အဲ့ခံစားချက်က အရမ်းကောင်းတယ်
Vol. 76 Ch. 1056
‘ဒီတာအိုပုံသဏ္ဌာန်က သိမြင်နားလည်နိုင်ဖို့ တော်တော်ခက်တာပဲ။ ငါးလတောင်ရှိပြီ... အခုအထိ မတိုးတက်လာသေးဘူး’
လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင် ကျန်းရီတစ်ယောက် မျက်လုံးများ ဖွင့်လိုက်၏။ သူ အတန်ငယ် ခေါင်းကိုက်နေသည်။ ငါးလကြာ အခန်းအောင်းကျင့်ကြံနေစဉ် အတောအတွင်း သူသည် တာအိုပုံသဏ္ဌာန်အချို့ကို လေ့လာခဲ့၏။ သို့သော် သူသည် အဆင့်အနိမ့်ဆုံး တာအိုပုံသဏ္ဌာန်တစ်ခုကိုပင် မသိမြင်မနားလည်နိုင်ခဲ့ချေ။ သူက ပါရမီရှင်တစ်ယောက်ဖြစ်ရာ သူပင် မသိမြင်မနားလည်နိုင်လျှင် ထိုတာအိုပုံသဏ္ဌာန်က အမှန်ပင် နားလည်နိုင်ရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်ပေသည်။
ထန်မျိုးနွယ်က အားကိုးယုံကြည်ရသဖြင့် ကျန်းရီ အတန်ငယ်တော့ စိတ်သက်သာရာရနေသည်။ ပထမလဝက်တွင် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ ထန်မင်နှင့် အခြားသိုင်းသမားများကို ထောက်လှမ်းခဲ့၏။ သို့သော် သူ မူမမှန်သည့်အရာများကို မတွေ့ခဲ့ရပေ။ ယခု ငါးလရှိသွားပေပြီ။ အကယ်၍ ထန်မျိုးနွယ်သာ သူ့ကို သစ္စာဖောက်ခဲ့ပါက ယခုလောက်ဆိုလျှင် မြောက်ဘက်ဧကရာဇ်က သူ့ကို လာသတ်ပြီးနေလောက်ပြီဖြစ်သည်။
“တခြား ကုန်သည်အဖွဲ့အစည်းတွေက စီးပွားရေးတွက်ချက်ပြီး ဆက်ဆံကြပေမယ့် ကျုပ်တို့ ကုန်သည်အဖွဲ့အစည်းက လူအပေါ်မူတည်ပြီး ဆက်ဆံကြတယ်”
ကျန်းရီသည် ထန်ရှန့်ပြောခဲ့သော စကားကို ပြန်တွေးမိလိုက်၏။ သူ ထန်မျိုးနွယ်အပေါ် ပို၍ လေးစားလာသည်။ ထန်မျိုးနွယ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုပြီးလျှင် နံပါတ်(၁)မျိုးနွယ် ဖြစ်နေခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုပင် ထန်မျိုးနွယ်ကို ရှိန်ရသည်။ ထန်မျိုးနွယ်က အမှန်ပင် ကွဲပြားပေသည်။
ထန်မျိုးနွယ်က အလွန်ပင် အမြော်အမြင်ကြီး၏။ သူတို့သည် လက်ရှိပစ္စုပ္ပန်မှ အရှုံး၊ အမြတ်ကို မကြည့်ကြပေ။
