သခင်လေး၏ ကြင်နာမှု
Vol. 76 Ch. 1055
နတ်ဘုရားအသံလှိုင်းဒေသို့ ရောက်ရန် အချိန် နှစ်ဝက်ကြာမည်ဖြစ်သည်။ နတ်ဘုရားအသံလှိုင်းဒေသက ရီမျိုးနွယ်ပိုင်ဆိုင်သော ဒေသလေးခု၏ မြောက်ဘက်တွင် တည်ရှိသည်။ ဘုံကြိုးပြတ်ဒေသကမူ ရီမျိုးနွယ် ဒေသလေးခု၏ အရှေ့ဘက်တွင် တည်ရှိသည်။ ဤနေရာမှနေ၍ ထိုဒေသနှစ်ခုဆီသို့ အကွာအဝေးက သိပ်မကွာပေ။ ထို့ကြောင့် ဘုံကြိုးပြတ်ဒေသသို့ ရောက်ရန်လည်း နှစ်ဝက်ကြာပေလိမ့်မည်။ ကျန်းရီက အလျင်မလိုပေ။ သူသည် ထန်မင်နှင့် ဆွေးနွေးပြီးနောက် အရင်ဆုံး အချိန်တစ်ခုအထိ အခန်းအောင်း ကျင့်ကြံနေရန် ဆုံးဖြတ်လိုက်၏။ သူတို့ ထိုဒေသနှင့် နီးကပ်လာခါမှ အစီအစဉ်များကို ထပ်မံ ဆွေးနွေးကြမည်ဖြစ်သည်။
ထန်ရွှယ်နှင့် ထန်ယန်တို့ကို ကယ်တင်မည့် အစီအစဉ်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ ထန်မျိုးနွယ်က သူတို့၏ဂုဏ်သိက္ခာကို တန်ဖို့းထားသည်။ ထို့ကြောင့် မိန်းမပျိုနှစ်ယောက်က ထန်မျိုးနွယ်၏ ထန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ပျောက်သွား၍ မရပေ။ ကျန်းရီသည် သူမတို့ လီမျိုးနွယ်သို့ သွားနေရာလမ်းတွင်သာ သူမတို့ကို ခေါ်သွားနိုင်သည်။ ထန်မင်၏ ပူးပေါင်းမှုဖြင့်ဆိုလျှင် ထိုကိစ္စကို ဆောင်ရွက်ရန် လွယ်ပေလိမ့်မည်။ လီမျိုးနွယ်တွင် မည်သည့် နတ်ဘုရားတစ်ပိုင်းမှ မရှိသဖြင့် ကျန်းရီသည် ထိုအစီအစဉ်အတွက် များစွာ မစိုးရိမ်ပေ။
ထိုအစီအစဉ်၏ တစ်ခုတည်းသော ပြဿနာမှာ အပြင်လူများကို အာရုံစိုက်မှုကို မခံနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ကျန်းရီကလည်း လုံလောက်သော အကြောင်းပြချက်ကို ပေးရန်လိုအပ်ခြင်းဖြစ်သည်။ လီမျိုးနွယ်၏ အဆင့်အတန်းက မနိမ့်သဖြင့် သာမန်လူများက သူတို့ကို ရန်စဝံ့ကြမည် မဟုတ်ပေ။ အကယ်၍ ထိုအစီအစဉ်ကို ကောင်းမွန်စွာ အကောင်အထည်မဖော်နိုင်လျှင် အပြင်လူများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ အကယ်၍ ယဉ်မျိုးနွယ်သာ စတင်စစ်ဆေးလိုက်လျှင် မိန်းမပျိုနှစ်ယောက်ကို ခေါ်သွားသူမှာ ကျန်းရီဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အလွန်အင်အားကြီးသည်။ သူတို့ လျှို့ဝှက်စုံစမ်းခြင်းကို ကျန်းရီက သိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအစီအစဉ် အောင်မြင်ရန် ကျန်းရီသည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်သကဲ့သို့ သတိကြီးကြီး ဆောင်ရွက်ရမည်ဖြစ်သည်။
