ဂီတပါရမီရှင်တစ်ယောက်
Vol. 77 Ch. 1062
ကျန်းရီ၏ သစ်ရွက်မှုတ်သံက မသာယာပေ။ တိတိပပ ဆိုရလျှင် အသံလှိုင်းဧကရာဇ် တီးခတ်ခဲ့သော ဗျပ်စာင်းအသံ၏ ခြေဖျားကိုပင် မမီချေ။ ဂီတကို ချစ်မြတ်နိုးသူအတိုင်းအတွက် ကျန်းရီ မှုတ်နေသော တေးသွားက မထူးခြားပေ။ ထိုတေးသွားက သာမန်လူများ နားထောင်လေ့ရှိသော တေးသွားပုံစံမျိုးသာ။
ကျန်းရီက ဂီတတွင် ထူးချွန်သူတစ်ယောက် မဟုတ်ပေ။ သူ ငယ်စဉ်က ဂီတကဲ့သို့ အထက်တန်းကျသည့် ဝါသနာမျိုးကို သင်ကြားခွင့်မရခဲ့။ သူသည် ဆင်းရဲသော အခြားကလေးများနှင့်အတူ မြက်ပင်များနှင့် သစ်ရွက်များကိုသာ မှုတ်ခဲ့ရသည်။ ထို့ကြောင့် ယခုတွင် သူက သစ်ရွက်ကို ဂီတတူရိယာအဖြစ် ရွေးချယ်ခဲ့ခြင်းပင်။
ယနေ့တွင် အသံလှိုင်းဧကရာဇ်ပိုင်သော နတ်ဘုရားအသံလှိုင်းတောင်ကြားထဲ၌ အဆင့်နိမ့်သော ဂီတဖျော်ဖြေမှုတစ်ခုရှိနေသည်။ ထို့ပြင် ပတ်ဝန်းကျင်ဒေသများမှ အရေးအပါဆုံး လူများက ထိုဖျော်ဖြေမှုကို နားဆင်နေကြသည်။ နားဆင်နေသူများထဲတွင် ယဉ်မျိုးနွယ်မှ သခင်မလေးများနှင့် ကျန့်မျိုးနွယ်မှ သခင်လေးတစ်ယောက်လည်း ပါသေးသည်။ ဂီတအကြောင်းကို ကောင်းစွာနားလည်သော ချန်မျိုးနွယ်မှ အကြီးအကဲများနှင့် သခင်လေးများကလည်း ထိုဖျော်ဖြေမှုကို အာရုံစိုက်နေကြသည်။ ထိုအကြောင်းသာ အပြင်သို့ ပေါက်ကြားသွားပါက မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ယင်းက ဧကရာဇ်ကိုးပါး၏အရှေ့တွင် အဆင့်နိမ့် တာအိုပုံသဏ္ဌာန်များကို သုံးပြခြင်း သို့မဟုတ် ဓားတာအိုမျိုးနွယ်များမှ ဆရာများ၏အရှေ့တွင် ခနော်ခနဲ့ဓားသိုင်းကို ပြသခြင်းတို့ကဲ့သို့ပင်။ ထိုကိစ္စက ဟားဖွယ်ဖြစ်သည်။
သို့သော် ပြဿနာမှာ မည်သူကမှ ရယ်မောမနေခြင်းပင်။
လူအားလုံးက စတင်၍ နားမလည်နိုင်သည့်ပုံ ပေါ်လာကြသည်။ လူအနည်းငယ်သာ မျက်လုံးများမှိတ်၍ မိန်းမောနေကြသည်။ သို့သော် အသံလှိုင်းဧကရာဇ်၏ တေးသွားကို ကြားခဲ့ရစဉ်ကလောက်တော့ မမိန်းမောကြပေ။ ချန်မျိုးနွယ်မှ အကြီးအကဲက ကျန်းရီကို မျက်လုံးပြူး၍ ကြည့်နေသည်။ ချန်မျိုးနွယ်သခင်လေးကလည်း မျက်လုံးများမှိတ်ကာ သူ့ဗျပ်စောင်းကို ညင်သာစွာ ပွတ်သပ်နေသည်။ သူက ဂီတကို ခံစားနေပုံပင်။
တေးသွားက ရိုးရှင်းပြီး ကလေးငယ်များ တီးမှုတ်တတ်သော တေးသွားတစ်ခုနှင့် ဆင်တူသည်။ ကျန်းရီ အသုံးပြုနေသော နည်းစနစ်များကလည်း လွယ်ကူသည်။ မည်သူကမှ ထိုအရာများကို အံ့အားမသင့်ပေ။ တေးသွားက အနိမ့်အမြင့် အတက်အကျလည်း မရှိသဖြင့် အတန်ငယ်ပင် ပျင်းစရာကောင်းနေသည်။ သို့ပင်လျှင် လူများစွာက အသိစိတ်လွတ်နေကြသည်။ အချို့သခင်မလေးများဆိုလျှင် မျက်ရည်များပင် ကျလာကြသည်။
“အာ...”