လောကကြီးက စွမ်းအားကြီး သိုင်းပညာရှင် လက်တစ်ဆုပ်စာလောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည် မဟုတ်ပါလော။ ထိပ်ဆုံးသို့ တက်လှမ်းနိုင်သူများက နေရာတစ်ခု သို့မဟုတ် ဒေသတစ်ခုကို အုပ်စိုးနိုင်မည်ဖြစ်သည်။ ထန်မျိုးနွယ်က သိုင်းပညာရှင်များစွာနှင့် မိတ်ဆွေဖွဲ့ထားသည်။ သို့ဖြစ်ရာ ထိုသိုင်းပညာရှင်များက စီးပွားရေးလုပ်လိုလျှင် အဘယ်ကြောင့် အခြားကုန်သည်အဖွဲ့အစည်းများကို သွားရှာတော့မည်နည်း။ ထို့အပြင် လောကအတွင်းရှိ အကြီးဆုံး စီးပွားရေးလုပ်ငန်းများအားလုံးကို ထန်မျိုးနွယ်က လုပ်ကိုင်ခြင်းပင်။ သူတို့သည် အမြတ်မြောက်မြားစွာရမည့် ဝင်ငွေအရင်းအမြစ်များစွာ ရှိရုံသာမက လောကအတွင်းရှိ စွမ်အားကြီး သိုင်းပညာရှင်များစွာ၏ ထောက်ပံ့မှုကိုလည်း ရထားပေသည်။ ထန်မျိုးနွယ်ကို သွားရှုပ်မိလျှင် ပြဿနာများက မီးခိုးကြွက်လျှောက် ဖြစ်သွားပေလိမ့်မည်။ သို့ဖြစ်ရာ မည်သူက ထန်မျိုးနွယ်ကို ပြဿနာရှာဝံ့ပါမည်နည်း။
ဥပမာအနေဖြင့် ကျန်းရီကို ကြည့်ပါ။ အကယ်၍ တစ်နေ့နေ့တွင် သူ ဝူမျိုးနွယ်ကို တိုက်ခိုက်နိုင်မည့်အင်အား ရှိလာပြီး အရှေ့ဘက် တော်ဝင်နယ်မြေတွင် ခြေကုပ်ယူနိုင်လာကာ ဒေသတစ်ခု၏ အုပ်စိုးသူ ဖြစ်လာလျှင် ထန်မျိုးနွယ်က ထိုဒေသတွင် စီးပွားရေးလုပ်ခွင့်ပြုရန် သူ့ကို တောင်းဆိုနိုင်ပေသည်။ ထိုသို့တောင်းဆိုလာလျှင် သူက ငြင်းမည်လော၊ သို့မဟုတ် လှိုက်လှိုက်လှဲလှဲ ခွင့်ပြုမည်လော။
‘ငါးလတောင် ရှိသွားပြီဆိုတော့ ငါတို့ နတ်ဘုရားအသံလှိုင်းဒေသကို ရောက်တော့မှာပေါ့’
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်၍ အပြင်ဘက်မှ အခြေအနေကို စူးစမ်းလိုက်၏။ မည်သည့်ပြဿနာမှ ရှိမနေပေ။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ဧကရာဇ်နန်းတော်ကို အာရုံခံလိုက်၏။ ထန်ရွှယ်နှင့် ထန်ယန်တို့က နန်းတော်ထဲတွင် အေးအေးချမ်းချမ်း နေနေကြောင်း သူ သိလိုက်ရသည်။ သူ ခေတ္တမျှ အနားယူလိုက်ပြီး နောက်ထပ်တစ်လဆက်၍ အခန်းအောင်း ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ နတ်ဘုရားအသံလှိုင်းဒေသို့ ရောက်သည်အထိ စောင့်ရမည်ဖြစ်သည်။ သူသည် ပို၍ကောင်းသော အစီအစဉ်ကို မတွေးရသေးပေ။ ထို့ကြောင့် နတ်ဘုရားအသံလှိုင်းဒေသသို့ သွားကာ အခြေအနေကို တစ်ချက်ကြည့်ရပေမည်။
ရက်နှစ်ဆယ်မပြည့်သေးခင်မှာပင် ကျန်းရီ နှောင့်ယှက်ခံလိုက်ရ၏။ လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများ လင်းလက်လာသည်။ တစ်စုံတစ်ယောက်က အပြင်ဘက်မှနေ၍ အကာအရံများကို ထိလိုက်ခြင်းပင်။
“အန်...”
