကြီးအကဲက သူတို့နှစ်ယောက်ကို မျက်စိကျသွားခဲ့ပါတယ်။ အဲ့တုန်းက သူက အလျင်စလို ရောက်လာခဲ့တာဆိုတော့ သူတို့နှစ်ယောက်ကို ချက်ချင်း မတောင်းခဲ့ပါဘူး။ နောက်မှ သူက လူတစ်ယောက်ကို စေလွှတ်ပြီး ထန်မျိုးနွယ်အကြီးအကဲတွေဆီက အဲ့ကောင်မလေးနှစ်ယောက်ကို တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးနှစ်ယောက်က ကောလာဟလတွေကို ကြားထားလို့ အဲ့ကိစ္စကို ငြင်းဆန်နေတာပါ။ အခု ကြီးကြပ်သူဟဲက သူတို့နှစ်ယောက်ကို ဆုံးမနေတာပါ။ ဒါပေမဲ့ ကြီးကြပ်သူဟဲက အကာအရံတွေကို နှိုးဖို့ မေ့သွားလို့ သခင်လေး စိတ်အနှောင့်အယှက်ဖြစ်စရာအသံတွေကို ကြားလိုက်ရတာပါ။ အဲ့ဒါက ကျွန်တော့်အပြစ်ပါ”
“ဘုံကြိုးပြတ်ဒေသ...”
ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေအကြောင်းကို များစွာ မသိပေ။ သူသည် ဘုံကြိုးပြတ်ဒေသက မည်သည့်နေရာတွင် ရှိကြောင်းကို မသိသလို လီမျိုးနွယ်ကိုလည်း မကြားဖူးချေ။ ထို့ကြောင့် သူ မေးလိုက်သည်။
“ဘုံကြိုးပြတ်ဒေသက ဘယ်နေရာမှာရှိတာလဲ။ လီမျိုးနွယ်ကရော နာမည်ကြီးလား။ ဘာကောလာဟလတွေများ ရှိနေလို့လဲ”
“...”
ကြီးကြပ်သူက အတန်ငယ် ဆွံ့အသွား၏။ သို့သော် သူ စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။
“ဘုံကြိုးပြတ်ဒေသက ယဉ်မျိုးနွယ်ပိုင်တဲ့ ဒေသလေးခုရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ လီမျိုးနွယ်က ဘုံကြိုးပြတ်ဒေသကို အုပ်စိုးတာပါ။ ဒါပေမဲ့ သူတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်က သိပ်ပြီးအင်အားမကြီးပါဘူး။ သူက ကြယ်ငါးပွင့် အဆင့်ပဲ ရှိပါတယ်။ လီမျိုးနွယ်ရဲ့ တတိယအကြီးအကဲကလည်း ကြယ်သုံးပွင့် သိုင်းသမားတစ်ယောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ မျိုးနွယ်ကတော့ အရှေ့ဘက် တော်ဝင်နယ်မြေမှာ ကျော်ကြားတယ်လို့ ပြောလို့ရပါတယ်...”
“ဘာလို့လဲဆိုတော့ ဘုံကြိုးပြတ်ဒေသမှာ ဘုံကြိုးပြတ်ဝါးလို့ခေါ်တဲ့ ထူးခြားတဲ့ ရတနာတစ်ခု ရှိနေလို့ပါ။ အဲ့ဝါးက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ပါတယ်။ အဲ့ဝါးကို ဘုံကြိုးပြတ်ဒေသမှာပဲ တွေ့နိုင်တယ်။ ပြီးတော့ လက်ရှိ ယဉ်ဧကရာဇ်ရဲ့ ကြင်ရာတော်။ ယဉ်ရို့ပင်းရဲ့ အမေက လီမျိုးနွယ်ဝင်တစ်ယောက်ပါ။ အဲ့ဒါကြောင့် ထန်မျိုးနွယ်က လီမျိုးက တတိယအကြီးအကဲကို မျက်နှာသာပေးရတာပါ...”
