နတ်ဘုရားအသံလှိုင်းတောင်ကြား
Vol. 76 Ch. 1058
ကျန်းရီသည် ထန်ရွှယ်နှင့် ထန်ယန်တို့ကို ပိုင်ဆိုင်လိုစိတ်ကြောင့် ကယ်ခဲ့ခြင်းမဟုတ်ပေ။ သို့သော် သူမတို့တွင် ဝိညာဉ်ခန္ဓာရှိလောက်သည်ဟု သိလိုက်ရသောအခါ သူ အတော်လေး အံ့အားသင့်သွားသည်။
ကျန်းရီက ကြင်နာတတ်၍ ထိုမိန်းမပျိုနှစ်ယောက်ကို ကယ်ခဲ့ခြင်းဟု ပြောမည့်အစား သူ့ရင်ထဲမှ ဒွိဟတစ်ခုကြောင့် ကယ်ခဲ့ခြင်းဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ဤနှစ်များအတွင်း၌ ကျန်းရီ၏ လက်တွင် သွေးများစွန်းခဲ့သည်။ သူက လူများစွာကို သတ်ဖြတ်ခဲ့သည်။ သူသည် အရပ်သားများကို တစ်ခါမှ မသတ်ခဲ့ဖူးသော်လည်း သူ၏အချို့သတ်ဖြတ်မှုများက မလိုအပ်သော သတ်ဖြတ်မှုများပင်။ သူ၏နှလုံးသားက ထိုသတ်ဖြတ်မှုများကြောင့် ထုံလာ၏။ ယခုတွင် သူသည် သူက သူ ဟုတ်ပါသေးသလောဟုပင် သံသယဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ရင်ထဲသို့ ပြန်ကြည့်၍ လူသားဆန်မှုတစ်ခုကို ရှာလိုခဲ့ခြင်းပင်။
နှင်းဆီတစ်ပွင့်ကို လက်ဆောင်ပေးသည့် လက်တွင် နှင်းဆီရနံ့ စွဲကျန်ခဲ့ပေလိမ့်မည်။
လူများကို ကူညီရခြင်းက ကျန်းရီကို ပျော်စေသည်။ သူသည် မိန်းမပျိုနှစ်ယောက် ပျော်နေသည်ကို ကြည့်၍ သူ ကောင်းမှုတစ်ခုကို လုပ်နိုင်ခဲ့ပြီဟု ခံစားခဲ့ရ၏။ သူ့ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ဝမ်းမြောက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤလောကကြီးက အလွန်ရက်စက်ကြမ်းတမ်းပေသည်။ ဥပမာအနေဖြင့် ထန်မင်ကိုကြည့်ပါ။ သူသည်လည်း ထိုမိန်းမပျိုနှစ်ယောက်ကို ရွံစရာကောင်းသည့် တဏှာရူးအိုကြီးအား မပေးလိုခဲ့ပေ။ သို့သော် သူသည် မျိုးနွယ်အတွက် သူ့နှလုံးသားကို မာကြောအောင် လုပ်ခဲ့ရသည်။
လူမှုအဖွဲ့အစည်းက ကြီးမားသော အရောင်ခြယ်စည်ပိုင်းကြီးတစ်ခုပင်။ ၎င်းသည် လူတစ်ယောက်၏ ကောင်းမွန်သော ပင်ကိုယ်ဗီဇကို အရောင်ဆိုးပစ်နိုင်သည်။ လူသားအားလုံးသည် ကလေးဘဝတွင် စိတ်ကူးယဉ်ပုံပြင်များထဲ၌ နေထိုင်ခဲ့၏။ လောကကြီးက ပြီးပြည့်စုံပြီး လူတိုင်းက ဖော်ရွေကြသည်ဟု တွေးခဲ့ကြ၏။ သို့သော် သူတို့ အရွယ်ရောက်လာသောအခါ လောကကြီးက မည်မျှရက်စက်နိုင်ကြောင်း ကိုယ်တိုင် သိမြင်လာကြသည်။ အကယ်၍ သူတို့သာ အခြားသူများအပေါ် ဆက်၍ အကြင်နာတရားထားနေလျှင်၊ စိတ်ကူးယဉ်ပုံပြင်များထဲကအတိုင်း ဆက်၍ ပြုမူနေလျှင် ဤလောကြီးထဲ၌ မည်သို့မှ ရှင်သန်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့အားလုံးသည် လောကကြီးနှင့် သူတို့ကိုယ်သူတို့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကာ ရက်စက်လာရတော့သည်။