ကျန်းရီသည် ရုတ်ခြည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး အပြင်မှ အခြေအနေကို စူးစမ်းလိုက်၏။ သို့သော် အကာအရံကို ထိလိုက်သူမှာ ကြီးကြပ်သူတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်သောအခါ သူ စိတ်အေးသွားသည်။ ထို့ကြောင့် သူ အကာအရံများကို ဖယ်လိုက်ပြီး အသံပို့လွှတ်ကာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“သခင်လေးရီ... အကြီးအကဲက သခင်လေးနဲ့ တွေ့ချင်လို့ပါတဲ့။ သူက သခင်လေးနဲ့ အရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်လို့ ပြောလိုက်ပါတယ်”
ကြီးကြပ်သူက ခပ်သုတ်သုတ် ပြောလိုက်၏။ ကိစ္စက အရေးကြီးပုံပင်။
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ ချက်ချင်း ထမရပ်လိုက်ဘဲ ဆက်၍အသံပို့လွှတ်ကာ မေးလိုက်သည်။
“ငါတို့ နတ်ဘုရားအသံလှိုင်းဒေသကို ရောက်ဖို့ ဘယ်နှစ်ရက်လောက် လိုသေးလဲ”
“ခြောက်ရက်လိုပါသေးတယ်”
ကြီးကြပ်သူက သေချာသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။ ကျန်းရီ ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး အခန်းအပြင်သို့ လျှောက်သွားလိုက်သည်။ သူသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲမှ ထွက်ပြီးနောက် ထန်ရွှယ်နှင့် ထန်ယန်တို့ကို ဧကရာဇ်နန်းတော်အတွင်းမှ ထုတ်လိုက်လေသည်။ ထို့နောက် သူ သူမတို့နှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
“မင်းတို့နှစ်ယောက်က အထဲမှာ လနဲ့ချီ နေခဲ့ရတာဆိုတော့ ပျင်းနေမှာပဲ။ သင်္ဘောပေါ်မှာ နည်းနည်းလောက် လျှောက်ပတ်နေလိုက်ပေါ့။ ကြီးကြပ်သူဟဲ... သူတို့ကို အစားအသောက် ပူပူနွေးနွေးလေးတွေ ပို့ပေးလိုက်ပါ”
“ကျေးဇူးတင်ပါတယ် သခင်လေး”
ညီအစ်မနှစ်ယောက်က အမှန်ပင် သေလောက်အောင် ပျင်းနေပြီဖြစ်သည်။ ယခု သူမတို့သည် အပြင်ထွက်လာရ၍ အလွန်ပျော်ရွှင်နေကြသည်။ ကျန်းရီက ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး အခန်းနံပါတ်(၁)ဆီသို့ လျှောက်သွားလိုက်သည်။ အခန်းတံခါးကို ဖွင့်ထား၏။ ထန်မင်သည် ကျန်းရီကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ထရပ်ကာ သူ့ကို အထဲသို့ ဖိတ်ခေါ်လိုက်၏။
“မြန်မြန် ဝင်လာပါ”
ကျန်းရီ ဝင်လာပြီးနောက် ထန်မင်က အခန်း၏ အကာအရံများကို နှိုးလိုက်၏။ ကျန်းရီသည် ထန်မင်၏လေးနက်သော မျက်နှာထားကို မြင်၍ မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“လီမျိုးနွယ်ရဲ့ တတိယအကြီးအကဲ လာနေပြီ”
ထန်မင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဲ့အဘိုးကြီးက နတ်ဘုရားအသံလှိုင်းမြို့ကိုတောင် ရောက်နေပြီ။ သူက ကောင်မလေးနှစ်ယောက်ကို နတ်ဘုရားအသံလှိုင်းမြို့ဆီ ပို့ပေးဖို့ ကျုပ်ကို သတင်းလှမ်းပို့တယ်”