ယဉ်ရို့ပင်းလည်း ငိုချင်စိတ်ပေါက်လာ၏။ ထို့ကြောင့် သူမသည် မျက်လုံးများမှိတ်လိုက်ပြီး အသိမလွတ်သွားရန် သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။ သို့သော် သူမကြားနေရသော တေးသွားက သူမကို ရင်ထဲထိနေစေလေသည်။
အစောတွင် ယဉ်ရို့ပင်းသည် အချစ်က သေစေတတ်သည်ဟု ပြောခဲ့၏။ ယခု သူမကြားနေရသော တေးသွားက နက်ရှိုင်းသော အချစ်တစ်ခုကို သယ်ဆောင်လာကာ နားဆင်သူများ၏ နှလုံးသားအတွင်းသို့ စိမ့်ဝင်နေသည်။ ထို့ကြောင့် နားဆင်သူများက ထူးဆန်းသော ဝမ်းနည်းမှုတစ်ခုကို ခံစားနေကြရလေသည်။ သူမသည် ထိုတေးသွားကို နားဆင်ရင်း သူမ၏မိသားစုနှင့် ချစ်ရသူကို အမှတ်ရနေသည်။ တေးသွားက သူမ၏ အနက်ရှိုင်းဆုံး မှတ်ဉာဏ်များကိုလည်း နိုးထလာစေသည်။ ထို့ကြောင့် သူမ၏စိတ်က အတိတ်သို့ ပြန်ရောက်သွားပြီး အမှတ်တရများကို ပြန်တွေးတောနေမိလေသည်။
တေးသွားဆုံးသွားချိန်တွင်ပင် လူများက ဆက်၍ အာရုံစိုက်နေမိကြသည်။
ကျန်းရီက အမှုတ်ရပ်လိုက်သောအခါ ယဉ်ရို့ပင်းသည် မျက်လုံးများဖွင့်၍ သူ့ကို လှမ်းကြည့်လိုက်၏။ သူ သူ့လက်ထဲမှ သစ်ရွက်ကို ချလိုက်ပုံကို သူမ မြင်လိုက်ရသည်။ သူက မျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး သိမ်မွေ့စွာ ပြုံးနေဆဲလည်းဖြစ်သည်။ သူ့ပုံစံက အလွန်နှစ်လိုဖွယ်ကောင်းနေပေသည်။
ကျန်းရီက အေးစက်စက်နိုင်သူတစ်ယောက်ဟု ထင်ရသော်လည်း သူ့မျက်နှာပေါ်ရှိ သိမ်မွေ့သောအပြုံးက သူ၏အငွေ့အသက်ကို ပျော့ပြောင်းနေစေသည်။ ထို့ကြောင့် ယဉ်ရို့ပင်း စိတ်လှုပ်ရှားသွားသည်။ သူမ တွေ့နေရသော ယောက်ျားက အပေါ်ယံတွင် ထင်ရသလို အေးစက်မည့်သူ မဟုတ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။ သူက ကြင်နာတတ်သော လူကြီးလူကောင်းတစ်ယောက် ဖြစ်နိုင်သည်။ သူ့ကို သူမ ဘဝတစ်လျှောက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
ယဉ်ရို့ပင်းသည် ထိုယောက်ျားကို ကြည့်နေရင်း လူတစ်ယောက်ကို အမှတ်ရသွား၏။ ထို့ကြောင့် သူမသည် တစ်စုံတစ်ခုကို ရှာလိုသည့်အလား ပို၍ စေ့စေ့စပ်စပ် ကြည့်လိုက်လေသည်။
“ကောင်းတယ်...”
