← Chapters

လျှို့ဝှက်ဝိညာဉ်ခန္ဓာ

Vol. 76 Ch. 1057

လျှို့ဝှက်ဝိညာဉ်ခန္ဓာ

Vol. 76 Ch. 1057

ခြောက်ရက်ဟူသော အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျန်းရီ၏ မြင်ကွင်းထဲတွင် ခမ်းနားသော ဧရာမမြို့ကြီးတစ်မြို့ ပေါ်လာပေပြီ။ ကျန်းရီသည် ကုန်းပတ်ပေါ်တွင် ထိုင်နေ၏။ ထန်ရွှယ်နှင့် ထန်ယန်တို့နှစ်ယောက်ကို သူ ဧကရာဇ်နန်းတော်ထဲသို့ ထည့်ထားသည်။ ကျန်းရီ ကိုယ်တိုင်လည်း သင်္ဘောပေါ်တွင် ဆက်နေရခြင်းကို သက်တောင့်သက်သာ မဖြစ်တော့ပေ။ အကယ်၍ လီမိစ္ဆာအိုကြီးက သင်္ဘောပေါ်သို့ အတင်းတက်လာပြီး သူတို့ကို ဖမ်းလိုက်လျှင် မည်သို့ လုပ်မည်နည်း။

ကျန်းရီသည် ဝတ်ရုံရှည်ကို မဝတ်ထားတော့ဘဲ အပြာရောင် ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူက ထန်မျိုးနွယ်မှ စစ်သူကြီးတစ်ယောက်နှင့် တူနေသည်။ ယခုတွင် သူက တာဝန်များထမ်းဆောင်ရန် ကုန်းပတ်ပေါ်တွင် ရပ်နေခြင်းပင်။

ရွှီး...

ကောင်းကင်ကံကြမ္မာသင်္ဘောက ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ အကာအရံအလွှာက အတန်ငယ်ပွင့်သွားပြီး သင်္ဘောပေါ်မှလူတစ်စုက အောက်သို့ ဆင်းသွားလိုက်ကြသည်။ ထန်မင်က အသံလှိုင်းဧကရာဇ်၏ မြေး၏ လက်ထပ်ပွဲကို တက်မည်ဖြစ်ရာ ‌ကောင်းကင်ကံကြမ္မာသင်္ဘောကို အနည်းဆုံး လဝက်ခန့် ရပ်တန့်ထားရမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသည်များသည် သင်္ဘောပေါ်မှာဆင်းကာ နတ်ဘုရားအသံလှိုင်းမြို့တစ်ဝိုက်တွင် လမ်းလျှောက်ထွက်လိုက်ကြ၏။

ခရီးသည်အများစုက သင်္ဘောပေါ်မှ ဆင်းသွားပြီးနောက်တွင် ထန်မင်သည် လူတစ်စုကို ဦးဆောင်၍ အပြင်သို့ ထွက်လာ၏။ သူက ကျန်းရီကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ရီစန်... ကျုပ်တို့နဲ့ လိုက်ခဲ့ပါ”

အနီးမှ ဖြတ်လျှောက်သွားသော အစောင့်များ၏ မျက်နှာထားများက ထူးဆန်းနေ၏။ သို့သော် မည်သူမှ မေးခွန်းမထုတ်ဝံ့ကြသလို စောင်းငဲ့၍လည်း မကြည့်ဝံ့ကြပေ။ ထန်မျိုးနွယ်တွင် အလွန်တင်းကြပ်သော စည်းမျဉ်းများရှိသည်။ မိမိနှင့် မဆိုင်သော စကားများကို နားထောင်၍ မရပေ။

ထန်မင်သည် ကျန်းရီနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် စစ်သူကြီးလေးဦးကို ခေါ်ကာ သင်္ဘောပေါ်မှ ပျံဆင်းလိုက်၏။ သူတို့ မြို့ထဲသို့ မရောက်သေးခင်မှာပင် လူတစ်စုက သူတို့ကို လာကြိုဆိုသည်။ ထိုလူစုကို ဦးဆောင်လာသူမှာ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူသည် အဝေးမှာကတည်းက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ကျုပ်က ချန်မျိုးနွယ်ရဲ့ တတိယအကြီးအကဲ ချန်ကဲပါ။ ကျုပ် အကြီးအကဲထန်မင်ရဲ့ အကြောင်းကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့ အခုလို့ တွေ့ဆုံရတာ ကျုပ် ဂုဏ်ယူမိပါတယ်”