ထန်မင်သည် ကျန်းရီ၏ အစီအစဉ်ကို နားထောင်ပြီးနောက် ကျန်းရီက စိတ်ဆုံးဖြတ်ပြီးသွားပြီဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် ထန်မင် များစွာ ပြောမနေတော့ဘဲ နောက်ခြောက်လကြာပြီးမှ ဆက်ဆွေးနွေးမည်ဟုသာ ပြောလိုက်လေသည်။ ထန်မင်သည် ထိုအချိန်အတောအတွင်း သွေးထွက်သံယိုကိစ္စများကို ရှောင်နိုင်မည့် ပိုကောင်းသည့် အစီအစဉ်များကို စဉ်းစားလိုခြင်းပင်။
အစီအစဉ်ကို ဆွေးနွေးပြီးနောက် ထန်မင်သည် ကျန်းရီကို အခန်းနံပါတ်(၂)ထံ ကိုယ်တိုင်ခေါ်သွားလိုက်၏။ ကျန်းရီသည် အခန်းထဲသို့ ဝင်လျှင်ဝင်ချင်း ထိပ်တန်း အလှပဂေးနှစ်ယောက်ကို တွေ့လိုက်၏။ သူမတို့၏ မျက်နှာများပေါ်တွင် မျက်ရည်စီးကြောင်းများ စွန်းထင်နေသည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း ထန်ရွှယ်နှင့် ထန်ယန်တို့က ပို၍ပင် လှပလာ၏။ ယခင်တုန်းက သူမတို့သည် ပန်းဖူးကလေးများကဲ့သို့ပင်။ ယခုတွင်မူ သူမတို့က ပွင့်လန်းနေပေပြီ။ သူမတို့၏ ခန္ဓာကိုယ်အချိုးအစားက ပြီးပြည့်စုံပြီး အလွန်ကြည့်၍ကောင်းပေသည်။ သူမတို့နှစ်ယောက်စလုံးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြကာ တစ်ပုံစံတည်း တူနေသည်။ သူမတို့နှစ်ယောက်ထဲတွင် မည်သူက မည်သူဖြစ်ကြောင်း တစ်ဦးတစ်ယောက်ကမှ ပြောနိုင်မည် မဟုတ်ပေ။
ထန်မင်က အမွှာညီအစ်မနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် နားထောင်ကြ။ ဒီအချိန်အတောအတွင်းမှာ မင်းတို့ သခင်လေးရီကို အလုပ်အကြွေးပြုရမယ်”
“အာ...”
အခန်းထဲရှိ အသက်လတ်ပိုင်းအရွယ် ကြီးကြပ်သူက အံ့အားသင့်သွား၏။ ထန်ရွှယ်နှင့် ထန်ယန်တို့သည်လည်း အံ့ဩသွားကာ ကျန်းရီကို မော့ကြည့်လိုက်ကြသည်။ သူမတို့သည် စိတ်လှုပ်ရှားနေသဖြင့် တုန်ယင်နေကြသည်။ သူမတို့၏ မျက်ဝန်းများထဲတွင်လည်း မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။
အမွှာနှစ်ယောက်ကို လီမျိုးနွယ်၏ တတိယအကြီးအကဲအား ပေးထားပြီးဖြစ်ရာ အဘယ်ကြောင့် ထန်မင်က သူမတို့အား ထိုသခင်လေးကို အလုပ်အကြွေးပြုခိုင်းနေသနည်း။ ထန်မျိုးနွယ်က စိတ်ပြောင်းသွားခြင်းလော။ သူမတို့ကို တဏှာရူးအိုကြီးဆီ မပေးတော့ပြီလော။
ကြီးကြပ်သူဟဲက စိတ်လှုပ်ရှားလာ၏။ လီမျိုးနွယ်၏ တတိယအကြီးအကဲက သူမတို့ကို အပျိုအဖြစ်သာ လိုချင်သည်ဟု သေချာပြောထားသည်။ သို့သော် ထန်ရွှယ်နှင့် ထန်ယန်တို့က ကျန်းရီကို အချိန်တစ်ခုအထိ အလုပ်အကြွေးပြုရမည်လော။ အကယ်၍ ထန်ရွှယ်နှင့် ထန်ယန်တို့သာ အပျိုစင်ဘဝကို ဆုံးရှုံးသွားလျှင် ထန်မျိုးနွယ်၏ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။
“အကြီးအကဲ... အဲ့လိုလုပ်လို့ အဆင်မပြေလောက်ဘူးထင်တယ်...”