ချန်မျိုးနွယ်မှ အကြီးအကဲက အားလုံး၏ အတွေးစများကို ဖြတ်တောက်လိုက်သည်။ ကျန်းရီ၏ မျက်နှာပေါ်မှ အပြုံးလည်း ပျောက်ကွယ်သွားသည်။ သူ၏ မျက်နှာထားက ပြန်၍ တင်းမာလာလေသည်။ ထို့ကြောင့် သူ၏ပုံစံက ယဉ်ရို့ပင်း၏ စိတ်ထဲမှ လူနှင့် အလွန်ကွဲပြားသွားသည်။
“သူက ဂီတပါရမီရှင်တစ်ယောက်ပဲ”
အကြီးအကဲက ရေရွတ်၍ ထရပ်ကာ ကျန်းရီထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်ပြီး ထန်မင်ကို လှည့်ကြည့်၍ လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။
“အကြီးအကဲထန်... သူ့ရဲ့ နာမည်က ဘယ်သူပါလဲ။ သူက ထန်မျိုးနွယ်ကလား”
ထန်မင် ထရပ်ကာ ပြောလိုက်သည်။
“အကြီးအကဲ... သူက ထန်မျိုးနယ်က တပ်မှူးတစ်ယောက်ပါ။ သူ့နာမည်ကတော့ ရီစန်ပါ”
“အင်း...”
အကြီးအကဲက ထပ်မံ ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။
“အကြီးအကဲထန် သူ့ကို လွတ်လပ်ခွင့် ပေးနိုင်မလား။ ဧကရာဇ်က သူ့ကို ကျုပ်တို့ မျိုးနွယ်ရဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံဖို့ ကျုပ်ကို ပြောပါတယ်။ တကယ်လို့ ထန်မျိုးနွယ်ကသာ သူ့ကို ထွက်သွားခွင့်ပေးမယ်ဆိုရင် ကျုပ်တို့က သူ့အတွက် ကျေနပ်လောက်တဲ့ တန်ကြေးတစ်ခု ပေးမှာပါ”
“ဝိုး...”
ထိုနေရာရှိ လူအားလုံး ချက်ချင်း အာမေဋိတ်ပြုလိုက်ကြ၏။ အသံလှိုင်းဧကရာဇ်က တပည့်လက်မခံတော့သည်မှာ နှစ်သုံးဆယ်ပင် ပြည့်ခဲ့ပြီဖြစ်သည်။ ယခုတွင် သူက တပည့်နောက်တစ်ယောက် လက်ခံတော့မည်လော။ ထန်မျိုးနွယ်မှ ထိုလူက အမှန်ပင် ကံကောင်းပေသည်။ သူသာ အသံလှိုင်းဧကရာဇ်၏ ပျိုးထောင်မှုအောက်တွင် နှစ်အနည်းငယ် နေလိုက်ရပါက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်သွားနိုင်သည်။
ထန်မင်နှင့် ထန်မျိုးနွယ်မှ အခြားတပ်မှူးများ အံ့အားသင့်သွား၏။ ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲတို့လည်း အတန်ငယ် အံ့ဩသွားသည်။ ကျန်းရီတစ်ယောက်သာ မျက်နှာသေဖြင့် ဆက်ရှိနေပေသည်။ သူ့စိတ်ထဲတွင် မည်သည့်အတွေးများ ရှိနေကြောင်း မည်သူမှ မသိနိုင်ပေ။
ထန်မင်သည် ရင်ထဲတွင် ဝမ်းမြောက်သွားသော်လည်း ခက်ခဲသော အခြေအနေထဲ ရောက်နေသကဲ့သို့ မျက်နှာထားထား၍ အံကြိတ်ကာ ပြောလိုက်သည်။
