သစ်ရွက်တစ်ရွက်ကို မှုတ်ခြင်း
Vol. 76 Ch. 1061
နတ်ဘုရားအသံ ကောင်းကင်အတတ်က ဆန်းကြယ်သောစွမ်းရည်တစ်ခုသာဖြစ်သည်။ တာအိုပုံသဏ္ဌာန် မဟုတ်ပေ။
တာအိုပုံသဏ္ဌာန်ကို အပြင်တွင် ရှာနိုင်မည့်နည်းလမ်း မရှိချေ။ လူတစ်ယောက်ကလည်း အခြားလူတစ်ယောက်ကို တာအိုပုံသဏ္ဌာန် မပေးနိုင်ပေ။ တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်မည့် တစ်ခုတည်းသော နည်းမှာ ထိပ်တန်း ပညာရှင်များက ဆန်းကြယ်နယ်မြေတစ်ခုကို ဖန်တီး၍ မျိုးဆက်များကို ထိုနယ်မြေအတွင်းသို့ ဝင်စေကာ သူတို့ဘာသာ တာအိုပုံသဏ္ဌာန်ကို လေ့လာစေသည့် နည်းပင်ဖြစ်သည်။ ထိုနည်းက တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်စေမည့် အမြန်ဆုံးနည်းဖြစ်သည်။ သို့သော် ယင်းတွင်လည်း အကျိုးအပြစ်များ ရှိပေသေးသည်။ အကျိုးမှာ ထိုနည်းကို လူများစွာက အသုံးပြုနိုင်ခြင်းဖြစ်သည်။ အပြစ်မှာမူ လူများ၏ အတွေးက ဘောင်ထဲတွင် ပိတ်မိလာတတ်ခြင်းပင်။ သူတို့သည် တာအိုပုံသဏ္ဌာန်များကို လေ့လာရင်း ဖောက်ထွက်ရန် မလွယ်သော အတွေးဘောင်တစ်ခုကို ဖန်တီးမိတတ်ကြသည်။ သို့ဖြစ်လာလျှင် သူတို့သည် ထိပ်တန်းပညာရှင်များဖြစ်လာရန် မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။
သို့သော် နတ်ဘုရားအသံ ကောင်းကင်အတတ်ကမူ မတူချေ။ ၎င်းက ဆန်းကြယ်သောစွမ်းရည်တစ်ခုဖြစ်၍ မည်သူမဆို ထိုစွမ်းရည်အား သိမြင်နားလည်မည့်နည်းကို ရှာနိုင်သည်။ ယင်းစွမ်းရည်ကို သိမြင်နားလည်သွားလျှင် မိမိ၏ တိုက်ခိုက်စွမ်းရည်က တိုးတက်သွားမည်ဖြစ်သည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က အကောင်အထည်မရှိဘဲနှင့် လူများကို သတ်ဖြတ်နိုင်ပေသည်။
ထို့ကြောင့် အသံလှိုင်းဧကရာဇ် ကျော်ကြားလာသောအခါ မရေမတွက်နိုင်သော လူများသည် သူ့ထံမှ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သင်ယူနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အသံလှိုင်းဧကရာဇ်က ဤနှစ်များအတွင်း တပည့်တစ်ယောက်သာ လက်ခံခဲ့သည်။ ထိုတပည့်ကလည်း ချန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်ဖြစ်သည်။ ထိုအကြီးအကဲက မျိုးနွယ်တစ်ခုလုံးတွင် ဒုတိယအင်အားအကြီးဆုံးသူဖြစ်သည်။ သူ၏စွမ်းရည်များက ကြယ်ခုနစ်ပွင့် သိုင်းပညာရှင်တစ်ယောက်၏ စွမ်းရည်များနှင့်ပင် ယှဉ်နိုင်လေသည်။