ကျန်းရီ၏ မျက်နှာထား အေးစက်သွား၏။ နတ်ဘုရားအသံလှိုင်းမြို့က နတ်ဘုရားအသံလှိုင်းဒေသ၏ မြို့တော်ဖြစ်သည်။ ညီအစ်မနှစ်ယောက်ကို နတ်ဘုရားအသံလှိုင်းမြို့သို့ ပို့ဆောင်ရမည်ဆိုလျှင် ကျန်းရီ မည်သို့ လုပ်ရမည်နည်း။ ပြဿနာအနည်းငယ် ရှိနေသည်။ ပထမပြဿနာမှာ သူ၏လုပ်ရပ်က ထင်ရှားနေမည်ဖြစ်ခြင်းပင်။ ဒုတိယပြဿနာမှာမူ အသံလှိုင်းဧကရာဇ်ကိုယ်တိုင် ထွက်ပေါ်လာလောက်၊ မလာလောက်ကို မသိရခြင်းပင်။ အကယ်၍ အသံလှိုင်းဧကရာဇ်က ထွက်ပေါ်လာသော်လည်း ကျန်းရီကို မသတ်လျှင် သံသယဖြစ်စရာကောင်းမနေသလော။ ထိုအချိန်ကျလျှင် ယဉ်မျိုးနွယ်နှင့် လီမျိုးနွယ်တို့ကလည်း စုံစမ်းထောက်လှမ်းပေလိမ့်မည်။ သူတို့က သူ့ကို ခြေရာမခံနိုင်လျှင်ပင် သူကမည်သူဖြစ်ကြောင်း ပေါ်သွားသည်ပါက သူ့အတွက် ပြဿနာကြီးသွားနိုင်သည်။
ကျန်းရီက ဆန်းကြယ်နတ်ဘုရားတောင်သို့ သွားရမည်ဖြစ်သည်။ ထိုတောင်ခြေ၌ ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် နေထိုင်၏။ သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ရောက်လာကြောင်းကိုသာ လူများ သိသွားလျှင် မြောက်ဘက်ဧကရာဇ်က သူ့ကို လာသတ်ရုံသာမက သူလည်း ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ တတ်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် တိုက်ပွဲဧကရာဇ်က သတင်းကို ကြားထား၍ ဆန်းကြယ်နတ်ဘုရားတောင်ခြေတွင် စောင့်နေလျှင် သူ ထောင်ချောက်အတွင်းသို့ ဝင်မိသွားသလိုမျိုး ဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် အတန်ကြာ တွေးတောလိုက်သော်လည်း မည်သည့်ဖြေရှင်းနည်းကိုမှ မစဉ်းစားနိုင်သေးချေ။ ထို့ကြောင့် သူ ခေါင်းမော့ကာ မေးလိုက်သည်။
“ဘာလို့ လီအဘိုးကြီးက နတ်ဘုရားအသံလှိုင်းမြို့ကို လာရတာလဲ”
ထန်မင်က ရှင်းပြ၏။
“နောက်ဆယ်ရက်နေရင် အသံလှိုင်းဧကရာဇ်ရဲ့ တစ်ဦးတည်းသောမြေးရဲ့ လက်ထပ်ပွဲ ကျင်းပလိမ့်မယ်။ အဲ့တော့ အနီးနားမှာရှိတဲ့ မျိုးနွယ်ကြီးတိုင်းက လူတွေက နတ်ဘုရားအသံလှိုင်းမြို့ကို ရောက်နေကြတာ။ ယဉ်မျိုးနွယ်က လူတွေလည်း အဲ့မှာ ရှိနေပုံပဲ။ အို့...ဟုတ်သား... အသံလှိုင်းဧကရာဇ်ရဲ့ မြေးက ယဉ်မျိုးနွယ်က သခင်မလေးတစ်ယောက်နဲ့ လက်ထပ်မှာလေ”
“...”
ကျန်းရီ မျက်လုံးပင့်လိုက်၏။ အဘယ်ကြောင့် အရာအားလုံးက ယဉ်မျိုးနွယ်နှင့် ပတ်သတ်နေရသနည်း။ ရှုပ်ထွေးသော ပတ်သတ်မှုများက ကျန်းရီကို ခေါင်းကိုက်လာစေသည်။ သို့သော် သူ စိတ်ကို ငြိမ်ငြိမ်ထားလိုက်ပြီး ဖြေရှင်းနည်းတစ်ခုကို အားစိုက်စဉ်းစားလိုက်သည်။
“အခြေအနေက အဆင်မပြေဘူးဆိုရင် ကျုပ်ပဲ တာဝန်ခံလိုက်ပါမယ်”
ထန်မင်က ကျန်းရီ စိတ်ညစ်နေသည်ကို တွေ့လိုက်၍ အံကြိတ်ကာ ပြောလိုက်သည်။
“ထန်ရွှယ်နဲ့ ထန်ယန်တို့က အဆုံးထိ မနာခံလို့ ကျုပ် ဒေါသထွက်ပြီး သူတို့ကို သတ်ပစ်လိုက်တယ်လို့ ပြောလိုက်မယ်။ နောက်မှ ကျွန်တော် နောက်ထပ်မိန်းကလေးနှစ်ယောက်ကိုရှာပြီး လီအဘိုးကြီးကို အစားပြန်ပေးလိုက်မယ်။ သူက အဲ့ကိစ္စအတွက်နဲ့ ပြဿနာမရှာလောက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကြောင့် ကျုပ် သူတို့ကို ရှင်းပြချက်တစ်ခုတော့ ပေးရမှာပဲ။ မျိုးနွယ်ခေါင်းဆောင်က ထန်ရွှယ်တို့ကို ခေါ်သွားတာ သခင်လေးဆိုတာကို သိရင် ကျုပ်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့... ကျုပ် ဒီကိစ္စကို မျိုးနွယ်ခေါင်းဆောင်နဲ့ တိုက်ရိုက်ပြောမှာပါ၊ တခြားဘယ်သူမှာ ဒီကိစ္စအကြောင်းကို သိရမှာ မဟုတ်ပါဘူး”
“လောစရာ မလိုပါဘူး...”
