← Chapters

နမ်းပါ

Vol. 50 Ch. 688

နမ်းပါ

Vol. 50 Ch. 688

“တကယ်လို့ ကျုပ်ကို အခုခေါ်သွားရင် အဲဒီအင်အားစု သုံးခုနဲ့ ရင်ဆိုင်ရမှာလား …” မိုဝူကျိက ချင့်ချင့်ချိန်ချိန် ပြောလိုက်သည်။ သူက ဟန်ချင်းရုကို ရှာတွေ့ဖို့ရာ အရေးကြီးနေသော်လည်း  ဖေးလင်၏ လက်နက် မဖြစ်လာလိုပေ။

“ မဟုတ်ပါဘူး …. ခင်ဗျားရဲ့ အင်အားကို ပြလိုက်တာနဲ့ သူတို့က ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ တစ်ယောက်ယောက်ကို တိုက်ခိုက်တာက ပြန်ပေးဆပ်ရမဲ့ တန်ဖိုးကြီး  …” ဖေးလင် စကားမဆုံးခင် သူ့မျက်လုံးများက အတင်းကျုံ့လာလေ၏။

မိုဝူကျိက ထိုစကားကို နားလည်လိုက်၏။ သူက အင်မော်တယ် သဘာဝစွမ်းအားများကို စုစည်းကာ  လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ဝေ့ယမ်းလိုက်သည်။ သူ့ခန္ဓာပေါ်ရှိ ဓားစွမ်းအင်မှာ အနည်းဆုံး တဆ တိုးလာ၏။

မိုဝူကျိက ဖေးလင်၏ မျက်နှာအမူအယာကို ကြည့်ရင်း ထိုလူက ထပ်၍ မတောင့်ခံနိုင်တော့မှန်း သိလိုက်သည်  “ အဲဆို ဦးဆောင်သွား … ကျုပ် နောက်က လိုက်ခဲ့မယ် ”

“ဟုတ်ကဲ့ စီနီယာ …” ဖေးလင်က မိုဝူကျိအား ဂျုနီယာဟု မမြင်ပေ။ အကြောင်းမှာ ဤနေရာ၌  အားကောင်းသူကို စီနီယာအဖြစ် သတ်မှတ်ကြပြီး မိုဝူကျိက သူတို့ထဲမှ တစ်ယောက် ဖြစ်ပေသည်။

သူတို့ စတင်ပျံသန်းလာရင်း ဖေးလင်၏ မျက်လုံးမှ မချိတင်ကဲ ဝေဒနာမှာ သက်သာလာလေ၏။ စောစောလေးမှ သူ ခံစားနေရသော ဝေဒနာမှ သက်သာသွားဟန် ပေါ်သည်။

ဖေးလင်က လိမ်ညာနေခြင်း မဟုတ်ပေ။ နေ့ဝက်တာ ကြာပြီးနောက် နွယ်ပင်များ အမြောက်အများ ရှိနေသည့်  နေရာတစ်ခုမှာ မျက်စိရှေ့ ပေါ်လာလေ၏။ ထိုထဲအတွင်း သစ်ပင်အမြစ်များစွာလည်း ရှိနေသည်။

နွယ်ပင်များမှာ စိမ်းစိမ်းစိုစို  မရှိဘဲ မီးခိုးရောင် သမ်းကာ ရှင်သန်နေသည်။ မီးခိုးရောင် နွယ်ပင်များက ကန့်သတ်ချက်မဲ့စွာ ရှည်ထွက်နေလေ၏။ နွယ်ပင်များနှင့် အမြစ်များမှာ တွန့်လိမ်နေပြီး ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

အဝေးမှ ကြည့်လျှင် ဤနေရာမှာ နွယ်တောင်ကြီး တစ်ခုနှင့် တူပေသည်။

မိုဝူကျိက နွယ်တောင်ကို မြင်လိုက်သည်နှင့်  အပြေးအလွှား သွားလိုက်ပြီး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။