“ဘာအဆင်မပြေတာလဲ”
ထန်မင်က လက်ဝှေ့ယမ်းကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဒါကအမိန့်ပဲ။ ပြီးတော့ ဒီကိစ္စကို အပြင်လူတွေဆီ မပေါက်ကြားသွားစေနဲ့။ အမိန့်ကို ဆန့်ကျင်တဲ့သူတိုင်း အသတ်ခံရမယ်။ မင်းတို့နှစ်ယောက် သခင်လေးရီကို မြန်မြန် ကျေးဇူးတင်လိုက်ကြ”
ထန်ရွှယ်နှင့် ထန်ယန်တို့ အသိစိတ်ပြန်ကပ်လာပြီး ကျန်းရီကို ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
“သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“အကြီးအကဲထန်... ကျွန်တော် သွားကျင့်ကြံတော့မယ်။ နောက်မှ ကျွန်တော် အကြီးအကဲကို ထပ်လာရှာပါမယ်”
ကျန်းရီသည် ထန်မင်ကို နှုတ်ဆက်လိုက်ပြီး ထန်ရွှယ်နှင့် ထန်ယန်တို့ကို ခေါ်ကာ သူ့အခန်းသို့ ပြန်သွားလေသည်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်း၌ ထိုအားနည်းသောမိန်းမသားနှစ်ယောက်သည် များစွာဒုက္ခခံခဲ့ရ၏။ အပေါ်ယံအရေပြားပေါ်တွင် ဒဏ်ရာများမထင်သော်လည်း သူမတို့၏ ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာများနှင့် ပြည့်နှက်နေပေသည်။ ထို့ကြောင့် သူမတို့သည် တစ်ယောက်ကိုတစ်ယောက်တွဲ၍ လျှောက်နေရလေသည်။
မိန်းမပျိုနှစ်ယောက်သည် သင်္ဘောအခန်းထဲသို့ ဝင်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူမတို့သည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရပြီး ကျန်းရီကို ရှက်ရွံ့စွာ ကြည့်လိုက်ကြ၏။ သူမတို့ ထိုင်ရမလို၊ ထရမလိုဖြစ်လည်း ဖြစ်နေကြသည်။ ကျန်းရီက ထိုင်ခုံတစ်ခုံတွင် အေးအေးလူလူ ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။ ထို့နောက် သူသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းမှနေ၍ ဒဏ်ရာကုသဆေးလုံးနှစ်လုံးကို ထုတ်လိုက်ပြီး အမွှာနှစ်ယောက်ကို ပေးကာ ပြောလိုက်သည်။
“အရင်ဆုံး ဒီဆေးလုံးကို စားထားလိုက်။ မင်းတို့ အတွင်းဒဏ်ရာရမှာကို ငါမလိုချင်ဘူး။ ဒါက အဆင့်အမြင့်ဆုံး ဒဏ်ရာကုသဆေးပဲ။ မင်းတို့ရဲ့ ဒဏ်ရာတွေက နှစ်ရက်အတွင်း ပြန်ကောင်းသွားလိမ့်မယ်”
“ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး”
အမွှာညီအစ်မနှစ်ယောက်သည် ကြောက်ရွံ့စွာဖြင့် ဒူးထောက်ရန် ဟန်ပြင်လိုက်ကြ၏။ သို့သော် ကျန်းရီက လက်ကာပြ၍ တားလိုက်သည်။
“ကောင်းပြီ... ငါပြောတာကို နားထောင်ကြ။ ငါ့မှာ စည်းမျဉ်းတွေ အများကြီးမရှိဘူး။ အကြောင်းမရှိဘဲနဲ့ ဒူးမထောက်ပါနဲ့။ မင်းတို့ အေးအေးချမ်းချမ်း နေနိုင်ပါတယ်။ ဒီမှာ ငါရှိနေရင်... အခုကစပြီး မင်းတို့နှစ်ယောက် လုံခြုံပါပြီ”
မိန်းမပျိုနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူမတို့ထဲမှ တစ်ယောက်က ရှက်ရွံ့စွာ မေးလိုက်သည်။
“ဒီတော့... အခုကစပြီး ကျွန်မတို့က သခင်လေးနောက်ကို အမြဲလိုက်ရတော့မှာလား”
“ဟင့်အင်း...”