အသံလှိုင်းဧကရာဇ်၏ မျိုးရိုးအမည်က ‘ယဉ်’ မဟုတ်ပေ။ သူ၏အမည်က ချန်ဖန်းဖေးဖြစ်သည်။ အပြင်လူများက သူ့ကို အသံလှိုင်းဧကရာဇ်ဟု ခေါ်ကြသော်လည်း သူက ချန်မျိုးနွယ်မှ ဖြစ်သည်။ ကျန်းရီသည် ထိုအကြောင်းကို သိထားပြီးဖြစ်၍ မအံ့ဩသွားပေ။ ချန်ကဲနှင့် အာလာပသလ္လာပများ ပြောဆိုပြီးနောက် ထန်မင်က ကျန်းရီနှင့် အခြားသူများကို ခမ်းနားသော ရထားလုံးတစ်ခုအတွင်းသို့ ဝင်စေလိုက်၏။ ထို့နောက် သူတို့သည် ချန်မျိုးနွယ်အိမ်တော်သို့ အတူတကွ သွားလိုက်ကြသည်။

နတ်ဘုရားအသံလှိုင်းမြို့က နတ်ဘုရားအသံလှိုင်းဒေသ၏ မြို့တော်ဖြစ်သည်။ အသံလှိုင်းဧကရာဇ်၏ သား၏ မျိုးနွယ်က နတ်ဘုရားအသံလှိုင်းမြို့ထဲတွင် နေကြသည်။ အသံလှိုင်းဧကရာဇ်ကမူ နတ်ဘုရားအသံလှိုင်းတောင်ကြားတွင် နေသည်။ ထိုတောင်ကြားက မြို့၏အရှေ့ဘက် ငါးကီလိုမီတာအကွာတွင် တည်ရှိသည်။

နတ်ဘုရားအသံလှိုင်းတောင်ကြားက ဧည့်သည်များကို လက်ခံခဲသည်။ တောင်ကြားထဲသို့ ကျူးကျော်လာဝံ့သူမှန်သမျှကို အမေးအမြန်းမရှိ သတ်ပစ်မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ကံကောင်းထောက်မစွာဖြင့် လက်ထပ်ပွဲတက်ရန်ကို အကြောင်းပြကာ နတ်ဘုရားအသံလှိုင်းတောင်ကြားကို မြင်ခွင့်ရလိုက်ပေသည်။ လက်ထပ်ပွဲက နတ်ဘုရားအသံလှိုင်းတောင်ကြားတွင် ကျင်းပမည်ဖြစ်သည်။

နတ်ဘုရားအသံလှိုင်းမြို့က ကြီးမားပြီး အလွန်စည်းကား၏။ အသံလှိုင်းဧကရာဇ်က ထိုမြို့အနီးတွင် နေထိုင်နေရာ မည်သို့ မစည်းကားဘဲ နေပါမည်နည်း။ ကျန်းရီတို့သည် ရထားလုံးကိုစီးကာ တစ်နာရီကြာသွားပြီးနောက် လှပသော အိမ်တော်ဝန်းတစ်ခုအတွင်းသို့ ရောက်သွားကြသည်။

ထန်မင်က တစ်ချိန်လုံး အုပ်စုအရှေ့မှနေ၍ ဦးဆောင်နေသည်။ ကျန်းရီက ကိုယ်ရံတော်တစ်ယောက်အဖြစ် ဟန်ဆောင်ထားသည်။ သူသည် ထန်မင်၏အနောက်မှနေ၍ တိတ်တဆိတ် လိုက်ပါလာသည်။ သူတို့ ချန်မျိုးနွယ်အိမ်တော်ဝန်းအတွင်းသို့ ဝင်ပြီး‌နောက် ချန်မျိုးနွယ်မှ အကြီးအကဲများက သူတို့ကို လာရောက်နှုတ်ဆက်ကြ၏။ မိသားစုအကြီးအကဲသည်ပင် မျက်နှာထွက်ပြခဲ့သည်။ ထို့ကြောင့် ဤနေရာတွင် ထန်မျိုးနွယ်က မည်မျှ အရေးပါကြောင်း သိနိုင်ပေသည်။