ယခင် မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ  စိတ်စွမ်းအားကို ထုတ်သုံးဖို့ ဆန္ဒမရှိသည်မှာ  မမျှော်လင့်ထားသည့် အခြေအနေများနှင့် တွေ့ကြုံရမည်ကို စိုးရိမ်၍ ဖြစ်သည်။ ယခု ဟန်ချင်းရုက ဘေးကင်းနွယ်တောင်ထဲ ရောက်နေပြီ ဖြစ်ရာ သူက ဘာကိုများ  ကန့်သတ်နေရမည်နည်း။

သာမာန် လူတစ်ယောက်၏ အသိစိတ်ပင်လယ်က ဓားအကျဉ်းထောင်ထဲ၌  ဆယ်မိုင်လောက်သာ ဖြန့်ကျက်နိုင်သော်လည်း မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ  မိုင် တစ်ရာ ဝန်းကျင်အထိ ဖြန့်ကျက်နိုင်ပေသည်။

ဘေးကင်းနွယ်တောင်မှာ အလွန်မကျယ်ဝန်းသည့်အတွက် မိုင် တစ်ရာမှာ တစ်နေရာလုံးကို ခြုံငုံ၏။

ဖေးလင် ရှင်းပြသည့်အတိုင်း  ဘေးကင်းနွယ်တောင်ထဲရှိ လူများကို လေးပိုင်း ပိုင်းခြားထားပြီး အလယ်၌  အရောင်းအဝယ် နေရာတစ်ခု ရှိနေဟန် ပေါ်သည်။

လှိုင်းတွန့် မရှိသည့် မြစ်တစ်စင်းက ဘေးကင်းနွယ်တောင် အပြင်ဘက်၌ စီးဆင်းနေကာ မည်သူကမှ မြစ်နား မကပ်ရဲပေ။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ထိုအရာမှာ ဓားစွမ်းအင်မြစ် ဖြစ်ပေလိမ့်မည်။

ထိုစဉ် မိုဝူကျိက ဓားစွမ်းအင်မြစ်ကို အာရုံစိုက်ဖို့ရာ စိတ်ကူး မရှိပေ။ သူ့စိတ်စွမ်းအားကို ဘေးကင်းနွယ်တောင်ဆီသာ ဆက်လက် ဖြန့်ကျက်ထားလိုက်သည်။

မကြာခင် အဆင့်မြင့် ကျင့်ကြံသူတချို့က မိုဝူကျိ၏ စိတ်စွမ်းအားကို သတိထားမိလိုက်ကြသော်လည်း မည်သူကမှ မိုဝူကျိအား ပြဿနာ မရှာကြပေ။ ဘေးကင်းနွယ်တောင်ထဲ၌ လူများကို ပြဿနာ မရှာလျှင် သို့မဟုတ် မိုက်မိုက်ကန်းကန်း မလုပ်လျှင် မည်သူကမှ ဂရုစိုက်နေမည် မဟုတ်ပေ။ စိတ်စွမ်းအားကို ဤမျှအထိ ဖြန့်ကျက်နိုင်ပြီး လူများကို ရန်စရဲသည်ကပင် ကြောက်လန့်ဖို့ရာ လုံလောက်နေလေပြီ။ ဓားအကျဉ်းထောင်ထဲ ပိတ်မိနေသည့် လူများအတွက် သူတို့၏ဒေါသတရားမှာ နဂိုကဲ့သို့ မဟုတ်တော့ချေ။

သို့သော်လည်း ထိပ်တန်း အဆင့်မြင့် ကျင့်ကြံသူ တချို့မှာ မိုဝူကျိ၏ စိတ်စွမ်းအားကို ခံစားမိလိုက်သောကြောင့် ချက်ချင်း ထရပ်လိုက်သည်။ သူတို့က မိုဝူကျိ နောက်ကို နောက်ယောင်ခံ မလိုက်နိုင်ခင် သူက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းသွားလေပြီ။

