← Chapters

သူရဲကောင်းနှင့် မိန်းမလှ

Vol. 76 Ch. 1059

သူရဲကောင်းနှင့် မိန်းမလှ

Vol. 76 Ch. 1059

ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရှေ့ဘက် တော်ဝင်နယ်မြေကို နှစ်သောင်းနှင့်ချီအောင် သိမ်းပိုက်ထားခဲ့သည်။ တော်ဝင်နယ်မြေမှ လူအားလုံးသည် ထိုမျိုးနွယ်ကိုးခုကို သိကြ၏။ လူအများကြားတွင်လည်း ထိုမျိုးနွယ်များနှင့် ပတ်သတ်သော ဇာတ်လမ်းများ မရေမတွက်နိုင်အောင် ပျံ့နှံ့နေကြသည်။ ထို့ကြောင့် လူတိုင်းက မျိုးနွယ်များအကြောင်းကို ကောင်းစွာ သိထားကြကြောင်း ထင်ရှားပေသည်။

သို့သော် မျိုးနွယ်တစ်ခုက ခြွင်းချက်ပင်။

မျိုးနွယ်ကိုးခုအကြားတွင် ကျန့်မျိုးနွယ်က အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သူတို့က သိုသိုသိပ်သိပ်သာ နေကြ၍ လူများက သူတို့အကြောင်းကို မကြာခဏဆိုသလို မေ့နေတတ်ကြသည်။ ကျန်မျိုးနွယ်ရှစ်ခုက ဒေသလေးခုအတွက် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျန့်မျိုးနွယ်က ထိုတိုက်ပွဲတွင် ဝင်မပါခဲ့ပေ။ လွန်ခဲ့သော နှစ်ခုနှစ်‌သောင်းလုံးလုံး ကျန့်မျိုးနွယ်က ဆန်းကြယ်ဧကရာဇ်မြို့ တစ်မြို့တည်းတွင်သာ နေခဲ့ကြသည်။

ကျန့်မျိုးနွယ်က အခြားသူများကို အနိုင်မကျင့်ပေ။ ထို့ပြင် ကျန့်မျိုးနွယ်ဝင်များကလည်း သူတို့၏မြို့ထဲမှ ထွက်လာခဲသည်။ ဗုဒ္ဓမျိုးနွယ်ကလည်း အခြားသူများ၏ ပဋိပက္ခများကြားတွင် ဝင်ပါခဲသော်ငြားက ကျန့်မျိုးနွယ်ကိုမူ မြင်တွေ့ရရန်ပင် ခက်ခဲပေသည်။ နတ်မြင်းပျံနယ်မြေတွင် တစ်စုံတစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်မှနေ၍ ရတနာများ ခိုးယူသွားခဲ့စဉ်နှင့် အပြစ်ဆေးကြောဒေသကို ဖွင့်သည့်အချိန်များတွင်ပင် ကျန့်မျိုးနွယ်ဝင်များကို မတွေ့ရပေ။

ကျန့်မျိုးနွယ်ဝင်များသည် ဒေသကြီးနှစ်ခုမှ စစ်သူကြီးနှစ်ယောက်က ကောင်းကင်မည်းမှောင်သွားသည်အထိ၊ ဆန်းကြယ်ဧကရာဇ်မြို့အပြင်တွင် မြေကြီးသိမ့်သိမ့်တုန်သည်အထိ တိုက်ခိုက်နေကြလျှင်ပင် ထွက်လာကြမည် မဟုတ်ပေ။ ထိုတိုက်ပွဲတွင် လူမည်မျှ သေပါစေ သူတို့ အရေးစိုက်မည်မဟုတ်။ တစ်စုံတစ်ယောက်က ဆန်းကြယ်ဧကရာဇ်မြို့ သို့မဟုတ် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်တွင် ပြဿနာမရှာသ၍ ကျန့်မျိုးနွယ်က ဝင်ပါမည် မဟုတ်ချေ။