ကျန်းရီကလည်း အထက်ပါအတိုင်း ဖြစ်ခဲ့ခြင်းပင်။ သူသည် အခြားသူများအား သတ်ရခြင်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ ထို့ပြင် သူသည် ပဋိပက္ခများကိုလည်း မကြိုက်ပေ။ သူ လိုချင်ခဲ့သည်မှာ သူချစ်သော မိန်းကလေးနှင့် အေးအေးချမ်းချမ်း နေရရန်ပင်။ သို့သော် ရက်စက်သောလောကကြီးက သူ့ကို ဤအခြေအနေသို့ ရောက်လာအောင် တွန်းပို့ခဲ့သည်။ သူသည် သူချစ်ရသောလူများကို ကာကွယ်ရန် ဓားကို ဆွဲကိုင်ကာ တိုက်ခိုက်ခဲ့ရသည်။ သူက သတ်ဖြတ်စက်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ကို အကြောက်ဆုံးပင်။ ထိုကဲ့သို့သော လူစားမျိုးကို သူ အမုန်းဆုံးဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ထန်ရွှယ်နှင့် ထန်ယန်တို့ကို ကယ်ရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းပင်။ သူသည် သူမတို့ကို ကယ်ရုံသာမက သူ့ကိုယ်သူလည်း ပြန်ရှာဖွေခဲ့ခြင်းဖြစ်သည်။ သူ့ရင်ထဲရှိ လူသားဆန်မှုကို သူ ပြန်လှုပ်နှိုးလိုခဲ့ခြင်းဖြစ်သည်။
***
ချန်မျိုးနွယ်မှ သခင်လေး၏ လက်ထပ်ပွဲ ကျင်းပရန် လေးရက်လိုသေးသည်။ ထန်မင်၊ ကျန်းရီနှင့် ကျန်သူများက ဝဲဆောင်တစ်ခုတွင် နေနေကြသည်။ ထန်မင်က ထန်မျိုးနွယ် အပြင်ဘက်တွင်လည်း ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လူများစွာက သူ့ကို လာရောက်နှုတ်ဆက်ကြသည်။ ကျန်းရီသည် ထိုအသေးအဖွဲကိစ္စလေးများကို အရေးမစိုက်ခဲ့ပေ။ သူသည် သူ့အခန်းထဲတွင်သာ နေ၍ အခန်းနံရံလေးဘက်အပြင်တွင် ဖြစ်နေသော ကိစ္စများကို လျစ်လျူရှုထားလိုက်သည်။ လက်ထပ်ပွဲနေ့တွင် သူက ထန်မင်၏နောက်မှလိုက်၍ နတ်ဘုရားအသံလှိုင်းတောင်ကြားသို့ သွားရန် ပြင်ဆင်ထားပြီးဖြစ်သည်။
ကျန်းရီသည် အခန်းပတ်ပတ်လည်တွင် အကာအရံအချို့ ဆင်လိုက်ပြီး ထန်ရွှယ်နှင့် ထန်ယန်တို့ကို အပြင်သို့ ထုတ်လိုက်၏။ သူ သူမတို့၏ခေါင်းပေါ်မှ ဆံထိုးများကို ကြည့်ကာ လူခွဲလိုက်ပြီး အကြီးမထန်ရွှယ်ဘက်သို့လှည့်၍ မေးလိုက်သည်။
“ထန်ရွှယ်... မင်းမှာ ထူးခြားတဲ့ ဝိညာဉ်ခန္ဓာ ရှိလား။ ဘာလို့ လီအဘိုးကြီးက မင်းတို့နှစ်ယောက်ကို အသည်းအသန် လိုချင်နေရတာလဲ”
“အာ...”
