← Chapters

ရူးမိုက်မှုတစ်ခု

Vol. 76 Ch. 1054

ရူးမိုက်မှုတစ်ခု

Vol. 76 Ch. 1054

“ကျွန်တော် ဈေးဘယ်လောက်ပေးပေး မရဘူးတဲ့လား”

ကျန်းရီ ထန်မင်ကို စိတ်ပျက်စွာ ကြည့်လိုက်၏။ ထန်မင်က အလွန်ပြတ်သားပေသည်။ ကျန်းရီ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ထပ်ပြောလိုက်သည်။

“ကျွန်တော်က ကောင်းကင်ကျောက်တုံး သန်းတစ်သိန်း ပေးမယ်ဆိုရင်တောင်မှလား”

ထန်မင်သည် ကျန်းရီက လက်ဖက်ရည်သောက်လိုက်သည်ကို မြင်၍ သူလည်း လိုက်သောက်လိုက်၏။ သို့သော် သူ ကျန်းရီ၏စကားကို ကြားလိုက်သောအခါ လက်ဖက်ရည်သီးပြီး ချောင်းဆိုးသွားသည်။ ထို့နောက် သူ ကျန်းရီကို ‌တောင်းပန်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် တောင်းပန်ပါတယ် သခင်လေးရီ... ကျုပ် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေမိပြီ။ ကျုပ်က ‌ကောင်းကင်ကျောက်တုံးတွေကို မမြင်ဖူးလို့ မဟုတ်ပါဘူး.... မိန်းကလေးနှစ်ယောက်အတွက် အဲ့လောက်အများကြီး ကမ်းလှမ်းတာကို အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာမလို့ပါ။ ဘာပဲဖြစ်ဖြစ် ကျုပ် သခင်လေးရဲ့ စိတ်ဓာတ်ကို လေးစားသွားပြီ။ အခု ကျုပ်တို့ မိတ်ဆွေတွေ ဖြစ်သွားကြပြီ”

ထန်မင်က ထန်မျိုးနွယ်၏ အကြီးအကဲတစ်ယောက်ဖြစ်သဖြင့် အရာများကို မြင်ဖူးခဲ့ပေပြီ။ ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းဆိုသော ပမာဏက သူနှင့်မစိမ်းပေ။ သို့သော် သူသည် ကိစ္စများစွာကို တွေ့ကြုံခဲ့ဖူးပြီး အပေးအယူများစွာ လုပ်ခဲ့ဖူး၍လည်း ဤတစ်ခေါက်တွင် အလွန်အံ့အားသင့်သွားခြင်းဖြစ်သည်။ ထန်ရွှယ်နှင့် ထန်ယန်တို့က ထိပ်တန်း အလှပဂေများဖြစ်သည်မှာ မှန်၏။ သို့သော် သူမတို့နှစ်ယောက်သည် ထန်မျိုးနွယ်က အခြားသူများကို လက်ဆောင်ပေးရန်အတွက် အစေခံများဖြစ် ပျိုးထောင်ပေးထားသော မိဘမဲ့နှစ်ယောက်ဖြစ်သည်။ အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းလောက်နှင့်ပင် ဝယ်နိုင်သည်။ သို့သော် ယခုတွင် ထိုမိန်းမပျိုနှစ်ယောက်က အတုအယောင် နတ်ဘုရားအသုံးအဆောင် ဆယ်ခုစာလောက် တန်နေသည်လော။

ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ ထန်မင်က စကားအချို့ပြောခဲ့သော်လည်း သူ၏သဘောထားကို ပြောင်းမည့်ပုံ မပေါ်သေးပေ။ ထို့ကြောင့် ကျန်းရီ ထန်မင်ကို ကြည့်ကာ မေးလိုက်သည်။

“အရမ်းနည်းနေလို့လား”

“မဟုတ်ပါဘူး သခင်လေးရီ.... သခင်လေး အထင်မှားနေပါပြီ”