ချန်မျိုးနွယ်၏ မိသားစုအကြီးအကဲထွက်လာသောအခါ ကျန်းရီက ထိုသူ့ကို မသိမသာ ချောင်းကြည့်လိုက်၏။ ထိုသူက အသံလှိုင်းဧကရာဇ်၏ သားပင်။ တစ်နည်းပြောရလျှင် သူက မိသားစုဖြစ်သည်။ သို့သော် လက်တလောတွင် သူ့အိမ်တော်၌ ဧည့်သည်တော်များစွာရှိနေ၍ သူသည် ထန်မင်တို့ကို ခေတ္တမျှသာ နှုတ်ဆက်နိုင်ခဲ့ပြီး ပြန်ထွက်သွားရလေသည်။

ရှပ်...ရှပ်...ရှပ်...

ချန်မျိုးနွယ်၏ မိသားစုအကြီးအကဲက အလျင်စလို ခြေလှမ်းများဖြင့် ထွက်သွား၏။ ထို့နောက်တွင် တရုတ်ရိုးရာဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က ခပ်သုတ်သုတ်ဖြင့် ဝင်လာ၏။ သူသည် ထန်မင်ကို တွေ့သောအခါ မျက်ဝန်းများ တောက်ပသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“အကြီးအကဲထန် မင်္ဂလာပါ။ အကြီးအကဲ ကျန်းမာပါစေလို့ လီဟုန် ဆုတောင်းပါတယ်”

‘လီဟုန်...’

ကျန်းရီ အတန်ငယ် မျက်လုံးပြူးသွား၏။ တတိယအကြီးအကဲ၏ အမည်က လီဟုန်ပင်။ ကျန်းရီ လီဟုန်ကို ကြည့်လိုက်သည်။

လီဟုန်က အသက်ငါးဆယ်နီးပါး ရှိပြီဟု ထင်ရပြီး အတော်လေး ခံ့ညားသည်။ သူ၏မျက်နှာကလေးထောင့်ကျပြီး သူ၏နာရွက်များက ကြီးသည်။ သို့သော် သူ၏ နှာခေါင်းက အတန်ငယ် ကောက်နေပြီး သူ၏နှုတ်ခမ်းများက တစ်ဖြောင့်တည်းဖြစ်သည်။ ထို့ကြောင့် သူ၏ပုံစံက အတန်ငယ်ကောက်ကျစ်သည့်ပုံ ပေါ်နေသည်။ ထို့ပြင် မကြာမကြာဆိုသလို သူ၏မျက်ဝန်းများထဲတွင် မကောင်းသောအရိပ်အယောင်များ လက်လာလေသည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက လူကောင်းတစ်ယောက် မဟုတ်ကြောင်း ကျန်းရီ သိလိုက်ပေသည်။ သူက အင်မတန်ကောက်ကျစ်ယုတ်မာသော လူတစ်ယောက် ဖြစ်ရပေမည်။

“လုပ်စရာရှိတာ သွားလုပ်ပါ တတိယအကြီးအကဲ။ အစ်ကိုထန်မင်နဲ့ ကျုပ်က ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ပြောရဦးမယ်။ နောက်မှ ကျုပ်တို့ အတူတူ သောက်ကြသေးတာပေါ့”

စကားအနည်းငယ် ပြောပြီးနောက် လီဟုန်က ရုတ်တရက် ချန်မျိုးနွယ်၏ တတိယအကြီးအကဲဘက်လှည့်ကာ အထက်ပါအတိုင်း ပြောလိုက်သည်။ တတိယအကြီးအကဲက ပြုံးကာ ထွက်သွားလေသည်။ ထို့နောက်တွင် လီဟုန်သည် ပြုံး၍ ထန်မင်ကို ကြည့်လိုက်၏။

