ကြီးမားသော အခွင့်အရေး
Vol. 76 Ch. 1060
ကျန်းရီသည် စိတ်ပျက်စွာဖြင့် လက်ထပ်ပွဲသို့ ပြန်သွား၏။ ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့က စားပွဲတစ်ခုတွင် ထိုင်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်က ရွှေရောင်စင်ကြီးတစ်ခု၏ နောက်တွင် ထိုင်ကြရသည်။ ယဉ်ရို့ပင်းက အလွန်မပျော်မရွှင်သည့်ပုံ ဖြစ်မနေဘဲ တာဝန်ကျေသော ဇနီးမယားတစ်ယောက်နှင့် တူနေသည်။ ထို့ကြောင့် ကျန်းရီတစ်ယောက် ရင်ထဲတွင် ပို၍ မသက်မသာ ခံစားလာရလေသည်။
ကျန်းရီသည် နတ်ဘုရားအသံလှိုင်းတောင်ကြားသို့ တက်ကြွ၊ စိတ်လှုပ်ရှားစွာဖြင့် လာခဲ့ပြီး အသံလှိုင်းဧကရာဇ်နှင့် တွေ့ဆုံရန်၊ ထန်ရွှယ်နှင့် ထန်ယန်တို့၏ ပြဿနာကို ဖြေရှင်းရန်တို့ကိုသာ တွေးတောနေခဲ့သည်။ ယခုတွင်မူ သူသည် အသံလှိုင်းဧကရာဇ်နှင့် မတွေ့နိုင်ခဲ့ရုံသာမက စိတ်ရှုပ်စရာ မြင်ကွင်းတစ်ခုကိုလည်း မြင်ခဲ့ရသည်။ ထို့ကြောင့် သူသည် လက်ထပ်ပွဲတစ်လျှောက်လုံး အပ်များပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရသည်။ လက်ထပ်ပွဲ ပြီးဆုံးမည်ကို သူ မစောင့်နိုင်တော့ချေ။
ချန်မျိုးနွယ်မှ အကြီးအကဲများနှင့် အခြားမျိုးနွယ်များမှ အကြီးအကဲများက ထန်မင်ကို လာရောက်နှုတ်ဆက်ကြကာ တစ်ခွက်တစ်ဖလား သောက်ကြ၏။ သို့သော် ကျန်းရီသည် ထန်မင်၏ အနောက်တွင် သစ်သားရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ထိုင်နေပြီး ထပင်မရပ်ခဲ့ချေ။ ထန်မင်သည် ကျန်းရီက စိတ်ပျက်နေကြောင်း တွေ့လိုက်ရ၍ အပြစ်မတင်တော့ပေ။ ထိုအစား သူသည် ထန်မျိုးနွယ်မှ အခြားတပ်မှူးများကိုလည်း ထမရပ်ရန်နှင့် သေရည်မသောက်ရန် ပြောလိုက်သည်။ ထိုမှသာ ကျန်းရီက ချွန်းမထွက်နေမည်ဖြစ်သည်။
“ဘာဖြစ်လို့လဲ ရီစန်”
ထန်မင်သည် အခွင့်အရေးရသည်နှင့် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီက ခါးသက်သက်ပြုံးကာ ခေါင်းခါ၍ အသံပြန်ပို့လွှတ်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး အစ်ကိုမင်... ကျွန်တော့်ကို အရေးစိုက်မနေပါနဲ့”
ထန်မင်က ခပ်လှမ်းလှမ်းရှိ ယဉ်ရို့ပင်းကို ကြည့်လိုက်၏။ သူသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ကျန်းရီ၏ပခုံးကို ပုတ်ကာ အသံထပ်မံပို့လွှတ်၍ နှစ်သိမ့်လိုက်၏။
“လက်လျှော့လိုက်ပါတော့ ညီလေး... ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရမ်းစည်းကမ်းတင်းကြပ်တယ်။ ညီလေးတို့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ ဒဏ်ရာကို နုတုန်းမှာ ကုတာအကောင်းဆုံးပဲ။ ပင်လယ်ထဲမှာ ငါးတွေအများကြီး ရှိပါတယ်”