အသံလှိုင်းဧကရာဇ်ကလည်း ဇော်တစ်ယောက်ပင်။ ဧကရာဇ်ကိုးပါးပြီးလျှင် သူက အင်အားအကြီးဆုံး ဖြစ်နိုင်သည်။ သို့သော် သူက မည်မျှအင်အားကြီးပါစေ ဧကရာဇ်ကိုးပါး၏အောက်တွင်သာ ရှိနေမည်ဖြစ်သည်။ သို့ငြား ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲ ကျင်းပခဲ့စဉ်ကပင် ကျန့်မျိုးနွယ်က မည်သူ့ကိုမှ မစေလွှတ်ခဲ့ပေ။ ထို့ကြောင့် ယခု ကျန့်မျိုးနွယ်ဝင်များ ဤလက်ထပ်ပွဲသို့ ရောက်လာခြင်းက လူများစွာကို မယုံနိုင်ဖြစ်သွားစေလေသည်။

သို့သော် လူများသည် ယဉ်ရို့ပင်းကို မြင်လိုက်ကြသောအခါ အခြေအနေကို ချက်ချင်း နားလည်သွားကြသည်။

သူရဲကောင်းများက မိန်းမလှများကို ချစ်မိကြသည်မှာ သဘာဝပင်။ သူရဲကောင်းတစ်ယောက်က မည်မျှပင် သန်မာ၍ ယောက်ျားဆန်ပါစေ သူချစ်သော မိန်းကလေးအတွက် အရူးမိုက်ဆုံး၊ အဓိပ္ပာယ်မရှိဆုံး လုပ်ရပ်များကို လုပ်တတ်ကြပေသည်။ ယဉ်ရို့ပင်းက အနှိုင်းမဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်ကြောင်းကို သံသယဖြစ်စရာ မရှိချေ။ ထို့ကြောင့် ကျန့်ထျန်းလဲ့က သူမအတွက်ဖြင့် ဤလက်ထပ်ပွဲသို့ လာခဲ့ခြင်းကို နားလည်ပေးနိုင်ပေသည်။

ချန်မျိုးနွယ်မှ သခင်လေးက ယဉ်မျိုးနွယ်မှ သခင်မလေးနှင့် လက်ထပ်မည် မဟုတ်ပါလား။ ထိုသခင်မလေးက ယဉ်ရို့ပင်းနှင့် ဝမ်းကွဲတော်သည်ဟုလည်း ဆိုကြသည်။ ယဉ်မျိုးနွယ်မှ လူများ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယဉ်ရို့ပင်းက ယခုမှ ရောက်လာခြင်းပင်။ ကျန့်ထျန်းလဲ့ကလည်း ယဉ်ရို့ပင်း ကျေနပ်စေရန် ဤတောင်ကြားသို့ ရောက်လာပေပြီ။

ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့ ရောက်လာခြင်းက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ ချန်မျိုးနွယ်မှ မိသားစုခေါင်းဆောင်နှင့် အခြားအကြီးအကဲအချို့ကလည်း ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြပြီး ဧည့်သည်များကို ကြိုဆိုလိုက်ကြသည်။ မျိုးနွယ်ကြီးများမှ လူများကလည်း ထရပ်ကာ သူတို့ကို ကြိုဆိုလိုက်ကြသည်။

ကျန့်ထျန်းလဲ့က ကျန့်မျိုးနွယ်၏ သခင်လေးတစ်ယောက်ဖြစ်သည်။ သူက ယခုနှစ်တွင် အသက်သုံးဆယ်ပြည့်ခဲ့သည်။ မကြာသေးခင်ကလည်း သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုကိစ္စက တော်ဝင်နယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ ထို့နောက်တွင် သူသည် တိုက်ပွဲဧကရာဇ်နှင့်အတူ ယဉ်ဧကရာဇ်မြို့သို့ သွား၍ ယဉ်ရို့ပင်းကို လက်ထပ်ခွင့် တောင်းခဲ့သည်။ သူတို့ ယဉ်ရို့ပင်းကို ကျန့်မျိုးနွယ်သို့ ခေါ်သွားနိုင်ခဲ့သည်။ ထို့ကြောင့် တော်ဝင်နယ်မြေမှ ယောက်ျားများစွာပင် မနာလိုဖြစ်ခဲ့ကြသေးသည်။