‘လီအဘိုးကြီး’ဆိုသော စကားလေးလုံးကို ကြားလိုက်ရသောအခါ မိန်းမပျိုလေးနှစ်ယောက်၏ မျက်နှာပေါ်တွင် သွေးဆုတ်သွား၏။ ထန်ယန်က အတန်ငယ် တုန်ယင်လာပြီး ကျန်းရီကို သနားစဖွယ်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေး... သခင်လေးက ကျွန်မတို့နှစ်ယောက်ကို သူ့ကို ပေးလိုက်မှာတော့ မဟုတ်ပါဘူးနော်။ ကျွန်မတောင်းပန်ပါတယ်... အဲ့အစား ကျွန်မတို့ကို အခုပဲ သတ်လိုက်ပါတော့”
ကျန်းရီ၏ မျက်နှာထားက မည်းမှောင်သွား၏။ ထန်ရွှယ်က ထန်ယန်ကို ဆူလိုက်သည်။
“ညီမလေး... ပေါက်ကရတွေ ပြောမနေနဲ့။ ဒီကသခင်လေးက အဲ့လိုလူစားမျိုး မဟုတ်ဘူး။ မြန်မြန်.. သခင်လေးကို တောင်းပန်လိုက်”
ထန်ယန်တစ်ယောက် ဝမ်းနည်းသွားပြီး မျက်ရည်များ ဝဲလာ၏။ သို့သော် သူမ ကျန်းရီကို ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
“သခင်လေး ကျွန်မ မှားသွားပါတယ်။ ကျွန်မကို သခင်လေးကြိုက်သလို အပြစ်ပေးပါ”
ကျန်းရီသည် ထန်ယန်ကို ကြည့်၍ ဒေါသပြေသွား၏။ သူ၏ မျက်နှာထားကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် သူ ပြောလိုက်သည်။
“ကိုယ့်တင်ပါးကိုကိုယ် အချက်တစ်ရာ ရိုက်... ဟွန်း... မင်းက ငါ့ရဲ့စိတ်ဓာတ်ကို စော်ကားရဲတယ်ပေါ့လေ”
“အာ...”
ထန်ယန် တုန်ယင်သွားပြီး မျက်နှာလေး နီသွားသည်။ သူမ၏ ရှက်ရွံ့ဟန်လေးက ယောက်ျားတစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်သွားစေနိုင်သည်။ သူမသည် သူမ၏နီထွေးသော နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကိုယ့်တင်ပါးကိုကိုယ် စတင်ရိုက်လိုက်လေသည်။
“တော်ပြီ...တော်ပြီ။ ညီမလေး... သခင်လေးက ညီမလေးကို စနေတာပါ”
ထန်ရွှယ်က တခစ်ခစ် ရယ်လိုက်သည်။ ထို့နောက် သူမ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ဘာလို့ သခင်လေးကိုယ်တိုင် မရိုက်တာလဲ”
“ငါ ရိုက်မယ်ဆိုရင် မင်းကိုပဲ ရိုက်မှာပေါ့”
ကျန်းရီက ထန်ရွှယ်ကို စိုက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ခုနက ငါမင်းတို့ကို မေးတဲ့ဟာကို ဖြေပါဦး”
အကြီးမထန်ရွှယ်က ထန်ယန်ထက် ပိုသွက်လက်ချက်ချာသည်။ သူမသည် ကျန်းရီကို အနည်းငယ်ပင် မကြောက်ချေ။ ထို့ကြောင့် သူမ လျှာထုတ်ပြကာ ပြောလိုက်သည်။
“ကျွန်မတို့လည်း မသိဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အမေကတော့ ကြောင်ကတိုးမျိုးနွယ်ကပဲ။ ကျွန်မတို့အဖေက အမေ့ကို ဝယ်ဖို့ ကောင်းကင်ကျောက်တုံး ဆယ်သန်းလောက် သုံးခဲ့ရတယ်တဲ့။ ကျွန်မတို့ ဆယ်နှစ်အရွယ်ကိုရောက်တော့ ကျွန်မတို့မျိုးနွယ်က ရန်သူတွေ ဖျက်ဆီးတာကို ခံခဲ့ရတယ်။ အကုန်လုံး အသတ်ခံခဲ့ရတယ်... ကျွန်မတို့ရဲ့ မိဘတွေလည်း သေသွားခဲ့တယ်။ အဲ့တုန်းက ကျွန်မတို့က ကျွန်တွေအဖြစ် အရောင်းခံခဲ့ရတာပဲ”
“ကြောင်ကတိုးမျိုးနွယ်...”