အသက်ဆယ်ရှိုက်စာအတွင်း မိုဝူကျိ၏ စိတ်စွမ်းအားက ဘေးကင်းနွယ်တောင် အဝင်ဝရှိ  ဧရာမ ကျောက်တုံးကြီးပေါ် ရောက်ရှိသွားသည့်အခါ ကြောင်အမ်းသွားပေသည်။ ကျောက်တုံးဘေးတွင် ဆံပင်များ ပုခုံးအထက် ကျနေသော ပိန်ပိန်ပါးပါး ကျင့်ကြံသူ တစ်ယောက် ရှိနေသည်။ ထိုကျင့်ကြံသူ သေလား၊ ရှင်လားတော့ မိုဝူကျိလည်း မသိပေ။

မိုဝူကျိက ထိုကျင့်ကြံသူမှာ ဟန်ချင်းရု ဖြစ်ကြောင်း သိလိုက်၏။ သူ့လက်ပေါ်ရှိ ဆက်သွယ်ရေး ပုတီးစေ့ပေါ်၌ ဘာမှ မဖော်ပြခြင်းမှာ  ဟန်ချင်းရုတွင် မရှိ၍ ဖြစ်သည်။

“ ဖေးမျိုးနွယ်နဲ့ လူ …. ပြန်လာရဲတယ်ဆိုတော့ သေချင်နေတာပဲ ” အသံ တစ်သံ ထွက်ပေါ်လာသည်။

မိုဝူကျိဘေးတွင် ရပ်နေသည့် ဖေးလင်က စတင်၍ တုန်ယင်လာကာ  မိုဝူကျိအနား ပိုတိုး၍ ရပ်လိုက်သည်။ သို့သော်လည်း ဤအခိုက်အတန့်၌  မိုဝူကျိက  ဖေးလင်ကို အာရုံမရှိချေ။ သူက ဘေးကင်းနွယ်တောင်ဆီသို့သာ မြန်မြန် သွားလိုက်သည်။

“ ဘယ်သူလဲ … ငါ့ရဲ့ သမာဓိတောင် ပိုင်နက်ကို ဘယ်လိုတောင် ကျူးကျော်ရဲတာလဲ ” တစ်စုံတစ်ယောက်က မိုဝူကျိအား ဆုံးမနေစဉ် မိုဝူကျိက ကျုးကျော်ပြီးသွားလေပြီ။

ဖေးလင်က မိုဝူကျိသည် သူ့ကို အာရုံမရှိကြောင်း သိ၍ သူတို့အား အော်နေသော ကျင့်ကြံသူအား လျစ်လျူရှုကာ  မိုဝူကျိနောက် မြန်မြန် လိုက်ပါသွား၏။

ယခု  မိုဝူကျိက  သူ့နောက်ခံ ဖြစ်ပေသည်။ သူက ဘေးကင်းနွယ်တောင်မှ ဘေးကင်းကင်း ထွက်သွားဖို့ရာ လိုအပ်နေ၏။ သူက ဖန်းဟုန်၏ လိုက်ဖမ်းဆီးခြင်း မခံရဘဲ ဘေးကင်းနွယ်တောင်မှ ထွက်သွားနိုင်လျှင်ပင် သူက သေချာပေါက် ကြာကြာ တောင့်ခံမည် မဟုတ်ပေ။

ဘေးကင်းနွယ်တောင်မှ အရေပြား  စုတ်ဖြဲပစ်နိုင်သော  ဓားစွမ်းအင်မှာ မိုဝူကျိအတွက် ကောင်းကင်ဘုံအလား ဖြစ်၏။

မိုဝူကျိက ရှေ့တိုးကာ ဟန်ချင်းရုကို ပွေ့ထားလိုက်သည်။ ဟန်ချင်းရုက အခွံလွတ်ကဲ့သို့ ပေါ့ပေါးနေသောကြောင့်   မိုဝူကျိ စိတ်ကား အေးစက်သွားပြီး ဒေါသများ ထွက်လာသည်။