“အစ်ကိုထန်မင်... ကျုပ်ရဲ့ အလှလေးနှစ်ယောက်က ဘယ်မှာလဲ။ အစက ကျုပ်တို့မျိုးနွယ်က ဒီလက်ထပ်ပွဲတက်ဖို့ တခြားလူတွေကို လွှတ်မလို့ပဲ... ဒါပေမဲ့ ကျုပ် ဆက်မစောင့်နေနိုင်တော့တာနဲ့ ကိုယ်တိုင် ထွက်လာခဲ့တာ။ ကျုပ်ရဲ့အလှလေးနှစ်ယောက်အတွက် ကျုပ် ထန်မျိုးနွယ်ကို ထိပ်တန်းအဆင့် ဘုံကြိုးပြတ်ဝါး အချောင်းတစ်ရာပေးမယ်။ ဟင်းဟင်း... ကျုပ်က ရက်ရောတယ်မလား”

ကျန်းရီ၏မျက်နှာထားက တင်းမာသွား၏။ သူက လူများကို မုန်းခဲသည်။ ကျီထင်ယွီက သူမုန်းသော လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ ဝူနီနှင့် ရှီးဖေးတို့က သူ၏ရန်သူများဖြစ်သော်လည်း သူ သူတို့ကို မမုန်းပေ။ သို့သော် ထိုလီဟုန်ကိုမူ သူ တွေ့တွေ့ချင်း ရင်ထဲအသည်းထဲမှ မုန်းတီးနေသည်။

ထန်မင်သည် ကျန်းရီကို စိတ်လျှော့ရန် မျက်နှာရိပ်မျက်နှာကဲပြလိုက်၏။ ထန်မင်ကလည်း လီဟုန်ကို စတင် မုန်းတီးလာသည်။ သို့သော် ဤမြို့ထဲတွင် မိမိ၏ သဘောထားအမှန်ကို ထုတ်ပြ၍ မရပေ။ ထို့ကြောင့် သူ အပြစ်ရှိဟန်ဖြင့် လက်ဆုပ်ကာ ပြောလိုက်၏။

“ကျုပ် တောင်းပန်ပါတယ် အကြီးအကဲလီ။ ကျုပ်က သူတို့ကို အကြီးအကဲကို မပေးချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့လဝက်လောက်က ကျုပ်တို့ ယဉ်ဖုန်းမြို့ကို ဖြတ်တုန်း သင်္ဘောပေါ်ကို ခရီးသည်တစ်ယောက် တက်လာခဲ့ပါတယ်...”

“အဲ့လူမှာ အရမ်းရှားပါးတဲ့ ရောဂါတစ်ခု ပါလာလို့ သင်္ဘောပေါ်က လူတော်တော်များများ ကူးစက်ခံလိုက်ရပါတယ်။ အဲ့ကောင်မလေးနှစ်ယောက်လည်း ကူးစက်ခံလိုက်ရတယ်။ အခု သူတို့ရဲ့ အခြေအနေက စိတ်ချရပါပြီ... ဒါပေမဲ့ သူတို့ အနားယူပြီး အားဖြည့်ဖို့တော့ လိုသေးတယ်။ မပူပါနဲ့ အကြီးအကဲလီ... ကျုပ်က နတ်ဘုရားအသံလှိုင်းမြို့မှာ လဝက်လောက်နေမျာပါ။ ကျုပ် မထွက်သွားခင် သူတို့ကို အကြီးအကဲဆီ ပေးခဲ့မှာပါ”

“ရောဂါတစ်ခုလား”

လီဟုန်၏ မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွား၏။ သူသည် မျက်လုံးပြူးကာ လီမျိုးနွယ်မှ အခြားစွမ်းအားကြီး သိုင်းသမားများကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ ပခုံးတွန့်ကာ ပြောလိုက်လေသည်။

“ရပါတယ်... ကျုပ်တို့ လီမျိုးနွယ်မှာ သမားတော်ကောင်းတွေ ရှိပါတယ်။ ပြီးတော့ ချန်မျိုးနွယ်မှာလည်း သမားတော်ကောင်းတွေ ရှိတာပဲ။ ကောင်မလေးတွေကို ကျုပ်ကို ပေးလိုက်လို့ရပါတယ်။ အခု အဲ့ကောင်မလေးတွေက ကျုပ်အပိုင် ဖြစ်နေပြီ။ အဲ့တော့ အစ်ကိုထန်မင်တို့ကို ဆက်ဒုက္ခပေးလို့ ဘယ်ဖြစ်မလဲ”

“ဟင်းဟင်း...”