“ရီစန်က လက်ခံရင်တော့ ကျုပ်က ထန်မျိုးနွယ်ကိုယ်စား သဘောတူပေးလို့ရပါတယ်။ အသံလှိုင်းဧကရာဇ်ရဲ့ ရွေးချယ်မှုကို ခံရတာက ရီစန်အတွက် ကောင်းချီးပါပဲ”
အကြီးအကဲက ခေါင်းညိတ်ကာ ကျန်းရီကို ကြည့်လိုက်သည်။
“လူငယ်လေးရီ... မင်း ငါတို့ ချန်မျိုးနွယ်ထဲကို ဝင်ပြီး အသံလှိုင်းဧကရာဇ်ရဲ့ တပည့် လုပ်ချင်လား”
ကျန်းရီသည် သူ့အပေါ်သို့ ထောင်ချီသော အကြည့်များ ကျရောက်လာကြောင်း ခံစားလိုက်ရ၏။ သူသည် သူ့ကို ကြည့်နေသော ယဉ်ရို့ပင်း၏ လှပသောမျက်ဝန်းများကို အာရုံစိုက်လိုက်၏။ သူ ဒွိဟဖြစ်နေပေသည်။ သူသည် ဆန်းကြယ်နတ်ဘုရားတောင်သို့ တိတ်တဆိတ်သွားရန် ရည်ရွယ်ခဲ့၏။ ယခုတွင်မူ သူက လူအာရုံစိုက်မှုကို ထပ်ခံနေရပေပြီ။
ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သင်ယူလို၏။ သို့သော် သူ သင်ယူနိုင်ရန် နတ်ဘုရားအသံလှိုင်းတောင်ကြား၌ အနည်းဆုံး နှစ်နှစ်ခန့် နေရပေလိမ့်မည်။ သို့ဆိုလျှင် သူ ဆန်းကြယ်နတ်ဘုရားတောင်သို့ သွားနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူ ပြောလိုက်သည်။
“ကျွန်တော်... ကျွန်တော့်ကို စဉ်စားချိန်နည်းနည်း ပေးပါ”
“ဖူး...”
လက်ဖက်ရည်သောက်နေသူများနှင့် သေရည်သောက်နေသူများသည် ကျန်းရီ၏စကားကြောင့် သီးသွားကြ၏။ ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲတို့လည်း မျက်နှာပျက်သွားသည်။ ထန်မျိုးနွယ်မှ တပ်မှူးတစ်ယောက် မဆိုထားနှင့် ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့သည်ပင် အသံလှိုင်းဧကရာဇ်ထံမှ သင်ယူနိုင်မည့် အခွင့်အရေးကို မတုံ့မဆိုင်း လက်ခံကြမည်ဖြစ်သည်။ သူတို့က ချန်မျိုးနွယ်ထဲ ဝင်ရလျှင်ပင် ကျွန်ဖြစ်လာမည်မဟုတ်ဘဲ အဆင့်အတန်းတစ်ခုကို ရမည်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ထိုလူက စဉ်းစားချိန်တောင်းနေရသနည်း။
ချန်မျိုးနွယ်မှ အကြီးအကဲသည်လည်း အံ့အားသင့်သွား၏။ သို့သော် သူ ချက်ချင်း ဣန္ဒြေပြန်ဆည်လိုက်ပြီး သိမ်မွေ့စွာ ပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီ... မင်း ဒီသုံးရက်အတွင်းမှာ စဉ်းစားဆုံးဖြတ်ပါ။ ငါတို့ မျိုးနွယ်က မင်းကို အချိန်မရွေး ကြိုဆိုနေမှာပါ”