ကျန်းရီ၊ ရီချန်နှင့် ယဉ်ရို့ပင်းတို့က ရှုပ်ထွေးသော ဆက်ဆံရေးတစ်ခုထဲတွင် ပိတ်မိနေသည်။ သူတို့၏အကြောင်းကလည်း တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေသည်။ ထန်မင်က အဘယ်ကြောင့် ကျန်းရီ စိတ်ပျက်နေခြင်းဖြစ်ကြောင်းကို သိသည်မှာ မထူးဆန်းချေ။ ယဉ်ဧကရာဇ်က ကျန့်ထျန်းလဲ့၏ တောင်းရမ်းမှုကို လက်ခံခဲ့ခြင်းမှာ ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ ဆက်၍ပတ်သတ်နေမည်ကို မလိုလားကြောင်း ပြသလိုက်ခြင်းလည်းဖြစ်သည်။
“ကျွန်တော် နားလည်ပါတယ်”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာထားက ပြန်၍ အေးစက်လာသည်။ သူသည် ထိုကိစ္စများကို ဆက်၍ မတွေးလိုတော့ပေ။ ထို့ကြောင့် သူသည် တစ်ချိန်လုံး နှုတ်ဆိတ်နေလိုက်ပြီး လက်ထပ်ပွဲ စမည့်အချိန်ကို စောင့်နေလိုက်လေသည်။
ကျန့်ထျန်းလဲ့နှင့် ယဉ်ရို့ပင်းတို့ ရောက်ရှိလာသဖြင့် ပွဲက ပို၍ စည်စည်ကားကား ရှိလာ၏။ မျိုးနွယ်အသီးသီးမှ အကြီးအကဲများက သူတို့ထံသို့သွား၍ ဂုဏ်ပြုသေရည် သောက်ကြ၏။ အကြီးအကဲတော်တော်များများကလည်း ထန်မင်ကို ချဉ်းကပ်၍ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ကြိုးစားကြ၏။ လေထဲတွင် စကားပြောသံများ၊ ရယ်သံများနှင့် ပြည့်နှက်နေသည်။ ပွဲအလယ်ရှိ ကျယ်ဝန်းသော နေရာလွတ်တွင် ဂီတဖျော်ဖြေမှုနှင့် အကဖျော်ဖြေမှုတို့ ရှိ၏။ ယနေ့တွင် ရာသီဥတုကလည်း ကောင်းမွန်ပြီး လေပြေညင်းလေး တိုက်ခတ်နေသည်။ ထို့ကြောင့် ဤလက်ထပ်ပွဲက သာယာသောပွဲတစ်ပွဲဟု ဆိုနိုင်ပေသည်။
တစ်နာရီကြာပြီးနောက် သတို့သားနှင့် သတို့သမီးတို့ ပေါ်လာ၏။ ချန်မျိုးနွယ်သခင်လေးက ပွဲတွင် ကျန့်ထျန်းလဲနှင့် ယဉ်ရို့ပင်းတို့ ရှိနေကြောင်းကို သိထား၏။ ထို့ကြောင့် သူ အတော်လေး သူ့ကိုယ်သူ ဂုဏ်ယူနေပေသည်။ ထိုအချက်ကို သူ၏ တောက်ပနေသော မျက်နှာထားနှင့် ထင်ရှားသော အရှိန်အဝါတို့မှ သိနိုင်သည်။ သတို့သမီးက ယဉ်မျိုးနွယ်မှ သခင်မလေးတစ်ယောက်ပင်။ သူမကလည်း လှပသူလေးတစ်ယောက်ပင်။ သို့သော် အရှိန်အဝါအရဆိုလျှင် သူမက ယဉ်ရို့ပင်းကို မမီပေ။ ဣန္ဒြေအရှိန်အဝါက တစ်ရက်၊ နှစ်ရက်အတွင်း တိုးတက်အောင် လုပ်၍ရသော အရာမဟုတ်ချေ။ ယင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာသောအရာဖြစ်ရာ တည်ဆောက်ယူမည်ဆိုလျှင်ပင် အနည်းဆုံး တစ်နှစ်ခန့် တည်ဆောက်ရပေလိမ့်မည်။