သူက ဟန်ချင်းရုကို သယ်ထားရင်း ဓားစွမ်းအင်တချို့ကို ခံစားမိလိုက်ပြီး ထိုဓားစွမ်းအင်များကို တုံ့ဆိုင်းခြင်းမရှိ သူ့ခန္ဓာကိုယ်ထဲ စုပ်ယူပစ်လိုက်သည်။

ဟန်ချင်းရုက ရုတ်တရက် ဖွင့်ဟလာက ခြောက်ကပ်ကပ်ဖြင့်  “ ကျမကို ထိရဲရင် ချက်ချင်း သတ်သေပစ်လိုက်မယ် ”

သူမက ဓားအဆောင်နှင့် ကန့်သတ်ထားခြင်း ခံထားရသည်ကို  လုံးဝ မေ့လျောနေလေ၏။ သူမကိုယ်သူမ သတ်သေရန် အလွန်ခက်ခဲပေလိမ့်မည်။

“ စီနီယာအစ်မ ချင်းရု …. ကျုပ် မိုဝူကျိပါ …” မိုဝူကျိက သူ့စကားပင် ပြီးအောင် မပြောရသေးခင် စိတ်နှလုံးသား၌ ဒေါသများ တောက်လောင်လာပြန်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားက ဟန်ချင်းရု၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး အဝတ်အစားများမှာလည်း သွေးများ ပေစွန်းနေကြောင်း အာရုံခံမိလိုက်သည်။

သူမ အသက်လမ်းကြောင်းမှာ အရမ်းအားနည်းနေပြီး အသက်သာ ရှိနေကာ အင်မော်တယ် စွမ်းအားများ မကျန်ရှိတော့ပေ။

ဤနေရာရှိ ဓားစွမ်းအင်ကို ခံစားရသည့် အတိုင်းအတာမှာ ကျင့်ကြံဆင့်နှင့် တိုက်ရိုက် ပတ်သတ်နေသည်။ ကျင့်ကြံဆင့် မြင့်လေလေ ဓားစွမ်းအင် ခံစားရလေလေ ဖြစ်၏။ ဟန်ချင်းရု၏ ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေပြီး ကျင်းရှန်း အစောပိုင်း အဆင့်မျှသာ ရှိသေး၏။ ဤအဆင့် ကျင့်ကြံသူ တစ်ယောက်က ဓားစွမ်းအင် နှိပ်စက်မှုကို တောင့်ခံရုံမှအပ တခြား မလုပ်နိုင်ပေ။  သူမ တွေ့ကြုံခဲ့ရသော အားနည်းသည့်  ဓားစွမ်းအင်နှင့်ပင် အသက်ရှင်ဖို့ရာ ခက်ခက်ခဲခဲ ဖြစ်ပေလိမ့်မည်။

ဓားစွမ်းအင် တချို့ ရောက်ရှိလာသော်လည်း မိုဝူကျိက စုပ်ယူထားလိုက်၏။ ဟန်ချင်းရုကို ဖက်ထားလိုက်ပြီး သူမဆီ ရောက်ရှိလာသည့် ဓားစွမ်းအင်များကို လမ်းကြောင်း လွဲပေးနေ၏။ ထိုအခါမှ သူ့စိတ်နှလုံးသားမှာ နည်းနည်း စိတ်အေးသွားတော့သည်။

မိုဝူကျိက ဆေးလုံးတချို့ ထုတ်ကာ ဟန်ချင်းရု၏ ပါးစပ်ထဲ တိုက်ပေးလိုက်သည်။ ဟန်ချင်းရု၏ ခန္ဓာကိုယ်မှာ အားအလွန် နည်းနေသောကြောင့်  မိုဝူကျိက သူ့ဆီ ရှိနေသော ကုသရေး ဆေးလုံးတိုင်းကို မတိုက်ရဲပေ။