ထန်မင်က ခပ်သွက်သွက် လက်ဆုပ်ကာ ပြောလိုက်၏။

“ကျုပ်ဆိုလိုတာက အဲ့လိုမဟုတ်ပါဘူး။ တကယ်တော့... သခင်လေးရဲ့ အပြုအမူ၊ အကျင့်စရိုက်တွေကြောင့် ဖြစ်နိုင်ရင် ကျုပ် ထန်ရွှယ်နဲ့ ထန်ယန်ကို သခင်လေးကို အလကားပေးလိုက်ချင်တာပါ။ သခင်လေးက ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲ့ကောင်မလေးနှစ်ယောက်ကို လီမျိုးနွယ်ရဲ့ တတိယအကြီးအကဲက လိုချင်နေတာပါ။ ထန်မျိုးနွယ်က လောကတစ်ခွင် လှည့်ပတ်သွားပြီး လူစွမ်းကောင်းတွေနဲ့ မိတ်ဆွေဖွဲ့တာ၊ အပေးအယူလုပ်တာတွေ လုပ်ပါတယ်။ အဲ့ဒါတွေကို ယုံကြည်မှုအပေါ်မှာပဲ အခြေခံပြီး လုပ်ခဲ့တာပါ။ ကျုပ်တို့က လီမျိုးနွယ်ရဲ့ တတိယအကြီးအကဲကို ကတိပေးပြီးသွားပြီဆိုတော့ သခင်လေး ကောင်းကင်ကျောက်တုံး သန်းတစ်သန်း ဒါမှမဟုတ် သန်းဆယ်ဆန်း ပေးမယ်ဆိုရင်တောင် အဲ့‌ကောင်မလေးနှစ်ယောက်ကို သခင်လေးဆီ မရောင်းပေးနိုင်ပါဘူး။ ထန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက ကျန်တာတွေထက် ပိုအရေးကြီးပါတယ်။ အဲ့ဒါကြောင့် ကျုပ် သခင်လေးကို တောင်းပဲတောင်းပန်နိုင်ပါတယ်”

ထန်မင်က ထိုသို့ ပြောလိုက်ပြီဖြစ်၍ ဆက်ပြောစရာ မကျန်တော့ပေ။

ကျန်းရီ နှုတ်ဆိတ်သွားသည်။ ဤကိစ္စက ခက်ခဲလာပေပြီ။ အကယ်၍ ထန်မျိုးနွယ်က ဆက်ခေါင်းမာနေမည်ဆိုလျှင် သူ့အနေဖြင့် ထန်မျိုးနွယ်ဝင်များကို သတ်ဖြတ်ကာ ထိုကောင်မလေးနှစ်ယောက်ကို ကယ်တင်ရတော့ပေမည်။ သို့သော် သူ ထိုသို့လုပ်လိုက်လျှင် သေချာပေါက် လီမျိုးနွယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ လီမျိုးနွယ်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ မရှိသော်လည်း သူ ယဉ်မျိုးနွယ်ကို ကြောက်ရသေးသည်။ ကျန်းရီသည် မလိုအပ်လျှင် ယဉ်မျိုးနွယ်နှင့် ရန်သူ မဖြစ်လိုချေ။ ယဉ်ရို့ပင်းက သူ့ကို ကူညီခဲ့ဖူးသည် မဟုတ်ပါလား။

“ထန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက ကျန်တာတွေထက် ပိုအရေးကြီးတာလား”

ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်၏။ ရုတ်တရက် သူ၏ မျက်ဝန်းများက ‌တောက်ပလာသည်။ ထို့နောက် သူ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ မျိုးရိုးအမည်က ‘ရီ’ဆိုရင်တောင် အကြီးအကဲတို့က ခြွင်းချက်မထားတော့ဘူးလား”

ကျန်းရီ၏ စကားနောက်ကွယ်တွင် အဓိပ္ပာယ်များစွာပါသည်။ သူသည် ထန်မင်က မည်သို့ တုံ့ပြန်မည်ကို စမ်းသပ်ကြည့်လိုခြင်းပင်။ ထန်မင် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက ပြုံးကာ ခေါင်းခါ၍ ပြောလိုက်၏။

“သခင်လေးရဲ့ မျိုးရိုးအမည်က ‘ရီ’ ဖြစ်နေရင်တောင် ကျုပ်တို့ ခြွင်းချက်ထားပေးလို့ မရပါဘူး။ သခင်လေးရီကျန်းနဲ့ သခင်မလေးရီချန်တို့ကိုယ်တိုင် ရောက်လာရင်တောင် ဒီလိုပဲ ဖြစ်မှာပါ။ ထန်မျိုးနွယ်မှာ စည်းမျဉ်းတွေ ရှိပါတယ်။ ထန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာက ကျန်တာတွေထက် ပိုအရေးကြီးပါတယ်”

“ကောင်းပြီ...”

ကျန်းရီ၏ လက်ချောင်းမှ လက်စွပ်က လင်းလက်လာပြီး ပလက်တီနမ် အမိန့်ပြားတစ်ခု ထွက်လာသည်။ သူသည် ထိုအမိန့်ပြားကို  စားပွဲပေါ် ပစ်တင်လိုက်ပြီး ပြောလိုက်သည်။

“ပလက်တီနမ် အမိန့်ပြားနဲ့ ဆိုရင်ရော...”

