← Chapters

သခင်လေးကျန်းရီ

Vol. 77 Ch. 1063

သခင်လေးကျန်းရီ

Vol. 77 Ch. 1063

“ထန်ရီ... ငါတို့ မျိုးနွယ်ကို သတင်းပို့လိုက်။ ရီစန်အတွက် ကိုယ်ရေးအချက်အလက်တွေ ဖန်တီးထားဖို့ ပြောလိုက်”

ထန်မင်သည် ယဉ်ရို့ပင်းနှင့် ကျန်းရီတို့ ချန်မျိုးနွယ်သခင်လေးနောက်သို့ လိုက်သွားသည်ကို ကြည့်၍ မျက်နှာထား တင်းမာလာ၏။ ဤတစ်ကြိမ်တွင် ကျန်းရီက အကြီးကြီး စွန့်စားလိုက်ပေပြီ။ ယနေ့ပြီးသွားလျှင် ‘ရီစန်’ဟူသော အမည်က တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့သွားပေလိမ့်မည်။ ကြီးကြီးမားမား ကိစ္စများ ဖြစ်မလာနိုင်သော်လည်း လူများက သူ့ကို မှတ်မိသွားမည်ဖြစ်သည်။ ကျန့်ထျန်းလဲ့ဆိုလျှင် သူ့ကို မှတ်ထားပြီဖြစ်သည်။

ရီစန်က ထန်မျိုးနွယ်၏ တပ်မှူးတစ်ယောက်ဟု ထန်မင် ပြောခဲ့သည်။ ထိုသို့ပြောခဲ့ပြီဖြစ်၍ တပ်မှူးရီစန်ဟူသော လူက အမှန်ပင် တည်ရှိနေရတော့မည်ဖြစ်သည်။ မဟုတ်ဘဲ ရီစန်ဆိုသူက အမှန်တကယ်မရှိကြောင်း ပေါ်သွားလျှင် လူများက သံသယဖြစ်လာပေလိမ့်မည်။ သို့ဖြစ်လာလျှင် လူများသည် ရီစန်က ကျန်းရီဖြစ်နိုင်သည်ဟု ဆက်စပ်ခန့်မှန်းလာမိကြပေမည်။

ကျန်းရီက အပြစ်သားကျွန်းမှ လာခဲ့ခြင်းပင်။ ထို့ပြင် သူသည် အဆုံးမဲ့ပင်လယ်နက်နှင့်လည်း ရင်းနှီးသောဆက်နွယ်မှုတစ်ခု ရှိနေသည်။ ထိုအရာများက ထန်မျိုးနွယ်အတွက် အရေးမပါသော်လည်း ကျန်မျိုးနွယ်များကမူ ကျန်းရီကို အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။ ထန်မျိုးနွယ်က အပြစ်သားကျွန်းမှ သူလျှိုနှင့် အဆက်အသွယ်ရှိနေသည်ဟူသော စကားများသာ ပျံ့နှံ့သွားလျှင် လူများက ထန်မျိုးနွယ်အပေါ် အကောင်းမြင်ကြတော့မည် မဟုတ်ပေ။

‘ပတ္တမြားမှန်ရင် နွံမနစ်ဘူး’

ထန်မင်သည် အစောက ကျန်းရီ မှုတ်ခဲ့သော တေးသွားကို ပြန်တွေးလိုက်၏။ ကျန်းရီသည် အသံလှိုင်းဧကရာဇ်၏ တေးသွားကို တစ်ကြိမ်နားထောင်ရုံဖြင့်ပင် ထိုတေးသွား‌နောက်ကွယ်မှ ခံစားချက်ကို နားလည်သွားကာ တုပတီးမှုတ်ပြနိုင်ခဲ့သည်။ ကျန်းရီက အမှန်ပင် သာမန်လူတစ်ယောက် မဟုတ်ချေ။ ထိုသို့သော လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားခြင်းက ထန်မျိုးနွယ်ကို များစွာ အကျိုးရှိစေပေလိမ့်မည်။

ကျန်းရီသည်လည်း သူက ထိုကဲ့သို့ တေးသွားတစ်ခုကို မှုတ်နိုင်ခဲ့သည်ကို မယုံနိုင်ဖြစ်နေသည်။ သူသိသည်မှာ သူက အသံလှိုင်းဧကရာဇ်၏ တေးသွားကို နားဆင်ပြီးနောက် ခံစားချက်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းပင်။ ဗျပ်စောင်းသံက သူ့နှလုံးသားကို ဖမ်းစားထားပြီး သူ့အား ကိစ္စများစွာကို တွေးမိသွားစေခဲ့သည်။ သူသည် ကျန်းယွင်ဟိုင်၊ ကျန်းပိုင်လီ၊ ရီဖျော်ဖျောင်၊ ကျန်း‌ရှောင်နူ၊ ဖုန်းလန်၊ ချင်းယွီနှင့် ကောင်းကင်တောင်ပံမြို့မှ သူ့ငယ်ဘဝအကြောင်းတို့ကို တွေးမိသွားသည်။