သို့သော် ယောက်ျားများသည် မည်မျှမနာလိုဖြစ်ပါစေ ကျန့်ထျန်းလဲ့က ပါရမီထူးသူတစ်ယောက်ဖြစ်ကြောင်းတော့ ဝန်ခံကြရပေသည်။ ယခုတွင် ကျန့်နှင့် ယဉ်တို့က ထိမ်းမြားမင်္ဂလာကိစ္စကြောင့် အမျိုးတော်သွားပေပြီ။ ကျန့်ထျန်းလဲ့က တိုက်ပွဲဧကရာဇ်အသစ် ဖြစ်လာမည့်သူ ဖြစ်သည်။ ယခုက သူနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ရန် အချိန်ကောင်းဖြစ်သည်။ ထို့ကြောင့် လူများသည် ထိုအခွင့်အရေးကို လက်လွတ်မခံချင်ကြပေ။

ကျန်းရီသည် ကျန့်ထျန်းလဲ့နှင့် ယဉ်ရို့ပင်းတို့နားတွင် ဝိုင်းနေသော လူအုပ်ကို ကြည့်လိုက်၏။ သူ၏မျက်နှာထားက အထီးကျန်သည့်ပုံ ပေါ်နေသည်။ ထိုနေရာရှိ အခြားသခင်လေးများစွာကလည်း ယင်းမျက်နှာထား ရှိနေကြသည်။ သူတို့က အထီးကျန်သလို မနာလိုလည်း ဖြစ်နေကြသည်။ ကျန်းရီကလည်း ထိုသခင်လေးများနှင့် မျက်နှာထားတူနေ၍ လူအုပ်ထဲတွင် ချွန်းထွက်မနေချေ။

ထန်မင်ကလည်း ကျန့်ထျန်းလဲ့တို့ကို သွားနှုတ်ဆက်၏။ သို့သော် ကျန်းရီကမူ အခြားတပ်မှူးများနှင့်အတူ အနောက်တွင်သာ ကျန်ခဲ့သည်။ သူဟန်ဆောင်ထားသော အဆင့်က အရှေ့သို့ထွက်၍ ကျန့်ထျန်းလဲ့ကို မျက်နှာလိုမျက်နှာရလုပ်ရန်ပင် အဆင့်မမီပေ။ ထို့ကြောင့် သူသည် ခါးသက်သက်ဖြင့် နေရာတွင်သာ ဆက်ထိုင်နေရသည်။

ကျန်းရီသည် ယဉ်ရို့ပင်းကို နှစ်နှစ်ကျော် မတွေ့ခဲ့ရပေ။ သူမက ပို၍ပင် လှလာ၏။ သူမသည် ထန်ရွှယ်နှင့် ထန်ယန်တို့ကဲ့သို့ အပြည့်အဝ ဖူးပွင့်နေပြီဖြစ်ပြီး ဆွဲဆောင်မှုရှိသော မွှေးရနံ့တစ်ခုကို ထုတ်လွှတ်နေပေသည်။ သူမ၏ အပြုံးက မရေမတွက်နိုင်သော ယောက်ျားများကို ဆွဲဆောင်နိုင်၏။ သို့သော် သူမသည် ယခင်ကကဲ့သို့ပင် သွေးအေးသူတစ်ယောက် ဖြစ်နေသေးသည်။ သူမကို ချဉ်းကပ်ရန် မလွယ်ပေ။ သူမ၏နှလုံးသားက သော့ပိတ်ထားသောတံခါးတစ်ခုကဲ့သို့ မည်သူ့ကိုမှ ဝင်ခွင့်မပြုပေ။

သို့သော် ယဉ်ရို့ပင်း၏ ထိုအေးစက်မှုက ကျန်းရီကို ပို၍ဆွဲဆောင်နိုင်နေသည်။ သူမသည် သူမသဘောကျသော ယောက်ျားတစ်ယောက်တည်းအတွက်သာ နှလုံးသားတံခါးကို ဖွင့်ပေးမည်ဖြစ်သည်။ သို့သော် သူမက စိတ်ရင်းအမှန်ဖြင့်တော့ ပြုံးပြနိုင်၏။ ထိုအပြုံးကပင် ယောက်ျားများအတွက် အသက်စွန့်ရန် ထိုက်တန်နေပြီ မဟုတ်လော။

‘ယောက်ျားလေးက ခံ့ညားတယ်၊ မိန်းကလေးက လှပတယ်... ဘယ်လောက်တောင် လိုက်ဖက်လိုက်လဲ’