ထန်မင်က ကျန်းရီကို မျက်လုံးစောင်း၍ ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
“ရီစန်... ဘာလို့ စဉ်းစားနေရသေးတာလဲ။ ငါက မင်းအတွက် မျိုးနွယ်ကို ရှင်းပြပေးမှာပါ။ မျိုးနွယ်ခေါင်းဆောင်ကလည်း ဒီကိစ္စကို သဘောတူမှာပါ... မင်းက အသံလှိုင်းဧကရာဇ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာမှာပဲ.. ဘာသဘောမတူစရာ ရှိမလဲ။ ဒီကိစ္စက ငါတို့ မျိုးနွယ်အတွက်တောင် ဂုဏ်တက်စေသေးတယ်”
ထန်မင်က ထိုစကားများကို အခြားသူများ ကြားစေရန် တမင်ပြောနေခြင်းပင်။ သူသည် ကျန်းရီ၏ ဆုံးဖြတ်ချက်ကို ပြောင်းနိုင်လောက်အောင် အင်အားမရှိပေ။ သို့သော် သူ့ရင်ထဲတွင် ကျန်းရီအတွက် စိုးရိမ်မိနေပေသည်။ အဘယ်ကြောင့် ကျန်းရီက ထိုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို ငြင်းနေရသနည်း။
အကြီးအကဲက သူ့ထိုင်ခုံဆီ ပြန်သွားလိုက်ပြီး ကျန်းရီနှင့် ယဉ်ရို့ပင်းတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ ထပ်ပြုံးကာ ပြောလိုက်သည်။
“သခင်မလေးယဉ်နဲ့ သခင်လေးရီတို့က အသံလှိုင်းဧကရာဇ်ရဲ့ တေးသွားနောက်ကွယ်က နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို သိမြင်နားလည်ခဲ့တော့ အခုကစပြီး နှစ်ယောက်စလုံး နတ်ဘုရားအသံလှိုင်းတောင်ကြားကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ရသွားပါပြီ။ သခင်မလေးတို့က တောင်ကြားရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအဖြစ် ဆက်ဆံခံရမှာပါ...”
“ဟုတ်ပါတယ်... သခင်မလေးတို့နှစ်ယောက်က ဂုဏ်သရေရှိ ဧည့်သည်တော်တွေဆိုတော့ ကျုပ် ဧကရာဇ်ကိုယ်စား ဆုံးဖြတ်ပေးပါမယ်။ သခင်မလေးတို့ နတ်ဘုရားစမ်းဆန်းကြယ်နယ်မြေထဲကို တစ်ကြိမ်ဝင်ခွင့်ရှိပါတယ်။ အထဲမှာ တစ်ခုခု သိမြင်နားလည်နိုင်မလားဆိုတာကတော့ သခင်မလေးတို့အပေါ်မှာပဲ မူတည်ပါတယ်။ အဲ့နတ်ဘုရားစမ်းဆန်းကြယ်နယ်မြေက အသံလှိုင်းဧကရာဇ် ဉာဏ်အလင်းပွင့်ခဲ့တဲ့နေရာပါ။ အဲ့နယ်မြေက အရမ်းအဖိုးတန်တဲ့ နေရာတစ်ခုပဲ။ ချန်မျိုးနွယ်ဝင်တွေတောင် အဲ့နယ်မြေထဲကို တစ်ဘဝလုံးမှ သုံးကြိမ်ပဲ ဝင်ခွင့်ရှိတယ်”
“ဝိုး...”