အသံလှိုင်းဧကရာဇ်သည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံး၍ တေးသွားတစ်ပုဒ် တီးပြရန် မဆိုထားနှင့် ဧည့်သည်များကို လက်ခံမတွေ့ဆုံတော့သည်မှာပင် ကြာခဲ့ပြီဖြစ်သည်။ လူအုပ်သည်လည်း ထိုကဲ့သို့သော ကောင်းချီးတစ်ခုကို မမျှော်လင့်ထားပေ။ ယင်းက အလွန်ကြီးမားသော အခွင့်အရေးတစ်ခုပင်။ အသံလှိုင်းဧကရာဇ်သည် သူ၏ တေးသွားမှနေ၍ တစ်ခု၊ နှစ်ခု သိမြင်နားလည်နိုင်သူတိုင်းအား နောင်တွင် နတ်ဘုရားအသံတောင်ကြားကို လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုမည်ဟု ရှင်းရှင်းလင်းလင်း ပြောလိုက်ပေပြီ။ တစ်နည်းဆိုရလျှင် ထိုသူများသည် အသံလှိုင်းဧကရာဇ်ကို ဆရာတစ်ယောက်အဖြစ် သဘောထားကာ သူ့ထံမှ သင်ယူနိုင်မည်ဖြစ်သည်။
လူများစွာသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ သူတို့သည် ခေါင်းထဲမှ အနှောင့်အယှက်ဖြစ်စေမည့် အတွေးအားလုံးကို မောင်းထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို အကောင်းဆုံး အနေအထားတွင် ထား၍ တေးသွားကို အာရုံစိုက်ရန် အသင့်ပြင်ထားလိုက်ကြသည်။ သူတို့သည် တေးသွားနောက်ကွယ်မှ စွမ်းရည်အစစ်အမှန်များကို သိမြင်နားလည်နိုင်ရန်လည်း ပြင်ဆင်ထားကြသည်။
ထိုနေရာတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ အစေခံမလေးများသည်ပင် မြေပြင်တွင် ဒူးထောက်ကာ တေးသွားကို အနှောင့်အယှက်မဖြစ်စေဖို့ အသံမထွက်မိစေရန် ကြိုးစားနေကြသည်။ ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့ကလည်း တင်ပျဉ်ခွေထိုင်၍ မျက်လုံးများ မှိတ်ထားကြသည်။ မည်သူကမှ ဤအခွင့်အရေးကို လက်လွတ်ခံရလောက်အောင် မတုံးပေ။
တင်...တောင်...
ရှင်းလင်းပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ဗျပ်စောင်းအသံပင်။ အသံက နူးညံ့ပြီး မည်သည့်နေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သေချာမပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ထိုအသံက လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်သွားသည်။ နတ်ဘုရားတစ်ပိုင်းကျန့်ထျန်းလဲ့နှင့် ချန်မျိုးနွယ် မိသားစုခေါင်းဆောင်တို့ အပါအဝင် လူအားလုံးသည် ထိုအသံကို ကြားလိုက်သောအခါ မျက်လုံးများ ဝေဝါးလာ၏။ ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ကလည်း ထို့အတူပင်။ ချန်မျိုးနွယ် မိသားစုခေါင်းဆောင်ဘေးတွင် ထိုင်နေသော အကြီးအကဲတစ်ယောက်သာ မျက်လုံးများ ကြည်လင်နေပေသည်။
အကယ်၍ ကျန်းရီသာ ထိုအခိုက်တွင် သတိပြန်ကပ်လာပါက အတော်လေး တုန်လှုပ်သွားပေလိမ့်မည်။ သို့သော် ဗျပ်စောင်းအသံများက လူတိုင်းကို မိန်းမောနေစေပေသည်။ ယင်းအခိုက်တွင် အသံလှိုင်းဧကရာဇ်သာ သူတို့ကို သတ်လိုပါက စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်လေသည်။ ထိုနေရာရှိ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်များပင် ပြန်ခုခံနိုင်ကြမည် မဟုတ်ချေ။
တွမ်...တွမ်...