လက်ထပ်ပွဲက အလွန်စည်ကားသက်ဝင်နေသည်။ ချန်မျိုးနွယ်သခင်လေးက အတော်လေး အပေါင်းအသင်းကောင်းသူတစ်ယောက်ဖြစ်သည်။ အရည်အချင်းလည်းရှိသည်။ သူသည် အသက်(၂၈)နှစ်အရွယ်မှာပင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ အရည်အသွေးအရမူ ကြယ်သုံးပွင့်အဆင့်သာ ရှိသေးသော်လည်း သူက ဂီတနှင့် အက ပညာပိုင်းတွင် ထူးချွန်ကြောင်း ကျန်းရီ ကြားထားသည်။ အသံလှိုင်းဧကရာဇ်ကိုယ်တိုင် သူ့အား သင်ပေးထားခြင်းဖြစ်ရာ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ဒုတိယအဆင့်အထိ တတ်မြောက်ထားသည်။ ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့် ပညာရှင်များပင် ထိုအတတ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ကျန်းရီ ခန့်မှန်းသည်။ ထို့ကြောင့် ချန်မျိုးနွယ်သခင်လေးသည်လည်း ဒုတိယအသံလှိုင်းဧကရာဇ်ဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။
ကျန်းရီသည် ချန်မျိုးနွယ်သခင်လေးအပေါ် အတော်လေး အကောင်းမြင်၏။ ထိုသခင်လေးက ဂီတနှင့် အကကို နှစ်ပေါင်းများစွာ လေ့လာသင်ယူခဲ့သဖြင့် သိမ်မွေ့မှုတစ်ခု ရှိနေ၍ ကျန်းရီ ထိုသို့အကောင်းမြင်မိခြင်း ဖြစ်နိုင်သည်။ သူက လူတိုင်းကို အလွန်ယဉ်ကျေးစွာ ပြောဆိုသည်။ သူ၏ အပြုအမူများကလည်း ယဉ်ကျေးသည်။ ထို့ကြောင့် သူ့အနားမှ လူများက အလွန်သက်တောင့်သက်သာ ခံစားရပေသည်။ သို့သော် ကျန်းရီသည် အသံလှိုင်းဧကရာဇ်က သူ့ကို ဆက်ဆံလိုက်သည့်ပုံစံကြောင့် ထိုသခင်လေးနှင့် မိတ်ဆွေဖွဲ့လိုစိတ် မရှိပေ။ အသံလှိုင်းဧကရာဇ်က သူ့ကို ကူညီရန် ငြင်းလိုက်ပြီဖြစ်၍ ချန်မျိုးနွယ်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်လျှင်လည်း အကျိုးရှိမည် မဟုတ်ချေ။
လက်ထပ်ပွဲက စတော့ပေမည်။ ချန်မျိုးနွယ် မိသားစုခေါင်းဆောင်နှင့် အခြား အာဏာရှိအကြီးအကဲတစ်ယောက်က လက်ထပ်ပွဲကို ကြီးမှူးကျင်းပပေးရန် ထရပ်လိုက်ကြသည်။ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်လိုက်ကြသည်။ ယခုတွင် ဧည့်သည်တော်များက တစ်ယောက်ချင်း လက်ဖွဲ့ပေးရန် အချိန်ရောက်ပေပြီ။
မျိုးနွယ်တိုင်းက အဖိုးတန် လက်ဖွဲ့များ ပြင်ဆင်လာ၏။ သူတို့က အသံလှိုင်းဧကရာဇ်ကို လေးစားသမှု မပြလိုလျှင်ပင် ယဉ်မျိုးနွယ်ကိုတော့ လေးစားမှု ပြရမည်ဖြစ်သည်။ သူတို့၏ လက်ဖွဲ့များက ကျန်းရီကို အံ့အားသင့်သွားစေသည်။ အနိမ့်ဆုံးလက်ဖွဲ့သည်ပင် အတုအယောင် နတ်ဘုရား အသုံးအဆောင်ဖြစ်သည်။ လက်ဖွဲ့များထဲတွင် ဝိညာဉ်ချိတ်ဆက် မူလရတနာများ၊ ထူးဆန်းသော အသုံးအဆောင်များ၊ ဆေးပင်များနှင့် အခြားအဖိုးတန်ပစ္စည်းများစွာလည်း ပါပေသည်။
ထန်မျိုးနွယ်ကလည်း လက်ဖွဲ့များ ပြင်ဆင်လာခဲ့သည်။ ယင်းတို့မှာ ပလက်တီနမ် အမိန့်ပြားတစ်ပြားနှင့် သက်တန့်ရောင် ချပ်ဝတ်တစ်ခုတို့ဖြစ်သည်။ ပလက်တီနမ် အမိန့်ပြားက ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောများကို အလကားစီးခွင့်ရနို်ငသော အကောင်းဆုံး အမိန့်ပြားဖြစ်သည်။ ထို့ပြင် ၎င်းအမိန့်ပြားနှင့်ဆိုလျှင် မြို့ကြီးတိုင်းရှိ ထန်မျိုးနွယ်၏ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများကို ဈေးထက်ဝက်ဖြင့် အသုံးပြုခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းက ကောင်းကင်ကျောက်တုံး သန်းထောင်ချီ တန်ပေသည်။