နတ်ဘုရားစမ်းဆန်းကြယ်နယ်မြေအကြောင်းကို ကြားလိုက်သောအခါ လူများစွာ အာမေဋိတ်ပြုလိုက်ကြ၏။ ယဉ်ရို့ပင်း၏ မျက်လုံးများကလည်း ရုတ်ခြည်း တောက်ပသွားသည်။ သူမ ထရပ်လိုက်ပြီး အကြီးအကဲကို တလေးတစား ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ဒီအခွင့်အရေးအတွက် ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ်”
ကျန်းရီသည် ယခုအထိ အသံလှိုင်းဧကရာဇ်ထံတွင် တပည့်ခံမည်၊ မခံမည်ကို မဆုံးဖြတ်ရသေးသော်လည်း ထိုကဲ့သို့အခွင့်အရေးတစ်ခုကို လက်လွတ်ခံရလောက်အောင် မတုံးပေ။ ထို့ကြောင့် သူ ခပ်သွက်သွက် လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
“ဟားဟားဟား”
ချန်မျိုးနွယ် မိသားစုခေါင်းဆောင်က ချန်မျိုးနွယ်သခင်လေးကိုကြည့်ကာ ပြောလိုက်သည်။
“ရှောင်ချန်... ဂုဏ်သရေရှိ ဧည့်သည်တော်နှစ်ယောက်ကို နတ်ဘုရားစမ်းဆန်းကြယ်နယ်မြေဆီ ခေါ်သွားပေးလိုက်ပါ။ ဧည့်သည်တော်နှစ်ယောက်လည်း အဲ့နယ်မြေထဲကို ရောက်သွားရန် အချိန်ကို တန်ဖိုးထားပါ။ ဘာလို့ဆို အဲ့ထဲကို တစ်ခါဝင်ရင် အများဆုံး ခြောက်နာရီပဲ နေခွင့်ရှိလို့ပဲ”
ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ သူတို့နှစ်ယောက်က အိုးတိုးအန်းတန်း ခံစားနေရကြောင် သိသာပေသည်။ ကျန့်ထျန်းလဲ့တစ်ယောက် မျက်နှာထားတင်းမာသွား၏။ ယဉ်ရို့ပင်းနှင့် ကျန်းရီတို့က ဆန်းကြယ်နယ်မြေထဲတွင် နှစ်ယောက်တည်း အချိန်အကြာကြီး နေရမည်ကို သူ သဘောမကျကြောင်း ထင်ရှားသည်။ သို့သော် သူ သူ့မျက်နှာထားကို အတော်လေးကောင်းစွာ ထိန်းချုပ်ထားလိုက်သည်။ တဒင်္ဂအတွင်းမှာပင် သူ၏မျက်နှာထားက ပြန်တည်ငြိမ်သွားသည်။ ဤနေရာတွင် အသံလှိုင်းဧကရာဇ် ရှိနေသည်။ ထို့ပြင် ယဉ်ရို့ပင်းကလည်း အစွမ်းထက်သူတစ်ယောက်ပင်။ သို့ဖြစ်ရာ ထန်မျိုးနွယ်မှ တပ်မှူးလေးတစ်ယောက်က မည်သို့မှ မကောင်းကြံဝံ့မည် မဟုတ်ပေ။
“ဒီဘက်ကို ကြွကြပါ”
ချန်မျိုးနွယ်သခင်လေးက ဧည့်သည်တော်နှစ်ယောက်ကို လမ်းပြလိုက်၏။ ယဉ်ရို့ပင်းက သူ့နောက်သို့ အရင်ဆုံး လိုက်သွားသည်။ ကျန်းရီသည် သူ့အကျင့်အတိုင်း နှာခေါင်းပွတ်ရန် လက်ကြွလိုက်မိ၏။ သို့သော် ထိုသို့လုပ်မိလိုက်လျှင် ယဉ်ရို့ပင်းက သူ့ကို မှတ်မိသွားနိုင်သဖြင့် သူ လက်ပြန်ချလိုက်သည်။ ထို့နောက် သူသည် အေးစက်စက်မျက်နှာထားဖြင့် ချန်မျိုးနွယ်သခင်လေးနောက်သို့ လိုက်သွားလိုက်လေသည်။
ယဉ်ရို့ပင်းက ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်၏။ သူမ ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းစွန်းနှစ်ခုက အတန်ငယ် တွန့်တက်သွား၏။ သူမက ကျန်းရီကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်သကဲ့သို့ပင်။ ထိုအခိုက်တွင် သူမက လူသားအသွင်ဆောင်ထားသော မြေခွေးမိစ္ဆာတစ်ကောင်နှင့်ပင် တူသွားလေသည်။
***