ကျန်းရီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ မိန်းမပျိုနှစ်ယောက်၏ မျက်နှာလေးများက ရုတ်တရက် ဖြူဖျော့သွား၏။ သို့သော် ကျန်းရီ ဆက်ပြောလိုက်သောစကားက သူမတို့နှစ်ယောက်ကို အလွန်ဝမ်းသာအားရဖြစ်သွားစေလေသည်။
“ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်က ထန်မျိုးနွယ်နဲ့ ဘာပတ်သတ်မှုမှ မရှိတော့ဘူး။ ဒါပေမဲ့ မင်းတို့ ငါသွားတဲ့နေရာတိုင်းကို လျှောက်လိုက်နေလို့မရဘူး။ ငါ့မှာ လုပ်စရာကိစ္စတွေ အများကြီးရှိတယ်။ မင်းတို့နှစ်ယောက်နေဖို့အတွက် ငါ နေရာတစ်ခု စီစဉ်ပေးပါမယ်၊ အခုကစပြီး မင်းတို့ ကြိုက်သလို လုပ်လို့ရတယ်။ မင်းတို့သဘောကျတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရင်လည်း မင်းတို့ကို အဲ့ယောက်ျားကို လက်ထပ်နိုင်တယ်”
ဒေါက်...
အမွှာညီအစ်မနှစ်ယောက်က ဒူးထောက်ချလိုက်၏။ သူမတို့ထဲမှ တစ်ယောက်က ကျန်းရီကို မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေးရဲ့ ကြင်နာမှုကို ကျွန်မတို့နှစ်ယောက် ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ အသက်ရှင်နေရင် သခင်လေးရဲ့ ကျွန်တွေ ဖြစ်နေပါမယ်၊ ကျွန်မတို့ သေသွားရင်လည်း သခင်လေးရဲ့ သရဲတွေ ဖြစ်ပါမယ်။ တခြားယောက်ျားတစ်ယောက်ကို လက်ထပ်ရမယ့်ကိစ္စကို သခင်လေး ထပ်ပြောစရာ မလိုတော့ပါဘူး”
“ငါ့ရဲ့ သရဲတွေ ဖြစ်နေမှာလား”
ကျန်းရီ ရှက်ရွံ့စွာ နှာခေါင်းပွတ်လိုက်၏။ အဘယ်ကြောင့် သူမတို့၏စကားကို နားထောင်ရသည်က အိုးတိုးအန်းတန်း ဖြစ်နေရသနည်း။ သို့သော် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မင်းတို့ကို အခုပဲ ပြောထားတယ်မလား၊ အကြောင်းမရှိဘဲ ဒူးမထောက်နဲ့လို့။ ငါ မင်းတို့နှစ်ယောက်နဲ့ တွေ့ဆုံရတာ ရေစက်ပါလို့ပဲ။ မင်းတို့ ဒီမှာ အေးအေးချမ်းချမ်း နေနိုင်ပါတယ်။ ဘာအလုပ်အကြွေးမှ ပြုစရာမလိုပါဘူး”
ညီအစ်မနှစ်ယောက်က ထရပ်လိုက်ပြီး ကျန်းရီကို ကျေးဇူးတင်စွာ ကြည့်လိုက်ကြသည်။ ထို့နောက် သူမတို့ထဲမှတစ်ယောက်က မျက်ရည်များသုတ်ကာ ပြောလိုက်လေသည်။
“သခင်လေး ဒီလောက်တောင် သဘောကောင်းတာ ဘုရားလောင်းပဲ ဖြစ်ရမယ်”
“ဟားဟားဟား...”
ကျန်းရီ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ့လက်နှစ်ဘက်တွင် သွေများစွန်းထင်းနေသည်။ ထိုလက်နှစ်ဘက်ကြောင့် သေသွားရသူများ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် တစ်စုံတစ်ယောက်သည် သူက ဘုရားလောင်းဖြစ်သည်ဟု ထင်နေခြင်းလော။ သူ သူမတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ အတန်ငယ်စိတ်ဝင်တစား မေးလိုက်သည်။
“မင်းတို့နှစ်ယောက်က တစ်ပုံစံတည်းတူတာပဲ။ ဘယ်သူက ထန်ယန်၊ ဘယ်သူက ထန်ရွှယ်ဆိုတာကို ငါ ဘယ်လိုခွဲရမှာလဲ။ မင်းတို့နှစ်ယောက်မှာ သိသာတဲ့အမှတ်အသားတွေ ရှိလား”
“အာ...”