“ ဝူကျိ …” ဟန်ချင်းရုက မျက်လုံးကို ဖွင့်ကာ  မိုဝူကျိကို မြင်လိုက်ရ၏။ သူမ မျက်နှာတွင် မျှော်လင့်ချက် ပျက်သုန်းသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမက ဤနေရာအကြောင်း ကောင်းကောင်း သိ၏။ မိုဝူကျိလည်း ဤနေရာသို့ ရောက်လာလျှင် သူမကဲ့သို့ ဓားစွမ်းအင်ကို ခံစားရပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် သူမ၏ မျှော်လင့်ချက် ကုန်ခမ်းနေသည့် အရိပ်အယောင်မှာ အသက်ရှင်သန်လိုသည့် မျှော်လင့်ချက်အဖြစ် ပြောင်းလဲသွား၏။

သူမက မလွတ်မြောက်နိုင်သောကြောင့် အကောင်း မမြင်တတ်တော့လား ….

“ စီနီယာအစ်မ ချင်းရု ….” မိုဝူကျိက ဟန်ချင်းရု၏ မျက်နှာလေးမှာ ကျောက်စိမ်းသားလေးအတိုင်း ရှိနေဆဲ ဖြစ်သည်ကို  မြင်လိုက်ရ၏။ ဟန်ချင်းရု၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာများ အပြည့် ဖြစ်နေသော်လည်း သူမ မျက်နှာလေးမှာ ထိခိုက်ဒဏ်ရာ လုံးဝ မရှိပေ။

ဟန်ချင်းရုက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည့်အခါ လက်ကား သွေးသံရဲရဲ အမာရွတ်များနှင့်အတူ အရိုးများပင် မြင်နေရလေ၏။ သူမ လည်ပင်းပေါ်တွင်ပင် အမာရွတ် အကြီးကြီး ရှိနေသေးသည်။ သူမ အရိုးဖြူဖြူလေးက ထွက်ပေါ်နေပြီး အများစုမှာ မီးခိုးရောင် သမ်းနေလေပြီ။

နောက်ဆုံးတော့ သူမ လက်က မိုဝူကျိ မျက်နှာဆီ ရောက်ရှိသွားလေ၏။ မိုဝူကျိကလည်း  သူမဆီ ကျရောက်လာသော ဓားစွမ်းအင်များကို စုပ်ယူပေးနေဆဲ ဖြစ်၏။ ဤနေရာ ရောက်ပြီး သူမအတွက် ဓားစွမ်းအင်များ တားဆီးပေးထားသည်မှာ ကြာမြင့်လာပြီ ဖြစ်ရာ  သူနှလုံးသားမှာလည်း သွေးထွက်နေလေပြီ။ ဤသို့မျိုး ဓားစွမ်းအင် အားနည်းသော နေရာ၌ပင် ဤမျှ ခံစားနေရလေရာ ဟန်ချင်းရု မည်မျှ ခံစားခဲ့ရမည်နည်း။

သူမလို ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် ရှင်သန်ဖို့ရာ ရုန်းကန်ရခဲ့ပေလိမ့်မည်။ အကယ်၍ သူသာ နောင်နှစ်နှစ်၊ သုံးနှစ်မှ ရောက်ရှိလာလျှင် သူ့အနေနှင့် ဟန်ချင်းရုကို လုံးဝ မြင်ရတော့မည် မဟုတ်ပေ။

“ စီနီယာအစ်မလို့ မခေါ်ပါနဲ့ …. ချင်းရုလို့ပဲ ခေါ်ပါ ” မိုဝူကျိ မျက်နှာမှ နွေးထွေးမှုလေးကို ခံစားရပြီးနောက် ဟန်ချင်းရုက အနည်းငယ် အားယူ ပြုံးလိုက်သည်။

“ ချင်းရု … မင်းအတွက် မဟာဓားလမ်းစဉ်ဂိုဏ်းကို အပြတ်ရှင်းပစ်ပြီး လက်စားချေပေးမယ် ” မိုဝူကျိက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဒေါသတကြီး ပြောလိုက်သည်။