ထန်မင်က ပြာယာခတ်မသွားပေ။ သူ မချိပြုံးပြုံးကာ ပြောလိုက်သည်။

“အကြီးအကဲလီက ဒီအသက်အရွယ် ရောက်နေတာတောင် စိတ်အားသန်နေတုန်းပဲကိုး။ အဲ့ကောင်မလေးနှစ်ယောက်က ထွက်ပြေးမှာမလို့လား။ ကျုပ်တို့ ထန်မျိုးနွယ်က ပြောပြီးသားစကားကို ဘယ်တုန်းက ဖျက်ဖူးလို့လဲ။ ကျုပ် ‌ကောင်မလေးတွေကို သီးသန့်ထားထားတယ်။ သူတို့ အပြည့်အဝ ပြန်မကောင်းမချင်း ကျုပ် သူတို့ကို အပြင်ကို မထုတ်ရဲဘူး။ တကယ်လို့ ရောဂါက သူတို့ဆီကနေ နတ်ဘုရားအသံလှိုင်းမြို့က လူတွေကို ကူးသွားရင် အဲ့ကိစ္စကို ဘယ်သူက တာဝန်ခံမှာလဲ။ သခင်လေးက လက်ထပ်ရဦးမှာမလား...”

ထန်မင်က ထိုသို့ပြောနေပြီဖြစ်၍ လီဟုန်အနေဖြင့် ဆက်ငြင်းနေရန် မသင့်တော်တော့ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့လိုဆိုလည်း အဲ့ကောင်မလေးနှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ အစ်ကိုထန်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ဒါပေမဲ့ သူတို့ အဆင့်သင့်ဖြစ်တာနဲ့ ကျုပ်ဆီကို ပို့ပေးလိုက်ပါ။ သူတို့အတွက် ကျုပ် ရက်ရက်‌ရောရော ပေးမှာပါ...”

“ထွီ...ဘယ်လိုကောင်လဲဟ”

လီဟုန်ထွက်သွားပြီးနောက် ကျန်းရီ၏ဘေးမှ စစ်သူကြီးတစ်ယောက်က မြေပေါ်သို့ တံတွေးထွေးလိုက်၏။ ကျန်လူများကလည်း ကျေနပ်ပုံ မပေါ်ပေ။ ထန်မင်တစ်ယောက်သာ မျက်နှာထားမပြောင်းဘဲ ရှိနေသည်။

ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲ၍ ကြည့်လိုက်၏။ သူ့ဦးနှောက်ကလည်း စတင်၍ လှုပ်ရှားလည်ပတ်လာသည်။ မကြာခင်မှာပင် သူ့စိတ်ထဲ၌ နက်ရှိုင်းသောသံသယတစ်ခု ထွက်ပေါ်လာ၏။ ထိုတဏှာရူးက အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်ရာ မိန်ကလေးပေါင်းများစွာနှင့် ဆက်ဆံခဲ့ဖူးပေလိမ့်မည်။ သူ အမွှာများနှင်လည်း ဆက်ဆံခဲ့ဖူးလောက်သည်။ သို့သော် အဘယ်ကြောင့် ဤတစ်ခေါက်တွင်မူ သူက ထိုမျှ အလျင်လိုနေရသနည်း။ ထန်ရွှယ်နှင့် ထန်ယန်တို့က ထူးခြားနေ၍လော။

‘ဝိညာဉ်ခန္ဓာတစ်မျိုးမျိုးများ ဖြစ်နေမလား’

ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ ထန်မျိုးနွယ်က ထိုအမွှာညီအစ်မနှစ်ယောက်ကို နှစ်ပေါင်းများစွာ ပျိုးထောင်ပေးခဲ့သည်။ အကယ်၍ သူမတို့တွင် ထူးခြားသော ဝိညာဉ်ခန္ဓာ ရှိနေပါက ထန်မျိုးနွယ်က သေချာပေါက် သိပေလိမ့်မည်။ သူမတို့တွင် ဝိညာဉ်ခန္ဓာမရှိလျှင် အဘယ်ကြောင့် ထိုတဏှာရူးက သူမတို့နှင့် တွေ့ရရန် ထိုမျှ အလျင်လိုနေရသနည်း။

ကျန်းရီ ထန်မင်ကို ကြည့်လိုက်၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ထန်မင်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။