ထို့ကြောင့် ကျန်းရီသည် သစ်ရွက်ကို ဖြုတ်၍ စတင် မှုတ်ခဲ့ခြင်းပင်။ သူသည် သစ်ရွက်ကို မှုတ်နေစဉ်တွင် နည်းစနစ်များကို အရေးမစိုက်ခဲ့ချေ။ အခြားလူများက မည်သို့ တွေးနေမည်ကိုလည်း အရေးမစိုက်ခဲ့ပေ။ သူက အတိတ်အချိန်များနှင့် အတိတ်မှလူများအကြောင်းကို ပြန်အောက်မေ့လိုခဲ့ခြင်းသာ။ ထိုခံစားချက်များကို တစ်နည်းနည်းဖြင့် ဖွင့်ထုတ်ပစ်လိုခဲ့ခြင်းသာ။

မည်သို့ပင်ဖြစ်စေ ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ပတ်သတ်သည့် အကြောင်းအရာအနည်းငယ်ကို အမှန်ပင် သိမြင်နားလည်သွားခဲ့သည်။ ထိုအခိုက်တွင် သူ နိယာမတစ်ခုကို နားလည်သွားခဲ့သည်။ ခံစားချက်ပါမှသာ အနုပညာမြောက်မည်။ ထိုမှ ကြည့်ရှုသူ၏ရင်ထဲသို့ ရောက်ပေလိမ့်မည်။ ကြည့်ရှုသူ သို့မဟုတ် နားဆင်သူ၏ ရင်ထဲသို့ ရောက်သော အနုပညာက အနုပညာအစစ်အမှန်ပင်။

ဥပမာပြရသော် ကျန်းရီ ရေးဆွဲခဲ့သော ‘လွမ်းဆွတ်မှု’၊ ‘ဝမ်းနည်းမှု’နှင့် ‘ပြင်းပြမှု’တို့က အနုပညာအစစ်အမှန်ဖြစ်သည်။ ထိုပန်းချီကားများက ကြည့်ရှုသူများကို ရင်ထဲထိသွားစေပြီး သူတို့၏နှလုံးသားထဲမှ အနက်ရှိုင်းဆုံး အမှတ်တရများကိုလည်း ပြန်ခံစားရစေသည်။

အဆင့်နိမ့် အနုပညာက နည်းစနစ်အပေါ် အာရုံစိုက်သည်။ သို့သော် အဆင့်မြင့် အနုပညာများကမူ ခံစားချက်အပေါ်တွင်သာ အာရုံစိုက်ကြသည်။

ယခင်တွင် ကျန်းရီက နတ်ဘုရားအသံ ကောင်းကင်အတတ်၏ အခြေခံအကျဆုံး အကြောင်းအရာများကိုသာ သိခဲ့သည်ဟု ဆိုနိုင်သည်။ သူသည် လူများ တုန်လှုပ်သွားစေရန် ကြောက်မက်ဖွယ် အသံများအပေါ် မှီခိုခဲ့သည်။ ထိုကဲ့သို့သော နတ်ဘုရားအသံ ကောင်းကင်အတတ်က ကြမ်းတမ်းသော်လည်း အကျိုးများစွာ မရှိပေ။

ယခုတွင်မူ ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ဒုတိယအဆင့်သို့ ရောက်သွားပေပြီ။ သူက သူ၏တေးသွားအတွင်းသို့ ခံစားချက်ထည့်သွင်းနိုင်ပြီဖြစ်ပြီး နားဆင်သူများ၏ ရင်ထဲသို့ ရောက်အောင် ပို့နိုင်ပြီဖြစ်သည်။ ထို့ကြောင့် နားဆင်သူများသည် မသိလိုက်ခင်မှာပင် တေးသွားထဲ နစ်မြောသွားကြကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မိနစ်အနည်းငယ် မေ့လျော့သွားမည်ဖြစ်သည်။ ကျန်းရီသည် ထိုအတတ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သည်နှင့် အခြားသူများကို အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။