ဟန်ချင်းရုက တဟွတ်ဟွတ် ချောင်းဆိုးရင်း အားယူကာ ပြောလိုက်သည်

“ ရှင့်ကို အခု မြင်ရတာကိုက ကျမ ကံကောင်းနေပါပြီ။ ဒီနေရာက ဓားစွမ်းအင်‌တွေက ကျမ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြစ်သွားစေရင်တောင် ကျမ မျက်နှာလေးတော့ နဂိုအတိုင်း ကျန်ရှိစေချင်မိတယ်။  ကျမ သေသွားခဲ့ရင် ရှင် မမှတ်မိမှာ စိုးလို့  … ”

“ ချင်းရု …” မိုဝူကျိက ဟန်ချင်းရုအား အံ့ဩစွာ ကြည့်လိုက်၏။ သူက ဟန်ချင်းရုနှင့် နီးကပ်သော်လည်း  အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ရှိသည့် ဆက်ဆံရေးမျိုးတော့ မဟုတ်ခဲ့ပေ။ သူ့နှလုံးသားကို ချိန်စုယင်က စိုးမိုးထားပြီးသား ဖြစ်ရာ  တခြားအမျိုးသမီးတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်ဖို့ရာ တစ်ခါမှ မတွေးမိပေ။

မိုဝူကျိက  လူမှုဆက်ဆံရေး ညံ့ဖျင်းသည့်သူ မဟုတ်သည့်အတွက် ဟန်ချင်းရုက သူအပေါ် ခံစားချက် ရှိနေကြောင်း ခံစားမိပေသည်။ အမှန်တရားမှာ ဟန်ချင်းရုအား အချိန်အတော်ကြာ သိရှိပြီးသည့်တိုင် မိုဝူကျိအနေနှင့် ဟန်ချင်းရုအပေါ် ချစ်ကျွမ်းမှု နည်းနည်းလေးပင် မခံစားမိခဲ့ပေ။ သို့သော်လည်း ဟန်ချင်းရု စကားများက သူ့အား အနည်းငယ် ထူးထူးဆန်းဆန်း ခံစားရစေသနည်း။

“ ဒီကမ္ဘာမှာ ကျမနဲ့ ရင်းနှီးတဲ့ သူ နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က ကျမ အဖေ … နောက်တစ်ယောက်က ရှင်  ….” ဟန်ချင်းရုက မိုဝူကျိ ပေးထားသော  ဆေးအာနိသင် ပြလာသည်ကို ခံစားမိဟန် မရှိဘဲ သူမ စိတ်ခံစားချက်ထဲ၌ နှစ်မျောနေသည်

“ ပန်းမြိုင်တစ်ရာ အိမ်တော်မှာတုန်းက ရှင်က ကိုယ့်ဘာသာ ထွက်မသွားဘဲနဲ့ ကျမကိုပါ အတူတူ ခေါ်သွားပေးချင်ခဲ့တယ်။ အဲဒီနောက်ကျ  ကျမ နှလုံးသားထဲ ရှင်က ဖြည်းဖြည်းချင်း ငြိတွယ်လာမိတယ်။ ကျမ ကိုယ်တိုင်တောင် သတိမပြုမိလိုက်ဘူး။ ဒါပေမဲ့  ကျမ စိတ်နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာတော့ ကျမက ရှင့်အတွက် မသင့်တော်မှန်း ကောင်းကောင်း သိနေပါတယ် … ”

ဟန်ချင်းရုက သူမသည် မိုဝူကျိနှင့် မထိုက်တန်ကြောင်း ပြောသည်ကို ကြားသည့်အခါ  မိုဝူကျိပင် ပါးစပ်ဟောင်းလောင်း ဖြစ်မိသွား၏။ သူက သေမျိုးတစ်ယောက်မျှသာ ဖြစ်ပြီး ရုပ်ဆိုးသည်ဟု ယူဆ၍ မရသော်လည်း အရမ်းခန့်ညားချောမောနေသည့်သူလည်း မဟုတ်ချေ။ အင်မော်တယ်လောက၌ ခန့်ညားသော ယောကျာ်းများက ဒုနှင့် ဒေး မဟုတ်ပါလော။