“အာ...”

ထန်မင်တစ်ယောက် စားပွဲပေါ်မှ ပလက်တီနမ် အမိန့်ပြားကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများ အရောင်လက်လာသည်။ သူသည် ပလက်တီနမ် အမိန့်ပြားကို ထပ်ကြည့်လိုက်ပြီး ကျန်းရီကို မော့ကြည့်လိုက်၏။ ထို့နောက် သူ ရုတ်တရက် ထရပ်ကာ လက်နှစ်ဘက်စလုံး ဆန့်တန်း၍ သူ့အရှေ့ရှိ နံရံထံ အတွင်းအား ပို့လွှတ်လိုက်လေသည်။

ရွှီး...

နံရံက လင်းလက် တောက်ပလာ၏။ အကာအရံကို နှိုးလိုက်ပေပြီ။ ထို့နောက် ထန်မင်သည် မျက်လုံးများ မှိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် အာရုံခံလိုက်၏။ ပြီးခါမှ သူ ကျန်းရီကို လက်ဆုပ်ကာ ပြောလိုက်လေသည်။

“သခင်လေးကျန်း...တကယ်ပဲ သခင်လေးကျန်းလား။ ကျုပ် မလေးမစား ပြုမိခဲ့ပါပြီ”

ကျန်းရီ လုံးဝအံ့အားသင့်မသွားပေ။ သူက အမိန့်ပြားကို ထုတ်ပြလိုက်ပြီဖြစ်၍ သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်သာ။ ထန်မျိုးနွယ်က အလွန်အင်အားကြီးသည်။ အဘယ်သို့ သူတို့က သူမည်သူဖြစ်ကြောင်း မခန့်မှန်းမိဘဲ နေပါမည်နည်း။ သူသည် ထန်မင်၏ အပြုအမူ ပြောင်းသွားပုံကိုလည်း အလွန်ကျေနပ်နေ၏။ မည်သို့ပင်ဖြစ်စေ ယခု ကြည့်ရပုံအရ ထန်မျိုးနွယ်က သူ့အကြောင်းကို ဖော်မည့်ပုံ မပေါ်ချေ။

ကျန်းရီ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“အကြီးအကဲထန်မင်... ကျွန်တော်ကလည်း ထန်မျိုးနွယ်ကို လေးစားပါတယ်။ အရင်တစ်ခေါက်တုန်းက ကျွန်တော် အစ်ကိုထန်ရှန့်နဲ့ တွေ့ခဲ့ရတယ်။ ကျွန်တော် ထန်မျိုးနွယ်နဲ့ ဆက်ပြီးမိတ်ဆွေဖြစ်ချင်ပါတယ်”

“သခင်‌လေးကျန်းကို ကျေးဇူးအများကြီးတင်ပါတယ်”

ထန်မင်၏ မျက်နှာက နီမြန်းလာ၏။ သူ ထပ်မံ လက်ဆုပ်ကာ ပြောလိုက်သည်။

သခင်လေးဘယ်သူဆိုတာကို ကျုပ်ကို ပြတာက သခင်လေးက ထန်မျိုးနွယ်အပေါ် ယုံကြည်တယ်ဆိုတာကို ပြသလိုက်တာပါပဲ။ မစိုးရိမ်ပါနဲ့... သခင်လေးရဲ့အကြောင်းက ထန်မျိုးနွယ်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပါ။ ဒီတွေ့ဆုံမှုအကြောင်းက အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ပါဘူး။ ဧကရာဇ်ကိုးပါးတောင် ဒီကိစ္စကို မသိစေရပါဘူး”

“ကောင်းပါပြီ”

ကျန်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး ထရပ်လိုက်သည်။

“ထန်မျိုးနွယ်က ကျွန်တော့်ကို စိတ်မပျက်စေဘူးပဲ။ နောက်ကျ ကျွန်တော် ထိပ်တန်းကို ရောက်သွားရင်လည်း ထန်မျိုးနွယ်က အမြဲ ကျွန်တော့်ရဲ့မိတ်ဆွေ ဖြစ်နေမှာပါလို့ မျိုးနွယ်ခေါင်း‌ဆောင်ကို ပြောလိုက်ပါ”

ထန်မင်က ခေါင်းခါကာ ပြောလိုက်သည်။

“သခင်လေးက ထိပ်တန်းကို ရောက်ပြီးနေပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ထန်မျိုးနွယ်ခေါင်းဆောင်က သခင်လေးကို အရမ်းလေးစားပါတယ်။ သူက ပြောတယ်... သခင်လေးက ဆန်းကြယ်ဧကရာဇ်အသစ် ဖြစ်လာနိုင်တယ်တဲ့။ သခင်လေးက ကျုပ်တို့ထန်မျိုးနွယ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်ပါ”

“အာ...”