“ကောလာဟလတွေကတော့... ကျွန်တော် သခင်လေးကို လျှို့ဝှက်မထားတော့ပါဘူး။ လီမျိုးနွယ်ရဲ့ တတိယအကြီးအကဲက တာဏှာရူးအိုကြီးပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အရှေ့ဘက် တော်ဝင်နယ်မြေမှာ သတင်းတစ်ခု ပျံ့နှံ့ခဲ့တယ်။ မျိုးနွယ်ကြီးတစ်ခုက မျိုးနွယ်ငယ်တစ်ခုကို ရှင်းပစ်ခဲ့တယ်။ အဲ့မျိုးနွယ်ငယ်က အမျိုးသမီး သုံးရာကျော်လောက်က မြို့ဝင်ဂိတ်မှာ ကြိုးတုတ်ပြီး မုဒိမ်းကျင့်တာကို ခံခဲ့ရတယ်။ နောက်တော့ သူတို့အကုန်လုံး အသတ်ခံခဲ့ရတယ်။ အဲ့ထဲမှာ ဆယ့်သုံးနှစ်အရွယ် ကောင်မလေးတစ်ယောက်တောင်ပါတယ်။ အဲ့ကိစ္စတွေအကုန်လုံးကို တတိယအကြီးအကဲက လုပ်ခဲ့တာပဲ”
“ဘာ...”
ကျန်းရီ မျက်နှာထား ပြောင်းသွား၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထိုကဲ့သို့ လူမဆန်သည့် အဘိုးကြီးက ယခုအထိ အသက်ရှင်နေဆဲလော။ သို့သော် ယဉ်ရို့ပင်၏အမေက လီမျိုးနွယ်မှဖြစ်သဖြင့် အဘယ်ကြောင့် ထိုအဘိုးကြီး အသက်ရှင်နေသေးခြင်းဖြစ်ကြောင်း ကျန်းရီ နားလည်သည်။ ထိုကဲ့သို့ အားကောင်းသည့် မိသားစုနောက်ခံရှိနေရာ မည်သူက လီမျိုးနွယ်ကို ပြဿနာရှာဝံ့ပါမည်နည်း။
ဟူး...ဟူး...
ကျန်းရီ မျက်လုံးများမှိတ်လိုက်ပြီး အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူ့ရင်ထဲတွင် လွန်ဆွဲနေ၏။ အကယ်၍ သူ ထန်ရွှယ်နှင့် ထန်ယန်တို့ကို ယခင်က မမြင်ဖူးခဲ့လျှင် ထိုကိစ္စကြားတွင် သေချာပေါက် ဝင်ပါမည် မဟုတ်ပေ။ ထို့ပြင် သူမတို့နှစ်ယောက် တတိယအကြီးအကဲကို လက်ထပ်ရန် သဘောတူခဲ့လျှင်လည်း သူ အရေးစိုက်မည် မဟုတ်ချေ။
ပြဿနာမှာ ကျန်းရီက ဤနေရာ၊ ဤအချိန်တွင် ရှိနေပြီး အမွှာညီအစ်မနှစ်ယောက်လည်း ခါးသီးစွာ ငြင်းဆန်နေခြင်းပင်။ သူ ဝင်မပါလျှင် လိပ်ပြာသန့်သန့်နှင့် နေနိုင်ပါဦးမည်လော။ ညဘက်အိပ်ချိန်တွင် အိပ်မက်ဆိုးများ မက်နေမည်လော။
ကျန်းရီ ဝင်ပါမည်ဆိုလျှင်လည်း မည်သို့လုပ်ပေးနိုင်မည်နည်း။ သူ လီမျိုးနွယ်၏ တတိယအကြီးအကဲကို ဒေါသဖြစ်အောင် လုပ်မိလျှင် မည်သို့ဆက်ဖြစ်လာမည်နည်း။ လီမျိုးနွယ်က နောက်တွင် ယဉ်မျိုးနွယ်ရှိနေသည်။ လွန်ခဲ့သော နာရီအနည်းငယ်ကပငက် ချီထျန်းချန်က သူ့အား ကျန့်မျိုးနွယ်နှင့် ယဉ်မျိုးနွယ်တို့ကို ဒေါသထွက်အောင် မလုပ်ရန် သတိပေးခဲ့သည်။
ကျန်းရီသည် မျက်လုံးများမှိတ်၍ ကျင့်ကြံခြင်းအခန်းထဲတွင် ငါးမိနစ်မျှ ရပ်နေလိုက်သည်။ နောက်ဆုံးတွင် သူ မျက်လုံးပြန်ဖွင့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူ စိတ်ဆုံးဖြတ်ပြီးပေပြီ။ သူသည် ထိုသနားစဖွယ်မိန်းမပျိုနှစ်ယောက်အား ကယ်နိုင်မည့် နည်လမ်းတစ်ခုကို ရှာမည်ဖြစ်သည်။