“တစ်ခုခုတော့ မှားနေပြီ။ အဲ့အဘိုးကြီးရဲ့ နန်းတော်မှာ သူကျေနပ်အောင် ပြုစုပေးမယ့် မိန်းမလှ သုံးထောင်ကျော်လောက် ရှိတယ်လို့ ကျုပ်ကြားထားတယ်။ ဒါပေမဲ့ ဘာလို့ သူက အဲ့ကောင်မလေးနှစ်ယောက်ကို အလျင်စလို တွေ့ချင်နေရတာလဲ။ သခင်လေးကျန်း... အဲ့ကောင်မလေးနှစ်ယောက်မှာ ဘာထူးခြားမှုတွေရှိလဲဆိုတာကို သခင်လေးသိလား။ အို့... ကျုပ်က တခြားအဓိပ္ပာယ်နဲ့ပြောတာ မဟုတ်ဘူးနော်။ အဲ့ကောင်မလေးနှစ်ယောက်က နတ်မိမယ်သခင်မမျိုးနွယ်က ဖြစ်နေရင်တောင် အခု သူတို့က သခင်လေးအပိုင် ဖြစ်နေပါပြီ။ ကျုပ်က နားမလည်နိုင်လို့ မေးကြည့်တာပါ”

ကျန်းရီ ခေါင်းခါကာ အသံပြန်ပို့လွှတ်လိုက်သည်။

“ကျွန်တော်လည်း နားမလည်နိုင် ဖြစ်နေတာ။ သူတို့ဆီမှာတော့ ဘာထူးခြားတာမှ ကျွန်တော် မတွေ့ဘူး”

“အဲ့ဒါဆိုရင် ထူးဆန်းနေပြီ”

ထန်မင်သည် ခေတ္တမျှ တွေးတောနေပြီးနောက် ရုတ်တရက် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“နတ်ဘုရားအသံလှိုင်းမြို့မှာ ရှိတဲ့ ထန်မျိုးနွယ်ရဲ့ အဖွဲ့ခွဲတွေဆီ သွားပြီး လီဟုန်ရဲ့ ကိုယ်ရေးအချက်အလက်မှတ်တမ်းမိတ္တူတစ်ခုကို ယူခဲ့”

မြို့ကြီးတိုင်းတွင် ထန်မျိုးနွယ်၏ အဖွဲ့ခွဲများ ရှိသည်။ သူတို့သည် မျိုးနွယ်ကြီးများနှင့် ဂိုဏ်းကြီးများ၏ အကြောင်းကို စုံစမ်းထားကြပြီး မှတ်တမ်းတင်ကာ သိမ်းဆည်းထားကြသည်။  ကြီးကြပ်သူတစ်ယောက်က ခပ်သွက်သွက် ထွက်သွားပြီး တစ်နာရီကြာပြီးနောက် လီဟုန်၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းကိုယူကာ ပြန်ရောက်လာ၏။ ထန်မင်က မှတ်တမ်းကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ ရုတ်တရက် လင်းလက်လာ၏။ သူ ကျန်းရီဘက်သို့ လှည့်ကာ ထပ်၍ အသံပို့လွှတ်လိုက်သည်။

“သခင်လေးကျန်း... ဒီတစ်ခေါက် သခင်လေး ရတနာပုံဆိုက်တဲ့ကိန်းပဲ။ လီဟုန်က ထူးခြားဆန်းကြယ်တဲ့ စွမ်းရည်တစ်ခုကို ကျင့်ကြံထားတယ်။ သူ့မှာ အဆိပ်မျက်လုံးတစ်စုံရှိတယ်။ သူ့ရဲ့ နန်းတော်အတွင်းဆောင်ထဲက မိန်းကလေးသုံးထောင်ထဲမှာ အနည်းဆုံး နှစ်ရာလောက်က ထူးခြားတဲ့မျိုးနွယ်က ဖြစ်ရင်ဖြစ် မဟုတ်ရင် ထူးခြားတဲ့ ဝိညာဉ်ခန္ဓာတွေ ရှိကြတယ်။ အဲ့တော့ အဲ့ကောင်မလေးနှစ်ယောက်မှာလည်း လျှို့ဝှက်ဝိညာဉ်ခန္ဓာ ရှိရမယ်လို့ ကျုပ်ထင်တယ်”

***

All Chapters