ဗျပ်စောင်းသံများက ဆက်၍ ထွက်ပေါ်လာ၏။ အသံများက တစ်ခါတရံတွင် ချောမွေ့ကာ နွေးထွေးသွားလိုက်၊ တစ်ခါတရံတွင် ကြမ်းတမ်းအေးစက်သွားလိုက်နှင့် ရှိနေသည်။ ထို့ပြင် အသံက ကြည်လင်ပြတ်သားသည့်အခါလည်း ရှိသလို တိုးညင်းသည့်အခါလည်း ရှိသည်။ လူအားလုံးသည် ဗျပ်စောင်းသံကြောင့် ယစ်မူးနေကြသည်။ လူများစွာသည် တေးသွားမှနေ၍ တစ်ခု၊ နှစ်ခု သိမြင်နားလည်လိုကြသော်လည်း အသံလှိုင်းဧကရာဇ်က စတင်တီးခတ်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကိုမှ မတွေးတောနိုင်ကြတော့ပေ။ သူတို့သည် သူတို့ဘယ်ရောက်နေကြောင်းကို မေ့သွား၏၊ သူတို့က တစ်စုံတစ်ခုကို သိမြင်နားလည်လိုနေကြောင်းကိုလည်း မေ့သွား၏။ သူတို့ အရာအားလုံးကို မေ့သွားကြလေသည်။
ဗျပ်စောင်းအသံက ထိုနေရာတွင် မိနစ်များစွာ ပဲ့တင်ထပ်နေ၏။ ချန်မျိုးနွယ်က အကြီးအကဲတစ်ယောက်မှလွဲ၍ မည်သူမှ သတိကပ်မနေကြပေ။ သို့သော် ထိုအကြီးအကဲသည်ပင် တေးသွားကို မှိန်း၍ ခံစားနေသည်။
တုန်...
နောက်ဆုံးတွင် ဗျပ်စောင်းသံ ရပ်တန့်သွားပေပြီ။ သို့သော် လူအားလုံး သတိပြန်မကပ်လာကြသေးချေ။ သူတို့သည် ဗျပ်စောင်းသံ စတင်ထွက်ပေါ်လာစဉ်က ရောက်သွားခဲ့သော လောကတစ်ခုအတွင်းမှာပင် ရှိနေသေးသည်။ အကြီးအကဲကမူ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး လူအုပ်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံး၌ သူ၏အကြည့်က ကျန်းရီအပေါ်သို့ ကျရောက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရီက ပထမဆုံး မျက်လုံးများ ပြန်ဖွင့်လိုက်သူ ဖြစ်နေ၍ပင်။
ကျန်းရီ၏ မျက်လုံးများက ပွင့်နေသော်လည်း မျက်နှာထားက ရှုပ်ထွေးနေဆဲဖြစ်သည်။ သူက အလွန်အထီးကျန်ကာ ဝမ်းနည်းနေပုံပေါ်သည်။ သူသည် မည်သည့်စကားမှ မဆိုဘဲ မလှုပ်မယှက် ဆက်ထိုင်နေလေသည်။
ချန်မျိုးနွယ် မိသားဟုခေါင်းဆောင်က ဒုတိယမြောက် သတိပြန်ကပ်လာသူဖြစ်သည်။ သူသည် မျက်လုံးများ ဖွင့်လိုက်ပြီး အကြီးအကဲကို ကြည့်လိုက်သည်။ အကြီးအကဲက အခြားတစ်ယောက်ကို ကြည့်နေကြောင်း မြင်လိုက်သောအခါ သူလည်း ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျန်းရီ၏ မျက်လုံးများက ပွင့်နေသည်ကို မြင်လိုက်လျှင် သူ့မျက်နှာပေါ်၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
ချန်မျိုးနွယ်သခင်လေးက တတိယမြောက် သတိပြန်ကပ်လာသည်။ သို့သော် သူသည် မည်သူ့ကိုမှ မကြည့်လိုက်ဘဲ သူ့လက်ထဲမှ ရှေးဟောင်းဗျပ်စောင်းကိုပိုက်ကာ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေလေသည်။
“ကောင်းတယ်...”