ဗုဒ္ဓဧကရာဇ်၏ ဇင်နှလုံးသားကျင့်စဉ်မှာ မိမိ၏ နှလုံးသားအနောက်သို့လိုက်၍ မိမိဆန္ဒရှိသည့်အတိုင်း ပြုမူရခြင်းပင်။
ကျန်းရီကလည်း ဇင်နှလုံးသားကျင့်စဉ်ကို ကျင့်ကြံခဲ့ဖူး၍ အမြဲ သူ၏ဆန္ဒအတိုင်းသာ ပြုမူခဲ့သည်။ သူ နောင်တမရလိုပေ။ ဘဝထဲတွင် တုံ့ဆိုင်း၍ရသောကိစ္စများ များစွာမရှိချေ။ လူတစ်ယောက်သည် မိမိ၏နှလုံးသားနောက်သို့ မလိုက်လျှင် အသက်ရှင်နေရခြင်းက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
“သခင်လေး... သခင်လေး... ဘာလုပ်တာပါလဲ”
ကြီးကြပ်သူသည် ကျန်းရီက သင်္ဘောဦးပိုင်းမှ အခန်းဆီသို့ လျှောက်သွားသည်ကို မြင်လိုက်သောအခါ ခပ်သွက်သွက် တားလိုက်၏။ ကျန်းရီသည် စိတ်တင်းလိုက်ပြီး ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ ကြီးကြပ်သူကို အေးစက်စက် ပြောလိုက်သည်။
“ငါ အကြီးအကဲနဲ့ တွေ့ချင်တယ်။ ငါ သူနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်”
“ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်...”
ကြီးကြပ်သူ မှင်တက်သွား၏။ ကျန်းရီ၏ အရှိန်အဝါက အလွန်အားကောင်းသည်။ သူက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ခဲ့သည်လော။ သူက မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်များ ဖြစ်နေသည်လော။ ထို့ပြင် သူ၏ အငွေ့အသက်က သာမန်မဟုတ်ပေ။ ထိုအငွေ့အသက်ကို အတုလုပ်၍ မရပေ။ ကြီးကြပ်သူသည် ကျန်းရီ၏ တောင်းဆိုချက်ကို တွေးတောလိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်လေ၏။
“သခင်လေး ဒီဘက်ကို ကြွပါ”
ကျန်းရီက ခေါင်းညိတ်ကာ အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူသည် ထန်ရွှယ်နှင့် ထန်ယန်တို့ ရှိနေသော အခန်းကို ကျော်ပြီးနောက် ရပ်ကာ ပြောလိုက်သည်။
“အထဲကလူကို အဲ့ကောင်မလေးနှစ်ယောက်ကို ထပ်မနှိပ်စက်တော့ဖို့ ပြောလိုက်ပါ”
ကျန်းရီသည် ပြောဆိုပြီးနောက် အခန်းနံပါတ်(၁)သို့ ဦးတည်သွားလိုက်၏။ သူက ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောများနှင့် အလွန်ရင်းနှီးပုံပင်။ ကြီးကြပ်သူက အစောင့်တစ်ယောက်ကို ခေါ်လိုက်ပြီး အမိန့်များပေးပြီးနောက် ကျန်းရီနောက်သို့ ခပ်သုတ်သုတ် လိုက်သွားလိုက်သည်။ ကြီးကြပ်သူသည် အခန်းနံပါတ်(၁)၏တံခါးကို ခေါက်ကာ သတင်းပို့လိုက်၏။
ကျွီ...ကျွီ...