ကျန်းရီက လက်ဝှေ့ယမ်းကာ ထပ်တွေးတောလိုက်သည်။ ထို့နောက် သူ မေးလိုက်၏။
“အကြီးအကဲကရော အသံလှိုင်းဧကရာဇ်ရဲ့ မြေးရဲ့ လက်ထပ်ပွဲကို တက်မှာလား”
“ဒါပေါ့”
ထန်မင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျုပ်က ဒီမှာရှိနေမှတော့ သေချာပေါက် တက်ရမှာပေါ့။ ကျုပ်က ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် ရှိမနေရင်တောင် ထန်မျိုးနွယ်က ပွဲတက်ဖို့ လူတစ်ယောက် စေလွှတ်လိုက်မှာပဲ။ အသံလှိုင်းဧကရာဇ်က ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ပဲ။ ဧကရာဇ်ကိုးပါးအပြင် ဧကရာဇ်ဘွဲ့ကို ရထားတဲ့ ပထမဆုံးသူပဲ”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ကျန်းရီက ထရပ်ကာ ပြောလိုက်သည်။
“ရက်နည်းနည်းလောက် အချိန်ဆွဲထားပါ။ ထန်ရွှယ်နဲ့ ထန်ယန်တို့က ထူးဆန်းတဲ့ ရောဂါတစ်ခု ရနေလို့ သူတို့ကို ရက်နည်းနည်းလောက်နေမှ ပို့ပေးလို့ဖြစ်မယ်လို့ ပြောလိုက်ပါ။ နတ်ဘုရားအသံလှိုင်းတောင်ကြားကို ရောက်ပြီးရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့”
“သခင်လေးကျန်းကလည်း နတ်ဘုရားအသံလှိုင်းတောင်ကြားကို သွားမှာလား”
ထန်မင်က စိတ်ဝင်စားစွာ မေးလိုက်သည်။
“သခင်လေးက အသံလှိုင်းဧကရာဇ်ကို သိလို့လား”
ကျန်းရီက ခပ်သဲ့သဲ့ ပြုံးကာ ပြောလိုက်သည်။
“ဒီကိစ္စမှာ အကြီးအကဲ ဝင်မပါတာ အကောင်းဆုံးပါပဲ။ ကျွန်တော်က အကြီးအကဲရဲ့ လက်အောက်ငယ်သားတစ်ယောက်လို ရုပ်ဖျက်ပြီး အကြီးအကဲတို့နဲ့အတူ နတ်ဘုရားအသံလှိုင်းတောင်ကြားကို သွားမယ်။ လက်ထပ်ပွဲပြီးသွားရင် ကျွန်တော် အစီအစဉ်ကောင်းတစ်ခုကို ရလောက်မှာပါ။ ပြီးတော့ လီအဘိုးကြီးဆီ ဘယ်မိန်းကလေးကိုမှ အစားမပို့ပေးပါနဲ့။ သူ့ဆီရောက်သွားတဲ့ မိန်းကလေးတိုင်းက ဘဝပျက်သွားရမှာ။ အဲ့ဒါက အပြစ်တစ်ခု ဖြစ်လိမ့်မယ်”
“ဟူး...”