ကျန့်ထျန်းလဲ့က လေးယောက်မြောက်ဖြစ်သည်။ သူသည် သတိပြန်ကပ်လာသည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး သူ့ညာဘက်သို့ ဦးညွှတ်လိုက်၏။ သူထိုသို့ လုပ်လိုက်ရာ ယဉ်ရို့ပင်းနှင့် အခြားလူများစွာလည်း သတိပြန်ကပ်လာကြသည်။ သူတို့အားလုံးက အတန်ငယ် ငေးငိုင်နေကြသည်။ ခေတ္တမျှကြာပြီးနောက် သူတို့အားလုံးသည် အသံလှိုင်းဧကရာဇ်ကို ကျေးဇူးတင်ရန် ထရပ်ကာ ညာဘက်သို့ ဦးညွှတ်လိုက်ကြလေသည်။
“ဟင်းဟင်း... ဘယ်သူတွေက ဘာတွေများ သိမြင်နားလည်လိုက်သလဲ”
ရုတ်တရက် ချန်မျိုးနွယ်မှ အကြီးအကဲက သူ၏မုတ်ဆိတ်ကို သပ်ကာ ပြောလိုက်သည်။
“တကယ်လို့ တစ်ခုခုကို နားလည်လိုက်တဲ့သူရှိရင် သီချင်းတစ်ပုဒ်ပုဒ် ဆို ဒါမှမဟုတ် တေးသွားတစ်ပုဒ် တီးမှုတ် လိုက်ပါ။ တကယ်လို့ ဧကရာဇ်က သဘောကျရင် မင်းတို့ နတ်ဘုရားအသံလှိုင်းတောင်ကြားကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် ရလိမ့်မယ်။ မင်းတို့က နတ်ဘုရားအသံလှိုင်းဒေသရဲ့ တန်ဖိုးအရှိဆုံး ဧည့်သည်တော်တွေလည်း ဖြစ်လာလိမ့်မယ်”
ကျန့်ထျန်းလဲ့နှင့် အခြားသူများက အတန်ငယ် နောင်တရနေပုံ ပေါ်နေကြ၏။ သူတို့သည် သူတို့ဘဝတစ်လျှောက်လုံး ကြားခဲ့ဖူးသမျှ တေးသွားများထဲမှ အကောင်းဆုံးတေးသွားကို ကြားလိုက်ရသော်လည်း မည်သည်ကိုမှ မသိမြင်မနားလည်နိုင်ခဲ့ကြပေ။ သူတို့သိသည်မှာ ထိုတေးသွားကို ကြားလိုက်သည်နှင့် သူတို့ ဆန်းကြယ်သောနယ်မြေတစ်ခုထဲသို့ ရောက်သွားသည်ကိုပင်။ တေးသွားက သူတို့ကို ယစ်မူးစေကာ အသိလွတ်သွားစေခဲ့သည်။ သူတို့သည် လောကထဲရှိ အကောင်းဆုံးသေရည်ကို မြည်းကြည့်ခဲ့ရသကဲ့သို့ပင်။
“ကျွန်မ ရင်ထဲထိသွားပေမယ့် နည်းနည်းလောက်ပဲ သိမြင်နားလည်နိုင်ခဲ့ပါတယ်”
လူအုပ်ထဲမှနေ၍ ကြည်လင်၊ သိမ်မွေ့သော အသံလေးတစ်သံ ထွက်ပေါ်လာ၏။ လူအားလုံးက သူမကို ကြည့်လိုက်ကြသည်။ ထိုစကားကို ပြောလိုက်သူမှာ ယဉ်ရို့ပင်းဖြစ်ကြောင်း တွေ့လိုက်သောအခါ ကျန့်ထျန်းလဲ့နှင့် လူအချို့၏ မျက်လုံးများက တောက်ပသွားသည်။ ချန်မျိုးနွယ်မှ အကြီးအကဲက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“သခင်မလေးယဉ် နားလည်လိုက်တာကို ကျုပ်တို့ကို ပြောပြပါ။ မပြောပြချင်ဘူးဆိုလည်း တေးသွားတစ်ခုကို တီးမှုတ်ပြလို့ရပါတယ်။ သခင်မလေး ကြိုက်တဲ့ တူရိယာကို သုံးလို့ရပါတယ်”
ယဉ်ရို့ပင်းက ခါးသက်သက်ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
“ကျွန်မ တီးမှုတ်မပြတော့ပါဘူး။ ကျွန်မက ဂီတဘက်မှာ မထူးချွန်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်ချင်ပါဘူး။ အဲ့တော့ ကြားလိုက်ရတဲ့ တေးသွားကနေ ကျွန်မ နားလည်လိုက်တာကိုပဲ ပြောပြပါမယ်။ အချစ်က သေစေတတ်တယ်...”