ကျန်းရီသည် ထန်မျိုးနွယ်က သူ့ကို ထိုမျှအထင်ကြီးလိမ့်မည်ဟု မမျှော်လင့်ထားပေ။ နောက်ဆုံးတွင် သူ ရင်ထဲမှ အထုံးတစ်ခုကို ဖြည်နိုင်လိုက်ပေပြီ။ ထန်မျိုးနွယ်က သူ့အကြောင်းကို မည်သည့်အခါတွင်မှ အပြင်လူများကို ပြောပြမည့်ပုံ မပေါ်ချေ။ ထန်မျိုးနွယ်က စီးပွားရေးလုပ်ရာတွင် အမြော်အမြင်ကြီးသည်။ ကျန်းရီသာ ဒုတိယဆန်းကြယ်ဧကရာဇ် ဖြစ်လာလျှင် ထန်မျိုးနွယ်အတွက် ကောင်းကင်က ကောင်းချီးပေးသည်ကို ခံရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကျန်းရီ ခေါင်းညိတ်လိုက်၏။ ဆက်၍ ဝေ့ဝိုက်နေရန် မလို‌တော့ပေ။ ထို့ကြောင့် သူ ဆက်ပြောလိုက်သည်။

“ကျွန်တော်လည်း အကြီးအကဲကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ အရင်တစ်ခေါက်တုန်းက အစ်ကိုထန်ရှန့်က ထန်ရွှယ်နဲ့ ထန်ယန်ကို ကျွန်တော့်ကို လက်ဆောင်ပေးဖို့ လုပ်ခဲ့ပါတယ်။ အခု ကျွန်တော် သူတို့နဲ့ ထပ်ဆုံရပြီဆိုတော့ ရေစက်ပါတယ်လို့ ပြောရမယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်က တရားမျှတမှုကို အရမ်းအလေးထားတဲ့ သူတော်ကောင်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အဲ့ကောင်မလးနှစ်ယောက်ကို သနားမိပါတယ်။ လီမျိုးနွယ်ရဲ့ တတိယအကြီးအကဲက ဘယ်လိုလူစားမျိုးလဲဆိုတာကို အကြီးအကဲလည်း သိတာပါပဲ။ ဒီတစ်ခေါက် ကျွန်တော် ဝင်မကူညီမိရင် အပြစ်ရှိသလို ခံစားနေရမှာ။ ကျွန်တော်က နှလုံးသားနောက်ကို လိုက်တဲ့သူတစ်ယောက်ပါ။ အဲ့လိုမလုပ်ရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းလည်း ထိခိုက်သွားပါလိမ့်မယ်”

“အဲ့ဒါက...”

ထန်မင်သည် ကျန်းရီ၏စကားကို ကြားသောအခါ အတန်ငယ် ရှက်မိသွား၏။ ထို့ကြောင့် သူ နီမြန်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သခင်လေးရဲ့ စိတ်ဓာတ်က ချီးကျူးစရာပါ။ အစောက သခင်လေး သန်းတစ်သိန်း ကမ်းလှမ်းကတည်းက သခင်လေးက ဘယ်သူဆိုတာကို ကျုပ် ခန့်မှန်းမိခဲ့သင့်တာ။ ဘယ်သူက အဲ့လောက် ရက်ရောမှာလဲ။ ကျုပ်ကို စဉ်စားချိန်ခဏလောက် ပေးပါ”

ကျန်းရီ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ဤကိစ္စတွင် သူက ရူးရူးမိုက်မိုက် ပြုမူနေခြင်းပင်။ အကယ်၍ ထန်မျိုးနွယ်က သူ့ကို သစ္စာဖောက်လိုက်လျှင် မကြာခင်မှာပင် မြောက်ဘက်ဧကရာဇ်က သူ့ကို ရှာတွေ့သွားပြီး သတ်ပစ်ပေလိမ့်မည်။ ဤတစ်ခေါက်တွင် ကျန်းရီ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

သို့သော် ကျန်းရီ နောင်တမရပေ။ သူသည် ဆုံးဖြတ်ချက်ချပြီးလျှင် စိတ်ပြောင်းတတ်သူ မဟုတ်ချေ။ သူက သေရမည်ကို မကြောက်ပေ။ အပြစ်ရှိစိတ်ကြီးနှင့် အသက်ရှင်ရန်မည်ကိုသာ ‌ကြောက်သည်။ လူတစ်ယောက်က ရံဖန်ရံခါတွင် စိတ်ရှိတိုင်း လုပ်လေ့မရှိလျှင်၊ ပန်းတိုင်မရှိလျှင်၊ သတ္တိမရှိလျှင် ရှင်လျက်နှင့်သေနေသူတစ်ယောက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ဝုန်း...