အသံလှိုင်းဧကရာဇ်ကလည်း သိန်းချီသော သိုင်းသမားများကို အသည်းကွဲတေးသွားဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့် ကြမ်းတမ်းသော နည်းလမ်းကိုမှ အသုံးမပြုခဲ့ပေ။ သူလုပ်ခဲ့သည်မှာ တေးသွားတစ်ပုဒ်ကို တီး၍ နားဆင်မိသူများကို ကိုယ်ကိုယ့်ကိုယ် သတ်သေစေခဲ့ခြင်းပင်။ ထိုအတတ်က အမှန်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

***

“ဟုတ်ကဲ့... သခင်မလေးရီရို့ပင်းနဲ့ သခင်လေးရီတို့ အခု ဝင်နိုင်ပါပြီ။ အထဲကို ရောက်ရင် ငြိမ်ငြိမ်လေး ထိုင်နေရုံပါပဲ။ အထဲမှာတွေ့တဲ့ ဘယ်အရာကိုမှ မဖျက်ဆီးပစ်ပါနဲ့။ တစ်နာရီကြာပြီးရင် နတ်ဘုရားစမ်းက သာယာတဲ့ အသံတစ်သံကို ထုတ်လွှတ်ပေးပါလိမ့်မယ်။ သခင်မလေးတို့က အဲ့အသံကို နားထောင်ပြီး အဲ့အသံနောက်ကွယ်က အရာတွေကို သိမြင်နားလည်နိုင်အောင် ကြိုးစားရုံပါပဲ။ ခြောက်နာရီပြည့်သွားရင် အဲ့နယ်မြေက သခင်မလေးတို့ကို အလိုလို အပြင်ကို ပြန်ပို့ပေးပါလိမ့်မယ်”

ကျန်းရီသည် အတွေးနက်နေခဲ့သဖြင့် ချန်မျိုးနွယ်သခင်လေး၏ အသံကို ကြားလိုက်သောအခါ ဆတ်ခနဲတုန်သွားပြီး သတိပြန်ကပ်လာ၏။ သူ့အရှေ့ရှိ အဆောက်အအုံတစ်ခုထဲတွင် တည်နေရာရွှေ့ပြောင်းအစီအရင်တစ်ခု ရှိနေပေသည်။

“ကျေးဇူးတင်ပါတယ် သခင်လေး”

ယဉ်ရို့ပင်းက ခေါင်းညိတ်၍ ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ ထို့နောက် သူမသည် ရှည်လျားသွယ်ပြောင်းသော ခြေထောက်များကို လှုပ်ရှားကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ လျှောက်သွား၏။ ကျန်းရီကလည်း လက်ဆုပ်၍ ချန်မျိုးနွယ်သခင်လေးကို ကျေးဇူးတင်လိုက်ပြီး ယဉ်ရို့ပင်းနောက်သို့ တိတ်တဆိတ် လိုက်သွားလိုက်သည်။

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ဝင်လိုက်ကြ၏။ ချန်မျိုးနွယ်သခင်လေးက အတွင်းအား ထုတ်၍ အစီအရင်ကို နှိုးလိုက်သည်။ အစီအရင်က လင်းလက်လာပြီး ကျန်းရီတို့နှစ်ယောက် ပျောက်ကွယ်သွားတော့သည်။

“နေရာကောင်းလေးပဲ”

အဖြူရောင်အလင်း လင်းလက်သွားပြီးနောက် ကျန်းရီ မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ ယဉ်ရို့ပင်းကလည်း မျက်တောင်ပုတ်ခတ်နေသည်။ သူတို့နှစ်ယောက် လှပသော ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ မြင်လိုက်ရသော ရှုခင်းကြောင့် သူတို့၏ မျက်ဝန်းများ တလက်လက် တောက်ပသွားသည်။ သူတို့က တောင်ကြားတစ်ခုသို့ ရောက်လာခြင်းပင်။ တောင်ကြားပတ်ပတ်လည်ကို အကာအရံများ ဆင်ထားသဖြင့် ကောင်းကင်စိတ်အာရုံက တောင်ကြားအပြင်သို့ အာရုံမခံနိုင်ပေ။ ထိုအကာအရံများက နေရောင်ကို သိမ်မွေ့စွာ အရောင်ပြန်နေသည်။