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ သူသည် ထိုမျိုးနွယ်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သို့သော် ကြောင်ကတိုးမျိုးနွယ်ဝင်တစ်ယောက်ကို ဝယ်ယူရန် ကောင်းကင်ကျောက်တုံးဆယ်သန်း ပေးရလျှင် ထိုမျိုးနွယ်က အတော်လေးထူးခြားသော မျိုးနွယ်တစ်ခု ဖြစ်ရပေမည်။ သို့သော် အတော်ကြာ တွေးပြီးနောက် သူ ပျင်းလာ၏။ ထို့ကြောင့် သူသည် မိန်းမပျိုနှစ်ယောက်ကို ဧကရာဇ်နန်းတော်ထဲ ပြန်ထည့်လိုက်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ တာအိုပုံသဏ္ဌာန်အချို့နှင့် မှော်အတတ်အချို့ကို ကြိုးစားလေ့လာနေရန် သူ ဆုံးဖြတ်လိုက်သည်။ သင့်တင့်လျှောက်ပတ်သော ကျင့်ကြံခြင်းအခန်း မရှိလျှင် သူ၏ တိုးတက်နှုန်းက အလွန်နှေးပေသည်။ သို့ဖြစ်၍ ခေတ္တမျှ ကြာပြီးနောက် သူ ကျင့်ကြံရန် လက်လျှော့လိုက်လေသည်။
***
ချန်မျိုးနွယ်မှ သခင်လေး၏ လက်ထပ်ပွဲရက်နှင့် နီးလာလေလေ၊ နတ်ဘုရားအသံလှိုင်းမြို့က ပို၍ဆူညံ့လာလေလေပင်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုအပြင် ပတ်ဝန်းကျင် မြို့များမှ မျိုးနွယ်များကလည်း ဂုဏ်ပြုလက်ဖွဲ့ပေးရန် လူများစေလွှတ်လိုက်ကြသည်။
ထိုတစ်ချိန်လုံး ကျန်းရီက သူ့အခန်းထဲတွင်သာ နေနေခဲ့သည်။ သူက ထန်မျိုးနွယ်မှ တပ်မှူးတစ်ယောက်အဖြစ် ဟန်ဆောင်နေခြင်းဖြစ်ရာ မည်သူကမှလည်း သူ့ကို အရေးမစိုက်ပေ။ မည်သည့်ကိစ္စဖြစ်လာသည်ဖြစ်စေ ထန်မင်က ကိုင်တွယ်ဖြေရှင်းလိုက်မည်ဖြစ်သည်။
လေးရက်ကြာပြီးနောက် လက်ထပ်ပွဲရက် ကျရောက်လာ၏။ ကျန်းရီသည် ရှေ့ရက်များကတည်းက ကျင့်ကြံခြင်းကို ရပ်ထားပြီးဖြစ်သည်။ သူသည် ချပ်ဝတ်အပြည့်အစုံဝတ်လိုက်ပြီး ခံ့ညားသော တပ်မှူးတစ်ယောက်အသွင်ဖြင့် အခန်းထဲမှ ထွက်သွားလိုက်သည်။
“သွားကြစို့... အရင်ဆုံး အပြင်ဘက်မှာ လူစုရမယ်။ ပြီးမှ လက်ထပ်ပွဲကို တက်ဖို့ နတ်ဘုရားအသံလှိုင်းတောင်ကြားကို သွားရမှာ”
ထန်မင်ကလည်း အစောကြီး နိုးနေသည်။ သူသည် ကျန်းရီ ထွက်လာသည်နှင့် ငါးယောက်အုပ်စုကို ဦးဆောင်၍ အပြင်သို့ ထွက်သွားလိုက်၏။ အပြင်ဘက် မြို့ရင်ပြင်တွင် ချန်မျိုးနွယ်မှ အကြီးအကဲတစ်ဘောက်က လူများကို စုစည်းနေသည်။ ထို့နောက်တွင်မှ သူသည် ထိုလူများကို အုပ်စုတစ်စုစီအလိုက် ရထားလုံးများပေါ်သို့ တက်စေကာ နတ်ဘုရားအသံလှိုင်းတောင်ကြားသို့ သွားစေမည်ဖြစ်သည်။
‘လူတွေ တော်တော်များတာပဲ’