ကျန်းရီ၏ မေးခွန်းက ညီအစ်မနှစ်ယောက်ကို ရှက်သွေးဖြာသွားစေ၏။ သူမတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ပြီးနောက်တွင် သူမတို့ထဲမှတစ်ယောက်က ရှက်ရွံ့သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“သခင်လေးရဲ့ မေးခွန်းကို ဖြေရရင်... ကျွန်မတို့နှစ်ယောက်ကို ရုပ်ရည်အရ ဘယ်လိုမှ ခွဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ဗိုက်မှာ မွေးရာပါအမှတ် ခပ်ရေးရေးလေးတစ်ခု ရှိပါတယ်။ ကျွန်မက အကြီးမ ထန်ရွှယ်ပါ... သူကတော့ အငယ်မ ထန်ယန်ပါ။ ညီမလေးရဲ့ ရင်သားက ကျွန်မထက် နည်းနည်းပိုကြီးပါတယ်။ အဲ့ဒါတွေကလွဲရင် တခြားကွဲပြားတဲ့အရာတွေ မရှိတော့ပါဘူး”
ကျန်းရီ တစ်စက္ကန့်မျှ မှင်တက်သွား၏။ သူ၏ မျက်နှာကလည်း နီရဲနေပေပြီ။ သို့သော် သူ၏မျက်လုံးများကမူ ညီအစ်မနှစ်ယောက်၏ ရင်ဘတ်များကို ကြည့်လိုက်လေသည်။ အမှန်ပင်။ အနည်းငယ်ကွဲပြားမှု ရှိနေပေသည်။ ထန်ယန်၏ ရင်သားက မဆိုသလောက်လေး ပိုကြီးသည်။
ကျန်းရီသည် ထန်ရွှယ်က သူ့အား တိတ်တခိုးကြည့်နေသည်ကို မြင်လိုက်၍ ချက်ချင်း အကြည့်လွှဲလိုက်ပြီး လက်ဖက်ရည်သောက်နေသလို ဟန်ဆောင်လိုက်ရသည်။ သို့သော် သူသည် လက်ဖက်ရည်ကို အမြန်သောက်မိသွား၍ သီးသွားကာ ချောင်းဆိုးသွား၏။
ညီအစ်မနှစ်ယောက်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြ၏။ သူမတို့၏ခန္ဓာကိုယ်များကလည်း ချစ်ချစ်တောက် ပူနေပေပြီ။ တစ်ခဏကြာပြီးနောက် ကျန်းရီ ချောင်းဆိုးပျောက်သွား၏။ သို့သော် သူ အနည်းငယ် ခေါင်းကိုက်နေသည်။ ညီအစ်မနှစ်ယောက် တစ်ပုံစံတည်းတူပေရာ နောင်တွင် သူမတို့ကို သူ မည်သို့ ခွဲရမည်နည်း။ သူမတို့နှစ်ယောက်ကို လူခွဲချင်တိုင်း သူမတို့၏ ရင်ဘတ်များကို ကြည့်နေ၍မဖြစ်သည် မဟုတ်လော။
“အို့...ဟုတ်သား”
ကျန်းရီက သူ့ပေါင်သူ ရိုက်၍ ပြောလိုက်သည်။
“ထန်ရွှယ်၊ ထန်ယန်... နောက်ကျရင် မင်းတို့နှစ်ယောက် မတူတဲ့ အဝတ်အစားတွေကို ဝတ်ကြ။ အဲ့ဒါဆို ဘယ်သူက ဘယ်သူဆိုတာကို ငါ ခွဲနိုင်လိမ့်မယ်”
ရွှီး...