တောင်ကြားထဲတွင် အဝါရောင်ပန်းများနှင့် ပြည့်နေ၏။ ထိုပန်းများကို မျက်စိတစ်ဆုံး မြင်ရသည်။ မြောက်ဘက်ရှိ တောင်တစ်လုံး၏ အလယ်မှနေ၍လည်း စမ်းချောင်းတစ်ခု စီးဆင်းနေ၏။ ထိုစမ်းချောင်းက အောက်ဘက်သို့ စီးဆင်းလာပြီး တောင်စွန်းတွင် ရေတံခွန်တစ်ခုအဖြစ် စီးကျနေသည်။ ရေတံခွန်‌အောက်ခြေတွင် ကြည်လင်သော ရေကန်လေးတစ်ကန်ရှိသည်။ ကျန်းရီတို့က ရေကန်လေးဘေးရှိ မြေကွက်လပ်တစ်ခုတွင် ရပ်နေခြင်းပင်။

“လှလိုက်တာ”

ယဉ်ရို့ပင်းက ရေကန်ကို လှည့်ပတ်လျှောက်လိုက်၏။ သို့သော် ချန်မျိုးနွယ်သခင်လေး ပြောခဲ့သော စကားကြောင့် မည်သို့မှတော့ မလုပ်ဝံ့ပေ။ သူမသည် ရေကန်ထဲသို့ ခြေချောင်းလေးများပင် မစိမ်ဝံ့ချေ။ ထို့ကြောင့် သူမက ရေကန်ကို ပတ်လျှောက်၍ လှပစွာ ပြုံးနေလေသည်။

ကျန်းရီသည်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သို့သော် သူ ကြာရှည်မကြည့်ဝံ့ပေ။ ပတ်ဝန်းကျင်ထက် ယဉ်ရို့ပင်းက ပို၍ လှပနေသည်။ ထိုအနှိုင်းမဲ့ အလှပဂေးလေးက အစွမ်းကုန်ဖူးပွင့်နေသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ပင်။ မကြာခဏဆိုသလို သူမထံမှနေ၍ မွှေးရနံ့တစ်ခုလည်း ထွက်လာသည်။ ထိုရနံ့ကို ရှူရှိုက်မိသူက သူမအတွက် ဘာမဆို လုပ်ပေးလိုလာပေလိမ့်မည်။

ကျန်းရီ မြေပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ တစ်နာရီကြာလျှင် နတ်ဘုရားစမ်းမှနေ၍ သာယာသောအသံတစ်သံ ထွက်ပေါ်လာလိမ့်မည်ဟု ချန်မျိုးနွယ်သခင်လေးက ပြောခဲ့သည်။ ထိုအသံက နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ပတ်သတ်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ ကျန်းရီသည် အစောက နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သိမြင်နားလည်ပြီးနောက် အဟန့်အတားတစ်ခုနှင့် ကြုံခဲ့ရ၏။ ယခုတွင် ထိုအဟန့်အတားကိုကျော်၍ ပိုသိမြင်နားလည်နိုင်မည်လောဟု သူ ထိုင်ကာ လေ့လာလိုနေသည်။

“ကျွန်မတို့ ဒီလိုနေရာတစ်ခုကို ရှာပြီး အပြင်က ကိစ္စတွေကို အရေးမစိုက်ဘဲနဲ့ တစ်သက်လုံး အေးအေးချမ်ချမ်း နေနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ကျန်းရီသည် ယဉ်ရို့ပင်းတစ်ယောက် သူမဘာသာ ရေရွတ်လိုက်သော စကားကို ကြားလိုက်၏။ သူ ရင်ခုန်သွားသည်။ အကယ်၍ သူ စုလောရွှယ်ကို ကယ်နိုင်ခဲ့ပြီး ရီဖျောင်ဖျောင်၊ ကျန်းရှောင်နူ၊ ဖုန်းလန်နှင့် အခြားသူများကို ခေါ်ကာ သူတို့ကို နှောင့်ယှက်မည့်သူများ မရှိသော ကျွန်းတစ်ကျွန်းတွင် သွားနေနိုင်ပါက အိပ်မက်က လက်တွေ့ဖြစ်လာသကဲ့သို့ ဖြစ်ပေလိမ့်မည်။

“အန်...”

ကျန်းရီတစ်ယောက် အတွေးနက်နေစဉ် ရုတ်တရက်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရ၏။ ယဉ်ရို့ပင်းက လှပသော မျက်ဝန်းများဖြင့် သူ့ကို ‌ငေးကြည့်နေသည်။ သူ့မျက်နှာပေါ်မှ နွေးထွေးမှုက ချက်ချင်း ပျောက်ကွယ်သွား၏။ သူ၏မျက်နှာထားက မည်းမှောင်သွားပြီး အစောကကဲ့သို့ ပြန်အေးစက်သွားသည်။

“အဟွန်း...”