ကျန်းရီသည် ကျန့်ထျန်းလဲ့ကို မနာလိုစိတ်ဖြင့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ရင်ထဲမှ ချီးမွမ်းမိလိုက်၏။ ကျန့်ထျန်းလဲ့၏ အရှိန်အဝါက တည်ငြိမ်သည်။ ထို့ပြင် သူက ခံ့ညားကာ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည်။ သူ၏ ဟန်ပန်အမူအယာများကပင် အဆင့်အတန်း ရှိသည်။ သူသည် လူအုပ်၏ ဝန်းရံမှုကို ခံစားရသော်လည်း အေးအေးဆေးဆေးပုံစံသာ ရှိသည်။ သူ့ထံမှနေ၍ ယုံကြည်မှုရှိသည့် အငွေ့အသက်ကို ရနေသည်။ ထို့ကြောင့် မည်သူမှ သူ့ကို အထင်သေးဝံ့မည် မဟုတ်ချေ။

ကျန်းရီသည် ကျန့်ထျန်းလဲ့ကို ကြည့်ရင်း ပို၍ပင် မနာလိုဖြစ်လာ၏။ ထို့ကြောင့် သူ အကြည့်လွှဲလိုက်ကာ ရင်ထဲမှ မနာလိုစိတ်ကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။ ကျန့်ထျန်းလဲ့ကို မနာလိုဖြစ်နေမည့်အစား အသံလှိုင်းဧကရာဇ်ကို တစ်ခဏမျှတွေ့နိုင်ရန် မည်သို့ လစ်ထွက်ရမည်ကို စဉ်းစားရန် သူ ဆုံးဖြတ်လိုက်သည်။ ကြည့်ရသလောက် လက်ထပ်ပွဲက စတင်မည့်ပုံ မပေါ်သေးချေ။ ကျန့်ထျန်းလဲနှင့် ယဉ်ရို့ပင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲဖြစ်မှု ပြန်ငြိမ်သွားပြီးလျှင်ပင် အနည်းဆုံး နောက်ထပ်တစ်နာရီလောက် ထပ်စောင့်ရလိမ့်ဦးမည်ဟု သူ ခန့်မှန်းလိုက်သည်။

“ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ်။ မနေ့က အစားမှားခဲ့ပြီ ထင်တယ်...”

ကျန်းရီသည် ဘေးမှ တပ်မှူးတစ်ယောက်ကို တီးတိုးပြောလိုက်၏။ ထိုတပ်မှူးက ကျန်းရီကို များစွာအရေးမစိုက်ပေ။ ကျန်းရီက မည်သူဖြစ်ကြောင်းကို သူ မသိသေးပေ။ သူသိသည်မှာ ထန်မင်က သူတို့ကို ကျန်းရီနှင့် ပတ်သတ်သည့်ကိစ္စများကို မပြောရန် အမိန့်ပေးထားခြင်းပင်။ သူ အမိန့်ကို နာခံရပေမည်။

ကျန်းရီက အပြာရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အတော်လေး သန်မာပုံပေါ်နေသည်။ သူ၏ မျက်နှာထားကလည်း အေးစက်နေသဖြင့် သူက ငယ်ရွယ်၍ သန်မာသော ကိုယ်ရံတော်တပ်မှူးတစ်ယောက်ဟု ထင်ရသည်။ ယနေ့တွင် ဧည့်သည်တော်များ မြောက်မြားစွာ ရှိနေသည်။ ထို့ကြောင့် သူ အဆောက်အဦ၏ အရှေ့ဘက်ခြမ်းသို့ လျှောက်သွားချိန်တွင် မည်သူကမှ သူ့ကို အရေးမထားခဲ့ပေ။ သူသည် အစေခံမလေးတစ်ယောက်၏ လမ်းညွှန်မှုဖြင့် သန့်စင်ခန်းတစ်ခုသို့ ရောက်လာ၏။

‘အသံလှိုင်းဧကရာဇ်က အရှေ့ဘက်အကျဆုံး အပိုင်းက ခြံဝန်းထဲမှာ ရှိနေလောက်တယ်မလား’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်၏။ အရှေ့ဘက်ရှိ ရေကန်တစ်ခုဘေးတွင် ကြီးမားသော ခြံဝန်းတစ်ခုရှိနေသည်။ သို့သော် ထိုခြံဝန်းကို အကာအရံအလွှာများစွာက ကာရံထားသဖြင့် သူ ခြံဝန်းထဲသို့ အာရုံမခံနိုင်ချေ။ အခြားနေရာများကိုမူ ထိုသို့ မကာရံထားပေ။ ထို့ကြောင့် ထိုခြံဝန်းက အသံလှိုင်းဧကရာဇ်နေထိုင်ရာ ခြံဝန်းဖြစ်ကြောင်း သံသယဖြစ်စရာမရှိချေ။