အကြီးအကဲထန်မင်သည် ငါးမိနစ်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် စားပွဲကို လက်ဖြင့် ရိုက်ကာ ပြောလိုက်လေသည်။

“ကောင်းပြီ... သခင်လေးကျန်းက ‌ဖြောင့်မတ်မှတော့ ကျုပ်ကလည်း သူရဲဘောကြောင်မနေနိုင်ဘူး။ ကောင်မလေးနှစ်ယောက်ကိုခေါ်ပြီး ထွက်သွားလိုက်ပါ။ အကျိုးဆက်တွေကို ကျုပ်ဘာသာပဲ ခံပါမယ်။ ကျုပ်သေရမယ်ဆိုရင်တောင် သခင်လေးအကြောင်းကို ထုတ်ပြောမှာ မဟုတ်ပါဘူး”

ကျန်းရီသည် ထန်မင်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး ရင်ထဲမှ သက်ပြင်းချလိုက်၏။ လူတစ်ယောက်၏ မျက်ဝန်းများက မလိမ်နိုင်ပေ။ ထို့ပြင် ကျန်းရီ၏ အာရုံများက စူးရှရာ ထန်မင်က တစ်ခုခုကို ဖုံးကွယ်ထားလျှင်လည်း သူ ဖောက်မြင်နိုင်မည်ဖြစ်သည်။

ထန်မင်က ကျန်းရီကို ကူညီလိုသော်လည်း ထန်မျိုးနွယ်၏ဂုဏ်သိက္ခာ ကျဆင်းမည်ကို မလိုလားကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူက သူတစ်ယောက်တည်း တာဝန်ခံရန် ဆုံးဖြတ်လိုက်ခြင်းပင်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ ကျန်းရီက ကောင်မလေးနှစ်ယောက်ကို ခေါ်သွားပြီးနောက်တွင် သူက လီမျိုးနွယ်သို့ ကိုယ်တိုင်သွား၍ ခွင့်လွှတ်မှုတောင်းခံကာ သင့်တော်သလို အပြစ်ပေးရန် ပြောနိုင်သည်။ ထို့ပြင် သူသည် ထန်မျိုးနွယ်မှလည်း ခွင့်လွှတ်မှုတောင်းခံကာ ကိစ္စတစ်ခုလုံးကို သူတစ်ယောက်တည်း ခေါင်းခံလောက်သည်။

ကျန်းရီသည် အဘယ်သို့ ထန်မင်အပေါ် အပြစ်ပုံချနိုင်ပါမည်နည်း။ သူသာ ထိုသို့လုပ်လိုက်လျှင် ကျန်းရီဟုတ်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းရီက တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။

“အစ်ကိုမင်... အစ်ကိုက ကျွန်တော့်ကို လျှော့တွက်တာပဲ။ အဲ့ကိစ္စအကြောင်း ထပ်ပြောဖို့ မလိုတော့ပါဘူး။ ကျွန်တော်ပဲ တာဝန်ခံပါမယ်... အဲ့ကိစ္စက အစ်ကိုမင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမဲ့ အစ်ကို ကျွန်တော်ပြောသလိုတော့ သရုပ်ဆောင်ပေးရမယ်။ အစ်ကိုသိတဲ့အတိုင်းပဲ ကျွန်တော်ဘယ်သူဆိုတာ ပေါ်သွားလို့မရဘူးလေ။ လီမျိုးနွယ်နဲ့ ယဉ်မျိုးနွယ်ကို အပြစ်ပြုမိမှာကတော့ ကျွန်တော့်မှာ ရန်သူတွေ အများကြီး ရှိနေပြီးပါပြီ၊ ရန်သူမျိုးနွယ်နှစ်ခုလောက် ထပ်ရှိလာလည်း ကျွန်တော်က အရေးမစိုက်ပါဘူး။ ဝူမျိုးနွယ်ကတောင် ကျွန်တော့်ကို မသတ်နိုင်တာ သူတို့က ဘာများပိုတတ်နိုင်မှာလဲ”

***

All Chapters