ကျန်းရီသည် မြို့ရင်ပြင်ထဲသို့ ဝင်လိုက်သည်နှင့် ထိုနေရာတွင် စုဝေးနေသော လူအုပ်ကြီးကြောင့် အံ့အားသင့်သွားလေသည်။ မြို့ရင်ပြင် တစ်လျှောက်တွင် ခမ်းနားသော ရထားလုံးများကိုလည်း စီးတန်းရပ်ထားသည်။ မြို့ရင်ပြင်ထဲတွင် လက်ထက်ပွဲသို့ သွားမည့်လူပေါင်း အနည်းဆုံး တစ်သောင်း ရှိပေလိမ့်မည်။ မြို့ရင်ပြင်အနီးတွင်လည်း လက်ထပ်ပွဲကို တက်ခွင့်မရ၍ ဘေးမှသာ ကြည့်ရှုနေရသော လူပေါင်းတစ်သောင်းကျော် ရှိနေပေသေးသည်။
ထန်မင်၊ ကျန်းရီနှင့် ကျန်သူများသည် ရထားလုံးတစ်စီး သီးသန့်ရလိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ရထားလုံးများက ကောင်းကင်ထက်သို့ ပျံတက်ကာ မြို့၏အရှေ့ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်ကြသည်။ ကျန်းရီသည် သူ၏ရထားလုံးထဲမှနေ၍ အခြားရထားလုံးများ ကောင်းကင်ထက်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းက အလွန်ကြီးကျယ်ပေသည်။ အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်ကြီးများက ကြွယ်ဝပေစွဟု သူ တွေးလိုက်သည်။ ဝမ်ကွမ်း၏ လက်ထပ်ပွဲက ဤလက်ထပ်ပွဲနှင့် မည်သို့မှ မယှဉ်နိုင်ပေ။
‘ငါ ဖန်စေတီကို ယူပြီးလို့ လောရွှယ်ကို ရှန်းစီကျွန်းဆီ ပြန်ခေါ်သွားနိုင်ရင် ဒီလို လက်ထပ်ပွဲကြီး ကျင်းပရမယ်’
ကျန်းရီသည် စုလောရွှယ်အကြောင်းကို စဉ်းစားမိသောအခါ တက်ကြွလာ၏။ သူ့အတွေးထဲတွင် လှပသော မိန်းမပျိုလေး၏ ပုံရိပ်များနှင့် ပြည့်နှက်နေသည်။ သူ သတိပြန်ဝင်လာချိန်တွင် သူတို့ရထားလုံးအရှေ့မှ အခြားရထားလုံးများက အောက်ဘက်သို့ ဆင်းသက်နေပေပြီ။ သူတို့၏ ဦးတည်ရာသို့ ရောက်ပြီဖြစ်ကြောင်း သူသိလိုက်သည်။
နတ်ဘုရားအသံလှိုင်းတောင်ကြား...
“အာ...”
အောက်ဘက်ရှိ လွင်ပြင်က ရုတ်တရက် တောက်ပစွာ လင်းလက်လာ၏။ ကျန်းရီတို့ အရှေ့တွင် ဧရာမတောင်ကြားပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင်တွင် စိမ်းစိုနေသော တောင်သုံးလုံး ရှိသည်။ ထိုတောင်ကြားကို ပုံရိပ်ယောင်နယ်မြေတစ်ခုနှင့် ကာထားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
အောက်ဘက်တွင် တောင်များ၊ မြစ်များ၊ ရေကန်များနှင့် သစ်ပင်ပန်းမန်များ ရှိနေသည်။
ကျန်းရီ ခေါင်းဆတ်လိုက်၏။ ဤနတ်ဘုရားအသံတောင်ကြားက အေးအေးချမ်းချမ်း နေထိုင်ရန် သင့်တော်သော နေရာကောင်းတစ်ခုပင်။ အသံလှိုင်းဧကရာဇ်က မြို့ထဲတွင် မနေဘဲ ဤတောင်ကြားတွင် နေထိုင်နေခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ သူ့အတွက် ဤနေရာတွင် နေထိုင်၍ ကျင့်ကြံခြင်းက များစွာပိုကောင်းမည်ဖြစ်သည်။