ကျန်းရီသည် သန့်စင်ခန်းကို တစ်ပတ်ပတ်၍ အစေခံမလေး ထွက်သွားမည်ကို စောင့်နေလိုက်၏။ ပြီးနောက်တွင် သူ ထိုခြံဝန်းကြီးဆီသို့ ခပ်သွက်သွက် သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူ အစေခံမလေးများစွာဖြင့် တွေ့ခဲ့၏။ သို့သော် သူမတို့က သူ့ကို မည်သို့မှ မပြောကြဘဲ ရိုရိုသေသေ ဦးညွှတ်၍သာ ကိုယ့်လမ်းကိုယ် ဆက်သွားကြသည်။ ယနေ့တွင် ဧည့်သည်များက တောင်ကြားတစ်ခုလုံးရှိ နေရာအနှံ့ကို စိတ်ကြိုက်သွားလာခွင့် ရှိပုံပင်။

ကျန်းရီသည် ခြံဝန်းဆီသို့ အခက်အခဲမရှိ ရောက်လာ၏။ ခြံဝန်းအပြင်တွင် အစောင့်များစွာက စောင့်ကြပ်နေကြသည်။ တံခါးပေါ်ရှိ တားမြစ်ဆိုင်းဘုတ်ကလည်း တောက်ပနေသည်။ ကျန်းရီ အစောင့်များဆီ လျှောက်သွားလိုက်ပြီး တီးတိုးပြောလိုက်၏

“ဒီခြံဝန်းက အသံလှိုင်းဧကရာဇ်နေတဲ့ နေရာလား”

အစောင့်နှစ်ယောက်က ကျန်းရီကို အတော်လေး ယဉ်ယဉ်ကျေးကျေးဆက်ဆံ၏။ သူတို့ထဲမှ တစ်ယောက်က လက်ဆုပ်၍ နှုတ်ဆက်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်... ဒီခြံဝန်းက ကျွန်တော်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်နေတဲ့ ခြံဝန်းပါ။ ဒါပေမဲ့ ဒီနေ့ မျိုးနွယ်ခေါင်းဆောင်က ဧည့်သည်တွေကို သီးသန့်တွေ့ဆုံမှာ မဟုတ်ပါဘူး။ ကျွန်တော် တောင်းပန်ပါတယ်”

ကျန်းရီ သိမ်မွေ့စွာ ပြုံးလိုက်သည်။

“ကျွန်တော်က ထန်မျိုးနွယ်က ရီစန်ပါ။ ကျွန်တော့်ကို အထဲဝင်ခွင့်ပေးပါ။ ကျွန်တော် အသံလှိုင်းဧကရာဇ်ကို အရေးကြီးကိစ္စတစ်ခု တင်ပြစရာရှိပါတယ်”

“ကျွန်တော် စိတ်မကောင်းပါဘူး”

အစောင့်က ခေါင်းခါကာ ပြောလိုက်သည်။

“သခင်လေး... ကျွန်တော်က သခင်လေးကို မလေးစားလို့ မဟုတ်ပါဘူး။ မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံရမှာ မလို့ပါ”

ကျန်းရီ ခေတ္တမျှ တွေးတောလိုက်ပြီး အသံပို့လွှတ်လိုက်၏။

“အဟင်း... ခင်ဗျား သတင်းသာသွားပို့လိုက်ပါ။ ကျွန်တော်က သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ ရီစန်က တွေ့ခွင့်တောင်းနေတယ်လို့ ခင်ဗျားတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကို သွားပြောလိုက်ပါ။ သူက သေချာပေါက် ကျွန်တော့်ကို လက်ခံတွေ့ပါလိမ့်မယ်၊ ခင်ဗျားကိုလည်း အပြစ်တင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ပြောတာကို ယုံပါ... ကျွန်တော်လည်း နတ်ဘုရားအသံလှိုင်းတောင်ကြားမှာ ပြဿနာမရှာရဲပါဘူး”