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို အာရုံခံလိုက်၏။ သူသည် လူပေါင်းများစွာကို သတ်ခဲ့၍ ရတနာများစွာ ရရှိခဲ့သည်။ သူသည် ထိုရတနာများကို တစ်ခုချင်း အမျိုးအစားခွဲမနေဘဲ သူ့လက်စွပ်ထဲသို့သာ သွင်းထားခဲ့သည်။ အကြိမ်အနည်းငယ် အာရုံခံပြီးနောက် လက်စွပ်ထဲရှိ ဆံထိုးအချို့ကို သူ တွေ့လိုက်၏။ သူသည် မတူညီသော ဆံထိုးနှစ်ချောင်းကိုထုတ်၍ ညီအစ်မနှစ်ယောက်ကို တစ်ယောက်တစ်ခုစီ ပေးလိုက်သည်။
“ထန်ရွှယ်... မင်းက အခုကစပြီး ဒီမက်မွန်ပန်းပုံဆံထိုးကို ပန်ထား။ ထန်ယန်ကတော့ သစ်တော်ပန်းပုံဆံထိုးကို ပန်။ အဲ့ဒါဆိုရင် ငါ မင်းတို့နှစ်ယောက်ကို ခွဲနိုင်လိမ့်မယ်”
“ဟီးဟီး... ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး။ သခင်လေးက တကယ် သဘောကောင်းတာပဲ”
ထန်ရွှယ်က ချိုသာစွာပြုံးလိုက်ပြီး ထန်ယန်က ရှက်ရွံ့စွာပြုံးလိုက်သည်။ ကျန်းရီ အခြားတစ်ခုကိုလည်း သတိထားမိသွား၏။ ထန်ရွှယ်က ပို၍သွက်လက်ပြီး ထန်ယန်က အနည်းငယ်ရှက်တတ်ပေသည်။
“ကောင်းပြီ... ငါ ကျင့်ကြံတော့မယ်။ မင်းတို့ ဒီမှာနေခဲ့ပြီး အနားယူကြ”
ကျန်းရီသည် အမွှာညီအစ်မနှစ်ယောက်၏ကိစ္စကို ရှင်းပြီးနောက် အချိန်ဆက်မဖြုန်းလိုတော့ပေ။ သူ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းကို သွားရပေမည်။ သို့သော် သူ အခန်းထဲမှ မထွက်ရသေးခင်မှာပင် မိန်းမပျိုနှစ်ယောက်က တုန်လှုပ်သွား၏။ ထန်ရွှယ်က ပြောလိုက်သည်။
“သခင်လေး...”
ကျန်းရီက ခြေလှမ်းရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်၏။
“ဘာလဲ... ပြောစရာရှိသေးလို့လား”
ထန်ရွှယ်က နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
“ကျွန်မတို့ သခင်လေးနောက်ကို လိုက်ခဲ့ချင်ပါတယ်။ သခင်လေးမရှိရင် ထန်မျိုးနွယ်က ကျွန်မတို့ကို ပြန်ဖမ်းပြီး လီအဘိုးကြီးဆီ ပို့လိုက်မှာ ကျွန်မတို့ ကြောက်တယ်”
ကျန်းရီသည် ခေတ္တမျှတွေးလိုက်ပြီး အမွှာနှစ်ယောက်ကို ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်း ပေးလိုက်သည်။ ထိုလက်စွပ်ထဲတွင် ရိက္ခာခြောက်များ၊ ရေ၊ အားဖြည့်ဆေးလုံးများနှင့် နေ့စဉ်အသုံးအဆောင်များ ပါပေသည်။ ထို့နောက် သူသည် ဧကရာဇ်နန်းတော်ကို ထုတ်ကာ သူမတို့နှစ်ယောက်ကို နန်းတော်ထဲ ထည့်လိုက်၏။ ထန်မျိုးနွယ်က သူ့ကို သစ္စာဖောက်မည့်ပုံ မပေါ်သော်လည်း သတိထားခြင်းက မမှားပေ။ ထို့ပြင် တစ်စုံတစ်ခုဖြစ်လာလျှင်လည်း သူ သူမတို့နှစ်ယောက်ကို ချက်ချင်း ခေါ်သွားနိုင်မည်ဖြစ်သည်။
‘ဘုံကြိုးပြတ်ဒေသကို မရောက်ခင် နတ်ဘုရားအသံလှိုင်းဒေသကို အရင်ဖြတ်သွားရမှာ။ အသံလှိုင်းဧကရာဇ်က ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကောင်မလေးနှစ်ယောက်ကို လုပြီးခေါ်သွားစရာ မလိုဘူး။ အသံလှိုင်းဧကရာဇ်က ဘယ်လိုလူစားမျိုးလဲ။ သူက ကူညီပါ့မလား’
ကျန်းရီ သက်ပြင်းချလိုက်ပြီး အခန်းထဲမှထွက်ကာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွားလိုက်ပြီး စတင်ကျင့်ကြံလိုက်လေသည်။
***