ရထားလုံးများက အဆောက်အဦတစ်ခုအရှေ့ရှိ မြေကွက်လပ်တစ်ခုတွင် ဆင်းသက်လိုက်ကြ၏။ ထိုမြေကွက်လပ်ပေါ်တွင် ကော်ဇောနီများ ခင်းထားပြီး ယင်းကော်ဇောနီများပေါ်တွင် ရွှေရောင်စားပွဲများ ရှိနေသည်။ ထိုရွှေရောင်စားပွဲများအပေါ်တွင်မူ စားကောင်းသောက်ဖွယ်များကို လှပစွာ တည်ခင်းထားလေသည်။ ထို့ပြင် အမျိုးသမီးအစေခံငါးထောင်ကလည်း ပျူငှာစွာ ဧည့်ခံနေကြသည်။ ထိုနေရာတွင် လူပေါင်းများစွာ ရှိနေ၍ ကျန်းရီသည် ထိုလူများကိုကြည့်ရင်း ခေါင်းမူးလာ၏။
‘အသံလှိုင်းဧကရာဇ်က အခုထိ မပေါ်လာသေးဘူးမလား’
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ သို့သော် မည်သည့် နတ်ဘုရားတစ်ပိုင်း အရှိန်အဝါကိုမှ မတွေ့ရပေ။ ထို့ကြောင့် သူသည် ထန်မင်အနောက်သို့ လိုက်၍ ရွှေရောင်စားပွဲတစ်လုံးတွင် ထိုင်ကာ အသံလှိုင်းဧကရာဇ် ရောက်လာမည့်အချိန်ကို စောင့်နေလိုက်ရသည်။
ဟိန်း...
ထိုအခိုက်တွင် တောင်ဘက်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ဧရာမ ရွှေရောင်နဂါးကြီးတစ်ကောင်က လေကိုခွင်း၍ သူတို့ထံသို့ ပျံသန်းလာသည်။ ၎င်းသည် မီတာသုံးရာနီးပါး ရှည်၏။ ၎င်း၏ခန္ဓာကိုယ်ကလည်း နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ ၎င်းတွင် လက်သည်းဆယ်ခု ရှိ၏။ အားကောင်းသော အရှိန်အဝါက အမျိုးသမီးအစေခံအားလုံးကို အသက်ရှူမရ ဖြစ်သွားစေသည်။ ထိုနဂါးက မိစ္ဆာအရှင်တစ်ပါးပင်။
“လက်သည်းဆယ်ခုပါတဲ့ နတ်နဂါးလား။ သူက ကျန့်မျိုးနွယ်ကပဲ”
လူတစ်ယောက် အော်ပြောလိုက်၏။ ထန်မင်ကလည်း ထိုနဂါးကို မော့ကြည့်လိုက်သည်။
“ကျန့်ထျန်းလဲ့လား... ကျန့်မျိုးနွယ်ကလူတွေက သူတို့ရဲ့ ဆန်းကြယ်ဧကရာဇ်မြို့ထဲက ထွက်လာခဲတယ် မဟုတ်ဘူးလား။ ဒီတစ်ခေါက်တော့ သူတို့က လက်ထပ်ပွဲကိုတောင် လာတက်တယ်လား”
“ဘာလို့လဲဆိုတာ ကျွန်တော်သိတယ်”
ထန်မင်အနောက်တွင် ထိုင်နေသော ကျန်းရီက ရုတ်တရက် ပြောလိုက်သည်။ သူ၏ မျက်နှာထားက ခါးသက်နေသည်။ သူသည် ရွှေရောင်နဂါး၏ကျောပေါ်တွင် ရပ်နေသော ခံ့ညားသည့် အမျိုးသားတစ်ယောက်ကို ငေးကြည့်လိုက်၏။ ထိုအမျိုးသား၏ဘေးတွင် လှပသောမိန်းမပျိုတစ်ယောက် ရပ်နေပေသည်။
မိန်းမပျိုက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်လှပချောမောသည်။ သူမသည် တောအုပ်ထဲမှ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။ အထင်ရှားဆုံးအရာမှာမူ သူမ၏ အဖိုးတန် ကျောက်စိမ်းခြေထောက်များပင်။
နှစ်နှစ်ပင် ရှိခဲ့ပေပြီ။ ကျန်းရီတစ်ယောက် ယဉ်ရို့ပင်းနှင့် ထပ်တွေ့လိုက်ရ၍ စိတ်လှုပ်ရှားသွားလေသည်။
***