“အစ်မငါး... အိမ်ထောင်ရေး သာယာပါစေလို့ ညီမ ဆုတောင်းပေးပါတယ်”
နောက်ဆုံးတွင် ယဉ်ရို့ပင်း စကားပြောပေပြီ။ လူများစွာက သူမကို လှမ်းကြည့်လိုက်ကြသည်။ နေရာတစ်ခွင်လုံးလည်း တိတ်ဆိတ်သွားသည်။ လူများသည် ယဉ်ရို့ပင်း၏ လက်ဖွဲ့က မည်သည့်အရာဖြစ်ကြောင်း ကြည့်နေကြသည်။
ယဉ်ရို့ပင်းက ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်လိုက်ပြီး သူမဘေးရှိ အစေခံမလေးတစ်ယောက်ကို ပေးလိုက်သည်။
“အစ်မငါး... ညီမမှာ အစ်မရဲ့ လက်ထပ်ပွဲအတွက် လက်ဖွဲ့စရာ တန်ဖိုးကြီးပစ္စည်းတွေ မရှိပါဘူး။ အဲ့ဒါကြောင့် ညီမ မကြာသေးခင်က ရထားတဲ့ နတ်သေရည်ကိုပဲ လက်ဖွဲ့လိုက်ပါတယ်”
“နတ်သေရည်လား...”
လူများစွာက ပင့်သက်ရှိုက်လိုက်ကြ၏။ ထိုနတ်သေရည်က အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။ နတ်သေရည်တစ်စက်လျှင်ပင် ကောင်းကင်ကျောက်တုံး သန်းထောင်နှင့်ချီ၍ တန်သည်။ မှောင်ခိုဈေးကွက်တွင်လည်း နတ်သေရည်၏ ဈေးနှုန်းက မိုးထိုးနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှ၍ပေ။ နတ်သေရည်မှာ ရုပ်ရည်ကို ထိန်းသိမ်းပေးနိုင်သော အဓိကရတနာငါးမျိုးထဲမှ တစ်မျိုးဖြစ်သည်။ မျိုးနွယ်တိုင်းမှ သခင်မလေးများသည် ထိုသေရန်ကို အလိုရှိကြ၏။ ထိုသေရည်တစ်စက်သည်ပင် ရုပ်ရည်ကို အနည်းဆုံးနှစ်သုံးဆယ်ကြာ ထိန်းသိမ်းပေးနိုင်သည်ဟု ဆိုကြ၏။ ယဉ်ရို့ပင်းက သူမ၏ ဝမ်းကွဲအစ်မကို လက်ဖွဲ့လိုက်သည့် ထိုနတ်သေရည်တစ်ပုလင်းဆိုလျှင် မည်မျှ အဖိုးတန်လိမ့်မည်နည်း။
“ကျေးဇူးတင်ပါတယ် ညီမကိုး။ ဒါက အစ်မရထားတဲ့ လက်ဖွဲ့တွေထဲမှာ အကောင်းဆုံးလက်ဖွဲ့ပဲ”
သတို့သမီးက ချက်ချင်း ပြုံးရွှင်သွားသည်။ သူမက ယဉ်မျိုးနွယ်မှ သခင်မလေးတစ်ယောက်ဖြစ်သော်လည်း ယဉ်ရို့ပင်း၏ အဆင့်အတန်းကို မမီပေ။ ထို့ကြောင့် သူမသည် ထိုကဲ့သို့သော သေရည်မျိုးကို သောက်ခွင့်မရခဲ့ချေ။
“ဟားဟား...”
ယဉ်ရို့ပင်း၏ဘေးတွင် ထိုင်နေသော ကျန့်ထျန်းလဲ့က ရုတ်တရက် ထရပ်လိုက်ပြီး ရယ်လိုက်၏။
“ရို့ပင်းက အဖိုးတန်ရတနာကို လက်ဖွဲ့လိုက်တာပဲ။ အဲ့တော့ ကျွန်တော်ကလည်း ပစ္စည်းကောင်းတစ်ခုကို လက်ဖွဲ့ရမှာပေါ့။ ညီလေးချန်... လွန်ခဲ့တဲ့ တစ်နှစ်က အစ်ကို ပန်ဧကရာဇ်ရဲ့ ရှေးဟောင်းနယ်မြေတစ်ခုကို သွားခဲ့တယ်။ အဲ့မှာ အစ်ကို ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါကို အစ်ကိုလည်း မသုံးဘူးဆိုတော့ ညီလေးချန်ကိုပဲ ပေးလိုက်မယ်”
ရွှီး...