အစောင့်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး အံကြိတ်ကာ အကာအရံများကို ဖယ်၍ ခြံဝန်းထဲသို့ ဝင်သွားလိုက်လေသည်။ ကျန်းရီ ပြောခဲ့သလိုပင် ဤနေရာက နတ်ဘုရားအသံလှိုင်းတောင်ကြားဖြစ်သည်။ ရူးနေသူမှမဟုတ်လျှင် မည်သူမှ ဤနေရာတွင် ပြဿနာရှာဝံ့မည် မဟုတ်ချေ။

‘အသံလှိုင်းဧကရာဇ်က ဘယ်လိုလူစားမျိုးလဲ။ ချီထျန်းချန်ကတော့ သူက ထူးဆန်းတဲ့လူတစ်ယောက်လို့ ပြောတယ်။ သူက ငါ့ကို ကူညီပါ့မလား’

ကျန်းရီသည် ခြံတံခါးအပြင်ဘက်တွင် စိတ်လှုပ်တရှားဖြင့် ရပ်နေ၏။ အသံလှိုင်းဧကရာဇ်က ထိပ်သီးတစ်ယောက်ဖြစ်ပြီး ချန်မျိုးနွယ်က အင်အားကြီးသည်။ အကယ်၍ အသံလှိုင်းဧကရာဇ်သာ ကူညီမည်ဆိုလျှင် ကျန်းရီသည် သူလုပ်လိုသည်များကို အလွယ်တကူ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ထန်ရွှယ်နှင့် ထန်ယန်တို့၏ ပြဿနာအတွက် အသံလှိုင်းဧကရာဇ်ကသာ ဝင်ပြောပေးခဲ့လျှင် ထိုပြဿနာက ချက်ချင်း ပြေလည်သွားပေလိမ့်မည်။ သို့သော် အသံလှိုင်းဧကရာဇ်က သူ့ကို ကူညီရန် ဧကရာဇ်ကိုးပါးကို လှည့်စားပေးလိမ့်မည်ဟုတော့ ကျန်းရီ မမျှော်လင့်ထားပေ။ အသံလှိုင်းဧကရာဇ်က မျိုးနွယ်အသီးသီးထံ သတင်းအချို့ ဖြန့်ပေးနိုင်လျှင်ပင် လုံလောက်သည်ထက် ပိုနေမည်ဖြစ်သည်။

ရှပ်...ရှပ်...ရှပ်...

ခြံဝန်းထဲမှနေ၍ ခြေသံများ ထွက်ပေါ်လာ၏။ အစောင့်က အပြင် ပြန်ထွက်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သခင်လေး... ဒီနေ့က ချန်မျိုးနွယ်သခင်လေးရဲ့ လက်ထပ်ပွဲနေ့မလို့ ဘယ်ဧည့်သည်နဲ့မှ သီးသန့်တွေ့ဆုံမှာ မဟုတ်ဘူးလို့ မျိုးနွယ်ခေါင်း‌‌ဆောင်က ပြောပါတယ်။ နောက်သုံးရက်နေမှ ပြန်လာခဲ့ပါ”

“အာ...”

ကျန်းရီ စိတ်ပျက်သွား၏။ ထူးဆန်းသော အသံလှိုင်းဧကရာဇ်က သူ့ကို ကူမှကူညီပါမည်လော။ အသံလှိုင်းဧကရာဇ်က သူ့ကို မတွေ့ဘဲနေမည်ဟုတော့ သူ မထင်ပေ။ ချီထျန်းချန်က သူရောက်လာမည့်အကြောင်းကို အသံလှိုင်းဧကရာဇ်ထံ သတင်းပို့ထားပြီးလောက်ပေပြီ။ ထို့ကြောင့်လည်း အသံလှိုင်းဧကရာဇ်က ရီစန်ကို မတွေ့လိုခြင်း ဖြစ်နိုင်သည်။

ဟူး...

ကျန်းရီ၏ မျက်နှာထားက မည်းမှောင်သွား၏။ အသံလှိုင်းဧကရာဇ်က သူ့ကို မကူညီလောက်ပေ။ ကြည့်ရသည်မှာ ထန်ရွှယ်နှင့်ထန်ယန်တို့၏ ပြဿနာကို ဖြေရှင်းရန် သူ့ဘာသာ နည်းလမ်းရှာရတော့မည့်ပုံပင်။

***

All Chapters