“အဲ့ဒါပဲလား”
လူများစွာသည် စကားအရှည်ကြီးကို နားထောင်ရန် ဟန်ပြင်ထားကြသော်လည်း ယဉ်ရို့ပင်းက တစ်ခွန်းသာ ပြောခဲ့လေသည်။ အားလုံး နားမလည်နိုင်ဖြစ်သွားကြ၏။ ကျန့်ထျန်းလဲ့သည်ပင် တိတ်ဆိတ်သွားသည်။
အကြီးအကဲနှင့် ချန်မျိုးနွယ် မိသားစုခေါင်းဆောင်တို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် ရွှင်ပြစွာ ပြုံးကာ ပြောလိုက်၏။
“သခင်မလေးရို့ပင်းက တကယ့်ကို ပါရမီထူးတာပဲ။ သခင်မလေးက အဲ့တေးသွားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သွားပြီ။ ကျုပ်က ဧကရာဇ်ကိုယ်စား ဆုံးဖြတ်ချက်ချပေးပါမယ်... အခုကစပြီး သခင်မလေးရို့ပင်းက နတ်ဘုရားအသံတောင်ကြားကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ရှိသွားပြီ”
“ဝိုး...”
လူအားလုံးသည် ထိုကြေညာချက်ကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြ၏။ ယဉ်ရို့ပင်းက စကားတစ်ခွန်းသာ ပြောလိုက်သော်လည်း ထိုကဲ့သို့ အခွင့်အရေးကြီးတစ်ခုကို ရခဲ့သည်လော။ ထိုသို့ဖြစ်မည်မှန်းသာသိလျှင် သူတို့လည်း တစ်စုံတစ်ခုကို ပြောလိုက်မည်သာ။
ထိုနေရာရှိ လူအားလုံးက အဆင့်အတန်းတစ်ခု ရှိကြသည်။ တေးသွားမှနေ၍ သူတို့ တစ်စုံတစ်ခုကို သိမြင်နားလည်နိုင်ခဲ့လျှင် ကောင်းပေလိမ့်မည်။ သို့သော် သူတို့က မသိမြင်မနားလည်နိုင်ခဲ့၍ သိမြင်နားလည်ခဲ့သယောင် ဟန်ဆောင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် အားလုံး ထပ်မံ တိတ်ဆိတ်သွားကြသည်။
ချန်မျိုးနွယ်မှ အကြီးအကဲက လူအုပ်ကို ထပ်မံဝေ့ဝဲကြည့်လိုက်သည်။ ရုတ်တရက် သူ၏အကြည့်က တစ်ချိန်လုံး မလှုပ်မယှက်ထိုင်နေသော ကျန်းရီအပေါ်သို့ ကျရောက်သွား၏။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။
“ဒီက ဧည့်သည်လေးက တစ်ချိန်လုံး နှုတ်ဆိတ်နေတာပဲ။ ဧည့်သည်လေးရော တစ်ခုခုကို သိမြင်နားလည်လိုက်ပါသလား”
ဝှစ်...ဝှစ်...ဝှစ်...
လူများစွာက ကျန်းရီကို လှည့်ကြည့်လိုက်ကြ၏။ ကျန်းရီက ထန်မင်၏နောက်ရှိ တပ်မှူးတစ်ယောက်ဖြစ်ကြောင်းကို တွေ့လိုက်သောအခါ သူတို့ အံ့အားသင့်သွားကြသည်။ အကြီးအကဲက စကားလှမ်းပြောလိုက်သော်လည်း ကျန်းရီက မည်သည့်စကားကိုမှ မကြားလိုက်သကဲ့သို့ လေထဲကိုသာ ဆက်၍ငေးကြည့်နေသည်။ ထို့ကြောင့် လူအုပ်တစ်ခုလုံး ပို၍ အံ့အားသင့်သွားကြသည်။
ချန်မျိုးနွယ်မှ အကြီးအကဲက ကြယ်ခုနစ်ပွင့်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ ကျန့်ထျန်းလဲ့နှင့် ယဉ်ရို့ပင်းတို့သည်ပင် သူ့ကို လေးလေးစားစား ဆက်ဆံရသည်။ ထန်မင်သည် ကျန်းရီက အကြီးအကဲကို မည်သို့မှ ပြန်မတုံ့ပြန်သည်ကို တွေ့လိုက်သောအခါ နောက်သို့ကိုင်း၍ တီးတိုးပြောလိုက်၏။
“ရီစန်... အကြီးအကဲက ညီလေးကို စကားပြောနေတယ်”
ကျန်းရီ၏ မျက်ဝန်းများက တစ်စက္ကန့်မျှ ကြည်လင်သွားသော်လည်း ထို့နောက်တွင် အထီးကျန်မှုကသာ ပြန်၍ ကြီးစိုးသွားသည်။ ကျန်းရီသည် မျက်လုံးများမှိတ်လိုက်ပြီး သက်ပြင်းချလိုက်၏။ သို့သော် မည်သည့်စကားမှတော့ မဆိုခဲ့ပေ။
“အာ...”