ကျန့်ထျန်းလဲ့၏ လက်တွင်ဝတ်ဆင်ထားသော လက်စွပ်က တောက်ပလာ၏။ ထို့နောက် သူ့လက်ထဲတွင် ခမ်းနားသော ရှေးဟောင်းဗျပ်စောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုရှေးဟောင်းဗျပ်စောင်းပေါ်တွင် ဆန်းကြယ်သော ပုံသဏ္ဌာန်များ ရှိနေသည်။ ၎င်း၏ အရှိန်အဝါကလည်း ရှိန်လောက်ဖွယ်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက သာမန်အသုံးအဆောင်တစ်ခု မဟုတ်ကြောင်း သိနိုင်ပေသည်။
ချန်မျိုးနွယ်သခင်လေး ဟန်မဆောင်နိုင်တော့ဘဲ ပြုံးလိုက်သည်။ သူ၏မျက်လုံးများက ထိုဗျပ်စောင်းမှ မခွာနိုင်ပေ။ ယင်းရှေးဟောင်းဗျပ်စောင်းပေါ်တွင် ‘ပန်’ဟူသော စာလုံးကို ရေးထားသည်။ သူသည် ထိုစာလုံးကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ထို့နောက် သူ စိတ်လှုပ်တရှားဖြင့် ပြောလိုက်လေသည်။
“ဒါက ပန်ဧကရာဇ်သုံးခဲ့တဲ့ ရှေးဟောင်းဗျပ်စောင်းလား။ အစ်ကိုထျန်းလဲ့... ဒီလက်ဖွဲ့က တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်တော် လက်မခံဝံ့ပါဘူး”
“ပန်ဧကရာဇ်ရဲ့ ရှေးဟောင်းဗျပ်စောင်းလား”
လူများစွာသည် ဗျပ်စောင်းကို လှမ်းကြည့်လိုက်ကြ၏။ ပန်ဧကရာဇ်သည် မီးနတ်ဘုရားကဲ့သို့ ကျော်ကြားခဲ့သည့် ရှေးခေတ်အနုပညာရှင်တစ်ယောက်ဖြစ်သည်။ ပန်ဧကရာဇ်၏ ကျော်ကြားသောအတတ်က နတ်ဘုရားအသံ ကောင်းကင်အတတ် မဟုတ်သော်လည်း သူ အသုံးပြုခဲ့သော ရှေးဟောင်းဗျပ်စောင်းတစ်ခုက သေချာပေါက် စွမ်းအားကြီးအသုံးအဆောင်တစ်ခု ဖြစ်ပေလိမ့်မည်။
“ဟားဟားဟား...”
ကျန့်ထျန်းလဲက လက်ဝှေ့ယမ်းလိုက်ပြီး ရှေးဟောင်းဗျပ်စောင်းကို ချန်မျိုးနွယ်သခင်လေးထံ ပျံသန်းသွားစေလိုက်၏။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။
“အဖိုးတန်ဓားတွေက သင့်တော်တဲ့ သူရဲကောင်းတွေနဲ့ပဲ ထိုက်တန်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်မလား။ အစ်ကိုက ဂီတနဲ့အကမှာ မထူးချွန်ဘူး။ အဲ့တော့ ပန်ဧကရာဇ်ရဲ့ ရှေးဟောင်းဗျပ်စောင်းက အစ်ကို့ဆီမှာဆို ဘာမှအသုံးဝင်မှာ မဟုတ်ဘူး။ ဖုန်တက်လာမှာပဲ ရှိတယ်။ ညီလေးချန်က ဂီတရော၊ အကရောမှာပါ အရမ်းထူးချွန်တယ်လို့ အစ်ကို ကြားထားတယ်။ တကယ်လို့ ဒီလက်ဖွဲ့က တန်ဖိုးကြီးလွန်းနေတယ်လို့ ထင်ရင် အစ်ကို့ကို တစ်ခုခု ပြန်ပေးပေါ့။ အခု အဲ့ဗျပ်စောင်းကိုသုံးပြီး အစ်ကို့အတွက် တေးသွားတစ်ပုဒ်လောက် တီးပြလေ... ဘယ်လိုလဲ”
“ကောင်းတယ်...”