မိုဝူကျိက စကားပြန်ပြောတော့မည်ကို ခံစားမိပြီး ဟန်ချင်းရုက  ခေါင်းခါကာ ဆက်ပြောလေ၏  “  ကျမက တစ်ခါ လက်ထပ်ဖူးတယ်ဆိုပေမဲ့ အတုအယောင်ပါ။ ပြီးတော့ တခြား တာအိုလက်တွဲဖော်ကိုလည်း  ရှာဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ကျမရဲ့ အကြီးမားဆုံး နောင်တက ရှင်ရဲ့ လက်နှစ်ဖက် ကျမ ပခုံးပေါ် ရောက်လာတာကို  ငြင်းပယ်မိလိုက်တာပါပဲ … ”

မိုဝူကျိက ဟန်ချင်းရုကို မရေမရာ ကြည့်လိုက်သည်။

 ဒီလိုကိစ္စက ဖြစ်ခဲ့သေးတယ်လား  …. သူ ဘယ်တုန်းက ဟန်ချင်းရုရဲ ပခုံးကို သွားကိုင်လိုက်တာလဲ  …..

ဟန်ချင်းရုဆီမှ ချိန်စုယင်ကို ကယ်တင်နိုင်ကြောင်း ကြားစဉ်အခါက  ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြုမူလိုက်မိသည်။ စိတ်လှုပ်ရှားလွန်း၍ ဟန်ချင်းရု၏ ပခုံးကို ကိုင်လိုက်မိ၏။

“ တကယ်လို့ နောက်ထပ် အခွင့်အရေး ရလာခဲ့ရင် ကျမ မငြင်းတော့ပါဘူး  ….” ဟန်ချင်းရုက  မိုဝူကျိအား ငေးကြည့်နေရင်း ဆက်ပြောလိုက်၏

“ ဒီနှစ်တွေမှာ အင်မော်တယ်လောကထဲ တစ်ယောက်တည်း အသက်ရှင်ရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ သိလား။ ရှင် ... ကျမ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ အင်မော်တယ်ဝင်ရိုးကျောက်တုံးတွေ ထုတ်ပေးခဲ့တာတွေ .. ကျမကို ကယ်ပြီး ထွက်ပြေးခဲ့တာတွေကို အမြဲတွေးနေမိတယ်။  အင်မော်တယ်လောကမှာ အတူတူ ရှိနေနိုင်မလားဆိုပြီးတော့လည်း အမြဲ စဉ်းစားမိခဲ့သေးတယ်။ အသက်ကို အလွယ်တကူ ဆုံးရှုံးရမယ်ဆိုရင် အနည်းဆုံးတော့ ကိုယ်ချစ်တဲ့သူ နဲ့ အတူတူ နေနိုင်သွားတာပေါ့ …. ”

မိုဝူကျိ စိတ်ထဲ  ဟန်ချင်းရု တစ်ယောက် အင်မော်တယ် ဝင်ရိုးကို ဖွဲ့စည်းခဲ့စဉ်က အချိန်ကာလကို ပြန်စဉ်းစားမိသွားသည်။ ထိုစဉ်က  ဟန်ချင်းရု  စိတ်ဒဏ်ရာ ရနေခဲ့သေး၏။

“ ဒီနေ့ ကျမ ခံစားချက်တွေကို သေသေချာချာ သိနေလို့ အားလုံးကို ထုတ်ပြောရဲခဲ့တာပါ။ တကယ်လို့ ဒီနေရာမှာ အတူတူ သေသွားခဲ့ရင် ကျမ တစ်ယောက်တည်း အထီးမကျန်ရတော့ဘူးပေါ့  …. ” ဟန်ချင်းရု၏ မျက်လုံးများမှာ မှိတ်ကျသွားသည်။ သူမက  သေဆုံးတော့မည်ဟု တွေးမိ၍ စိတ်ခံစားချက်များ အားလုံးကို မိုဝူကျိထံ ဖွင့်ဟဝန်ခံခဲ့ခြင်း ဖြစ်ပေသည်။

All Chapters