အခန်း၏ တံခါးမကြီးက လျင်မြန်စွာ ပွင့်လာ၏။ ကြီးကြပ်သူက ပြုံး၍ လက်ဆန့်ကာ ပြောလိုက်သည်။
“သခင်လေး... အကြီးအကဲထန်မင်က သခင်လေးကို စောင့်နေပါတယ်”
ကျန်းရီသည် အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ရဲရဲဝံ့ဝံ့ ဝင်သွားလိုက်၏။ ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က ထိုင်ခုံတွင် ထိုင်နေသည်။ သူ့ဘေးတွင်မူ ကြီးကြပ်သူနှစ်ယောက် ရှိနေသည်။ ကျန်းရီက အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်သည်။
“ရီစန် အကြီးအကဲထန်မင်ကို နှုတ်ခွန်းဆက်ပါတယ်”
“အို့... သခင်လေးရီလား”
အကြီးအကဲထန်မင်နှင့် ကြီးကြပ်သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏အပြုံးများက အတန်ငယ် မဲ့လာသည်။ ကျန်းရီက အရိုအသေပေးသည်ဟုလည်း မပြောခဲ့သလို အကြီးအကဲထန်မင်အား အရှင်ဟုလည်း မခေါ်ခဲ့ပေ။ ကျန်းရီ၏ အပြုအမူက အတော်လေး ရဲတင်း၏။ ယင်းမှာ ကျန်းရီ၏ နောက်ခံအင်အားကို လျှော့တွက်၍မရဟူသော အဓိပ္ပာယ်ပင်။ သူသည် ထန်မျိုးနွယ်၏ အကြီးအကဲတစ်ယောက်ကို အပြစ်ပြုမိမည်ကိုပင် မစိုးရိမ်ချေ။ အရေးအကြီးဆုံးအချက်မှာ သူ၏ မျိုးရိုးအမည်ကို ‘ရီ’ ဖြစ်နေခြင်းပင်။ ထို့ကြောင့် ထန်မင် မဆင်မခြင် မပြုမူဝံ့ပေ။
“အားလုံးပဲ ထွက်သွားပါ”
အစေခံမလးတစ်ယောက်က လက်ဖက်ရည်နှင့် မုန့်အချို့ကို တည်ခင်းပေးနေ၏။ ထန်းမင်းက လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သောအခါ ကြီးကြပ်သူသုံးယောက်နှင့် ထိုအစေခံမလေးတို့ ထွက်သွားကြသည်။ ထို့နောက် ထန်မင်က ကျန်းရီကို ထိုင်စေလိုက်ပြီး မေးလိုက်သည်။
“သခင်လေးရီက ကျုပ်နဲ့ ဘာအကြောင်းများ ဆွေးနွေးချင်လို့ပါလဲ။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ထန်မျိုးနွယ်က လောကတစ်ခွင်လုံးမှာရှိတဲ့ သိုင်းပညာရှင်တွေနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်”
ကျန်းရီသည် ဝေ့ဝိုက်မနေတော့ဘဲ ထန်ရွှယ်နှင့် ထန်ယန်တို့ရှိနေသော အခန်းဘက်သို့ လက်ညှိုးညွှန်၍ ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်က အဲ့ကောင်မလေးနှစ်ယောက်အတွက် လာခဲ့တာပါပဲ။ အကြီးအကဲ ဈေးတစ်ခု ဆိုလိုက်ပါ။ အကုန်လုံးကို ဆွေးနွေးလို့ရပါတယ်။ လီမျိုးနွယ်က ပြဿနာရှာမှာကိုလည်း မစိုးရိမ်ပါနဲ့... ကျွန်တော် ခေါင်းခံမှာပါ”
“အဟင်း...”
အကြီးအကဲထန်မင်က ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ခေါင်းခါကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“သခင်လေးရီ... သခင်လေးက ထန်ရွှယ်နဲ့ ထန်ယန်တို့ကို လိုချင်တာလား။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဆိုရင်တော့ အဲ့ဒါက ပြဿနာရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အဲ့လိုလုပ်လို့ မဖြစ်တော့ဘူး။ သခင်လေးက ဈေးအဆမတန် ပေးမယ်ဆိုရင်တောင် ငြင်းရဦးမှာပဲ။ ကျုပ် တောင်းပန်ပါတယ်”
***