လူများစွာသည် ကျန့်ထျန်းလဲ့၏ ရက်ရောမှုကို လက်ခုပ်လက်ဝါးတီးကာ ချီးမွမ်းလိုက်ကြ၏။ သူသည် ထိုမျှတန်ဖိုးကြီးသောပစ္စည်းကို ပေးရန် တစ်ချက်ပင် တွန့်ဆုတ်မနေခဲ့ပေ။ ဤတစ်ကြိမ်တွင် ကျန့်ထျန်းလဲ့က အသံလှိုင်းဧကရာဇ်အပေါ် အလွန်လေးစားသမှု ပြသနေပေသည်။ သူက လက်ဖွဲ့တစ်ခု ယူမလာလျှင်ပင် ချန်မျိုးနွယ်သခင်လေးသည် သူ ရောက်လာပေးသည်နှင့်ပင် ကျေးဇူးတင်နေမည်ဖြစ်သည်။ သို့သော် သူသည် ထိုကဲ့သို့ တန်ဖိုးကြီးပစ္စည်းတစ်ခုကို လက်ဖွဲ့လိုက်၏။ ထို့ကြောင့် သူက မည်မျှသဘောထားကြီးသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
“ကျန့်မျိုးနွယ်က လူတွေက တကယ်ကို ထူးခြားတာပဲ။ ဒီလိုဆိုမှတော့ ငါ မင်းအတွက် တေးသွားတစ်ပုဒ် တီးပြပါမယ်”
လူအုပ်ကြားမှနေ၍ အသံအိုတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံတွင် ဆန်းကြယ်သောစွမ်းအားတစ်မျိုး ပါဝင်ပုံပင်။ ထိုအသံကို ကြားလိုက်သည်နှင့် လူတိုင်း သိသိသာသာ စိတ်တည်ငြိမ်သွားကြသည်။
“အသံလှိုင်းဧကရာဇ်”
ကျန်းရီ၏ မျက်လုံးများ တောက်ပလာ၏။ လူများစွာက ထရပ်လိုက်ပြီး အရှေ့ဘက်သို့ ကြည့်က အသံလှိုင်းဧကရာဇ်ကို လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။ သူတို့အများစုက အလွန်စိတ်လှုပ်ရှားနေပုံ ပေါ်လေသည်။ အသံလှိုင်းဧကရာဇ် သူတို့အတွက် တေးသွားတစ်ပုဒ် တီးပြမည်လော။ ယင်းက သူတို့အများစုအတွက် ဘုရားပေးသော အခွင့်အရေးတစ်ခုပင်။ သူတို့သာ ထိုတေးသွားမှနေ၍ တစ်ခု၊ နှစ်ခုလောက် သိမြင်နားလည်နိုင်လိုက်လျှင် သူတို့အတွက် များစွာအကျိုးရှိမည်ဖြစ်သည်။
အသံလှိုင်းဧကရာဇ် ထပ်ပြောလိုက်သော စကားကြောင့် လူများစွာသည် ကြက်သီးများထလောက်အောင်ပင် စိတ်လှုပ်ရှားသွားကြ၏။
“ငါက ဂီတနဲ့အကကို အာရုံစိုက်လေ့လာဖို့ ဒီဆယ်နှစ်လုံးလုံး သီးခြားနေနေခဲ့တာ။ အဲ့ဆယ်နှစ်အတွင်း ငါ တေးသွားတစ်ပုဒ် ရေးဖွဲ့နိုင်ခဲ့တယ်။ တေးသွားက ထိပ်တန်းတော့ မဟုတ်ပေမယ့် ငါ နှစ်ပေါင်းများစွာ လေ့လာထားတာရဲ့ ရလဒ်ပဲ။ အဲ့တေးသွားကို ငါ့ရဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်နဲ့ ပေါင်းလိုက်ရင် မင်းတို့ တစ်ခု၊ နှစ်ခုလောက်တော့ သိမြင်နားလည်သွားနိုင်ပါတယ်။ မင်းတို့ သိမြင်နားလည်နိုင်ခဲ့ရင် ငါတို့က ရေစက်ကောင်းတစ်ခု ပါတယ်လို့ ဆိုရမှာပေါ့။ အဲ့တော့ နောက်ကျရင် မင်းတို့ ငါ့ရဲ့ နတ်ဘုရားအသံလှိုင်းတောင်ကြားကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်လည်း ရလိမ့်မယ်”
***