ထန်မင်သည် ကျန်းရီ၏စကားကို ကြားသောအခါ သက်ပြင်းချလိုက်၏။ သူသည်လည်း အခြေအနေကို ဤသို့ မဖြစ်စေလိုပေ။ သို့သော် သူ့တွင် ရွေးချယ်စရာ ရှိပါသလော။ သူက အကြီးအကဲတစ်ယောက်ဖြစ်သဖြင့် သူမလုပ်လိုသော ကိစ္စများကိုလည်း လုပ်ခဲ့ရသည်။ အချို့ကိစ္စများက ညစ်ညမ်းကာ အရုပ်ဆိုးပေသည်။
ကျန်းရီသည် ထန်မင်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် သူ၏အခန်းသို့ ပြန်သွားလိုက်၏။ ဤတစ်ကြိမ်တွင် မိန်းမပျိုနှစ်ယောက်က အူလည်လည်ဖြင့် ရပ်မနေတော့ပေ။ သူမတို့သည် အစေခံမလေးများ၏ တာဝန်အတိုင်း လုပ်ဆောင်လိုက်ကြသည်။ သူမတို့ထဲမှ တစ်ယောက်က ကျန်းရီအတွက် လက်ဖက်ရည်ငှဲ့ပေးပြီး ကျန်တစ်ယောက်က ကျန်းရီကို နှိပ်နယ်ပေးသည်။ သူမတို့က အထူးလေ့ကျင့်သင်ကြားပေးမှုကို ခံထားရသဖြင့် ကောင်းစွာနှိပ်တတ်သည်။
ကျန်းရီသည် မိန်းမပျိုနှစ်ယောက်ကို အာရုံမစိုက်ဘဲ မျက်လုံးများမှိတ်၍ နတ်ဘုရားအသံလှိုင်းတောင်ကြားသို့ ရောက်လျှင် မည်သို့ဖြစ်လာနိုင်သနည်းဟု တွေးတောနေလိုက်သည်။ အတန်ငယ်ကြာပြီးနောက် သူ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး သူ့အရှေ့ရှိ တစ်ပုံစံတည်းတူသော မျက်နှာနှစ်ခုကို ကြည့်ကာ ပြောလိုက်သည်။
“ထန်ရွှယ်၊ ထန်ယန်... ဒီတစ်ခေါက် မင်းတို့နှစ်ယောက်ကို လုံခြုံတဲ့နေရာတစ်ခုဆီ တိတ်တဆိတ်လိုက်ပို့ပေးဖို့ ငါ လူတစ်ယောက်ကို ခိုင်းရလောက်တယ်။ မင်းတို့ ငါ့နောက် လိုက်လာရင် အန္တရာယ်တွေအများကြီးနဲ့ ကြုံရနိုင်တယ်။ အဲ့မှာ မင်းတို့နှစ်ယောက် လုံလုံခြုံခြုံနဲ့ တစ်သက်လုံး အပူအပင်မရှိ နေနိုင်မှာပါ။ မင်းတို့ သွားချင်လား”
“ဟင့်အင်း...”
ထန်ရွှယ်က သိမ်မွေ့စွာ ခေါင်းခါ၍ ပြောလိုက်၏။
“ကျွန်မတို့က သခင်လေးနောက်ကိုပဲ လိုက်ခဲ့ချင်တာ။ ကျွန်မတို့ သေရမှာကို မကြောက်ပါဘူး။ ကျွန်မတို့ ငယ်ငယ်တုန်းက တစ်ခါသေခဲ့ပြီးပါပြီ။ သခင်လေးနဲ့ တွေ့ရတာ မကြာသေးဘူးဆိုပေမယ့် သခင်လေးက ကြင်နာတတ်တဲ့သူတစ်ယောက်ဆိုတာကို ကျွန်မတို့ ခံစားမိပါတယ်။ သခင်လေးက လူကောင်းတစ်ယောက်ပါ။ သခင်လေးနောက်ကို လိုက်ရတာက ကျွန်မတို့နှစ်ယောက်အတွက် ကောင်းချီးဖြစ်မှာပါ”
ထန်ယန်ကလည်း အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မမပြောတာ မှန်ပါတယ်။ ကျွန်မတို့ သခင်လေးနောက်ကို လိုက်ရတာ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ခံစားရပါတယ်။ အဲ့ခံစားချက်က... အရမ်းကောင်းတယ်”
***