ယဉ်ရို့ပင်း ပြုံးလိုက်၏။ ကျန်းရီ မွှေးရနံ့ကို ထပ်မံ ရှူရှိုက်မိလိုက်သည်။ ထိုရနံ့က အလွန်သင်းပျံ့လွန်းပေရာ သူ စိတ်ပျော့လာပြီး ရင်ခုန်မြန်လာလေသည်။

‘မကောင်းတော့ဘူး’

ကျန်းရီ ချက်ချင်း အသက်ရှူအောင့်လိုက်၏။ ထိုရနံ့က အနှိုင်းမဲ့ အလှပဂေး ယဉ်ရို့ပင်းထံမှ ရနံ့ပင်။ အဘယ်ကြောင့် ယဉ်ရို့ပင်းကို ထိုရနံ့ကို ထုတ်လွှတ်လိုက်ကြောင်း သူမသိပေ။ သို့သော် သူမက အကြံကောင်းနှင့်တော့ မဟုတ်နိုင်ကြောင်း သူ သိပေသည်။

“ဟီးဟီး...”

မွှေးရနံ့က လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ယဉ်ရို့ပင်းက ရယ်လိုက်ပြီး ကျန်းရီထံ လျှောက်လာလေသည်။ ထို့နောက် သူမ ကိုယ်ကိုကိုင်းလိုက်ပြီး နှုတ်ခမ်းဆူလိုက်၏။ သူမ၏ မျက်လုံးရွဲကြီးများကလည်း ကျန်းရီကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။

“အာ...”

ကျန်းရီသည် သူ့စိတ်သူ ထိန်းထား၏။ သို့သော် သူ တစ်ခဏသာ ထိန်းထားနိုင်လိုက်ပြီး မျက်လုံးများဖွင့်ကာ ယဉ်ရို့ပင်း၏ မျက်နှာကို ကြည့်လိုက်သည်။ သူမက မြေခွေးတစ်ကောင်ကဲ့သို့ မူယာမာယာများသည်။ သူ့ရင်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ပြည့်တက်လာ၏။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။

“သခင်မလေးယဉ်... ကိုယ့်ပုံရိပ်ကိုကိုယ် ထိန်းပါဦး။ ကျွန်... ကျွန်တော်က...”

“ရှင်က မိန်းကလေးတွေကို မကြိုက်ဘူး... ဟုတ်တယ်မလား”

ယဉ်ရို့ပင်းက ကျန်းရီကို ခနဲ့ဟန်ဖြင့် စကားဖြတ်ပြောလိုက်ပြီး မျက်လုံးပင့်ကာ ဆက်ပြောလိုက်သည်။

“ကျွန်မပြောမယ်... ရှင့်ရဲ့ နည်းတွေကို ပြောင်းလိုက်တော့။ အဲ့ဒါတွေက ခေတ်နောက်ကျနေပြီ”

‘ငါတော့သွားပြီ’

ကျန်းရီ စိတ်ဓာတ်ကျသွား၏။ ထိုမြေခွေးမလေးက သူ့ကို မည်သို့ မှတ်မိသွားကြောင်း  သူ မသိပေ။ သို့သော် သူ မျက်နှာထားပြန်တင်းလိုက်ပြီး ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“သခင်မလေးယဉ်... သခင်မလေး ဘာတွေပြောနေတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ ဒါပေမဲ့ သခင်မလေး ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို အထိခိုက်မခံပါနဲ့”

“ဟိုးဟိုး...”

ယဉ်ရို့ပင်းက ကြောက်ဟန်ဆောင်၍ နောက်သို့ ဆုတ်လိုက်၏။ ထို့နောက် သူမသည် တခစ်ခစ်ရယ်ကာ ရေကန်ကို ငေးကြည့်၍ ပြောလိုက်လေသည်။

“ကျွန်မမှာ ရီချန်လို့ခေါ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်။ သူက ဆန်းကြယ်တဲ့အတတ်တစ်ခုကို တတ်တယ်။ အဲ့အတတ်က ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းထားတဲ့လူတွေကို မှတ်မိနိုင်တဲ့ အတတ်ပဲ။ သူက ကျွန်မကိုလည်း အဲ့အတတ် သင်ပေးခဲ့တယ်။ အခု ကျွန်မလည်း ရုပ်ပြောင်းထားတဲ့သူတွေကို သိနိုင်နေပြီ။ ကျွန်မရဲ့ မျက်လုံးတွေက ပုံရိပ်ယောင်တွေကို ဖောက်မြင်နိုင်နေပြီ။ ဒီတော့... ဆက်ဟန်ဆောင်မနေပါနဲ့တော့ သခင်လေးကျန်းရီရဲ့”

***

All Chapters