လူများ ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။ ထိုတပ်မှူးက အတော်လေး မထီမဲ့မြင်လုပ်နေပေသည်။ ထန်မင်သည်ပင် ထိုသို့ ပြုမူဝံ့လိမ့်မည် မဟုတ်ချေ။
လူအားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ထိုတပ်မှူးက ဘာဖြစ်နေခြင်းနည်းဟု တွေးတောနေစဉ်တွင် ကျန်းရီ ရုတ်တရက် လှုပ်ရှားလာ၏။ သူသည် သူ့အရှေ့ ရွှေရောင်စားပွဲပေါ်ရှိ ဝိညာဉ်သစ်သီးအညှာမှ အရွက်တစ်ရွက်ကို ဖြုတ်လိုက်ပြီး မျက်လုံးများ ပြန်မှိတ်ကာ သက်ပြင်းချလိုက်သည်။
“အချစ်က သေစေတတ်တယ်... ပြောတာ အရမ်းကောင်းတယ်။ အချစ်က တကယ်ပဲ သေစေတတ်တယ်...”
ကျန်းရီက မတိုးမကျယ်အသံဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုအသံတွင် အသံလှိုင်းဧကရာဇ် တီးခတ်လိုက်သော ပထမဆုံးတေးသံကဲ့သို့ ထူးဆန်းသော စွမ်းအားတစ်ခု ပါဝင်နေပေသည်။ ထို့ကြောင့် လူအားလုံး တိတ်ဆိတ်သွား၏။ ကျန်းရီသည် သစ်ရွက်ကို လက်နှစ်ဘက်ဖြင့် ကိုင်၍ နှုတ်ခမ်းဆီသို့ မြှောက်လိုက်၏။ ထို့နောက် သူ သစ်ရွက်ကို သိမ်မွေ့စွာ မှုတ်လိုက်လေသည်။
လူအားလုံး သိမ်မွေ့သော အသံတစ်သံကို ကြားလိုက်ရ၏။
ရွှီ...
ထိုအသံ ထွက်ပေါ်လာသည့် အခိုက်တွင် ချန်မျိုးနွယ်မှ အကြီးအကဲ၏ မျက်ဝန်းများက အဆတစ်ထောင်ပို၍ တောက်ပလာ၏။ တစ်ချိန်လုံး ရှေးဟောင်းဗျပ်စောင်းကို ငုံ့၍ ကြည့်နေသော ချန်မျိုးနွယ်သခင်လေးသည်လည်း အတန်ငယ် တုန်ယင်သွားသည်။ သူ ဆတ်ခနဲ ခေါင်းမော့ကာ ကျန်းရီကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။
ရွှီ...
ကျန်းရီသည် လူအားလုံးက သူ့အား ကြည့်နေသည်ကို အရေးမစိုက်ဘဲ သစ်ရွက်ကိုသာ ဆက်မှုတ်နေ၏။ သူ၏နှုတ်ခမ်းစွန်းနှစ်ခုက တွန့်တက်ကာ နှစ်လိုဖွယ်အပြုံးတစ်ပွင့်ကို ပန်ဆင်ထားသည်။ သူက သူ့ချစ်သက်လယ်အတွက် တေးသွားတစ်ခု မှုတ်ပြနေသကဲ့သို့ပင်။
***